19 December 2010

မြန်မာပြည်စစ်မြေပြင်မှ ဂေါ်ရခါး စစ်သူရဲ ကောင်းကြီး အသက် ၉၃နှစ်တွင် ကွယ်လွန်


ဒုတိယကမ္ဘာစစ် မြန်မာပြည်စစ်မြေပြင်အတွင်း ဂျပန် ဖက်ဆစ်များစွာကို ရဲဝံ့စွန့်စားတိုက်ခိုက်ခဲ့ပြီး၊ ဗြိတိသျှ အမြင့်ဆုံး စစ်သူရဲကောင်းဆု Victoria Cross ရရှိခဲ့သူ ဂေါ်ရခါး စစ်သားကြီး လက်ခ်ျဟီမန်း ဂူရန်းသည် အသက်

၉၃ နှစ်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

လက်ခ်ျဟီမန်း ဂူရန်း (Lachhiman Gurung) ကို နီပေါနိုင်ငံ ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့သည်။ ၁၉၄၀ ခုနှစ် ဗြိတိသျှ လက်အောက်ခံ အမှတ် (၈) ဂေါရခါးရိုင်ဖယ်တပ်ကို စ၀င်ချိန်တွင် အရပ် ၄ပေ ၁၁ လက်မသာရှိသည်။ ဗြိတိသျှ စစ်သားတစ်ယောက် အနိမ့်ဆုံး အရပ်သတ်မှတ်ချက်ထက် အများကြီး ပုနေသည်။

၁၉၄၅ နွေဦးတွင် ဂျပန်များကို တိုက်ခိုက်ဖို့ ဂူရန်း တစ်ယောက် အိန္ဒိယတပ်များနှင့်အတူ မြန်မာပြည် တောနက်ထဲ ပါသွားခဲ့သည်။ ထိုအချိန်က ဂျပန်ဗိုလ်ချုပ် ဆီဇိုဆာကူရီရဲ့ အမှတ် (၂၈) ဂျပန်တပ်မမှာ ဧရာဝတီမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဆုတ်ဖို့ လုပ်နေသည်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ် ဆာဝီလျံဆလင်း အမိန့်အရ၊ ဗိုလ်မှုးချုပ် ဆာမွန်တဂူ စတော့ဖို့ရဲ့ အိန္ဒိယ အမှတ် (၇) တပ်မနဲ့ အမှတ် (၈) ဂေါ်ရခါး ရိုင်ဖယ်တပ်များက ဧရာဝတီမြစ်ဖြတ်ကူးမယ့် ရန်သူ ဂျပန်များကို ဖြတ်တိုက်ကြဖို့ ဖြစ်သည်။

ရိုင်ဖယ်လက်ဖြောင့်တပ်သား ဂူရမ်းနှင့်အဖွဲ့က ဧရာဝတီမြစ် အနောက်မြောက်ဖက် တောင်းတော်ရွာနားတွင် မိုက်မိုက် ကန်းကန်း ၀ိုင်းဝန်းဖြတ်ပိတ်ပြီး၊ မေလ ၁၂-၁၃ ရက်များတွင် ဂျပန်တပ်သား ၂၀၀ကို ညတိုက်ပွဲများဖြင့် တိုက်စစ်ဆင် ခဲ့ကြသည်။ ဂူရန်းတို့ရှိရာ ကတုတ်ကျဉ်းထဲ ရန်သူလက်ပစ်ဗုံးနှစ်လုံး ထိမှန်သောကြောင့် သူ့ညာဖက်လက်မှာ ဆုတ်ပြတ်ကြေမွသွားပြီး လက်ချောင်းငယ်အားလုံး ပြတ်ထွက်သွားခဲ့သည်။ မျက်စိတစ်ဖက်လည်း ဆုံးရှုံးခဲ့သည်။ သူ့ရဲဘော် နှစ်ယောက်မှာလည်း ဒဏ်ရာများနှင့် မှောက်နေသည်။

ဂျပန်တပ်များက ညာသံပေးပြီး သူတို့ ကတုတ်ကျဉ်းနား ၀င်နိုင်ဖို့ ကြိုးစားကြသည်။ ရိုင်ဖယ်သမား ဂူရန်းက ဘယ်လက်တစ်ဖက်ဖြင့် သေနတ်ထဲ ကျဉ်ဆံထည့်ရင်း လေးနာရီကြာ တစ်ဦးထဲ ပုံမှန်ဆက်လက် ပစ်ခတ်နေခဲ့သည်။ ဘေးတွင် ဒဏ်ရာဖြင့်လဲနေတဲ့ သူ့ရဲဘော်များက ဂူရမ်းရဲ့ “ဂေါ်ရခါးကွ ဘာမှတ်လို့လဲ၊ လာစမ်းကွာ” ဆိုတဲ့ အသံများ ကြားနေကြရသည်။

နောက်နေ့မနက် အိန္ဒိယတပ်များ ထပ်ကူရောက်လာချိန်တွင် ဂူရန်းတို့ရှေ့ပတ်လည်တွင် ဂျပန်အလောင်း ၈၇ လောင်းကို တွေ့ရသည်။ ဂူရန်းတစ်ဦးထဲ ပစ်သတ်ခဲ့တာ ၃၁ လောင်း ရှိသည်။ ဆေးရုံပို့ပြီးနောက် ဂူရန်းမှာ သူ့ညာလက်နှင့် သူ့ညာ မျက်စိ ဆုံးရှုံးခဲ့သည်။

၁၉၄၅ ဒီဇင်ဘာ အိန္ဒိယ ဒေလီမြို့တွင် ဗြိတိသျှစစ်ဗိုလ်ချုပ် ဖီးလ်မာရှယ် လော့ဒ်ဝေဗယ်လ် က တပ်များဖြင့်ချီတက်ပြီး ဂူရမ်းကို Victoria Cross သူရဆုတံဆိပ် ချီးမြှင့်ခဲ့သည်။ နီပေါနိုင်ငံကလည်း အမျိုးသားသူရဲကောင်းဆု အပ်နှင်းခဲ့သည်။ နောက် ဂေါရခါးတပ်ရင်းမှ အိန္ဒိယစစ်တပ်သို့ပြောင်းပြီး ၁၉၄၇ ခုနှစ် အိန္ဒိယ လွတ်လပ်ရေးပြီးနောက် ဆာဂျင်ရာထူးဖြင့် အငြိမ်းစားယူရင်း ကျွဲ၊ နွား၊ ဆိတ်များဖြင့် လယ်နှစ်ဧကတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် စစ်ပြန်ဂေါ်ရခါး မိသားစုဝင် ၂၀၀၀ ဗြိတိန်တွင် အခြေချဖို့ဖြစ်လာခဲ့သည်။ မြန်မာပြည်မှ ဂျပန်များကို မောင်းထုတ်ခဲ့သူ သူရဲကောင်းစစ်စစ် ဂူရမ်းမှာ မြေးများဖြင့် ဟွန်းစလိုးမြို့တွင် နောက်ဆုံးနေထိုင်ရင်း ကွယ်လွန် သွားခဲ့သည်။

သတင်း herald scotland