Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

14 July 2012

ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ်


(စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက်
ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။

၉၃ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များအပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေစိစစ်ရေးစသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကိုမဇ္ဈိမသတင်းထောက်မျိုးသန့်ကဆက်သွယ်မေးမြန်းထားသည်။
(သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်းမြောက်တယ်လို့ မထင်ဘူး။)

ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေဖြတ်သန်းမှု ယှဉ်ပြပေးပါလား။

“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီအချိန်တုန်းက စာပေသစ်လို့ ကြွေးကြော်လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ်တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံခြားထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည်သားတွေ သူများတွေခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”

အခုခေတ်လူငယ် အများအပြားက မြန်မာ့သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။

“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာတခုက အမျိုးသမီးတယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ်ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ်ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”

မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံပြောပါအုံး။

“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာရောက်တယ်။ စာပေမှာလည်း စကားလုံးအသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်းရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။

“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါနီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။

“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲကြီးတယ်ဗျ၊ သူက တကယ်ရိုးသားတယ်ဗျ။ အာဏာ လုံးဝမမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”

အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။

“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ်စာပေလို့ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေးမကြီးဘူး။ ခေတ်အလိုက်ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”

အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။

“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်းမြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”

စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။

“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။

“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်းကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”(လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်။)

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။

“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်းချင်တာက ငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲဖြစ်ဖြစ် ဘယ်သူလုပ်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်းကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့အချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”

၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း ကောင်းကောင်း နားလည်ပုံမရဘူး။ ကိုအောင်ဆန်းကတော့ကောင်းကောင်း နားလည်တယ်။ သူက စာဖတ်ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံမရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန်တူတယ်။ အဲဒီတော့ သူက အာဏာရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”

ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုးတမျိုးမှာ သူ့မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”

တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။

“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”

ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။

“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် အစိုးရကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”

ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။

“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန်ကတော့ တခြားစစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့လူတယောက်လို့ သတ်မှတ်တဲ့အတွက် သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော်မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။

“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ဘာတို့ ကောင်လေးတွေက ဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်းမရှိဘူး။ သူတို့က လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲ အဖမ်းခံရတော့လည်းနှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော်မကောင်းဘူး”

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။

“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေးကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင်ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”

ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။

“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံရတယ်။ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ်ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”
(အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ် ။)


မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။

‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူအခွင့်ရေးရရင် ညီညွတ်ရေးရမယ်။ ညီညွတ်ရေးဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’

မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။

“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်းတွေးဖို့ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”

မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။

“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်းတွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”။

ရင်းမြစ်..(မဇ္ဈိမ)

26 February 2012

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ


ညစာစားပွဲတွင် ဒေါ်အင်ဖန်ဂျာရာနှင့် စကားပြောဆိုလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-YPI)

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက

ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။

ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက

၁- KIA က ဘာလို့ဖြစ်လာတာလဲ

၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ်

နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊

ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။

ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊

ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊

ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊

ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။

ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ

မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊

၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့

အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊

အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။

၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။

ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က

ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊

ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊

အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။

အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊

ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။

အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။

ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။

အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ

“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့

“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

သတင်း .. ၊ ဓာတ်ပုံ ....။Yangon Press International

08 February 2012

‎နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ကော့မှူးမြို့နယ်မှ ကြံ့ဖွတ်အမတ် Dr-စိုးမင်း၏ (အင်တာဗျူး)


‎(နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ ကြံ့ဖွံ့ အမတ်လောင်း Dr စိုးမင်း)

မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။

ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာကော့မှူးမြို့ နယ် မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လိုမျော်လင့်ထားသလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ရိုးသားတဲ့စိတ်ဓာတ်နဲ့ နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲကရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုး
အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲပြည်သူတွေကို မလိမ်ဘဲ ပြောကြား စည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြ မယ့် ပြည်သူတွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စားတာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။

ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

(Messenger ဂျာနယ်မှ ထုတ်နုတ်ဖော်ပြပါတယ်

04 February 2012

၈၈မျိုးဆက်ကျောင်းသားကိုအောင်သူ နှင့်တွေ့ဆုံခြင်း


"အခုချိန်မှာတော့ ဖန်ခွက်လှလှ အသစ်တစ်လုံးကတော့ လိုကိုလိုအပ်နေပါပြီ။
ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရအောင်ပါ"

၈၈ မျိုးဆက်ကျောင်းသား ဦးအောင်သူနှင့် တွေ့ဆုံခြင်း

Voice : ၈၈ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တစ်ယောက်က လက်ရှိအစိုးရအပေါ် ၈၈ က ဘယ်လို သဘောထားလဲမေးတော့ ကိုအောင်သူ က လက်ရှိအစိုးရအပေါ် ၈၈ က ဘယ်လို သဘောထားသလဲဆိုတာ ထက် လက်ရှိအစိုးရက ၈၈ အပေါ် ဘယ်လိုသဘောထားသလဲဆိုတာက ပိုအရေးကြီးပါတယ်လို့ ကိုအောင်သူ ဖြေခဲ့ပါတယ်။ အဲဒီအပေါ် ဒီထက် ပိုကျယ်ပြန့်တဲ့အမြင်သိချင်လို့ပါ။

UAT : ဟုတ်ကဲ့။ ဒီလိုပါ။ အရိုး သားဆုံးပြောရရင် ကျွန်တော်ထောင်က ထွက်လာတဲ့အချိန်မှာ ကျွန်တော့်ဆီမှာ စိတ်အခံတချို့ပါလာခဲ့တယ်။ နာကျင်မှု တွေ၊ အလိုမကျနိုင်ဖြစ်မှုတွေ။ ဝေေ၀ ၀ါးဝါးနိုင်မှုတွေနဲ့ ထွက်ခဲ့ရတာပါ။ တချို့ Policy ပိုင်းတွေမှာ အစာချေလို့ မရနိုင်ခဲ့သလို မျိုလို့မကျဖြစ်ခဲ့ရတာ။ အဲဒီ မျိုချလို့မရတဲ့အရာတွေကို ဘာနဲ့ မျှောချရမှန်းမသိဖြစ်ခဲ့ရတာ။ အဲလို ရှင်းရှင်းလင်းလင်းမရှိဖြစ်ခဲ့ရတဲ့အချိန် ဥပမာ-ဒေါ်စုနဲ့ သမ္မတကြီးဦးသိန်းစိန် မတွေ့ခင်အချိန်အထိ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုက နံပါတ်တစ်-၁၉၉၀ ရလဒ်ကို တစ်နည်းနည်းနဲ့ သိက္ခာရှိရှိ အသိအမှတ်ပြုပေးရေး၊ နံပါတ်နှစ် - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးဆိုတဲ့ အချက်မှာလည်း တစ်ဖက်က ပြင်မပေးနိုင်သေးတဲ့အချိန် ကျွန်တော်တို့ ကလည်း ဆန့်ကျင်ကန့်ကွက်ကြတဲ့ အချိန်ပေါ့။ အဲတော့ နံပါတ်သုံးက အဲဒီက Out Put အနေနဲ့ထွက်လာတဲ့ ၂၀၁၀ ကိုလည်း ကျွန်တော်တို့ သပိတ် မှောက်ခဲ့တယ်။ နံပါတ်လေးက ၂၀၁၀ က ထွက်လာတဲ့အစိုးရနဲ့ လွှတ်တော်ကို လည်း ကျွန်တော်တို့အသိအမှတ်ပြုဖို့ ခဲယဉ်းခဲ့ပါတယ်။
ခုချိန်မှာ အဲဒါတွေဟာ မျိုမကျ ဖြစ်ခဲ့တဲ့အရာတွေပေါ့ဗျာ။ တစ်နည်း ပြောရရင် အဲဒါ ... Political Main Stream ပါ။ နိုင်ငံရေးအကျဉ်းသားလွှတ် ရေးတို့၊ Sanction ကိစ္စတို့ဆိုတာ Main Stream (သို့) Main Box မှာ Attach လုပ်ထားတဲ့အရာတွေပါ။ ပြောရရင် ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာ အဲဒီ Box ထဲကအချက်တွေကို ဘယ်လို ဖြေရှင်း ကြမလဲဆိုတာ အဓိကကျပါတယ်။ အဲဒီ Sanction ကို ဖွင့်နိုင်ပြီဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားလွှတ်ရေးတို့။ှ Sanction တို့ဆိုတာတွေဟာ ကျွဲကူးရေပါ သဘော ပါပဲ။
အဲတော့ နံပါတ် (၁) အချက်ဖြစ် တဲ့ ၁၉၉၀ ရလဒ်ကို အတွင်းကျကျ တရားဝင်ပိုင်ဆိုင်တဲ့ NLD က လက်ရှိ အစိုးရနဲ့ ဖြေလျှော့နိုင်ခဲ့ကြတယ်။ တခြားကျန်တဲ့နံပါတ် ၂၊ ၃၊ ၄ အပါ အ၀င် တိုင်းရင်းသားအရေးကိစ္စတွေက နိုင်ငံရေးအရ ဖြေရှင်းဖို့ ကျန်နေသေး တယ်လို့ ကျွန်တော်မြင်ပါတယ်။ ထပ်ပြောပါ့မယ်။
အဲဒါ Political Main Stream ပါ။ အရှင်းဆုံးပြောရရင် ဒေါ်စုဆုံးဖြတ်ခဲ့တဲ့ Bi Election မှာ ၀င်အရွေးခံရေး ဆိုတဲ့ အချက်ဟာ သဘောပြောရရင် Main Stream ကခွဲထွက်ခဲ့တယ်လို့ ကျွန်တော် ယူဆခဲ့တယ်။ ဒါ့ကြောင့်လည်း ကျွန်တော် လွတ်လာခါစမှာ ဖြေခဲ့တဲ့ Interview တွေ မှာ Comments ပေးတဲ့သူတွေဟာ Comments Plus Process ဖြစ်စေချင် တယ် ဆိုတာကို ပြောတာပါ။
ဥပမာ-တချို့က အပြည့်အ၀ ထောက်ခံတယ်လို့ ပြောတယ်။ တချို့က လက်ခံတယ်လို့ ပြောတယ်။ တချို့က နားလည်ပေးနိုင်တယ်လို့ ပြောတယ်။
အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာကြည့် ရင် အပြည့်အ၀ထောက်ခံတယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းပေါ့ဗျာ။ လက်ခံတယ်^ လက်ခံနိုင်တယ်ဆိုတာ ၉၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းပေါ့ဗျာ။ နားလည် တယ်၊ နားလည်ပေးနိုင်တယ်ဆိုတာ ၇၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းပေါ့ဗျာ။ ကျွန်တော့်အနေနဲ့က နားလည်ပေးနိုင် တယ်ဆိုတဲ့ Range ထဲမှာပဲ ရှိပါတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့အတွက်ပါ။
သူ့ကို ကျွန်တော် အပြည့်အ၀ ယုံတယ်။ ဒီတွေ့ဆုံဆွေးနွေးရေး Process တစ်ခုလုံးကြီးမှာ သူ့ကိုယ်ကျိုး စီးပွားဘာတစ်ခုမှ မရှိခဲ့ဘူး။ အလွန် ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်း ထဲက သူလည်း Range ယူပြီး ဆုံးဖြတ် ခဲ့တာပါ။ ဒါပေမဲ့ ယုံကြည်တယ်ဆိုတဲ့ ဒီဂရီကို အဲဒီယုံကြည်တယ်ဆိုတဲ့ ဒီဂရီပဲ ရပ်ထားသင့်တယ်။ အပြည့်အ၀ ယုံ တယ်။
သို့ပေမယ့်လည်း သွားနေတဲ့ တွေ့ဆုံဆွေးနွေးရေး Process ကိုတော့ ကျွန်တော်တို့ သီးခြားခွဲမြင်နိုင်မှ ရပါ့ မယ်။ အခု ခင်ဗျားကို ကျွန်တော်မေး မယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိအစိုးရ တွေ့ဆုံဆွေးနွေးရေးက ပြီးသွားပြီလား။ ကျွန်တော်တို့ ဘာမှ ထင်သာမြင်သာမရှိခဲ့ဘူး။
အဲဒီဆွေးနွေးပွဲက ကျွန်တော်တို့ ဆီကို Clear Message မပေးနိုင်ခဲ့ဘူး။
NLD က ရွေးကောက်ပွဲမှာ ၀င်မယ်။ လက်ရှိတိုင်းပြည်ရဲ့ အခက်အခဲ အကျပ်အတည်းတွေကို လွှတ်တော် ထဲမှာပဲ ပြောကြတော့၊ လွှတ်တော်ထဲမှာ ပဲ ရှင်းကြတော့၊ အဲလိုဆိုလိုတဲ့သဘော လား။
အခု ကျွန်တော်တို့ကြားနေရတဲ့ ပင်လုံညီလာခံထက် ကျယ်ပြန့်တဲ့ အမျိုး သားညီလာခံတစ်ရပ်ဆိုတာကကော။
သူ့ရဲ့အနှစ်သာရနဲ့ Time Frame က ဘယ်လိုလဲ။ အဲတော့ ကျွန်တော် ပြောတဲ့ Comment + Process ဆိုတာ အဲဒါတွေပါ။
ကျွန်တော် ဒေါ်စုကို နားလည် ပေးနိုင်တယ်ဆိုတဲ့ Comment ပေးတဲ့ အတွက် ကျွန်တော့် Process ထဲက ရွေးကောက်ပွဲအောင်နိုင်ရေးတို့၊ ရွေး ကောက်ပွဲစည်းရုံးရေးတို့၊ ရွေးကောက်ပွဲ ဥပဒေကို ပြည်သူလူထုနားလည်အောင် ရှင်းပြရေးတို့ဆိုတာတွေ မပါပါဘူး။
ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပေးတယ်။ အားပေးတယ်။ ထောက်ခံတယ်ဆိုတဲ့အပိုင်းမှာလည်း ဒီဂရီ Range မတူပါဘူး။ ကျွန်တော် တို့ရဲ့နိုင်ငံရေး ရေချိန်ကို ကျွန်တော်တို့ ကိုယ်တိုင်မြင်ရပါမယ်။ ဆိုလိုတာက အခုလာမယ့် bi election မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အာရုံစိုက်ချင်သူလည်း စိုက်ကြပါ။
ဒါပေမဲ့ မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းက Structure အလိုက်၊ package အလိုက် ရွေ့နေတာပါ။ အဲ လောက်နဲ့ မလုံလောက်ပါဘူး။ ဒီအချိန် မှာ ကျွန်တော်တို့ပေးတဲ့ in put က Smart ဖြစ်နေရပါမယ်။
ဥပမာ-
နံပါတ်တစ် - ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတကြီး ဆက် လက်တွေ့ဆုံဆွေးနွေး ရေး၊
နံပါတ်နှစ် - တိုင်းရင်းသားပဋိပက္ခ တွေကိုဖြေရှင်းတဲ့နေရာ မှာ Capacity ရှိတဲ့သူ၊ Capacity ပေးနိုင်တဲ့သူ အားလုံးကို ၀င်ရောက် ဖြေရှင်းနိုင်ခွင့်ပေးရေး၊
နံပါတ်သုံး - ပင်လုံညီလာခံထက် ကျယ်ပြန့်တဲ့အမျိုးသား ညီလာခံတစ်ရပ်ဆိုတာ ကို တကယ့်အနှစ်သာရ အပြည့်ဝဆုံးဖြစ်အောင် Design ဆင်ရေး၊
အဲဒါတွေဟာ လွှတ်တော်ပြင်ပ နိုင်ငံရေးဥပဓိတွေပါ။ Political Personality တွေပါ။
ဒီ Political Personality တွေကို တည်ဆောက်ရာမှာ ကျွန်တော်တို့ရဲ့ ideology တွေကို ထည့်သွင်းစဉ်းစား သင့်ပါတယ်။ နောက်တစ်ခု ထပ်ပြော မယ်ဗျာ။
အခု နိုင်ငံရဲ့ပြင်ပမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့ ကျွန် တော်တို့ရဲ့ညီအစ်ကို၊ ရဲဘော်ရဲဘက်တွေ ရဲ့အရေးကိစ္စတွေဟာ အခုအရွေ့တစ်ခု အနေနဲ့ လျင်လျင်မြန်မြန် စတင်ချင်ပြီ၊ ဘာတွေလိုအပ်နေလို့ ခုလိုနှောင့်နှေးနေ ခဲ့ရသလဲ စသဖြင့် အဲ့တော့ ဒီအစိုးရ အပေါ် ကျွန်တော်တို့ဘယ်လိုသဘော ထားသလဲဆိုတာထက် ကျွန်တော်တို့ အပေါ် ဒီအစိုးရကဘယ်လိုသဘောထား လဲဆိုတာက တိုင်းပြည်အတွက် ပိုအရေး ကြီးပါတယ်။
ဥပမာ-လှေတစ်စီးကို လှော်ခတ် ပြီး ဒါက ဘာဆိပ်ကမ်းလို့ အရောက် ပို့တာထက် ကျွန်တော်တို့အားလုံး ပါဝင်လှော်ခတ်နိုင်မယ်ဆိုရင် ဒီထက် ပိုကောင်းမွန်တဲ့ နိုင်ငံသစ်တစ်ခုကို အချိန်တိုအတွင်း ပြည်သူတွေလက်ထဲ ပေးအပ်နိုင်မယ်လို့ ထင်ပါတယ်။

Voice : ဖန်ခွက်ထဲမှာ ရေတစ်ဝက် အပြည့်ရှိ၊ မရှိဆိုတာထက် ဖန်ခွက် က ပိုအရေးကြီးတယ်ဆိုတာကကော ကိုအောင်သူ။

UAT : ဟုတ်တယ်ဗျာ။ အဲဒီ ideology ကို ကျွန်တော်စကြားတာ။ ထောင်ထဲမ၀င်ခင်လေးတင်လို့ထင်ပါ တယ်။ နောက် အဲဒီ ideology ကို distribute လုပ်တာလည်း ခင်ဗျားတို့ Voice လို့ထင်တယ်။ ကျွန်တော်အခုပြောနေတဲ့ အဓိကအချက်က ကျွန်တော်တို့အားလုံး အရမ်းနာကျင်ခံစားခဲ့ရတယ်။ အခုလို အခြေအနေအချိန်အခါတစ်ရပ်လုံးကြီး ကို မျိုကျနိုင်ဖို့ တော်တော်ခက်ခဲပင်ပန်း ခဲ့တယ်။ ဒါပေမဲ့ တကယ်လည်း တိုင်း ပြည်အကျိုး၊ လူထုအကျိုးအတွက် စစ် မှန်တဲ့ပြောင်းလဲမှုမျိုးဆိုရင်တော့ ကျွန် တော်တို့ကိုယ် ကျွန်တော်တို့ လောင် ကျွမ်းပစ်ခံနိုင်ပါတယ်။ ဒါက အမျိုးသား ပြန်လည်ရင်ကြားစေ့ကြတဲ့ တိုင်းပြည် တိုင်း ဒီလိုနာကျင်ခံစားရတာပါ။
ဒါတွေဟာ ဘက်တစ်ဖက်တည်း ခံစားကြရတာ မဟုတ်ပါဘူး။ ဒီရင်ကြား စေ့ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက် ခဲ့ကြသူတွေရော သာမန်ပြည်သူတွေပါ ခံစားကြရမှာ မလွဲမသွေပါ။ အဲတော့ ဒီခံစားရမှုကို အချင်းချင်းချေဖျက်ပစ် နိုင်တဲ့ အဆင့်ကိုတော့ ကျွန်တော်တို့ ရောက်လုနီးနေပါပြီ။
ဒါပေမဲ့ ထူထူထောင်ထောင်နဲ့ နာလန်ပြန်ထဖို့ဆိုတာကတော့ ခုန ကျွန် တော်ပြောတဲ့ ဖန်ခွက်ထဲမှာ ရေတစ်ဝက် အပြည့်ရှိ မရှိဆိုတဲ့ View ထက် ပိုနက် ရှိုင်းတဲ့အမြင်နဲ့ ကြည့်ဖို့လိုလာပါပြီ။ ရေ တစ်ဝက်ရှိချင်ရှိမယ်။ တစ်ဝက်လည်းရှိ ချင်မှရှိမယ်။ အဲဒီ Idea ထက် ရေဘယ် လောက်ပဲရှိပါစေ အဲဒီရေထည့်ရမယ့် ဖန်ခွက်လှလှ အသစ်တစ်လုံးကိုတော့ ကျွန်တော်တို့လုပ်ဖို့လိုလာပြီ။ ကျွန်တော် တို့အားလုံးစုပေါင်းလုပ်မယ်။ ပြီးရင် ကျွန်တော်တို့အားလုံးစုပေါင်းရေဖြည့် မယ်။
ဥပမာ- အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံခြားရောက်နေသူတွေ အတွက် အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်း သာခွင့်တစ်ရပ်ရပ်ထုတ်ပြန်စေချင်တယ်။ သူတို့ရဲ့ Human Resource အရမ်း အရေးကြီးလိုအပ်ပါတယ်။ ကျွန်တော် တို့က တိုင်းပြည်အတွက် ထောင်ထဲဝင် လိုက်ထွက်လိုက် လုပ်နေချိန်မှာ သူတို့ ကလည်း အလားတူ တိုင်းပြည်အတွက် လိုအပ်တဲ့ Capacity တွေ တင်းပြည့်ကျပ် ပြည့်စုဆောင်းနိုင်ခဲ့သူတွေပါ။ အဲတော့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးမှာပဲဖြစ် ဖြစ်၊ တည်ဆောက်ရေးမှာပဲဖြစ်ဖြစ် ဒီ Capacity တွေကို အသုံးချသင့်တယ်။
အဲတော့ ရေတစ်ဝက်ပဲတို့၊ ရေ တစ်စက်ပဲတို့ ပြောနေမယ့်အစား နောက် ထပ်ဖန်ခွက်လှလှလေးအသစ်တစ်လုံးကို Design ဆင်သင့်ပါပြီ။ အားလုံးစုပေါင်း ပါဝင်ပြီး လုပ်ကြဖို့ပါ။ ဒဏ်ရာဒဏ် ချက်တွေနဲ့ ပဲ့ရွဲ့နေတဲ့ဖန်ခွက်ထဲက ရေ ကတော့ ပြည့်ပြီးလျှံကျနေလည်း သောက်ဖို့ရွံ့နေကြဦးမှာပါ။ ဒါပေမဲ့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးစိတ် နဲ့ ကျွန်တော်တို့ သောက်ခဲ့ရတယ်။ မျိုမကျပေမယ့် မျိုချဖို့ကြိုးစားခဲ့ရတယ်။ သို့ပေမယ့် ခုချိန်မှာတော့ ဖန်ခွက်လှလှ အသစ်တစ်လုံးကတော့ လိုကိုလိုအပ်နေ ပါပြီ။ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရအောင်ပါ။ ပြီးရင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီး ရေဖြည့် ကြပါမယ်။ အဲဒီအချိန်ကျ တစ်စက်ပဲ ရှိလည်း ချိုသွားမှာပါ။

သတင်း....The Voice Weekly

25 January 2012

ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဝင်းမော်နှင့် မေးမြန်းချက်


၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ကို ပေးပို့ခဲ့တဲ့ ဂီတသမား ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်ဟာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ကျခံနေရာက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်မှာ ကျောက်ဖြူထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေ၊ ယုံကြည်ချက် ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံးအနေနဲ့ ကိုဝင်းမော် စအဖမ်းခံရတဲ့အချိန် ၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ ထင်တယ်။ အဲဒီနေ့မှာ ဘယ်နေရာမှာ ဘယ်လို အဖမ်းခံရတယ်ဆိုတာကို ပြောပြပေးပါလား။

“ကျနော်အဖမ်းခံရတာ Moon Bakery လက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာပါ။ မြို့ထဲက ဆူးလေဘုရားလမ်းမှာ စရဖ ကလူတွေ၊ နာမည်တွေတော့ မသိတော့ဘူး။”

နောက်တော့ ဘယ်ကိုခေါ်သွားလဲ။

“၉ မိုင်လို့ ကြားတယ်။ သေချာ မသိရဘူး။ မျက်စိတွေဘာတွေ ပိတ်ပြီးတော့ ခေါ်သွားတာ။”

အဲဒီမှာ စစ်ကြောရေး ရိုက်နှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ ရှိပါသလား။

“ကြီးကြီးမားမားတော့ မရှိဘူးဆိုပေမယ့် နည်းနည်းတော့ ရှိတယ်။ အဖွဲ့အစည်း ပေါင်းစုံ စစ်တာကို၊ ကျနော့်ကို အက်စ်ဘီက ထင်တယ်။ တချို့အဖြေလေးတွေ သူတို့လိုချင်တာ မပေးလို့ဆိုပြီး ခေါင်းကို လက်သီးနဲ့ ထိုးတာတော့ ရှိတယ်။ တခြား ကျနော့်ထက် ဆိုးတဲ့လူတွေတော့ ရှိသေးတယ်။ ဥပမာ ကိုမင်းကိုနိုင်ရဲ့ ညီ ကိုမျိုးအောင်နိုင်တို့ ဘာတို့ဆိုရင် လက်မောင်း နှစ်ဖက်လုံးပြုတ်ပြီး အင်းစိန်ထောင်ကို ရောက်လာတာ။ အဲလိုမျိုးတွေတော့ ရှိတယ်။”

နောက်တော့ သံတွဲထောင်ကို ရောက်သွားပြီးမှ ကျောက်ဖြူထောင်ကို ရောက်သွားလား။

“ဟုတ်တယ်။ အဲဒီမှာ အမိန့်ချပြီးတော့ ထောင်ကိုပြန်မပို့ဘဲ သံတွဲကိုပို့တယ်။ သံတွဲကနေ ၀န်ထမ်းတွေ၊ အရာရှိတွေ အပြောင်းအလဲဖြစ်ပြီး ကျနော်တို့ ၅ ယောက် အုပ်စုကို ထောင်တွေ ခွဲပြီး ပို့လိုက်တယ်။ တချို့က ဘူးသီးတောင်ထောင်၊ တချို့က စစ်တွေ ရောက်တယ်။ ကျနော်က ကျောက်ဖြူကို ရောက်တယ်။”

ဘယ်သူတွေနဲ့ အဓိက အနီးကပ်နေခဲ့ရလဲ။

“သံတွဲမှာဆိုရင် မျိုးရန်နောင်သိမ်း (အခုဗေဒါဖောင်းဒေးရှင်း)နဲ့ တခန်းတည်း အတူနေခဲ့ရတယ်။ ဟိုဘက်ခန်းမှာဆိုရင် စမ်းချောင်း ကိုကိုကြီး၊ ငွေကြာယံ ဆွမ်းစားကျောင်း ဆရာတော်ဦးဇာနိယနဲ့ နေခဲ့ရတယ်။ ဒါက သံတွဲမှာပေါ့။ ကျောက်ဖြူရောက်တော့ ဇော်ထက်ကိုကို၊ ဇော်မင်း (ခ) ဘောင်းဘောင်း၊ နောက် ဦးစိုင်းလှအောင် (ရှမ်းပြည်) က ၇၉ နှစ် ကျတဲ့ လူပေါ့။ သူတို့နဲ့ အတူတူ နေခဲ့ရတယ်။ လွတ်တော့လည်း အတူတူ လွတ်လာတယ်။”

သူတို့နဲ့ အတူနေခဲ့ရတဲ့အချိန်မှာ အစ်ကိုအနေနဲ့ အမှတ်တရ တခုလောက် ပေးလို့ရမလား။

“ကောင်းတာ ပြောရမယ်ဆိုရင်တော့ သံတွဲထောင်မှာ ကျနော်နဲ့ ဆရာကြီး ဦးမြင်လွင်နဲ့က ၁၀ ရက်စခန်းတွေ စပြီးလုပ်ပေးခဲ့တယ်။ ထောင်ပိုင်နဲ့ညှိပြီးတော့ ထောင်ထဲမှာ တခြားအကျဉ်းသား ရာဇ၀တ်မှုသမားများပါ ဖတ်လို့ရအောင် စာအုပ်တွေ လှူပေးခဲ့တယ်။ တရားစခန်းတွေ စပြီးဖွင့်ပေးခဲ့တယ်။ ကောင်းတာလေးတွေ လုပ်ဖြစ်ခဲ့တယ်။ ကျနော်တို့ ရောက်တုန်း ကျနော်တို့ထဲကနေ ကိုဇေယျာဦးတို့ဆိုတာ ဗကသကို အင်္ဂလိပ်စာ သင်ပေးမှုနဲ့ ကျတဲ့ ဂျာနယ်လစ်တွေ ရှိတယ်။ သူတို့တွေနဲ့ ကျနော်တို့နဲ့ ညှိပြီးတော့ အကျဉ်းသားတွေကို အင်္ဂလိပ်စာ သင်ပေးတာ၊ ကွန်ပျူတာသင်ပေးတာ။ အဲဒါမျိုးတွေ နောက်ဆုံး ရာဇ၀တ်မှုနဲ့ကျတဲ့ အကျဉ်းသားတွေ အတွက်ဆို `အ´သုံးလုံး သင်ပေးဖို့ ကျောင်းလေးတွေ ဖွင့်ပေးဖို့တွေ ကျနော်တို့နဲ့ ထောင်ပိုင်ကြီးနဲ့ အဲဒီထောင်ပိုင် တာဝန်ခံအရာရှိက ကောင်းတော့ ညှိပြီးတော့ ထောင်တွင်း တိုးတက်ရေးတော့ အများကြီး လုပ်ပေးဖြစ်ခဲ့တယ်။ အဲဒါတော့ သံတွဲထောင်ပေါ့။”

၉၆ ခု နိုဝင်ဘာလက ကျတုန်းက ထက်စာရင် အခုတကြိမ် ကျတာက တော်တော်ပြောင်းလဲ ကွာခြားသွားပြီလို့ ပြောလို့ရပြီပေါ့။

“ဒါကတော့ ပြောလို့ရပါတယ်။ ပြောလို့ရတယ်ဆိုတာက အစိုးရဘက်က သူတို့ဘာသူတို့ ပြောင်းလဲချင်လို့ ပြောင်းလဲလာတာတွေ ဘာတွေလည်း ရှိကောင်းရှိမယ်။ သို့သော် ၉၆ ခုနှစ်မှာ တော်တော် ဆိုးသေးတယ်။ နိုင်ငံရေး အကျဉ်းသားက ထောင်ထဲတွေမှာ အရိုက်အနှက်တွေ ခံနေရတယ်။ ညှဉ်းပန်း နှိပ်စက်ခံနေရတာ ကျနော်တို့ မျက်စိရှေ့တင်။ ၉၉ ခုနှစ်လောက်ကစပြီး အိုင်စီအာစီက ထောင်တွေထဲကို ၀င်ခွင့်ရပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း တိုးတက်လာတယ်။ ဥပမာ မိလ္လာစနစ်၊ ကျန်းမာရေးစနစ်၊ ဆေးဝါးကုသမှု စနစ် အကုန်လုံးပါပဲ။ အစစအရာရာပဲ။ အရင် ၉၆ တုန်းက ကျနော်တို့ ထောင်ထဲ ရောက်တုန်းက ဘုရားစာအုပ်တောင် မဖတ်ရဘူး။ စာအုပ်နဲ့ ပတ်သက်ရင် ဘာစာအုပ်မှ မဖတ်ရဘူး။ ဘာစာရွက်၊ ဘာဘောလ်ပင်မှ မကိုင်ရဘူး။ ဘာမှရှိလို့ မရဘူး။”

ကိုဝင်းမော် ပထမအကြိမ် ထောင်ကျတုန်းက ကိုမွန်းအောင်ဆိုတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းခွေမှာပါတဲ့ `ဧည့်ဆိုး´ သီချင်း၊ နောက် အေအေပီပီက နောက်ဆုံးထုတ်ခဲ့တဲ့ `ချယ်ရီ´ သီချင်းတို့ ထောင်ထဲမှာ ဖန်တီးဖြစ်ခဲ့တယ်။ အခုကော အဲဒီလို သီချင်းမျိုးကော ထောင်ထဲမှာ ရေးဖြစ်ခဲ့လား။

“ရေးဖြစ်ခဲ့ပါတယ်။ ပထမ တခေါက်တုန်းကတော့ ဂစ်တာတွေ ဘာတွေ သိပ်အဆင်မပြေဘူး။ ကိုယ့်ဘာကိုယ် လုပ်ရတာ။ ဒီတခေါက်တော့ တာဝန်ခံ အရာရှိတွေကို တင်ပြပြီးတော့ သံတွဲမှာ ဂစ်တာတွေ ဘာတွေပါ တောင်းခွင့်ရတယ်။ ထောင်ပိုင်ကိုယ်တိုင်က ဂစ်တာဝယ်ပေးတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဘ၀တူ အကျဉ်းသားတွေကို ပြန်သင်ပေးခွင့် ရခဲ့တယ်။ အဲဒီမှာ ဂစ်တာလေးရှိတော့ ပိုရေးဖြစ်တာပေါ့။”

ဘယ်သီချင်းလဲ။ နာမည်လေး ပြောပြပေးလို့ ရမလား။

“ကျနော် ဒီတခေါက် we shall over come ဆိုတာ မာတင်လူသာကင်းကို ဂုဏ်ပြုထားတဲ့ သီချင်းလေးရှိတယ် မူရင်း။ အဲဒါလေးကို ဘာသာပြန်ပြီးတော့ မြန်မာမှုပြုခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ တောင်ငူမှာတုန်းက Freedom from Fear ဆိုတာကို ကျောင်းသားလေးတွေ ၂ ယောက်၊ ၃ ယောက်လောက် ပေါင်းရေးထားတာ ရှိတယ် အင်္ဂလိပ်လို။ အဲဒါကို ဒီတခေါက် အထဲထဲ ကျမှပဲ မြန်မာမှုလေး ပြန်ပြုပြီးတော့ ရေးစပ်ခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကို မှီငြမ်းထားတာ။ ရှင်သန်လွတ်မြောက်ခြင်းလို့ ပေးထားတယ်။ ဒီဗွီဘီက ၂၀၀၇ တုန်းက တောက်လျှောက်လွှင့်နေတဲ့ ကော်နီ သီချင်းကလည်း တောင်ငူမှာ ရေးခဲ့တာ။ အဲဒါတွေအားလုံးက ပြန်ထွက်မှ အကုန်လုံး အချောလုပ်မှာလေ။ ပထမ ဒီမိုဗားရှင်းတွေပဲ ပေးထားတာတွေက တချို့သူငယ်ချင်း မိတ်ဆွေတွေက တင်ပေးတာ ပေး။ ဖေ့စ်ဘုတ်ပေါ် တင်ပေးတာတင်၊ သတင်းဌာနတွေ ပို့တာပို့၊ အဲလို လုပ်ပေးကြတယ်။”

ဂီတာသမား တယောက်ကနေ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတယောက် ဖြစ်ခဲ့တယ်။ နောက် ဗွီဒီယို သတင်းသမား အဖြစ် ပတ်သက်ပြီး ထောင်တွေကျခဲ့တယ်။ ဘာကြောင့် ဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်ခဲ့ရတာလဲ ခင်ဗျာ။

“တိုတိုလေး ပြောရင်တော့ နိုင်ငံသားတိုင်းက ဒီမိုကရေစီမှာ တာဝန်ရှိကြတာပဲလေ။ ဘယ်သူမဆိုပေါ့။ အဲဒီမှာ ကျနော်တို့ ဂီတာသမား တယောက်မှာလည်း တာဝန်ရှိတာပဲ။ ကျနော်တို့ဆို ဒီဟာကြီးကို ရဖို့တောင်းဆိုမယ်၊ ပူးပေါင်းဆောင်ရွက်ကြမယ်။ တော်လှန်ရေးတွေလုပ်ကြ၊ အဲဒါကြောင့် ဒီအသီးအပွင့်တွေက နောင်တချိန်မှာ ကျနော်တို့ သားစဉ်မြေးဆက် ခံစားရမှာလေ။ လူတိုင်းမှာ တာဝန်ရှိတာပေါ့။ အဲဒီအတွက်ပါ။ ဒါကတော့ တိုတိုလေး ပြောလိုက်တာပေါ့။ ကျနော်တို့ ကိုးကွယ်တဲ့ ရတနာသုံးပါးကို ဦးထိပ်ထားတဲ့ သံဃာတော်တွေကို လမ်းမပေါ်မှာ ရက်ရက်စက်စက် လုပ်နေတာတွေကို ကျနော်တို့ မြင်ရတဲ့အခါမှာ ဒါတွေကျတော့လည်း မခံစားနိုင်ဘူး။ ဒီအတွက် ကျနော်တို့ မီဒီယာအနေနဲ့ ၀င်ရောက် ပါဝင်ပြီးတော့ ဒီဗွီဘီကို သတင်းတွေပေးပို့တယ်။ ဒါက ကမ္ဘာ့မိသားစုကြီးကို သိစေချင်လို့ ကျနော်တို့ လုပ်နေကြတာ။ ကျနော်တို့တွေက သတင်းထောက်သက်သက် လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့က နိုင်ငံအတွက် တာဝန်တခု ထမ်းဆောင်ကြမယ်လို့ လုပ်ကြတာ။ ပိုဆိုးတာက ရတနာသုံးပါးထဲက တပါးကို ရက်ရက်စက်စက် ချေမှုန်းတာကြီးကို ကျနော်တို့ မကြည့်ရက်ဘူး။ ကျနော်တို့ဆို ဗွီဒီယို တည်းဖြတ်လုပ်ရင်းနဲ့ မျက်ရည်တောင်ကျတယ်။ အဲဒီအကြောင်းတွေ သမီးကို ပြောပြတော့ သမီးရဲ့ သမ္မတကြီးထံ အိတ်ဖွင့်ပေးစာထဲမှာ အဲဒီအကြောင်းလေးတွေ ပါလာပါတယ်။”

အစ်ကို ပေးပို့ခဲ့တဲ့ မှတ်တမ်းတွေနဲ့ပဲ ဘားမားဘီဂျေ ရုပ်ရှင်မှတ်တမ်းဆိုပြီး ကမ္ဘာမှာ တော်တော် အောင်မြင်ခဲ့တယ်။ အော်စကာ နောက်ဆုံးစကာတင် အဆင့်တောင်မှ ပါခဲ့တယ်။ ဒါကြောင့်လည်း အစ်ကိုအနေနဲ့ ထောင်ဒဏ်တွေပိုပြီး အပြစ်ပေးခံရတာလည်း ကြားရတယ်။ ဒီအပေါ်မှာ အစ်ကိုအနေနဲ့ ဘယ်လိုမျိုး ခံစားခဲ့ရလဲခင်ဗျ။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အစ်ကိုရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍ

“အဲဒီတုန်းက ကျနော်တို့က ဒီဗွီဘီအတွက် ပြည်တွင်းမှာရှိတဲ့ လူတွေ ရိုက်ကြတဲ့အချိန်မှာ ကျနော်တို့လူငယ်တွေ အုပ်စုလေးတွေ ရှိတယ်။ အကုန် ရိုက်ကြတယ်။ ကျနော်တို့ ကတ်တွေက ရန်ကုန်မှာတော့ အများဆုံးပေါ့။ နေရာလေးတွေ တာဝန်ခွဲပြီး ယူကြတယ်။ မြို့ထဲဆူးလေမှာ ဂျပန်ကြီး သတင်းထောက် အပစ်ခံရတဲ့ ကတ်က ကိုအောင်ကြီးတို့၊ အဲလိုမျိုးပေါ့။ ကျနော်က ဘုရားပေါ်မှာ တာဝန်ယူထားတယ်။ တချို့တွေက ငွေကြာယံဘက်၊ အဲလိုပေါ့။ ဖြစ်နေတဲ့ နေရာတွေမှာ လူစုတွေခွဲပြီး လုပ်ကြတော့ အစိတ်အပိုင်းတွေ အားလုံးက တနည်းတဖုံနဲ့တော့ အဲဒီကတ်တွေ အားလုံးကတော့ ပြန်သုံးထားကြတယ်။ ဆိုလိုတာက အဲဒီအတွက်က တိုင်းပြည်အတွက် လုပ်ကြတာပဲလေ။ အဓိကတော့ စစ်အစိုးရတွေရဲ့ မတရား လုပ်ရပ်တွေကို ကမ္ဘာ့မိသားစုကြီး သိအောင် လုပ်ကြတာပဲ ဆိုတော့ ကောင်းပါတယ်။ အောင်မြင်သွားတယ်ဆိုတာ ကျနော်တို့လည်း ကျေနပ်တာပေါ့။ ကျနော်တို့ကို နှစ် ထပ်တိုးတာတို့၊ နိုင်ငံတော်အစိုးရကနေ ကျနော်တို့ကို ပိုပြီိးအငြိုးတွေ ကြီးသွားတာတို့ ဒါတွေကတော့ ဖြစ်လာလည်း မတတ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ ဒီမှာ ဒီလို ရက်ရက်စက်စက် ကျူးလွန်မှုကြီး တခုက ဖြစ်ခဲ့တယ်ဆိုတာ ကမ္ဘာ့မိသားစုကြီး သိဖို့တော့ အရေးကြီးတယ်လေ။ အဲဒါကြီး သိသွားတယ်ဆိုရင် ကျနော်တို့ တာဝန်ကျေတယ်လို့ အဲလိုခံစားရတယ်။”

နောက်ဆုံး ကျနော်မေးချင်တာက ကိုဝင်းမော်အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာလုပ်သွားမလဲ။ ဂီတသမားအဖြစ်ပဲ ဆက်လက် ရပ်တည်သွားမလား။ ရွှေသံစဉ် တီးဝိုင်းကိုပဲ ပြန်ပြီးတော့ ထူထောင်သွားမလား။ ဒါမှမဟုတ်ရင် ဗွီဒီယို သတင်းထောက်အဖြစ် ရပ်သွားမလား။

“အဓိကတော့ ကျနော်တို့ ပရော်ဖက်ရှင်နယ်က ဂီတပဲလေ။ ဂီတကို ဆက်လုပ်မှာပါ။ ဒါပေမယ့် ဟိုးကတည်းက အောင်မြင်ခဲ့တဲ့ အလင်္ကာဆိုပြီးတော့ ကျနော် တီးခဲ့သေးတာကို၊ ပထမအကြိမ် ပြန်လွတ်လာတော့။ ရွှေသံစဉ်နာမည်ကို သုံးခွင့်မပေးဘူး။ အဲဒီအတွက် အလင်္ကာဆိုပြီး ထောင်ခဲ့တာ။ ခုတော့ တော်တော် ပွင့်လင်းလာပြီဆိုတော့ ကျနော်တို့ ရွှေသံစဉ်နာမည်နဲ့ ပြန်သုံးဖို့ နိုင်ငံရေးလောကက သူငယ်ချင်း မိတ်ဆွေတွေကော၊ ဂီတလောကက မိတ်ဆွေတွေ အားလုံးက တိုက်တွန်းကြတဲ့အတွက် အခု ရွှေသံစဉ်နာမည်နဲ့ လာမယ့် ၂ ရက်နေ့လား၊ ၄ ရက်နေ့လား မသိဘူး။ မျှော်စင်ကျွန်းမှာ မဖြူဖြူသင်းရဲ့ အေအိုင်ဒီအက်စ် ရန်ပုံငွေပွဲကနေစပြီးတော့ ရွှေသံစဉ်နာမည်နဲ့ ပြန်တီးဖို့ လုပ်ထားတယ်။ ဂီတတော့ အဓိက နံပါတ်တစ်ပေါ့။ ကျန်တာတော့ ခဏနည်းနည်းလေး နားချင်သေးတယ်။ မိသားစုနဲ့ နားချင်သေးတယ်။ ကျနော့်အဖေဆိုရင် အသက် ၈၉ နှစ်ရှိပြီ။ ကျနော့်မိဘတွေနဲ့ မိသားစုနဲ့ ခဏနွေးနွေးထွေးထွေး။ သားသမီးတွေနဲ့ ဆိုရင်လည်း ပထမအကြိမ်၊ ဒုတိယအကြိမ် ၂ ကြိမ်လုံးမှာ ၁၀ နှစ်လောက် ခွဲခွာနေခဲ့ရတာဆိုတော့ သူတို့နားမှာ ခဏလောက်တော့ နေပေးချင်တယ်။”

သတင်း....DVB

17 January 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်တွေ့ဆုံမေးမြန်း


နှစ်ထပ်တိုက်အိမ်လေးရဲ့ အ၀င်မှာပဲ ပန်းချီကားတွေကို အဝေးကတည်းက လှမ်းမြင်ရပါတယ်။ ပန်းချီကားတွေနဲ့ အိမ်က ကိုမင်းကိုနိုင်ရဲ့ အိမ်ပဲ လို့ လမ်းညွှန်ခဲ့သူတဦးရဲ့ စကားကိုလည်း ဖျတ်ခနဲ သတိရလိုက်မိတယ်။

ဧည့်ခန်းထဲမှာလည်း ကိုမင်းကိုနိုင်ရဲ့ ဖခင် ပန်းချီဆရာကြီး ဦးသက်ညွှန့်က ဧည့်သည်တွေကို ထိုင်ပြီး ဧည့်ခံနေခဲ့တာ တွေ့ရပါတယ်။

နံရံအနှံ့ချိတ်ဆွဲထားတဲ့ ဆိုဒ်မျိုးစုံနဲ့ပန်းချီကားတွေရယ် ကိုမင်းကိုနိုင်ကို လာရောက်တွေ့ဆုံနှုတ်ဖို့လာကြတဲ့ မိတ်ဆွေသားချင်းတွေရယ်က အိမ်ခန်းထဲမှာ အပြည့်ပါပဲ။

၈၈မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုသက်ဦး၊ ကိုသိမ်းဆွေ၊ကိုကိုကြီးတို့အပြင် အခြားမိတ်ဆွေ နိုင်ငံရေးသမားတွေနဲ့ သတင်းသမားအချို့ကိုလည်း တွေ့ရပါတယ်။

`တနေ့က ကိုမင်းကိုနိုင်လွှတ်တဲ့နေ့တုန်းကသတင်းထောက်တယောက်ရောက်လာပြီး ဘယ်လို ခံစားရလဲလို့မေးတယ်ဗျ။

ကျနော်က ဘယ်လိုမှ မခံစားရပါဘူးဗျာ လို့ ဖြေတော့ကျနော့်မျက်နှာကို သေချာ စိုက်ကြည့်နေလိုက်တာဗျ။ တကယ်ပါ ဖမ်းသွားတဲ့နေ့တုန်းကလည်း အဲလိုပဲ မေးခံရပါတယ်။ တကယ်ကို မခံစားရတာပါ။ သားက သူ့အလုပ်သူုလုပ်နေတာပဲ၊ ကျနော်ကလည်း ပန်းချီဆွဲတော့ ပန်းချီဆွဲတဲ့အလုပ် ပတ္တလားတီးတဲ့ အလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ပါတယ်`လို့ ဆရာကြီးက ရယ်ရယ်မောမောနဲ့ ပြောပါတယ်။

ငွေရောင်ဆံပင်နဲ့ အသားဖြူဖြူ မျက်နှာကျဥပဓိရုပ်ကောင်းလှတဲ့ ပန်းချီဆရာကြီးက ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား ပြောနေတာကို ကျမ လေးစားနှစ်ခြိုက်စွာ ငေးကြည့်ရင်း နားထောင်နေခဲ့တယ်။ သားဖြစ်သူကို လေးစားဂုဏ်ယူတဲ့ ဖခင်တယောက်ရဲ့ စကားတွေဟာ ကျမတို့အတွက်တော့နားဝင်ချိုလှပါတယ်။

`သူက မနေ့ကလည်း ခရီးပန်းပြီး အိပ်ရာဝင်တာနောက်ကျတော့ သူအိပ်ရာထ နောက်ကျလိမ့်မယ် ထင်ပြီး သမီးတို့ကို အဘက မနက် ၉နာရီလောက်လို့ ပြောလိုက်တာ။ သူက ဒီမနက် အစောကြီး နိုးတယ်ဗျာ၊ မနက် ၆နာရီကတည်းက နိုးနေတယ်လေ`လို့ ပန်းချီဆရာကြီးက သားဖြစ်သူရဲ့ လုံ့လကို ပြောပြပါတယ်။

တအိမ်လုံးနံရံတွေမှာ အပြည့်ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေအပြင် စင်တွေမှာ အရွယ်စုံတင်ထားတဲ့ ပန်းချီကားတွေကလည်း အများကြီးပါ၊ ကျမတွေ့ဖူးတဲ့ ပန်းချီဆရာကြီးတွေထဲမှာတော့ ပန်းချီကားအများဆုံး ပန်းချီဆရာကြီးပါပဲ။ ပြီးတော့ ရှု့ခင်းပုံတွေကို အများကြီး ဆွဲထားတာ တွေ့ရပါတယ်။

ပန်းချီဆရာကြီးနဲ့စကားပြောခွင့်ရနေတုန်းမှာပဲ အစိမ်းရင့်ပေါ်မှာ ကွက်စိတ်အစိမ်းကွက် စိတ်စင်းလေးတွေပါတဲ့ရှပ်စ်အကျီာင်္လက်တိုနဲ့ကချင်ပုဆိုးဝတ်ထားပြီးအပေါ်ဝတ် ဝေ့စကုတ်အဖြူရောင်ထပ်ဝတ်
ထားတဲ့ ကိုမင်းကိုနိုင်က ဧည့်သည်များရှိရာ ဧည့်ခန်းထဲကို ရောက်လာပါတယ်။

ဧည့်သည်တွေနဲ့တယောက်ချင်း ရင်းရင်းနှီးနှီးပြောဆိုနေတဲ့ ကိုမင်းကိုနိုင်ကို ကျမတို့လည်းငေးကြည့်နေမိတယ်။ သူ့သတင်းတွေ၊ သှူု့ဓါတ်ပုံတွေကို မြင်ဖူးတာကလွဲလို့ ခုလို အပြင်မှာ တခါမှလည်း တွေ့ဖူးတာ မေးခွန်းမေးဖူးခဲ့တာမရှိပါဘူး။

သို့သော်လည်း သူ့အကြောင်းရေးထားတဲ့စာတော်တော်များများကို ကျမ ဖတ်ခဲ့ဖူးပါတယ်။ ခုလည်း သူ့ကိုမြင်ရတာ ကျမနှင့်စိမ်းနေသလို မခံစားရပဲ ရင်းနှီးသလို ရှိနေခဲ့တယ်။

သူ့မိတ်ဆွေတွေနဲ့ရွင်လန်းစွာပြုံးရင်း စကားပြောနေတဲ့ အမူအရာက အမြဲတွေ့နေကြ မိတ်ဆွေတွေနဲ့ တွေ့ဆုံနေသလိုမျိုးပဲ အေးအေးဆေးဆေးနှင့်တည်တည်ငြိမ်ငြိမ်ရှိလှပါတယ်။ သူကို ကြည့်ရင်း မြန်မာ့နိုင်ငံရေးလောကရဲ့ လောကဓံကို ဖြတ်သန်းရင်ဆိုင်ခဲ့တဲ့ သူတယောက်ရဲ့ လေးနက်တည်ငြိမ်မှုနဲ သိမ်မွေ့မှုတို့ကို တွဲယှက်ပြီး မြင်တွေ့နေရတယ်လို့ လည်း ထင်မှတ်မိပါတယ်။

တိုင်းပြည်အတွက် သူ့ဘ၀တခုလုံး ပေးဆပ်ခဲ့တဲ့၊ပေးဆပ်နေတဲ့ သူ့လုပ်ရပ်ကို ပြည်သူတွေ ချစ်ကြသလို၊ သူ့ရဲ့ ရိုးသားမှု၊ တည်ငြိမ်လေးနက်မှု၊ သိမ်မွေ့အေးဆေးမှုကလည်း ပြည်သူတွေကို ချစ်စေခဲ့ပါလိမ့်မယ်။

ကျမသူ့ကို စမေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ကျမစပြီးမေးလိုက်မိတဲ့ မေးခွန်းက ကျမစိတ်အ၀င်စားဆုံးဖြစ်တဲ့ မေးခွန်းပါ။

`အကိုရေးတဲ့နောက်ကြည့်မှန်၊အဲဒီဝတ္ထုဖတ်ပြီးတော့အကိုစာရေးကောင်းလိုက်တာလို့အသိအမှတ်ပြုလိုက်ရ
တယ်၊ အဲဒီဝတ္ထုကို တညတည်းနဲ့အပြီးဖတ်လိုက်တာ၊ ဖတ်ပြီးတော့လည်း စိတ်မကောင်းဖြစ်ရသေးတယ်`လို့ ပြောလိုက်မိပါတယ်။

`အဲဒီဝတ္ထုက ဒီလိုဗျာ၊ကျနော်အသက် ၂၀လောက်တုန်းက ရေးထားတာ တော်တော်ကြာပြီ၊ ငယ်လက်ရာကြီး ဖြစ်နေတယ်၊တော်တော်ကလေးဆန်ပါတယ်ဗျာ`လို့ ပြောတော့ ကျမက `ဒါပေမဲ့ ၀တ္ထုကောင်းပါ ကောင်းပါတယ်`လို့ ဆက်ပြောတော့ သူက အသံထွက်ပြီး ဟားဟားနဲ့ ရိုးသားစွာ ရယ်နေသေးတယ်။

တကယ်တော့ `နောက်ကြည့်မှန် `] ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုမင်းကိုနိုင်ရေးခဲ့တဲ့ ၀တ္ထုကို ကျမက ၂၀၀၉၊ ၂၀၁၀ ခုနှစ်လောက်တုန်းက အွန်လိုင်းပေါ်ကနေ E.book အနေနဲ့ ဖတ်ခဲ့ရတာပါ။ ည ၉နာရီလောက်ကနေစဖတ်ခဲ့တာ၊ ဖတ်လို့ကောင်းလွန်းလို့ ဆက်ဖတ်ချင်တာနဲ့ပဲ ဆက်ဖတ်ခဲ့တာ ဖတ်ရင်း မိုးလင်းသွားခဲ့တဲ့ ၀တ္တုတပုဒ်လို့လည်း ပြောလို့ရပါတယ်။ ကျမတို့ သူ့ဝတ္ထုဖတ်နေချိန် သူက ထောင်ထဲမှာလို့လည်း တွေးမိပြီး စိတ်မကောင်းစွာနဲ့ ဖတ်ခဲ့ရတဲ့စာလို့လည်း ပြောနိုင်ပါတယ်။

``၀တ္ထု၊ ကဗျာ ရေးဖို့ကော အစီစဉ်ရှိလားအကို`လို့ ကျမ ဆက်မေးမိပါတယ်။

`၀ါသနာအလျောက်လုပ်ထားတာပါ၊ ကျနော်နောက်ထပ် ရေးပြီးသားတွေကို ရှိတယ်။ ဒါပေမဲ့ အိမ်တအိမ်မှာ ၀င်ဖမ်းတုန်းက သူတို့က လူကိုမရတဲ့အခါမှာ အဲဒီစာမူတွေအကုန်ယူသွားရောဗျာ၊ ကျနော် ပြန်တောင်းဖို့ရှိတယ်ရအောင်ပြန်တောင်းဖို့တော့ ကြိုးစားကြည့်ဦးမယ်၊ အများကြီး ရေးထားတာရှိတယ်။ အနုပညာသက်သက်တွေပါ`လို့ ကိုမင်းကိုနိုင်က ဖြေပါတယ်။

အဲဒီမေးခွန်းအပြီးမှာတော့ကိုမင်းကိုနိုင်သရက်ထောင်ကနေထွက်လာပြီးနောက်ပိုင်းမှာ သူ့နဲ့ပြည်သူလူထု တိုက်ရိုက်ထိတွေ့ကြတဲ့ အနေအထားတွေနဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ပါတယ်။

ဇန်န၀ါ၇ီလ ၁၂ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သရက်ထောင်ကနေပြန်လွတ်လာတဲ့အချိန် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ သတင်းထောက်တွေနဲ့ပြည်သူလူထုပေါင်းများစွာဟာ မင်းကိုနိုင်ကို သွားရောက်စောင့်ကြည့်ကြိုဆိုခဲ့ကြတာပါ။ ဒါ့အပြင် ကိုမင်းကိုနိုင်ရဲ့ ရန်ကုန်အပြန်ခရီးစဉ်တလျှောက်က မြို့တွေမှာ ဒေသခံ ပြည်သူတွေက ကိုမင်းကိုနိုင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို လူထုအတွက် စကားတွေလည်း ပြောဆိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်က ခုလို ပြောပါတယ်။

`ကျနော့်အတွေ့အကြုံအရ ပြောရရင် ကျနော့်အနေနဲ့တော့ နှစ် ၂၀နောက်ပိုင်းမှာပြည်သူတွေနဲ့ ပြန်ပြီးထိတွေ့ခွင့်ရခဲ့တာပါ၊ ဟုတ်ပါတယ် လူတွေရဲ့ နိုးကြားလာမှု၊ ထပ်ပြီးတော့မျှော်လင့်ချက်တွေ ခိုင်မာလာမှုနဲ့စိတ်အားပါမှုကတော့ နှစ် ၂၀ ကျော်မှ ပြန်တွေ့ရတာပါ`လို့ကိုမင်းကိုနိုင်က ဖြေပါတယ်။

၈၈ ခုနှစ်အလွန်ကာလနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်အချိန်၊ ၅နှစ်ကျော်ခန့် နှစ်တွေဝန်းကျင်တုန်းကတော့ ပြည်သူလူထုဟာ ကိုမင်းကိုနိုင်ကို ကြိုဆိုဖို့မပြောနဲ့ကိုမင်းကိုနိုင်ရဲ့ အကြောင်းကိုတောင် ခဟဟ မပြောရဲခဲ့တဲ့ အနေအထားတခုကို မြန်မာပြည်သူတွေ ကျရောက်ခဲ့ကြရပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကာလတွေမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုသာမက သူတို့နဲ့ပတ်သက်နေတဲ့သူတွေ၊အားပေးခဲ့တဲ့သူတွေကိုပါဖမ်းဆီးခံခဲ့ကြရတဲ့အတွက် ပြည်သူတွေဟာ နိုင်ငံ
ရေးဆိုတာ ကြောက်စရာတခုလို အသိအမြင်တခုကို နှစ်၂၀ကျော်ကြာအောင်ကြုံခဲ့ရပါတယ်။

၂၀၁၀ရွေးကောက်ပွဲအပြီး အရပ်သား အစိုးရတက်လာ ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ပေးခဲ့ပြီးပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြည်သူလူထု ရဲ့ နိုးကြားမှုဟာလည်း ပြန်လည်စတင်လာခဲ့ပါတယ်။ ခုလို ကိုမင်းကိုနိုင်အပါအ၀င် မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရခေါင်းဆောင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးလိုက်ပြီး ဒီမိုကရေစီအစိုးရအသွင် ကူးပြောင်းနေတဲ့အစိုးရကလည်း သူ့ရဲ့စတင်ပြောင်းလဲမှုတွေကို ပြသနေခဲ့ပြီလို့ ကျမကတော့မြင်မိပါတယ်။

`အနှစ် ၂၀ ကျော်လောက်ပေးဆပ်ထားရတာတွေဟာ အလဟဿ မဖြစ်ပါဘူးလေ။ မပြောင်းလို့မရပါဘူး။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က သဘောပေါက်ကြပြီလို့ ကျနော်ထင်ပါ၊ သဘောပေါက်လို့လည်း ပြောင်းဖို့ ကြိုးစားနေတဲ့သူတွေ ရှိပါတယ်`လို့ကိုမင်းကိုနိုင်က အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခုအဖြစ်ပြောင်းလဲနေချိန်ဖြစ်ပေမဲ့ အချို့ခေတ်နောက်ပြန်ဆွဲစေတဲ့ အကြောင်းအရာအချို့ကိုလည်းတွေ့မြင်နေရဆဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာလည်း အဓိကဦးစားပေးပြီး

မဖြစ်မနေဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေ ဖြစ်လာကြောင်း ကိုမင်းကိုနိုင်က သုံးသပ်ပြောဆိုပါတယ်။

`အဟောင်းကိုဆင်ပြီး ဖက်တွယ်ချင်တဲ့ အင်အားစုတွေရှိနေသလိုရှိနေလို့ကတော့ မြန်မာ့ ဒီမိုကရေစီရေးက လိုသလောက်ခရီးမရောက်သေးဘူးပေါ့ဗျာ`လို့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။

ဒါ့အပြင် ကိုမင်းကိုနိုင်ကို လက်ရှိ မြန်မာ့မီဒီယာနဲ့ပတ်သက်တဲ့သူ့အမြင်ကိုလည်း မေးမြန်းခွင့်ရခဲ့ပါတယ်။

ပြည်တွင်းမှာ ရေးသားထုတ်ဝေနေကြတဲ့ ဂျာနယ်တွေမှာ အများဆုံးတွေ့မြင်နေရတာက ဘက်မျှမှုမရှိတဲ့အနေအထားတွေကို တွေ့မြင်နေရကြောင်း မီဒီယာအနေနဲ့ဘက် မျှအောင် ရေးသား ထုတ်ဝေဖို့လိုအပ်ကြောင်းကိုသူက ပြောဆိုပါတယ်။

`ကျွန်တော်တို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဘက်နှစ်ဖက်မျှအောင် ရေးရမယ်။ ဘက်နှစ်ဖက်လုံးကိုတင်ပြမှသာ စာဖတ်သူက ရွေးချယ်လို့ရမှာပါ။ တဖက်ကိုပဲ ဖော်ပြခွင့်ရတဲ့အပေါ်မှာ ကျေကျေနပ်နပ်ကြီး လုပ်နေကြတဲ့ မီဒီယာတွေဟာ ဒီကနေ့ နဲနဲလေး လူးသာလွန့်သာရှိလာပြီ။ ဒါပေမယ့် အရင် အတွေးအခေါ်၊ အရင်စိတ်ဓါတ်တွေနဲ့တော့ မလုပ်ကြပါနဲ့လို့ အနှုးအညွှန့်မေတ္တာရပ်ခံပါတယ်။ ရဲရဲတင်းတင်း ဘက်ပေါင်းစုံကနေ ဖော်ပြပေးကြပါ။ ကျွန်တော်တို့ အပေါ် မကောင်းမြင်တဲ့ ကိစ္စတွေရှိရင်လည်း ဖော်ပြကြပါ။ အရေးကြီးတဲ့ တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘက်နှစ်ဘက်စလုံးက အတွေးတွေ၊ အမြင်တွေကို ထည့်ရေးပေးစေချင်ပါတယ်။ အလုပ်လို့ရအောင်လည်း မီဒီယာတွေကို ကြိုးစားစေချင်တယ်။ ကျန်တဲ့ အခွင့်အရေးတွေ ကိုတော့ ကိုယ်တိုင်ဖန်တီးဖို့သင့်ပါပြီ။ ပြည်သူတွေဘ၀တွေ အသက်တွေပေးပြီးတော့ရလာတဲ့ အခွင့်အရေးတွေပါ။ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာသမားတွေ အားစိုက်ခွန်စိုက်လုပ်ကြပါ။ တကယ်ဘက်မျှတယ်ဆိုရင် ပြည်သူက ထမင်းမစားပဲ အဲ့ဒီ ဂျာနယ်ကို ၀ယ်ဖတ်ကြမှာပါ။ သေချာပါတယ်၊ တခြားဟာတွေကိုလွှတ်ပြီးအဲဒီသတင်းဌာနကိုကြည့်ကြမှာပါ။ ပြည်သူတွေကိုစိတ်ချပါ။မီဒီယာတွေသာတာဝန်
ကျေဖို့လိုပါတယ်။ကျွန်တော်ဒီလောက်ပဲ ပြောချင်ပါတယ်`တဲ့ အေးအေးဆေးဆေးနဲ့ ပြတ်ပြတ်သားသားပြော
ပါတယ်။

ပြည်သူတွေသူ့နောက်ကနေ တကောက်ကောက်လိုက်ပြီး ချစ်ရ၊အားကိုးရလောက်တဲ့ သူတယောက်ကို ကျမ အင်တာဗျူးလုပ်ရင်း ငေးကြည့်နေမိပါတယ်။ သူဟာ မီဒီယာဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်လို့ နားလည်ထားတဲ့သူ၊ သတင်းသမားတွေကို မျှတစေချင်တဲ့ နိုင်ငံရေးသမားပါ။

အသားညိုညို၊မျက်နှာပြည့်ပြည့်နဲ့မာန်မရှိသောအကြည့်နဲ့၊ အေးချမ်းသိမ်မွေ့ပေမဲ့ ပြတ်သားတဲ့ ပြောအဆိုတို့
ကို တွေ့ရပါတယ်။ အနုပညာသမားတယောက်ရဲ့ သိမ်မွေ့မှုမျိုးနဲ့ပြတ်သားဖြောက့်မတ်မှုကိုလည်း သူ့ရဲ့အဖြေစကားတွေကနေ ကျမကြားနေရပါတယ်။

ပြီးတော့ သူဟာ ထင်ပေါ်ကျော်ကြားလှ တဲ့ နိုင်ငံရေးသမား တဦးဖြစ်ပေ မဲ့ ပြည်သူနဲ့တသားတည်းဖြစ်နေတဲ့ ခေါင်းဆောင်တယောက်ဖြစ်နေပြန်တယ်။ သူ့ရဲ့အနေအထိုင် အပြောအဆိုဟာ သိပ်ကို ရိုးရှင်းလှပါတယ်။ သာမန်လူတယောက် လိုပဲ ပြောဆိုပြုမူနေ ထိုင်နေတာကို တွေ့ရတော့ ကျမသူ့ကို ပိုပြီး လေးစားမိပါတယ်။

`အရပ်သားအစိုးရ တက်လာချိန်မှာနိုင်ငံတော်သမတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာနိုင်တယ်လို့ ပြောဆိုခဲ့တာရှိ
ပါတယ်။ အဲဒီပေါ်မှာကို အကိုဘယ်လိုမြင်မိပါပြီလဲ၊ တကယ်ပဲ စိတ်ချလက်ချပြန်လာလို့ရနိုင်တဲ့အနေအထားရောက်ပြီလို့ မြင်ပါသလားရှင့်လို့ကျမ မေးလိုက်မိပါတယ်။

“ပြည်တွင်မှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်ုသေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ ဒါမျိုးက သမ္မတ တစ်ယောက်ရဲ့အမိန့်တရပ်ကိုထုတ်ပြန်ပြီးတော့ ကျကျနနထုတ်ပြန် ပြဋ္ဌာန်းလေးဖြစ်စေချင်တယ်။ ခရီးသွား ဟန်လွဲ စကားစပ်မိလို့ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမ၀င်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ဖော်ပြမူလဲမတွေရဘူး။ နောက်ပြီးတွေ ကိုသဘောနဲ့ကို တစ်ဦချင်းကို ဒီလူတော့ဝင်လိုရတယ် ဒီလူတော့ဝင်လို မရဘူးလို့ ကျနော်တော့ ခံစားရတယ်နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့အခွင့်အရေးမျိုး ဒီမှာ ရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့အမိန့်ထုတ်ဲပြန်ပြီးတော့ကိုယ့်မိသားစုဝင်တွေကိုကြိုဆိုတယ်ဆိုတာ မျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ် အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ`လို့ကိုမင်းကိုနိုင်က ဖြေဆိုပါတယ်။

သူ့ကို မေးဖို့ မေးခွန်းတွေကို သူလွတ်တဲ့နေ့ကနေစပြီး ထုတ်လာခဲ့တာ ကျမမှာ မေးခွန်း ၄၀လောက်ထိ ရှိနေပါတယ်။ ဒါပေမဲ့ သူ့ကိုတွေ့ဆုံဖို့ စောင့်နေကြတဲ့ သူတွေကလည်း အယောက် ၂၀ထက်မနည်းရှိနေပါတယ်။ ခရီးပန်းလာတဲ့ သူ့ကိုလည်း အားနာမိတာရယ်၊ စောင့်နေတဲ့သူတွေအပေါ်မှာလည်း အားနာစိတ်ရယ်ကြောင့် မေးခွန်းတွေကို အစသတ်လိုက်ရပါတယ်။

တကယ်လို့များ နောက်ထပ်တကြိမ်တွေ့ဆုံမေးမြန်းခွင့်ရခဲ့မယ်ဆိုရင်တော့ ကျန်တဲ့မေးခွန်းတွေကို ကျမ ဆက်မေးဖြစ်ဦးမှာပါ။

ပြန်ကာနီးမှာတော့ကျမသူ့ကို အကိုဝတ္တုတွေ၊ ကဗျာတွေ ရေးတာကို ဖတ်ချင်ပါသေးတယ်လို့နှုတ်ဆက်ရင်း ပြောလိုက်ပါတယ်။

တကယ်တော့သူဟာလည်း အနုပညာအားကောင်းတဲ့ နိုင်ငံရေးသမားတယောက်လို့ ကျမကတော့ မြင်မိပါတယ်။ သူရဲ့ နိုင်ငံရေး အနုပညာနဲ့ မြန်မာပြည် ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း သူ့အပေါ် ယုံကြည်မိပါနေတယ် ရှင်။


သတင်း.....မြစ်မခ မီဒီယာ

15 January 2012

ဘူးသီးတောင် ထောင်မှ လွတ်လာသူ ၈၈မျိုးဆက်ကျောင်းသားကိုဋ္ဌေးကြွယ်နှင့် တွေ့ဆုံခြင်း


ဇန်န၀ါရီလ ၁၂ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာသော ကိုဋ္ဌေးကြွယ်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်အချိန်ခန့်တွင် သူ၏ နေအိမ်၌ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။



မေး။ ။ ထောင်ကျခဲ့ရတာနဲ့ ထောင်ထဲမှာ ကြုံခဲ့ရတဲ့ အနေအထားလေး ပြောပြပေးပါ။

ဖြေ။ ။ ထောင်ထဲကကြုံခဲ့ရတဲ့ အခြေအနေတွေကတော့ အများကြီးပေါ့ (၂၀၀၇) ရွှေဝါရောင်သံဃာ့အရေးအခင်း လှုံ့ဆော်ခဲ့ မှု့တွေနဲ့ ပတ်သတ်ပြီးတော့ ထောင်ကျခဲ့ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ပေါ့၊ (၆၅)နှစ်နဲ့ (၆)လ ကျပါတယ်။ ပုဒ်မတွေကတော့ တပ်ချင်တာတွေတပ်နေတာပါပဲ၊(၆)လ ဆိုတာကတရားရုံးမှာ သူတို့ကို ပြန်လှန် မေးခွန်းထုတ်မှု့နဲ့ပါ၊ကိုမင်းကိုနိုင် အပါအ၀င် (၉)ယောက်ဟာ တရားရုံးကို မထေမဲ့မြင်မှု့ ဆိုပြီးတော့ (၆)လထပ်တိုးပါတယ်။



မေး။ ။ ခုလွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ်ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အခု လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသား အပါအ၀င် အဓိက ခေါင်းဆောင် တော်တော်များများပါလာ ပါတယ်။ ခုလိုလွှတ်ပေးခြင်း အပေါ် ၀မ်းသာတယ် ဆိုတာထက် ဒီလွှတ်ပေးမှု့ရဲ့ရလဒ်ကနေ ပေါ်ပေါက်လာမယ့် တိုင်းပြည်ရဲ့ကောင်းကျိုးတွေအတွက် ပိုပြီးတော့ ၀မ်းသာပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာရော ကောင်းတဲ့ ရလာဒ်ပါ။





မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတဲ့ အတွက် ဖြစ်လာနိုင်သော နိုင်ငံရေး အပြောင်းအလဲ။

ဖြေ။ ။ စပါပြီ၊ ပြောင်းလဲမှု့တွေ စပြီလို့တော့ ပြောလို့ရတယ်။



မေး။ ။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေနွေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

တွေ့ဆုံဆွေနွေး၊ အဖြေရှာခြင်းဟာ ကောင်းတဲ့အလုပ်ပါ။ အဲဒီကနေပြီးတော့ ခုလို ရလဒ်တွေ ဆက်တိုက်ထွက်လာတယ်။ ကွာခြားတာက အုပ်ချုပ်ပုံ စနစ်ပြောင်းပြီဆိုတဲ့ဟာကို သတိထားဖို့လိုပါတယ်။ ဟိုတုန်းက စစ်အစိုးရပေါ့။ စစ်အစိုးရရဲ့ဝန်ကြီးချုပ် ဦးသိန်းစိန်၊ အခု ပြည်သူကိုတာဝန်ခံရတဲ့ ဦးသိန်းစိန် နဲ့ အနှစ်သာရခြင်းလည်း မတူပါဘူး။ အသွင်သဏ္ဍာန်ခြင်းလည်းမတူပါဘူး။



မေး။ ။ ဒီမိုကရေစီ နိုင်ငံစစ်စစ်ဖြစ်ဖို့အတွက် ဘယ်အပိုင်းတွေကို အရင်ဆုံး ပြုပြင်သင့်ပါသလဲ။

ဖြေ။ ။ တခွန်းတည်းပြောပြရရင်တော့ တရားမျှတရေးပေါ့။ ဒီကြားထဲမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှု့ရေးတွေမှာ တရားမျှတမှု မရှိဘူး ဆိုရင် ဒီလိုနိုင်ငံကို ဒီမိုကရေစီ ပေးလို့ကိုရမှာမဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာ ပေးပါပေးပါ ဆိုပြီးတောင်းနေရတဲ့ ကိစ္စမဟုတ်ပါဘူး။ကျွန်တော်တို့ နိုင်ငံသားတွေ လက်တွေ့ကျင့်သုံးဖို့လိုပါတယ်။နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးဘာလဲဆိုတာ သိနေရမယ်။ဒီအခွင့်အရေးကို ရယူပြီးတော့ ထိန်းသိမ်းနိုင်စွမ်းလည်း ရှိရပါ့မယ်။ ကိုယ်ကအခွင့်အရေးတော့လိုချင်တယ်။ တာဝန်ယူပြီး မလုပ်ဘူးဆိုရင်လည်း မဖြစ်ပါဘူး။ တာဝန်ခံပြီး၊ တာဝန်ယူပြီး တွဲသွားရမယ်။ အဓိကအားဖြင့် တရားမျှတရေး ရှိမှ ဖြစ်မှာပါ။



မေး။ ။ လက်ရှိ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကို ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေက နိုင်ငံရေးနဲ့ ပတ်သတ်ရင်တော့ အရမ်းနိုးကြားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံ အားလုံး မှာ မြန်မာ ပြည်သူတွေလောက် မတရားမှု့ကိုကျင့်သုံးနေတဲ့ အစိုးရတွေကို စိန်ခေါ်ခဲ့တဲ့ နိုင်ငံ တနိုင်ငံမှ မရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်လို့ ရခြင်ရမယ်၊ ဒါပေမယ့်လို့ ဒီပြည်သူတွေရင်ထဲက အမှန်တရားကို ချစ်တဲ့စိတ်၊ လွတ်လပ်ချင်တဲ့စိတ်၊ လွတ်လပ်မှု့ကို မြတ်နိုးတဲ့စိတ် ဒါတွေကိုတော့ ဖိနှိပ်လို့ မရပါဘူး။ ဒါကို သူရယ် ကိုယ်ရယ်လို့ စဉ်းစားမနေပဲနဲ့ အစိုးရကလည်း အစိုးရအဖွဲ့အစည်းတွေရော အခု နိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ အင်အားစုအားလုံး အသီးသီးဟာ တသားတည်း ခံစားပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အားလုံးစုပေါင်းပြီးတော့ ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။



မေး။ ။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဘာတွေလုပ်ပေးဖို့ ရှိနေပါသလဲ။

ဖြေ။ ။ နိုင်ငံရေး အရအကျဉ်းကျခံခြင်းဆိုတာက နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးပြစ်မှု့ ဆိုပြီးတော့ အကျဉ်းကျခံခြင်းဟာ တိုင်းပြည်မှာ မမျှတတဲ့ စနစ်တွေ ဖြစ်လာတဲ့ အခါမျိုးမှာ စနစ်ရဲ့ သားကောင်တွေ ဖြစ်လာတယ်။ အခု ဗိုလ်ချုပ်ခင်ညွှန့် တချိန်တုန်းက မဟုတ်တဲ့ စနစ်ကို သူတို့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲ့စနစ်က အသားထဲ အသက်လည်း ၀င်သွားတဲ့ အခါမှာ အဲ့ဒီ စနစ်ရဲ့ သားကောင်အဖြစ် ပြန်ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အုပ်ချုပ်ခံရသူတွေပဲ သက်ရောက်တာမဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူတွေ အပေါ်မှာလည်း သက်ရောက်ပါတယ်။ အဲ့လိုမျိုး အခြေအနေတွေပေါ့လေ၊ ဟိုတုန်းကတော့ အာဏာပိုင်စနစ်၊ အဲ့ဒီ အခြေနေတွေကနေခု စနစ်တစ်ခုလုံးပြောင်းနေပြီ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ နိုင်ငံရေး ပုံစံ ပြောင်းနေပြီ၊ ပြောင်းနေပြီ ဆိုတဲ့ အချိန်မှာ နိုင်ငံရေးကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေ မရှိသင့်တော့ဘူး။ စနစ်သစ်ကို လုပ်မယ်ဆိုရင်လည်း တကယ့် အသစ်ပဲဖြစ်စေချင်တယ်။ အဟောင်းကို ပုံစံပြင်တာမျိုး မဖြစ်စေချင်ပါဘူး။ ခုထောင်ထဲမှာ ကျန်နေသေးတယ်။ မလိုအပ်တော့ပါဘူး။ အစိုးရကို ပြောချင်တာက လွှတ်ပေးလိုက်ပါတော့။ မျှတတဲ့နိုင်ငံကို အားလုံး ၀ိုင်းဝန်းပြီးတော့တည်ဆောက်ကြမယ် လို့ပဲ ပြောချင်ပါတယ်။



မေး။ ။ ခုလက်ရှိ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် တကယ်ဖွံ့ဖြိုးသွားတဲ့ နိုင်ငံတွေရဲ့ထူထောင်ရေးတွေကို ပြန် ကြည့်ကြည့်၊ဘယ်နိုင်ငံမှာ မဆို မီဒီယာ လွတ်လပ်ခွင့်ဆိုတာရှိတယ်။ ဖွံ့ဖြိုးမှု့နဲ့ မီဒီယာဆက်စပ်မှု့ဟာ တသားတည်းလို့တောင် ပြောလို့ရတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ စစ်ရောကြေးတွေ တပုံတပင်နဲ့ တိုင်းပြည်ကို ပြာပုံထဲကနေ ပြန်ပြီးတော့ ရုန်းရတယ်။ အဲ့ဒီ နိုင်ငံဟာကမ္ဘာပေါ်မှာ တခုတည်းသော အနုမြူးဗုံးချခြင်းခံရတဲ့ နိုင်ငံ၊ တိုင်းပြည်က စစ်ရောကြေးတွေနဲ့ ပိနေတယ်။ နေ့တိုင်း ဆန္ဒပြပွဲတွေ ဖြစ်နေတယ်။ နိုင်ငံရေးပါတီ ရာကျော်ရှိနေတယ်။ အဲဒီအချိန်မှာ အာဏာရထားတဲ့ (LPP) ပါတီကလည်းရှိနေတယ်။ မီဒီယာတွေဟာ အစိုးရရဲ့ အခက်အခဲတွေကို ဖော်ပြတယ်၊ စစ်ရောကြေးဘယ်လောက်ရှိနေပြီ၊ ဘယ်လောက်ကြပ်တည်းမှု့ရှိနေပြီ၊ ဒါတွေတိုင်းပြည်ကို သိအောင်ပြောသလို၊ လူထုရဲ့အခက်အခဲတွေ အလုပ်လက်မဲ့နှုန်းတွေ ဘယ်လောက်ရှိနေပြီ၊ ငတ်ပြတ်နေတယ်၊ ဆင်းရဲနေတယ်ဆိုတဲ့ အခြေအနေတွေ ကိုလည်း အစိုးရသိအောင် ပြန်ပြောတယ်၊ မတရားမှု့တွေကိုလည်း ဒီအစိုးရသိမှဖြစ်မယ်၊ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ လူထုရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် မောင်းထိုးပေးရတဲ့ ကိစ္စပါ မီဒီယာလွတ်လပ်ခွင့်ဟာ ခုထက်ပိုပြီးတော့ လွတ်လပ်ဖို့လိုပါတယ်၊ မီဒီယာ လွတ်လပ်ခွင့်ကြောင့် တိုင်းပြည်ဟာကောင်းဖို့ပဲရှိတယ်၊ ဆိုးဖို့မရှိဘူးဆိုတာ ခုအုပ်ချုပ်ရေး အပိုင်းမှာရှိနေတဲ့ သူတွေ ပိုပြီးတော့ သိဖို့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။



မေး။ ။ ပြည်သူတွေကို ပြောချင်တဲ့ စကားလက်ဆောင်လေး ရှိရင်လည်းပြောပေးပါဦး။

ဖြေ။ ။ တိုင်းပြည်က အပြောင်းအလဲတွေကို တကယ်သွားနေပါပြီ။ လူထုကလည်း ၀ိုင်းဝန်းပြီးတော့ ပူပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်။



“ဟုတ်ကဲ့ ကိုဌေးကြွယ်ကိုလည်း ကျွန်တော်တို့ ရွှေမြစ်မခက ကျေးဇူးတင်ပါတယ်။”

သတင်း......မြစ်မခမီဒီယာ

ဘားအံထောင်မှ လွတ်မြောက်လာသူ နေဘုန်းလတ်နှင့် အင်တာဗျူး


အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော အိုင်တီ ဘလော့ကာ နေဘုန်းလတ်သည် ဇန်န၀ါရီလ ၁၄ရက်နေ့တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အဖွဲ့ချုပ်အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံ နှုတ်ဆက်စဉ် မေးမြန်းဖြစ်ခဲ့ပါသည်၊



မေး။ ။အကိုထောင်ကလွတ်တဲ့အခါမှာရော အကို့တို့ကို ပုဒ်မ ၄၀၁ နဲ့ပတ်သက်ပြီး ၀န်ခံကတိ ထိုးခိုင်းတာရှိပါသလား။

ဖြေ။ ။ကျွန်တော်တို့ကို ၄၀၁ အပိုဒ်တစ်ကို ဖတ်ပြတယ် ။ အဲ့ဒီ ၄၀၁ အပိုဒ်တစ်အရ နောက်ထပ်အဖမ်းခံရတဲ့အခါ အကြွေးဆပ်ရမယ်ဆိုတာကို သမ္မတအမိန့်ဆိုပြီးဖတ်ပြတယ် လက်မှတ်ထိုးခဲ့တာတော့ မရှိခဲ့ပါဘူး။ အဲ့ကိစ္စကတော့ ကသိကအောက်ဖြစ်စရာပဲ ကျန်တာကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။



မေး။ ။လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အပေါ်မှာရော အကိုဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ်လာလို့ပျော်ပါတယ်။



မေး။ ။ဘယ်နှစ်ခုနှစ် ထိန်းသိမ်းခံရတာပါလဲ။ဘယ်နှစ်နှစ်လောက် ကျခဲ့တာပါလဲ။

ဖြေ။ ။၂၀၀၈ ဇန်န၀ါရီ ၂၉ မှာ စပြီး ထိန်းသိမ်းခံရတယ် ကျွန်တော် အနှစ် နှစ်ဆယ် နဲ့ ခြောက်လ ကျတယ်။အယူခံ ၀င်တာ ၈ နှစ်နဲ့ ၆လ ပြုတ်သွားတော့ ၁၂ နှစ်ကျန်တယ်။ ပုဒ်မက ၃၀၂ (ခ)/ ၃၆ ၃၃(က) ၊ ၅၀၅(ခ)နဲ့ကျွန်တော်ကျခဲ့တာပါ။



မေး။ ။ရှေ့ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။နိုင်ငံရေးတာ့ ဆက်လုပ်မယ် ဘယ်လိုပုံစံနဲ့ ဆက်လုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး အိုင်တီသမားတစ်ယောက်အနေနဲ့ ကျွန်တော် ဘလော့ဆက်ရေးမယ်။ ဖေ့ဘုတ်အကောင့်လဲ ဖွင့်ထားတယ် ဖေ့ဘုတ်မှာလဲ တင်မယ် ဖြစ်နိုင်ရင် ကျွန်တော် Press မီဒီယာတွေမှာ ကျွန်တော် စာရေးမှာပါ။ ဖြစ်နိုင်ရင်တော့ စာပေရေးသားခြင်းနဲ့ professional လုပ်ဖို့ အစီအစဉ်ရှိပါတယ်။



မေး။ ။ထောင်ထဲမှာ နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။

ဖြေ။ ။ထောင်ထဲမှာ ကျွန်တော်တို့ကတော့ အဆင်ပြေပါတယ်။ အဆောင်ကလူတွေနဲ့ တိုက်ကလူတွေနဲ့တော့ မတူဘူးပေါ့ ကျွန်တော်တို့တိုက်မှာ နိုင်ငံရေးအကျဉ်းသားတွေပဲ ရှိတဲ့အတွက် အဆောင်ကလူတွေကို ဆက်ဆံပုံက နည်းနည်း တစ်မျိုးပေါ့။



မေး။ ။ထောင်ထဲမှာ ကျန်ခဲ့တဲ့ လူတွေအတွက် ဘာတွေလုပ်ပေးဖို့ အစီအစဉ် ရှိပါသလဲ။

ဖြေ။ ။အခုဟာက နာမည်ကြီးတွေ တော်တော်များများ လွတ်ပါတယ်။ကျန်ခဲ့လူတွေက အဓိက ဖောက်ခွဲရေးမှု ကပ်တဲ့လူတွေ၊ နောက်တနည်းနည်း မထင်မရှားတွေ ကျန်သေးတယ်။ဒီကိစ္စကလဲ ဘာပဲပြောပြော မကုန်သေးဘူးလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် ဆက်ပြီးတောင်းဆိုနေရမှာပဲ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားရယ် မဟုတ်ပါဘူး ကျန်တဲ့အကျဉ်းသားတွေ အကုန်လုံး လွတ်စေချင်ပါတယ်။အခြားအကျဉ်းသားတွေကလဲ အစိုးရသစ် အပြောင်းအလဲမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေကြတယ်။ ဖြစ်နိုင်ရင်တော့ ထောင်ခါတဲ့အထိကို ကျွန်တော်က ဖြစ်စေချင်တာပါ။



မေး။ ။ဒီမိုကရေစီ နိုင်ငံပီပီသသဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ အစ်ကိုအနေနဲ့ မြင်ပါသလဲ။

ဖြေ။ ။မဏ္ဍိုင်တွေရှိတယ်ဗျာ။ တရားရေးမဏ္ဍိုင် ၊ အုပ်ချုပ်ရေးမဏ္ဍိုင် ၊ ဥပဒေပြုရေးမဏ္ဍိုင် အဲ့မဏ္ဍိုင်သုံးခုက အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သေချာစောင့်ကြည့်ပြီးတော့ balance ဖြစ်ဖို့ လိုလိမ့်မယ်။ အဲ့ဟာကို အားကောင်းကောင်းနဲ့ ဖြစ်ထွန်းဖို့က အရေးကြီးဆုံးပဲ။ အားကောင်းကောင်းနဲ့ ဖြစ်ထွန်းဖို့ ၀ိုင်းကြိုးစားရမယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေပဲ လုပ်ကြရမဲ့ အလုပ်တော့ မဟုတ်ဘူး အများကြီးရှိတယ်။ လွှတ်တော်တွေပါမယ် ၊ အစိုးရအဖွဲ့တွေပါမယ် ၊ နိုင်ငံရေးသမားတွေပါမယ် ၊ အဓိကအနေနဲ့ ပြည်သူလူထုတွေပါမယ်။ အဲ့ဒါတွေအကုန်လုံးကနေပြီးတော့ မဏ္ဍိုင်သုံးခု အချင်းချင်း အပြန်အလှန် check and balance လုပ်နိုင်တဲ့ ၀န်းကျင်လေးကို ဖန်တီးနိုင်ဖို့ အရမ်းအရေးကြီးပါတယ် ။ အဲ့လို ဖန်တီးနိုင်ဖို့ကိုလဲ အရမ်းကြိုးစားရပါမယ်။



မေး။ ။ အစိုးရသစ် တက်လာတဲ့နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အပေါ်မှာရော အကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။အခုဟာက ရွေ့နေတယ်လို့တော့ မြင်နေရပါတယ်။ အရင်ကဆိုရင် နည်းနည်းနှေးတယ်ပေါ့။ အခုလှမ်းလိုက်တဲ့ ခြေလှမ်းကတော့ တော်တော်များများ အားရကြတယ် ။ တော်တော်များများလဲ လွတ်လာကြတယ်ဆိုတော့ ဒါခြေလှမ်းတစ်ခုလှမ်းတဲ့ ပုံစံမျိုးပဲ ရှိပါသေးတယ်။ နောက်ပိုင်း အရေးကြီးတဲ့ ကိစ္စတွေ အများကြီးရှိပါသေးတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ ရှိနေသေးတယ်။ နောက်ပြီးတော့ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာလဲ ဘယ်လိုပုံစံမျိုး ကျင်းပမယ်ကအစ ရှေ့ဆက်လှမ်းရမဲ့ ခြေလှမ်းတွေ အများကြီးရှိတယ်။ တကယ်လို့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်သွားတယ် ဆိုရင်တောင်မှ ဒါကပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ အဓွန့်ရှည်တည်တံ့ဖို့ဆိုတာကလည်း အဲ့ဒါတွေ ဆက်လက်လုပ်ဆောင်ရအုံးမှာပါ။ အဲ့အတွက် အစိုးရကို ကျွန်တော်တို့က တူတာတွေတွဲလုပ်မယ် ၊ မတူတာတွေလဲ ငြိယူမယ်ပေါ့ဗျာ။ အဲ့ပုံစံမျိုးနဲ့ အတူတူသွားရမှာပါ။



မေး။ ။ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားတွေ လက်မှတ်ရေးထိုးခဲ့တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။အဲ့ဒါကတော့ မဖြစ်မနေလုပ်ရမဲ့ ကိစ္စ ၊ တိုင်းပြည်ငြိမ်းချမ်းရေး ရှိဖို့က အရမ်းအရေးကြီးတယ် ပစ်ခတ်နေကြတယ်ဆိုတာကလဲ အမှန်အတိုင်းပြောရရင် တိုင်းရင်းသားတွေကိုယ်တိုင်ကလဲ ဖွင့်ပြောပါတယ်။ သူတို့ အဓိကပြသာနာက နိုင်ငံရေးပြသာနာဖြေရှင်းဖို့ အရေးကြီးတယ်။ နိုင်ငံရေးပြသာနာဖြေရှင်းပြီးသွားရင် ဒီကိစ္စတွေ အလိုလိုပြီးသွားမယ် ဆိုတဲ့ဟာမျိုး အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ တော်တော်လွှတ်ပေးလိုက်တယ် ဆိုတော့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာ အများကြီးအထောက်အကူပြုမယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့လိုယူဆတဲ့အပေါ် ကျွန်တော်မျှော်လဲ မျှော်လင့်ပါတယ်။ ၁၂ရက်နေ့တုန်းကဆိုရင် KNUနဲ့ တော်တော်လေးအဆင်ပြေတယ်လို့ ကျွန်တော်ကြားပါတယ်။ အခုဆိုရင် ကချင်နဲ့ပဲကျန်တော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကချင်ကလဲ အခုအနေအထားမှာ ဒီတစ်ခေါက်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို သူတို့ကျေနပ်တယ်ဆိုရင် အဲ့ဘက်မှာလဲ တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်လာမယ် လို့ ကျွန်တော်တို့ မျှော်လင့်လို့ရပါတယ်။



မေး။ ခုလို ဖြေကြားပေးတဲ့ ကိုနေဘုန်းလတ်ကို ကျေးဇူးတင်ပါတယ်။

သတင်း...မြစ်မခမီဒီယာ

14 January 2012

ရွှေဘိုထောင်မှလွတ်မြောက်လာသူ ၈၈မျိုးဆက်ကျောင်းသူ မမီးမီး(ခ) သင်းသင်းအေးနှင့် တွေ့ဆုံခြင်း


ယနေ့နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ၈၈မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ်နှင့်အခြားနိုင်ငံရေးအကျဉ်းသားများအား လာရောက်ကြိုဆိုခဲ့သောမမီးမီး(ခ) သင်းသင်းအေးကို ရန်ကုန်မြို့လေဆိပ်တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။



မေး။ ။ အစ်မထောင်ကျခဲ့တဲ့ ပုဒ်မနဲ့ နေခဲ့ရတဲ့ နှစ်တွေအကြောင်းအရင်မေးပါရစေ။

ဖြေ။ ။၂၀၀၇ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှာ အဖမ်းခံ၇တယ်။ အမိန့်ချတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ သင်းဖွဲ့-၆ ရယ်၊ အီလက်ထရောနစ် ၃၃-က ၊ အီလက်ထရောနစ် ၃၃-က က လေးနှစ် အမှု တစ်မှု့ကို သီးခြားစီ (၁၅)နှစ် ရယ်၊ သင်းဖွဲ့ -၆က ၅နှစ်ရယ် အားလုံးပေါင်း ပြစ်ဒဏ် ၆၅နှစ် ခံခဲ့ရတယ်။



မေး။ ။ ထောင်တွင်းအတွေ့အကြုံလေးကိုလည်း သိပါရစေ။

ဖြေ။ ။ ရွေဘိုထောင်က ကျွန်မရောက်ဖူးတဲ့ထောင်တွေထဲမှာ ကျွန်တော်ဆိုရင် ရန်ကုန်၊ပုသိမ်၊ ရန်ကုန်၊ မန္တလေး၊

အဲ့ဒီကနေ ကသာ အဲ့ဒီကနေ ရွေဘို၊ ရွေဘိုထောင်ရဲ့ထောင်ပိုင်ဦးစောထွဋ် သူ့သဘောထားနဲ့ စာနာတက်တဲ့စိတ်က ထောင်အားလုံးထက်စာလို့ရှိရင် ရွေဘိုထောင်မှာကျင့်သုံးနေတဲ့စည်းစနစ်က အကောင်ဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျဉ်းသူ/အကျဉ်းသားတွေအပေါ်လူသားချင်းစာနာမှုတွေ ပေးပြီး၊ အဓိကက ထောင်ထဲမှာ စိတ်ဒုက္ခက အဓိကပဲပေါ့၊ အဲ့ဒီ စိတ်ဒုက္ခတွေကို အရှင်းပျောက်မသွားတောင်မှ အတတ်နိုင်ဆုံး သက်သာအောင်ထောင်ပိုင်ကိုယ်တိုင် စည်းကမ်းတကျ လုပ်ပေးနေတာကိုမြင်ရတဲ့အတွက် အဲ့ဒါကြောင့်ထောင်တွေရဲ့ စီးဆင်းမှုမှာ ရွေဘိုထောင်ရဲ့ စီးဆင်းမှုက ပိုကောင်းပါတယ်၊ ထောင်ပိုင်လို လူမျိုးတွေလည်း အကျဉ်းဦးစီးမှာ အများကြီးလိုအပ်ပါတယ်၊



မေး။ ။ အခုပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ အမှန်တကယ်တော့ ဖမ်းထားတဲ့ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်တယ်။ ဒါပေမယ့် အခုဟာက အပြည့်အ၀လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ သတ်မှတ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့တစ်ချို့ထောင်တွေမှာကသီးခြားထားတဲ့အကျဉ်းသားတွေကျန်ခဲ့သေးတယ်လို့လဲသိရတယ်။

ရွှေဘိုထောင်မှာဆိုရင်လည်း ကိုးယောက်ကျန်ခဲ့တယ်။ သူတို့က မြေပေါ်နိုင်ငံရေးမဟုတ်ပဲ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ လုတွေလို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာ တစ်ချိန်က အမှန်တရားလို့ သတ်မှတ်ပြီးလုပ်ခဲ့တယ် ခုချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အချိန် အကျဉ်းထောင်မှာ ဖောက်ခွဲရေးနှင့်ပတ်သတ်တာပဲဖြစ်ဖြစ် အဓိကက ကျောင်းသားတပ်မတော်ပေါ့နော်။ ABSDF နဲ့ပတ်သတ်တဲ့ရဲဘော်တွေ ကျန်ခဲ့ပါတယ်။ အဲလိုလူတွေကို ထပ်ပြီးတော့ လွှတ်ပေးသင့်ပါတယ်။ထပ်ပြီးတော့လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။



မေး။ ။ လွတ်လာပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့အစီစဉ်ရှိပါလား။

ဖြေ။ ။ နဂိုကတည်းက ၈၈ကျောင်းသားတွေကကျောင်းသားအဖြစ်နဲ့ပဲ ရပ်တည်ပြီးတော့ အယ်အန်ဒီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို နောက်ကနေပြီးတော့ နဂိုကတည်းက ၀န်းရံပေးနေတာပါ။

အဲဒီ့အတိုင်းပဲ ဆက်လက်ပြီးတော့ရှိနေပါတယ်။



မေး။ ။အယ်အန်ဒီပါတီ ၀င်ဖို့လောက်ထိ ဖြစ်လာနိုင်လား။

ဖြေ။။ ။အဲဒီ့လောက်ထိတော့ မရှိပါဘူး။ ကျွန်မတို့ ကျောင်းသား Site ကပဲ ရပ်တည်ဖို့ ရှိပါတယ်။



မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစုလွတ်မြောက်လာတော့ ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျဉ်း ကိုလည်းသုံးသပ်ပေးပါဦး။

ဖြေ။ ။ကိုယ်ပိုင်အမြင်ကတော့ ကိုယ်ပိုင်သုံးသပ်ချက်အရတော့ အခုလက်ရှိ ၈၈ကျောင်းသားတွေရဲ့ နဂိုရပ်တည်ချက်အရလည်း ကျောင်းသားအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအရင်ဆုံးဖော်ဆောင်ပြီးတော့

ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဘေးကနေလုပ်နေတဲ့အဖွဲ့အစည်းတွေအားလုံးကို တတ်နိုင်သလောက် ကိုယ်စွမ်းအားရှိပါတယ်။ ၈၈မျိုးဆက်ကျောင်းသားအနေနဲ့လည်း လတ်တလောမှာ လိုအပ်တဲ့ဘက်ကနေပြီးတော့ ပြည်သူရဲ့ လိအပ်ချက်ကို မားမားမတ်မတ်ရပ်တည်ပေးဖို့ အစီအစဉ်ရှိပါတယ်၊



မေး။ ။ သမ္မတနဲ့ဒေါ်စုတွေ့ဆုံဆွေးနွေးမှုကရော ဘယ်လိုမြင်လဲ၊ ဒီမိုကရေစီလမ်းကြောင်းအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်နိုင်မလားခင်ဗျ။

ဖြေ။ ။ ဖြစ်သင့်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တွေ့ဆုံတဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ကြိုလည်းကြိုဆိုပါတယ်၊လက်လည်းလက်ခံပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် ရန်သူတွေလည်းမဟုတ်ပါဘူး၊ အဲ့လိုပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖွဲ့အစည်းတစုံတရာ ကပဲဆောင်ရွက်လို့မရပါဘူး၊ အားလုံးလက်တွဲဆောင်ရွက်ပါမှ မြန်မာနိုင်ငံကြီးတိုးတက်မှာဖြစ်တဲ့အတွက် အခုလိုတွေ့ဆုံမှုကို ထောက်လည်းထောက်ခံပါတယ်၊ ဆက်လက်ပြီးတော့ ကောင်းကျိုးဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊



မေး။ ။ ဒီမိုကရေစီနိုင်ငံသစ်မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြုပြင်သင့်တဲ့ကဏ္ဍတွေ ရှိရင် အစ်မအမြင်လေးကို အကြံပေးပြောကြားပေးပါဦး

ဖြေ။ ။ မြန်မာနိုင်ငံကအခုမှ ဒီမိုကရေစီဆိုတာ လသားအဆင့်လောက်ပဲရှိသေးတယ်၊ တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေအားလုံးဟာ စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာနဲ့လက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အခုခေတ်မျိုးဆက်သစ်လူငယ်လေးတွေကို ပြောချင်တာကတော့ စာများများဖတ်ကြပါ၊ စာဖတ်မှ စာထဲက အမှန်တရားတွေ့မှသာလျင် ပတ်ဝန်းကျင်ရဲ့အမှားနဲ့အမှန် တိုင်းပြည်အတွက်ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ပညာရေးဆိုင်ရာမြှင်တင်မှုတွေ ကျမ်းမာရေးဆိုင်ရာမြှင့်တင်မှုတွေကို အဓိကထားလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ပါတီဝင်မဟုတ်ပဲနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေကို အစ်မဘယ်လိုအကြံပြုပြောချင်ပါသလဲ။

ဖြေ။ ။ ပါတီဝင်မဟုတ်ပဲနိုင်ငံရေးလုပ်နေတဲ့သူတွေကတော့ အဓိကက လက်ရှိ အန်အယ်လ်ဒီက ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွတ်တော်ထဲကိုရောက်သွားမှာဖြစ်ပါတယ်၊ အဲ့တော့ ဒီ နီးစပ်ရာတွေကနေ ကိုယ့်တိုင်းပြည်ရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကိုယ့်ရဲ့ နီးစပ်ရာကနေ လွတ်တော်ထဲကို ပြည်သူ့အသံ အမှန်အကန်ဆုံးရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။



မေး။ ။ ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်က ဘယ်လောက်ရောက်နေပြီလဲခင်ဗျ။

ဖြေ။ ။ အခုရေစီးကြောင်းကိုကြည့်ရတာတော့ တော်တော်အားရပါတယ်၊ အရင်က တိုင်းပြည်မှာ လူတွေက အကြောက်တရားလွမ်းမိုးနေတယ်၊ အခုအချိန်မှာတော့ အကြောက်တရားတော်တော်များများကွယ်ပျောက်နေတာတွေ့နေရပါတယ်။ နောက်ပြည်သူတွေက အမှန်တရားဘက်မှာ လိုက်ပြီးတော့နိုင်ငံရေးသမားတွေနဲ့အတူ လိုက်ပါစီးဆင်းနေတာကို တွေ့ရတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂါတ်အလားအလာက အရင်ကထက်စာရင်တော့ ပိုပြီးရောင်ခြည်ထွန်းလင်းတောက်ပလာတယ်လို့ ထင်ပါတယ်။



မေး။ ။ ကျန်ရှိနေတဲ့ နိုင်ငံေ၇းအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ အစီစဉ်ရှိလား။

ဖြေ။ ။ အဲ့ဒါကတော့ ဆက်လုပ်ပေးရမှာပါ၊ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီ စစ်ကိုရရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေးယုံကြည်ချက်နဲ့ အဖဖ်းခံရတဲ့သူ မရှိသင့်ပါဘူး၊ အဲ့ဒီအတွက်ကြောင့် အားလုံးပြန်လည်လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ၊



မေး။ ။ ကျင်းပနေတဲ့ လွတ်တော်အခင်းအကျင်းကိုရော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ အရင့်အရင်လွတ်တော်တွေထက်စာရင် အခုဒီမိုကရေစီနိုင်ငံသစ်ရဲ့လွတ်တော်က ပွင့်လင်းတယ်၊လွတ်လပ်တယ်လို့ ထင်ပါတယ်၊



မေး။ ။ မီဒီယာရဲ့အခန်းကဏ္ဍကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကောင်းပါတယ်၊ မီဒီယာလွတ်လပ်ခွင့်တွေပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေ မျက်စိရောနားရော အလင်းရောင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မီဒီယာလွတ်လပ်ခွင့်ပေးတာကို အများကြီးကြိုဆိုပါတယ်။



မေး။ ။ အစ်မအနေနဲ့ ပြည်သူကို အာမခံပေးနိုင်တာရှိရင်ပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့အတွက်ကတော့ ထောင်ထဲမှာပဲနေနေ၊ အပြင်မှာပဲနေနေ မြန်မာပြည်သူတွေအတွက်ကတော့ ထာဝရရှင်သန်နေမှာပါ၊ ဆက်ပြီးတော့ မြန်မာနိုင်ငံတိုးတက်ဖို့နဲ့ ပြည်သူတွေအတွက် အစစအရာရာကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တတ်နိုင်သလောက်တတ်စွမ်းသလောက် ဆက်ပြီးတော့လုပ်သွားမှာပါ။

သတင်း..မြစ်မခ မီဒီယာ

15 December 2011

နိုင်ငံရေး ဆန်တဲ့ အနုပညာကို ပရိသတ် အတွက် ဖန်တီး ပြသွားမယ့် ဇာဂနာ


မေး..... ဦးသူရ သရုပ်ဆောင် အလုပ်၊ ဒါရိုက်တာ အလုပ်တွေ ကို သေချာ လက်မခံ ဖြစ်သေးတာ အသက် အရွယ် ကြောင့် လား။ သရုပ်ဆောင် အလုပ်ကို ချိန်ဆ နေရလို့ ပါလား။

ဖြေ....... လုပ်နေပါတယ်။ ကျွန်တော် ထောင်က ထွက်လာ ကတည်းကကို တောက် လျှောက်လုပ် နေပါတယ်။ ဒါပေမယ့် အရုပ်တွေ မြင်ရဖို့ ကတော့ နည်းနည်း စောင့်ရတဲ့ သဘောပါ။ ကျန်တာ တွေ ကတော့ တောက်လျှောက် ကျွန်တော် ပြီးအောင် လုပ်နေပါတယ်။ အခုဆိုရင်လည်း ဗိုလ် ချုပ် အတ္ထုပ္ပတ္တိ ကို မကြာခင် မြင်ရတော့ မှာပါ။

မေး...... ရေရှည်မှာ နိုင်ငံရေးဘက်ကိုပဲ အားသာသွားမလား။ ဒါမှမဟုတ် နိုင်ငံရေးနဲ့အနုပညာကို တွဲပြီးလုပ် ဆောင်သွားမှာပါလား။

ဖြေ.........ကျွန်တော်ကတော့ နိုင်ငံရေးဆန်တဲ့ အနုပညာကို ပရိသတ်အတွက် ချပြမှာပါ။

မေး.....တခြားဂျာနယ်၊ မဂ္ဂဇင်းတွေ အတွက်လည်း စာတွေရေးပေးနိုင်ဦး မလား။ 

ဖြေ........ ရဋ၁း အခုဒီပွဲမှာ နာမကျန်းကဗျာဆရာကို လှူတဲ့စာမူခက အရင်တုန်းက ရေးခဲ့တဲ့ အဟောင်းတွေပါ။ ကျွန်တော်ထောင်က ထွက်လာကတည်းက မဂ္ဂဇင်း၊ဂျာနယ် တွေအတွက် မရေးရသေးပါဘူး။ ကျွန် တော်အရမ်းရေးချင်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေက များခဲ့တော့ အဲဒီ အကြောင်းတွေကိုရေးမှာပါ။ ဘယ်မဂ္ဂဇင်း၊ ဂျာနယ်မဆို ကျွန်တော့်မှာ စာမူတောင်းခဲ့ ရင် ရေးပေးမှာပါ။

မေး... ခုလိုစာမူခ လှူဖြစ်သွားရတဲ့ အကြောင်းအရင်းလေးလည်း သိပါရစေ။

ဖြေ.......အခု ဒီပွဲလေးမှာ စာမူခ လှူဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော်ထောင် က ထွက်လာတော့ ဒေါ်အောင်ဆန်းစု ကြည်က အလှူလုပ်ပါ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော် ဘုန်းကြီးကျောင်းကို မလှူချင်ဘူး။ ကျွန်တော့်အဖေက ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆရာ တစ်ယောက်ကိုပဲ လှူချင်ပါတယ်။ ဒါကြောင့် ကျွန်တော်အပတ်စဉ် ဖော်ပြခဲ့တဲ့ စာမူခတွေကို ကဗျာဆရာ တစ်ဦးကို လှူဒါန်း ချင်ပါတယ် ဆိုတော့ ပေါ်ပြူလာ ဂျာနယ်ကပဲစီစဉ်ပေးပါတယ်။

ဒါကြောင့် ကျွန်တော့်အဖေအတွက် ရည်စူးပြီး လှူ ဒါန်းတဲ့အလှူပါ။ အဲဒီအလှူမှာ သူငယ် ချင်းဖြစ်တဲ့ ကိုမိုက်တီးနဲ့ ညီအစ်ကို တစ် ယောက်လို့ ဖြစ်နေတဲ့ မြေမှုန်လွင်တို့က လည်း ပါဝင်ထားပါတယ်။ အရင်ကျွန် တော်စလှူဖို့စဉ်းစားတာလေးသောင်းပါ။ အခုတကယ်တမ်း လှူဖြစ်သွား တာကတော့ တစ်သိန်းခွဲ ဖြစ်သွားပါတယ်။ ဒီအလှူမှာ ပါဝင်ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လတိုင်းလတိုင်း လည်း ဒီလိုမျိုးလှူဒါန်းနိုင်ဖို့ ကြိုးစားသွား မှာပါလို့ ပြောချင်ပါတယ်။

သတင်းရင်းမြစ်....မန္တလေးအာရုဏ်ဦးဂျာနယ်

07 December 2011

ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ်က တွေ့ဆုံမေးမြန်းခြင်း(၂)

ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ဒါတော့ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာပဲ နေတယ်ဆိုတာ ၉၉ ရာခိုင်နှုန်းထိ ကျွန်မ ပြောရဲပါတယ်။



ဝေါလ်စထရိ ။ ။ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ခုထိ ပြည့်ပြည့်စုံစုံ ထုတ်မပြောသေးဘူးနော်။ ဘာလို့ ပြည့်ပြည့်စုံစုံ ထုတ်မပြောသေးတာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အသေးစိတ် ဆွေးနွေးခဲ့တာတွေကို အစ အဆုံး ထုတ်ပြောပြဖို့ မလိုအပ်သေးတဲ့အတွက် မပြောသေးတာပါ။



ဝေါလ်စထရိ ။ ။ ဘာလို့ အသေးစိတ် ထုတ်ပြောဖို့ မလိုအပ်သေးတာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အချိန်မတန်သေးလို့ပါ။



ဝေါလ်စထရိ ။ ။ ထင်သာမြင်သာရှိပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နေတဲ့ သူတစ်ဦးအနေနဲ့ အနည်းဆုံးတော့ ကိုယ့်ကို ထောက်ခံအားပေးနေတဲ့လူတွေ သိအောင် ထုတ်ပြောပြသင့်တယ် မဟုတ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သိထားသင့် သိထားထိုက်တာမှန်သမျှ အားလုံး ပြောပြထားပါတယ်။ သမ္မတနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အားလုံးနီးပါးကို အသေးစိတ် ထုတ်မပြောပြသေးတာပဲ ရှိပါတယ်။ ယေဘုယျသဘောတော့ အားလုံး ပြောပြပြီးသားပါ။ လောလောဆယ်အခြေအနေအတွက် အဲ့လောက် ပြောပြထားရင် လုံလောက်ပြီလို့ ယူဆပါတယ်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေကို လိုက်ကြည့်မယ်ဆိုရင်လည်း ပြီမြောက်အောင် အကောင်အထည် မဖော်ရသေးတဲ့ ဆွေးနွေးမှုတွေအတွက် အသေးစိတ်ကအစ အားလုံးသိအောင် ထုတ်ပြောနေတာမျိုး မရှိပါဘူး။



ဝေါလ်စထရိ ။ ။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူထားမှုတွေကို ဘယ်လိုမြင်ပါသလဲ၊ မြန်မာနိုင်ငံ အခုရောက်နေတဲ့ ပြုပြင်ပြောင်းလဲရေးပမာဏလောက်ဆို အမေရိကန်ဟာ ပိတ်ဆို့အရေးယူထားမှုတွေကို ရပ်သင့်ပြီ ထင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အမေရိကန်ဟာ ဘာကြောင့် ပိတ်ဆို့ အရေးယူမှု လုပ်ထားရတယ်ဆိုတာ တိတိကျကျ ပြောထားတာတွေ ရှိပါတယ်။ အဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စကလည်း တစ်ခုအပါအဝင်ပါ။ နိုင်ငံရေးအကျဉ်းသားတွေအကုန် ပြန်လွှတ်ပေးတာဟာ သူတို့ ဖြစ်ချင်တာနဲ့ ညီတယ်ဆိုရင်တော့လည်း ပိတ်ဆို့အရေးယူထားတာတွေ ပြန်ရုပ်သိမ်းမယ် ထင်ပါတယ်။



ဝေါလ်စထရိ ။ ။ ဒါဆို လောလောဆယ်မှာ နိုင်ငံရေးအကျဉ်းသားတွေ အထဲမှာ ကျန်နေသေးတဲ့အတွက် ပိတ်ဆို့အရေးယူထားတာကို ပြန်ရုပ်သိမ်းသင့်တဲ့အချိန် မဟုတ်သေးဘူးလို့ ဆိုလိုတာလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ နိုင်ငံရေး အကျဉ်းသားတွေ အကုန်ပြန်လွှတ်ပေးမှ ပိတ်ဆို့အရေးယူထားတာတွေ ပြန်ဖွင့်ပေးမယ်လို့ အမေရိကန်က ကြေညာထားပါတယ်။ ခုက အကုန် ပြန်မလွှတ်ရသေးတဲ့အတွက် ပိတ်ဆို့အရေးယူထားတာတွေ ပြန်ဖွင့်ပေးဦးမှာ မဟုတ်ပါဘူး။



ဝေါလ်စထရိ ။ ။ အမေရိကန်က ပိတ်ဆို့အရေးယူထားတာနဲ့ ပက်သက်ပြီး တောင်းဆိုချက်တွေထဲမှာ အဓိက သုံးချက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်ခြား နိုင်ငံရေးသမားတွေကိုပါ လွှတ်ပေးဖို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီနဲ့ အခြား တိုင်းရင်းသားပါတီတွေ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ရယ်၊ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေကို နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို သွားခွင့်ပေးဖို့ရယ်ဆိုပြီး သုံးချက် ပါပါတယ်။ ဒီ သုံးချက် ဘယ်လောက်ထိ အကောင်အထည်ပေါ်နေပြီလို့ ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့၊ အခုအတိုင်းအတာထိတော့ ကျွန်မလွတ်လာတယ်ပေါ့နော်၊ ပါတီအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခွင့်လည်း ရပါတယ်၊ တိုင်းရင်းသာ လူနည်းစု ပါတီတွေနဲ့တော့ မတွေ့ဆုံဖြစ်သေးပါဘူး။ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေကို လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို သွားခွင့် ပေးတယ်ရယ်လို့တော့ မတွေ့မိသေးပါဘူး။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားရတဲ့အကြောင်းနဲ့ အသိအမှတ်ပြုတဲ့အနေနဲ့ တုံ့ပြန်မှုတစ်ခုခု လုပ်ပေးမယ်လို့ အမေရိကန်ကတော့ ပြောနေပါတယ်၊ ဘယ်လို တုံ့ပြန်မှုမျိုးကို အမေရိကန်က လုပ်ပေးမယ် ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူတွေဆီ တိုက်ရိုက်ရောက်မယ့် အကူအညီမျိုးတွေ တိုးပြီး ပေးလာမယ် ထင်ပါတယ်။ လူသားချင်းစာနာမှု အကူအညီမျိုး၊ ဖွံ့ဖြိုးရေး အကူအညီမျိုးတွေဖြစ်နိုင်ပါတယ်။ အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပေးရမယ့် ဖွံ့ဖြိုးရေး အကူအညီတွေအတွက်ကတော့ အစိုးရချင်း ညှိနှိုင်းကြရဦးမယ့်ကိစ္စမို့ လောလောဆယ်မှာ ဖြစ်နိုင်ဦးမှာ မဟုတ်ပါဘူး။



ဝေါလ်စထရိ ။ ။ မြန်မာအစိုးရဟာ အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရရှိဖို့ တော်တော်ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ အာဆီယံဥက္ကဋ္ဌရာထူးနေရာကို ရတာဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရတာပဲလို့ ဆိုနိုင်ပါသလား။ မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံတာလို့ ပြောနိုင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျွန်မအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အာဆီယံဥက္ကဋ္ဌရာထူးကို ရခြင်း မရခြင်းဟာ သိပ်အရေးကြီးတဲ့ကိစ္စလို့ မထင်ပါဘူး။ အဓိကလုပ်သင့်တာက ဒီက ပြည်သူတွေရဲ့ ဘဝတွေကို အကောင်းဘက် တစ်ဆစ်ချိုး ပြောင်းသွားစေမယ့် ပြုပြင်ပြောင်းလဲရေးကောင်းတွေကို ဖော်ဆောင်ပေးဖို့လို့ ကျွန်မ ခံယူပါတယ်။ အာဆီယံဥက္ကဋ္ဌရာထူးရရုံနဲ့တော့ မြန်မာပြည်သူတွေရဲ့ဘဝ ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်လို့ မရသေးပါဘူး။

အစိုးရတစ်ရပ်အနေနဲ့ ရနိုင်သမျှ ဆုလာဘ်တွေထဲမှာ အမြင့်ဆုံးဆုလာဘ်ကို ပြောပါဆို ကျွန်မကတော့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုလို့ ပြောချင်ပါတယ်။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ပေးချက်တွေကြောင့် ပြည်သူတွေ ပျော်ရွှင်တယ်၊ ပြည်သူတွေ ငြိမ်းချမ်းတယ်ဆိုရင်ပဲ အစိုးရတစ်ရပ်အနေနဲ့ အမြင့်ဆုံးဆုလာဘ်ကို ရပြီလို့ ပြောနိုင်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာအစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုကိုရဖို့ ကြိုးပမ်းတဲ့ကိစ္စကိုရော ဘယ်လိုမြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့ဟာ အစိုးရတစ်ရပ်အတွက် အရေးအကြီးဆုံးလို့ ပြောချင်ပါတယ်။ ပြည်သူတွေက အစိုးရကို ထောက်ခံတယ်ဆို၊ အိမ်နီးချင်းနိုင်ငံတွေကရော ဘာကိစ္စ မထောက်ခံဘဲ နေမှာလဲ။



ဝေါလ်စထရိ ။ ။ ဒါဆို မြန်မာပြည်သူတွေ ထောက်ခံတယ်လို့ ပြောလို့ ရပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူတွေ စောင့်ကြည့်နေကြပါတယ်။ တကယ် စစ်မှန်တဲ့ အပြောင်းအလဲတစ်ခုကို ပြည်သူတွေ မြင်ချင်၊ ခံစားချင်နေကြပါတယ်။



ဝေါလ်စထရိ ။ ။ ဘယ်လိုဟာမျိုးနဲ့ ကြုံရမှ စစ်မှန်တဲ့ အပြောင်းအလဲလို့ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူအားလုံး ယုံကြည်ကိုးစားနိုင်မယ့် တရားဥပဒေ စိုးမိုးဖို့လိုပါမယ်။ အဲ့ဒါမျိုးကို အလိုရှိပါတယ်။



ဝေါလ်စထရိ ။ ။ တရားဥပဒေ စိုးမိုးတဲ့အချိန် ရောက်ပြီလား၊ မရောက်သေးဘူးလားကို ဘာနဲ့ ဆုံးဖြတ်မလဲ၊ ဒါက စားပွဲပေါ် တင်ပြနိုင်လောက်အောင် အကောင်ဒြပ် တိုင်းပြလို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သိနိုင်တဲ့နည်းတွေ ရှိပါတယ်။ ဥပဒေမျက်နှာကလွဲရင် ဘယ်သူ့ကိုမှ ကြည့်စရာမလိုတဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး ရှိ မရှိနဲ့ တိုင်းတာနိုင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေ တရားရုံးမှာ အမိန့်ချခံရတာကို ကြည့်ရင် သိနိုင်ပါတယ်။ အမိန့်ချမယ့် တရားသူကြီးဟာ အထက်ကလာမယ့် အမိန့်ကို စောင့်နေရပါတယ်။ တစ်ချို့ကိစ္စတွေမှာကျတော့လည်း တရားသူကြီး အနေနဲ့ ဘာအမိန့်ကို ချပေးရမယ်ဆိုတာက တရားသူကြီးလက်ထဲကို အရင် ရောက်နေပြီးသားဖြစ်နေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ အပြည့်အဝ မလွတ်လပ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒါကို လူတိုင်းလည်း သိနေပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ အဲ့အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲရေးကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ်ဆို အဲ့ကိစ္စကို ကျွန်မတို့ ချက်ချင်း ခံစားသိရှိနိုင်ပါတယ်။



ဝေါလ်စထရိ ။ ။ အခုနှစ် မေလမှာ ၁၉၉၀ ရွေးကောက်ပွဲ ၂၁ နှစ်ပြည့်ခဲ့တယ်နော်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်၊ ၉၀ ရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီနည်းကျကျ ပြုလုပ်တဲ့ ပထမဆုံး ရွေးကောက်ပွဲပါ။ အဲ့ရွေးကောက်ပွဲဟာ မဲထည့်မယ့် ပြည်သူတွေအတွက် လွတ်လပ်တယ်၊ မျှတတယ်လို့လည်း အားလုံးက သဘောတူခဲ့ကြပါတယ်။ ၉၀ ရွေးကောက်ပွဲဟာ အားလုံး အမှတ်ရနေကြမယ့် ရွေးကောက်ပွဲတစ်ခု ဖြစ်သလို ဂုဏ်ယူစရာ ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ NLD နိုင်ခဲ့လို့ ဂုဏ်ယူစရာလို့ ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုအနေနဲ့ ဂုဏ်ယူတာကို ပြောတာပါ။ ပြည်သူတွေဟာ ကိုယ်သဘောကျတဲ့လူကို မဲပေးခွင့် အပြည့်အဝ ရခဲ့ကြပါတယ်။



ဝေါလ်စထရိ ။ ။ Guardian သတင်းစာနဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားတစ်ယောက်လို့ ပြောခဲ့သလို၊ နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်အကိုင်ပဲလို့လည်း ပြောခဲ့တယ်နော်။ နိုင်ငံရေးသမား အများစုကြီးရဲ့ ရည်မှန်းချက်ဟာ အစိုးရတစ်ရပ် ဖွဲ့စည်းပြီး ပြည်သူအတွက် အလုပ်လုပ်ပေးဖို့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီအနေနဲ့ရော လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အစီအစဉ်ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျွန်မတို့လည်း အဲ့ကိစ္စကို အလေးအနက် စဉ်းစားနေပါတယ်။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ဆိုတာ ရပ်တည်ချက်၊ ခံယူချက်၊ ဥိးတည်ချက် ရှိရပါမယ်။ ပြည်သူအတွက် လုပ်ပေးချင်တာတွေ နိုင်ငံရေးပါတီတိုင်းမှာ ရှိကြပါတယ်။ အဲ့လို လုပ်ပေးချင်တာတွေကို လုပ်ပေးနိုင်ဖို့ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ရွေးကောက်ပွဲဝင်မှ ဖြစ်မှာပါ။



ဝေါလ်စထရိ ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လုပ်ပေးနိုင်ဖို့ဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အစိုးရတစ်ရပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်နိုင်ဖို့ လိုမယ်ထင်ပါတယ်။ အဲ့လို အခြေအနေမျိုးရောက်ဖို့ မျှော်လင့်ပါသလား၊ အဲ့လို ဖြစ်လာအောင် ကြိုးပမ်းဖို့ကော ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ကိစ္စတွေက ပြည်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်မတစ်ယောက်တည်း ဖြစ်ချင်နေရုံ၊ မျှော်လင့်နေရုံနဲ့ မပြီးပါဘူး။ မြန်မာပြည်သူတွေ ကိုယ် မဲပေးချင်တဲ့သူကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရမယ့် အခြေအနေတစ်ခု ဖြစ်လာဖို့တော့ ကျွန်မ မျှော်လင့်ပါတယ်။



ဝေါလ်စထရိ ။ ။ ဒါဆို ပြည်သူတွေ ရွေးချယ်မယ့်အချိန်မှာရော ရွေးချယ်ခံမယ့်လူတွေထဲမှာ တစ်ယောက်အပါအဝင်အနေနဲ့ ရှိနေမလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခြေအနေ အချိန်အခါပေါ် မူတည်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ရှေ့ရေးအတွက် စိုးရိမ်စရာတွေထဲမှာ တရုတ်နိုင်ငံက ထုကြီးထည်ကြီးနဲ့ လာပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေဟာလည်း ရှေ့ဆုံးက ပါတယ်လို့ ပြောနေကြပါတယ်။ အဲ့ကိစ္စ ဘယ်လို သဘောရပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ကိစ္စကို အဲ့လိုအမြင်မျိုးနဲ့တော့ ကျွန်မ မကြည့်ချင်ပါဘူး။ တရုတ်နဲ့ မြန်မာဆိုတာ ကမ္ဘာမြေပြင်ပေါ်မှာ ကပ်လျက်နိုင်ငံနှစ်နိုင်ငံပါ။ ကျွန်မတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ကမ္ဘာတည်သရွေ့ တရုတ်နဲ့ ကပ်လျက် နေနေရမှာပါ။ အမြဲတမ်း အိမ်နီးချင်း ဖြစ်နေကြမှာပါ။ တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေးကလည်း ကောင်းမွန်ပါတယ်။ ဆက်ပြိးတော့လည်း ဆက်ဆံရေးကောင်းတွေ ရှိနေအောင် ထိန်းသိမ်းသွားမှာပါ။

မြန်မာနိုင်ငံမှာ တရုတ်ဘက်က လာရင်းနှီးမြှုပ်နှံနေတဲ့ကိစ္စတွေထဲမှာ ပြဿနာဖြစ်စရာတွေ ပါကောင်းပါနိုင်ပါတယ်။ လောလောဆယ်မှာလည်း ပြဿနာဖြစ်နေတာတွေ ရှိနေပါပြီ။ ပြဿနာရဲ့ လက်သည်ကတော့ ထင်သာမြင်သာ မရှိခဲ့မှုပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး မြန်မာနိုင်ငံဟာ ထင်သာမြင်သာ မရှိခဲ့ပါဘူး။ အပေါ်ပိုင်းက တာဝန်ရှိသူတွေကသာ အားလုံးလုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး အောက်က ပြည်သူတွေအနေနဲ့ ဘာမှ သိခွင့်မရခဲ့ပါဘူး။ အစိုးရက ဘယ်လို သဘောတူစာချုပ်တွေ ချုပ်ထားတယ်၊ ဘယ်လို နားလည်မှုတွေနဲ့ လုပ်ထားတယ်၊ ဘယ်လို နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ပြုထားတယ်ဆိုတာ ပြည်သူတွေ သိခွင့်မရခဲ့ပါဘူး။ အဲ့ဒါက အဓိက ပြဿနာပါ။

ဝေါလ်စထရိ ။ ။ တရုတ်ကလာပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတာကို မြန်မာအနေနဲ့ လက်ခံသင့်လား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တရုတ် နိုင်ငံမှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လာရင်းနှီးမြှုပ်နှံမယ်ဆို ဘယ်လို ရင်းနှီးမြှုပ်နှံမှုလဲဆိုတာကို ကြည့်ရပါမယ်။ ဘယ်နိုင်ငံဆိုတာက အရေးမကြီးပါဘူး။ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မယ်၊ ဘယ်လို သဘောတူညီချက်တွေနဲ့လုပ်မယ်ဆိုတာသာ အဓိကပါ။ ဘယ်သူပဲဖြစ်ဖြစ် ဒီမှာ လာရင်းနှီးမြှုပ်နှံတယ်ဆိုတာ အကျိုးအမြတ်လိုချင်လို့ လာတယ်ဆိုတာ ကျွန်မတို့ လက်ခံပါတယ်။ ဒါဟာလည်း နည်းလမ်းကျပါတယ်။ အကျိုးအမြတ်ကို တရားမျှတတဲ့နည်းနဲ့ ယူဖို့ပဲလိုပါတယ်။ အဲ့လိုဆိုရင် အားလုံး အဆင်ပြေပါတယ်။ ရင်းနှီးမြှုပ်နှံမှုလာလုပ်တာကို လက်ခံမယ့် ကျွန်မတို့နိုင်ငံအတွက်လည်း အကျိုးအမြတ်ကျန်အောင် စီမံရပါမယ်။ ကျွန်မ အမြင်ကိုပြောရရင် အိမ်ရှင်နိုင်ငံအတွက် နည်းနည်းလောက်ပိုပြီး အကျိုးအမြတ်ရှိအောင် စီမံထားနိုင်ရင် ပိုကောင်းပါမယ်။



ဝေါလ်စထရိ ။ ။ ဘယ်လို စီးပွားရေးစနစ်မျိုးက မြန်မာနိုင်ငံအတွက် အကျိုးရှိမလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဟာ အကောင်းဆုံးပါ။ အခုအခြေအနေက ဘက်မညီသေးပါဘူး။ ဘက်ညီအောင် လုပ်ရပါဦးမယ်။ အားလုံး တန်းတူ ဝင်ပြိုင်နိုင်တဲ့ စီးပွားရေးစနစ် ပေါ်ထွန်းလာအောင် လုပ်ရပါမယ်။ မြန်မာပြည် စီးပွားရေးစနစ်ကြီးတစ်ခုလုံး တိုးတက်ဖို့အတွက် လောလောဆယ်ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အတားအဆီးဟာ အခွင့်ထူးခံ လူတန်းစာတွေ စီးပွားရေးနယ်မှာ ကြီးစိုးနေတာပါ။ အရေးပါ အရာရောက်တဲ့ လုပ်ငန်းတွေအားလုံးက အခွင့်ထူးခံတွေ လက်ထဲကို ရောက်နေပါတယ်။ တစ်ခြားလူတွေ ဝင်စရာ လမ်းပေါက်မရှိဖြစ်နေပါတယ်။ အဲ့ပုံစံနဲ့တော့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ပေါ်လာဖို့ ဝေးနေဦးမှာပါ။



ဝေါလ်စထရိ ။ ။ ပြီးခဲ့တဲ့ နှစ်ပိုင်း၊ လပိုင်းတွေအတွင်းကမှ ဖြစ်ပွားခဲ့တဲ့ အာရပ် ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက တော်လှန်ရေးတွေဟာ မြန်မာခေါင်းဆောင်တွေရဲ့ စိတ်ကို ရိုက်ခတ်မှုရှိတယ်လို့ ထင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရှိကောင်းရှိနိုင်ပါတယ်။ အစိုးရထဲက သက်ဆိုင်သူတွေကတော့ ကျွန်မကို အဲ့ကိစ္စ ထုတ်ပြောတာ မရှိသေးပါဘူး။ လူတွေကတော့ အမျိုးမျိုး ပြောနေကြတာပေါ့လေ။ ၈၈ တုန်းက မြန်မာပြည်မှာ အဲ့ဒါမျိုး ဘာလို့ မအောင်မြင်ခဲ့တာလဲလို့လည်း မေးနေတဲ့လူတွေ ရှိနေပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ အီဂျစ်မှာ အောင်မြင်တယ်၊ တူနီးရှားမှာ အောင်မြင်တယ်ဆိုတာ ပြည်သူတွေကို စစ်တပ်က မပစ်လို့ပါ။ ဒါကြောင့် ပြည်သူတွေရဲ့ လှုပ်ရှားမှုအောင်မြင်ခဲ့တာပါ။ လစ်ဗျားမှာကျတော့ အဲ့လိုမဟုတ်ဘူး။ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာလဲကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကို လစ်ဗျားပုံစံမျိုးတော့ မဖြစ်စေချင်ပါဘူး။

မြန်မာပြည်သူတွေမှာလည်း အတွင်းမှာ ကျိတ်ပြီး မကျေလည်တာတွေ ရှိကောင်း ရှိနေမှာပါ။ ဒါပေမယ့် မြန်မာပြည်ဟာ အာရပ်နိုင်ငံတွေနဲ့ အခြေအနေချင်း မတူပါဘူး။ အာရပ်နိုင်ငံတွေမှာ ဖြစ်သလိုမျိုး မြန်မာနိုင်ငံမှာ ဖြစ်စရာအကြောင်း မရှိပါဘူး။ အဲ့လိုမျိုးလည်း မဖြစ်စေချင်ပါဘူး။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ အခု လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အထက်ကနေ အောက်ကို ပြုပြင်ပြောင်းလဲမှုသာဖြစ်တယ်၊ အောက်ဆုံးက ပြည်သူတွေကို အခြေခံပြီး အပေါ်ကို ပြန်တက်တဲ့ ပြုပြင်ပြောင်းလဲရေးမျိုး မဟုတ်သေးဘူးလို့ ဝေဖန်သူတွေက ဝေဖန်နေပါတယ်။ အဲ့ကိစ္စ ဘယ်လိုထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တစ်ကယ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့သာလိုပါတယ်။ အထက်က အောက်၊ အောက်က အထက်ဆိုတာတွေက အရေးမကြီးပါဘူး။ မြန်မာပြည်တွင်းမှာရှိတဲ့ တစ်ခြား အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေရဲ့ အင်အား၊ စွမ်းဆောင်နိုင်ရည်နဲ့ ပြည်သူတွေရဲ့ အင်အားကို အထင်မသေးဖို့ လိုပါတယ်။ တစ်ခြားနိုင်ငံတွေမှာလို မြန်မာပြည်သူတွေ လမ်းပေါ်ထွက်ပြီး ကိုယ်ဖြစ်ချင်တာတွေ ထွက်မအော်တာတစ်ခုတည်းကိုကြည့်ပြီး မြန်မာပြည်သူတွေရဲ့ အင်အားကို အထင်သေးလို့ မဖြစ်ပါဘူး။ မြန်မာပြည်သူတွေမှာ လုံလောက်တဲ့ အင်အားရှိပါတယ်။



ဝေါလ်စထရိ ။ ။ ဂန္ဓီတို့၊ မာတင် လူသာကင်းတို့၊ မင်ဒဲလားတို့ခေတ်တုန်းက လှုပ်ရှားမှုတွေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်တို့ခေတ် လှုပ်ရှားမှုတွေ ယှဉ်ကြည့်မယ်ဆို တူတာတွေ ဘယ်လောက် တွေ့ရပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြီးခဲ့တဲ့နှစ်က ကျွန်မလွတ်လာတာကို မင်ဒဲလာတုန်းက အခြေအနေနဲ့ တူတယ်လို့ လူတွေ ပြောကြတယ်။ ကျွန်မတို့ နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ၁၉၉၀ တုန်းက တောင်အာဖရိကနိုင်ငံရဲ့ အခြေအနေနဲ့ တော်တော်များများ တူပါတယ်။ အဲ့အချိန်မှာ တောင်အာဖရိကမှာလည်း ခုလိုပဲ အစပျိုးစ၊ စေ့စပ်ဆွေးနွေးရေးတွေ လုပ်ခါစ အချိန်ပါ။ အဲ့အချိန်မှာ သူတို့မှာလည်း ရှင်းရမယ့် ပြဿနာတွေ အများကြီးပါ။ ရှေ့ဆက်သွားစရာ လမ်းကလည်း မဖြောင့်သေးပါဘူး။ မရှင်းသေးပါဘူး။ လုပ်ရင်းနဲ့ အလုပ်မဖြစ်ဘဲ နောက်ပြန်ဆုတ်ရတာတွေလည်း ရှိပါတယ်။ ဘာတွေပဲဖြစ်ဖြစ် တောင်အာဖရိကသားတွေဟာ နောက်ဆုံးတော့ ရှေ့ကို တိုးတက်အောင် လုပ်သွားနိုင်တာတွေ့ရပါတယ်။ မြန်မာပြည်မှာလည်း အဲ့လိုမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကနေ အကျိုးရလဒ်တွေ ထွက်လာဖို့ ဘယ်လောက်လောက် အချိန်ယူရဦးမယ်ထင်လဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သိပ်မြန်မြန်ဆန်ဆန်ကြီးဖြစ်လာမယ်လို့တော့ မျှော်လင့်ထားလို့ မရသေးပါဘူး။ ကျွန်မတို့ နှစ် ၂၀ ကျော် ရုန်းကန်ခဲ့ပြီးပါပြီ။ လက်ရှိ အစိုးရသစ်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဖြစ်ထွန်းလာတယ်လို့ ပြောလို့ ရနိုင်ပါတယ်။



ဝေါလ်စထရိ ။ ။ ပြည်ပခရီးသွားဖို့ကော အစီအစဉ်ရှိလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ လောလောဆယ်တော့ မရှိသေးပါဘူး။



ဝေါလ်စထရိ ။ ။ သွားချင်တဲ့ နိုင်ငံကော ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ဒါတော့ ရှိပါတယ်။ အများကြီးပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျွန်မတို့ကို အားပေးခဲ့ ထောက်ခံခဲ့တဲ့ လူတွေရှိတဲ့ နိုင်ငံတော်တော်များများကိုသွားပြီး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အသွားချင်ဆုံးက နော်ဝေပါ။ နော်ဝေလူမျိုးတွေဟာ ကျွန်မတို့ကို အများကြီး ကူညီ ထောက်ပံ့ခဲ့ကြတဲ့ လူမျိုးတွေပါ။ ကျွန်မ နိုဘယ်လ်ဆုမရခင် ၁၉၉၁ ခုနှစ်မှာ နော်ဝေက ကျွန်မကို Rafto ဆုကို ပေးခဲ့ပါတယ်။ အဲ့အချိန်မှာ ကျွန်မတို့ ဒီမှာ ကျပ်ကျပ်တည်းတည်းနဲ့ လှုပ်ရှားနေကြရတဲ့အချိန်ပါ။ အဲ့လို ကျပ်တည်းနေတဲ့ အချိန်မျိုးမှာ နော်ဝေက ကျွန်မတို့ဘက်က မားမားရပ်ပြီး ကျွန်မတို့ကို ကမ္ဘာက မေ့မထားဖို့ ဦးဆောင်ဦးရွက်နဲ့ လုပ်ပေးခဲ့တဲ့နိုင်ငံပါ။



ဝေါလ်စထရိ ။ ။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ထားတဲ့ The Lady ရုပ်ရှင်ကြည့်ပြီးပါပြီလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ကိစ္စ ကျွန်မ သိပ် စိတ်မဝင်စားပါဘူး။



ဝေါလ်စထရိ ။ ။ ကိုယ့်အကြောင်း ရုပ်ရှင်ရိုက်ထားတယ်ဆိုတာ သိရတော့ စိတ်ထဲ ဘယ်လိုနေလဲ။ အဲ့ ရုပ်ရှင်နဲ့ပက်သက်ပြီး ထင်မြင်ချက် ဘယ်လိုရှိလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ စိတ်ထဲ ဘယ်လိုမှ မဖြစ်ပါဘူး။ ရုပ်ရှင်ကိုရိုက်တဲ့ ဒါရိုက်တာကိုလည်း ပုဂ္ဂိုလ်ပိုင်းအရ ကျွန်မ သဘောမကျစရာ ဘာအကြောင်းမှ မရှိပါဘူး။ ရုပ်ရှင်ရိုက်ပြီး မထွက်သေးခင်မှာ ကျွန်မနဲ့ ဒါရိုက်တာ လင်မယား တစ်ခေါက် တွေ့ဖြစ်ပါသေးတယ်။ လူပုဂ္ဂိုလ်ပိုင်းအရ ခင်ဖို့ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ။ ရုပ်ရှင်ဟာ ဒါရိုက်တာရဲ့ စိတ်ကူးနဲ့ ပြန်ဖန်တီးထားတဲ့ အနုပညာတစ်ခုလို့ပဲမြင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဖန်တီးချက် မဟုတ်သလို၊ တစ်ချို့ဟာတွေကလည်း ကျွန်မရဲ့ အဖြစ်မှန်တွေနဲ့ နည်းနည်းလွဲနေတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်မ နားလည်ပါတယ်။ ရုပ်ရှင်ကို အနုပညာတစ်ခုအနေနဲ့ ဒါရိုက်တာမှာ အတိုင်းအတာတစ်ခုအထိ ဖန်တီးခွင့်ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။



ဝေါလ်စထရိ ။ ။ နိုင်ငံရေးဘက်ကို တစ်ချက် ပြန်မေးခွင့်ပြုပါ။ အစိုးရနဲ့ ဘာတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့လူတွေကရော အသေးစိတ် ပြန်ပြောပြဖို့ တောင်းဆိုတာမျိုး မရှိဘူးလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရှိပါတယ်။ လူတွေ သိသင့် သိထိုက်တဲ့အတိုင်းအတာတစ်ခု၊ ကျွန်မဘက်ကလည်း ပြောသင့်ပြောထိုက်တဲ့ အတိုင်းအတာတစ်ခုထိ ပြောပြထားပြီးပါပြီ။ ပါတီရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ပြန်တင်ပြထားပါတယ်။ အသေးစိတ်ကိုကတော့ အဖြေထွက်လာမှ ထုတ်ပြပါ့မယ်။ အဖြေထွက်လာမှ ကျွန်မတို့တွေ ဘာတွေ အသေးစိတ်ဆွေးနွေးခဲ့တယ်၊ ဆွေးနွေးမှုတွေကြောင့် ဒါတွေ ဒါတွေတော့ အကျိုးရလဒ် ထွက်လာပါတယ်ဆိုပြီး အချိန်တန်ရင် အားလုံး ထုတ်ပြောပြမှာပါ။



ဝေါလ်စထရိ ။ ။ အပြည့်အစုံ မသိရတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့လူတွေ ရှိနေပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြ၊ ထောက်ခံကြ၊ အောင်မြင်စေချင်ကြတာတောင် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ကို ထုတ်မပြောဘူးလို့ ပြောနေကြတဲ့လူတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒါ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ လူတွေ တစ်ခု နားလည်ကြဖို့က အခုအခြေအနေဟာ အစရဲ့ အစ အခြေအနေပဲ ရှိပါသေးတယ်။ မှားသွားလို့၊ လွန်သွားလို့ မဖြစ်ပါဘူး။ အဲ့လိုဖြစ်သွားရင် အားလုံး သဲထဲရေသွန်ဖြစ်ကုန်ပါလိမ့်မယ်။ အထင်အမြင် လွဲမှားသွားနိုင်တဲ့ အလုပ်မျိုးကို ကျွန်မတို့ မလုပ်မိအောင် စောင့်ထိန်းပါတယ်။ ပြည်သူတွေ စောင့်ရကျိုးနပ်မယ့် အဖြေတစ်ခုကို ကျွန်မတို့ ပေးနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။



ဝေါလ်စထရိ ။ ။ အစိုးရနဲ့ လုပ်နေတဲ့ စေ့စပ်ဆွေးနွေးမှုတွေဟာ အစစ်အမှန်ဖြစ်လိမ့်မယ်လို့ ယုံကြည်နိုင်လောက်တဲ့ အကြောင်းလေးတွေ ပြောပြပေးပါ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ခုထိ လုပ်ပြီးသမျှ စေ့စပ်ဆွေးနွေးမှုတွေနဲ့ပက်သက်ပြီး ကျွန်မ စိတ်ပျက်ရတာမျိုး မရှိသေးပါဘူး။ အစိုးရဘက်က လုပ်ပေးတာတွေနဲ့ ပက်သက်ပြီးလည်း စိတ်ပျက်ရတာမျိုး မရှိသေးပါဘူး။ ကျွန်မတို့ သဘောတူထား၊ ညှိနှိုင်းထားတဲ့အချက်တွေနဲ့ပက်သက်ပြီး အစိုးရဘက်ကလည်း သဘောတူထားချက်တွေအတိုင်း လိုက်လိုက်လျောလျော ရှိပါတယ်။



ဝေါလ်စထရိ ။ ။ သမ္မတကို ဘယ်လိုမြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရိုးသားတဲ့ လူတစ်ယောက်ပါ။ ပွင့်ပွင့်လင်းလင်းလည်း ရှိပါတယ်။



ဝေါလ်စထရိ ။ ။ ပြည်ပလူတွေအနေနဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်းသိနိုင်ဖို့ အခက်အခဲရှိပါတယ်။ ပြည်ပကလူတွေအတွက် ဘာပြောချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျွန်မတို့တွေ တစ်ကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာအောင် အားလုံးကြိုးပမ်း တည်ဆောက်နေပါတယ်လို့ ပြောချင်ပါတယ်။ သမ္မတဟာလည်း ရိုးသားတဲ့လူတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သမ္မတအနေနဲ့ ပြုပြင်ပြောင်းလဲရေးကောင်းတွေကို ဖော်ဆောင်နိုင်လောက်အောင်လည်း အစိုးရတွင်းမှာ သူ့ကို ထောက်ခံမှုကောင်းကောင်း ရှိမယ်လို့ ယုံကြည်ပါတယ်။ စစ်တပ်ဘက်ကရော သမ္မတကို ဘယ်လောက်အတိုင်းအတာထိ ထောက်ခံမှုရှိလဲဆိုတာတော့ ကျွန်မ မသိပါဘူး။ ဒါပေမယ့် လုံလောက်တဲ့ အတိုင်းအတာတစ်ခုထိ ထောက်ခံမှုကို ရထားလိမ့်မယ်လို့တော့ ကျွန်မ ထင်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်သွားစရာ ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ နောက်ပြန်ဆုတ်သွားမယ့် အန္တရာယ်ကိုတော့ စောင့်ကြည့်နေကြရမှာပါပဲ။ ကြီးကြီးမားမား အန္တရာယ်ကိုတော့ မမြင်မိသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း အပြောင်းအလဲတွေ အရမ်းမြန်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။

The Messenger

27 November 2011

ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ် က တွေ့ဆုံမေးမြန်းခြင်း ( အပိုင်း ၁ )


ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှေ့ကို ကောင်းကောင်းမြင်ရတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။

မြန်မာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်တစ် ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အား ဝေါလ်စထရိဂျာနယ်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်များကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အစစ်အမှန်တွေလို့ ခံစားရပါသလား။ ခံစားရတယ်ဆို ဘယ်ဟာတွေကို အစစ်အမှန်လို့ ခံစားရပါပြီလဲ၊ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အားရစရာတွေကို ပြောရမယ်ဆိုရင်တော့ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ကိစ္စတွေ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ ကိစ္စတွေကို အားရပါတယ်၊ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ရတဲ့အခြေအနေတွေထက် အများကြီး အားရစရာ ကောင်းလာတယ်လို့ ခံစားရပါတယ်။ ပိုပြီးလည်း စစ်မှန်လာတယ်လို့ ခံစားရပါတယ်။ ခုဆို သတင်းမီဒီယာတွေအနေနဲ့လည်း အရင်ကထက်ပိုပြီး အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပါဝင်ခွင့်ရလာတာ တွေ့ရပါတယ်။ ဒါလည်း အားရစရာကောင်းတဲ့ တစ်ချက်ပါ။ သတင်းလွတ်လပ်ခွင့်လည်း အရင်ကထက် ရလာတာ တွေ့နိုင်ပါတယ်။ ယေဘုယျ ခြုံပြောရရင် လူတွေဟာ နိုင်ငံရေးမှာ အရင်ကထက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဝင်လုပ်ကိုင်ရဲလာတာ အားလုံးအမြင်ပါပဲ။ ခုအချိန်ဟာ နိုင်ငံရေးလုပ်ဖို့ဆို လန့်နေရတဲ့ အရင်ကလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။ ဒီအပြောင်းအလဲဟာ အားရစရာ အပြောင်းအလဲ၊ အရေးကြီးတဲ့ အပြောင်းအလဲလို့ ပြောနိုင်ပါတယ်။ ခုလို လူတွေ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင်နိုင်ဖို့ဟာ နိုင်ငံတစ်နိုင်ငံအတွက် တစ်ကယ့်ကို အရေးကြီးပါတယ်။



ဝေါလ်စထရိ ။ ။ အခုအခြေအနေတွေဟာ အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကနဲ့ ဘယ်လို ကွာခြားမှုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုအခြေအနေလောက် ပွင့်ပွင့်လင်းလင်း ရှိလာတဲ့အခြေအနေကို မကြုံဖူးသေးပါဘူး။ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပေမယ့် ပန်းတိုင် သွားရမယ့် လမ်းကိုတော့ ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရပါပြီ။


ဝေါလ်စထရိ ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကို အစိုးရနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်လောက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် ပါလာတာလည်း တွေ့ရပါတယ်။ ဒီလိုပါလာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အထဲမှာ ကျန်နေသေးတဲ့လူတွေနဲ့စာရင် လွတ်လာတာက နည်းလွန်းနေပါသေးတယ်။ အထဲမှာ ကျန်နေတဲ့လူတွေရဲ့ ရှေ့ရေးကရော ဘယ်လိုရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တဲ့ အဓိက နိုင်ငံရေးအကျဉ်းသား အတော်များများ အထဲမှာ ကျန်နေပါသေးတယ်။



ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်မယ့် အရိပ်အယောင် ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဖြစ်နိုင်ချေရှိပါတယ်။



ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်ပေးမယ့် အရိပ်အယောင်မျိုး အစိုးရဆီမှာ တွေ့ရပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အစိုးရအကြံပေးပုဂ္ဂိုလ်တွေနဲ့ အခြား ပုဂ္ဂိုလ်တွေဆီက ကြားရသလောက်တော့ မကြာခင် ထပ်လွှတ်ပေးနိုင်ချေရှိတယ်လို့ သိရပါတယ်။



ဝေါလ်စထရိ ။ ။ အခုအချိန်မှာ မြန်မာနိုင်ငံ ရင်ဆိုင်ကျော်လွှားရမယ့် အရေးအကြီးဆုံး ပြဿနာက ဘာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူအားလုံး အားထား ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ပါ။ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မျိုးမှာလည်း တိကျပြီး အားလုံး အားကိုး ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပေးနိုင်ဖို့ လိုပါတယ်။ ဥပမာ ဆိုကြပါစို့၊ ပြည်ပကနေ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုပါစို့။ သူတို့ကို အိမ်ရှင်နိုင်ငံက ဘယ်လို အခြေအနေတစ်ခု သတ်မှတ်ပေးမယ်ဆိုတာ တိတိကျကျ မသိရဘဲနဲ့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တွေအတိုင်း တိတိကျကျ လုပ်ပေးဖို့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေမျိုး မရှိဘူးဆိုရင် သူတို့ ဘယ်လာလုပ်ချင်မှာလဲ၊ အဲ့လိုပဲ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖောက်ဖျက်ရင် တိုင်စရာ တရားရုံး၊ အရေးယူနိုင်စရာ ဥပဒေ တိတိကျကျ မရှိရင် ဘယ်လာလုပ်ချင်မှာလဲ။ ဒါ ဥပမာအနေနဲ့ ပြောတာပါ။ အဓိက ပြောချင်တာက လူတိုင်း ယုံကြည်ကိုးစားနိုင်မယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နယ်ပယ်တိုင်းမှာ ရှိနေအောင် လုပ်ထားဖို့ လိုအပ်နေတဲ့အကြောင်း ပြောချင်တာပါ။



ဝေါလ်စထရိ ။ ။ ဒီနေ့ မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတာ ဘယ်သူလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သမ္မတဟာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ပါ။ တစ်ခုပြောစရာရှိတာက သမ္မတကို ဘယ်သူတွေက ဘယ်လောက် ထောက်ခံ သဘောကျကြလဲဆိုတာကိုတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ အရပ်သား အစိုးရတွင်းကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲ၊ စစ်တပ်ကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲဆိုတာတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဘယ်နိုင်ငံသမ္မတဖြစ်ဖြစ် စစ်တပ်ရဲ့ ထောက်ခံမှုကို ရထားဖို့ လိုတယ်ဆိုတာ ကျွန်မလည်း မငြင်းပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတအဖို့ ရထားဖို့ လိုအပ်တဲ့ ထောက်ခံမှုတစ်ခုပါ။ ဦးသိန်းစိန်ဟာ အပြည့်မဟုတ်တောင် မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတဲ့ လူတစ်ယောက်လို့ ပြောရမှာပါပဲ။


ဝေါလ်စထရိ ။ ။ အငြိမ်းစာယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်ရောက်နေတယ် ကြားမိပါသလဲ၊ ဗိုလ်ချုပ်မှူးကြီးနဲ့ကော အဆက်အသွယ်ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဆက်အသွယ်မရှိပါဘူး။ ကောလဟာလတွေကတော့ ပေါင်းစုံအောင် ထွက်နေတာပေါ့လေ။ လုံးဝ အနားယူသွားပြီ၊ နိုင်ငံရေးလောကနဲ့ လုံးဝ မပက်သက်တော့ဘူးလို့ ပြောတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ဝင်လာဦးမယ်လို့ ပြောတဲ့လူတွေလည်း ရှိတယ်။ ကျွန်မကတော့ ဒါတွေအားလုံးကို ကောလဟာလအနေနဲ့ပဲ သက်မှတ်ထားပါတယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြား သတင်းသမားတစ်ယောက် အကျင့်ရအောင် လုပ်ထားရမယ့်ထဲမှာ ကောလဟာလတွေလည်း ပါပါတယ်။ ကောလဟာလနောက်ကို မလိုက်မိအောင် ကျင့်ထားဖို့ လိုပါမယ်။ ခုကိစ္စနဲ့ပက်သက်ပြီး ထင်သာမြင်သာ အားကိုးထိုက်တဲ့ သတင်းထုတ်ပြန်ချက် မရှိပါဘူး။ ဒီတော့ လူတွေဟာ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကောလဟာလတွေ အမျိုးမျိုး ဖြစ်နေတာပါပဲ။

ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။

ရင်းမြစ်....မက်စင်ဂျာ ဂျာနယ်