15 June 2010

မြန်မာ့နိုင်ငံရေး နဲ့ ပတ်သက်ဖို့ မြန်မာလူထုအကြား စိုးရိမ်မှုရှိဆဲ

စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေပါ သတင်းစာ ဖတ်ရှုနေသည့် ရန်ကုန်မြို့ခံအချို့။


မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ ရှိနေတဲ့ ဒီနှစ် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ စည်းရုံးရေး လုပ်ငန်းတွေကို စတင်နေပြီ ဖြစ်ပေမဲ့ ထင်သလောက်တော့ ခရီးမပေါက်တဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

ဒီလဆန်းပိုင်းကစလို့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပေမဲ့ ဆယ်စုနှစ် ၂ ခုကြာ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတဲ့ လူထုအနေနဲ့ ပါဝင်ပတ်သက်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြတာပါ။

အထူးသဖြင့်ကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ တရားဝင် လုပ်ဆောင်ခွင့် ရလာကြပေမဲ့ အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ ရှိနေဆဲ ဖြစ်တာမို့ အနှောင့်အယှက် ပေးတာတွေ ခံရလေမလား အရပ်သားတွေက စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

စစ်အစိုးရက ဒီနှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လာပြီးတဲ့ နောက်မှာမှ တရားဝင် မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီတွေ အဖြစ် ထူထောင်လာကြသူတွေဟာ ငွေကြေး မပြည့်စုံမှုတွေဟာလည်း စည်းရုံးရေး လုပ်ငန်းတွေအတွက် အဟန့်အတားတွေ ဖြစ်နေရကြောင်း ပြောပါတယ်။

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေမှာတော့ တိုင်းနဲ့ပြည်နယ်တွေ အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ အနည်းဆုံး ပါတီဝင် ၁,၀၀၀ ရှိရမှာ ဖြစ်သလို တိုင်း ဒါမှမဟုတ် ပြည်နယ်တခုမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအနေနဲ့ အဖွဲ့ဝင် အနည်းဆုံး ၅၀၀ ရှိရမယ်လို့ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အရင်တပတ်ထဲအထိ နိုင်ငံရေးပါတီဟောင်း ၅ ခုနဲ့ အသစ် ၃၇ ခုတို့ ပါတီမှတ်ပုံတင်ခွင့်နဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားရာမှာ ၄ ပါတီသာ ထူထောင်ခွင့် ချပေးဖို့ ကျန်တော့တယ်လို့ ဆိုပါတယ်။


ရင်းမြစ်..VOA

ဘဘဦးတင်ဦး နဲ့ ဘဘဦးဝင်းတင်တို့ ရန်ကုန်မြို့ ရှိ HIV လူနာများကိုအားပေးစကားသွားပြောပြီး အမှတ်တရ အနေနဲ့ အပင်များစိုက်သွားခြင်းဓာတ်ပုံသတင်း





ဓာတ်ပုံများ ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

ပန်းချီဆရာ(၆ဝ)ကျော် ပါဝင်ပြသကြမယ့် သန်းမြင့်အောင် အမှတ်တရ ပန်းချီပြပွဲ


(၁၁၊၆၊၂ဝ၁ဝ)ရက် ဆိုရင် ပန်းချီ သန်းမြင့်အောင် ကွယ်လွန်ခဲ့တာ တစ်လတိတိရှိပြီ ဖြစ်ပါတယ်။ ပန်းချီသန်းမြင့်အောင် တစ်လပြည့် အမှတ်တရ အနေနဲ့ သူ့ကိုချစ်တဲ့ ခင်တဲ့ မိတ်ဆွေ ပန်းချီဆရာများစုစည်းပြီး (၁ဝ၊၆၊၂ဝ၁ဝ) ရက်ကနေ (၁၅၊၆၊၂ဝ၁ဝ) ရက်အထိ ဗိုလ်ချုပ်အောင်ဆန်း ဈေးမှာရှိတဲ့ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (ဗဟို)၊ ပန်းချီ၊ပန်းပု အရောင်းပြခန်းမှာ ပန်းချီပြပွဲ တစ်ခု ခင်းကျင်းပြသကြမှာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ပါဝင်ပြသကြတဲ့ ပန်းချီဆရာ အများစုဟာ သန်းမြင့်အောင်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ပြပွဲကြေးပေးပြီး ပြသကြတာ ဖြစ်ပြီး ရောင်းရငွေထဲက အချိုးကျ စုပေါင်းပြီး ကျန်ရစ်နေခဲ့တဲ့ မိခင်၊ ဖခင်အိုနှစ်ပါးကို စုပေါင်း လှူဒါန်းကြမယ်လို့ ဆိုပါတယ်။ နေရာဌာနအသီးသီးမှာ နာမည်ကိုယ်စီ ရှိကြပြီးဖြစ်တဲ့ ပန်းချီဆရာ (၆ဝ)ကျော်ရဲ့ ပန်းချီကား (၁ဝဝ)ကျော်ကို ခင်းကျင်း ပြသကြမယ်လို့ သိရပါတယ်။

နေရာတစ်ခုတည်းမှာ ပန်းချီဆရာ အစုံ၊ လက်ရာအစုံ ကြည့်ရမယ့်ပွဲမို့ ပန်းချီချစ်သူများ မကြည့်မဖြစ် ကြည့်သင့်တဲ့ ပွဲတစ်ပွဲလို့ ဆိုပါရစေ။ ပြပွဲချိန်ကတော့ တနင်္လာနေ့ကလွဲလို့ နေ့စဉ်နံနက် (၉)နာရီကနေ ညနေ (၅)နာရီအထိပြသသွားမည်ဟု လျှပ်တပြက်ဂျာနယ်တွင်ဖော်ပြထားပါသည်.။

14 June 2010

မြန်မာပြည်က စူပါမားကတ်ကြီး အချို့တွင် ကုတ်နံပါတ် မှားရိုက်မှုကြောင့် ဈေးနှုန်း မမှန်မကန်မှုများဖြစ်

စူပါမားကတ်ကြီး အချို့တွင် ရောင်းချနေသော ကုန်ပစ္စည်းအချို့၏ ၀ယ်စဉ်က ဈေးနှုန်းနှင့် ငွေရှင်းသည့်အခါ ဈေးနှုန်းများကို ကုတ်နံပါတ် မှားရိုက်မှုကြောင့် ဈေးနှုန်း မမှန်မကန်မှုများ ဖြစ်လာကြောင်း ကိုယ်တွေ့ ကြုံတွေ့ ရသူများထံမှ သိရသည်။

“ကျွန်မက ပစ္စည်းတွေ အားလုံးဝယ်ပြီးတော့ ကောင်တာမှာ ငွေသွားရှင်းတယ်။ ငွေလက်ခံ ဖြတ်ပိုင်းထွက်လာတော့ ကိုယ်မှန်းထားတဲ့ ပမာဏနဲ့ နည်းနည်းလေး ကွာနေတဲ့အတွက် ဖြတ်ပိုင်းကို ကြည့်လိုက်မိတယ်။ ခါတိုင်းဆိုရင်တော့ မကြည့်မိပါဘူး။

အဲဒီမှာ ကိုယ်မ၀ယ်ထားတဲ့ ဈေးနှုန်းနဲ့ ပစ္စည်းဖြတ်ပိုင်း ထပ်ဆုံးမှာတွေ့လို့ မေးကြည့်တော့ ၀ယ်ထားတဲ့ ပစ္စည်းထဲက ပစ္စည်းတစ်ခုရဲ့ နာမည်ကို ပြောတယ်။ ဒါနဲ့ ကျွန်မလဲ ကပ်ထားတဲ့ ပစ္စည်းဈေးနှုန်း မှားတာပဲလို့ ထင်ခဲ့တယ်။ အိမ်ရောက်တော့ ကျွန်မမှားတာ မဟုတ်ဘဲ သူတို့ မှားနေမှန်းသိတာ။

အမှန်တော့ ကျွန်မ၀ယ်လာတာက ပြည်တွင်းဖြစ် ပစ္စည်းပါ။ သူတို့က ကုတ်နံပါတ် မှားရိုက်လိုက်တာက တခြားပစ္စည်း နာမည်တစ်ခုပါ။ ဒါကြောင့် ကျွန်မ၀ယ်လာတဲ့ ပစ္စည်းတန်ဖိုးရဲ့ တစ်ထောင် ကျော်လောက် ပေးခဲ့ရတယ်။ ဒါမျိုးက အမှန်ဆိုရင် ကောင်တာက ၀န်ထမ်းတစ်ဦးရဲ့ အမှားပဲ။ ကုတ်နံပါတ်ကို မသိဘဲနဲ့ မှားရိုက်တယ်။ သိသိကြီးနဲ့ လုပ်တာဆိုရင်လဲ အဲဒီလိုမျိုး ဘယ်နှစ်ဦးကို လုပ်ခဲ့တယ်ဆိုတာ မသိ နိုင်ဘူး” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းသည် ရုံးဝန်ထမ်း အချို့၏ ပေါ့ဆမှုကြောင့် သို့မဟုတ် ဈေးဝယ်သူ များပြားနေသည့် အချိန်တွင် အလျင်လိုမှု ဖြစ်ရခြင်းများ ကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းကဲ့သို့သော အဖြစ်များ ရှိနေခြင်းကြောင့် ၀န်ထမ်းများ ခန့်ထားရာတွင် သေချာစွာ စိစစ်ရွေးချယ်ကာ ခန့်ထားရန် လိုအပ်လာပြီ ဖြစ်ကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Equation ညီမျှခြင်း လူထု အကျိုး ပြု လူငယ်များအဖွဲ့ ၏ လှူဒါန်းမှု



၁၂.၆.၂၀၁၀ ရက်နေ့မှာ သန်လျင် မြို့နယ် ဗိုလ်ချုပ်ကျေးရွာ က၀န ၀ါသီ အေးရိပ်စံ သီလရှင် စာသင်တိုက်မှာ ဆင်းရဲနွမ်းပါးတဲ့ မူလတန်း ကျောင်းသူကျောင်းသား (၈၉) ဦးကို ဖတ်စာအုပ် စာရေးစာအုပ် လွယ်အိတ် ခဲတံ ခဲဖျက် အစုံလိုက် လှူဒါန်းခဲ့ပြီး။ သီလရှင် ဆရာကြီး ဆရာလေး (၁၄) ပါးနဲ့ ကျောင်းသူကျောင်းသား (၈၉) ဦးတို့ကို နေ့လည်စာ ကြာဇံကြော် ကျွေးမွေးခဲ့ပါသည်။

သီလရှင် (၁၀) ဦး ကျောင်းအပ်ဖို့ တစ်ပါးကို ငွေ (၅၀၀၀) ထောင်နှုန်းနဲ့ ငွေ ငါးသောင်း လှူဒါန်းခဲ့ပြီး၊ အခု လှူဒါန်းသည့်အဖွဲ့ နာမည်မှာ (Equation) ညီမျှခြင်း လူထု အကျိုး ပြု လူငယ်များအဖွဲ့ဖြစ်ပါသည်။ ၂၀.၆.၂၀၁၀ ရက်နေ့မှာ အလှူ တစ်ခု ရှိပါသည် လှည်းကူး မြို့နယ် မရမ်းချောင်း ကျေးရွာ မှာ ရှိတဲ့ အနာကြီး ရောဂါသည် မိသားစု တွေ အတွက် အ၀တ်အစား ဆေးဝါး အစားအစာ ငွေကြေး များကို လှူ ဒါန်းမှုပြုလုပ်မဲ့ အပြင် သူတို့ရဲ့ သားသမီး တွေအတွ့က် စာရေး ကိရိယာ တွေ လှူ ဒါန်းသွားဖို့ ရှိ ပါသည်။

ဤဓာတ်ပုံများ ပေးပို့လာသော Equation အဖွဲ့အားကျေးဇူးတင်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးအကျဉ်း



Brief Bio Dassk


13 June 2010

သားသမီးချင်း မိဘချင်း ကိုယ်ချင်းစာနိုင်ကြပါစေ....

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း သားနှင့်ချွေးမ ဆီဒိုးနားဟိုတယ် ပဒုမ္မာခန်းမမှာ ကျင်းပတဲ့ မင်္ဂလာပွဲ( ပုံ GRW)

မိဘတိုင်း သားသမီးကို ချစ်ကြပါသည်။ ကိုယ့်ရင်သွေး သားသမီးကို မချစ်သည့် မိခင်၊ဖခင်ဆိုသည်မှာ မရှိပါ။ မိဘ၏မေတ္တာတရား ကြီးမားပုံ အကြောင်းအကျယ်ချဲ့ မပြောလိုပါ အားလုံးသိပြီး ဖြစ်ပါသည်.။ မိဘတွေရဲ့ မေတ္တာကြီးမားတဲ့ အတွက်ကြောင့်လည်း မိဘတွေကို အနန္တော အနန္တဂိုဏ်းဝင် အဖြစ်သတ်မှတ် ထားကြတာပါ။

ပြီးခဲ့တဲ့ မေလက နေပြည်တော်က အပြန်လမ်းမှာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သား၊ ချွေးမနဲ့ အသက် ၁နှစ်နဲ့ လေးလသာရှိသေးတဲ့ သားငယ်တို့ စီးလာတဲ့ ကားမှောက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်မှာ သေဆုံးခဲ့ရပါတယ်။ သားဖြစ်သူနဲ့ ချွေးမ ဖြစ်သူတို့ကတော့ ယခုအခါ စင်ကာပူနိုင်ငံမှာ ဆေးကုသခံနေရပါတယ်။ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် တစ်ခုပါပဲ။ မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း လည်းထိုကိစ္စကြောင့် အထူး ကြေကွဲဝမ်းနည်း နေရကြောင်း သိရှိရပါတယ်။ မိဘချင်း သားသမီးချင်းလည်း ကိုယ်ချင်းစာမိပါတယ်။ ထိုအတူ မိဘတွေ ဖြစ်ကြတဲ့ စစ်အာဏာရှင်တွေ အနေနဲ့လည်း တခြားသော ပြည်သူ့ရင်သွေးတွေ၊ မိဘတွေ အပေါ်မှာလည်း ကိုယ်ချင်းစာ စိတ်လေးထား စေချင်မိပါတယ်။

ပြောလိုတာကတော့ ဆင်းရဲသူ မိဘရဲ့ မေတ္တာနဲ့ ချမ်းသာတဲ့ မိဘမေတ္တာ အတူတူပဲဆိုတာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သားပျောက် မိခင်တွေ .. ယုံကြည်ချက်တစ်ခုကို လုပ်ဆောင်ရင်း သေဆုံး၊ ပျောက်ဆုံး ၊ ထောင်တွေထဲမှာ နှစ်ရှည်လများ အကျဉ်းကျခံနေရတဲ့ သားသမီးတွေအတွက် ငိုကြွေးမျက်ရည်ကျနေရတဲ့ မိဘတွေရဲ့ မျက်ရည်တွေဟာ အသော မတတ်နိုင်အောင်ပါပဲ။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒီခေတ် ဒီကာလကြီးထဲမှာ.. တိုင်းပြည် အုပ်ချုပ်သူတွေဟာ ကိုယ်နဲ့ နိုင်ငံရေး ယုံကြည်ချက် မတူညီတူတွေကို ကြက်ကလေး၊ ငှက်ကလေးတွေလို မမှန်မကန်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက်ပြီး ဖမ်းဆီးထောင်ချ အာဏာကို အလွန်အကြွံ အသုံးပြုနေကြပါတယ်။ ဒီလို ဖမ်းဆီးနှိပ်စက် ထောင်ချနေသူတွေ ကိုယ်တိုင်ဟာလည်း သားသမီးတွေ ရှိတဲ့ မိဘတွေပါ။ သားသမီးချင်း မိဘနေရာက ကိုယ်ချင်းစာကြည့်ပါ။ မေတ္တာတရား၊ ငါပါးသီလရဲ့ အကျဉ်းချုပ်ကတော့ ကိုယ်ချင်းစာ တရားပါ။ အခုလို နိုင်ငံရေး အမြင်မတူ မှုကြောင့် ထောင်ဒဏ် နှစ်ရှည်ချ ဖမ်းဆီးနှိပ်စက် ခံနေရတဲ့ လူကြီး၊ လူငယ်တွေ နေရာမှာ မိမိတို့ မိဘ၊ သားသမီးတွေ အနေနဲ့ ကိုယ်ချင်းစာ ကြည့်စေချင်ပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ဆိုလည်း ဖမ်းဆီး၊ သတ်ဖြတ၊် ပေါ်တာဆွဲ ရွာတွေ မီးရှို့ စတဲ့ လူမဆန်တဲ့ အပြုအမူတွေဟာလည်း အားလုံးအသိပါပဲ။ လူတိုင်း မိမိတို့ နေထိုင်ရာနေရာဒေသမှာ အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင် စားသောက်ချင်ကြတာပါ။ နေရာစွဲ ဒေသစွဲဆိုတာကတော့ လူတိုင်းရှိကြစမြဲပါ။ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူတွေ အနေနဲ့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို စောင့်ရှောက် ပေးရမှာပါ။ အခုတော့ အကာအကွယ်မဲ့တဲ့ စံနစ်ဆိုးတစ်ခုအောက်မှာ လူ့အသက်ဆိုတာ ဖက်ရွက်နဲ့ ထုတ်ထားလောက်ရအောင် လုံခြုံမှု မရှိဖြစ်နေပါတယ်။ ပအိုလ်းဒေသက ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် ဓါတုစက်ရုံတစ်ခု ရဲ့ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ တိုင်းရင်းသား ပအိုလ်းလူမျိုးတွေ လူမဆန်စွာ အဓမ္မပြောင်းရွှေ့ နှိပ်စက် သတ်ဖြတ်ခံရပြီး။ ဓါတု စွန့်ပစ်ပစ္စည်း တွေကြောင့် တရွာလုံး အရေပြားရောဂါ ဖြစ်ပွားနေပုံတွေကို ဓာတ်ပုံ ၊ မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။
(ဒီပုံကတော့ သန္တာရွှေနဲ့  ကြယ်ဖြိုးသန္တာရွှေတို့  သားအမိနှစ်ယောက်ပုံပါ။ အိပ်ရာဝင် သိပ်တဲ့အခါမှာ ရွှေပုခက်နဲ့  သိပ်ကြောင်း၊ ချိုးတဲ့ ရေထဲမှာတောင် နွားနို့ထည့်ပြီး ချိုးပေးတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ (ပုံ.. ကိုနစ်နေမန်း )(ဒါကတော့ ပအိုလ်းဒေသမှ ဓာတုစွန့်ပစ်ရေတွေကို သုံးရလို့ အရေပြားရောဂါ ခံစားနေရတဲ့ တိုင်းရင်းသား အပြစ်မဲ့ ပအိုလ်း မိခင်နှင့် သားငယ်)
သနားစဖွယ် အပြစ်မဲ့ ကလေးငယ် တစ်ဦး အရေပြားရောဂါတွေ ခံစားနေရတာကို မြင်တွေ့ရပြီး သားရှင် မိခင်တစ်ယောက်ရဲ့ ရင်မှာဘယ်လောက်ထိ ပူလောင်နေမယ်.. ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ စင်ကာပူ ဆေးရုံဆိုတာ ဝေလာဝေး၊ အနီးအနားမြို့ပေါ်မှာ ဆရာဝန်နဲ့တောင် ဆေးကုသခွင့် မရရှိပါဘူး။ ဆရာဝန်ဆိုတာတောင် မြင်ဘူးကြမှာတောင် မဟုတ်ပါဘူး။ နိုင်ငံအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ ရရှိသင့်တဲ့ အခွင့်အရေးဆိုတာတောင် နားလည်ကြမှာ မဟုတ်ပါဘူး။
စစ်အာဏာရှင်တွေရဲ့ မြေးငယ်တွေပါ...။ ကိုယ်ချင်းစာပေးကြပါ။ (ဓာတ်ပုံ)(ကိုနစ်နေမန်း)
Photobucket
ပြည်သူတွေရဲ့ ရင်သွေးငယ်တွေပါ...။
အထက်ကပြောခဲ့ သလို မိဘတိုင်း ကိုယ့်သားသမီး၊ မြေးမြစ်တွေကို ချစ်ကြပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းတက်လုပ်နေတယ် ဆိုတဲ့ သူလည်း သားသမီးကို ချစ်တတ်သလို တောင်းရမ်းစားသောက် နေရတဲ့သူလည်း ချစ်တတ်ပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းတက်လုပ်နေတဲ့ သူတွေ သားသမီးတွေနဲ့ မကွဲမကွာ နေချင်သလို၊ သားသမီးတွေ အန္တရာယ် မကျရောက်စေချင်သလို ပညာတတ်ကြီးတွေ ဖြစ်စေချင်သလို သာမာန် ပြည်သူတွေမှာလည်း ထို့အတူပါပဲ။ အခုဒီအမှောင်ခေတ် စံနစ်ဆိုးကြီးရဲ့ အောက်မှာ တိုင်းပြည်အနှံ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှိပ်စက်၊ ဖမ်းဆီး၊ နှစ်ရှည် ထောင်ကျဖမ်းဆီးခံနေရတာတွေ ။ ဒေသမျိုးစုံမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို သားသမီးချင်း၊ မိဘချင်း ကိုယ်ချင်းစားပြီး ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင် ကြပါစေလိုကြောင်း တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ.....

အောက်မှာ ကျန်စစ်သားမင်းကြီးရဲ့ ရွှေစည်းခုံ ဘုရားကျောက်စာကို ဖော်ပြလိုက်ပါတယ်။
မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ

" ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့ လည်း အထက်အညာသို့ ပါကြရသည်။

ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´ တိုင်းသူပြည်သားတွေကို မိမိ၏ ရင်နှစ်သားများကဲ့သို့ မေတ္တာဂရုဏာ ဖြင့် ရေးသားခဲ့ပါတယ်....

၈၈ မျိုးဆက်ဖျက် ကျီးတွေရဲ့ ထင်ယောင်ထင်မှား ဒေါင်းယောင်ဆောင်မှုများ ဓာတ်ပုံ.. သတင်း။

aye lwin1
ဓာတ်ပုံများ ပေးပို့လာသူ ကတော့ ပြည်သူ့အတွက် ရဲရဲတောက် ဘားမားပါပါရာဇီ ဖြစ်ပါတယ်။
၈၈မျိုးဆက်ဖျက် ခိုးသူတို့လက်ထဲ ရောက်သွားတဲ့ ကျီးညီနောင် အေးလွင်နဲ့ ရဲထွန်းတို့ ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ်မှာ ပြုလုပ်ခဲ့ပြီးနောက် မြို့ထဲသို့ ကားများဖြင့် အလံများထောင်ကာ .. လှည့်လည်ပြီး စီးပွားရေးပိတ်ဆို့တာကို လက်မခံကြောင်း၊ နျူကလီးယားကိစ္စ အကြောင်းပြတာတွေကို ရှုတ်ချ ကြောင်း အော်ဟစ်သွားကြတယ်လို့ ဆိုပါတယ်။

ထိုသို့ အလံများထောင်၊ ကြွေးကြော်သံများ တိုင်သွားခြင်းကို ယာဉ်ထိန်းရဲမှ ခေတ္တတားဆီးခြင်းမှ အပ သက်ဆိုင်ရာအာဏာပိုင်များမှ မည်သို့မျှ အရေးယူခြင်းမရှိပါဘူး... ။ ပြည်သူတွေထင်ယောင် ထင်မှားဖြစ်ခဲ့ကြပြီး ၁၉၉၀မှစ၍ မမြင်တွေခဲ့ရဘူးသော မြင်ကွင်းများဖြစ်၍ အစပထမတွင် အံ့သြ၍ ဝိုင်းဝန်းကြည့်ရှူ ကြသော်လည်း မကြာခင်မှာ ဒေါင်းယောင်ဆောင်သော ကျီးများမှန်း သိသွားကြ၍ နှာခေါင်းရှုံ့ကာ ပြန်လည် ထွက်ခွာသွားကြကြောင်း သိရှိရပါတယ်။ ၎င်းနေ့က ရန်ကုန်မြို့ပေါ်မှာ ဆန္ဒပြပွဲများဖြစ်သွားသည် ဆိုသည့် ပြောဆိုချက်များမှာ စစ်အာဏာရှင်တွေရဲ့ တမင်ထုတ်လွှင့်တဲ့ သတင်းများဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေရဲ့ အယောင်ဆောင် ရွေးကောက်ပွဲကို အယောင်ဆောင် ကျီးနှင့်ဖွတ်များမှ ကျောင်းသားယောင်ယောင် ဒေါင်းယောင်ယောင် အယောင်ဆောင် ဆန္ဒပြပွဲများ ပြုလုပ်နိုင်ပါသဖြင့် အားလုံးမှ သတိချပ်စေလိုကြောင်း.. ထိုသို့လုပ်ဆောင် နေမှုကို ရန်ကုန်ရှိ ပြည်သူများမှ ပြစ်တင်ရှုတ်ချနေကြကြောင်း.. အေးလွင်တို့အုပ်စုသည် စက်မှုဝန်ကြီး ဦးအောင်သောင်း၏ လက်ကိုင်တုတ်ဖြစ်ကြောင်း ၎င်းတို၏ လုပ်ရပ်သည် စစ်အစိုးရ၏ အစစအရာရာ အားပေးကူညီမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူများမှ ဝေဖန်ပြောဆိုနေကြပါသည်။

ဒီမိုဝေယံ

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်(AAPP)နှင့် (FDB)မှမြန်မာ့အရေးလှုပ်ရှားသူများနှင့်(AAPP)ရုံးတွင်တွေ့ဆုံ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု လူဦးရေထိန်းညှိရေး၊ ဒုက္ခသည် အရေးနဲ့ ရွှေ့ပြောင်းအလုပ်သမား အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ်ရှက်ဝပ်ဇ်နဲ့ အဖွဲ့ဟာ ဇွန်လ ၁၂ ရက်နေ့က နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်အသင်း (အေအေပီပီ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) က ခေါင်းဆောင်တွေနဲ့ အေအေပီပီရုံးမှာ တနာရီနီးပါးကြာ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ရောက်ရှိလာတဲ့ မစ္စတာရှက်ဝပ်ဇ်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်သားတွေရဲ့ အခြေအနေနဲ့ ပြည်ပကို ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်သားဟောင်းတွေရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြောင်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။


အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ်ရှက်ဝပ်ဇ် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်အသင်း (အေအေပီပီ) ပြခန်းသို့ ၂၀၁၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က သွားရောက်လေ့လာစဉ်။ (Photo: RFA)

“နိုင်ငံရေးအကျဉ်သားတွေရဲ့ အကျဉ်ထောင်တွေကို ထင်ဟပ်တဲ့ ပြခန်းလေး ရှိတယ်။ အဲဒီပြခန်းကို နိုင်ငံခြားရေးဝန်ကြီးကို ပြတယ်။ အထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ နောက် နိုင်ငံရေးအကျဉ်သားတွေ ခံစားနေရတဲ့ အခြေအနေတွေကို ရှင်းပြတာ ရှိပါတယ်။ အဲဒီ့အပြင်တော့ ကျနော်တို့ ပြင်ပကိုရောက်နေတဲ့ နိုင်ငံရေးအကျဉ်သားဟောင်းတွေ၊ အဲဒီ နိုင်ငံရေးအကျဉ်သားဟောင်းတွေဟာ ဒုက္ခသည်စခန်းတွေမှာ တကယ်ကို ဒုက္ခအသီးသီး ရောက်နေကြတာ ရှိတယ်။ ဒီလူတွေကို ဖြစ်နိုင်သမျှတော့ အမေရိကန်ကိုပဲဖြစ်ဖြစ်၊ တခြား နိုင်ငံတခုခုကိုပဲ ဖြစ်ဖြစ် ပြန်လည် နေရာချထားရေးအတွက် အမြန်ဆုံး ခေါ်ဆောင်ဖို့ဆိုတာမျိုးကို ကျနော်တို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်”

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်ဥမ္မာကလည်း သူဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ပြောင်းလဲအောင် မလုပ်နိုင်ဘူး၊ ဒီမို ကရေစီ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ဒီလိုမျိုး ပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့ ပြဿနာတွေက ပိုဆိုးလာမယ်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲသာ နအဖက ဖြစ်အောင် လုပ်သွားလို့ရှိရင်တော့ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျမတို့နိုင်ငံ ပြည်သူတွေက ဒီလိုမျိုး ဒုက္ခတွေ ဆက်ပြီးတော့မှ ပိုတောင်မှ ဆိုးဆိုးဝါးဝါး ကြုံလာရမယ်။ အဲဒီ အခြေအနေတွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုပါ ပျက်ပြားစေမယ့် အနေအထားတွေဖြစ်တယ် ဆိုတဲ့ဥစ္စာတွေကို ကျမတို့ တင်ပြခဲ့ပါတယ်”

ဒီလို ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ လက်ထောက်ဝန်ကြီး အဲရစ်ရှက်ဝပ်ဇ်က ဘာမှ ကတိပေးတာမျိုးတော့ မရှိဘူးလို့လည်း မခင်ဥမ္မာက ပြောပါတယ်။

သတင်းရင်းမြစ်..RFA

ဟိန်းဆေးဆိုင် ပိုင်ရှင် ဦးမောင်မောင်အေးကို အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းလိုက်ခြင်း

အထူးကု ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချနိုင်သော ထိန်းချုပ်ဆေးဝါးများ ရှာဖွေ တွေ့ရှိခဲ့ရသဖြင့် ဟိန်းဆေးဆိုင် ပိုင်ရှင် ဦးမောင်မောင်အေးကို အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်း သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရှိရသည်။

ထိန်းချုပ်ဆေးဝါးဟုဆိုရာတွင် ဆေးစွဲမှု ဖြစ်စေသည့် ဆေးဝါးများ (ဥပမာ- ဒိုင်ယာဇီပင်) ကဲ့သို့သော ဆေးဝါးများ ပါဝင်ပြီး ဆေးဆိုင်များတွင်လည်း ရောင်းချခွင့် တားမြစ်ထားကြောင်း ဆေးဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ မအူကုန်း လမ်းကျယ်၊ အမှတ် ၁၉/၂၁တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ဟိန်းဆေးဆိုင်တွင် ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချနိုင်သော ထိန်းချုပ်ဆေးဝါးများ ရှာဖွေတွေ့ရှိရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အကြောင်းကြားခဲ့သည့်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီးရုံးက အမိန့်ကြေညာစာအမှတ် ၁၄/၂၀၁၀ ဖြင့် အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်ဟု The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိုးခ ပန်းချီပြပွဲ နှင့် ကိုကျော်သူ ရဲ့ ခြေတလှမ်း





Morekha Art Gallery (သို့) ကျော်သူ၏ ခြေတစ်လှမ်း

Morekha Art Gallery ဖွင့်ပွဲအခမ်းအနားကို ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပန်းချီပညာရှင် (၅၅) ဦးတို့၏ ခံစားချက်လက်ရာများနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပြပွဲသို့ ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ ၀ါသနာရှင်များ လာရောက် အားပေးခဲ့ကြသည်။ ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

ယင်းပွဲတွင် “ အနုပညာကို စတေးပြီး ငြိမ်းချမ်းရေးကိုရအောင် လုပ်ယူရမည် ” … ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၏ ပန်းချီကား (၃) ကားကိုလည်း ပြသထားရှိပါသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစပြီး အနုပညာလုပ်ငန်းများ ( ရုပ်ရှင်၊ စာပေ … ) စသဖြင့် ထုတ်ဖော်ပြသခွင့်ကို ပိတ်ပင်ထားခြင်း ခံခဲ့ရသော ကျော်သူ၏ ပရိတ်သတ်များအပေါ် ပန်းချီအနုပညာကို ချပြခွင့်ရရှိသော ထူးခြားသည့် ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ အနုပညာသမားတစ်ယောက်ကို အနုပညာလုပ်ငန်းများ ပိတ်ပင် တားဆီးထားမှုမှ ပထမဦးဆုံး ပြင်ပလောကမှ အနုပညာနယ်ပယ်ထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းခွင့် ရရှိမှုဖြစ်သည်။

ဓာတ်ပုံများ ပေးပို့ ပေးသော ကိုကျော်သူ နှင့် ဘားမားပါပါရာဇီ တို့အားကျေးဇူးတင်ရှိပါသည်.။

ဝေဝေကြွေကြွေ လှတဲ့ တို့တိုင်းပြည်ကလေး....


"ငါ့တိုင်းပြည်လေးကို
လွမ်းတိုင်း ပန်းတစ်ပွင့်ပွင့် မယ်ဆိုရင်တောင်
ငါ့အတွက် ကမ္ဘာမြေပုံဟာ
ပန်းတစ်ခင်း ဖြစ်သွားမှာ သေချာတယ်။

အလွမ်းမိုး သည်းတာကြုံခဲ့ရပြီ။
အလွမ်းနွေ ထွေးတာကြုံခဲ့ရပြီ။
အလွမ်းဆောင်း အေးတာကြုံခဲ့ရပြီ။

အလွမ်းတွေကို မညာချင်တော့ဘူး။
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ကံ
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ စိတ်
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ဥတု
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ အဟာရ

ငါ့တိုင်းပြည်လေးကြောင့် ငါဟာ သောမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။
ငါ့တိုင်းပြည်လေးကြောင့် ငါဟာ ဒေါမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။

အဲဒီမှာ မဂ္ဂင်လမ်းစဉ်တွေ ရှိတယ်။
အဲဒီမှာ အပါယ်လမ်းစဉ်တွေ ရှိတယ်။

မွေးကတည်းကပါလာတဲ့ ဒိဋ္ဌိပိုးတွေရှိတယ်။
အရွယ်ရောက်ရင် ကူးတတ်တဲ့ ဝါဒ ပိုးတွေရှိတယ်။

ရိုးသားကြိုးစားပြီး တိုင်းပြည်ထောင်ခဲ့သူ တစ်ဦးရှိခဲ့တယ်။
မိုက်ရိုင်းထွားကြိုင်းပြီး တိုင်းပြည်ဖျက်ခဲ့သူ တစ်ဦးရှိခဲ့တယ်။

လူတွေ ချစ်လွန်းလို့ အိမ်အပြင် ထွက်ခွင့် မရတဲ့သူတစ်ဦး လည်းရှိနေတယ်။
လူတွေ ရွံ့မုန်းလွန်းလို့ အိမ်အပြင် မထွက် ရဲတဲ့သူတစ်ဦး လည်းရှိနေတယ်။

ဒီမိုကရေစီ ဆိုတဲ့ စနစ်ကောင်းတခု ကာလတိုကလေး ရှိခဲ့တယ်။
စစ်အာဏာရှင် ဆိုတဲ့ စနစ်ဆိုးတခု ကာလရှည်စွာ ရှိနေတယ်။

တရားဖက်လို့ သစ္စာမြဲသူတွေရှိတယ်။
တရားမဖက်လို့ သစ္စာဖောက်သူတွေရှိတယ်။

အသံကျယ်တဲ့ ကုန်ဈေးနှုန်းတွေရှိတယ်။
အသံမမြည်တဲ့ အမှန်တရားတွေရှိတယ်။

ထိုင်နေရင်း ငွေသီးတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။
ဖောင်ဆီးရင်း ရေငတ်နေတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။

အချိန်မတန် ခူးခြွေခံလိုက်တဲ့ ပန်းကလေးတွေလည်းရှိတယ်။
အနှစ်သာရပြည့်ဝပေမယ့် လူကြိုက်နည်းတဲ့ သစ်သီးလေးတွေလည်းရှိတယ်။

စစ်ဘိနပ်သံတွေ ညံနေပေမယ့် ငါ့တို့ရဲ့ ဂီတသံကိုဘဲ ကြားနေချင်တယ်။
ယမ်းငွေ့တွေဝေနေပေမယ့် ငါတို့ရဲ့မြေသင်းနံ့လေးကိုဘဲ ရှုရှိုက်ချင်တယ်။

ငါ့စိတ်ဝိညာဉ်ဟာ ငါတို့တိုင်းပြည်လေးရဲ့
လေ ထဲမှာလည်းရှိတယ်။
ရေ ထဲမှာလည်းရှိတယ်။
မြေ ထဲမှာလည်းရှိတယ်။

အသည်းခိုက်အောင် နာကျင်စရာရှိတာတောင်
ငါ့တိုင်းပြည်လေးကို
အရိုးသားဆုံး နဲ့ အပြုံးလက်ဆောင်ပေးမယ်။ို

အဆုံးစွန်ဆုံး ပြောရရင်
ခမ်းနားတဲ့ အတ္တနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့.....နန်းတော်တမျှ စိတ်ဓါတ်တွေ
အခုတော့.......
ငါ့တို့ရဲ့ တိုင်းပြည်လေး ဆိုတဲ့
အသိစိတ်ကလေးကြောင့်
ပြိုပျက်ရတော့မလိုပါလား။။။။။။။။
္လ္လ
ဝဿန်မိုး
(၁၂.ဇွန်လ.၂၀၁၀)


12 June 2010

တချိန်တုန်းက လမ်းမတော်ကဌေး ရုပ်ရှင်ရုံ


ကျနော်တို့ ငယ်စဉ် ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်နှစ်များ လောက်က ရန်ကုန်မြို့ လမ်းမတော် မြို့နယ်မှာ စံပြနဲ့ ကဌေး ရုပ်ရှင်ရုံ နှစ်ရုံရှိတဲ့ အနက်က ကဌေး ရုပ်ရှင်ရုံ အကြောင်းကို သတိတရ ပြောချင်ပါတယ်။

ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးအစိုးရ တက်လာပြီးနောက် ကဌေး ရုပ်ရှင်ရုံဟာ ပြည်သူပိုင် သိမ်းတဲ့ အထဲမှာ ပါသွားခဲ့ပါတယ်။ ကဌေးရုပ်ရှင်ရုံဟာ ရန်ကုန်အနောက်ပိုင်း ဖရေဇာလမ်းမကြီး တလျှောက် ရွှေတောင်တန်းလမ်း လမ်းတို နဲ့ ၁၄ လမ်း လမ်းတိုကြားထဲမှာ တည်ရှိပါတယ်။ရွှေတောင်တန်း လမ်းဟာ ရန်ကုန်မြို့မှာ အကောင်းဆုံးကြေးအိုး၊ ခေါက်ဆွဲ စတင် ရောင်းခဲ့တဲ့ နာမည်ကြီး ကြေးအိုးဆိုင်လမ်း တလမ်းထဲမှာ ပါ ပါတယ်။

ကဌေး ရုပ်ရှင်ရုံပိုင်ရှင်ဟာ တရုတ်လူမျိုးတယောက်လို့ သိရပါတယ်။ ကဌေး ရုပ်ရှင်ရုံဟာ ကျနော့် အမေပြောပြ ချက်အရ ပထမတုန်းက ပြဇာတ်ရုံလို့ သိရပါတယ်။ နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်မြင့်မြင့်ဌေး တို့ဟာ ကဌေး ရုပ်ရှင်ရုံကနေ ထွက်ပေါ်လာခဲ့တဲ့ သူတွေလို့ သိရပါတယ်။

အကယ်ဒီမီ ဦးဖိုးပါကြီး၊ လူရွှင်တော် ဦးကြယ်နီ တို့ဟာလည်း ကဌေး ပြဇာတ်ရုံက စတင်တဲ့ အထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းကျမှ ပြဇာတ်ရုံကနေ ရုပ်ရှင်ရုံအဖြစ် ပြောင်းလိုက်တာပါ။ ရှေးခေတ် ရုပ်ရှင်ရုံသမိုင်းမှာ အပါ အ၀င်တစ်ခု ဖြစ်ခဲ့ပါတယ်၊။

အဲဒီအချိန်တုန်းက ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေရဲ့ ပြသချိန်တွေက နေ့လ ၁၂း ၃၀ နာရီ၊ ၃း ၃၀ နာရီ၊၆း ၃၀ နာရီ၊ ည ၉း ၃၀ နာရီ ဆိုပြီး တနေ့ ၄ ပွဲပြသပါတယ်။ သောကြာနေ့တိုင်း ရုပ်ရှင်ကား အသစ်လဲပါတယ်။

ဒါပေမယ့် ကဌေး ရုပ်ရှင်ရုံကတော့ ကားအဟောင်းတွေ ပြသတာ များပါတယ်။ သောကြာနေ့ ရောက်ပြီဆိုရင် ကဌေးရုံမှာ ရုံတင်တဲ့ ဇာတ်ကားကို တရုတ်ကြီးတယောက်က ရုပ်ရှင်ပိုစတာ ဆိုင်းဘုတ်ကြီး ၂ ခုကို ကျောချင်းပူး၊ လှည်းဘီးပေါ်မှာ တင်ပြီး မြို့ထဲကို လှည့်ပါတော့တယ်။

သူက အဲဒီလို လှည်းဘီးကို တွန်းပြီး လှည့်တဲ့အချိန်မှာပဲ ပါးစပ်ကလည်း အော်ပါသေးတယ် ။

“နားမူးတန်း၊ နားမူးတန်း” လို့ အော်ပါတယ်။ သူအမှန်တကယ်အော်တာက “ငါးမူးတန်း၊ ငါးမူးတန်း ” ပါ။

ရုပ်ရှင်ရုံဝင်ကြေးက ငါးမူးတန်း၊ ၁ ကျပ်တန်း၊ ၁ ကျပ်ခွဲတန်း၊ ၂ ကျပ်တန်း တို့ပါ။ ဒီထက်ပိုပြီး ကားဟောင်းတယ်ဆိုရင် အောက်ဆုံးတန်းက တမတ်တန်းပါ။ သူက အဲဒီ ငါးမူတန်း တခုကိုပဲ အော်တတ်ပါတယ်။၊ တခြားအတန်းတွေကို မအော်ပါဘူး။

အဲဒီ တွန်းလှည်းတွန်းတဲ့ တရုတ်ကြီးဟာ လေဖြတ်ထားပုံရပါတယ်။ ခြေထောက်တဘက်က လမ်းသွားရင် နည်းနည်း ဆွဲ ဆွဲ သွားပါတယ်။ ကင်းဘတ်ဖိနပ်ကို အမြဲတမ်းစီးပြီး အ၀တ်ပျော့ဦးထုပ် တလုံးကို အမြဲဆောင်းထားတာ တွေ့ရပါတယ်။

တခါတလေ ရုပ်ရှင်ရုံ ဂိတ်ပေါက်မှာ လက်မှတ်တွေ ဖြတ်နေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရှင်ကားလဲတိုင်း သူ အမြဲ ဒီ ပိုစတာကြော်ငြာကို မြို့ထဲ လှည့်ပါတယ်။ လမ်းမတော် မြို့နယ်နဲ့ လသာမြို့နယ်တွေကို လှည့်တာ များပါတယ်။ တခါတလေ အလုံမြို့နယ်ကိုလည်း ရောက်တာတွေ့ရပါတယ်။ အဲဒီမြို့နယ်တွေထက် ကျော်တာတော့ မတွေ့ရပါဘူး။

ကဌေးရုပ်ရှင်ရုံက ၂ ထပ်ပါ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း တွေက အောက်ထပ်မှာပါ။ အထူးတန်းက အပေါ်ထပ်မှာပါ။ ပထမတန်းနဲ့ ဒုတိယတန်းတွေက သစ်သား ထိုင်ခုံတွေပါ။ တတိယတန်းက ကြိမ်ကုလားထိုင်တွေပါ။ အထူးတန်းကတော့ ဆိုဖာနဲ့ပါ။ အောက်တန်းတွေရဲ့ ထိုင်ခုံတွေက ကြမ်းပိုး ကိုက်ပါတယ်။ ရုပ်ရှင်ပြနေတုန်း ကြမ်းပိုးကိုက်ရင် ကြည့်တဲ့သူက မကြာခဏ ထပြီး ခုံကို ထုရိုက်သံကိုလည်း ကြားရပါတယ်။

ရုပ်ရှင်ပြနေတုန်း ကားကလည်း ခန ခန ပြတ်ပါတယ်။ ရုပ်ရှင်ပြစက်က တော်တော်ဟောင်းနေပါပြီ။ အဲဒီလို ကားပြတ်ရင် ပထမတန်းနဲ့ ဒုတိယတန်းက လူတွေက ထိုင်ခုံတွေကို ရိုက်ကြ၊ ထုကြ၊ အော်ဟစ်ကြပါတယ်။ ပထမတန်းက လူတွေက ပိုဆိုးပါတယ်။

ကဌေးရုံရဲ့ ထူးခြားချက် တခုရှိပါတယ်။ အဲဒါကတော့ ရုံတင်လိုက်တဲ့ ကားမကောင်းဘူး၊ လူမကြိုက်လို့ လူမ၀င်ဘူး ဆိုရင် အဲဒီကားကို ၂ ရက်၊ ၃ ရက်လောက်ပြပြီး ရွှေဘ ဇာတ်ကားကို ပြောင်းပြီး ရုံတင်လိုက်ပါတယ်။ အဲဒီအခါမှာ လူ ကြိတ်ကြိတ်တိုးတာကို တွေ့ရပါတယ်။ အဲဒီ အချိန်လောက်က လမ်းမတော်မြို့နယ်မှာ ကီလီဈေးကြီး ရှိပါတယ်။

ကုန်တင် ကုန်ချသမားတွေ၊ ကုန်စိမ်းဒိုင်တွေ၊ သားငါး ဒိုင်တွေကလူတွေက ရွှေဘ ကားဆိုရင် ကြိုက်ကြပါတယ်။
ည ၉း ၃၀ ခွဲပွဲတောင် ရုံပြည့်ပါတယ်။ သူတို့က ည ၉း ၃၀ ပွဲဆိုရင်အားကြတယ်။ ရုပ်ရှင်က ည ၁၂ နာရီဆိုပြီးတယ်။ရုပ်ရှင်ပြီးရင် ဒိုင်ကိုပြန်ပြီး ခဏ တရေးတမောအိပ်၊ မနက်၂ နာရီ၊ ၃ နာရီလောက် ဆိုရင် အလုပ်လုပ်ရပါပြီ။

အဲဒီလို ရုပ်ရှင်ပြရင်း ရွှေဘနဲ့ လူဆိုးတွေ ထိုးကြ ကြိတ်ကြတဲ့အခါမှာ ရွှေဘရှုံးရင် ၀ိုင်းပြီး အော်ဟစ်ကြပြီး ရွှေဘနိုင်ရင် လက်ခုပ် ၀ိုင်းတီးကြပါတယ်။ ဆူညံနေတာပါပဲ။ တောကဖိုးတုတ်၊ ဗိုလ်စံဖဲ၊ တို့ပိုင်တဲ့မြေ၊ ၀ရမ်းပြေးဖိုးသိန်း ... စတာတွေဟာ ရွှေဘရဲ့ နာမည်ကြီး ဇာတ်ကားတွေဖြစ်ပါတယ်။ ဂျပန်ပြည်မှာ သွားရိုက်ခဲ့တဲ့ အလောင်းတော် ရာမ ဆေးရောင်စုံ ဇာတ်ကားမျိုးလည်း ပြပါတယ်။ “ဆောင်း” ဆိုတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကရင်၊ ဗမာ ချစ်ကြည်ရေးကို အခြေခံတဲ့ စစ်ကားလည်း ပြသခဲ့ပါတယ်။ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ၊ ဒေါ် စံရှားတင်၊ ညွန့်ဝင်းတို့ ပါဝင်ပါတယ်။ ဇာတ်ကားက ၃ နာရီကြာအောင်ပြသရတဲ့ ဇာတ်လမ်းရှည် ဖြစ်ပါတယ်။

ကွယ်လွန်သူ မင်းသားကြီး ဦးကျော်ဆွေရဲ့ ဇာတ်ကားတွေလည်း မကြာခဏပြသပါတယ်။ “ပုလဲမျက်ရည်” ဆိုတဲ့ ဇာတ်ကားဟာ သူကိုယ်တိုင် ဒါရိုက်တာလုပ်၊ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သမိုင်း ၀င် ဇာတ်ကား တကားပါ။ မင်းသမီးကြီး ခင်ယုမေနဲ့ တွဲပြီး ရိုက်ထားပါတယ်။ ဌေးဝင်း၊ စံတင် စတဲ့ လူကြမ်း မင်းသားကြီး ပေါင်းစုံ ပါဝင်တဲ့ ဂျပန်တော်လှန်ရေး မြင်ကွင်းကျယ် စစ်ကားကြီး တကားဖြစ်ပါတယ်။

တခါတလေ အင်္ဂလိပ်ရုပ်ရှင် ကားဟောင်းတွေလည်း ပြတတ်ပါတယ်၊ (The Longest Day) ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ နော်မန်ဒီ ကမ်းတက် သမိုင်းဝင်ကား၊ (The Guns of Navarone) နဲဗားရွန်း ခံတပ် စတဲ့ သမိုင်းဝင်ကား တွေလည်း ရုံတင်တတ်ပါတယ်။

အစိုးရက ကဌေးရုပ်ရှင်ရုံဟာ ရုံဟောင်းကြီး တခုဖြစ်တဲ့အတွက် ကားဟောင်းတွေများ တင်တာလားလို့ စိတ်ထဲမှာ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ တမတ်၊ ငါးမူးလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်ကားတွေ ကြည့်ရတာ ထူးခြားမှု တခုဖြစ်ပြီး ကျေနပ်အားရစရာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ကဌေးရုံကို ကေသွယ်ရုံ ဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။

အခု နအဖ ခေတ်မှာတော့ ကဌေးရုံကြီးကို တရုတ်တယောက်က ၀ယ်ပြီး ကြမ်းခင်းဖယောင်းပုဆိုး စတဲ့ ကုန်ပစ္စည်းတွေ ရောင်းနေတဲ့ ကုန်စုံဆိုင်ကြီးအဖြစ် ၀မ်းနည်းဖွယ်တွေ့ရပါတော့တယ်။

သက်ဦး (လမ်းမတော်)

အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မှပြည်သူလူထုက မဲဆန္ဒပေးတာလည်းမိမိရဲ့အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲမိမိရဲ့အခွင့်အရေးပဲလို့ ပြောဆို

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုကြောင်း ယနေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ နေအိမ်ပြင်ဆင်ခွင့် ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ အင်ဂျင်နီယာဦးခွန်သာမြင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရယ် အန်ကယ်ရယ် ဒီနေ့ ၁နာရီကနေ ၃နာရီထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိက သွားတွေ့တာကတော့ ခြံဝင်းထဲမှာ ပျက်ဆီးနေတဲ့ အိမ်တစ်လုံးရှိတယ်။ အဲ့ဒါကို ဖျက်သိမ်းဖို့ စည်ပင်ကို တင်တော့ပထမ ခွင့်ပြုတယ်..... နောက်တစ်ခါ ပြန်ရုပ်သိမ်းတယ်....။ အဲ့ဒါကို မြို့တော်ဝန်ကို တင်ပြဖို့ ဥပဒေအချက်အလက်တွေ အဲ့ဒါတွေကို သွားဆွေးနွေးတာ။ အဲ့ဒါရေးပြီး နောက်တစ်ပတ်ထဲမှာ တင်ဖို့ သွားဆွေးနွေးတာ...။

နောက်တစ်ခု ပြောဖြစ်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်လူငယ်တွေကို ပျိုးထောင်ဘို့လိုတယ်။ ပျိုးထောင်တဲ့ လူတွေကိုယ်တိုင်က သဘောထားကြီးရမယ်။ ရဲဘော် ရဲဘက်စိတ် ရှိရမယ် အဲ့ဒါလေးပြောပါတယ်။ နောက်တစ်ခုက NLD အတွက်ခုလို ခက်ခဲနေချိန်မှာ NLD အဖွဲ့ဝင်တွေ၊ လူငယ်တွေ ၊ အမျိုးသမီးအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ် ဆောင်ရွက်နေတဲ့ အတွက် ဒါဟာအကောင်းဆုံးပဲ ဂုဏ်ယူပါတယ် လို့ပြောပါတယ်... ဒုတိယအချက်ပေါ့ နောက်ပြည်သူလူထုတွေ ဒီမိုကရေစီနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိရှိလာအောင် ကြိုးစားဆောင်ရွက်ရမယ် ဒီလိုကြိုးစားဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် လို့ပြောပါတယ်။

မဲပေးတာနဲ့ ပတ်သတ်ပြီး ပြည်သူလူထုက မဲဆန္ဒပေးတာလည်း သူရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ သူ့ရဲ့ အခွင့်အရေးပဲလို့ အဲ့သလို ပြောပါတယ်။ သတင်းအနေနဲ့ ပြောနိုင်ဖို့ အဲ့ဒီအချက်တွေ ပေးလိုက်ပါတယ်.. ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လာမယ့် အပတ် ၁၉ရက်နေ့ စနေနေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ ပွဲ အခမ်းအနားကို မင်္ဂလာဒုံ ၁၀မိုင်ကုန်းမှာရှိတဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက် အရ အဲ့ဒီမှာလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်က ဆင်းရဲချို့တဲ့တယ့် ကျောင်းသားလေးတွေ ကို ခဲတံ၊ စာအုပ်၊ Dictionary တွေလှုမယ်။ အဲ့တော့ ဒီမှာလည်း ဗဟိုအမျိုးသမီးအဖွဲ့က အဲ့ဒါတွေကို ပြင်ဆင်ထားပြီးပါပြီ " ။ ဟု ဆက်လက်ပြောဆို သွားပါတယ်။

ပြီးခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးကျနေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမ္ဘာလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်(BBC)။ စစ်အစိုးရကကတော့ ယနေ့အထိ ရွေးကောက်ပွဲရက်ကို အတိအလင်း ထုတ်ဖော် ကြေငြာခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်မစေ့မှီ စစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ထားပုံရကြောင်း မြန်မာ့အရေးလေ့လာ သူများကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေ ယုံကြည်လေးစားမှု ရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါပဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။

သတင်း.. ဒီမိုဝေယံ....။

The Voice Weekly Vol. 6-30

The Voice 6-30