Showing posts with label ဝမ်းနည်း မှတ်တမ်း. Show all posts
Showing posts with label ဝမ်းနည်း မှတ်တမ်း. Show all posts

25 January 2012

ကိုငြိမ်းလူ(ခ) ကိုသက်နွယ် ဈာပန အခမ်းအနား

Heading PP

01 September 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ သြဂုတ်လ အတွင်း လှုပ်ရှားမှုများ..

NLD Activities on August, 2011

27 August 2011

NLD လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင်ကွယ်လွန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင် အသက် (၅၁) နှစ်သည် ယနေ့ညနေ (၅)နာရီတွင် ကင်ဆာရောဂါဖြင့် အင်ယားရိပ်သာလမ်းရှိ နေအိမ်တွင်ကွယ်လွန်သွားပါသည်။

ကိုဘမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ နိုင်ငံရေးလောကသို့စတင် ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲကချုပ်မရမ်းကုန်လူငယ်လုပ်ငန်းအဖွဲ့ ၊ မရမ်းကုန်းမြို့နယ်စည်းရုံးရေး အဖွဲ့၊ ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေး အဖွဲ့ နှင့် ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင်ရေး အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖွဲ့ချုပ်မှပေးအပ်သည်တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။

ကိုဘမောင်သည် အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ရင်း ဒီမိုကရေစီလှုပ်ရှားမှုများနှင့် လူမှုရေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်သောကြောင့်(၃) ကြိမ်တိုင်တိုင် အာဏာပိုင်များ၏ ထိမ်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။

ကိုဘမောင်၇ဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော် မှန်သမျှ ကိုဘမောင်ကို ချစ်ခင်လေးစားကြပါတယ် ။ အင်မတန်မှသဘောကောင်းပြီး အနစ်နာ ခံတက်သူမို့  အဖွဲ့ ချုပ်မှာ (ကို ဘ) ဆိုပြီးလူချစ် လူခင်ပေါသူ တစ်ယောက်ဖြစ်ပါတယ် ။

မကွယ်လွန်မှီနောက်ဆုံးအချိန်အထိ အဖွဲ့ချုပ်၏ ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင် ရေးတွင် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိ မ်းရေး တာဝန်ယူပြီးဒေါ်အောင်ဆန်းစုကြည် ၏လုံခြုံရေးလူငယ် တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင် သား(၁)ယောက်၊ သမီး (၃)ယောက်ကျန်ရစ်ခဲ့ပါတယ်။

15 November 2010

ကိုယ့်သမိုင်း..ကိုယ်ရေး။(အမေစုလာရောက်နှစ်သိမ့်ခဲ့သည့်ဘဘဦးလွင် ရဲ့ ဇနီးဈာပနအခမ်းအနား)ဓာတ်ပုံ မြင်ကွင်း











ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်သမိုင်း … ကိုယ်ရေး


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စများကို အခမဲ့ ထမ်းဆောင်ပေးလျှက်ရှိရာ ၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘ ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေး အသက် (၈၈) နှစ်သည် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားပါ၍ ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးမော်တော်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ မော်တော်ယာဉ်နှင့် နိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ သယ်ဆောင်၍ မီးသဂြိုလ်ပေးခဲ့ပါသည်။

ယင်း ဈာပနအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘ ဦးတင်ဦး တို့သည်လည်း ဘဘ ဦးလွင်အား လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။

လမ်းတစ်လျှောက် အားပေးနှစ်သိမ့်ကြသော ပရိတ်သတ်ကြီးနှင့် ရေဝေးသုဿန်တွင် စောင့်ဆိုင်းနေသော လူထုပရိတ်သတ်ကြီး၏ အင်အားသည် ယခင့် ယခင် နာရေးပို့ဆောင်မှု လမ်းကြောင်းများနှင့်မတူ အလွန်စည်ကားလှသည်။

မည်သို့ပင်ဖြစ်စေ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကိုယ့်လမ်း … ကိုယ်သွား ၊ ကိုယ့်အလုပ် … ကိုယ်လုပ် ၊ ကိုယ့်တာဝန် … ကိုယ်ကျေ ၊ ကိုယ့်သီလ … ကိုယ်လုံစွာဖြင့် ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ပြီ ဖြစ်တော့သည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

18 October 2010

သခင်အုန်းမြင့် တလပြည့် မှတ်တမ်း ဓာတ်ပုံ








ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

17 October 2010

" သက်ဝင်းအောင်အတွက် အမှတ်တရ ”(ရီးငယ်)


" သက်ဝင်းအောင်အတွက် အမှတ်တရ ”(ရီးငယ်)

ခုလောက်ဆို ကျမ အမေနဲ့ သက်ဝင်းအောင် ကောင်းကင်ဘုံမှာ တွေ့နေကြရောပေါ့။ မေမေကလည်း ကောင်းတာတွေ လုပ်တယ်၊ လူတွေကို ကူညီတတ်တယ်၊ သိပ်ရက်ရောတယ်၊ လှူတယ်..တန်းတယ်။

သက်ဝင်းအောင်ကျတော့ရော…။သူ့ကိုတွေ့လိုက်ရင် အမြဲ ပြုံးပြီးတော့ ရှိနေတာကို တွေ့ရတယ်။ ကျမ သိသလောက်တော့ သူက စိတ်ကောင်းလဲ ရှိပါတယ်၊ သူငယ်ချင်းတွေ အတွက်ဆို အနစ်နာခံဖို့ အသင့်ရှိပုံ ရတယ်။ ဒီမိုကရေစီ အရေးနဲ့ တိုင်းရေးပြည်ရေးအတွက်ကတော့ သူက တော်တော် စိတ်အားထက်သန်လှတယ်။

သူတို့ ၂ ယောက်လုံးက ကောင်းတာတွေ လုပ်ခဲ့ကြပေမယ့်... ခုတော့ ကျမ မေမေရော…၊
ကျမရဲ့ သူငယ်ချင်းဖြစ်တဲ့ သက်ဝင်းအောင်ရောက.. ကျမတို့တွေရဲ့ အနားမှာ မရှိကြတော့ဘူးလေ..။

ကျမရဲ့မေမေ ဆုံးသွားတာက၊၂၀၀၃-နိုဝင်ဘာ၂၃မှာ- အိုနာဆိုတဲ့ လူကြီးရောဂါနဲ့ အသက် ၇၈ နှစ်မှာ ဆုံးသွားတယ်။ ဒါက သိပ်မဆန်းပေမယ့်... သက်ဝင်းအောင်ကျတော့ ၂၀၀၆-အောက်တိုဘာ-၁၆မှာ -သေဆုံးချိန် မတန်သေးတဲ့ အသက် ၃၅ နှစ်အရွယ်မှာ…......ဆုံးသွားတာ....။

သေခြင်းတရားဆိုတာ၊ ကြီး၊ ငယ်၊ ရွယ်လတ် မရွေးဘူးဆိုပေမယ့်….....
“သက်ဝင်းအောင်ရယ်…။နင်က သေချိန် မတန်သေးဘူးလေ….။မသေသင့်သေးတဲ့အချိန်- ပြင်ပ ပယောဂတွေကြောင့် သေသွားရတာလေ….။ငါလည်း ထောင်ကျဖူးတဲ့သူပဲ …။ထောင်ထဲမှာ တကယ်ကို ကျန်းမာရေးထိခိုက်လာပြီဆိုရင်…ငါတို့ ဘဝတွေက စိတ်သွားတိုင်း ကိုယ်မပါဘူးဆိုတာ ငါနားလည်ပါတယ်…။အပြင်မှာ ငါတို့ချက်ခြင်း…အထူးကု တစ်ယောက်ဆီ ပြေးလိုက်လို့ ရတယ် …။ချက်ခြင်းဆေးခန်း ထသွားမလား....။ ရတယ်….။ ဒါပေမယ့် နင်တို့ ငါတို့က ထောင်ထဲမှာ ဆိုတော့ …..။

နင်၊ ငါ ။ နောက်.. ငါတို့ အုပ်စုထဲက မျိုးမင်းထိုက်၊ ရန်အောင်စိုးရယ် ..အပြင် တခြား တက္ကသိုလ်ကျောင်းပေါင်းစုံ က ကျောင်းသားတွေ ၂၀၀ ကျော် လောက်က ၁၉၉၈ ခုနှစ် ထဲမှာပဲ ဖမ်းခံခဲ့ကြရတယ်…။နင်၊ ငါနဲ့ ရန်အောင်စိုး၊ မျိုးမင်းထိုက်တို့ က ၁၉၉၈ ခုနှစ်ရဲ့ စက်တင်ဘာ တစ်လထဲမှာပဲ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဖမ်းခံခဲ့ကြတယ်နော်…။ ငါ့ကို ထောင် (၁၀) နှစ်ချတယ်။ ပထမ အင်းစိန်ထောင်မှာ ၇ လ ထားတယ်။ နောက် မော်လမြိုင်ထောင်မှာ ၄ နှစ်နဲ့ ၇ လ ။နောက်တော့ အင်းစိန်ထောင် ရောက်တယ်။ ၂၀၀၄ ဇွန် ၂၄မှာ ငါ အင်းစိန်ထောင်ကနေလွတ်တယ်။

ငါက ခု ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့တစ်မြို့မှာ၊ ရန်အောင်စိုးကတော့ ဗမာပြည်ရဲ့တနေရာမှာ လူမှု ကိစ္စတာဝန်တွေနဲ့ ရှိနေတယ်။မျိုးမင်းထိုက်ကတော့ ထောင်ဒဏ် ၅၂ နှစ်ကျပြီး -ခုထိ မြင်းခြံထောင်ထဲမှာ…။

နင်ကရော…။နင့်ကို သူတို့က ဘာလို့ သေပစ်လိုက်စေတာလဲ ဟာ..။နင်ကရော ဘာလို့ သေလိုက်ရတာလဲ….။နင်က ကိုယ့်ဘဝကိုယ်တောင် မနှမြောဘဲ ..ဘာလို့ အဲလောက်တောင် ကိုယ့်ကိုယ်ကို လုပ်လိုက်ရတာလဲဟာ…။

သူတို့ကရော နင့်အရွယ် မောင်၊ ညီမ၊ သား သမီး တွေ ရှိနိုင်ရက်နဲ့ ဒီလောင်တောင် စာနာစိတ် မထားနိုင်လောက်အောင် သူတို့ရဲ့ နှလုံးသားတွေက ဘာလို့ ဒီလောက်တောင် မာကျောနေနိုင်ရက်တာလဲဟာ……။

ငါလေ ထောင်ထဲမှာ သေသွားမှာ သိပ်ကြောက်ခဲ့ တာ….။
ငါ့ရှေ့မှာ ထောင်ထဲက တချို့တွေ အရွယ်ကောင်းရဲ့နဲ့…ရုတ်တရက်ကြီး သေသွားလိုက်တာ…။ငါလေ သိပ်အားငယ်ခဲ့တာပဲ……..။

နင်သေသွားတာ ငါတကယ်ပဲ မယုံနိုင်ဘူး…။ခုချိန်ထိ..နင်တနေရာရာမှာ ရှိနေနိုင်တာပဲ..လို့…။မဟုတ်ဘူးလားဟင်……….။

နင်သိရဲ့လား….။
မနက်ဖန် အောက်တိုဘာလ ၁၆ ရက်နေ့ဆို နင်ဆုံးသွားတာ (၄) နှစ်တောင်ပြည့်ပြီ..တဲ့….။ ဒါပေမယ့် ဒီနေ့ည ...ငါရယ် အခြားအသိမိတ်ဆွေ (၄) ယောက်ရယ် ...။ငါတို့ အပြင်ထွက်ပြီး ညစာ သွားစားဖြစ်ကြတယ်။ ငါတို့ နင့်ကို မေ့သွားကြတယ်…။ငါတို့က စားလို့ သောက်လို့ ပျော်လို့ပေါ့ ..။နင့်ကို မေ့နေကြတယ်..။အဲ့လိုပဲ လူတွေ နင့်ကို မေ့နေကြတယ်..။နင့်သူငယ်ချင်းတွေ၊ နင့်မိတ်ဆွေတွေ၊ နင့်ရဲ့လုပ်ဖေါ်ကိုင်ဘက် ရောင်းရင်းရဲဘော်တွေရော …။ဒီတစ်နေ့ နှစ်နေ့ လောက်တော့ သူတို့ နင့်ကို သတိရကြမှာပေါ့လေ…။နောက်တော့လည်း နင့်ကိုပြန်ပြီးမေ့လို့ ...ပျော်လို့ မော်လို့နဲ့ပေါ့……………..။

ငါ့ကို ၂၀၀၃-နိုဝင်ဘာလ၂၇မှာ မော်လမြိုင် ထောင်က လွှတ်ပေးမယ်လို့ သူတို့ ညာပြောပြီး…………. ရန်ကုန်အင်းစိန်ထောင်ကို အဝတ်တစ်တည် ကိုယ်တစ်ခုနဲ့ ငါ…… ပြန်ရောက်လာတယ်…….။
အင်းစိန်ထောင်ထဲက ငါရဲ့ မိတ်ဆွေ တစ်ချို့က ….ငါ့ကို အစားအသောက်တွေ ထောက်ပံ့ပေးကြတယ်….။ဒါပေမယ့် သူတို့ သတင်းတွေတော့ ပြောလို့မရဘူး..တဲ့……..။

နောက်တစ်နေ့ မနက်…… ၂၀၀၃ -နိုဝင်ဘာလ၂၉ ရက်-။
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၇ နှစ် နဲ့ မတရားထောင်ချခံထားရပြီး -ခုထိ…ဆက်လက် အကျဉ်းကျခံထားရတဲ့ အကျိဌေး(မဌေး)က ငါ့ကို ..(သူတို့ အပြင်ခေါ်ထုတ်ဖို့ စီစဉ်နေချိန်မှာ) လက်ကိုင်ပုဝါလေး တစ်ထည်ပေးတယ်….။
ထောင်ထဲကပြန်လွတ်တော့မှာလား..လို့ ကိုယ့်ကိုယ်ကို သို့လော..သို့လော..ထင်နေတဲ့ငါ….။
သူ့ရဲ့မျက်လုံးတွေကို ဖတ်ကြည့်ပြီး.. ဒါ --ငါ ထောင်ထဲက ပြန်လွတ်မယ့် အတိတ်နိမိတ် မဟုတ်ဘူး..လို့ ..နိမိတ်ဖတ်နိုင်ခဲ့ပေမယ့် --ငါ့အမေရဲ့ ဈာပန အခမ်းအနားကို တက်ရောက် ရလိမ့်မယ်..လို့တော့ နိမိတ်မဖတ်နိုင်ခဲ့ဘူး……။

ငါလေ အပြင်လောကကြီးနဲ့ မတွေ့ရတာ ၅ နှစ်နဲ့ ၂ လ တောင် ကြာပြီဆိုတော့ -အပြင်လောကကြီးကို ခြေချလိုက်ရတာ ခြေထောက်တွေက ကြွနေတယ် ။ သူငယ်ချင်းမိတ်ဆွေတွေကို တွေ့ရတာ ငါ ဝမ်းသာနေတယ်…။ငါလေ ..ငါရဲ့ ထောင်ရုပ်ပေါက်နေတဲ့ ရုပ်ကို အပြင်ကို ချပြလိုက်ရတာ ရှက်နေတယ်….။

အမေက သေသွားပြီလား ။အမေက ဒီဘ၀အတွက် နေတဲ့ အချိန်စေ့လို့ ဆုံးပါးခဲ့ပေမယ့်...... ရုတ်တရက်ကြီး....................အမေရဲ့ ရုပ်အလောင်းကို ကြည့်ပြီး တော့ ငါ မငိုနိုင်ခဲ့ဘူး……။
ဈာပနပြီးပြီးချင်း ငါ့ကို သူတို့ အင်းစိန်ထောင်ထဲ ပြန်ပို့လိုက်ကြတယ်။

သက်ဝင်းအောင်ရယ်…..။
ငါ့အမေ ဈာပနကို ငါ လာတွေ့ခွင့်ရတော့...နင့်အဖေက ပြောတယ်..တဲ့ ။
ဒီလိုသာ မိသားစုတွေ၊ မိတ်ဆွေတွေ့နဲ့ ပြန်တွေ့ခွင့်ရနိုင်ခဲ့မယ် ဆိုရင် -သူ့သားနဲ့ သူ့အမေ ပြန်တွေ့ဖို့ -ကျနော် သေပေးလိုက်ချင်တယ်ဗျာ…တဲ့….။

င့ါအမေကရော ....၊ ငါ အပြင်ကို ခဏလေးပဲ ရောက်ပြီး ..ပျော်ရွှင်ပါစေ။ သူ့ရဲ့ အဖေ၊ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ပါစေ ။ငါထောင်က အမြန် ပြန်လွတ်လာပြီး အပြင်ကမ္ဘာလေးမှာ ပျော်ပါစေ...ဆိုပြီး သေပေးလိုက်တာလား..ဟင်….။ သူ့ဘဝကြီးနဲ့ ငါ့ရဲ့ဘဝကို ပေးလဲလိုက်တာလားဟင်……။

ငါတို့ ဗမာပြည်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်ခွင့် မရကြဘူး…။
ငါတို့အိမ်မှာ ငါ့အမေကို ပေးလိုက်ရတယ်…။
နင်တို့ အိမ်မှာ နင့်ကိုပေးလိုက်ရတယ်…..။
ဗမာပြည်မှာ မိသားစုတိုင်း ဘ၀တွေ-အသက်တွေ ပေးဆပ်နေကြရတယ်။

ငါ့ အမေဆုံးပြီး ( ၇ ) လ နေတော့ ..ငါ ထောင်က လွတ်လာတယ်….။
ငါလေ ဘယ်သူမှ မသိအောင် အမေ့ကို တိတ်တိတ်လေး လွမ်းပြီး ငိုတယ်…။

ခုချိန်ဆို နင့်အမေလေ ..ဘယ်သူမှ မသိအောင် နင့်အတွက် တိတ်တိတ်လေး ငိုနေရောပေါ့……။ ။"

နင့်သူငယ်ချင်း-

(ရီးငယ်)

( အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၀)
ည သန်းခေါင်ကျော် ၁၂နာရီ ၂၀ မိနစ်

(စာရေးသူသည် မြန်မာပြည်အကျဉ်းထောင်များတွင် နှစ်ရှည် အကျဉ်းချခံခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည်။)

ရင်းမြစ်...ဟစ်တိုင်

08 October 2010

ဥပဒေမရှိတဲ့ မရဏမင်း





ဥပဒေမရှိတဲ့ မရဏမင်း


ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေကွယ်လွန်သူဒေါ်အုံးရီအသက် (၆၇)နှစ် နှင့် သားဖြစ်သူဦးခင်ဦးအသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ၀န်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။

သားဖြစ်သူဦးခင်ဦးသည် B ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။

မိခင်ကြီးဒေါ်အုံးရီသည် ( ၆.၁၀.၂၀၁၀ ) ရက်နေ့ကသားဖြစ်သူအား ရက်ရှည် ပြုစု စောင့်ရှောက် ပေးခဲ့ရသော်လည်းသားဖြစ်သူဦးခင်ဦးသည် သတိ ပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊သားသမီးဇော တို့ဖြင့် ပေါက်ကွဲပြီး သတိလစ်နေသောသားဖြစ်သူအားလှုပ်ရမ်းကာ “သားမောင်ခင်ဦး သားလေးမောင်ခင်ဦး” ဟု နှစ်ခွန်းသာခေါ်ဆို ၍ နှလုံးဖောက်ပြန်ပြီး ဘ၀တပါးသို့ ည (၆း၀၀) နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။

သားဖြစ်သူဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား၊ မကြားတော့ မသိ။ ည (၈း၀၀) နာရီတွင် မိခင်ကြီးဒေါ်အုံးရီနောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘ၀ဖြင့် ကျန်ရစ်ခဲ့တော့သည်။

ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများမတူညီကြသော်လည်းကမ္ဘာ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲဟူ၍ တွေးမိတော့သည်။

ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလသတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာမိတ်ဆွေရန်သူမခွဲချေ။ အာဏာကိုရူးသွပ်သူများ၊ ဥစ္စာပစ္စည်းမက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေးခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြားသီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုးထမ်းဆောင်ပေးရန်၊ သရဏဂုံတည်မြဲရန် အရေးကြီးလှပါပေသည်။


မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
နာလည်းနာနိုင်သည်။
မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
သေလည်းသေနိုင်သည်။
ငါသည်မုချ သေရမည်။
အချိန်အနည်းငယ်သာလိုတော့သည်။
အသေမဦးခင် - ဥာဏ်ဦးအောင်၊
တရားအားထုတ်ကြပါလော့။
(မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒ)

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူး တင်ရှိပါသည်.။

05 October 2010

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်ဈာပနာမြင်ကွင်း






သံဝေဂတရား ထပ်မံရရှိခြင်း

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်သည် ၂.၁၀.၂၀၁၀ (စနေနေ့) နံနက် (၆း၄၅)နာရီအချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက်သယ်ဆောင် ကူညီပေးခဲ့ပါသည်။

ယနေ့ ၄.၁၀.၂၀၁၀ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ။သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုးပေးခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သရုပ်ဆောင်များ အနေဖြင့် သွားရောက်ကူညီ သင်ကြားပို့ချပေးခြင်း မပြုလုပ်ရန်” ဟူသော စာထုတ်ခဲ့သော်လည်း အနုပညာရှင်များဖြစ်သော ဘဘ ဦးသုခမှ အစပြု၍ ဒွေး၊ သုမောင်၊ ဂျော်လီဆွေ၊ ညီဘွား၊ ထွန်းထွန်းနိုင်၊ ဇော်ဝမ်း၊ စန္ဒာအောင်သိန်း၊ အေ၀မ်း ဦးလှမျိုး၊ အလှဖန်တီးရှင် မိတ်ကပ်အောင်အောင် (တောင်ကြီး)နှင့် ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များ၊ ဟာသသရုပ် ဆောင်များ၊ အနုပညာရှင်များတို့၏ မိဘ ဆွေမျိုးသားချင်းတို့၏ နာရေးကိစ္စများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လုပ်ဆောင်ပေးဆပ်လျှက် ရှိပါသည်။

ကျွန်တော်သည် အမေ ဒေါ်တင်တင်လှ၏ အသုဘအခမ်းအနားတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများက ကျွန်တော်အတွက် သံဝေဂတရားများကို ထပ်မံ၍ ရရှိစေခဲ့သည်။

အကြောင်းမှာ - အမေ ဒေါ်တင်တင်လှသည် ကျွန်တော်တို့၏ ရုပ်ရှင်ဘက်တွင် မင်းသားကြီး ဦးရွှေဘ၊ တွံတေး သိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့် အချိန်တွင် ရုပ်ရှင်လောက သားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများပေါ်ကာစ အချိန်ကာလတွင် ကျွန်တော်၏ ပထမဦးဆုံးသော ဗီဒီယိုဇာတ်ကား ဖြစ်သည့် စာရေးဆရာမ မအေးလေး ၀တ္ထုဖြစ်သော “ဥက္ကာ” အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ကျွန်တော်၏ မိခင်အဖြစ် ပြန်လည်၍ ရုပ်ရှင်အနုပညာလောကသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့၏ နောက်မှ ရုပ်ရှင်လောကအတွင်းသို့ ၀င်ရောက်လာသော မင်းသား၊ မင်းသမီးသစ်များ၏ အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်းများတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ၀ါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးတို့၏ ခိုင်းစေချက်များ (နိုင်ငံတော်ကိစ္စ) ရပ်များကို အချိန် မရွေး မိမိ၏ အလုပ်မအားလပ်သည့်ကြားမှ မိမိ၏ အနုပညာကို အသုံးချကာ ပေးဆပ်နေသူ တစ်ဦးလည်း ဖြစ်သည်။

အမေ ဒေါ်တင်တင်လှ ကဲ့သို့ ရုပ်ရှင်အစည်းအရုံး၏ ခိုင်းစေချက်များကို မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အိမ်တွင်းရေးကိစ္စ အ၀၀တို့ကို စွန့်လွှတ်ကာ ပေးဆပ်ခဲ့ကြသော အနုပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံတော်အတွက်၎င်း၊ ရုပ်ရှင်အစည်းအရုံး အတွက်၎င်း၊ ရုပ်ရှင်လုပ်ငန်းအတွက်၎င်း မညီးမညူပေးဆပ်ခဲ့ကြသော သရုပ်ဆောင်များ၏ နောက်ဆုံး အချိန်ဖြစ်သော ဈာပန အခမ်းအနားများတွင် ထိုကဲ့သို့ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ အမှုဆောင်များသော်၎င်း၊ အဖွဲ့ဝင်များသော်၎င်း၊ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ရခြင်းသည် သံဝေဂရဖွယ် ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင်လုပ်ငန်းအတွက်သော်၎င်း၊ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေပွဲများသော်လည်း မည်မျှပင်ပေးဆပ်ခဲ့ပါမူ ဤကမ္ဘာမြေပြင်မှ ထွက်ခွာသွားရသည့် အချိန်တွင် “သင် သွားလိုရာသွားနိုင်ပြီ ကျွန်ုပ်တို့နှင့် ယခု အချိန်မှစ၍ ပတ်သက်ခြင်းမရှိတော့” ဟူသော ပြန်တမ်းစာလေး တစ်စောင်ကိုသာ လူကြုံနှင့် ထည့်ခိုင်းလိုက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လူလူချင်း စာနာစိတ်မရှိသော လုပ်ရပ်ပင် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။


ဝမ်းနည်းကြေကွဲရပါကြောင်း ပန်းခြင်းလေးတစ်ခု၊ ပန်းခွေလေးတစ်ခုကိုမျှ မမြင်တွေ့ခဲ့ရ။ ထိုနေ့ ထိုရက်တွင် ယင်း အနုပညာ အဖွဲ့အစည်းကြီး၏ အမှုဆောင်များ၊ ဥက္ကဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအားလုံးတို့သည် မည်မျှအရေးကြီးသည့် လုပ်ငန်းတစ်ခုကို တစ်ယောက်မကျန် လုပ်ဆောင် နေရပါသနည်း။

တလက်စတည်း ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ၏ ဖခင်၊ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ)၏ ခင်ပွန်း ဘ၀တစ်ပါးသို့ ပြောင်းလဲစဉ်ကလည်း ထိုနည်းအတိုင်းပင် မြင်တွေ့ခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ မြန်မာပြည်တွင်ရှိစဉ်က၄င်း၊ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ) မကျန်းမာစဉ် အချိန်က၄င်း နိုင်ငံတော်အခမ်းအနားများ၊ ရန်ပုံငွေပွဲများ တွင် စင်မြင့်ပေါ်သို့ အတင်းအဓမ္မ တက်ခိုင်း၍ “ဟေလားရေ မောင်တို့ …. ဟေလားရေ မောင်တို့” စသည့် သီချင်းကို မောပန်းနွမ်းနယ်မှုများကြားမှ မညှာစတမ်း သီဆိုဖျော်ဖြေ ပေးခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ဈာပနအခမ်းအနားတွင်တော့ ထိုခိုင်းစေခဲ့သော လူပုဂ္ဂိုလ်များ မတွေ့ရှိခဲ့။

အနုပညာရှင်များသည် လူရယ်လို့ လူ့လောကကြီးထဲ ရောက်လာသည့်အချိန်မှစ၍ ပေးဆပ်မှုများစွာ လောကကြီးအတွက်၊ လူသားများအတွက်၊ နိုင်ငံတော်အတွက် ပေးဆပ်မှုများ ရှိခဲ့သော်လည်း ထိုသူတို့၏ နောက်ဆုံးခရီး ကမ္ဘာမြေကြီးကို နှုတ်ဆက်သည့် အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှုတ်ဆက်ခရီးလမ်းကြောင်းကို တက်ညီလက်ညီလာရောက် အားပေးပြုပါက ကျန်ရစ်သူ မိသာစုများအနေဖြင့်၎င်း၊ လာရောက်ကြသော ဧည့်ပရိတ်သတ်များအတွက်၎င်း အမြင်တင့်တယ်၍ မင်္ဂလာရှိပေမည်။

အချုပ်ဆိုရသော် “ရုပ်ရှင်သည် ပြည်သူ့အတွက်၊ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောက သားများအတွက်” ဟူသော ဆောင်ပုဒ်များကို ထုတ်ဖော်ကြွေးကြော်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လုပ်ငန်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင်များ ပတ်သက်ခြင်းမပြုရ ဟူသော စာများထုတ်ပြန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအနေနှင့် လူလူချင်း စာနာစိတ်မွေးကာ မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) အနက်မှ တစ်ပါးတည်းသော ကရုဏာတရားလေးကို လက်ကိုင်ပြု၍ မိမိတို့ အသင်းအဖွဲ့အား စည်းလုံးညီညွတ်စွာဖြင့် အုပ်ချုပ်စေချင်တော့သည်။ သို့တည်း မဟုတ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်နာမဖြစ်သော ရုပ်ရှင်အစည်းအရုံး ဟူသော အမည်ကို ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာထား၍ ကရုဏာဒေါသောဖြင့် ပြောကြား လိုက်ရပါတော့သည်။

အမေ ဒေါ်တင်တင်လှ၏ ရုပ်အလောင်းအား အအေးခန်းမှ ထုတ်လာစဉ် ခန်းမထဲ အရောက် ကြည့်ရှုလိုက်သောအခါ အမေ၏ အောက်နှုတ်ခမ်းသည် လောကကြီးကို မကျေနပ်၍၄င်း၊ အနုပညာလောကကြီးကို နာကျဉ်း၍၄င်း၊ ဝေဒနာကို ခံစားရ၍၄င်း … စသည့် နာကျဉ်းမှုများ၊ ကြေကွဲမှုများ၊ မကျေနပ်မှုများကြောင့်လားတော့မသိ။ သွားဖြင့် ပြတ်လုနီးပါး ကိုက်ထားသော ဒဏ်ရာတွင် သွေးစို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ဒဏ်ရာ၏ တရားခံ အဖြေကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။

မည်သို့ဖြစ်စေ အများပြည်သူတို့အား ထဲထဲဝင်ဝင် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ ပညာဒါန ပေးဆပ်မှု စသည့် လူမှုရေးကောင်းမှုတို့ကို နေ့စဉ်မပျက် အချိန်ပြည့် ပေးဆပ်မှုများ ပြုလုပ်ခွင့်ရခဲ့သည်မှာ (၃) နှစ် တိတိ ရှိခဲ့ပြီ ဖြစ်ပါ၍ ကျွန်တော်အား အနုပညာလုပ်ဆောင်ချက်များ ပိတ်ပင်ခဲ့သော နိုင်ငံတော်မှ လူပုဂ္ဂိုလ်ကြီးများအား ကျေးဇူးအထူးတင်ရှိကာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကျော်သူ

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

28 September 2010

၈၈မျိုးဆက် မမာမာဦး ၏ဖခင် အန်ကယ် ဦးအုန်းမောင်(ခ)စာရေးဆရာဦးနီမာ ၏ရက်လည်ဆွမ်းကျွေးမှတ်တမ်းဓာတ်ပုံ













၈၈မျိုးဆက် မမာမာဦး ၏ဖခင် အန်ကယ်ဦးအုန်းမောင် (ခ)စာရေးဆရာနီမာ၏ ရက်လည်ဆွမ်းကျွေး အားနိုင်ငံရေး အသိုင်းအဝိုင်း မှ ရဲဘော် ရဲဘက်များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်ခေါင်းဆောင်များ၊သွားရောက်ခဲ့ပါသည်။

မမာမာဦး၏သူငယ်ချင်းများနှင့် အန်ကယ်ဦးအုန်းမောင် ၏စာပေအသိုင်းအဝိုင်းမှ မိတ်ဆွေများ ၊သွားရောက်ခဲ့ပါသည်။

အန်ကယ်ဦးအုန်းမောင် ၏ရက်လည်ဆွမ်းကျွေး အား လာရောက်ကြသော မိတ်ဆွေ၊သူငယ်ချင်း၊ရဲဘော်ရဲဘက်
များအစုံအညီ သွားရောက်ခဲ့ကြောင်းလည်းသိရပါသည်။

မြတ်လေးငုံ

25 September 2010

ဦးမိုးဟိန်း (သားဂျာနယ်ကျော်) ၏ နောက်ဆုံး ဈာပနာ မြင်ကွင်း မှတ်တမ်းဓာတ်ပုံ













လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် တစ်ဘ၀ခန္ဓာကို စွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအား ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)ုမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။
ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သား ကဗျာဆရာ၊ စာရေးဆရာ တစ်ဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီ တော်မြတ်တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြ ပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသော ပရဟိတ လုပ်ငန်းကို ဦးဆောင်မျိုးစေ့ချပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန် မြေရှိ ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်း သံဃာတော်များအား အင်္ဂလိပ်စာကို ပညာဒါနအဖြစ် သင်ကြားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထိုသို့သော စာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ခဲ့သူ တစ်ဦးအနေနှင့် မရဏမင်းအား စိန်ခေါ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ် တွင်ကျန်ရစ်ခဲ့သော လူသားများအား “မှာပါရစေ … ပြောပါရစေ” ဟု မှာတမ်းခြွေကာ မရဏမင်းဆီ ပျော်ပျော်ကြီး လိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”


(၁)
ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာလည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပပေးခဲ့ပါသည်။ ယင်း အခမ်းအနား တွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ၊ စာပေလောကမှ ကဗျာ ဆရာ၊ စာရေးဆရာများ၊ ပရဟိအဖွဲ့အစည်းများမှ လူမှုရေးသမားများ စုံညီစွာ လာရောက်ကြသည်။

လူသားများအတွက် လိုအပ်သော သာသနာရေး၊ ပညာရေး၊ အကျိုးပြု ကဗျာ/စာပေနှင့် ပရဟိတ လုပ်ငန်းများကို နောက်ဆုံးထွက်သက်အထိ ပေးဆပ်သွားသော ဆရာဦးမိုးဟိန်း (သားဂျာ နယ်ကျော်) တစ်ယောက် “လူသာဆုံးတယ် ကျန်တာမရှုံး” ဟု ဆရာကပြောခဲ့သော်လည်း ဤကဲ့သို့ မြင့်မြတ်သော လူသားတစ်ဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် “လူသာဆုံးတယ် ကျွန်တော်တို့ အတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပင်” ဖြစ်တော့သည်။

ဆရာပြောခဲ့တဲ့အတိုင်း “ဟောဒီ ချစ်ရတဲ့မိခင်မြေကို ပြန်လာခဲ့မယ်မုချ” ဆိုတဲ့ စကားရပ် အတိုင်း ကမ္ဘာမြေပြင်ရှိ မြန်မာပြည်တွင်းမှာ ကျွန်တော်တို့ သက်ရှိထင်ရှား ရှိနေဆဲအချိန်၌ ဆရာပြန် အလာကို စောင့်စားလျှက် . . . . ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

24 September 2010

၈၈မျိုးဆက် မမာမာဦးနိင်ငံရေးအကျဉ်းသူ ၏ဖခင် ဦးအုန်းမောင် ကွယ်လွန်

ဦးအုန်းမောင်

ဦးအုန်းမောင်( အသက် ၇၃ ) ၂၂. ၉. ၁၀နေ့ ည ၁၁း၄၅ မှာ (၉၆)ပါးသော ရောဂါနဲ့ သေဆုံးခဲ့ပြီး ။ ၂၃ရက် နေ့ခင်း ၁နာရီတွင် ရေဝေးသုသာန်မှာသဂြိုလ်လိုက်ပါသည် ။ကွယ်လွန်သူ အား ရည်စူး၍ ၂၈ .၉. ၂၀၁၀ နေ့တွင် ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ပါသည်။

အန်ကယ်ဦးအုန်းမောင်သည် စာရေးဆရာ၊ ကဗျာဆရာ၊ တစ်ဦးလည်းဖြစ်ပါသည်။နိုငံရေးမှုဖြင့် ထောင်လဲ (၃)နှစ်ကျခံခဲ့ဘူးပါသည်။ သူ၏ နာရေးအား နိုင်ငံရေး သမားများနှင့် အနုပညာသည် များလိုက်လံပို့ဆောင်ခဲ့ပါသည်.။

မမာမာဦး၏ ဖခင် ဦးအုန်းမောင်သည် စာအုပ်အဟောင်း လေးများအား လှည်းတန်း ညနေဈေးတွင် ချရောင်းပြီ
သမီးဖြစ်သူမမာမာဦး၏ ထောင်ဝင်စာ အားဗန်းမော်ထောင်ထိ သွားရောက်ပို့ဆောင်ပေးခဲ့သူတစ်ဦးပါ။သားအဖ
နှစ်ယောက်တည်းသာ ရပ်တည်ခဲ့သောကြောင့် မမာမာဦးထောင်ဝင်စာ အတွက် အခက်အခဲမြောက်များစွာ ရှိပါမည်။

ဆွေမျိုးသားချင်း မရှိသော မမာမာဦး သည် သူ၏ဖခင် ကွယ်လွန် သွားသည်ကို လည်းသိရှိ မှာမဟုတ်သေးပါ။
အန်ကယ်ဦးအုန်းမောင်သည် နာမကျန်း ဖြစ်နေချိန်မှ စ၍ သမီးဖြစ်သူ မမာမာဦး၏ ထောင်ဝင်စာ အားသွား ရောက်မပို့ဆောင်တော့ပါဘူး။

စစ်အာဏာပိုင်များက ၂၀၀၀၈ခုနှစ်၊ သြဂုတ်လ (၇)ရက်တွင် မမာမာဦးအား ဖမ်းဆီးပြီး။မမာမာဦးကို ထောင်ဒဏ် (၆၅)နှစ် ၊နောက်တိုးကြွေးကျန် (၅)နှစ် ပေါင်းနှစ်(၇၀) မတရား ဖမ်းဆီး ထောင်ချ ထားခြင်းခံနေရသူနိုင်ငံရေးအကျဉ်းသူတစ်ယောက် လည်းဖြစ်ပါသည်။ယခုလက်ရှိ ဗန်းမော်ထောင်တွင် ကျန်းမာရေးလဲ လုံးဝမကောင်းပါ။

မြတ်လေးငုံ



ဝတ်ကုသိုလ်

၂၀၁၀ ခုနှစ် အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့် အခမ်းအနားတွင် ပွဲဦးထွက်အဖြစ် ရွတ်ဖတ်ပူဇော်ပြီးသည့်နောက် . . .

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်နေ ဦးအုန်းမောင် အသက် (၇၃) နှစ် နာရေးလမ်းကြောင်းအား နေအိမ်မှ ရေဝေးသုဿန်သို့ တိုက်ရိုက်မီးသင်္ဂြိုလ်မည် ဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့က မော်တော်ယာဉ်တစ်စီးဖြင့် လိုက်လံ ရွတ်ဖတ်ပူဇော် အမျှပေးဝေ ခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဖခင် ကွယ်လွန်သူ ဦးချစ်အောင် အသက် (၈၄) နှစ်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန် ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးကုသမှု၊ အခမဲ့ ပညာဒါန .. စသည်တို့သည် အများပြည်သူအတွက် လူမှုရေးနှင့် ပတ်သက်သော လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော လူမှုရေးကိစ္စရပ်များကို ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ပေးဆပ်လျှက်ရှိရာ အများပြည်သူအတွက် ငြိမ်းချမ်းမှုကို ရရှိစေခဲ့သည်။ အများအတွက် သာမက မိမိအတွက်ကိုပါ ကောင်းကျိုးချမ်းသာ ရရှိစေမည် ဖြစ်ပါသည်။ ထို့အပြင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှုအဖွဲ့ (၀တ်အဖွဲ့)၏ ကုသိုလ်စိတ်ဖြင့် သံပြိုင်သီဆို ပူဇော်မှုတို့သည် နတ်လူအပေါင်း ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်တို့မှ လွတ်မြောက်ကာ သောကကင်းဝေး ငြိမ်းချမ်းသာယာမှု အပေါင်းတို့ကို ရရှိကြပါမည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

20 September 2010

ဘဘဦးအုန်းမြင့် နောက်ဆုံးခရီးပုံရိပ် မြင်ကွင်း




စကားပြောရင် ကျွန်တော် ကျွန်တော် နဲ့ အမြဲတမ်းပြော တတ်တဲ့ ဘဘ....
ကျော်ကြားမှာကို အင်မတန် ကြောက်တဲ့ ဘဘ...
လူချစ်လူခင် ပေါများသော ဘဘ...
အမြဲတမ်းပြုံးရွှင် တက်ကြွ နေတတ်တဲ့ ဘဘ....
ရဲဝံ့တဲ့ စိတ်ဓာတ် ရှိတဲ့ ဘဘ....
ကျောင်းသားလူငယ်တိုင်းကို ဦးစားပေးအားကိုးတဲ့ ဘဘ....
သူများနဲ့ မတူ သူစတိုင် ကတမူထူးခြား နေတတ်တဲ့ ဘဘ...
ဂျင်းဘောင်းဘီ ရှပ်အကျီင်္ လွယ်အိတ် လေးနဲ့မှ အပြင်ထွက်တတ်တဲ့ ဘဘ....
အော် ဘဘ အကြောင်းစာစီဖွဲ့လို့ မဆုံးနိုင်ပါဘူး...

ဘဘရဲ့ နောက်ဆုံးခရီး အားကိုယ်တိုင်လိုက်ပါ မပို့ဆောင်နိုင်ပေမယ့် ဤ မြတ်လေးငုံ ဘလော့ဂ် လေးမှာဘဘ အတွက် မှတ်တမ်းနှင့် တကွ ဖော်ပြပေးလိုက်ပါတယ်ရှင်...။ဘဘ အားဤနေရာမှ လက်အုပ်ရှင်ခိုးကန်တော့လိုက်ပါတယ်ဘဘ...ငြိမ်းချမ်းသော ဘဝ အားပိုင်ဆိုင်နိုင်ရပါစေလားရှင်...။

မြတ်လေးငုံ

ဘဘဦးအုန်းမြင့် ဈာပနာ အားဓာတ်ပုံများ ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

18 September 2010

ဘဘဦးအုန်းမြင့် ၏ နာရေး ဓာတ်ပုံ မှတ်တမ်းများ



တာရာဝေယံ

နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်တော်လှန်ရေး၊အမျိုသားလွတ်လပ်ရေးနဲ့အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့်(၉၃ နှစ်)ဟာ ၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၄း ၃ဝ နာရီ က ရန်ကုန်မြို့၊ အနောက်ရန်ကင်း၊ သုခဝတီလမ်း၊ အိမ်အမှတ် ၃ (ဘီ) ရှိ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

နံနက် ၉ နာရီမှာ ကွယ်လွန်သူကိုရည်စူးပြီး ကျန်ရစ်သူမိသားစုက သက်ပျောက်ဆွမ်းကပ်လှုခဲ့ပါတယ်။

သခင်အုန်းမြင့်ရဲ့ ရုပ်ခန္တာကို နံနက် ၉ နာရီခွဲ မှာ နာရေးကူညီမှုအသင်းမှ ကိုကျော်သူနဲ့ အဖွဲ့ဝင်များက ရေဝေးသုသန်ကို သယ်ဆောင်ပေးခဲ့ကြပါတယ်။

သခင်အုန်းမြင့်ကို ၁၉၁၈ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အဖ ဦးမိုးကောင်း၊ အမိ ဒေါ်အေးတင်တို့မှ မွေးဖွားခဲ့ပါတယ်။

၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ပံတန်းမြို့၊ အစိုးရအထက်တန်းကျောင်းမှာ တို့ဗမာအစည်းအရုံး ကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့တယ်။
ထိုစဉ်က ဂျာနယ်ကျော်ဦးချစ်မောင်မှာ သူရဲ့ကျောင်းဆရာ ဖြစ်ပါတယ်။

၁၉၃၄ ခုနှစ်၊ မတ်လတွင် လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းအောင်ခဲ့ရာ ဆေးတက္ကသိုလ်သို့ စာရင်းသွင်းပြီး မတက်ဘဲ ရန်ကုန် သတင်းစာလောကသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၃၆ ခုနှစ်တွင် 'မမြန် မမာသော နှေးပျော့များ' ဆောင်းပါးနဲ့ မြန်မာ့အလင်းသတင်းစာမှာ စတင်ရေးသားခဲ့တယ်။ ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း ကလောင်အမည်များနဲ့ အခန်းဆက် ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ရေကျော်ရပ်နှင်းပန်းလမ်းမှာ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် အတူနေထိုင်ခဲ့တယ်။

၁၉၃၇ ခုနှစ်၊ ဧပြီလတွင် မန္တလေးမြို့မှာကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်ခဲ့တယ်။

၁၉၃၈၊ ဧပြီလမှာ ပုသိမ်တွင်ကျင်းပသော တတိယအကြိမ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်ခဲ့တယ်။

၁၉၃၈ ခုနှစ်၊ ဇွန်လတွင် တိုးတက်ရေးသတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

သခင်အမည် စတင်ခံယူခဲ့ပြီး ဦးချစ်မောင်နှင့် အတူ ထုတ်ဝေသူနာမည်ခံ၍ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဂျာနယ်ကျော်မှာ နိုင်ငံရေးဆောင်းပါးအမြောက်အများ ရေးသားခဲ့တယ်။

၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆီမီးခွက် ကလောင်အမည်ဖြင့် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် တိုးတက်ရေးသတင်းစာ အာမခံတောင်းခံခဲ့ရတယ်။

ထိုနှစ်မှာ တို့ဗမာအစည်းအရုံး ဌာနချုပ် အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


၁၉၄ဝ ပြည့်နှစ်၊ မတ်လတွင် အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသား ကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါးကွန်ဖရင့်သို့ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တယ်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးလုပ်ငန်းများမှာပါဝင် ဆောင်ရွက်ခဲ့တယ်။

၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ကျော်လင်းစာပေကို လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးစာအုပ်များ ထုတ်ဝေခဲ့ပါတယ်။

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ နိုင်ငံရေးပုဒ်မ (၅)ဖြင့် အထိန်းသိမ်းခံရပြီး ကိုကိုးကျွန်းသို့ အပိုခံခဲ့ရတယ်။

၁၉၈၉ ခုနှစ်တွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ် ချခံခဲ့ရပါတယ်။

၁၉၉၆ ခုနိုဝင်ဘာလ ကျောင်းသားအရေးအခင်းမှာ အောင်သပြေစစ်ကြောရေးစခန်းမှာ ၃ ပတ်ခန့် ထိန်းသိမ်းခံခဲ့ရပါတယ်။

၁၉၉၈ ခုနှစ်ဇန်န၀ါရီလမှာလည်း တကသ၊ ဗကသ သမိုင်းပြုစုရာမှာ ကူညီခဲ့မှုကြောင့် ထောင်ဒဏ် ရ နှစ် ချခံခဲ့ရပါတယ်။

သခင်အုန်းမြင့်ဟာ အန်အယ်လ်ဒီ ပါတီဝင်မဟုတ်ပေမယ့် အန်အယ်လ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့မှာ ဒုဥက္ကဋ္ဌ တာဝန်ယူပြီး အကျဉ်းသားတွေအတွက်ထောက်ပံ့ရေး အစီအစဉ်တွေမှာတက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်တယ်။
သခင်အုန်းမြင့်ဟာ မကွယ်လွန်ချိန်အထိ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သခင်အုန်းမြင့်ရဲ့ ဈာပနအခမ်းအနားကို ၁၉၊ ၉၊ ၂၀၁၀(တနင်္ဂနွေနေ့) ညနေ ၄ နာရီ ရေဝေးသုသန်မှာ မီးသဂြိင်္ုလ်မှာဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားပါတယ်။

ကွယ်လွန်ချိန်တွင် ဇနီး (ဒေါ်မြမြ) နှင့် သားသမီးများ ဖြစ်ကြသော (ဦးသက်နိုင်)၊ ဒေါ်ခင်အေးအေး၊ ဦးအောင်ခင်၊ ဦးဌေးအောင်၊ ဒေါ်နီနီခင်၊ (ဦးခင်မောင်ဝင်း)တို့ ကျန်ရစ်ခဲ့ပါတယ်။


ဘဘဦးအုန်းမြင့် ၏နာရေးဓာတ်ပုံ များအားပြည်တွင်းမှ ပေးပို့ လာသော သူငယ်ချင်းများနှင့် တကွ ကိုမောင်ရစ်
အားကျေးဇူးအထူးတင်ရှိပါသည်.။

17 September 2010

ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ






ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ


ယနေ့ ၁၇.၉.၂၀၁၀ (သောကြာ) နေ့ နံနက် (၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် နေအိမ်၌ ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့် အသက် (၉၃) နှစ် သည် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။


မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောက၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး အကျဉ်းကျနေသူများ၏ မိသားစု ၀င်များကိုလည်း အားပေးကူညီသူများကြားတွင် သခင်အုန်းမြင့်သည် အထင်ရှားဆုံး တစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သော ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားခဲ့သော ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း နှစ်စဉ်နှစ်တိုင်း မွေးနေ့တိုင်းတွင် အလှူငွေများ လှူဒါန်းလျှက်ရှိသူ တစ်ဦးလည်း ဖြစ်သည်။


ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ရန်ကင်းမြို့နယ် နေအိမ်သို့ သွားရောက်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း . . . .


ဘဘဦးအုန်းမြင့် နာရေးသတင်းအား ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်။

နအဖ စစ်အာဏာရှင်များ မတရား ဖမ်းဆီး ထားသော နိုင်ငံရေးအကျဉ်းးသားမိသားစု များအားအစဉ်အမြဲကူညီပေးနေသော ဘဘဦးအုန်းမြင့် ကွယ်လွန်


ဘဘဦးအုန်းမြင့်

သခင်အုန်းမြင့် ယနေ့နံနက် ၄ နာရီခွဲတွင် ကွယ်လွန်သွားသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီ ဖြစ်သည်။

သခင်အုန်းမြင့်သည် မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောကတွင် ထင်ရှားသူတဦး ဖြစ်သည်။ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူ တဦးဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဘက် တဦး ဖြစ်ခဲ့သည်။ စစ်အစိုးရ အဆက်ဆက်က သူ့ကို အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

၁၉၉၈ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုသမိုင်း မှတ်တမ်းတင်သူ တဦးကို ကူညီမှုဖြင့် နောက်ဆုံးအကြိမ် အထိန်းခံခဲ့ရသည်။ ထိုအချိန်က အသက် ၈၀ အရွယ် ရှိပြီ ဖြစ်သော သခင်အုန်းမြင့်သည် ထောင် ၇ နှစ် ချမှတ်ခံရသည်။

လက်ရှိ စစ်အစိုးရ လက်ထက် မြန်မာပြည် ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ဝန်းကျင် အစဉ်အမြဲ ရှိနေရာ ထိုသို့ အကျဉ်းကျနေသူများ၊ ၎င်းတို့၏ မိသားစုများကို အားပေး ကူညီသူများကြားတွင် သခင်အုန်းမြင့်က အထင်ရှားဆုံး ဖြစ်သည်။

NLD ၏ လူမှု အထောက်အကူပြု အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး အကျဉ်းကျနေသော၊ ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးသမားများကို နှစ်ပေါင်း များစွာ ကူညီခဲ့သည်။

ကြွင်းကျန်သော ရုပ်ကလာပ်ကို တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရသည်။



NLD လူမှု အထောက်အကူပြု အဖွဲ့မှ လုပ်ဖော်ကိုင်ဘက်များနှင့် ဦးအုန်းမြင့်

ဘဘဦးအုန်းမြင့် နာရေးသတင်းပေးပို့ ပေးသော ကိုမောင်ရစ်အားကျေးဇူးတင်ရှိပါသည်.။
.......................................................................................................................။

ဘဘဦးအုန်းမြင့် အတွက် ဝမ်းနည်းမှတ်တမ်း
............................................................................................................

ဘဘဦးအုန်းမြင့် ကွယ်လွန် သောသတင်းအား ကြားလိုက်တဲ့အချိန်မှာ တော်တော်စိတ်ထိခိုက်မိခဲ့ပါတယ်ရှင်၊
ကျမ သိပ်ဒုက္ခ ရောက်ခဲ့စဉ် က ဘဘဟာ ကျမနေတဲ့ ဆင်းဒဝစ်လမ်း ရှိနေအိမ် အား လွယ်အိတ်ကလေး ကိုလွယ်ပြီး ကျမအဆင်ပြေရဲ့လား၊ထောင်ဝင်စာကို သွားနိုင်ရဲ့လားဆိုပြီး စိတ်ပူပင်စွာဖြင့် အမြဲလိုလို လာရောက်မေးလေ့ရှိခဲ့ သူတစ်ဦးပါ။ အမြဲတမ်း ကျမ အား စိတ်ဓာတ်မကျဘို့နဲ့ ကြိုးစားဘို့ကို ပြောလေ့ရှိပါတယ်။ ကျမ အမျိုးသား ကိုလဲ သူခေါ်နေကြနံမည်လေးက မိုးမိုး ဆိုပြီ အမြဲတမ်း နုတ်မှ ခေါ်လေ့ရှိပြီ၊ ကျမ အမျိုးသား မိုးမြတ်သူ အား ဘဘ က အင်မတန် ချစ်ခင် ခဲ့သူပါ။

ကျမ ထောင်ဝင်စာ ကိုမသွားမှာလဲ သူတော်တော် စိတ်ပူတတ်ပါတယ်၊ ကျမ အမျိုးသား ကျန်းမာရေးအတွက် ဆေးဝါးများကို လတိုင်း ဘဘ အမြဲ ပေးလေ့ရှိခဲ့တယ်၊ ကျမ ရဲ့ ထောင်ဝင်စာ အခက်အခဲ ကိုလဲ ဘဘ ကအမြဲနိုင် တဲ့ဘက်က ကူညီတတ်တာပါ၊ဘဘ ရဲ့ သိပ်ချစ်စရာကောင်တဲ့ အကျင့်လေးကတော့ သူထက်ငယ်တဲ့ဘယ်သူကိုမဆို နံမည်ရှေ့မှာ ကို ...၊မ....၊ ဆိုပြီးပြောလေ့ ရှိပါတယ်၊အမြဲတမ်း စိတ်ဓာတ်တက်ကြွ စွာနေလေ့ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဝင်များမှ မဟုတ်ဘဲ နအဖ ရဲ့ မတရားမှုမှန်သမျှ ကို တော်လှန်နေကြတဲ့ နိုင်ငံ ရေးအကျဉ်းသား၊ ကျောင်းသား ပြည်သူ များရဲ့ မိသားစု နာရေးတိုင်းကို ဘဘ တစ်ယောက် အမြဲတမ်း သွားရောက် အားပေးစကားပြော လျက် ရှိခဲ့ပါသည်။ကျမ ၏ အဖေ နာရေးတွင် လည်း ဘဘ တစ်ယောက် လာရောက်ခဲ့ ပါသည်.။ယခု ဘဘ၏ နာရေး အား ကျမတို့ မိသားစု မသွားရောက် နိုင်တော့ပါဘူး။

ဘဘကွယ်လွန် တဲ့သတင်းကိုကြားရင်ဖြင့် နအဖ က မတရားဖမ်းဆီးထောင်ချ ထားသော နိုင်ငံရေး အကျဉ်းသားများမှာ တော်တော် စိတ်ထိ ခိုက်ကြပါမည်၊နိုင်ငံရေး အကျဉ်းသား ဟောင်းများ သည်လည်း ထိုနည်းအတူ စိတ်ထိ ခိုက်ကြမည် ဆိုတာ အမှန်ပါဘဲရှင်၊ ကျမ တို့လို နိုင်ငံရေး အကျဉ်းသား မိသားစုဝင် များလဲ အထူးပင်စိတ်မကောင်းဖြစ်ကြရမည်ဖြစ်ပါသည်.။

ဘဘဦးအုန်းမြင့်၏ မိသားစု နှင့် အတူ မိုးမြတ်သူ (မိုးမိုး) နှင့် မြတ်လေးငုံ တို့မှ ထပ်တူ ထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲ ရပါသည်.။

မြတ်လေးငုံ

....................................................................................................................................
ကျမတို့ ဘဝ မှာအစဉ်အမြဲ သတိတရ ရှိခဲ့တဲ့ သခင်အုန်းမြင့် ရဲ့ ကိုယ်ရေးအကျဉ်း

၁၉၁၈ ခုနှစ် ဧပြီလ ၂၈ရက်တွင် ပဲခူးတိုင်း-လက်ပန်းတန်းမြို့နယ်တွင် အဘ ဦးမိုးကောင်း ၊အမိ ဒေါ်အေးတင် တို့၏သားတဦးအဖြစ် မွေးဖွားခဲ့သည်။

၁၉၃၃ခုနှစ် နိုဝင်ဘာတွင် ၁၀တန်းကျောင်းသားဘ၀ဖြင့် ဒို့ဗမာအစည်းအရုံး ကြွေးကြော်သံ စာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၃၄ မတ်လတွင် ဆယ်တန်းအောင်ပြီးနောက် အောက်တိုဘာလတွင် ရန်ကုန်သို့ရောက်ရှိပြီး-

ရေကျော်ရပ်ကွက် နှင်းပန်းလမ်းတွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူနေထိုင်ခဲ့ပြီး-

၁၉၃၆ခုနှစ် မှစတင်၍ မြန်မာ့အလင်းသတင်းစာတွင် "မမြန်မမာသော နှေးပျော့များ "ဆောင်းပါးပါရှိခြင်းဖြင့် စာနယ်ဇင်းလောကတွင် စတင်ဝင်ရောက်ခဲ့သည်။

ထို့နောက် ဈေးနှုန်းသတင်းစာတွင် "ဆယ့်နှစ်ရာသီပြုံး၊မြင့်အုန်း "ဟူသော ကလောင်အမည်များဖြင့် အခန်းဆက် ဆောင်းပါး၊၀တ္ထုရှည်များ ရေးသားလာခဲ့သည်။

၁၉၃၇ခုနှစ်-ဧပြီတွင် ပုသိမ်မြို့တွင် ကျင်းပသော တတိယအကြိမ် -မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။

၁၉၃၈-ဇွန်တွင် တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ပြီး -သခင်အမည် စတင်ခံယူခဲ့သည်။ထို့နောက် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူ ဂျာနယ်ကျော် ဂျာနယ်ထုတ်ဝေရာတွင် ထုတ်ဝေသူအဖြစ် နာမည်ခံခဲ့သည်။ပြီးလျှင် ဂျာနယ်ကျော်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၃၉ ၊ဇန်န၀ါရီတွင် တိုးတက်ရေးသတင်းစာတွင် ဆီမီးခွက် ဟူသော ကလောင်အမည်ဖြင့် ရေးသားသော နိုင်ငံရေးဆောင်းပါးတပုဒ်ကြောင့်အင်္ဂလိပ်အစိုးရက တိုးတက်ရေးသတင်းစာအား အာမခံ တောင်းခံခဲ့သည်။
ထို့နောက် ဒို့ဗမာအစည်းအရုံး ဌာနချုပ်တွင် အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

၁၉၄၀-မတ်လတွင် အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ -ရမ်းဂါး ကွန်ဖရင့်သို့
ဒို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၄၂-မှ ၁၉၄၅ခုနှစ်တွင် ဖက်ဆစ်၈ျပန် ဆန့်ကျင်တော်လှန်ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့သည်။
၁၉၅၈ခုနှစ်တွင် တော်လှန်ရေးကောင်စီ နေ၀င်းစစ်အစိုးရ၏ နိုင်ငံရေးပုဒ်မ=၅(ည)ဖြင့် ထန်းသိမ်းခံရပြီး ကိုကိုးကျွန်း အပို့ခံခဲ့ရသည်။

၁၉၈၉ခုနှစ်တွင် န၀တ စောမောင် စစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် ထိန်းသိမ်းခဲ့သည်။

၁၉၉၆နှင့်၁၉၉၈တွင် နအဖ သန်းရွှေ စစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။

အသက်၈၇တွင် ထောင်ကလွတ်လာပြီးနောက် အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့တွင် ၀င်ရောက်ပြီး
ထောင်ကျနေသော နိုင်ငံရေးအကျဉ်းသားများ၊မိသားစုဝင်များကို ကူညီထောက်ပံ့ခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။အဘသည် သူ့မွေးနေ့ရောက်တိုင်းလည်း ကိုကျော်သူတို့ နာရေးကူညီမှုအသင်းသို့သွားရောက်ကာ လှုဒါန်းမှုများပြုလုပ်လေ့ရှိခဲ့သည်။

အဘသည် ၂၀၁၀ စက်တင်ဘာ ၁၇ နံနက်ပိုင်းတွင် ရန်ကုန်နေအိမ်၌ ကွယ်လွန်ခဲ့ပြီး-နောက်ဆုံးအချိန်အထိ အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့တွင် ဒု-ဥက္ကဌ အဖြစ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
အဘရေးသားခဲ့သော ထောင်အရသာ စာအုပ်သည် နာမည်ကျော်ခဲ့ပါသည်။

အဘ၏ဇနီးမှာ ဒေါ်မြမြ(ကွယ်လွန်)ဖြစ်ပြီး-အဘ နောက်ဆုံးနေထိုင်ခဲ့သောလိပ်စာမှာ အမှတ်(၃) ဘီ- သုခ၀တီလမ်း၊ကမ္ဘာအေး-ရန်ကုန်မြို့ဖြစ်ပြီး- သားသမီး ၄ဦးကျန်ရစ်ခဲ့ပါသည်။

09 September 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုက္ကဌ ဦးတင်ဦး ညီဖြစ်သော ဦးစိန်အောင်၏ ဈာပနာ..







ဘဘ ဦးတင်ဦး၏ ညီ ကွယ်လွန်ရှာပြီ

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ ညီအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။