29 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...




မနက်ဖြန်မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခြံကကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုပါတယ်။

" မနက်ဖြန်နေ့လည်(၁၂)နာရီမှာ အန်ကယ်တို့ CEC တွေရယ် ပြည်နယ်နဲ့တိုင်းက ဗဟိုဦးစီး CC အဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ကြပါမယ်.... ။ အခုလက်ရှိ နောက်ဆုံးအခြေအနေ အန်ကယ် သိရသလောက်က Majority *အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြတာ တွေ့ရပါတယ်....။ အန်ကယ်သိရသလောက် တော်တော်များများပါပဲ..." ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၃)ရက်နေ့က လူထုဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ တွေ့ခွင့်ရစဉ်မှာ ပါတီမှတ်ပုံတင်ရေးအတွက် လူထုခေါင်းဆောင်မှ ပြောဆိုရာမှာ မတရားတဲ့ဥပဒေ၊ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတွက် မှတ်ပုံတင်ရေးကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး.. ဒီလိုပြောဆိုတာဟာလည်း အဖွဲ့ချုပ်ကို ညွှန်ကြားခြင်း အမိန့်ပေးခြင်း မဟုတ်ကြောင်း အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ပါလို့ မှာကြားခဲ့ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာမှ အထူးအာရုံဆိုက် စောင့်ကြည့်နေပါတယ်။ လက်ရှိ ရွေးကောက်ဥပဒေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း.....ဒီမိုဝေယံ