12 June 2010

အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မှပြည်သူလူထုက မဲဆန္ဒပေးတာလည်းမိမိရဲ့အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲမိမိရဲ့အခွင့်အရေးပဲလို့ ပြောဆို

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုကြောင်း ယနေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ နေအိမ်ပြင်ဆင်ခွင့် ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ အင်ဂျင်နီယာဦးခွန်သာမြင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရယ် အန်ကယ်ရယ် ဒီနေ့ ၁နာရီကနေ ၃နာရီထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိက သွားတွေ့တာကတော့ ခြံဝင်းထဲမှာ ပျက်ဆီးနေတဲ့ အိမ်တစ်လုံးရှိတယ်။ အဲ့ဒါကို ဖျက်သိမ်းဖို့ စည်ပင်ကို တင်တော့ပထမ ခွင့်ပြုတယ်..... နောက်တစ်ခါ ပြန်ရုပ်သိမ်းတယ်....။ အဲ့ဒါကို မြို့တော်ဝန်ကို တင်ပြဖို့ ဥပဒေအချက်အလက်တွေ အဲ့ဒါတွေကို သွားဆွေးနွေးတာ။ အဲ့ဒါရေးပြီး နောက်တစ်ပတ်ထဲမှာ တင်ဖို့ သွားဆွေးနွေးတာ...။

နောက်တစ်ခု ပြောဖြစ်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်လူငယ်တွေကို ပျိုးထောင်ဘို့လိုတယ်။ ပျိုးထောင်တဲ့ လူတွေကိုယ်တိုင်က သဘောထားကြီးရမယ်။ ရဲဘော် ရဲဘက်စိတ် ရှိရမယ် အဲ့ဒါလေးပြောပါတယ်။ နောက်တစ်ခုက NLD အတွက်ခုလို ခက်ခဲနေချိန်မှာ NLD အဖွဲ့ဝင်တွေ၊ လူငယ်တွေ ၊ အမျိုးသမီးအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ် ဆောင်ရွက်နေတဲ့ အတွက် ဒါဟာအကောင်းဆုံးပဲ ဂုဏ်ယူပါတယ် လို့ပြောပါတယ်... ဒုတိယအချက်ပေါ့ နောက်ပြည်သူလူထုတွေ ဒီမိုကရေစီနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိရှိလာအောင် ကြိုးစားဆောင်ရွက်ရမယ် ဒီလိုကြိုးစားဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် လို့ပြောပါတယ်။

မဲပေးတာနဲ့ ပတ်သတ်ပြီး ပြည်သူလူထုက မဲဆန္ဒပေးတာလည်း သူရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ သူ့ရဲ့ အခွင့်အရေးပဲလို့ အဲ့သလို ပြောပါတယ်။ သတင်းအနေနဲ့ ပြောနိုင်ဖို့ အဲ့ဒီအချက်တွေ ပေးလိုက်ပါတယ်.. ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လာမယ့် အပတ် ၁၉ရက်နေ့ စနေနေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ ပွဲ အခမ်းအနားကို မင်္ဂလာဒုံ ၁၀မိုင်ကုန်းမှာရှိတဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက် အရ အဲ့ဒီမှာလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်က ဆင်းရဲချို့တဲ့တယ့် ကျောင်းသားလေးတွေ ကို ခဲတံ၊ စာအုပ်၊ Dictionary တွေလှုမယ်။ အဲ့တော့ ဒီမှာလည်း ဗဟိုအမျိုးသမီးအဖွဲ့က အဲ့ဒါတွေကို ပြင်ဆင်ထားပြီးပါပြီ " ။ ဟု ဆက်လက်ပြောဆို သွားပါတယ်။

ပြီးခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးကျနေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမ္ဘာလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်(BBC)။ စစ်အစိုးရကကတော့ ယနေ့အထိ ရွေးကောက်ပွဲရက်ကို အတိအလင်း ထုတ်ဖော် ကြေငြာခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်မစေ့မှီ စစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ထားပုံရကြောင်း မြန်မာ့အရေးလေ့လာ သူများကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေ ယုံကြည်လေးစားမှု ရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါပဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။

သတင်း.. ဒီမိုဝေယံ....။