05 October 2010

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်ဈာပနာမြင်ကွင်း






သံဝေဂတရား ထပ်မံရရှိခြင်း

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်သည် ၂.၁၀.၂၀၁၀ (စနေနေ့) နံနက် (၆း၄၅)နာရီအချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက်သယ်ဆောင် ကူညီပေးခဲ့ပါသည်။

ယနေ့ ၄.၁၀.၂၀၁၀ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ။သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုးပေးခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သရုပ်ဆောင်များ အနေဖြင့် သွားရောက်ကူညီ သင်ကြားပို့ချပေးခြင်း မပြုလုပ်ရန်” ဟူသော စာထုတ်ခဲ့သော်လည်း အနုပညာရှင်များဖြစ်သော ဘဘ ဦးသုခမှ အစပြု၍ ဒွေး၊ သုမောင်၊ ဂျော်လီဆွေ၊ ညီဘွား၊ ထွန်းထွန်းနိုင်၊ ဇော်ဝမ်း၊ စန္ဒာအောင်သိန်း၊ အေ၀မ်း ဦးလှမျိုး၊ အလှဖန်တီးရှင် မိတ်ကပ်အောင်အောင် (တောင်ကြီး)နှင့် ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များ၊ ဟာသသရုပ် ဆောင်များ၊ အနုပညာရှင်များတို့၏ မိဘ ဆွေမျိုးသားချင်းတို့၏ နာရေးကိစ္စများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လုပ်ဆောင်ပေးဆပ်လျှက် ရှိပါသည်။

ကျွန်တော်သည် အမေ ဒေါ်တင်တင်လှ၏ အသုဘအခမ်းအနားတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများက ကျွန်တော်အတွက် သံဝေဂတရားများကို ထပ်မံ၍ ရရှိစေခဲ့သည်။

အကြောင်းမှာ - အမေ ဒေါ်တင်တင်လှသည် ကျွန်တော်တို့၏ ရုပ်ရှင်ဘက်တွင် မင်းသားကြီး ဦးရွှေဘ၊ တွံတေး သိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့် အချိန်တွင် ရုပ်ရှင်လောက သားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများပေါ်ကာစ အချိန်ကာလတွင် ကျွန်တော်၏ ပထမဦးဆုံးသော ဗီဒီယိုဇာတ်ကား ဖြစ်သည့် စာရေးဆရာမ မအေးလေး ၀တ္ထုဖြစ်သော “ဥက္ကာ” အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ကျွန်တော်၏ မိခင်အဖြစ် ပြန်လည်၍ ရုပ်ရှင်အနုပညာလောကသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့၏ နောက်မှ ရုပ်ရှင်လောကအတွင်းသို့ ၀င်ရောက်လာသော မင်းသား၊ မင်းသမီးသစ်များ၏ အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်းများတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ၀ါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးတို့၏ ခိုင်းစေချက်များ (နိုင်ငံတော်ကိစ္စ) ရပ်များကို အချိန် မရွေး မိမိ၏ အလုပ်မအားလပ်သည့်ကြားမှ မိမိ၏ အနုပညာကို အသုံးချကာ ပေးဆပ်နေသူ တစ်ဦးလည်း ဖြစ်သည်။

အမေ ဒေါ်တင်တင်လှ ကဲ့သို့ ရုပ်ရှင်အစည်းအရုံး၏ ခိုင်းစေချက်များကို မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အိမ်တွင်းရေးကိစ္စ အ၀၀တို့ကို စွန့်လွှတ်ကာ ပေးဆပ်ခဲ့ကြသော အနုပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံတော်အတွက်၎င်း၊ ရုပ်ရှင်အစည်းအရုံး အတွက်၎င်း၊ ရုပ်ရှင်လုပ်ငန်းအတွက်၎င်း မညီးမညူပေးဆပ်ခဲ့ကြသော သရုပ်ဆောင်များ၏ နောက်ဆုံး အချိန်ဖြစ်သော ဈာပန အခမ်းအနားများတွင် ထိုကဲ့သို့ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ အမှုဆောင်များသော်၎င်း၊ အဖွဲ့ဝင်များသော်၎င်း၊ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ရခြင်းသည် သံဝေဂရဖွယ် ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင်လုပ်ငန်းအတွက်သော်၎င်း၊ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေပွဲများသော်လည်း မည်မျှပင်ပေးဆပ်ခဲ့ပါမူ ဤကမ္ဘာမြေပြင်မှ ထွက်ခွာသွားရသည့် အချိန်တွင် “သင် သွားလိုရာသွားနိုင်ပြီ ကျွန်ုပ်တို့နှင့် ယခု အချိန်မှစ၍ ပတ်သက်ခြင်းမရှိတော့” ဟူသော ပြန်တမ်းစာလေး တစ်စောင်ကိုသာ လူကြုံနှင့် ထည့်ခိုင်းလိုက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လူလူချင်း စာနာစိတ်မရှိသော လုပ်ရပ်ပင် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။


ဝမ်းနည်းကြေကွဲရပါကြောင်း ပန်းခြင်းလေးတစ်ခု၊ ပန်းခွေလေးတစ်ခုကိုမျှ မမြင်တွေ့ခဲ့ရ။ ထိုနေ့ ထိုရက်တွင် ယင်း အနုပညာ အဖွဲ့အစည်းကြီး၏ အမှုဆောင်များ၊ ဥက္ကဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအားလုံးတို့သည် မည်မျှအရေးကြီးသည့် လုပ်ငန်းတစ်ခုကို တစ်ယောက်မကျန် လုပ်ဆောင် နေရပါသနည်း။

တလက်စတည်း ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ၏ ဖခင်၊ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ)၏ ခင်ပွန်း ဘ၀တစ်ပါးသို့ ပြောင်းလဲစဉ်ကလည်း ထိုနည်းအတိုင်းပင် မြင်တွေ့ခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ မြန်မာပြည်တွင်ရှိစဉ်က၄င်း၊ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ) မကျန်းမာစဉ် အချိန်က၄င်း နိုင်ငံတော်အခမ်းအနားများ၊ ရန်ပုံငွေပွဲများ တွင် စင်မြင့်ပေါ်သို့ အတင်းအဓမ္မ တက်ခိုင်း၍ “ဟေလားရေ မောင်တို့ …. ဟေလားရေ မောင်တို့” စသည့် သီချင်းကို မောပန်းနွမ်းနယ်မှုများကြားမှ မညှာစတမ်း သီဆိုဖျော်ဖြေ ပေးခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ဈာပနအခမ်းအနားတွင်တော့ ထိုခိုင်းစေခဲ့သော လူပုဂ္ဂိုလ်များ မတွေ့ရှိခဲ့။

အနုပညာရှင်များသည် လူရယ်လို့ လူ့လောကကြီးထဲ ရောက်လာသည့်အချိန်မှစ၍ ပေးဆပ်မှုများစွာ လောကကြီးအတွက်၊ လူသားများအတွက်၊ နိုင်ငံတော်အတွက် ပေးဆပ်မှုများ ရှိခဲ့သော်လည်း ထိုသူတို့၏ နောက်ဆုံးခရီး ကမ္ဘာမြေကြီးကို နှုတ်ဆက်သည့် အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှုတ်ဆက်ခရီးလမ်းကြောင်းကို တက်ညီလက်ညီလာရောက် အားပေးပြုပါက ကျန်ရစ်သူ မိသာစုများအနေဖြင့်၎င်း၊ လာရောက်ကြသော ဧည့်ပရိတ်သတ်များအတွက်၎င်း အမြင်တင့်တယ်၍ မင်္ဂလာရှိပေမည်။

အချုပ်ဆိုရသော် “ရုပ်ရှင်သည် ပြည်သူ့အတွက်၊ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောက သားများအတွက်” ဟူသော ဆောင်ပုဒ်များကို ထုတ်ဖော်ကြွေးကြော်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လုပ်ငန်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင်များ ပတ်သက်ခြင်းမပြုရ ဟူသော စာများထုတ်ပြန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအနေနှင့် လူလူချင်း စာနာစိတ်မွေးကာ မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) အနက်မှ တစ်ပါးတည်းသော ကရုဏာတရားလေးကို လက်ကိုင်ပြု၍ မိမိတို့ အသင်းအဖွဲ့အား စည်းလုံးညီညွတ်စွာဖြင့် အုပ်ချုပ်စေချင်တော့သည်။ သို့တည်း မဟုတ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်နာမဖြစ်သော ရုပ်ရှင်အစည်းအရုံး ဟူသော အမည်ကို ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာထား၍ ကရုဏာဒေါသောဖြင့် ပြောကြား လိုက်ရပါတော့သည်။

အမေ ဒေါ်တင်တင်လှ၏ ရုပ်အလောင်းအား အအေးခန်းမှ ထုတ်လာစဉ် ခန်းမထဲ အရောက် ကြည့်ရှုလိုက်သောအခါ အမေ၏ အောက်နှုတ်ခမ်းသည် လောကကြီးကို မကျေနပ်၍၄င်း၊ အနုပညာလောကကြီးကို နာကျဉ်း၍၄င်း၊ ဝေဒနာကို ခံစားရ၍၄င်း … စသည့် နာကျဉ်းမှုများ၊ ကြေကွဲမှုများ၊ မကျေနပ်မှုများကြောင့်လားတော့မသိ။ သွားဖြင့် ပြတ်လုနီးပါး ကိုက်ထားသော ဒဏ်ရာတွင် သွေးစို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ဒဏ်ရာ၏ တရားခံ အဖြေကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။

မည်သို့ဖြစ်စေ အများပြည်သူတို့အား ထဲထဲဝင်ဝင် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ ပညာဒါန ပေးဆပ်မှု စသည့် လူမှုရေးကောင်းမှုတို့ကို နေ့စဉ်မပျက် အချိန်ပြည့် ပေးဆပ်မှုများ ပြုလုပ်ခွင့်ရခဲ့သည်မှာ (၃) နှစ် တိတိ ရှိခဲ့ပြီ ဖြစ်ပါ၍ ကျွန်တော်အား အနုပညာလုပ်ဆောင်ချက်များ ပိတ်ပင်ခဲ့သော နိုင်ငံတော်မှ လူပုဂ္ဂိုလ်ကြီးများအား ကျေးဇူးအထူးတင်ရှိကာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကျော်သူ

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

04 October 2010

စစ်တွေမြို့ရဲ့ လှပသာယာသည့် ပွိုင့်ကမ်းခြေ အပမ်းဖြေချင်စရာမရှိလောက်အောင်ကိုဆိုဝါးနေပါသလား


ပလက်စတိတ်အိတ်၊ ငါးအသေ၊ စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်လာသော ပွိုင့်ကမ်းခြေ

စစ်တွေမြို့သည် လှပသာယာသည့် ပွိုင့်ကမ်းခြေကို ပိုင်ဆိုင်ထားသည့် ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်ပါသည်။ ပွိုင့်ကမ်းခြေတွင် အားလပ်ရက် အပမ်းဖြေ ရေကူးသူများဖြင့် အမြဲမပြတ် စည်ကားနေတတ်ပါသည်။ သို့သော်လည်း ယခုအချိန်တွင် ကမ်းခြေတွင် ရေးကူးချင် လောက်အောင် မကောင်းတော့ကြောင်း ကမ်းခြေအပမ်းဖြေသူများက မရှိသလောက် နည်းပါးလာသည်ကို တွေ့မြင်နေရပါသည်။ ကမ်းခြေတလျှောက်တွင် ဖွဲမီးစက်များမှ စွန့်ပစ်ပစ္စည်းများက သောင်ပြင်ပေါ်တွင် နေရာ ယူထားသောကြောင့် ဖြစ်ပါသည်။

ရေပြင်ပေါ်တွင်လည်း ပလစ်စတစ် အမှိုက်များက ပေါလော မျောနေကြသည်။ စီးပွားရေးအတွက် သဘာဝအလှများ ပျက်စီးမှုကို မမူပဲ စီးပွားရှာသူတို့ကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။ ယခင့် ယခင်က ဆိုလျှင် ကျွန်တော်တို့ ပွိုင့်ကမ်းခြေမှာ ကျန်းမာရေးအနေနဲ့ရော၊ အပမ်းဖြေအနေနဲ့ရော လမ်းလျှောက်ကြလေ့ရှိပါ၊သည်။ ယခုနောက်ပိုင်း (ဖွဲမီးစက် ဆောက်ပြီး မကြာခင်) မှာ ကမ်းခြေဖက်တွင် လမ်းလျှောက်လျှင် ကမ်းခြေတလျှောက်တွင် ဖွဲမီးစက် ရုံက စွန်ပစ်ပစ္စည်းများက စုပုံနေသောကြောင့် လမ်းလျှောက် ချင်စရာတောင် မကောင်းလောင်အောင် ဖြစ်နေပါသည်။ ၎င်းစက်ရုံက စွန့်ပစ်ပစ္စည်းများမှာလည်း အကုန်လုံး ကတ္တရာဓာတ်တွေ အများအပြားပါသည့်အတွက် ရေနေ သတ္တ၀ါများအတွက် ဆိုးကျိုးအန္တာရယ် အများကြီး ရှိနိုင်ပါသည်။ အဆိုပါ စက်ရုံများ တည်ထောင်သည်မှာလည်း အချိန်ကာလအားဖြင့် မကြာမြင့်သည့် အချိန်တွင်ပင် ယခုကဲ့သို့ ဆိုးကျိုးများ ကြုံတွေ့နေရသည်ကို တွေ့နေရပါပြီ။ သည်အခြေအနေအတိုင်း ဆက်လက် လည်ပတ်နေကြမည်ဆိုလျှင့်  ကျွန်တော်တို့ သည်ပွိုင့်ကမ်းခြေ၊ ရှုခင်းသာလမ်း တလျှောက် ပျက်စီး ဆုံးရှုံးမှု၊ လေထု၊ ရေထု ညစ်ညမ်းမှုများ ယခုထက် ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပြီး သဘာဝအလှများ ပျက်စီး သွားနိုင်ပါသည်။ စစ်တွေမြို့ မီးရရှိရေးအတွက် “ထူး” ကုမ္ပဏီမှ စစ်တွေမြို့ သမ္ဗာန်ချောင်း အထက်ပိုင်း “ခိုင်သဇင်ပန်းခြံ” (ယခင် ပြည်နယ်ကွင်း) နောက်ဖက်တွင် တည်ဆောက်ထားပြီး ၎င်းစက်ရုံမှ စွန့်ပစ်ပစ္စည်း (ကာဗွန်၊ ကတ္တရာများ) ကိုလည်း ချောင်းမှတစ်ဆင့် ဂစ္ဆပနဒီသို့ စီးဆင်းစေပြီး ပင်လယ်တွင်းသို့ (၂၄) နာရီ ပတ်လုံး စွန့်ပစ်နေပါသည်။ စစ်တွေမြို့တွင် ဖွဲမီးစက်များမှာ “ထူး”ကုမ္ပဏီပိုင် ဖွဲမီးစက်၊ ရွှေသဇင်ဟိုတယ်ပိုင် ဖွဲမီးစက်၊ ကုန်တုန်းရပ်ကွက် ဖွဲမီးစက် (ယခု ပျက်စီး)၊ ရူပမြောက်ရပ်ကွက် ဖွဲမီးစက် (ယခုပျက်စီး)တို့ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရမယ့်အစား ယခုကဲ့သို့ ဖျက်စီးနေလျှင် (ဖွဲစက်ရုံတွေအား ညွှန်းပါသည်)၊ နောက်ဆိုလျှင် ပင်လယ်နားတွင် နေထိုင်ရသော ကျွန်တော်တို့ မြို့သူမြို့သားများသည် ငါးဆိုသည်ကို ဓာတ်ပုံ ထဲတွင်သာ မြင်ရလာနိုင်ပါသည်။


ပလက်စတိတ်အိတ်ခွံများဖြင့် ပြည့်နှက်နေသော ရေပြင်

စစ်တွေမြို့တွင် ယခုနှစ်အစောပိုင်းက ပလစ်စတိအိတ် မသုံးစွဲရေး နှိုးဆော်ခဲ့သော်လည်း ပြည်သူအများက ဆက်လက် သုံးစွဲနေဆဲဖြစ်ပါသည်။ စွန့်ပစ် ပလစ်စတိတ်အိတ်များကလည်း ကမ်းခြေတွင် အမှိုက်များအဖြစ် အပမ်းဖြေစရာကမ်းခြေမဟုတ်ဘဲ အမှိုက်များဖြင့် ပြည့်နှက်နေသော ကမ်းခြေတစ်ခုနှင့် ဆင်တူနေပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအား တစ်ဦး တစ်ယောက်စိတ်ထားနှင့် မဟုတ်ဘဲ လူတိုင်း အသိစိတ်ဓာတ်ရှိရှိ စုပေါင်း လုပ်ဆောင်မှသာလျှင် မိမိတို့ မြို့တော်၏ အလှအား ထိန်းသိမ်းနိုင်ပါမည်။ စစ်တွေမြို့တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်မှုမှာ အလွန်အမင်း အားနည်းကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား တနိုင်တပိုင် လုပ်ဆောင်နေသူ အချို့က သုံးသပ်ကြပါသည်။ သက်ဆိုင်ရာကလည်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို ယခုအချိန်ထိ လုံးဝ လျှစ်လျူ နေဆဲ ဖြစ်ပါသည်။


ကျွန်းသားဖြူ

“ပေဖြစ် မခံချင်ရင် တူဖြစ်အောင် လုပ်ရမှာဘဲ”



၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်းတုန်းက လှုပ်ရှားမှုပုံရိပ်လွှာတစ်ခုဖြစ်တဲ့ ဆေးတက္ကသိုလ် အမှတ် (၁) ရဲ့  ချီတက်ဆန္ဒပြနေတဲ့ဓါတ်ပုံနဲ့  ဆေး (၁) သမဂ္ဂစာစောင်မှာ ဖေါ်ပြထားတဲ့ “ဘယ်သူဖြစ်ဖြစ် ပေဖြစ် မခံချင်ရင် တူဖြစ်အောင် လုပ်ရမှာဘဲ” အဆိုစကားလေး ဖြစ်ပါတယ်။

အာဏာရူး နအဖတွေ မတရားအုပ်စိုးနေတဲ့ ယခုလိုအချိန်ကာလမျိုးမှာဆိုရင် နအဖအာဏာရူးဗိုလ်ချူပ်ကြီးတွေတင်မက သူတို့ လက်အောက်က သေနတ်ကိုင်လက်ပါးစေတွေကလည်း မထင်ရင် မထင်သလို ပစ်သတ်၊ လက်ပါးစေ လက်ကိုင်ဒုတ်တွေကလည်း လူမိုက်လူရမ်းကားတွေပီပီ အနိုင်ကျင့်မှုပေါင်းမျိုးစုံနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို နှိပ်စက်စော်ကားနေတာမို့  ပြည်သူလူထုအနေနဲ့  လုပ်ဆောင်သင့်တာကတော့ “ပေအဖြစ် ထုထောင်းခံနေရတဲ့ဘ၀တွေက လွတ်မြောက်မို့  လွတ်မြောက်ချင်တယ်ဆိုရင် ပေဖြစ်နေရတဲ့ ဘ၀ကနေ ရုန်းထွက်ကြပြီး အာဏာရူးတွေ လက်ပါးစေတွေ လက်ကိုင်ဒုတ်တွေကို လက်တွေ့ ကျကျ ပြန်လည်တုန့် ပြန်နိုင်အောင် အနိုင်ကျင့်အစော်ကားမခံရအောင် တူဘ၀အဖြစ် လုပ်ရမှာ လုပ်နိုင်ရမှာ ဖြစ်ပါတယ်။



လက်ရှိ လက်တွေ့ ဘ၀တွေမှာ ဖြစ်သင့်နေတာကို “ပေဖြစ် မခံချင်ရင် တူဖြစ်အောင် လုပ်ရမှာဘဲ” ဆိုတဲ့ ဒီအဆိုစကားလေးက တန်ဖိုးရှိရှိ ညွှန်ပြနေပါတော့တယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရပ်တည်ခွင့်အတွက် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ဗဟိုတရားရုံးချုပ်မှာစတင်တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ လာမယ့် အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မှာ စစ်အစိုးရကို စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းRFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

“တရားမ အထွေထွေ လျှောက်ထားမှုပေါ့။ ကျနော်တို့ ပါတီရပ်တည်ခွင့် ကိစ္စကို ကျနော်တို့ တင်မှာ။ သီးခြား သက်သာခွင့်ဥပဒေအရ ကျနော်တို့က တရားစွဲတာကိုး။ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေ၊ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ တင်မှာပါ။ ပါတီအနေနဲ့ မဟုတ်ဘူး၊ ပါတီ အထွေထွေအတွင်းရေးမှူး အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ စွဲမှာပါ,

ဗဟိုတရားရုံးချုပ်မှာ စတင် တရားစွဲဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ထံက ရှေ့နေ ကိုယ်စားလှယ်လွှဲစာ လက်ခံ ရရှိထားပြီ ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ရှေ့နေဖြစ်သူတွေက သက်ဆိုင်ရာကို အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် စက်တင်ဘာလ ၆ ရက်နေ့ နောက်ပိုင်း တွေ့ဆုံခွင့် မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် တွေ့ခွင့်ရတော့မှာ ဖြစ်ကြောင်း၊ အထက်က ခွင့်ပြုချက် ရရှိတာနဲ့ တွေ့ခွင့်ပြုမှာ ဖြစ်ကြောင်း သတင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ရှေ့နေဦးဥာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။

သတင်း..RFA

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု သတင်းလွှာ

E-Bulletin-9-2010-Sept

NLD News Bulettin-September 2010

NLD News Bulettin-September 2010

03 October 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များဦးကျင့်ရှင်းထန်းနှင့်စစ်ကိုင်းတိုင်းကန့်ဘလူကိုယ်စားလှယ်ဦးသိန်းဖေ တို့ကိုသွားရောက်ကန့်တော့ခဲ့သောဓာတ်ပုံများ









ဓာတ်ပုံများပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

NLD လူငယ်များက CRPP ၏အသက်အငယ်ဆုံး တိုင်းရင်းသားခေါင်းဆောင် တမူး လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုထန်းကို သွားရောက်ဂါဝရပြုစဉ်(၂.၁၀.၂၀၁၀)ဓာတ်ပုံမှတ်တမ်း









မဖြူဖြူသင်း ဦးဆောင်သော NLD လူငယ်များက နိုင်ငံရေးခေါင်းဆောင်များကို နေအိမ်များတွင် သွားရောက်တွေ့ဆုံ ဂါဝရပြု ကန်တော့ခဲ့ကြပါသည်။ CRPP ၏အသက်အငယ်ဆုံး တိုင်းရင်းသားခေါင်းဆောင် တမူး လွှတ်တော်ကိုယ်စားလှယ်ဦးထောင်ခိုထန်းကို သွားရောက် ဂါဝရပြုစဉ်(၂.၁၀.၂၀၁၀).

ဓာတ်ပုံ....ကိုတိုးလွင်

၂၀၁၀ရွေးကောက်ပွဲအတွက်ပါတီတွေရဲ့ မူသဘောထားကြေငြာချက်တွေ ဆင်ဆာလုပ်ခံနေရဆဲ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ပိုစတာတခု


ရခိုင်ပြည်နယ်ထဲက ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေအနေနဲ့ နိုင်ငံရေးပေါ်လစီနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရေဒီယို ရုပ်မြင်သံကြားကနေ တင်ပြနေကြရာမှာ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီကစက်တင်ဘာလ ၂၇ ရက်နေ့မှာ တင်ပြသွားခဲ့ပါတယ်။

အခု လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ နောက်ထပ်ပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပေါ်လစီတွေတင်ပြတဲ့နေရာမှာ သုံးပုံတစ်ပုံလောက် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

မိမိတို့ယုံကြည်တဲ့ လွတ်လပ်မှုဆိုတာ ပြည်ထောင်စုအဖွဲ့ဝင်တွေ အားလုံးအပေါ်မှာ တန်းတူညီမျှ သက်ရောက်မှု ရှိစေရမယ်ဆိုတဲ့အပိုင်း အကုန်လုံးကို ပယ်ဖျက်ခံရတယ်လို့ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီးတော့ ပြည်ထောင်စုက ယူထားတဲ့အာဏာနဲ့ ပြည်နယ်တွေကို ခွဲဝေပေးထားတဲ့အာဏာဟာ ထင်သာမြင်သာ ရှိရမယ် တာဝန်ခံနိုင်မှုရှိတဲ့ အချုပ်အချာအာဏာ ဖြစ်စေရမယ်ဆိုတဲ့ အပိုင်းကိုလည်း အပယ်ခံလိုက်ရပါတယ်လို့ ဆိုပါတယ်။

အခုလို ရေဒီယိုနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်မယ့် ပါတီရဲ့ ပေါ်လစီတွေကို ပြန်ပြင်ခိုင်းတဲ့အတွက် ယူဒီပီ ပါတီဆိုရင် ရေဒီယိုနဲ့ ရုပ်သံက လွှင့်မှာကို ရုပ်သိမ်းသွားခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကလည်း သူတို့ရှမ်းအမျိုးသားသီချင်းကို ဖြုတ်ပစ်ခဲ့ရပါတယ်။

သတင်း...ဘီဘီစီ

နအဖ ရဲ့ ၂၀၁၀ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်တသီးပုဂ္ဂလအမတ်တွေ ပါတီတွေလောက် အခွင့်အလမ်းမရ

ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့်သူတွေထဲမှာ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက နိုင်ငံရေးပါတီတွေလောက် နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ မရဘဲဖြစ်နေပါတယ်။ အခွင့်အရေးတွေ တန်းတူရနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီ အကြောင်းကြားပေမဲ့လဲ မထူးဘူးလို့ဆိုပါတယ်။ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေ ကြုံနေရတဲ့အခြေအနေတွေ အကြောင်း ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။


နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ့်ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းကလောက် လွတ်လပ်မှုတွေ မရှိဘူးလို့ နိုင်ငံရေး ပါတီတွေတင်မကဘဲ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကပါ ပြောနေကြပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့  နိုင်ငံရေးအမြင်တွေကို တင်ပြခွင့်ရခဲ့ကြပေမဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဒီအခွင့်အရေးကို မရကြပါဘူး။

“ရေဒီယို၊ တီဗွီနဲ့ ရုပ်မြင်သံကြားပေါ့နော်၊ ထုတ်လုပ်ခွင့်၊ ပြောဆိုခွင့်မှာ တသီးပုဂ္ဂလက မရဘူးရှင့်။ ပါတီ ၃၇ ပါတီကိုပဲ သူတို့ ခွင့်ပေးထားတယ်လေ။ တချို့ပါတီတွေဆိုရင် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ၃ ဦးရှိတယ်။ ဒါပေမဲ့ ၃ ဦးရှိလည်း ပြဿနာမရှိဘူး။ ပါတီဖြစ်တဲ့အတွက်ကြောင့် သူတို့သည် အခွင့်အရေး တန်းတူရတယ်။ သို့သော် တသီးပုဂ္ဂလ၊ ဥပမာ ကျမတို့ဆိုရင် အဖွဲ့အစည်းအနေနဲ့ ၈ ဦး ဖွဲ့ထားတယ်။ ဒါပေမဲ့ တန်းတူအခွင့်အရေးတော့ မရဘူးပေါ့။ တသီးပုဂ္ဂလ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကို ဒီအခွင့်အရေး မပေးထားဘူးပေါ့။”

အဲဒါကတော့ ရန်ကုန်တိုင်း လှိုင်မြို့ နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၀င်ပြိုင်မယ့် ဒေါ်ယူဇာမော်ထွန်း ပြောသွားခဲ့တာပါ။ ရုပ်သံထုတ်လွှင့်ခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီ အကြောင်းကြားပေမဲ့လည်း အခုထိ ဘာမှအကြောင်းပြန် မလာဘူးလို့ ဆိုပါတယ်။

“နုတ်နဲ့လည်း တင်ပြပါတယ်။ တိုင်းကော်မရှင်ကိုရော၊ ခရိုင် ကော်မရှင်ကိုရောလေ။ လိုအပ်တယ်လို့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူနဲ့ ထိတွေ့မှုမှာ ရုပ်မြင်သံကြားကလည်း သိပ်ပြီး ထိရောက်တာကိုး။ ကိုယ့်ရဲ့ အယူအဆလေးတွေကို ပြည်သူ တိုက်ရိုက်တွေ့ရအောင် ပြောချင်တာပေါ့။ တင်ပြပါမယ် ပြောပြီးတော့ ကျမတို့ကို ဘာမှ အကြောင်းမပြန်ဘူးပေါ့နော်။”

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် ရွေးကောက်ပွဲဝင်ရေး သင်္ကေတ အမှတ်တံဆိပ်တွေကိုလည်း ရွေးချယ်ပိုင်ခွင့် မရရှိခဲ့ကြဘူးလို့ သူက ဆက်ပြောပါတယ်။

“ပါတီတခုချင်းမှာ သူတို့ သင်္ကေတနဲ့သူတို့ တင်ပြကြတယ်။ ပြည်သူနဲ့ မိတ်ဆက်တဲ့နေရာမှာ ဒီသင်္ကေတလေးတွေက အရေးကြီးတယ်။ နောက်တခုက မဲပေးတဲ့အချိန်မှာ သင်္ကေတက အဓိက ကျသွားတယ်။ မဲလက်မှတ်ပေါ်မှာ ပါတီနံမည် မပါဘူးရှင့်။ လူပုဂ္ဂိုလ် နံမည်ရယ်၊ သင်္ကေတရယ်၊ အမှားအမှန် ခြစ်တဲ့အကွက်ရယ် ဒါပဲပါမှာ။ ဆိုတော့ ပါတီတွေဟာ သူတို့ရဲ့ သင်္ကေတာကို အများကြီး ကြိုပြီးတော့ မိတ်ဆက်ထားခွင့် ရှိတာပေါ့။ တသီးပုဂ္ဂလကကျတော့ သင်္ကေတ ပေးပါတဲ့။ ဆိုတော့ ကျမတို့က ပေးတာပေါ့။ ပေးတဲ့အချိန်မှာ အဲဒီသင်္ကေတတွေကို တခုမှ ခွင့်မပေးဘူး။ မပေးဘဲနဲ့ သူတို့ နိုင်ငံတော်က ပြန်ပြီးချပေးတဲ့ သင်္ကေတ တစ်ခုစီနဲ့ ပေးတာပေါ့။ အဲဒါ ကိုယ့်သင်္ကေတကို သူတို့ သတ်မှတ်ပေးလိုက်တယ် ဆိုပါတော့။ ကိုယ်က ရွေးချယ်ခွင့်မရှိတော့ အဓိပ္ပါယ် ဖော်ပြဖို့ ခက်ခဲတာပေါ့။”

ဒေါ်ယူဇာမော်ထွန်း တို့ ဘယ်လို သင်္ကေတမျိုး ရပါသလဲခင်ဗျ။ -

“ကျမ သင်္ကေတက ဘောလုံးလေးပါ။ မရမှတော့လည်း မရွေးတော့ပါဘူး။ သို့သော် ရွေးချယ်ပိုင်ခွင့် မရှိဘူးလို့ပြောတယ်။ ဒါပေမဲ့ ကျမ ချက်ချင်းပြောတယ်။ အမျိုးသမီးနဲ့ ဘောလုံးနဲ့ မသင့်လျော်ပါဘူး။ ဘောလုံးကို ကျမ ပြင်ချင်ပါတယ်ပေါ့။။ ပြင်ပေးပါပေါ့။ သို့သော်လည်း ဒါကို မပြင်ပေးပါဘူး။ ဘောလုံးပါပဲ။”

တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယူဇာမော်ထွန်း ပြောခဲ့တာပါ။ သူဟာ ဂျပန်ခတ်မှာ နိုင်ငံတော် အဓိပတိ လုပ်ခဲ့တဲ့ ဒေါက်တာဗမော်ရဲ့ မြေးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ရပိုင်ခွင့်တွေ တန်းတူမရတဲ့အကြောင်း ရှင်းပြတဲ့သူ နောက်တစ်ဦးကတော့ အမျိုးသားလွှတ်တော်မှာ ၀င်ပြိုင်မယ့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းမြင့် ပါ။

“ပါတီတွေကတော့ ပါတီစာစောင်တွေ ထုတ်ခွင့်ရတယ်။ ကျနော်တို့ တသီးပုဂ္ဂလကတော့ စာစောင်ထုတ်ခွင့် မရဘူး။ နောက်ပြီးတော့ ကျနော်တို့ အလံလုပ်ခွင့်လည်း မရပါဘူး။ ဆိုင်းဘုတ်တွေဘာတွေ တည်ထောင်ခွင့် မရပါဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲပြီးတဲ့ ကာလမှာလည်း နိုင်ငံရေး ဆက်လုပ်မလုပ် ဆိုတဲ့ကိစ္စမှလည်း ကျနော်တို့အတွက်က မသေချာပါဘူး။ ပါတီတွေကတော့ ၃ ယောက် ယှဉ်ပြိုင်ရင် ပါတီကတော့ ဆက်လက် ရပ်တည်ခွင့် ရရှိမှာဖြစ်ပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးသမား ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကာလမှာလည်း ကျနော်တို့ ယှဉ်ပြိုင်မယ်။ ပြီးသွားတဲ့အခါမှာလည်း မြန်မာ့နိုင်ငံရေးဟာ မပြီးဆုံးသေးတဲ့ကာလမှာ ရှိတယ်လို့ ယူဆရတဲ့အတွက် ကျနော်တို့က နိုင်ငံရေးကို ဆက်လုပ်မယ်လို့ အစီအစဉ်ကတော့ ရှိပါတယ်။”

ရန်ကုန်တိုင်း၊ တာမွေမြို့ နယ် ပြည်သူ့လွှတ်တော်ကနေ ၀င်ပြိုင်မယ့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင့်ဆန်း ကလည်း နိုင်ငံရေး ပါတီတွေနဲ့ အခွင့်အရေးခြင်း မတူညီတဲ့ အချက်တချို့ ကို ရှင်းပြပါတယ်။

“ပါတီရုံးကျတော့ သူတို့ရုံးမှာ ဟောပြောခွင့်ရတယ်။ ကျနော်တို့ကျတော အဲဒီလို အခွင့်အရေး မရဘူးလေ။ စည်းရုံးရေး လုပ်ရတာကတော့ တသီးပုဂ္ဂလကတော့ အရမ်းခက်ခဲတာပေါ့ဗျာ။ ပါတီမဟုတ်တော့လေ။ ကိုယ့်ရဲ့ ပေါ်ပျူလာ ဖြစ်မှု၊ ကိုယ့်ရဲ့ စည်းရုံးရေးအားအပေါ်မှာ မူတည်ပြီး လုပ်ရတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ပါတီအင်အား မရှိဘူး။”

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေ အခွင့်အရေး တန်းတူမရကြဘူး ဆိုပေမဲ့လည်း တသီးပုဂ္ဂလ သမားတွေဆီမှာ အားသာချက်တချို့  ရှိတဲ့အကြောင်းကိုလည်း ဦးတင့်ဆန်းက ရှင်းပြပါတယ်။

“အားသာချက်က ကျနော်တို့က လွတ်လပ်တယ်ဗျာ။ မြို့နယ်မှာရှိတဲ့ ပြည်သူကို ကိုယ်စားပြုပြီးတော့ ကျနော်တို့က ရဲရဲဝံ့ဝံ့ ပြောလို့ရတယ်ဗျာ။ ပါတီကျတော့ သူ့မှာ မူဝါဒတွေ ရှိတော့ သူက ထိန်းချုပ်မှုတွေ များတယ်။ နောက်ပြီးတော့ ကျနော်တို့ကျတော့ ပြိုင်ဖို့လုပ်တဲ့အခါမှာ ဘယ်သူနဲ့အတူ တွဲလုပ်လို့ရတယ်။ ဘယ် ပါတီနဲ့ဖြစ်ဖြစ်၊ ဘယ် တသီးပုဂ္ဂလနဲ့ ဖြစ်ဖြစ်ပေါ့။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ၀င်ပြိုင်ကြမယ့်သူတွေဟာ အယောက် ၅၀ ကျော် ရှိပါတယ်။

သတင်း... VOA

02 October 2010

၂၀၁၀ရွေးကောက်ပွဲတွင်ကြံ့ခိုင်ရေးပါတီထဲမှ ပါဝင်ယှဉ်ပြိုင်ရမယ့်ကိုယ်စားလှယ်လောင်းတချို့မကျေနပ်မှုတွေဖြစ်



ကြံ့ခိုင်ရေးအသင်းတုန်းက ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သူတွေ ပါတီအဖြစ်လည်း အသွင်ပြောင်းရော အမတ်လောင်းအဖြစ် အရွေးမခံရဘဲ ရပ်မိရပ်ဖတွေနဲ့ အသင်းက မျက်နှာကြီးတွေကိုပဲ အမတ်လောင်းအဖြစ် ရွေးချယ်ခဲ့လို့ မကျေနပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က အမတ်လောင်းတွေအတွက် မှတ်ပုံတင်ကြေး ငါးသိန်းကျပ်ကို ပါတီက ထုတ်ပေးပေမယ့် တာမွေမြို့နယ်က ဦးခင်မောင်လွင် နဲ့ ဦးလေးမြင့် တို့ဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မှတ်ပုံတင်ခဲ့ရလို့ မကျေမနပ် ဖြစ်နေတယ်လို့ ကြံခိုင်ရေး ပါတီက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ရန်ကုန်မြို့မှာ ဝင်ရောက် ရွေးချယ်ခံမယ့် အမတ်လောင်းတွေအတွက် မဲဆွယ် စည်းရုံးခိုင်းတော့ ဖုန်းဖိုးအပါအဝင် လမ်းစရိတ်တွေကို ကိုယ့်အိတ်ထဲက စိုက်ထုတ် သုံးစွဲ နေရတာကြောင့် အောက်ခြေပါတီဝင်တွေက မဲဆွယ်စည်းရုံးရေးကို မလုပ်ချင်ကြတော့ဘူးလို့ သိရပါတယ်။

တဖက်မှာလည်း လုပ်ငန်းရှင်တွေကို ကြံ့ခိုင်ရေးပါတီဝင်မှ စက်မှုဇုန်မှာ မြေနေရာ ပေးမယ်၊ ချေးငွေထုတ်ပေးမယ်၊လျှပ်စစ်မီး ပုံမှန်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ မဲဆွယ် စည်းရုံးနေတယ်၊

စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ကြံ့ခိုင်ရေးပါတီက အမတ်လောင်းတွေကို ငွေကြေး အကူအညီ ပေးရမယ်၊ မဲဆွယ်စည်းရုံးမှုတွေ လုပ်ပေးရမယ်လို့ ဖိအားပေး ပြောဆိုကြောင်း ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း..ဘီဘီစီ

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သတင်းစာ ဆရာကြီးဦးဝင်းတင်ရေးသားတဲ့“ထောက်ခံအားပေးဖို့ရာမထိုက်တန်တဲ့ ရွေးကောက်ပွဲတစ်ပွဲ”

An Election Not Worthy of Support by U Win Tin

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး ယနေ့ တွင် မျက်စိကောင်းမွန်စွာကုသမှုခံယူပြီးကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းလာခဲ့ပါပြီး




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာTang Tock Seng ဆေးရုံမှ မျက်စိအိမ်အတွင်းမှ သွေးခဲများအား အောင်မြင်စွာဖယ်ရှားခွဲစိတ်ပြီး စိုးရိမ်းစရာ မရှိတော့တဲ့ အတွက် ယနေ့နေ့လည် (၁)နာရီခွဲမှ ဆင်းရုံခွင့်ရရှိခဲ့ပါတယ်.။လာမည့်တနင်္လာနေ့ ၁၁.၁၀.၂၀၁၀ ရက်နေ့မှာ မျက်စိအခြေအနေအား ဆရာဝန်မှ ထပ်မံစမ်းသပ် စစ်ဆေးပြီးအခြေအနေအလုံးစုံ ကောင်းမွန်ပါက မြန်မာပြည်သို့ ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်..

စင်ကာပူဆေးရုံ၌ မြန်မာဆရာဝန်များ၏ ကြိုးပမ်းကုသမှု၊ အပြည်ပြည်ဆိုင်ရာမှ စိတ်အား၊လူအားဖြင့် မေးမြန်းစုံစမ်း အားပေးမှုများအားဘဘဦးတင်ဦးမှာ အထူးကျေးဇူးတင်ကြောင်း ဆိုပါတယ်။ အသက်(၈၃)နှစ် ရှိပြီဖြစ်တဲ့ ဘဘဦးတင်ဦးဟာ Physically နဲ့ Mentally ပါအထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်.။

သတင်းနှင့်ဓာတ်ပုံများ ပေးပို့ ပေးသော သူငယ်ချင်းအားကျေးဇူးတင်ရှိပါသည်.။

01 October 2010

မြန်မာအချင်းချင်း ပြည်ပအခြေပြု လိမ်လည်မှုတွေ ပိုများလာ

စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို အခြေတည်တဲ့ မြန်မာအချင်းချင်း လိမ်လည်မှု တွေအခုနောက်ပိုင်း ပိုဖြစ်ပွားလာတယ်လို့ သိရပါတယ်။ မလေးရှားရောက် မြန်မာအလုပ်သမား တချို့ဟာ မလေးရှား တက္ကသိုလ်တွေမှာ ကျောင်းလာတက်တဲ့ မြန်မာကျောင်းသားတွေကို ဆက်သွယ်၊ ရင်းနှီးမှုယူကာ ငွေလိမ်လည်တဲ့ အဖြစ်တွေ များနေတာကြောင့် ကျောင်းသားတွေအနေနဲ့ သတိထားနေရတယ်လို့ သိရတယ်။

အလုပ်သမားတွေဟာ ကိုယ်ပိုင် ဘဏ်ကတ်ကိုင်ဆောင်ခွင့် မရှိတဲ့အတွက် ကျောင်းသားတွေဆီ ပိုက်ဆံအပ်ထားပြီး နောက်ပိုင်းမှာ အပ်ထားတဲ့ ငွေပမာဏထက်ပိုပြောပြီး ပြန်ထုတ် ယူတာမျိုး ဖြစ်ပါတယ်။ “စီနီယာ အစ်ကိုကြီးတွေ အဲဒီလိုဖြစ်တယ်၊ သူ့ကိုပေးထားတာက ရင်းဂစ် ၁၀၀၀ ထဲ၊ အဲဒါကို ၁၅၀၀ လို့လာတောင်းတယ်၊ အဲဒါနဲ့ အဲဒီအစ်ကိုကြီးကလဲ တော်ပြီ၊ နောက်ဒီလူကြီးတွေနဲ့ အဆက်အဆံ မလုပ်တော့ဘူး ဖြစ်သွားရော”လို့ မလေးရှားနိုင်ငံ Taylor’s University မှာ BA ( Hons) ,Accounting တက်နေတဲ့ မခင်သီတာမြင့်က ပြောပြပါတယ်။

‘ဘယ်လိုကနေဘယ်လို ဖုန်းနံပါတ်တွေရမှန်း မသိဘူး၊ ပေးလဲ မပေးထားဘဲနဲ့၊ နာမည်တွေလဲ မသိဘူး၊ မြန်မာအလုပ် လုပ်နေတယ်လို့လဲပြောရော အရမ်းလန့်သွားတာ၊ အဲဒါသူငယ်ချင်းတွေက မကိုင်နဲ့ ဖုန်းချလိုက်ဆိုပြီး ပြောတယ်၊ နောက်လဲ ခဏခဏ ဆက်တယ်၊ မြန်မာမိန်းကလေးတွေကို မြန်မာတွေက အဲဒီလိုပဲ ဖုန်းဆက်တတ်တယ်’လို့ မခင်သီတာမြင့်က သူအတွေ့အကြုံကို ပြောပြတယ်။ ရန်ကုန်မှာ လက်ရှိအိမ်ထောင်ရှိနေတဲ့ အမျိုးသမီးတစ်ဦးဟာ စင်ကာပူမှာ သူက အင်ဂျင်နီယာ၊ မိဘတွေက ဝင်ဒါမီယာမှာနေတယ်လို့ဆိုပြီး အွန်လိုင်းကနေတစ်ဆင့် သိတဲ့ ဂျာမနီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပါတယ်။ အဲဒီနောက် စင်ကာပူမှာ တင်လက်ထပ်ကြပြီး အမျိုးသားက ခွင့်ရက်မရလို့ ဂျာမနီကိုပြန်ပါတယ်။ အမျိုးသမီးက မြန်မာပြည်ပြန်လာပြီး ကားတစ်စီးဝယ်ချင်တဲ့အကြောင်း ပြောလို့ ဟိုက ပိုက်ဆံလှမ်းပို့ပေးပါတယ်။

အမျိုးသားက ခွင့်နဲ့ မြန်မာ ပြည်ပြန်လာတဲ့အခါ ဘုန်းကြီးဆွမ်းကျွေးမယ်၊ နှစ်ဖက်မိဘဆွေမျိုးတွေ ဖိတ်ဖို့ပြောတဲ့အခါ အမျိုးသမီးက သူ့မိဘတွေစင်ကာပူကို အပြီးထွက်သွားပြီး ဖြစ်ကြောင်းနဲ့ ငွေဆောင်သွားပြီး အပန်းဖြေချင်ကြောင်း ပြောကာ အမျိုးသားခွင့်ရက် ကုန်ခါနီးအထိ ငွေဆောင်မှာသာ သွားနေခဲ့တယ်လို့ဆိုတယ်။ အဲဒီနောက်အမျိုးသားရဲ့ မိဘတွေဝယ်ပေးထားတဲ့ တိုက်ခန်းကို ရောင်းခိုင်းသလို အမျိုးသားအဖေကိုနေတဲ့ ဂျီအက်စ်အမ် ဟန်းဖုန်ကိုပါ ရောင်းဖို့ တိုက်တွန်းပါတယ်။ အမျိုးသား ဂျာမနီမပြန်ခင် ကာလတစ်လျှောက်လုံး ယောက္ခမအိမ်မှာသာနေပြီး နောက်ဆုံးမှာလက်ရှိ ယောက္ခမတွေနေနေတဲ့ အိမ်ကိုပါ ရောင်းဖို့စီစဉ်ကြောင်း သိရပါတယ်။

‘သိန်းငါးရာကျော် ဆုံးရှုံးသွားတာပေါ့၊ ကောင်မလေး အိမ်ခန်းရောင်းတုန်းက ပွဲစားလုပ်ပေးတဲ့ ပွဲစားမကြီးကနေ တစ်ဆင့်သိရတာ၊ ဒီကောင်မလေးဟာ လက်ရှိယောက်ျားရှိတယ်၊ ဝင်ဒါမီယာ အစွန်က အိမ်ခန်းတစ်ခန်းမှာ ယောက်ျားနဲ့ အတူနေတယ်၊ နောက်ကြောင်း မရှင်းဘူးဆိုတာ သိလိုက်ရတယ်၊ အဲဒါနဲ့ကောင်လေးကိုပဲ မင်းမြန်မြန်ပြန်၊ မပြန်ရင် မင်းအဖေကိုယ်စား မင်းကိုငါတစ်ခုခုနဲ့ အမှုဖွင့်ပြီးချုပ်မယ်လို့ ပြောလိုက်တော့မှ ပြန်သွားတာ၊ နို့မဟုတ်ရင် ဒီအဖေအမေရဲ့ အိမ်ကိုပါ ရောင်းခိုင်းတော့မှာ ၊ ဒါဆိုရင် သူ့အမေနဲ့အဖေ အမြစ်ပြုတ်ပြီလေ၊ ကောင်လေးမိဘတွေက တက္ကစီကား ထောင်ထားတာ၊ ကောင်မလေးကို အိမ်မှာတင်ထားတဲ့ တစ်လအတွင်း အကုန်ပြုတ်တာပဲ၊ ဘဘတို့အသက်အရွယ် အတွေ့အကြုံအရသူဟာ အင်ဂျင်နီယာလဲ မဟုတ်နိုင်ဘူး၊ ဒါကသူ့အရင်ယူထားတဲ့ ယောက်ျားနဲ့ လင်မယားနှစ်ယောက် ပေါင်းပြီး လိမ်တာပဲ’လို့ ကိုယ်တွေ့ကြုံခဲ့သူ အမျိုးသားရဲ့ ဦးလေးဖြစ်တဲ့ ပညာရေးကုမ္ပဏီ အကြီးအကဲတစ်ယောက်က ပြောကြားကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး မျက်စိခွဲစိတ် ကုသမှုအောင်မြင်ခဲ့ပြီးခွဲပြီးဘဘ၏ဓာတ်ပုံတချို့







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိခွဲစိတ် ကုသမှု ၃၀.၉.၂၀၁၀ နေ့လည် ၃နာရီမှာ စတင်ပြီး ၄နာရီ၄၇မိနစ်မှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

Tang Tock Seng ဆေးရုံ၌ ၃၀.၉.၂၀၁၀ နေ့လည်၃နာရီ၁၀မိနစ်တွင် မြန်မာခွဲစိတ်ဆရာဝန်၊ မြန်မာမေ့ဆေးဆရာဝန်၊ မြန်မာနပ်စ်မများ နှင့် ခွဲစိတ်ကုသမှုခံယူပြီး ၄နာရီ၄၇မိနစ် အချိန်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ မျက်စိတွင်းဖုံးလွှမ်းနေတဲ့ သွေးခဲများအား ခွဲထုတ်ပြီး LEN ကိုပြန်လည် ထည့်သွင်းခဲ့ပါတယ်..။ မျှော်မှန်းထားသည်ထက် အထူးကောင်းမွန်ကြောင်း ဆရာဝန်များမှ ဆိုပါတယ်..။ မျက်စိ အခြေအနေအား ပြန်လည် စစ်ဆေးပြီး ပြန်လည် ဆင်းခွင့်ပြုမည် ဖြစ်ကြောင်းသိရှိရပါသည်..။

ဘဘဦးတင်ဦး ဆေးရုံတက်နေစဉ် နိုင်ငံအသီးသီးမှ ဆုတောင်းမေတ္တာ ပို့သသူများ စိတ်ဓာတ်အားဖြင့် မေးမြန်း အားပေးသူများအား အထူးကျေးဇူးတင်ပါကြောင်း ဘဘဦးတင်ဦးနှင့် မိသားစုဝင်များမှ ပြောဆိုပါသည်။