07 October 2010

ပုဂ္ဂလိကစက်သုံးဆီ အရောင်း ဆိုင်များမှလို သလောက် ရောင်းချပေးလျက်ရှိသော်လည်း အကြိမ်ကြိမ်လာရောက်ဝယ်ယူသူ များကိုမူ စိစစ်ရောင်းချပေးလာ ကြောင်း သိရ


ပုဂ္ဂလိကစက်သုံးဆီ အရောင်း ဆိုင်များအား စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီရောင်းချပေးနေမှုကို လျှော့ချလိုက်သည့်နောက်ပိုင်းတွင် အရောင်းဆိုင်များမှ လို သလောက် ရောင်းချပေးလျက်ရှိသော်လည်း အကြိမ်ကြိမ်လာရောက်ဝယ်ယူသူ များကိုမူ စိစစ်ရောင်းချပေးလာ ကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိ က စက်သုံးဆီဆိုင်များကို စက် တင်ဘာ ၉ ရက်နေ့မှစတင်၍ ဓာတ်ဆီရောင်း ချပေးနေမှုကို ၃ဝ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းကြောင့် အရောင်း ဆိုင်များအနေဖြင့် ခေါက်ပြန် ဝယ်ယူ၍ ပြင်ပသို့ ပြန် လည်ရောင်းချသူများဟု ယူဆရ သူများအား ကားနံပါတ် မှတ်သား၍ စိစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

”ရောင်းချမှုကို နည်းနည်း လျှော့လိုက်ရတယ်။ အမှန်တကယ် သုံးစွဲသူတွေကိုတော့ လိုသလောက် ရောင်းချပေးပြီး ပြန်ရောင်းမယ့်သူ တွေကိုတော့ စိစစ်ရောင်းတယ်၊ မရောင်းဘူးတော့မဟုတ်ဘူး။ အခေါက်ရေ အရမ်းများလာရင် တောင်းပန်လွှတ်ရတယ်” ဟု နီလာ ရိုးမစက်သုံးဆီရောင်းဆိုင်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ စတင်ဖွင့်လှစ်သည့်အချိန်တွင် ဓာတ်ဆီရောင်းချမှုကို အကန့် အသတ်မရှိ ခွင့်ပြုထားခြင်း၊ လက် လီခွက်ခြင်ဆိုင်များနှင့် ဈေးနှုန်း ကွာဟခြင်းများကြောင့် ပြင်ပ ပြန် လည်ရောင်းချရန် လာရောက် ဝယ် ယူသူများ များပြားခဲ့ပြီး ယခုအခါ တွင် လက်လီခွက်ခြင်ဆိုင်ငယ်များ နှင့် ဈေးနှုန်းကွာဟမှု နည်းပါးသွား ခြင်းကြောင့် ခေါက်ပြန်လာရောက် ဝယ်ယူမှုများ လျော့ကျသွားကြောင်း သိရသည်။ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ တစ်ဂါလန် ကျပ် ၂၅ဝဝ ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ် ၂၈ဝဝ ခန့်ရှိကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြင်တွင်းဓာတ်ဆီထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတစေရန်အတွက် ပြည်ပ မှ အဆင့်မြင့်ဓာတ်ဆီ(အော့တိန်း)ကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ သည်။ ဓာတ်ဆီအသုံးပြုမောင်းနှင် ရသော မည်သည့် ကားမဆို အော့ တိန်းဆီ အသုံးပြု၍ ရကြောင်း သိရ သည်။


ဝေယံမိုးမြင့်

မတောင်းဘဲ ရတဲ့ သံယောဇဉ်များနှင့် ခိုစာရောင်းတဲ့အဘွားအို


သင်္ခါရလောက၌ အကျုံးဝင်သော သက်ရှိသက်မဲ့အားလုံးထဲတွင် သတ္တလောကသည် အရေးအကြီးဆုံး၊ အသုံးအဝင်ဆုံးနှင့် ပဓာနအကျဆုံး ဖြစ်ကြောင်း သိချိန်ကစ၍ သဘာဝတရား၏ စေစားရာအတိုင်း လူများသည် လှုပ်ရှားရုန်းကန်ခဲ့ရသည်။ ထိုထိုသော ကြိုးစားလှုပ်ရှား ရုန်းကန်ခဲ့ရသည့် ဘဝများစွာထဲတွင် ပျော်ရွှင်ကြည်နူးမှု ရစရာ နည်းနည်းကပင် ရခဲလှသည

ဘဝအတွက် အားအင်ပြန်ဖြစ်ခဲ့ရသဖြင့် ဆုံးရှုံးနစ်နာမှုများကို ဖက်တွယ်မနေဘဲ လုပ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုးလျက် ဘဝခရီးတစ်လျှောက် တွန်းလှန်ချီတက်ခဲ့သူက ၇၄နှစ်အရွယ်ရှိ အဘွားအို ဒေါ်ခင်ရွှေ ဖြစ်သည်။ ”အဘွားအလုပ်ပေါင်းကို စုံနေပြီ။ ဒီအရွယ်ထိ လုပ်ရတုန်း၊ လုပ်နိုင်တုန်း။ နောက်ဘယ်အချိန်ထိ ဆက်လုပ်ရမယ်ဆိုတာတော့ မသိသေးဘူး” ဟု အဘွားဒေါ်ခင်ရွှေ ကဆိုသည်။ငယ်စဉ်ကတည်းက ဘဝကို ကြုံရာကျပန်း လုပ်ကိုင်စားသောက်ခဲ့သည်။ ခေါင်းရွက်ဈေးသည် လုပ်ခဲ့သည်။ ယခုတစ်ဖန် လမ်းဘေးပလက်ဖောင်းပေါ် ခိုစာရောင်းသည့် အလုပ်ရွေးချယ်မိပြန်သည်။

နေ့စဉ် ဒလမှော်စက်မှ သမ္ဗန်စီးခရီးနှင်၍ ရန်ကုန်မြို့အနှံ့ ခိုစာရောင်းခဲ့သည်မှာ ၆နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ အသက်အရွယ်နှင့် ကျန်းမာရေးအရ ရွေးချယ်လုပ်ကိုင်ခဲ့ရခြင်းဖြစ်သော်လည်း ဝမ်းဝ၍ ခါးမလှတောင် ကျေနပ်နေသေးသည်။”အဘွားရဲ့ တစ်ရက်အမြတ်က ကျပ် ၁ဝဝဝ၊ ၁၅ဝဝ ပဲ။ မိုးရွာလို့ မရောင်းရရင် အိတ်ထဲက စိုက်ရ တယ်။ မိုးရွာထဲလည်း ကြာကြာမရောင်းနိုင်တော့ တစ်ခါတလေ ဒီအတိုင်းကျွေးပစ်ပြီး ပြန်ရတာရှိတယ်” ဟု လက်ရှိ ခိုစာရောင်းသည့် အလုပ်အကြောင်း အဘွားအိုက ပြောပြသည်။ ယခုတော့ ၇၄ နှစ်ဆိုသော သက်တမ်းသည် အရာရာကို ဥပေက္ခာပြုဖို့ အချိန်တန်နေပြီဆိုတာလည်း သိနေသည်။ ဆုံးရှုံးမှုတွေသာများခဲ့သော ရခဲလှလူ့ဘဝ လက်ဆောင်ကြောင့် အရေထူခဲ့သည်။

ထိုအထဲတွင် ခင်ပွန်းသည်ဆုံးပြီးနောက် ပြောရလျှင် မယုံနိုင်စရာကောင်းလောက်အောင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုက ပြင်းထန်လှသည်။ ”အဘွားယောက်ျားသေတော့ သမီးနှစ်ယောက်နဲ့ကျန်ခဲ့တယ်။ သူတို့ကိုယ်စီအိမ်ထောင်ကျတော့ အဘွားတစ်ယောက်တည်း ဖြစ်သွားတယ်။ အဲဒီကနေ သမီးတစ်ယောက်ဆုံးပြန်ရော။ ကျန်ခဲ့တဲ့ ကလေးကို အဘွားက စောင့်ရှောက်ရပြန်တယ်။ ရှိတဲ့ သမီးတစ်ယောက်ကလည်း သူ့အိမ်ထောင်နဲ့ သားသမီးနဲ့ဆိုတော့ အဘွားအသက်ကြီးမှ ပိုပင်ပန်းခဲ့တယ်” ဟု ဆိုသည်။ဘာတစ်ခုမှ အံဝင်ခွင်ကျ ဖြစ်မလာခဲ့သည့် ကံကြမ္မာတွင် အဘွားအိုဘဝဆိုတဲ့ ပုစ္ဆာတစ်ပုဒ်အား ကြိုးစားအဖြေရှာခဲ့ပြန်သည်။

တစ်ခါတစ်ရံတော့လည်း လွန်ခဲ့သည့်နှစ်၂ဝက နေ့ရက်တို့ကို ပြန်လည်တွေးမိသည်။ ထိုအချိန်က မပြည့်စုံမှုသည် အင်အားတွေရှိသည်။ ယင်းအချိန်က သူ့ဘဝရှေ့ရေးအတွေးများထဲတွင် ဒီနေ့ဒီအချိန် အခြေအနေမျိုးတော့ မမြင်ခဲ့မိတာအမှန်။ တစ်မနက်တာ ဈေးရောင်း၍ ပြန်ရောက်ချိန်များတွင် အမိမဲ့မြေးများ၏ ညှိုးငယ်နွမ်းလျသောအသွင်သဏ္ဌာန်ကြောင့် တည်ဆဲရောက်ရှိသည့် သက်တမ်းအား အနှစ်၂ဝလောက် ပြန်ငယ်ချင်မိသည်။ သမီးအချစ် မြေးအနှစ်မို့ သွားလေသူ သမီး၏ ရင်သွေးများအား စောင့်ရှောက်ကာ ဘဝအမောတွေ ဖြေရသည်။”အဘွား အခုနေတာက ဆွေမျိုးတွေအိမ်မှာပဲ။ စားတာတော့ တစ်ခါတစ်ရံ ရှိတဲ့သမီးတစ်ယောက် အိမ်ပေါ်တက်စားလို့အဆင်ပြေပါတယ်။

အမြဲတမ်းတော့ ဘယ်ဟုတ်မလဲ။ အဘွားဝင်ငွေကတော့ အဘွားဆေးဖိုးရယ်၊ သုံးဖို့ရယ် လောက်ငရုံရပါတယ်။ မြေးတွေကို မုန့်ဖိုးပေးချင်ရင် သမ္ဗန်ဆိပ်ကိုလာတဲ့ ဆိုင်ကယ်ကယ်ရီ မစီးဘဲ လမ်းလျှောက်တယ်။ ကယ်ရီခက ကျပ် ၃ဝဝ ဆိုတော့ တချို့ရက်တွေဆို မစီးဘူး။ သမ္ဗန်ကတော့ အသွား ကျပ် ၁ဝဝ၊ အပြန် ကျပ် ၁ဝဝ မစီးလို့ မဖြစ်တာကြောင့် စီးရတာ။ ဒီပုဇွန်တောင်ထိ ခိုစာလာရောင်းဖို့ က ဘတ်စ်ကားထပ်စီးရသေးတယ်” ဟု အဘွားအိုဒေါ်ခင်ရွှေ က ဝင်ငွေနှင့်ထွက်ငွေအား အချိုးချပြသည်။ ယခုအခါ အဘွားအို၏ နေ့စဉ်ဘဝထဲတွင် ဒလမှ ရန်ကုန်ကူးခဲ့ရသည့်အချိန်များ၌ အတွေးစတို့သည် တွေးရင်းမောလို့ လာသည်။ အစီအစဉ်တကျရှိသော နေ့ရက်တို့ကို ဖြတ်ကျော်ဖို့ အချိန်တွေလည်း နှောင်းခဲ့ပြီဖြစ်သည်။

မပြောင်းလဲသော ကံကြမ္မာ၌ မတောင်းဘဲရခဲ့ သည့် သံယောဇဉ်ကြောင့် ကြည် နူးခဲ့ရသည်။ တစ်ချိန်က လှိုင်းတံပိုးကြားဝယ် ခင်ပွန်းသည်အတွက် ဖြည့်ဆည်းရင်း သမီးတို့အတွက် ပူပန်ခဲ့ရသည်။ ယခုတစ်ဖန် မြေးငယ်တွေအတွက် တွေးမိရင်း…တစ်နေ့တစ်နေ့ ဒလမှရန်ကုန်ကူးရင်း ကြီးမားသော သင်္ဘော ကြီးအနီးက သမ္ဗန်လေးဖြတ်သွားရတိုင်းတွေးမိသည်မှာ လှိုင်းနှင့် နီးလေ အန္တရာယ်ကြီးလေမို့ဘဝသည်လည်း တစ်နေ့တခြား ကယ်သူမဲ့လှိုင်းတွေကြားမှာ ရိုက်ခတ်မှုက ပိုမိုပြင်းထန်လာခဲ့ပြီ။

မိုးမြင့်မြတ်(ပေါ်ပြူလာဂျာနယ်)

သိပ်ကိုခေတ်မှီပြီးတိုးတက်နေပါတယ်လို့ပြောပြောနေတဲ့နအဖစစ်အာဏာပိုင်များ ဒီလိုမော်တော်ကားလမ်းတွေကိုလည်းပြုပြင်ပေးသင့်ပါပြီး



ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့၌ ချိုင့်ခွက်ကြီးနှင့် မြေသားပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် အဆိုပါလမ်းများသို့ ညဘက်သွားလာသည့် ယာဉ်မောင်းများပိုမို၍ အခက်တွေ့နေကြောင်း စုံစမ်းသိရှိရသည်။

လမ်းမကြီး၌ ချိုင့်ခွက်ကြီးများနှင့် မြေသားပျက်စီးကြောင့် ကားမောင်း သူများ ရုတ်တရက် တွေ့မြင်လာရမှု အပေါ် ရှောင်တိမ်းရခြင်းများကြောင့် မတော်တဆ ယာဉ်တိုက်မှုအချို့နှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးသူ အချို့ရှိသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ် ၂၀ ရပ် ကွက် မောင်းမကန် ကန်သာလမ်း ဧရာဝဏ်လမ်း၌ နေထိုင်သူတစ်ဦးကလည်း "အိမ်ရှေ့ကလမ်းက တော်တော်လေးဆိုးတယ်။ လမ်းဆိုးတဲ့ အတွက် ၃၉ အထူးကားဂိတ်တောင် နှစ်မှတ်တိုင်လောက် ကျော်ပြီးတော့ ဂိတ်ပြောင်းလဲ ပြေးဆွဲနေရတယ်။ ဒီလမ်းရဲ့အထာကို မသိတဲ့ ညဘက်မောင်းလာတဲ့ ကိုယ်ပိုင်ကားတွေ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဆိုရင် တက္ကစီကားတစ်စီးက မောင်းနေရင်း နဲ့ထိုးရပ်သွားတယ်။ ကားအောက်ပိုင်းနဲ့ လမ်းပေါ်ကကျောက်ခဲကြီးနဲ့ ငြိနေတဲ့အတွက် ထုခွဲပြီးမှကားကိုဆက် သွားရပါတယ်။ တချို့ကားတွေဆိုရင် မှောက်တော့မလို စောင်းပြီးတဲ့အနေထားသွားရတယ်။ လမ်းကိုလာပြင်တယ်။ ဒါပေမယ့် အသေအချာ မပြင်ဘူး။ ချိုင့်ခွက်ကြီးထဲကို ဂ၀ံကျောက်တုံးကြီးတွေ ထည့်တယ်။ အပေါ်ကနေ သဲတွေအုပ်သွားတယ်။ အဲလိုနည်းနဲ့လည်း ခဏခဏပြင်တယ်။ ပြီးတော့လည်း ခဏခဏ ပြန်ပျက်ပါတယ်"ဟု သူမ၏အတွေ့ အကြုံအား ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့၌ ချိုင့်ခွက်ကြီးများ၊ မြေသားပျက်စီးမှုများ ကို ပြန်လည်ပြုပြင်မှု အချို့ပြုလုပ်သော်လည်း သေသပ်မှုမရှိမှုကြောင့် ပြန်လည်၍ ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် ဂန္ဓာမာလမ်းတွင် နေထိုင်သူတစ်ဦးကလည်း "ကျွန်တော်တို့လမ်းထဲမှာ ချိုင့်ခွက်ကြီးတွေ ဖြစ်ပေါ်နေတယ်။ ညဘက်ဆိုရင် ကားတွေဖြတ်သွားတိုင်း အဲဒီချိုင့်ခွက်ထဲကို ကားဘီးကျွံကျတဲ့အသံ ခဏခဏကြားရတယ်။ အဓိကကတော့ ချိုင့်ခွက်တွေ ဖြစ်နေတဲ့အနားမှာ လျှပ်စစ်မီးတိုင် တွေကပျက်နေတယ်။ အဲဒါကြောင့်မို့ ဒီလမ်းကို လာနေကျမဟုတ်တဲ့ ယာဉ် မောင်းတွေလာရင် ဒီလိုအခက်အခဲတွေကို ကြုံတွေ့နေရတဲ့ အသံကို ကြားနေရပါတယ်"ဟု ၎င်း၏ကြုံတွေ့မှုအား ပြောပြခဲ့သည်။



တောင်ဒဂုံမြို့နယ်၂၀ ရပ်ကွက် မောင်းမကန် ကန်သာလမ်းမကြီး တစ်နေရာကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့တွင် ချိုင့်ခွက်များ ဖြစ်ပေါ်လျက် ရှိသောကြောင့် ကားအောက်ပိုင်း ပျက်စီးမှုကိုလည်း ကားပိုင်ရှင်များခဏ ခဏကြုံတွေ့နေရပြီး ပျက်စီးမှုများ အနက် လေးကျိုးခြင်း၊ ရှော့ဘား များပျက်ခြင်းတို့ ဖြစ်လျက်ရှိကြောင်း ကားဝပ်ရှော့တစ်ခုမှ သိရှိရသည်။

ယခုကဲ့သို့ လမ်းမကြီးများ၌ ညပိုင်းယာဉ်များသွားလာပါက ယာဉ်မောင်းသူများအနေဖြင့် မမြင်နိုင်သည့် အန္တရာယ်များ ရုတ်တရက်ဖြစ်နိုင်ခြင်း နှင့်အတူ လမ်းများပေါ်၌ လမ်းပျက်စီးမှုများ ရုတ်တရက် ကြုံတွေ့နိုင်သည့် အတွက် ကားမောင်းရန် အန္တရာယ်ရှိကြောင်း သတိရှိရန်လိုအပ်သည်ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

"ညပိုင်းပဲဖြစ်ဖြစ်၊ နေ့ပိုင်းပဲဖြစ်ဖြစ် ကားမောင်းရင် အမြဲတမ်းဂရု စိုက်ဖို့လိုတယ်။ ညဘက်မောင်းတဲ့ ယာဉ်မောင်းတွေက ပိုပြီးသတိပြုဖို့ လိုတယ်။ ကိုယ်သွားနေကျလမ်း မဟုတ်ဘူးဆိုရင် ပိုပြီးသတိထားသင့် တယ်။ တချို့လမ်းတွေဆိုရင် အဝေးကနေ လမ်းဆိုးနေတယ်။ ချိုင့်ခွက်ကြီးတွေ ဖြစ်နေတယ်ဆိုတာကို အဝေးကနေကြိုပြီးမတွေ့ရဘူး။

အနီးကပ်ရောက်မှပဲ တွေ့ရတဲ့အတွက် ကားအောက်ပိုင်းပျက်စီးမှု၊ မမျှော်လင့်တဲ့ ပြဿနာတချို့ကိုလည်း ကြုံတွေ့နေရပါတယ်။ တချို့ယာဉ်တွေဆိုရင် အရှိန်အနည်းငယ်တင်ပြီး မောင်းတဲ့လမ်းမပေါ်မှာ ကားတစ်စီးကရပ်ထားတယ်။ အဲဒီကားမှာလည်း ရောင်ပြန်တွေမပါတဲ့အတွက် အနီးကပ် ရောက်တော့မှပဲ ဗြုန်းခနဲဆိုပြီး တွေ့တော့မှ ရှောင်တိမ်းလို့မရဘဲ ယာဉ်တိုက်မှုတွေဖြစ်တာ ရှိပါတယ်။ ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့နှစ်ရက်လောက် ကညဘက် ချိုင့်ကြီးကြီးတစ်ခွက်ကို အနီးရောက်မှ မြင်လိုက်ရတယ်။ ရှောင်လို့မရအောင် ချိုင့်ကကြီးနေတော့ အရှိန်နဲ့ကျသွားတယ်။

ချိုင့်ရဲ့အနက်ကရှစ်လက်မနီးပါးရှိတော့ ကားက ဂျိမ်းဆိုပြီးကျသွားတာ ကားအောက် ပိုင်းတွေကျိုးထွက်၊ ပြုတ်ထွက်ပြီလို့တောင် ထင်ရတယ်။ ဒါကြောင့် ညဘက်ကားမောင်းရင် သတိထားဖို့လိုပါတယ်။ လမ်းပေါ်မှာကားမောင်းရင် အန္တရာယ်ရှိတယ်ဆိုတာ သတိထားသင့်ပါတယ်"ဟု ရန်ကုန်မြို့အတွင်း ယာဉ်မောင်းသက်တမ်းနှစ် ၃၀ကျော် ရှိသူတစ်ဦးက ဆိုသည်။


အလားတူ လမ်းမကြီးပေါ်တွင် ချိုင့်ခွက်ကြီးများ ဖြစ်နေသည့်အပြင် လမ်းမကြီးကိုဖြတ်၍ သွားလာနေသည့် မီးရထားသံလမ်း အနီး၌လည်း ကျောက်တုံးကြီးများနှင့် သံတိုင်အချို့ ရှိနေခြင်းကြောင့် ယင်းနေရာများကိုလည်း ညဘက်များ၌ မကြာခဏ မတော်တဆ ဖြစ်ပွားလျက်ရှိကြောင်း ယင်းရပ်ကွက်အနီးတွင် နေထိုင်သူများက ပြောကြားခဲ့သည့်သတင်းအား news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။

NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို တရားမ၀င် အသင်းအဖြစ် ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရကို NLD ဘက်က တရားစွဲဆိုတာကို ဗဟိုတရားရုံးချုပ် ရန်ကုန်က ဒီကနေ့ လက်ခံလိုက်ပါပြီ။ ကြားနာမှုတွေအတွက် ချိန်းဆိုမယ့်ရက်ကို စောင့်ပြီး ဥပဒေကြောင်းအရ ဆက်ပြီး လုပ်ဆောင်သွားဖို့ NLD ပါတီဘက်က ရှေ့နေတွေ ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တဲ့ကိစ္စမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ NLD ပါတီက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီဟောင်း တခုဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ရင် ဖျက်သိမ်းစရာ မလိုဘဲ အလိုလို ပျက်ပြယ်တယ်ဆိုတဲ့ ဥပဒေ ရှိလျက်နဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တဲ့အတွက် ဒီလိုလုပ်တာဟာ ဥပဒေအရ မညီညွတ်ဘူးဆိုပြီး NLD ဘက်က စစ်အစိုးရကို တရားစွဲဆိုခဲ့တာပါ။

ဒီစွဲဆိုချက်ကို တရားရုံးက ဒီကနေ့ပဲ လက်ခံလိုက်တဲ့အကြောင်း NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့က တရားစွဲတဲ့ အဆိုလွှာ တင်လိုက်တာ။ တရားရုံးက အမှုကို လက်ခံပြီးတော့ မှတ်ပုံတင်မယ်တဲ့။ မှတ်ပုံတင်ပြီးရင်၊ Register လုပ်ပြီးရင် ဆက်သွားမယ်တဲ့။ ကြားနာတာတွေ ဘာတွေက နောက်မှလာမှာပေါ့။ တရားစွဲဆိုခွင့် ရလိုက်တယ်ဆိုရင် ဒါ တရားစွဲပြီးနေပြီလေ။”

NLD ဘက်က တရားစွဲဆိုလိုက်တဲ့ အမှုကို ရှေ့နေချုပ်ရုံးရဲ့ ပုဂ္ဂိုလ်က တရားရုံးမှာ ရင်ဆိုင်ရမယ့်သဘော ဥပဒေမှာ ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အခုအမှုကို ဆက်ပြီး သွားနိုင်အောင် ကြားနာခွင့်ရဖို့ စောင့်ဆိုင်းနေတယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ တခြားတဘက်က လာရင်တော့ ရှေ့နေချုပ်ရုံးက လာမှာပေါ့။ တရားရုံးချုပ် အမှုတွေဆိုရင် ဘယ်နေ့ ဘယ်နေ့ ကြားနာမယ်ဆိုတာ Notice Board ကို ကြည့်ရတယ်။ အခု အဲဒါကို စောင့်ကြည့်ရမှာပေါ့။”

NLD ပါတီကို ဖျက်သိမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တရားစွဲဆိုခဲ့တာ ရှိပေမဲ့ တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီကိစ္စကိုပဲ ဒီကနေ့မှာ ပြန်ပြီး တရားရုံးက လက်ခံရတာက ဘယ်လို ကွာခြားချက်တွေ ရှိလို့လဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ဒီနှစ်ခုကြားမှာ ကွာခြားချက်က ဥပဒေ အချက်အလက် ကျနော်တို့ ဖော်ပြတဲ့ နေရာတွေမှာ ကွာပါတယ်။ သဘောတော့ အတူတူပဲလေ။ အရင်ဟာက သူတို့ ပြန်ပေးထားတော့ ကျနော်တို့က အခု အသစ်ထပ်တင်တာ။”

အရင်တုန်းက ပယ်တာ ဘာကြောင့် ပယ်တာလဲခင်ဗျ။

“အဲဒါ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးဆိုတဲ့ စကားလုံးတလုံးပဲ ပါပါတယ်။ ဘယ်လုပ်ထုံးလုပ်နည်းလဲဆိုတာ ကျနော်တို့လည်း မသိပါဘူး။”

အခု လက်ခံလိုက်ပြီဆိုတော့ NLD ပါတီက တရားစွဲဆိုခွင့် ရလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်လားခင်ဗျ။

“ဟုတ်ပါတယ်၊ အဲဒီအဓိပ္ပာယ်ပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုကို တရားဝင် ရပ်တည်ခွင့် မရှိတော့ဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ NLD ပါတီက လွဲပြီး တခြားပါတီတွေကနေ စစ်အစိုးရကို အခုလို တရားစွဲဆိုတာတော့ မတွေ့ရပါဘူး။

သတင်း....VOA

မွေးစားပါ့မယ်ဆိုတိုင်း ယုံရမှာလား

ရွှေဂုံတိုင် ကလေးပြုစု စောင့်ရှောက်ရေး ဌာနမှ ကလေးအချို့ကို တွေ့ရစဉ်

မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ အစွန်အဖျားမှ ရွာငယ် မြို့ငယ်များတွင်သာမက ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပါ ဖြစ်ပေါ်နေသည့် ကလေးသူငယ် လူကုန်ကူးမှု များစွာသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ရင်ခွင်ပိုက် အရွယ်မှ ဆယ် ကျော်သက် အရွယ်အထိ ကလေးသူငယ်များကို မွေးစားလိုသူများ တိုးလာနေမှု၊ ကလေးသူငယ်များကို အဓမ္မခိုင်းစေရန်၊ တောင်းရမ်းခိုင်းရန်အတွက် ၀ယ်ယူနေသည့် ကလေးသူငယ် လူကုန်ကူး ဈေးကွက်ကြီး ဖွံ့ဖြိုးနေမှုလည်း ဆက်စပ်လျက် ရှိနေပါသည်။

ယင်းကဲ့သို့ ကြီးထွားနေသည့် ကလေးသူငယ်များ လူကုန်ကူးခံရမှုများတွင် မိရင်းဖရင်းများပင် ပါဝင် ပတ်သက်မှုများ ရှိလာခဲ့ရသည်ဟု ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာနေသူများက ဆိုပါသည်။

သားအရင်း သမီးအရင်း စာရင်းသွင်းလိုသူတွေ . . .


၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကာလများမှ စ၍ ရင်ခွင်ပိုက် အရွယ်မှ ဆယ်ကျော်သက် အရွယ်များအထိ ကလေးသူငယ်များကို သားအရင်း၊ သမီးအရင်းနှယ် မွေးစားလိုသူများ ကမ္ဘာတစ်ဝန်းတွင် တရိပ်ရိပ် မြင့်တက်နေသည်ဟု အစီရင်ခံစာများက ဖော်ပြခဲ့ကြသည်။

၁၉၉၅ ခုနှစ်က ကမ္ဘာတစ်ဝန်းမှ စွန့်ပစ်ခံ ကလေးငယ် များစွာအနက် ကလေးဦးရေ ၂၀၀၀၀ ကျော်ကို မွေးစားလိုသူများ ပေါ်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင်တော့ စွန့်ပစ်ခံ ကလေးငယ် များစွာအနက် ကလေးငယ် ၄၅၀၀၀ ခန့် မွေးစားလိုသူများ လက်ဝယ်သို့ ရောက်ရှိသွားရသည်။ ဆယ်နှစ်နီးပါး ကာလအတွင်း ကလေးသူငယ် မွေးစားနှုန်း နှစ်ဆခန့် မြင့်တက်သွားသည်ဟု ယူနီဆက် အဖွဲ့ကြီးက ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် စွန့်ပစ်ခံ ကလေး အရေအတွက်က နှစ်စဉ် သန်းရာနှင့်ချီ၍ ရှိနေသည်။ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ စွန့်ပစ်ခံ ကလေးငယ်လေးများ အရေအတွက်မှာ ၁၃၂ သန်းခန့် ရှိသည်။ အဆိုပါ ကလေးများကို မွေးစားလိုသူများ အရေအတွက်ကလည်း နှစ်စဉ်တိုး၍ နေပြန်သည်။ ယင်းအချက်သည်ပင်လျင် ကမ္ဘာပေါ်တွင် ရင်ခွင်ပိုက်မှစ၍ ဆယ်ကျော်သက်များ အထိ ကလေးသူငယ် အရောင်းအ၀ယ် ဈေးကွက် ကြီးကြီးမားမား ဖြစ်ပေါ်စေသည့် အဓိက အချက်ပင် ဖြစ်သည်။

ဖွံ့ဖြိုးဆဲ တတိယနိုင်ငံများက မိမဲ့ဖမဲ့ ကလေးငယ်တို့ကို ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှ မွေးစားလိုသူများထံ ရောင်းချသည့် ဈေးကွက်က ကြီးမားလာလေလေ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များအတွက် လုံခြုံစိတ်ချရမှုများက နည်းပါးလာလေလေပါပဲ ဟု လူကုန်ကူးမှုများကို လေ့လာနေသူတို့က ဆိုကြသည်။ ယူနီဆက်က ထုတ်ပြန်ချက်တွေ အရတော့ ဘီလာရုစ်၊ ဘရာဇီးလ်၊ အီသီးယိုးပီးယား၊ ဟွန်ဒူးရပ်စ်၊ ပီရူးနှင့် ရိုမေးနီးယားက ကလေးငယ် တို့ကို ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ အမေရိကန် ပြည်ထောင်စုက မွေးစားလိုသူများထံ တင်ပို့နေသည့် ဈေးကွက်က ကြီးကြီးမားမားပင် ရှိနေသည်ဟု သိရသည်။ သည်ဈေးကွက်ကြီးထဲကို အာရှနှင့် အာဖရိက က ကလေးငယ်များပါ ရောက်ရှိသွားရသည်ဟု လေ့လာသူတွေက သုံးသပ်ကြသည်။

အာရှတစ်ခွင်မှာတော့ မိရင်းဖရင်း ရှိကြသော်လည်း မွေးစားဖို့ အသင့် ဖြစ်နေရှာသည့် ကလေးငယ်တို့ကို အဓိက ရှာဖွေဝယ်ယူနေသည့် ဂိုဏ်းများ၊ လူပွဲစားများက တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးများမှာ အခြေစိုက်ထားကြသည်က များသည်။ တရုတ်နိုင်ငံတွင် မျိုးရိုးအမွေ ဆက်ခံနိုင်သည့် သားယောက်ျားလေး မရှိသော ဇနီးမောင်နှံတို့က အမွေ ဆက်ခံနိုင်ဖို့အတွက် မွေးစားကလေးများကို ပွဲစားတွေက တစ်ဆင့် လိုက်လံရှာဖွေရာမှ ကလေးငယ် ၀ယ်ယူ ရောင်းချသည့် ကြီးမားသော ဈေးကွက်ကြီး တစ်ခု ပေါ်လာပြန်သည်။

တရုတ်နှင့်ထိုင်း နယ်စပ်ရှိ ကလေးသူငယ် အရောင်းအ၀ယ် ဈေးကွက်သို့ အဓမ္မခိုးယူခံရခြင်း၊ မိခင်ဖခင် များနှင့်အတူ လူကုန်ကူး ခံလိုက်ရခြင်းနှင့် လူပွဲစားတွေက တစ်ဆင့် မိရင်းဖရင်းများထံ မွေးစားဖို့ တောင်းခံရင်း ရောက်လာကြသည်က များသည်ဟု . . .

နယ်စပ်က ကြီးထွားလာတဲ့ ကလေးဈေးကွက် . . .


တရုတ်နိုင်ငံကဲ့သို့ ရိုးရာဓလေ့အရ ကလေးရှာဖွေ မွေးစားလိုသူများ အတွက် ကလေး အရောင်းအ၀ယ် ဈေးကွက် ဖွံ့ဖြိုးမှု ရှိနေသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ရင်ခွင်ပိုက် အရွယ်မှ ဆယ်ကျော်သက် အရွယ်အထိ ၀ယ်ယူနေသည့် ဂိုဏ်းများ၊ အဖွဲ့အစည်းများ မြန်မာ-ထိုင်း နယ်စပ်စည်းရိုး တစ်လျောက် အခြေချထားမှုများ ရှိနေကြသည်။

ထိုင်းနှင့်တရုတ် ရဲတပ်ဖွဲ့များ၏ အစီရင်ခံစာများ အရ ထိုင်း ကလေးငယ် အရောင်းအ၀ယ် ဈေးကွက်တွင် မွေးစအရွယ် ရင်ခွင်ပိုက်မှ အသက် ခြောက်နှစ်ခန့် အထိ ကလေးတစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ နှင့်အထက်တွင် ရှိနေပြီး တရုတ်နိုင်ငံ၌ မွေးစအရွယ်မှ အသက်ခြောက်နှစ်ခန့်အထိ ကလေးငယ်တစ်ဦးကို တရုတ်ယွမ်ငွေ ၃၀၀၀၀ နှင့်အထက်မှာ အရောင်းအ၀ယ် လုပ်လေ့ရှိကြသည်။

''တရုတ်နိုင်ငံက ကလေး ဈေးကွက်ကတော့ မွေးစားဖို့ သက်သက် အရောင်းအ၀ယ် လုပ်ကြတာများတယ်ဗျ။ တရုတ်လူမျိုးတွေရဲ့ ဓလေ့အရလည်း မျိုးရိုးအမွေ ဆက်ခံဖို့ လိုအပ်ချက်အရ ငွေပေးပြီးတော့ကို လူပွဲစားတွေက တစ်ဆင့် မွေးစားဖို့ ၀ယ်ယူကြတာ။ လာရောင်းတဲ့ ဂိုဏ်းတွေကတော့ ဒီကလေးတွေကို ဘယ်ပုံဘယ်နည်းနဲ့ ယူခဲ့ကြသလဲ ဆိုတာကတော့ တွေးနေစရာ မလိုပါဘူး။

လုယက်လာမယ်၊ ခိုးလာမယ်၊ ငွေနည်းနည်းနဲ့ သူတို့ မိဘတွေဆီကနေ မွေးစားပါ့မယ်ဆိုပြီး ယူ လာကြမှာပါပဲ။ တရုတ်ကနေ တစ်ဆင့် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ စပိန်လို နိုင်ငံကြီးတွေက မွေးစားလိုသူတွေဆီကို တင်ပို့နေတဲ့ ဂိုဏ်းတွေ၊ လူပွဲစားတွေ ရှိနေတဲ့အတွက် ဈေးကွက်ထဲကို ပုံစံမျိုးစုံနဲ့ မြန်မာနိုင်ငံ က ကလေးတွေ ရောက်သွားမှာပဲ။ ထိုင်းနိုင်ငံက ကလေးဈေးကွက်ကျတော့ မွေးစားဖို့ ဆိုတာထက် အဓမ္မခိုင်းစေဖို့၊ တောင်းစားခိုင်းဖို့ ၀ယ်ယူကြတဲ့ အဖွဲ့အစည်းတွေ၊ ဂိုဏ်းတွေများတယ်။ ထိုင်းမှာတော့ အိမ်နီးချင်း နိုင်ငံတွေက ကလေးတွေကို ဘန်ကောက်၊ ရနောင်း၊ မဲဆောက်နဲ့ မယ်ဆိုင် မြို့တွေမှာ တောင်းစားခိုင်းဖို့အတွက် ဂိုဏ်းတွေက ၀ယ်ကြတယ်။

ဘန်ကောက်မြို့မှာ ကလေး သူတောင်းစား တစ်ယောက်ရဲ့ ၀င်ငွေကလည်း တစ်နေ့ကို ဘတ် ၃၀၀လောက်ကနေ ဘတ် ၁၀၀၀ ကျော်အထိ ရနိုင် တဲ့အတွက် ကလေးဝယ်တဲ့ ဂိုဏ်းတွေက ကလေးတွေကို အသက် ခြောက်နှစ်လောက်အထိကို တောင်းစားခိုင်းဖို့ ၀ယ်ယူတတ်ကြတယ်။ အသက်ခြောက်နှစ် ကျော်သွားရင်တော့ ဒီကလေးတွေကို စက်ရုံတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ရေလုပ်ငန်းရှင်တွေဆီကို ကလေးလုပ်သား အနေနဲ့ ထပ်မံ ရောင်းချတတ်ကြတယ်။ အဲဒီတော့ ဒီကလေးတွေမှာ နှစ်ခါ နစ်နာရပြန်တယ်''ဟု အစိုးရ မဟုတ်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ဆိုပါသည်။


မွေးစားပါ့မယ် ဆိုလေတိုင်း . . .

မြန်မာ ကလေးသူငယ် အများစုကတော့ တရုတ်နှင့်ထိုင်း နယ်စပ်ရှိ ကလေးသူငယ် အရောင်းအ၀ယ် ဈေးကွက်သို့ အဓမ္မ ခိုးယူခံရခြင်း၊ မိခင်ဖခင်များနှင့်အတူ လူကုန်ကူး ခံလိုက်ရခြင်းနှင့် လူပွဲစားတွေက တစ်ဆင့် မိရင်းဖရင်းများထံ မွေးစားဖို့ တောင်းခံရင်း ရောက်လာကြသည်က များသည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ် အများစုက မြို့ငယ်၊ ရွာငယ်များကို ပစ်မှတ်ထားသည် ဆိုသော်လည်း မြို့ကြီးပြကြီးတွေမှာ ဖြစ်သွားခဲ့တာလည်း ရှိသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ် အချို့မှာတော့ အမိအရင်း အဖအရင်းက ဆွေနီးမျိုးစပ် တစ်ရွာတည်း တစ်ရပ်တည်းသား လူပွဲစားကို ယုံကြည်၍ မွေးစားဖို့ ပေးလိုက်ရာက လူကုန်ကူးမှုတွင် ရောင်းစားလိုက်သူတွေ အဖြစ် ပါဝင် ပတ်သက်သွားခဲ့ရသည် အထိ ဖြစ်စဉ်တွေလည်း ရှိနေသည်။

''ကျွန်တော်တို့လို တတိယနိုင်ငံတွေ မှာတော့ ၀င်ငွေ နည်းပါးလွန်းကြတဲ့ အတွက် မိရင်းဖရင်း ဖြစ်ပေမယ့်လည်း ငါတို့ထက် စာရင်တော့ ငါတို့ သားသမီးတွေကို ပိုလှအောင် ဆင်နိုင်မယ်၊ ပိုဝအောင် ကျွေးနိုင်မယ်၊ ပိုသာအောင် ထားနိုင်မယ်ဆိုတဲ့ စိတ်နဲ့ သားရင်း သမီးရင်းကို မွေးစားမယ့် သူတွေဆီ ပို့လိုက်ကြတာ များပါတယ်။ ရတဲ့ပိုက်ဆံ ဆိုတာကလည်း သူတို့ မိသားစုအတွက် ဘ၀ပြောင်းလောက်တဲ့ ပမာဏလည်း မဟုတ်ကြပါဘူး။ လူပွဲစားတွေကလည်း မျက်နှာသိတွေ၊ ဆွေနီးမျိုးစပ် တွေထဲက ဖြစ်နေ၊ သူတို့ခေါ်လာတဲ့ မွေးစားမိဘတွေ ဆိုတာလည်း ဥပဓိရုပ်ကောင်း၊ ရည်ရည်မွန်မွန်တွေ ဆိုတော့ ယုံစားမိကြတာလည်း ပါတယ်။

တမင် ရည်ရွယ်ချက်ရှိရှိ ရောင်းစားကြတာတော့ မဟုတ်ပါဘူး။ နောက်တော့မှ သူတို့သားသမီးကို ကလေး ရောင်းစားတဲ့ဂိုဏ်းက ၀ယ်သွားတာမျိုး၊ တောင်းစားခိုင်းခံရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရတာဟာ အင်မတန် ရင်နာစရာ ကောင်းပါတယ်။ ဒါကြောင့် ချစ်လို့ မွေးစားပါ့မယ်လို့ ဆိုလေတိုင်း အယုံမလွယ်ကြဖို့ အထူးပဲ အရေးကြီးပါတယ်''ဟု လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာနေသူ သုတေသီ စာရေးဆရာ ၀င်းနိုင်ထွန်း က သတိပေးစကား ဆိုပါသည်။


လူပွဲစားတွေရဲ့ ပစ်မှတ် ဖြစ်နေလေတဲ့ ကလေးငယ်တွေ . . .



၂၀၀၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူကုန်ကူးမှု ၅၂ မှု ဖြစ်ပွားခဲ့ရာ ယင်းတွင် ကလေးသူငယ် လူကုန်ကူး ခံရမှုမှာ ၇ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သည်ဟု မှတ်တမ်းများက ဆိုပါသည်။ ယင်း လူကုန်ကူး ခံရမှုများထဲမှ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၆ ဦး ကို သက်ဆိုင်ရာက ကယ်တင်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကလေးသူငယ် လူကုန်ကူး ခံရမှုမှာ တစ်နိုင်ငံလုံး လူကုန်ကူးခံရမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လအထိ ထုတ်ပြန်ခဲ့သော စာရင်းများအရ ကလေးသူငယ် လူကုန်ကူးခံရမှုမှာ လူကုန်ကူးခံရမှု စုစုပေါင်း၏ ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဝင်ငွေနည်း မိသားစုများထံသို့ ကလေးမွေးစားရန် လူကုန်ကူး ဂိုဏ်းများက မိသားစုဝင်များနှင့် ရင်းနှီးသည့် လူပွဲစားများကို အသုံးချကာ ချဉ်းကပ်လေ့ရှိသည်ဟု ဖြစ်စဉ်များအရ သိရပြီး မိသားစုများထံသို့ မွေးစားကလေး ရယူလိုမှုနှင့် ချဉ်းကပ်လာမှုများကို နောက်ကြောင်း ရာဇ၀င် စုံစမ်းမှုများ၊ မွေးစားကလေး လုပ်ထုံးလုပ်နည်းများကို လေ့လာပြီးမှသာ ယုံကြည် အပ်နှံသင့်ကြောင်း လေ့လာသူ တစ်ဦးကလည်း အကြံပြုထားပါသည်။

''မိမိတို့ရဲ့ ဘ၀ရပ်တည်မှု အနေအထားတွေ အရ မိမိ သားသမီးရင်းကို မွေးစားဖို့ ပေးမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ မွေးစားမယ့် မိဘတွေရဲ့ နောက်ကြောင်းကိုတော့ စုံစမ်းဖို့ လိုပါလိမ့်မယ်။ ပြီးရင် ဘယ်လို လုပ်ထုံးလုပ်နည်းတွေ ရှိသလဲ။ အဲဒါလည်း လေ့လာရပါ့မယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်မှာ ကလေးပြုစုရေး ကျောင်းတွေ ရှိပါတယ်။ ရင်ခွင်ပိုက်ကနေ အသက် သုံးနှစ်အထိကို ရွှေဂုံတိုင် ကလေးပြုစုရေးမှာ ပြုစုပေးထားတာ ရှိပါတယ်။ အဲဒီမှာ မွေးစားလိုတဲ့ မွေးစားမိဘတွေကို ဘယ်ပုံဘယ်နည်း နိုင်ငံတော်ကနေ ခွင့်ပြုပေးနေသလဲ။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ မွေးစားကလေးကို ဥပဒေအရ အမွေစားအမွေခံ အဖြစ် မွေးစားရမယ်ဆိုတဲ့ အချက်တစ်ချက် ပါရှိပါတယ်။ ဒါတွေကိုလည်း လေ့လာသင့်ပါတယ်။ ဒါပေမယ့် နယ်မြို့လေးတွေ၊ ကျေးလက်ဒေသတွေ မှာတော့ အဲဒီလို စုံစမ်းလေ့လာဖို့ ရှိနိုင်ကြမှာ မဟုတ်ပါဘူး''ဟု ၀ါရင့် တရားရုံးချုပ် ရှေ့နေကြီးတစ်ဦးက သုံးသပ် အကြံပြုထားသည်။

အောင်စည်ဟိန်း၊ အိရွှေစင်ဝင်း

မြင်လွှာ ရှက်လောက် တဲ့ အင်တာနက် ပေါ်က ပုံရိပ်များ

နာမည် ခိုင်မာ နေပြီဖြစ်သော မိန်းကလေး အနုပညာရှင်(သရုပ်ဆောင်၊ အဆိုတော်)အချို့သည် ဓာတ်ပုံရိုက်ကူးခံရာတွင် အလှ အပ သက်သက်ကို ဦးစားပေး လွန်းပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၏ ပုံရိပ်ကို မျက်ကွယ်ပြု သကဲ့သို့ ဖြစ်နေကြောင်း အင်တာနက် စာမျက်နှာ များပေါ်ရှိ ပုံရိပ် အချို့က သက်သေ ခံနေပါသည်။ ကြည့်မြင် ရသူတို့၏ သွေးသား ကို ဆူပွက် လာစေသော ၀တ်စား ဆင်ယင်မှု၊ ကိုယ်နေ ဟန်ထား တို့သည် မြန်မာ ဟူသော အမည်နာမ နှင့် လားလားမျှ မအပ်စပ် ပါ။ ထို့ကြောင့် ပျိုမျစ် နုနယ် လှသွေးကြွယ် နေကြသော အနုပညာရှင် ငယ်ငယ် ချောချော များ အနေဖြင့် ထိုသို့သော အလှ ပုံရိပ် များကို ဆင်ခြင် သတိဖြင့် ဖန်တီး တင်ဆက် ကြစေ ချင်ပါသည်။


မလုံမခြုံဝတ်မှ ခေတ်မီမတဲ့လား

လွန်ခဲ့သော သုံးရက်ခန့်က ရွှေတိဂုံ စေတီတော်သို့ ရောက်ပါသည်။ အရှေ့ဘက် စောင်းတန်း အထက်ရှိ လုံခြုံရေး ဂိတ်တွင် “ဘောင်းဘီတို၊ စကတ်တို၊ စကက် ရှေ့ကွဲ၊ နောက်ကွဲ တွေနဲ့ ဘုရား ပေါ်တက်လို့ မရဘူး။ ရောက်လက်စနဲ့ တက်ချင် တယ်ဆိုရင် ဟောဟို အခန်းမှာ သွားလဲပါ၊ သင့်တော်တဲ့ ၀တ်စုံ တွေ အဆင်သင့် ထားပေးပါတယ်” ဟု မိန်းကလေးငယ် နှစ်ဦးကို လုံခြုံရေး ၀န်ထမ်းက ပြောနေသံ ကြားရ သဖြင့် အမှတ်မထင် ကြည့်မိရာ အမှန်ပင် ထို ကလေးမငယ် နှစ်ဦး ၀တ်ထားထား သည့် အ၀တ် အစားမှာ ဘုရား ကျောင်းကန် သွားရန် မဆိုထားနှင့် လူတောထဲ ၀င်ရန်ပင် မသင့်တော်သော အ၀တ်အစား များ ဖြစ်နေ ပါသည်။ အချို့သော မိန်းကလေး ငယ်များ၏ စိတ်တွင် မလုံမခြုံ ၀တ်မှ ခေတ်မီသည် ဟု ထင်နေရော့ သလား၊ သို့တည်း မဟုတ် ဘယ်လို နေရာကို ဘယ် အ၀တ်အစား ၀တ်သွား ရမလဲ ဆိုတာ လောက်ကိုပင် မခွဲခြား နိုင်အောင် ဦးနှောက်နည်း နေရော့ သလားဟု တွေးတော မိပါသည်။ မိဘ အုပ်ထိန်းသူ များ ဂရုထား ပေးစေ လိုပါသည်။


အမြင်မတော်သူ မြန်မာအမျိုးသမီးတစ်ဦး

ရန်ကင်း မြို့နယ်၊ ဂွတ္တလစ် ဈေးကွေ့ ထိပ်က အမှိုက်ပုံ ကျန်းမာရေး အတွက် ရင်သိမ့်တုန်

ရန်ကင်း မြို့နယ်၊ ဂွတ္တလစ် ဈေးကွေ့ မှတ်တိုင် ရှိ အမှိုက်ပုံကြီး သည် စွန့်ပစ်စားကြွင်း စားကျန်များ၊ အမှိုက သရိုက်များ မြင်မကောင်း အောင် ပြည့်ညပ် နေပြီး ယင် တလောင်းလောင်း၊ ခွေး တသောသော ဖြစ်နေ ပါသည်။ ထိုနေရာ တွင်ရှိသော ဈေးတန်း လေးတွင် ဈေးသည်၊ ဈေးဝယ်များ၊ လာရောက် ရပ်နား ကြသော ကားကြီး ကားငယ် များဖြင့် အမြဲမပြတ် စည်ကား ရှုပ်ထွေး သော နေရာလည်း ဖြစ်နေရာ ထိုသူများ အတွက် လည်း ထို အမှိုက်ပုံကြီး က အနှောင့် အယှက်ဖြစ်သည့် အပြင် ပတ်ဝန်းကျင် နေအိမ်များ အဖို့လည်း အနံ့အသက် ဆိုးကို နေ့စဉ်နှင့် အမျှ ခံစား နေရ ပါသော ကြောင့် ကျန်းမာရေး ထိခိုက် စေသည့် ထို အမှိုက်ပုံကြီးကို ဖယ်ရှား ရှင်းလင်း ပေး ပါရန် တင်ပြ လိုက် ရပါသည်။

အနံ့အသက်ဆိုးဒဏ်မခံနိုင်သူ

06 October 2010

ရွှေခမောက်စာစောင် အပါတ်စဉ် (၁၂၄)

Shwekhamauk 124

မြန်မာပြည်တွင်းမှာဈေးဝယ်ရင်း ရုပ်ရှင်ကြည့်နိုင်ရန် Junction Centre-Maw Tin ဖွင့်ပြီးဆိုပါလား


ကမ္ဘာ့အဆင့်အတန်းမီ နည်းစနစ်များ ပေါင်းစပ်ထားသော တမူထူးခြားသည့် Juncition Centre Maw Tin ဖွင့်ပွဲကို (၁၈၊၉၊၂ဝ၁ဝ)ရက်၊ နံနက် (၉)နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းနှင့် အနော်ရထာလမ်းရှိ Juncition Centre Maw Tin တွင်ပြုလုပ် ကျင်းပခဲ့ရာ ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီ လိမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဇော်နိုင်၊ Benhurr Co.,Ltd မှအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်အောင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ Juncition Centre Maw Tin သည် (၄)ထပ် အဆောက်အအုံဖြစ်ပြီး ပထမထပ်တွင် စီးတီးမတ်နှင့် ကမ္ဘာ့အဆင့်အတန်းမှီ Branded အိတ်၊ဖိနပ်၊မျက်မှန်နှင့် ကော်ဖီဆိုင်များ၊ ဒုတိယထပ်တွင် လူငယ်ကြိုက် ဖက်ရှင်အဝတ်အထည် ဒီဇိုင်းအသစ်အဆန်းများ၊ တတိယထပ်တွင် လူသုံးကုန်ပစ္စည်းများ၊ ကလေးများအတွက် အသုံးအဆောင်များနှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ အသားအရည် ထိန်းသိမ်းမှုနှင့် အလှပြုပြင်ရေးဆိုင်များ၊ စတုတ္ထထပ်တွင် လူကြီးလူငယ်များပါ ကစားနိုင်သော ကစားကွင်းနှင့် လူမျိုးဘာသာမရွေး စားသောက်နိုင်သော စားသောက်ဆိုင်များနှင့် Junction Cineplex ပါရှိပြီး Cineplex တွင် ရုပ်ရှင်ရုံ(၂)ရုံပါဝင်ကာ တစ်ရုံလျှင် ခုံ(၂၂ဝ)ပါဝင်ပြီး ရုံနှစ်ရုံအတွက် လူဦးရေ (၄၆ဝ)ဝင်ဆံကြောင်း သိရသည်။ ၄င်းစင်တာအား နေ့စဉ်နံနက် (၉)နာရီမှ ည(၉)နာရီအထိနှင့် စားသောက်ဆိုင်တန်းများအား နေ့စဉ် ည(၁ဝ)နာရီ အထိ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ နိုင်ငံတကာသံရုံးများသို့ တောင်းဆိုစာများ ပေးပို့ ။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ EU အပါအ၀င်နိုင်ငံတကာသံရုံးများသို့  ၄င်းတို့ ၏ ကြေငြာချက်နှင့် တပ်ပေါင်းစုဝင် ကျောင်းသားလူငယ်ပေါင်းနှစ်ရာနီးပါး လက်မှတ်ရေးထိုးတောင်းဆိုထားသော တောင်းဆိုချက်စာကို ပေးပို့ ခဲ့ကြသည်။

တောင်းဆိုချက်စာတွင် နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြရန်နှင့် ရွေးကောက်ပွဲဝင်ပါတီများကိုလည်း ထောက်ပံ့ကူညီမှုများ မပြုလုပ်ကြရန် ကန့် ကွက်တောင်းဆိုထားပြီး ဗဒတတပ်ပေါင်းစု၏ အချက်ခြောက်ချက်ပါ ကြေငြာချက်နှင့် လက်မှတ်ပေါင်းနှစ်ရာနီးပါး ပါဝင်သော တောင်းဆိုချက်စာကိုပါ တပါတည်းပေးပို့ ခဲ့ကြခြင်းဖြစ်သည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုကို ၁၉၈၈ပြည်သူ့အရေးတော်ပုံ နှစ်ဆယ့်နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည့် (၈.၈.၂၀၁၀) ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး (၁၆.၉.၂၀၁၀) ရက်နေ့ တွင် ၄င်းတို့ ၏ အချက်ခြောက်ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ကြေငြာခဲ့ကြသည်။

ယခုပြုလုပ်သော တောင်းဆိုချက်ပေးပို့ ခြင်းကို EU အပါအ၀င် နိုင်ငံတကာသံရုံးအတော်များများသို့ ပေးပို့ ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ တပ်ပေါင်းစုပြန်ကြားရေးကော်မတီက ယခုလှုပ်ရှားမှုကို သတင်းထုတ်ပြန်ရာတွင် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ ယခုလက်ရှိအခြေအနေနှင့် ခံစားချက်အစစ်အမှန်များကို ကောင်းစွာနားလည်မှုမရှိပဲ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်းများကို တွေ့ မြင်နေရသဖြင့် ယခုကဲ့သို့ သံရုံးများသို့ စာရေးတောင်းဆိုရခြင်းဖြစ်ကြောင်းနှင့် ၄င်းသံရုံးများမှတဆင့် သက်ဆိုင်ရာနိုင်ငံများ၏အစိုးရများက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို နားလည်သဘောပေါက်လာပြီး ၄င်းတို့ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသဘောတရားများကို ပြန်လည်သုံးသပ်ပြုပြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ၊ ရွှေဝါရောင်မျိုးဆက်၊ NEW GENERATION၊ ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ် အင်အားစုအဖွဲ့ နှင့် မြေလတ်ကျောင်းသား များအဖွဲ့ များ ပါဝင်ပြီး အမာခံကျောင်းသားလူငယ်ပေါင်းနှစ်ရာကျော်နှင့် တနိုင်ငံလုံးအနေဖြင့် တပ်ပေါင်းစုအဖွဲ့ ဝင်ပေါင်း ငါးရာကျော်ထိ ရှိသည်။ ၄င်းတို့ တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကို ပုံစံမျိုးစုံ နည်းမျိုးစုံဖြင့် မည်သည့်အင်အားစုနှင့်မဆို ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

Ba Da Ta - Action Announcement

ပေးပို့ ပေးသော မိတ်ဆွေ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဖုန်းလိုင်းများကို မွမ်းမံမှုများ ပြုလုပ်နေ၍ နှစ်ပတ်ခန့် လိုင်းအနည်းငယ်ကျဆင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဖုန်းလိုင်းများကို မွမ်းမံမှုများ ပြုလုပ်နေ၍ နှစ်ပတ်ခန့် လိုင်းအနည်းငယ်ကျဆင်းနိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ GSM ဖုန်းလိုင်းများအားလုံးအတွက် မွမ်းမံမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ် အိတ်ချိန်းရုံး၊ စမ်းချောင်းမြို့နယ် အိတ်ချိန်းရုံး၊ အလုံမြို့နယ် အိတ်ချိန်းရုံး စသည့် အိတ်ချိန်းရုံးသုံးခုတွင် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ စမ်းချောင်းနှင့် အလုံအိတ်ချိန်းရုံးများတွင်သာ လုပ်ဆောင်ပေးတော့ကြောင်း သိရသည်။

“ ဗဟန်းအိတ်ချိန်းရုံးက Prepaid စနစ်ကို မွမ်းမံဆောင်ရွက်ပေးမှုတွေလုပ်တယ်။ ကျန်အိတ်ချိန်းရုံးနှစ်ခုမှာသာ GSM လိုင်း မွမ်းမံမှုတွေ ဆောင်ရွက်တယ်။ လက်ရှိကာလမှာ လိုင်းတွေကို အဆင့်မြင့်ဆောင်ရွက်မှုတွေ ပြုလုပ်နေလို့ လတ်တလော လိုင်းအနည်းငယ်ကျနိုင်ပါတယ် ” ဟု ၄င်းက ပြောသည်။ GSM အိတ်ချိန်းရုံးများသည် ရန်ကုန်တွင် နှစ်ရုံး၊ မန္တလေးတွင် တစ်ရုံးရှိပြီး ပြည်တွင်း GSM Network များ တိုးချဲ့ရန်အတွက် GSM ရေဒီယိုစခန်း ၃၀ ခုကို တိုးချဲ့တည်ဆောက်လျက်ရှိပြီး၊ နိုင်ငံအတွင်း GSM မိုဘိုင်းဖုန်းအလုံးရေ ငါးသိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

05 October 2010

ဦးဝင်းထိန် ပြောတဲ့ “တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ဦးဝင်းထိန်

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။

ရင်းမြစ်..ဧရာဝတီ

စာရေးဆရာ သုမောင် ၏ ခွေးချော်လဲ _ အိမ်


ကျွန်တော်သည် ကျွန်တော့် အိမ်ကလေးကို အလွန် မြတ်နိုးပါသည်။ Home Sweet Home ဆိုသည့် စကား ကိုယ့်အိမ် ကိုယ့်ရာဟာ အချိုမြိန်ဆုံး ဆိုတာ ကမ္ဘာသုံး စကားသုံးမို့ ထပ်ပြောရတာ အားနာပါသည်။

နော့ပေတည့် ယခုပြောမည့် ကျွန်တော် အိမ်အကြောင်းမှာ တစ်မျိုးတစ်မည် ရှုထောင့်မို့ ပြုံးချင့်စဖွယ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့် အိမ်အကြောင်း အက်ဆေး ၃ ပုဒ်လောက် ရေးဖူးပါသည်။ ပထမ အပုဒ်က ကျွန်တော့် အိမ်သည် စာရေးဆရာ အိမ်စစ်စစ် ဖြစ်ကြောင်း ဖြစ်ပါသည်။ ပြန်၍ နှူးရပါမူ ထိုအိမ်ဆောက်သော ကာလမှာ ၁၉၈၀ ဖြစ်သောကြောင့် ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် လူသုံးကုန် ပစ္စည်းများ ပြည်သူ့ဆိုင်မှာ ၀ယ်ရပါသည်။

အပြင် မှောင်ခိုမှာက ၁၀ဆလောက် ဈေးကြီးသည်။ ကျွန်တော်ကလည်း သမီးဦး ကိုယ်ဝန်ရှိပြီ သိရသည်နှင့် အိမ်ကို အုတ်မြစ် စချသည်။နောင်မှ တဖြည်းဖြည်းချင်း ရောက်ရား ဟု သဘော ထားသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော့်မှာ စာပေ(လုံး ချင်း)၊ ဂီတ၊ ရုပ်ရှင်တွင် အောင်မြင်ကျော် ကြားနေသူ ဖြစ်သော်လည်း “ကျားကြီး ခြေရာကြီး”ဆိုသလို ၀င်ငွေထွက်ငွေ မျှနေသည်။ စုစု ဆောင်းဆောင်းလည်း ၀ါသနာမပါ၊ ပါသော ၀ါသနာကလည်း မော်တော်ကား ဖြစ်သဖြင့် ရသမျှ ကားအသစ် ၀ယ်စီးပစ်မိသည်။ မချွင်းမချန် အပြစ် ဖို့ရပါမူ အရက်သေစာ အသောက် ကျူးတာလည်းပါသည်။

ဒါလေးများ ဟု မထင်ပါနှင့်။ တလောက ဇနီးသည် အေးဘုံ တွက်ပြမှ သောက်သက်ရှည်ခဲ့သော ကျွန်တော့် ယမကာဖိုးမှာ ထိုစဉ်က နောက်ဆုံးပေါ် ကား နှစ်စီးစာရှိသည်။ ဆိုကြပါစို့။ နော တဖြည်းဖြည်းချင်း ဆောက်ယူမည်။ အိမ် အုတ်မြစ် ချသည်။ ကံကောင်းချင်တော့ ထိုစဉ်က “စာပေ ဟောပြောပွဲ”များက လက်မ လည်အောင် ပြောခဲ့ရလေရာ ထုံးစံ အတိုင်း တိုက်ပုံ အင်္ကျီစ၊ ပုဆိုး၊ စက်ရုံ ထွက်ပစ္စည်း၊ ဒေသထွက် အစား အသောက် စသဖြင့် လက်ဆောင်ရပါ သည်။ ထိုတွင် ဌာနဆိုင်ရာ စက်ရုံများက လက်ဆောင် ပေးရာတွင် သူရို့စက်ရုံ ထွက်ပစ္စည်းများ အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ပါမစ်များပါ လက်ဆောင်ပေး တတ်ပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ဘိလပ်မြေစက်ရုံ၊ အိမ်မိုးကျောက်ပြား စက်ရုံ၊ ကော်ဇောစက်ရုံ၊ အုတ်စက်ရုံ၊ ပရိဘောဂ စက်ရုံ စသဖြင့် အိမ်ဆောက် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများမှာ ဟောပြောခွင့် ရခဲ့ပါသည်။

ထိုအခါ စောစောက ပြောသလို အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ရတော့သည်။ အခြားစာရေး ဆရာများတော့ ထိုပါမစ်များ မည်သို့ အသုံးချသည် မသိ။ ကျွန်တော် အဖို့ရာ ကား အုတ်မြစ် ချရာက တမံ သလင်းခင်း၊ နံဘေးအုတ်စီ၊ ထုတ်ယောက်ဒိုင်း မြားတပ်၊ ကျောက်ပြားမိုး၊ စားပွဲကု လားထိုင်ပြင်ဆင်၊ ကော်ဇောခင်း စသည် ဖြင့် တဖြည်းဖြည်းချင်း အစိုးရဈေးဖြင့် အိမ်တစ်လုံး ဖြစ်သွားပါတော့သည်။ အပြင်ဈေးထက် ၁၀ ဆ သက်သာပါတော့သည်။ အလီလီရသမျှ ပစ္စည်းကို သုံးရသဖြင့် အိမ်ပုံစံတော့ ခေတ်မမီပေ။ သို့သော် အခန်းများကို ရသည့်ပစ္စည်း ပေါ်မီပြီး ဖွဲ့ရပြုရသဖြင့် နေလို့ထိုင် လို့ကောင်းသော အိမ်တစ်လုံးတော့ ဖြစ်သွားပါသည်။ ကျွန်တော့် ဗီဇကလည်း ရိုးရာမပျက် မော်ဒန် ဆန်သဖြင့် ကျွန်တော့်အိမ်မှာ အင်္ဂလိပ်ခေတ် အရာရှိ ဘန်ဂလိုနှင့် အလိုလို တူသွားပါသည်။ ဘာပဲဖြစ်ဖြစ် စာပေ ဟောပြောရာမှ ရသော ပစ္စည်းများဖြင့် ဆောက်သဖြင့် “စာရေး ဆရာအိမ်”ဟု ကျွန်တော့်ဘာသာ ခံတွင်းတွေ့ ပီတိဝေ့ပါသည်။

စကားမစပ် ကျေးဇူး ဆပ်ရပါမူ ကျွန်တော့် အိမ်အောက်ထပ်မှာ ကာရံထားသော အုတ်များမှာ ထိုစဉ်က သမိုင်း အုတ်စက်ရုံမှာ အမှု ထမ်းနေသော ပိန်ပိန် မည်းမည်း စာသရဲ၊ စက်ရုံစာပေပွဲများ အတွက် ရဲရဲဝံ့ဝံ့ တာဝန်ခံသူ လူငယ် တစ်ယောက်၏ ကျေးဇူးဖြစ်ပါသည်။ သူက ပါမစ်ပေးလို့ ကျွန်တော့်အိမ် အောက်ထပ် အုတ်ပတ်ကား ဖြစ်ရသည်။ အကောင်းစား စက်အုတ်များမို့ လှပ တင့်တယ်ပါသည်။ ထိုမည်းမည်း ပိန်ပိန် စာသူငယ်လေးကား ခုနှယ်ခါ အမျိုးသား စာပေဆု သာမက စာပေဆု မျိုးစုံရ ခေတ်ပေါ် ဂန္ထ၀င် စာရေးဆရာကြီး နေ၀င်းမြင့် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့်မှာ အောက်ထပ်နေတိုင်း သူ့ သတိရ၏။ ဧည့်သည် ဧည့်ခံတိုင်း သူ့ကျေးဇူး အမှတ်ရ၏။ ကုန်ကုန် ပြောကြကြေး၊ အိမ်သာ တက်လျှင်ပင် သူ့ဆီ လှမ်း မေတ္တာပို့ရပါသည်။ ထို ကျွန်တော့် အိမ်ကလေးသည် ခုနှယ်ခါ ကျွန်တော်နှင့် သဏ္ဌာန် တူနေပေပြီ။ အိမ်ရှင်နှင့်အိမ် လိုက်ဖက်ညီပါ ပေသည်။ ကျွန်တော်က ယခု အချိန်ထိ အိုသော်လည်း ရုပ်ရှင် ရိုက်ရဆဲ၊ သီချင်း ဆိုနိုင်ဆဲ၊ စာရေး ပိုတောင်ကောင်းဆဲ။ ထို့နည်းတူ ကျွန်တော့်အိမ်သည် အိုမင်း လာသော်လည်း ပို၍ တင့်တယ်လာပါ သည်။ ရှေးဟောင်းဘန်ဂလိုပုံစံမို့ ဟောင်းလေကောင်းလေဆိုသလို ဖြစ် နေ၏။ တောဘုန်းကြီး ကျောင်းကဲ့သို့ ကျက်သရေ ရှိပြီး လူနေလို့ ကောင်းသော သဘော ဆောင်နေ၏။ ခေတ်သုံးစကား “အင်းတိတ်”ဟုဆိုရပါမည်။ စက်အုတ်၊ ကျွန်းသစ်များ သုံးထားသောကြောင့် ကြာလေ အဆီတက်ပြီး တန်ဖိုးတက်လေ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော့်အိမ်လေးကို ကျွန်တော် ချစ်ပါသည်။

သည်ကနေ့ မော်တော် ကားလောကတွင် ဈေးအကြီးမားဆုံးမှာ ဇိမ်ခံကား (မာစီဒီးကဲ့သို့) မဟုတ်တော့ ပါ။ဘက်စုံသုံးခေါ် ပွဲလည်းတိုး၊ တောခရီး ကြမ်းလည်းနှင်၊ ပါဂျရိုး ကဲ့ သို့ ကားမျိုးဖြစ်နေပါပြီ။ ကျွန်တော့် အိမ်လည်း ဤသို့ သာလျှင်တည်း။ အဖိုး တန်လို့တော့ မဟုတ်။ ရသည့် ပစ္စည်းပေါ် မူတည်ပြီး လိုရမည်ရ စိတ်ကူးတည့် သလို တစ်ဆင့်ချင်း အခန်း ဖွဲ့ရသော ကြောင့် ခုနှယ်ခါတွင် ဘုရားခန်း သီးသန့်၊ ဧည့်ခန်းသီးသန့် အပြင် ယာယီ ဘက်စုံသုံး ဧည့်ခန်းပါထား ရှိနိုင်နေတော့ သည်။ ယာယီဘက်စုံသုံး ဧည့်ခန်းဆို၍ ထည်ထည်ဝါ၀ါတော့ မဟုတ်၊ သူငယ်ချင်း အရက်သမားများ လာလျှင် အဆင်ပြေရန်၊ မီးဖိုဆောင်နှင့် အိမ်သာ ရေချိုးခန်းကြားမှာ အရတည်ကာရံ ထားခြင်းသာ ဖြစ်၏။ ဟုတ်ပါ့။ ထိုသို့ ရှိသဖြင့် သောက်စားဖို့ အမြည်းလည်း မီးဖိုခန်းလှမ်းဆွဲ၊ အော့ချင် အန်ချင်သေး ပေါက်ချင်လည်း အိမ်သာထဲ ပြေးရုံသာ။

ထိုသို့ ဘက်စုံသုံး ကျွန်တော့်အိမ် ကလေးမှာ ခုနှယ်ခါ မော်ဒန်သဘော ဈာန်လျှောခဲ့ ရလေပြီ။ အကြောင်းကား ဖိုးသောကြာ လူလူသူသူ ဖြစ်လာလို့ ငွေယားလေး ပေါ်တော့ သားက အိမ်ပြင် ဆောက်ချင်သတဲ့။ ပထမသူက အိမ် တစ်ခုလုံးဖြိုပြီး ပြန်ဆောက်ချင်တာ ဖြစ်သည်။ ကျွန်တော်က ကိုယ့်အိမ် ရာဇ၀င်ကိုယ် သိသောကြောင့် လက်ဖျားနှင့်မျှ အတို့မခံကြောင်း အမိန့်ထုတ် ရသည်။ ထိုအခါ သူက အိမ်ပြင်မည် လုပ်သည်။ အပေါ်ထပ် ပျဉ်ထောင်ကို အုတ်ပတ်ကား တက်ချင်သည်။ ဒါလည်း ကျွန်တော်က လက်မခံပါ။ ကျွန်တော်က ရိုးရာနှင့် မော်ဒန်ကို ပေါင်း စပ်ချင်သည်။ ပျဉ်ထောင်အုတ်ခံပဲ ကြိုက်သည်။ နောက်ဆုံး ဖိုးသောကြာက တစ်အိမ်လုံး ဆေးအသစ် သုတ်မည် ဖြစ်ပါတော့သည်။ ဒါတော့ လက်ခံ နိုင်စရာ ရှိသည်။ နော့ပေတည့် ကျွန်တော့် မူလရွေးချယ်မှု အတိုင်း သုတ်လက်စ အရောင်သာ ထပ်သုတ်ဟု ပြောရသည်။

ကျွန်တော်က အရောင်ရွေးသည်။ ဧည့်ခန်းဆို ခပ်မှိုင်းမှိုင်း။ အိပ်ခန်းဆို လင်းလင်းချင်းချင်း၊ အိမ်သာကိုတော့ သန့်သန့်ပြန့်ပြန့်...စသည်။ သားကလည်း အဖေ့ သဘောကျ လုပ်ပေးရှာသည်။ ဆေးအကောင်းစား တွေ သုတ်သည်။ ကျွန်တော်က ကွန်က ရစ် မကြိုက်ပေ။ ထိုကြောင့် အုတ်ကွက် သာဖော်သည်။ အုတ်ကွက် ဖော်ရာ၌လည်း ညီညီညာညာ မဟုတ်။ ဖြစ်သလို ဖြစ်သည်။ ပြီးမှ ကျွန်တော်က မြန်မာဖြစ် ဘားနစ်တွေ ပြောင်နေအောင်သုတ် ထားသည်။ ဒါလည်း သားက ဘားနစ် အကောင်းစားတွေ ၀ယ်ပြီး ထပ်သုတ်သည်။ ပရိဘောဂတွေကလည်း ဟောင်းနေပြီး သူက အသစ် လဲချင်သော်လည်း သူ့အမေ အေးဘုံနှင့် လက်ထက်ပွားမို့ ကော်ပတ်တိုက်ပြီး အကောင်းစား ပေါလစ်သာ ပြန်တင်ခွင့်ပေးသည်။

သည်မှာတင် ပြဿနာ ပေါ်တော့သည်။ ပေါလစ် အကောင်းစား ပြဿနာ ဖြစ်သည်။ သားသည် ပရိဘောဂများ သာ မက အိမ်ရှိ သစ်သား၊နံရံ၊ ပရိဘောဂ၊ ခွေးခြေက အစ ပေါလစ် တင်တော့သည်။ ထို့ထက်ကား နှစ်ပေါင်း သုံးဆယ်လောက် အသား သေနေပြီဖြစ်သော အပေါ်ထပ် ကြမ်းခင်းကိုပါ ကော်ပတ်စား ပေါလစ် အကောင်းစား သုတ်ပါတော့သည်။

အပေါ်ထပ်မှာက အိပ်ချိန်သာ တက်ကြပြုကြတာ ဖြစ်သော်လည်း TV ကြည့်ချိန်တော့ အပေါ် တက်ကြသည်။ စကားမစပ် ပြောရလျှင် ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင် ရှိသည်။ ကျွန်တော် ခဏခဏ ရေးဖူးသော လမ်းဘေးက ခွေးကြီး ရန်လုံကား သေလေပြီ။ သူ ရှိတုန်းကလည်း အိမ်ထဲ ၀င်ခွင့်မရပါ။ သူသည် အိမ်နှင့် ပတ်သက်လို့ ကျွန်တော် စာရေးသော ဆင်ဝင်အောက် ကုလား ထိုင်နားမှာ ရစ်သီခွင့်၊ အိပ်စက်ခွင့် ရရှာသည်။ တလောကတော့ ၈ လကြာ ဒုလ္လဘ ရဟန်းခံရာမှ လူပြန်အထွက် ဆရာတော် စွန့်လိုက်သော အိမ်တွင်းမွေး မွေးစုတ်ဖွားမလေး တစ်ကောင် ပါလာသည်။

ဘုန်းကြီးလက်ပေါ် ကြီးလာခဲ့ရ တာရော၊ သူ့ဗီဇကိုကလည်း အိမ်တွင်း နေမို့ လူစကားနားလည်သလိုရှိသည်။ လူမိသားစုများကဲ့သို့ အိမ်ထဲ သွားလာ နေထိုင်ခွင့် ရှိသည်။ စောစောကပြော သလို ဘုန်းကြီး၏ ခွေးဖြစ်သောကြောင့် လူတွေနဲ့ နီးစပ်ပြီး ပရောပရီရှိသည်။ ဆိုကြပါစို့။ တစ်အိမ်လုံး၏ အချစ်တော် ဖြစ်နေသည်။

ခွေးဆိုလျှင် အိမ်စောင့်ဖို့ လောက်သာ တန်ဖိုး ထားတတ်သော အေးဘုံ ပင်လျှင် ခွေးလေး အရောဝင်ရာ ဖင်တက်ခေါင်းတက် ခံရတော့သည်။ ထိုအခါမျိုးမှာလည်း အေးဘုံက စိတ်မဆိုးပေ။ ကျေနပ်၍ပင် နေတော့သည်။ ဟုတ်ပါ့၊ သူဟင်းချက်လျှင် အနားမှာ နေသည်။ သူ စာဖတ်လျှင် အနားမှာထိုင် သည်။ ညအိပ်လျှင် အေးဘုံအောက် တည့်တည့် ခုတင် ခြေရင်းမှာ အိပ်သည်။ အောင်မယ် သူ နေ့လယ်တစ် ရေးတစ်မော အိပ်လျှင်တောင် ခွေးက ခုတင်အောက် ၀င်ပြီး အေးဘုံနှင့် အပြိုင် အိပ်သည်။

ဆိုလိုတာက အေးဘုံ အချစ်တော် ဖြစ်နေပေပြီ။ လူ့သဘာဝကား လစ်လျှင် လစ်သလို ပြတတ်ပါသည်။ ကျွန်တော့် စာတွေ အဖတ်များသော ပရိသတ်သည် အေးဘုံကို သိနေရုံမက သူ့စရိုက် သဘာဝကိုပင် သဘောပေါက် နေလောက်ပါပြီ။ ဆိုကြပါစို့။ ဣနြေ္ဒကြီးသည်၊ စိတ်ဓာတ် မာကျောသည်၊ စကား ပြောပြတ်သည် စသဖြင့် လူရိုသေ ရှင်ရို သေဟု မတန်မရာ ၀ိသေသ ပြုရပါလိမ့်မည်။

သို့သော် တစ်နေ့တွင် အဘွားကြီးသည် လူအလစ် အပေါ်ထပ်မှာ ထိုခွေးနှင့် ဆော့ကစားတော့သည်။ လိုက်တမ်း ပြေးတမ်းလို ကစားတာဖြစ်သည်။ ထိုအခါ သူ့သားတော်မောင်၏ လောကွတ် ချော်မှုက သူ့ရောခွေးပါ ချော်တော ငေါ့စေတော့သည်။ ၀ုန်းဒိုင်း အသံကြားလို့ သမီးကြီးက ပြေးတက်ကြည့်တော့ ဣနြေ္ဒရှင် ဒေါ်အေးဘုံကြီး ကြမ်းပြင် ပေါ်မှာ ပိုးလိုးပက်လက်။ ခွေးကတော့ ချော်လဲသော်လည်း ပြန်ထ ပြေးနေပြီ။ အေးဘုံက ရုတ်တရက် မထနိုင်တော့ပေ။ သမီးက တွဲထူရတော့သည်။ ထိုအချိန်က ကျွန်တော် အိမ်မှာ မရှိပေ။ ညနေ ထမင်းစားဖို့ အေးဘုံကို စားပွဲ ပြင်ခိုင်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ မေးတော့လည်း ယောင်ဝါးဝါး ဖြေပေမယ့် မျက်နှာက မချိုမချဉ် စပ်ဖြီး ဖြီးရယ်။ အသက်ကြီးမှ ကလေးကလား ဖြစ်ရတာ ရှက်နေပုံရသည်။ သမီးရည်း စားဘ၀ကပင် ရှက်ဟန်မပြ၊ ရိုးအအ သည် မိန်းမ၊ ခုမှ။

ဒီမှာတင် ကျွန်တော်သည် ဖိုးသောကြာ ပြုသမျှ နုခဲ့ရသော ကျွန်တော့် အိမ်သစ်လွင် သွားရခြင်းကို တုံ့ပြန်ဖို့ အပြစ်ဖွဲ့ရတော့သည်။ ကျွန်တော်သည် ဆိုင်သည် မဆိုင် သည်အပထားလို့ စာရေးဆရာ စကား ပြောတော့မည်။ ဒဿန ပါအောင်လည်း ရှာကြံ လေးနက်ကြရသည်။ “ဟေ့ ဖိုးသောကြာ မှတ်ထားကွ။ ပြောင်စေချင်လို့ ပေါလစ်တင်တိုင်း မကောင်းဘူး။ “ပြင်လွန်းရင် ဖင်ချွန်း” တဲ့။ သက်ကြီးစကား ရှိတယ်။ ခုဟာက မင့်အမေ ဖင်ပွန်းရပြီး အဲ မလိုအပ်ဘဲ ပေါလစ် အတင်လွန်သွားတော့ ခွေး တောင် ချော်လဲတယ်မှတ်”

မြန်မာပြည်တွင်း အဖြစ်အပျက် လေးတွေကို ကာတွန်းနဲ့ပုံဖော်