07 July 2010

ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့အား အာဏာပိုင်များမှ ဖိအားပေးနှောက်ယှက်ခြင်း

ဓာတ်ပုံ ညီငယ် ဘားမားပါပါရာဇီမှ ပေးပို့ပါတယ်...
တနင်္လာနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါက်တာမေဝင်းမြင့်နှင့် ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ် တို့အား နေပြည်တော်ရှိ စည်ပင်တည်းခိုခန်းမှ တည်းခိုခွင့်အား ပိတ်ပင်သဖြင့် ယမန်နေ့ညက ရန်ကုန်သို့ ကားဖြင့် ချက်ခြင်း ပြန်လာခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" တနင်္လာနေ့က ဒေါက်တာမေဝင်းမြင့်နဲ့ ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့ နေပြည်တော်ကို ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ ကျန်တဲ့ဟာတွေတော့ အဆင်ပြေပါတယ်...။ ဒါပေမယ့် မနေ့က နေ့ခင်းပိုင်းက စပြီး အမျိုးမျိုးပေါ့ နောက်ဆုံး ဒေါက်တာမေဝင်းမြင့်တို့က ရထားလက်မှတ်ကို ဒီနေ့ အင်္ဂါနေ့ မနက်မှ ရထားနဲ့ ပြန်လာဖို့ ရထားလက်မှတ်ဝယ်ထားတာ... အဲဒါ မနေ့ကညက သူတို့ကို စည်ပင်တည်းခိုခန်းက တည်းခိုခွင့် မပေးဘူး ဆိုပြီးလုပ်ပါတယ်.. လုပ်တော့ သူတို့ညကြီး ကားလက်မှတ်ယူပြီး ပြန်လာရတာပေါ့.. အမှန်ကတော့ တစ်ညအိပ်မလို့ပါ ... နည်းနည်းပေါ့ ဘာမှတော့ မဟုတ်ပေမယ့် အနှောင့်အယှက် ဖြစ်အောင်လုပ်တာပါ။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ပုံအား အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် CEC အဖွဲ့ဝင်အချို့ ဖွဲ့စည်းထားတဲ့ (အမျိုးသားဒီမိုကရေစီအင်အားစု) NDF ပါတီမှ ၎င်းတို့ပါတီ၏ အမှတ်တံဆိပ် တစ်ခုအနေဖြင့် သုံးစွဲမည့် အပေါ်မှာ ကန့်ကွက်နိုင်ကြောင်း အစိုးရသတင်းစာများမှာ ပါရှိလာပါတယ်။ ထို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ CEC, CC နဲ့ အဖွဲ့ဝင် ၁၅ယောက် လက်မှတ်နဲ့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ဒေါက်တာမေဝင်းမြင့်နဲ့ ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့ မှကန့်ကွက်စာ ပေးအပ်ဖို့အတွက် (၄)ရက်နေ့ တနင်္ဂနွေ နေ့က နေပြည်တော်တို့ သွားရောက် ခဲ့ပါတယ်။ အဆိုပါ တနင်္ဂနွေ နေ့၌ စည်ပင်တည်းခိုခန်း၌ တည်းခိုခွင့်ရခဲ့ပြီး တနင်္လာနေ့ ကန့်ကွက်စာ ပေးပို့ပြီးတဲ့နောက် ယခုလို နှောင့်ယှက်ခြင်း ခံရတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး " ဒီလိုတည်းခိုခွင့် မပြုတာကို စည်ပင်ဝန်ထမ်းနဲ့ သတင်းတပ်ဖွဲ့ပေါ့... သတင်းတပ်ဖွဲ့ကတော့ သူ့တို့ကို ပြစ်မှုမကျူးလွန် ပါဘူးဆိုပြီး ဝန်ခံချက်ထိုးခိုင်းတယ်။ ဒေါ်မေဝင်းမြင့်တို့က လက်မှတ်မထိုးပေးဘူး... ဘာမှ ဆိုင်ဘူးတဲ့ ထိုးစရာလည်း မလိုဘူး... ဆိုပြီးမထိုးခဲ့ဘူး..။ အဲ့ဒါနဲ့ချက်ခြင်း ညကားနဲ့ ပြန်လာတာ ဒီနေ့မနက် (အင်္ဂါနေ့) မနက်မှာ အစောကြီး ပြန်ရောက်ပါတယ်။ တင်တာတော့ တင်ဖြစ်တာပေါ့...။ နေပြည်တော်မှာ အန်ကယ်လည်းရောက်ဘူးပါတယ်။ စည်ပင်သာယာက ဖွင့်ထားတဲ့ တည်းခိုးခန်းပဲ လူအများတည်းနိုင်တာ ကျန်တာတွေက ဟိုတယ်ကြီးတွေ.. တရက်ကို ၅သောင်း ၆သောင်း တစ်သိန်းအဲ့ဒီလို ပေးရတာ..။ အဲ့တော့ တည်းခိုစရာ စည်ပင်တည်းခိုခန်း ဒီတစ်ခုပဲရှိတယ်။ တစ်ခန်းကို ကုတင် ၃လုံးပါတယ် ၄၅၀၀ကျပ် ပေးရတယ်။ တစ်ညတည်းပြီးတော့ နောက်တစ်နေ့မှာ ပေးမတည်းတာ တမင်ဖိအားပေးတာပေါ့...။ ကန့်ကွက်လွှာ တင်တာတော့ တင်ခဲ့ပြီ ဘယ်တော့ ဆုံးဖြတ်မလဲတော့ မသိသေးဘူးဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ ပါတီထူထောင်ချိန်မှ စ၍ယနေ့အထိ စစ်အစိုးရနဲ့ အာဏာပိုင်များရဲ့ ဖိနှိပ်မှုကို အသက်၊ သွေးချွေးတွေ ရင်းပြီး စဉ်ဆက်မပြတ် အဖိနှိပ်ခံ နေရသော်လည်း.. ယနေ့အထိ ကြံ့ကြံ့ခံကာ ပြည်သူတွေဘက်က ရပ်တည်နေကြပါတယ်။ ယခုကဲ့သို့ ဂုဏ်သရေရှိ အဖွဲ့ချုပ်အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးအား အာဏာပိုင်များမှ ဖိအားပေး နှောင့်ယှက်ခြင်းဟာ အင်မတန်မှ အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

သတင်း... ဒီမိုဝေယံ

နအဖစစ်အာဏာရှင်တွေရဲ့ စစ်မှန်တဲ့၂၀၁၀ ရွေးကောက်ပွဲ သတင်းလွတ်လပ်ခွင့် နှင့် နိုင်ငံရေးစာပေ ကန့်သတ်ခံရ မှုများရှိနေ (တွေ့ဆုံမေးမြန်းခြင်း)

သွေးမြေကျသည်အထိ ပေးဆပ်မှု



သွေးမြေကျသည်အထိ ပေးဆပ်မှု

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေရှားပါးမှု ဒုက္ခကျရောက်သော မြို့နယ်၊ ကျေးရွာ၊ ဒေသများသို့ ရေရှည်စီမံကိန်းဖြစ်သည့် အ၀ီစိတွင်းများ၊ အုတ်ရေကန်များတွင် “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးကာ ဒေသခံ လူမှုရေးသမားများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ပဲခူးတိုင်းရှိ ကျေးရွာ (၅) ရွာဖြစ်သည့် ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဒေသခံ လူမှုရေးသမား ကိုသူရိန်ဝင်းနှင့် အဖွဲ့ ဦးဆောင်၍ တူးဖော် တည်ဆောက်ခြင်း လုပ်ငန်းများအား နေ့ည မနားတမ်း လုပ်ကိုင်ပေးဆပ်ခဲ့ရာ မကြာမီ အချိန်ကာလတွင် ပြီးစီးတော့မည် ဖြစ်ပါသည်။ အောင်မြင်စွာ ပြီးစီးသွားပါက အများပြည်သူ အလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်မှုဖြစ်သည့် ရေအလှူဒါန ကုသိုလ်ရေးအား ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းသွားမည် ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ယူပြီး ဆက်လက်တူးဖော်နေသည့် ကျေးရွာများမှာ - ပဲခူးတိုင်းရှိ ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့ဖြစ်ကြသည်။ ထိုသို့ တူးဖော်ရာတွင် ခနီးကျေးရွာ အ၀ီစိတူးဖော်ရေး လုပ်ငန်းခွင်တွင် ချိန်းဘလောက် ပြုတ်ကျ၍ တူးဖော်ရေး လုပ်အားပေး လူမှုရေးသမား ၀န်ထမ်းတစ်ဦး ဦးခေါင်းတွင် ထိခိုက်၍ သွေးမြေကျခဲ့ရသည်။ မည်သို့ဖြစ်စေ အများပြည်သူအား ပေးဆပ်ကုသိုလ်ယူပွဲ ဖြစ်သည့်အတွက် မိမိ၏ ထိခိုက်ဒဏ်ရာကြောင့် မိမိတာဝန်ယူ ဆောင်ရွက်သည့် ခနီးကျေးရွာ၏ အ၀ီစိတွင်း တူးဖော်ခြင်း လုပ်ငန်းခွင်အား ရပ်နားခြင်းမပြုဘဲ ပြီးစီးသည်အထိ ကြိုးစားတူးဖော် ဆောင်ရွက်ပေးလျှက်ရှိသော လုပ်အားပေး လူမှုရေးသမား ညီငယ်လေးအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ မိမိ၏ အသက်ခန္ဓာအား မငဲ့ကွက်ဘဲ ကိုယ်ကျိုးထက် အများအကျိုးအတွက် ရဲရဲရင့်ရင့် ပေးဆပ်ကူညီမှုအတွက် အထူးမှတ်တမ်းတင် အပ်ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

AAPP (Burma) Information Release - Burma’s Human Rights Record Up For Review

AAPP Press Release for UPR

06 July 2010

စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများ ပြည်နယ် ပယက ရုံးရှေ့တွင် ဆန္ဒပြ

စစ်တွေ နည်းပညာကောလိပ် ( GTC) မှ ကျောင်းသား ၃၀၀ ကျော်ခန့်သည် ယမန်နေ့က သူတို့ စာသင်ကြားရာ ကောလိပ်မှ ရခိုင်ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြသည်ဟု အမည် မဖေါ်လိုသူ ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

“ အဓိကတော့ ကျောင်းကားတွေ ဆီအလုံအလောက် မရတဲ့ အတွက် အလာနည်းသွားတယ်။ လာတဲ့ ကားကလည်း ကားခ ၁၀၀ ကျပ် ကနေ ၂၀၀ ကျပ်ထိ တိုးတောင်းတယ်။ ခုလို တိုးတောင်းတဲ့ ကျပ် ၁၀၀ ကို ကျောင်းသားတွေက မပေးနိုင်ဘူး။ ဒါကို မကျေနပ်တဲ့ အတွက် ကျွန်တော်တို့ ကျောင်းသားတွေ GTC ကနေပြီး ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်နယ် ပယက ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ထိုင်ဆန္ဒပြရာတွင် ကျောင်းသားများသာမက ကျောင်းသူ အမျိုးသမီးများ ပါဝင်ပြီး ၀ိုင်းဝန်းကြည့်ရှု့သူများနှင့်ဆိုလျှင် လူပေါင်း ၁၀၀၀ ကျော်ခန့် ဖြစ်သွား ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမူကြောင့် GTC မှ ဆရာ ဆရာမများက ပြည်နယ် ပယကရုံးထိ လိုက်လာပြီး ကျောင်းသားများနှင့် ပြည်နယ် အစိုးရ အရာရှိများကြားတွင် ၀င်ရောက် ဖြေရှင်းပေးခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ တောင်းဆိုတာ ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးဖို့တောင်းဆိုတယ်။ ပီးရင် ကားခတွေကို ၁၀၀ ကျပ်ထက် ပိုမကောက်ရဘူးဆိုပီး တောင်းဆိုတယ်။ နောက် တချက် တောင်းဆို တာက ငွေအကြွေတွေ လဲလှယ် ထုတ်ပေးဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ငွေအကြွေ ပြန်မအမ်းနိုင်တဲ့ အတွက် ကျောင်းသားတွေနဲ့ ကားသမားတွေ အကြားမှာ မကြာခဏ ပြဿနာ တက်တာတွေ ရှိတယ်။ ဒီပြဿနာကလည်း ကျောင်းသားတွေ နေ့စဉ် ကြုံနေရတဲ့ အတွက် ငွေအကြွေ ပြဿာကို ဖြေရှင်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အာဏာပိုင်များဘက်မှ လတ်တလော အနေဖြင့် ကားခ ၁၀၀ ထက် ပိုမကောက်ရန် သဘောတူ သဖြင့် ဆန္ဒပြမူကို ညနေ ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခင်က စက်သုံးဆီများကို အစိုးရမှ ထုတ်ပေးရာမှ ထူးကုမ္ပဏီသို့ လွဲပြောင်းပေးပြီးနောက်ပိုင်း ကျောင်းအကြိုအပို့ လုပ်ပေးနေသော ကားများကို စက်သုံးဆီ မရောင်းချရာမှ ကျောင်းကားများ အကြို အပို့ လုပ်ရန် ပျက်ကွက်ပြီး တချို့ကားများမှ ကားခများ ပိုတောင်းရာမှ ယခုကဲ့သို့ ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု သတင်း ရရှိသည်။

သတင်းရင်းမြစ်..နိရဉ္စရာ

(၄၈) နှစ်မြောက် ၇ ရက်ဇူလိုင်.....

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းအချို့ ရဲ့  ရင်တွင်းခံစားမှု တချို့ ...၇ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။

၇ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။


ခံစားမှု (၁)။

ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။

ခံစားမှု (၂)။

လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။

ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အား အထူး ကျေးဇူးတင် ရှိပါသည်.။

ကျောင်းသားအပေါင်းတို့ ရဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲဖျက်ဆီးခဲ့သူ အာဏာရှင်နေ၀င်း ပါးစပ်ဖြားက ထွက်တဲ့ မိုက်ရိုင်းတဲ့ စိန်ခေါ်စကား။




၁၉၆၂ ခုနှစ်၊ ဇူလိုင်လ( ၈) ရက်နေ့ ည (၇) နာရီတွင် မြန်မာ့အသံရေဒီယိုမှနေ၍ အာဏာရှင် နေ၀င်း ကနေ - “ကျနော် တိုင်းပြည် တာဝန်ယူသည့် အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ … “အခု ဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားထုနဲ့ ပြည်သူတစ်ရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး စိန်ခေါ်စော်ကားခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ ပြည်သူ့ အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  အာဏာသိမ်းခဲ့ပြီး မတရားတဲ့ ဖိနှိပ်ချူပ်ချယ်မှုတွေကို ပြုလုပ်ခဲတဲ့ အာဏာရှင် နေ၀င်းကို ရဲဝန့် စွာ စတင် ပုန်ကန်တော်လှန်သူတွေကတော့ ကျောင်းသားတွေဘဲ ဖြစ်ပါတယ်။ ဒီ လူသတ်ကောင် အာဏာရှင် နေ၀င်းကို ၁၉၈၈ ခုနှစ်မှာ ကျောင်းသားပြည်သူ ရန်ဟန်းရှင်လူအပေါင်းကနေ လူထုအားနဲ့  တော်လှန်တိုက်ထုတ်ကြလို့  တစ်ပါတီအာဏာရှင်စနစ်နဲ့ အတူ နေ၀င်းလည်း ပြုတ်ကျခဲ့ရပါတယ်။



သို့ သော်လည်း အာဏာရှင် နေ၀င်းကနေ မွေးထုတ်ပေးလိုက်တဲ့ အာဏာရှင်နောက်ပေါက်တွေ ဖြစ်ကြတဲ့ ယခုလက်ရှိ သန်းရွှေလက်ထက်မှာတော့ ဒီထက်ပိုမို မိုက်ရိုင်းစော်ကားတဲ့လုပ်ရပ်တွေနဲ့ အတူ ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းကို ဆက်လက် ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်လျက် ရှိပါတယ်။

ဒီအတွက် ၁၉၆၂ ခုနှစ်က ပြိုကျပျက်စီးခဲ့ရတဲ့ ကျောင်းသားထုတစ်ရပ်လုံးရဲ့  ကိုယ်စားပြုရာ ဘူမိနက်သန် နေရာဌာနေ၊ အမျိုးသားတစ်ရပ်လုံးရဲ့  သမိုင်းပြယုပ်နေရာဌာနဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် ကျွန်ုပ်တို့  ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းကနေ အာဏာရှင်တွေကို သုတ်သင်ဖယ်ရှားကြပါစို့ ။


အာဏာရှင်မှန်သမျှကို "ဒါးကို ဒါးချင်း၊ လှံကို လှံချင်း တော်လှန်ကြပါစို့ " ၊ ဇူလိုင် (၇) ရက်နေ့  နောင်တော်ကျောင်းသားအပေါင်းရဲ့  ၀ိညာဉ်တွေကို သစ္စာတိုင်တည်ပြီး ဆောင်ရွက်ကြပါစို့  ……..

ပြန်လည် မျှဝေ ပေးပို့ပေးသော ကိုနစ်နေမန်း အား အထူး ကျေးဇူးတင် ရှိပါသည်.။

၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇) ရက် အရေးတော်ပုံကြီးတွင် အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ကြရသော အာဇာနည်များ။

၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇) ရက် အရေးတော်ပုံကြီးတွင် အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ကြရသော အာဇာနည်များအပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၁။ မောင်ညွန့် (ခေါ်) ခင်မောင်ညွန် ၊့ ဒု-နှစ် ဘီအေ။

၂။ မောင်စန်းရွှေ၊ အခန်း ၈၃ - စစ်ကိုင်းဆောင်၊ ဥပစာအပိုင်း (ခ)။

၃။ မောင်ကျော်ဝင်း၊ မန္တလေးဆောင်၊ ၀ိဇ္ဇာ (ခ)။

၎။ မောင်စိန်ဝင်း၊ အခန်း (၉၁) - တောင်ငူဆောင်၊ ၀ိဇ္ဖာ(ခ)။

၅။ မောင်ကျင်မိုး၊ ထားဝယ်ကျောင်း၊ ဗားကရာ။

၆။ မောင်သန်းထွန်း၊ တောင်ငူကြီး။

၇။ မောင်တင်ညွန့် ၊ တက္ကသိုလ်ဝင် စာစစ်ရေး၊ ဌာနစာရေး။

၈။ မောင်စိန်ဝင်း၊ ထွန်းအလွတ်သင်ပညာသင်ကျောင်း။

၉။ ဆူးဗား၊ အလုပ်သမား။

၁၀။ ကိုတင်ထွန်း၊ ပဲခူးဆောင်။

ယခုဖေါ်ပြသော စာရင်းထက် ကျောင်းသားသမဂ္ဂအဆောက်အဦးအား အာဏာရှင်တို့ မှ ဒိုင်းနမိုက်ဖြင့် ဖြိုခွဲမှုကြောင့် ပြိုကျပျက်ဆီးသွားသော ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်း ပါဝင်သွားခဲ့ကြသော ထိခိုက်သေဆုံးကြရသည့် ကျောင်းတော်သူကျောင်းသားများအရေအတွက်မှာမူ ပိုမိုများပြားပါသည်။

“၇ . ၇ . ၆၂ မမေ့ကြနဲ့ ”။

ပြန်လည် မျှဝေ ပေးပို့ပေးသော ကိုနစ်နေမန်း အား အထူး ကျေးဇူးတင် ရှိပါသည်.။

No Vote

NO Vote Poster Campaign

ကမ္ဘာ့ နိုင်ငံအသီးသီး အား တိုက်တွန်း တောင်းဆိုချက်

Joint Statement for Internanional Senction and Against 2010 Election

05 July 2010

ရန်ကုန်မြို့ရှိ ဈေးအားလုံးမှ ဆိုင်ခန်းများတွင် ကိုယ်ပိုင်မီတာ တပ်ဆင်ခွင့် လုံးဝခွင့် မပြုတော

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် ဈေးအားလုံးမှ ဆိုင်ခန်းများတွင် ကိုယ်ပိုင်မီတာ တပ်ဆင်ခွင့် လုံးဝ ခွင့်မပြုတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အရှေ့ပိုင်းခရိုင်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးထံမှ သိရသည်။ အဆင့်မြင့်ဈေးကြီးများ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆိုင်ခန်း တစ်ခန်းချင်းသုံး ကိုယ်ပိုင်မီတာများကို တပ်ဆင်ခွင့် မပေးတော့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ နောက်ဆုံးပတ်မှာ အစည်းအဝေး လုပ်ကြပါတယ်။ နောက်ပိုင်း ဘယ်ဈေးကိုမှ ကိုယ်ပိုင်မီတာ မပေးတော့ဘူး။

မြို့တော်စည်ပင်ကနေ ချပေးထားတဲ့ မီးတွေကိုပဲ စနစ်တကျ သုံးစွဲကြရမှာပါ ”ဟု ယင်းက ရှင်းပြသည်။ ယင်းကိုယ်ပိုင် မီတာ တပ်ဆင်ခွင့်ကို သက်ဆိုင်ရာ စည်ပင်ဈေးရုံးရှိ တာဝန်ခံ၏ ထောက်ခံချက် ပါရှိမှသာလျှင် မီတာတပ်ဆင်ခွင့် ရှိမည် ဖြစ်သောကြောင့် ခိုးယူတပ်ဆင်မှုများ ဖြစ်ပေါ်မည် မဟုတ်ကြောင်း၊ ယင်းကိစ္စရပ်များကို ဇူလိုင်လမှ စတင်၍ တင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “ဒီကိုယ်ပိုင် မီတာ မပေးတော့ခြင်း အားဖြင့် မီးလောင်မှုတွေ လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ ရေရှည်ကောင်းဖို့ အတွက်ချည်းပါပဲ ”ဟု ယင်းက ထပ်မံဆိုသည်။

ဈေးဆိုင်ခန်းများတွင် မြန်မာ့လျှပ်စစ် ဓါတ်အား လုပ်ငန်းမှ သီးသန့် ကိုယ်ပိုင်မီတာ တပ်ဆင် သုံးစွဲမှု များပြားလာပါက လျှပ်စစ်လုံခြုံရေးကို ထိန်းချုပ်ရန် ခက်ခဲပြီး မီးလောင်မှု အန္တရာယ် ဖြစ်ပေါ် လာနိုင်သဖြင့် ကိုယ်ပိုင်မီတာများ တပ်ဆင်ခြင်းကို ခွင့်မပြုတော့ကြောင်း ဈေးသူဈေးသားများအား သိရှိ လိုက်နာ ဆောင်ရွက်ရန် နှိုးဆော်ထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ သိရှိရကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

နိဗ္ဗာန်သို့သွားရာ ဗီဇာကဒ်ပြားမဟုတ် … ကုသိုလ်ရေးကဒ်ပြား







နိဗ္ဗာန်သို့သွားရာ ဗီဇာကဒ်ပြားမဟုတ် … ကုသိုလ်ရေးကဒ်ပြား

နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ၄.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ၇/၂၀၁၀ လပါတ် အစည်းအဝေး ကျင်းပခဲ့ပါသည်။ အလုပ်အမှုဆောင် အစည်းအဝေးကို သီးခြားအခန်းငယ်ထဲတွင် ကျင်းပခဲ့ပြီး အလုပ်အမှုဆောင်များ အသင်းသူ/သားများ ပါဝင်သော လပါတ် အစည်းအဝေးကို နမောတသ သုံးကြိမ် ရွတ်ဆို၍ ဘုရားခန်းမဆောင်ထဲတွင် စည်းကားစွာ ကျင်းပခဲ့ပါသည်။

(၇)ရက်သားသမီး ပြည်သူလူထုတို့အပေါ် အခမဲ့ ကူညီပံ့ပိုးမှုတို့ကို အရှိန်အဟုန်မြင့်မားစွာ ပေးဆပ်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ ဆွေးနွေး ညှိနှိုင်း အကြံဥာဏ်များ ပြုခဲ့ပါသည်။

ထို့ပြင် အသင်းသားကဒ်ပြားများကို အသင်းသို့ လာရောက်လုပ်အားပေးချိန် မှန်ကန်တိကျသူ၊ အစည်းအဝေးများကို မပျက်မကွက် တက်ရောက်သူ (၁၈) ဦးတို့အား အသင်းသားအဖြစ် သတ်မှတ်၍ အသင်းသားကဒ်ပြားများ ထုတ်ပေးခဲ့ပါသည်။

ထိုသို့ အသင်းသားကဒ်ပြားများ ပေးရသည်နှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ - “ ဒီ အသင်းသားကဒ်ဟာ နိဗ္ဗာန်ရောက်ကြောင်း ဗီဇာကဒ်ပြား မဟုတ်ပါဘူး။ မိမိကိုယ်တိုင် သီလလုံခြုံစွာ ကုသိုလ်ရေးကိုလုပ်မှ ကုသိုလ်ရရှိမှာ ဖြစ်ကြောင်း။ ကဒ်ပြားရသူ များကလည်း ဘ၀င်မမြင့်ကြဖို့။ ပိုမို၍လည်း မိမိကိုယ်ကို မိမိနာရေးရှင်များနှင့် ဆက်ဆံရာတွင် နှိမ့်ချ ဆက်ဆံကြဖို့ နွေးထွေးစွာ ဖေးမကူညီဖို့။ ယင်း ကဒ်ပြား မိမိတို့တွင် အစဉ်အမြဲ ရှိနေသည့်အတွက် အပြောအဆို အမူအရာ အသွားအလာ အနေအထိုင်မှ အစ ယခင်ကထက် ပိုမို၍ ထိန်းသိမ်းဖို့ လိုအပ်ကြောင်းနှင့် ကဒ်ပြားမရတဲ့ သူတွေကလည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ” ဟု စသဖြင့် ပြောကြားခဲ့ပါသည်။

ရှေ့ဆက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ဆထက်တန်ဖိုး ပေးဆပ်မှုများကို ပြုလုပ် ဆောင်ရွက်ပေး နိုင်တော့မည်ဟု . . . . ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

ကျပ်(၅)သိန်းတန် CDMA (800MHz) WLL ဝါယာလက် အော်တို တယ်လီဖုန်း များကို လျှောက်ထားပါက (၂၄)နာရီ အတွင်း ချထားပေးလျက် ရှိကြောင်း


ကျပ်(၅)သိန်းတန် CDMA (800MHz) WLL ဝါယာလက် အော်တို တယ်လီဖုန်း များကို လျှောက်ထားပါက (၂၄)နာရီ အတွင်း ချထားပေးလျက် ရှိကြောင်း သိရသည်။ လျှောက်လွှာများကို ဇွန်လ (၂၁)ရက်နေ့မှ စတင်၍ လက်ခံ ဆောင်ရွက်ပေးနေပြီး လျှောက်ထားသူများ အနေဖြင့် CDMA(800MHz)WLL တယ်လီဖုန်း လျှောက်လွှာ၊ မှတ်ပုံတင်မိတ္ထူ၊ အိမ်ထောင်စုဇယား မိတ္ထူနှင့် ပတ်စပို့ ဓာတ်ပုံ(၃)ပုံတို့ ပူးတွဲတင်ပြရန် လိုအပ်ကြောင်း ဝါယာလက် အော်တိုတယ်လီဖုန်း ဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ''နေ့ချင်းပြီးမဟုတ်ပါဘူး။ (၂၄)နာရီ အတွင်း ချထားပေးတာပါ။

ဒီနေ့လာလျှောက်ရင် မနက်ဖြန်ကျပြီ။ ကျပ်(၅)သိန်းကို လသာမြို့နယ်က ဘဏ်(၅)မှာ ပေးသွင်းရမှာပါ။ အရင်လိုမကြာတော့ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ တိုင်းမန်နေဂျာရုံးမှာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဝါယာလက် အော်တိုတယ်လီဖုန်း လျှောက်လွှာများ လက်ခံ ဆောင်ရွက်မည့်နေရာ (၈)ခုသတ်မှတ်ပြီး မြို့နယ်အလိုက် အလုံ၊ လမ်း(၄ဝ)၊ ပန်းဆိုးတန်း၊ ရွှေဂုံတိုင်၊ ဗဟို စာတိုက်ကြီး၊ တက္ကသိုလ်စာတိုက်၊ မင်္ဂလာဒုံစာတိုက်နှင့် မြောက်ဒဂုံစာတိုက်တို့ ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများ ပြန်ကျပါက မြို့နယ်အလိုက် Elite ကုမ္ပဏီဆိုင်ခွဲ(၅)ခုတွင် RUIM ကဒ်များ ထုတ်ပေးမည်ဟု သိရသည်။ ငါးသိန်းတန်ဖုန်းများ လျှောက်ထားရာတွင် ယခင်က ကြန့်ကြာခဲ့ရာက ဇွန်(၂၁)ရက်နေ့မှ စတင်၍ (၂၄)နာရီ အတွင်း ပြန်လည် ချထားပေးလျှက် ရှိကြောင်း သိရသည်။ ဇွန်လ (၂၁)ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း မန်နေဂျာရုံးနှင့် လမ်း(၄ဝ)ရှိ ဆက်သွယ်ရေးရုံး တို့၌ ဝါယာလက် အော်တိုတယ်လီဖုန်း လျှောက်ထားသူ များပြားလျှက်ရှိကြောင်း လျှပ်တပြက် ဂျာနယ်တွင်ဖော်ပြထားပါသည်.။

ကမ္ဘာနှင့် နေအကြား လရောက်ရှိမှုကြောင့် နေအပြည့်ကြတ်မှု ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ


ကမ္ဘာနှင့် နေအကြား လရောက်ရှိမှုကြောင့် ဖြစ်ပေါ်မည့် နေအပြည့်ကြတ်မှု ဖြစ်စဉ်လာမည့် ဇူလိုင်လ ၁၂ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင်များထံမှ သိရှိရသည်။


နေအပြည့်ကြတ်မှု ဖြစ်စဉ်သည် တောင်ပစိဖိတ်သမုဒ္ဒရာရှိ ကီရီဘာရီကျွန်းအနီး၌ ဇူလိုင်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ညဥ့်သန်းခေါင် အနီး ည ၁၁ နာရီ ၃၈ မိနစ်တွင် အနောက်လောင်ဂျီတွဒ် ၁၆၁ ဒီဂရီ ၃ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၁ ဒီဂရီ ၃၉ မိနစ်၌ စတင်ဖြစ်ပေါ်မည် ဖြစ်ကြောင်းသိရသည်။


အဆိုပါနေကြတ်မှုဖြစ်စဉ် ကိုကောင်းစွာမြင်တွေ့နိုင်သည့်ဖမ်း လယ်အချိန်မှာလည်း ဇူလိုင်လ ၁၂ ရက်နေ့၏ နံနက် ၂ နာရီ ၃ မိနစ်၌ အနောက်လောင်ဂျီတွဒ် ၁၂၁ ဒီဂရီ ၄၀ မိနစ် နှင့် တောင်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၄ မိနစ်၌ ဒူးစီးကျွန်းမြောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၆ နာရီ ၂၆ မိနစ်၌ ချီလီ နိုင်ငံ ဆန်တီယားဂိုးမြို့အနီးတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။


ယင်းဖြစ်စဉ်ကို တောင်အမေရိကနိုင်ငံများ၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့မှသာ မြင့်တွေ့ခွင့်ရနိုင်ပြီး အခြားနိုင်ငံများမှ မမြင်တွေ့နိုင်ကြောင်း သိရသည်။


နေကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် နှစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ယခုဖြစ်ပေါ်မည့်ဖြစ်စဉ်မှာ ယခုနှစ်၏ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း news-eleven တွင်ဖော်ပြထားပါသည်။