20 December 2010

ခုလိုစည်းကမ်းတွေ ထုတ်သင့်တာ ကြာနေပါပြီး အာဏာရှင်တွေ ရဲ့ သားသမီးတွေကို အရင် စောင့်ကြည့်သင့်တာပါရှင်..။

အခြေခံပညာကျောင်း သင်ကြားနေသည့် အချိန်ကာလအတွင်း ကျောင်းသားကျောင်းသူများ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်တတ်သည့် ဖျော်ဖြေရေးများ ရှိသည့် နေရာများ၊ ပန်းခြံများနှင့် အခြား နေရာများတွင် စောင့်ကြည့်စစ်ဆေး ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

ကျောင်းသားကျောင်းသူများ ကျောင်းမတက်ဘဲ မိမိ၏ ဆုံးဖြတ်ချက်ဖြင့် အုပ်ထိန်းသူ မိဘများ မသိဘဲ သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ရှိသူများထံသို့ ခွင့်တိုင်ကြားပြီး လူငယ်များ မသွားသင့်သည့် နေရာများသို့ အကြောင်းအမျိုးမျိုးဖြင့် သွား လာနေသည့် ဖြစ်စဉ် အချို့များ ဖြစ်ပွားနေသဖြင့် ယင်းကဲ့သို့ သွားလာတတ်သည့် နေရာများတွင် ပညာရေးဝန်ထမ်းများမှ စုံစမ်း၍ စစ်ဆေးထိန်းသိမ်းကာ ပြန်လည် ခေါ်ဆောင်မည့် စနစ်အား ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်းစနစ်ကို ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အဓိကထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပညာရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ကျောင်းသားကျောင်းသူတွေ ကျောင်းပညာ သင်ကြားချိန် ကာလအတွင်းမှာ သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မသွားသင့်တဲ့ နေရာတွေကို သွားနေတဲ့အတွက် ကျောင်းတွေကို ကျောင်းသားမိဘတွေကိုပါ ခေါ်ယူပြီးတော့ ပညာပေးမှုတွေ ပြုလုပ်မယ်။ လိုအပ်လာရင် အဆင့်ဆင့်ကို စာထုတ်ပြီးတော့ ထိန်းသိမ်း ဆောင်ရွက်မှုတွေ ပြုလုပ်ခိုင်းသွားမယ်။ အဓိကကတော့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေ အနေနဲ့ကလည်း မိမိရဲ့ ကျောင်းသူကျောင်းသားတွေ အခြေအနေကို လေ့လာနေဖို့ လိုအပ်တယ်''ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အထက (၁) ဒဂုံကျောင်းအုပ်ကြီး ဖြစ်သူ ဒေါက်တာအောင်ကိုကို ကလည်း''ကျွန်တော်တို့ကျောင်း အနေနဲ့ကတော့ နှစ်စပိုင်းမှာ ကျောင်းသား ကျောင်းသူတွေ တချို့က သူ့နည်းသူ့ဟန်နဲ့ ခွင့်တိုင်ပြီးတော့ ပန်းခြံတွေ၊ ကစားကွင်းတွေကို သွားရောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီ ကျောင်းသားက အိမ်ကနေပြီးတော့ ကျောင်းကို အကြိုအပို့ယာဉ်နဲ့ လိုက်လာတယ်။

ကျောင်းရှေ့လည်းရောက်ရော ကျောင်းဝတ်စုံကို အပြင်အ၀တ်အစားနဲ့ လဲပြီးတော့ သူ့နည်း သူ့ဟန်တစ်မျိုးနဲ့ ကျောင်းက တာဝန်ရှိသူတစ်ယောက်ကို ခွင့်လှမ်းတိုင်ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်လာတဲ့အတွက် ဆရာတို့ အနေနဲ့ နောက်ပိုင်းမှာ ခွင့်တိုင်မယ်ဆိုရင် မိဘကိုယ်တိုင် ကျောင်းကိုလာတိုင်ရမယ်ဆိုတဲ့ စနစ်ကို လုပ်ခဲ့တယ်။ အကယ်၍ မတိုင်ဘဲနဲ့ ကျောင်းပျက်မယ်ဆိုရင် ကျွန်တော်တို့ တာဝန်ရှိသူတွေ အနေနဲ့သူ့ရဲ့ နေအိမ်ကို စုံစမ်းမယ်။ ပြီးတော့ ကလေးသွားတတ်တဲ့ နေရာတွေကို သွားရောက် စောင့်ကြည့်သွားပါမယ်။

ဒီလို အရွယ်နဲ့ဒီလိုမျိုး အခြေအနေတွေ ဖြစ်နေတယ် ဆိုတာလည်း ခေတ်ရေစီးအရ ပြောင်းလဲနေတဲ့ ပုံစံတွေကို ဘာမှမပြောလိုဘူး။ ဒါပေမယ့် တချို့ ကျောင်းသားမိဘတွေက ကလေးတွေကို အရမ်း တင်းကြပ်လွန်းတယ်။ အဲဒီကလေးတွေက လွတ်လပ်ခွင့် အချိန်အနည်းလေးရရင် ပျက်စီးဖို့များ သွားပါတယ်။ တချို့မိဘတွေဆိုရင်လည်း လိုတာထက်ပိုပြီးတော့ ပိုက်ဆံကို ပိုပေးတဲ့ အတွက်ကြောင့်လည်း ကလေးတွေ ပျက်စီးတာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်သတင်းအား news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။