18 March 2010

နအဖ စစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ ...



နအဖ ထံလွဲပြောင်းပေးမည့် တရုတ်လုပ် DONGFENG ကား






နအဖ ထံလွဲပြောင်းပေးမည့် တရုတ်လုပ် DONGFENG ကား


တရုတ်နယ်စပ် ကျယ်ဂေါင် - မူစယ်လမ်းကြောင်းမှတဆင့် နအဖစစ်တပ်ထံ လွဲပြောင်းပေးမည့် တရုတ်စစ်ထရပ် ကား အစီး ၅၀ ကျော်ခန့် တရုတ်နယ်စပ် ရွှေလီမြို့သို့ မတ်လ ၁၅ ရက်နေ့မှစတင် ရောက်ရှိလာသည်။


ဗမာလို အရှေ့လေကြမ်းဟု အဓိပ္ပါယ် ရသော DONGFENG (တုန်းဖုန်း) တံဆိပ် ၆ ဘီးပါ သရီးကရောင်း အမျိုးအစား စစ်ထရပ်ကားများဖြစ်ပြီး ၃ ရက်ဆက်တိုက် နယ်စပ်သို့ အဆက်မပြတ်ရောက်ရှိနေကြောင်း မျက်မြင် ဗမာတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မတ်လ ၁၅ ရက်နေ့က စပြီးရောက်နေတာ ဒီနေ့အထိပေါ့၊ ဒီကရေဆေးခုံတွေမှာ ရေလာဆေးတယ်လေ လော လောဆယ် အခွန်ကောက်တဲ့ရုံးဝင်းထဲမှာ နားနေကြတယ်၊ အစီးရည်အားဖြင့် လောလောဆယ် ၅၀ ကျော် လောက်တော့ရှိပြီ ” ဟု သူက ပြောသည်။


ကားတစ်စီး၏တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော်နှင့် ညီမျှသော တရုတ်ယွမ်ငွေတစ်သိန်းခွဲ ၀န်းကျင်ရှိကြောင်း အဆိုပါ ယာဉ်မောင်းတစ်ဦးက ပြောသည်။


လွန်ခဲ့သည့်နှစ်များအတွင်း FAW , DONGFENG တံဆိပ်ပါ တရုတ်လုပ်စစ်ထရပ်ကား အမျိုးအစား အစီးရေ ထောင်နှင့်ချီ နအဖ စစ်တပ်ထံ တရုတ်နယ်စပ်လမ်းကြောင်းမှ တဆင့်လွဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။


လွဲပြောင်းပေးပြီး ကားအမျိုးအစားများတွင် စစ်သည်တင်ယာဉ်များ၊ အပေါ့စားထရပ်ကားများနှင့် အမြောက်ဆွဲယာဉ်ကြီးများ ပါဝင်ကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူများက ပြောသည်။


တရုတ်ကုမ္ပဏီများထံမှ နအဖ စစ်တပ်အတွက် ကားရောင်းချရာတွင် ငွေလက်ငင်းပေးချေစရာမလိုပဲ အရစ်ကျ ကုန်ပစ္စည်းဖြင့် လဲလှည်သည့်စနစ်ဖြင့် ၀ယ်ယူကြောင်း လေ့လာသူများအဆိုအရ သိရသည်။


သတင်းရင်းမြစ်..သျှမ်းသံတော်ဆင့်

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ ၈ ဦးဒဏ်ရာရ ...




မတ်လ ၁၃ ရက်နေ့ သျှမ်းပြည် (တောင်ပိုင်း) နမ့်ဇန်မြို့နယ် ဟိုက်ဖတ်တိုက်နယ် ၀မ့်ကျောင်းလွိုင်ခန်းရွာအနီး သျှမ်းပြည် တပ်မတော်တပ်ဖွဲ့၏ ချုံခိုတိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်စစ်သည် ၂၀ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် ၀က်ဆိုက် Taifreedom.com တွင် ဖေါ်ပြထားသည်။

စစ်ကြောင်းမှူး ဗိုလ်ကြီးတင်အောင်မိုး ဦးဆောင်သည့် ခမရ ၅၂၅ နှင့် ခမရ ၉၉မှ အင်အား ၄၂ ဦးပါ ပူးပေါင်းလှုပ်ရှား စစ်ကြောင်းအား သျှမ်းတပ်က နေ့လည် ၁၁ နာရီခွဲခန့်တွင် ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွား ချိန် ၃ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ်များဖြစ်သော MA1 တစ်လက် ၊ MA2 နှင့် M79 လောင်ချာတွဲ သေနတ် ၂ လက် ၊ MA 2 နှစ်လက် ၊ ဆက်သွယ်ရေး ရေဒီယိုစက်တစ်လုံး နှင့် ခဲယမ်းအမြောက်အမြားကို သျှမ်းတပ်ဖွဲ့ကသိမ်းဆည်း ရမိကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် သေဆုံးသူများ၏ ရုပ်အလောင်းများထဲတွင် ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်တပ်ကြပ်ကြီး နှစ်ဦး ဒုတပ်ကြပ် တစ်ဦးပါဝင်ကြောင်းသိရသည်။

သျှမ်းတပ်ဘက်မှ အကျအဆုံးမရှိကြောင်း Taifreedom.com တွင် ဖေါ်ပြထားသည်။

ရင်းမြစ်..သျှမ်းသံတော်ဆင့်

နယူးယောက်ရှိတရားမဝင်မြန်မာကောင်စစ်ဝင်ရုံးရှေ့တွင် (၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ကျင်းပပြုလုပ်.



(၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ကိုမတ်လ(၁၃)ရက်နေ့၊နေ့လည်(၁)နာရီ မှ(၂)နာရီ ထိတရားမဝင်မြန်မာကောင်စစ်ဝင်ရုံးရှေ့ အမှတ်(၁၀)အရှေ့(၇၇)လမ်းမဟန်တန်၊နယူးယောက်မြို့၊
တွင်
ကျင်းပပြုလုပ်ခဲ့ပါသည်.။

အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား




မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပေမဲ့ ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရုံးတွေမှာ ဆိုင်းဘုတ်မတင်ရ၊ အစည်းအဝေး မလုပ်ရ၊ လူမစုရ၊ စသဖြင့် တားမြစ်ပိတ်ပင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲဥပဒေ ထွက်အပြီးမှာတော့ NLD ရုံးတွေ ပြန်ဖွင့်ခွင့်ပေးတယ် ဆိုပေမဲ့လည်း တားမြစ်ပိတ်ပင်မှုတွေ၊ ခြိမ်းခြောက်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ မိတ္ထီလာမြို့နယ်မှာ ဖွင့်ခဲ့တဲ့ ရုံးကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်တာ ကာလကစပြီး ဆိုင်းဘုတ်တင်ခွင့် ပယ်ချခံရတဲ့ မြို့နယ် ဖြစ်တာကြောင့် ဆိုင်းဘုတ်တင်တာနဲ့ ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့နယ်က ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့…


“ကျမတို့ ၁၄ ရက်နေ့က မြို့နယ် အစည်းအဝေးခေါ်တယ်၊ ရုံးပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကိုယ့်ပါတီကို တရားဝင် အကြောင်းကြားပြီးတော့ မြို့နယ် ထွေအုပ်ကို မိတ္တူပေးပြီး အသိပေးလိုက်တယ်။ အဲဒီမှာ ၁၅ ရက်နေ့ နေ့စွဲနဲ့ နေ့လယ်မှာပဲ ကျမဆီကို ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ အညီသာ နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ဆောင်ရွက်ရန်ကိစ္စဆိုပြီး ကျမဆီကို အကြောင်းပြန်တယ်။



“အဲဒီရဲ့ အဓိပ္ပာယ်က စာပိုဒ် ၃ ပိုဒ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ နဲ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အသစ်တွေနဲ့ ပတ်သက်လို့ ရုံးဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့က ညွှန်ကြားတဲ့အခါမှာ ကျမကို နိုင်ငံရေးပါတီရုံး အသစ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့လို့ရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာကို အကြောင်းကြားတယ်။”



ရုံးကို ဖွင့်ခွင့်ပေးပေမဲ့ ခြိမ်းခြောက်မှုတွေ အများအပြားကို မြို့နယ်တိုင်းမှာ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကြံ့ဖွံ့တွေက မနက်ခင်း ၇ နာရီကတည်းက လမ်းထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်နေတယ်။ အဲဒီဝင်းထဲမှာ အမှတ် ၁ မီးသတ်ဌာနကြီး ရှိတယ်။ အဲဒီ မီးသတ်ဌာနရှေ့မှာ အချုပ်ကား တစီးနဲ့ ဗင်ကား ၂ စီးနဲ့ ဆန်နီ တစီး၊ အဲဒီဝင်းထဲမှာ။ အဲလိုမျိုးကားတွေနဲ့ လာစောင့်တယ်။ ခရိုင်ရဲတယောက်ကလည်း ကျမတူလေးကို လာပြောတယ်၊ ရဲမေတွေလည်း ပါတယ်ဆိုတော့ ကျမတို့ကိုပဲ ဖမ်းတော့မလိုလို၊ ခြိမ်းခြောက်မှုပေါ့။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ကလည်း ၅၀ ကျော်လောက် ချထားတယ်။



“တချို့ မပေးတဲ့မြို့တွေ အများကြီးရှိတယ်။ ဆိုင်းဘုတ်အရင် ရှိပြီး၊ ပြုတ်နေပြီးသား မြို့ကို ဆိုင်းဘုတ် ပြန်တင်ခွင့် မပေးဘူး။ အလံလည်း ထောင်ခွင့်မပေးဘူး။ ရုံးကို ချိပ်ကလေးပဲ ခွာရုံခွာတာ။ မလှိုင်က ဦးခင်မောင်ရွှေတို့ဆို ရုံးခန်းရှိတယ်။ အဲဒီနေ့က မယကက ခေါ်ပြီးတော့ လိုက်ပြီးတော့ ရုံးခန်းကို ပြန်ဖွင့်ပေးတယ်၊ ချိပ်ခွာပေးတယ်။ အထဲမှာ သန့်ရှင်းရေးတောင် လုပ်ခွင့်မပေးဘူး။ လုပ်ခွင့်မပေးနိုင်ဘူးတဲ့၊ အဲဒါမပါဘူးတဲ့၊ သန့်ရှင်းရေး မလုပ်ရဘူးတဲ့။ ကျနော်တို့ တနေ့ကို နာရီပိုင်းလောက်ကလေးပဲ နှစ်ယောက် သုံးယောက် ထိုင်ချင်လို့၊ ထိုင်ပါ့မယ်ဆိုတော့ အဲလိုလည်း ထိုင်ခွင့်မပေးဘူး၊ သန့်ရှင်းရေးလည်း မလုပ်ရဘူးဆိုလို့ ဒီအတိုင်းပဲ ပြန်ပိတ်ထားရတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။”



ဒီလို အာဏာပိုင်တွေဘက်က လုပ်တာဟာ မြန်မာစစ်အစိုးရရဲ့ အတွင်းသရုပ်မှန်နဲ့ NLD ရဲ့ အားနည်းချက်တွေကြောင့်လို့လည်း ဆိုပါတယ်။



“နအဖစစ်အစိုးရ အနေနဲ့ မရိုးသားမှုတွေပေါ့။ အစကတည်းကလည်း ကျမတို့က ဒီလိုမျိုး ဖြစ်လာမယ်လို့တော့ မျှော်လင့်ပြီးသားပါ။ အံ့သြတာတော့ မအံ့သြဘူး။ ကျမတို့ဘက်က အားရှိအောင် မလုပ်နိုင်ခဲ့တာလေ။ ကျမတို့ဘက်က အားရှိအောင် လုပ်မှသာလျှင် နိုင်ငံတကာက ဘယ်လိုပဲ ပံ့ပိုး ပံ့ပိုး၊ ကျမတို့ကိုယ်တိုင်က အားရှိမှ။ ပြည်တွင်းမှာ အဓိကကျတာ ကျမတို့။ ကျမတို့ဘာသာ ကျမတို့ ရပ်တည်နိုင်ဖို့ ကြိုးစားရမှာ။



“အဲတော့ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် နအဖရဲ့ အသွင်သဏ္ဌာန်ကိုလည်း နိုင်ငံတကာက ပီပီပြင်ပြင် ပေါ်လွင်သွားတယ်။ ဒီနေရာမှာ ကျမတို့ အဖွဲ့ချုပ်ကလည်း တကယ် ဒီနေ့ဖြစ်နေတဲ့ အနေအထားကို ဥပဒေကြောင်းအရ မဟုတ်ဘဲနဲ့ နိုင်ငံရေး လမ်းကြောင်းအရ ရင်ဆိုင်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ခေါင်းဆောင်များအနေနဲ့ ရက်ပိုင်းအတွင်းပဲ ကျန်ခဲ့တဲ့ အချိန်ကာလ အတွင်းမှာ ပါတီကို ဘယ်လို ရပ်တည်နိုင်အောင် လုပ်မလဲဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီအတိုင်းသာ ရင်ဆိုင်မယ်ဆိုရင် ရင်ဆိုင်လို့ ရပါတယ်။”



မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုပြီး ဥပဒေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းနဲ့ပြည်နယ်ရုံး အတော်များများကိုလည်း ပြန်လည်ဖွင့်ခွင့် ပေးလိုက်ပါတယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်က ရုံးတွေ အပါအ၀င် အရင်က အာဏာပိုင်တွေ ပိတ်ထားခဲ့တဲ့ ရုံးအတော်များများကိုလည်း ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။



ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေး ခရီးစဉ်ကို ၂၀၀၃ ခုနှစ် မေလတုန်းက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင် အတော်များများကို ဖမ်းဆီးခဲ့သလို နိုင်ငံတ၀န်းလုံးက ပါတီရုံးပေါင်း ၃၀၀ ကျော်ကိုလည်း ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ ဦးတင်ဦးကိုတော့ ပြီးခဲ့တဲ့လမှာ ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်တယ်ဆိုပြီး ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။

အခုလိုမျိုး NLD ရုံးတွေကို ဖွင့်ခွင့်ပေးလိုက်တဲ့အခါ အနှောင့်အယှက် ပေးမှုတွေကို ဆက်လက် လုပ်လာတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်း ဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်း အဖွဲ့ချုပ်ဝင်တွေက ပြောဆိုနေကြပါတယ်။



သတင်းရင်းမြစ်.....VOA


17 March 2010

ထိုင်းဝန်ကြီးချုပ် ရုံးရှေ့တွင် အနီဝတ်တို့ ၏ သွေးသွန်းပွဲ (ရုပ်သံ သတင်းမြင်ကွင်း )



ယနေ့ တွင် ထိုင်းဆန္ဒပြသမားများက ၀န်ကြီးချုပ် အဘီဆစ်၏အိမ်ရှေ့ သို့ သွေးများဖြင့်ဖျန်းပက်ခဲ့ကြသည်။














ရန်ကုန်မြို့လယ်ခေါင် ပန်းပဲတန်းမြို့နယ် လမ်း၃၀မှာ ၃ ထပ်တိုက်ပြိုကျ(ရုပ်သံသတင်းမြင်ကွင်း)

စစ်အာဏာရှင်လက်ခုပ်ထဲက၂၀၁၀ရွေးကောက်ပွဲ လုပ်မည့်ဥပဒေစာအုပ်ကို စစ်ခွေးများစတင်ရောင်းရှိ...



ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စာအုပ်အဖြစ် စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါဥပဒေများကို မတ်လ ၉ ရက်နေ့မှစ၍ နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ်ထည့်သွင်းဖော်ပြခဲ့ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းဖြစ်သည်။


''စာအုပ်အဖြစ် ၀ယ်ယူ ရရှိခဲ့တဲ့ စာအုပ်တွေက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေ စာအုပ်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေစာအုပ်ဖြစ်ပါတယ်''ဟု မတ်လ ၁၂ ရက်နေ့တွင် စာအုပ်များကို ၀ယ်ယူရရှိခဲ့သည့် နိုင်ငံအရေးစိတ်ဝင်စားသူ လူငယ်တစ်ဦးကပြောကြားခဲ့သည်။

စာအုပ်များ၏ ဈေးနှုန်းမှာ ကျပ် ၂၀၀ ဖြစ်ကြောင်း အဆိုပါလူငယ်၏ ပြောကြားချက်အရသိရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များကို ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ခဲ့သောဥပဒေများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ ဖြစ်ကြသည်။

မေလ်းထဲက နေပြန်လည်ဖော်ပြပေးလိုက်ပါသည်.။



မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မျှော်လင့်



မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲအတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဘက်မလိုက် ထိပ်သီးညီလာခံကို တက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ပူပန်မှုတွေကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုဖို့ ရှိပါတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပူပန်မှုတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျေးဇူးတင်ပေမဲ့ ဒီတခါမှာ လေးလေးနက်နက် ဆောင်ရွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ပြောတာဆိုတာတွေ အားလုံးကတော့၊ ဥပမာ မစ္စတာ ကင်တားနား ပြန်သွားပြီးတော့ ပြောတာတွေရော၊ အဲဒီအရင်က မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီမှာရှိတဲ့ တပ်မတော် အကြီးအကဲဆီကို စာပို့ထားတဲ့ ကိစ္စတွေ အကြောင်းအရာတွေရော၊ အခု အာဆီယံက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကိုယ်စား ပြောတာတွေရော လာမယ့် အာဆီယံ အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပြောမယ်ဆိုတဲ့ အနေအထားတွေကတော့ သူတို့ပြောတာ ဆိုတာတွေကတော့ ဒီမိုကရေစီ ရှေ့အလားအလာ ကောင်းဖို့အတွက်ကို ပြောတယ်ဆိုတဲ့ အနေအထား ရှိတယ်လို့ပဲ မှတ်ယူပါသေးတယ်။

“အရင်တုန်းကလည်း ပြောကြတာပါပဲ။ ပြောလာပြီးတော့ နောက်ပိုင်းကျတော့လည်း ဒီလိုနဲ့ပဲ ပြီးဆုံးသွားတာတွေက အများကြီး ရှိတာပေါ့လေ။ သို့သော် ဒီတခါတော့လည်း သူတို့ လေးလေးနက်နက် ပြောကြမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီဟာတွေ အတွက်ကတော့ ကျနော်တို့အတွက် အကောင်းအဖြစ် ပြောရမယ်လို့တော့ ဆိုရမှာပေါ့လေ။ သို့သော်လည်း ဖြစ်လာမယ့်ဟာ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုလည်း လူစုံတဲ့အခါ ချဆွေးနွေးပြီးတော့ ဒါကို ယတိပြတ် ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကိုပါ သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

“သူတို့ပြောတဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတကာမှာလည်း တကယ့် ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင် မီးရှူးတန်ဆောင်ဖြစ်တဲ့ အမျိုးသမီး ခေါင်းဆောင်ကြီးကိုမှ ပြစ်ဒဏ်ချထားတယ်ဆိုတာ အကြောင်းပြုပြီး ပါဝင်ပြီး မရွေးရေးတို့၊ ထုတ်ပယ်ပစ်ရေးတို့၊ ဒါတွေကလည်း အကျိတ်အခဲ ကျေကျေလည်လည် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်နေတယ်။

“ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ သွားတုန်းက ပြောလိုက်တဲ့ စကားတွေထဲမှာလည်း ပါလာတာ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့ ကိစ္စတွေ အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတာတွေလည်း အရင်တုန်းက ပြောပြီးသား ဆိုပြီးသား ရှိတဲ့ အပေါ်မှာသော်လည်းကောင်း၊ နောက်တခုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာသော်လည်းကောင်း အခုရှိပြီးသား မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ပြန်လည်ဖွင့်ခွင့်ရထားတဲ့ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ ဆိုပြီးတော့လည်း ပြောဆိုထားတာရှိတော့ အဲဒီလှုပ်ရှားမှုကလည်း ရှိနေသေးတယ်လေ။

“အဲဒါတွေအပေါ်မှာ ဆောင်ရွက်ပြီးတော့မှ အဖြေရလာရင် ကျကျနနလေး ဒီမိုကရေစီနည်းအရ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချမှာပဲ။”

NLD အဖွဲ့အတွက် ဆွေးနွေးချိန် သိပ်မရတော့ပေမဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မျှော်လင့်ထားတယ်၊ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်တွေလည်း ကပ်နေပြီ၊ ပြောရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မေလ ၆ ရက်ဆိုရင် ရက်ပေါင်း ၆၀ ပြည့်ပြီ။ ဒီကြားထဲမှာလည်း သင်္ကြန်တို့ ဘာတို့က ၁၀ ရက်လောက် ရှိသေးတယ်။ ကျနော်တို့က အမှန်အတိုင်း ပြောရရင် အချိန်ယူတော့ လုပ်ချင်တာပေါ့ဗျာ။ သို့သော်လည်း အချိန်ယူ လုပ်ဖို့ဆိုတာက အခုဟာ Time is running out ဖြစ်နေတော့ ဒါကို ကျနော်တို့ကတော့ တက်သုတ်ရိုက်ပြီး လုပ်ရမှာပဲလေ။

“ကျေကျေလည်လည်လည်း ဖြစ်အောင်၊ ၀င်ချင်လည်းပဲ ကျနော်တို့က အားလုံး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတဆင့် သိရတဲ့ အကြောင်းကတော့ ၀င်ချင်လည်းပဲ အကုန်လုံး တပြိုင်နက်တည်း ၀င်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရင် အားလုံး တက်တက်ကြွကြွ လုပ်ကြမှာပဲ။ မ၀င်ဘူးဆိုရင်လည်း မ၀င်တဲ့အကြောင်း တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမှာပဲ ဆိုတဲ့ဟာပဲ။

“အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့အပေါ်မှာ အခု ၀င်မလား၊ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ၊ မှတ်ပုံတင်မယ် ဆိုပြန်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်က အင်မတန်ကို တင်းလွန်း ကျပ်လွန်း၊ အနိုင်ကျင့်လွန်းတယ်လို့ ထင်တယ်ဗျာ။ အဲဒါကြောင့် ဒါတွေက အတော်ကို ကျေကျေလည်လည် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ် VOA

စစ်အာဏာရှင်လက်ခုပ်ထဲက၂၀၁၀ရွေးကောက်ပွဲနဲ့ လွှတ်တော်နှင့်(ထောင်စာအုပ်ရေးရခြင်းအားဘဘဦးဝင်းတင်ပြောခဲ့ခြင်း)



မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီးနှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့တကွ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှားခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ နောက်ပိုင်း စစ်အစိုးရထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ စည်းကမ်းနည်းလမ်းတွေကို အချိန်အကုန်ခံ ဖတ်ရှုလေ့လာပြီး အတွေးသံသရာလည်ပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေကြမယ့်သူတွေအတွက် ဆရာဦးဝင်းတင်ရဲ့ ထောင်တွင်းက လူ့ငရဲခန်း အကြောင်းစာအုပ်ဟာ အမြင်မှန် အတွေးမှန်ကို အလင်းထိုးပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်တယ်လို့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပြောပြမိတော့ ဆရာက ပြုံးရယ်လို့သာ နေပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ဆရာနဲ့ ခေတ္တ ခဏ တွေ့ဆုံခိုက် ပြောဆိုမိသမျှကို ကောက်နုတ်ဖော်ပြလိုက်ပါရစေ။

ထောင်စာအုပ် ဘာလို့ ရေးရတာလဲ ဆိုတော့ …

မြန်မာပြည်မှာ ထောင်စာအုပ် မရှိဘူး။ ထောင်အကြောင်း၊ ထောင်ထဲက အတွေ့အကြုံတွေကို အပြင်ကလူတွေ အမှန်အတိုင်းသိအောင် ရေးရတာ ဖြစ်တယ်။ ပြီးတော့ ထောင်ထဲကလူတွေကို အပြင်က မမေ့မလျော့ သတိရ အားပေးနေကြတယ်ဆိုရင် အတွင်းကလူတွေက အားရှိတယ်၊ ၀မ်းသာတယ်။ သူတို့က အထဲမှာလည်း စိတ်တွေ မနာဘဲ ဖြတ်သန်းကြတဲ့အခါ အပြင်ရောက်လာတဲ့အခါမှာလည်း ဆက်လက်ပြီး သတ္တိရှိရှိ ရပ်တည်ဆောင်ရွက်ကြတယ်။

ရွေးကောက်ပွဲ ၀င်မှာလား …

အင်န်အယ်ဒီပါတီက ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြောင်း၊ သဘောတူကြောင်း ခံဝန်ချက် ထိုးရမယ်။ အဲဒါဆိုရင် စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုခွင့် မရှိတော့ဘူး။

ပါတီက မှတ်ပုံပြန်တင်မှာလား

ပါတီ ရှင်သန်ရေးက အဓိကကျတယ်လို့ ပြောကြသလို၊ တချို့ကကျတော့ ပါတီက ဘာမှမလုပ်နိုင်ဘဲနဲ့တော့ ဆက်ရှိနေဖို့ လိုသေးလား စသည်ဖြင့် ပြောကြတယ်။ ပါတီကို မှတ်ပုံတင်မယ် ဆိုရင် အခုချိန်ကစပြီး ရေတွက်မယ် ဆိုရင် ဆွေးနွေးတိုင်ပင် ပြင်ဆင်ဖို့ ရက်ပေါင်း ၂၉ ရက်ပဲ ရှိတယ်။ ဧပြီလမှာ သင်္ကြန်ရက်တွေ၊ ပိတ်ရက်တွေ ရှိနေတယ်။ အခြား ရုံးပိတ်ရက်တွေကိုပါ နှုတ်လိုက်ရင်အခုအချိန်မှာ သည်ရက် အချိန်တိုတိုအကန့်အသတ်အတွင်း လုပ်ရမှာက ပြသနာဖြစ်တယ်။

ပါတီက မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီက နိုင်ငံရေးအကျဉ်းသားတွေ၊ အကျယ်ချုပ်ခံရသူတွေကို ထုတ်ပစ်မှာလား …

ယခင်တုန်းက (အမျိုးသားညီလာခံ) ပါတီက အကျဉ်းကျနေသူတွေ၊ အကျယ်ချုပ်ခံနေရသူတွေကို ပေးအပ်ထားတဲ့ တာဝန်တွေကနေ ဖယ်ရှားခဲ့ရတယ်။ ပြီးတော့ ပြန်လည်လွတ်မြောက်လာချိန်မှာ မူလတာဝန် ၀တ္တရားတွေ ပြန်လည်ပေးအပ်ခဲ့တာပါပဲ။ ကျနော်သည်လည်း သည်လိုပဲ တာဝန်တွေ ပြန်လည်လက်ခံရရှိခဲ့တာ ဖြစ်တယ်။

ဒါပေမယ့် ဒီထက်အရေးကြီးတာက - ယခင်ကနဲ့ မတူတော့တာက - ခုချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ပစ်ပယ်လိုက်ရတော့မှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီကို မှတ်ပုံပြန်တင်လိုက်တာနဲ့ အဲသည် ပစ်ပယ်မှုတွေကို ပြန်လည်ရယူလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုပါ ပစ်ပယ်ရာ ရောက်သွားမှာ ဖြစ်ပါတယ်။


၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၂ ခု က ဘာကွာလို့လဲ …

ရွေးကောက်ပွဲချင်းက မတူဘူး။ ၁၉၉၀ တုန်းက ၈၈ အရေးတော်ပုံရဲ့ အရှိန်အ၀ါ ရှိတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကိုပဲ ရွေးကောက်ပွဲမှာ ကန့်သတ်ခဲ့တာဖြစ်တယ်။ ပါတီတခုလုံးက ၉၀ ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတယ်။ အခြားနိုင်ငံရေးပါတီ အများအပြားလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။
အခု ၂၀၁၀ မှာ လက်ရှိနိုင်ငံရေးပါတီဆိုလို့ အင်န်အယ်ဒီပါတီ တခုတည်းသာ ရှိတော့တယ်။ အခု ရွေးကောက်ပွဲက ၈၈ အရေးတော်ပုံနဲ့ ဝေးသွားခဲ့ပြီ။ ပါတီအနေနဲ့ကလည်း စစ်အစိုးရရဲ့ အကန့်အသတ် အတားအဆီးတွေ အဆင့်ဆင့်ကြောင့် လူထုနဲ့လည်း ဝေးကွာနေရတဲ့ အခြေအနေမှာ ရှိတယ်။

ဘယ်လိုမျိုးကြောင့် လူထုနဲ့ ဝေးတယ်လို့ ပြောရတာလဲ …

အင်န်အယ်ဒီပါတီက ကျေးလက်တောရွာတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ ပါတီအနေနဲ့ မဟုတ်ဘဲ အလည်အပတ်မျိုးပဲ သွားနိုင်တယ်။ မြို့တွေကို သွားရောက်လည်ပတ်ဖို့က အခွင့်အရေးနည်းနည်း ပိုရှိသေးတယ်။ သို့သော် စစ်အစိုးရက သူတို့ဖက်က အင်အားတွေ၊ စည်းရုံးရေးတွေနဲ့ ကျေးလက်တောရွာ နယ်တွေမှာ ဖိထား စုထားတယ်။ ကြံ့ခိုင်ရေး၊ အမျိုးသမီး၊ ကြက်ခြေနီ၊ ပြည်သူ့စစ်၊ အရန်မီးသတ် … နည်းမျိုးစုံပဲ။

လူထုရဲ့ ဆန္ဒမဲတွေကို မရနိုင်တော့ဘူးလား …

လွတ်လပ်သန့်ရှင်းစွာ မဲပေးနိုင်ခွင့်က အာမခံချက် ရှိသလား။ ဒီလိုအခြေအန အကြပ်အတည်းတွေ ဖန်တီးထားမှတော့ … ။ ပြီးတော့ ၀န်ထမ်းတွေ၊ ၀န်ထမ်းမိသားစုတွေကို စာရင်းကောက်ယူပြီး ကြိုတင်မဲစာရင်း ကောက်ယူထားတာ၊ ဒီလိုမျိုးနဲ့ အခြားအသိုင်းအ၀ိုင်းတွေဆီက ကြိုတင်မဲတွေကို စုဆောင်းပြီး ထုတ်သုံးတာမျိုးတွေလည်း ရှိနိုင်တယ်။


အဲသည်ကြားထဲက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်ကော …

ရွေးကောက်ပွဲလွန်ကာလမှာ စစ်အစိုးရအခြေခံဥပဒေအရ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် မရှိဘူး။ ပါတီဝင်တဦးက အစိုးရ၀န်ကြီး (အစိုးရ၀န်ထမ်း) ဖြစ်လာရင်တောင် ပါတီက ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ်။ အခြေခံဥပဒေအရ အဲသည်မှာ ကန့်သတ်တားဆီးထားမှုတွေ အများကြီးကို ရင်ဆိုင်နေရမှာ ဖြစ်တယ်။


အင်န်အယ်ဒီပါတီ ရှိနေဖို့ …

ပါတီက ခုချိန်မှာ လုပ်စရာတွေ၊ ရင်ဆိုင်စရာတွေ အများကြီး ရှိပြီးသားဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောလိုက်သလို ပါတီဝင်တွေက တရားဥပဒေတွေနဲ့ အညီ ရင်ဆိုင်ကြမယ်။ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ်။ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့တာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုတွေ ကျုးလွန်ခဲ့တာ၊ ၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် အနှစ် ၂၀ ကြာတဲ့အထိ ပြည်သူတွေရဲ့ အချိန်တွေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဖြုံးတီးပစ်ခဲ့တာတွေ ဒါတွေကို စစ်အစိုးရကို ရင်ဆိုင်ပြီး မေးခွန်းထုတ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်သလို ပါတီရုံးခန်းတွေမှာ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲ ဥပေဒေတို့ကို ၀ိုင်းဝန်းဆွေးနွေးကြပါ၊ တရားမျှတမှု မရှိဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာမှာ ဖြစ်ပါတယ်။


ပါတီရဲ့ အင်အား၊ လူထုရဲ့ အင်အားတွေက ဘယ်လိုလဲ၊ ဘာလဲ …
အချိန်က အခု စကားပြောနေချိန်မှာတောင် ရုံးဖွင့်ရက်အားဖြင့် ၂၉ ရက်ပဲ ရှိတော့တယ်။ အချိန်က လုံးဝ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီဟာ လူထုနဲ့ တသားတည်း ရပ်တည်ရမှာ ဖြစ်တယ်။ အခုအချိန်ဟာ သေရေး ရှင်ရေး ဖြစ်ပါတယ်။ သူသေကိုယ်သေ လို့ ဆိုတာထက်၊ သူသေ ကိုယ်ရှင် ဖြစ်ရမှာပေါ့။ တတ်နိုင်ရင်တော့ သူသေ ကိုယ်သေ မလုပ်ချင်ပါဘူး။ အခုချိန်မှာ အင်န်အယ်ဒီနဲ့ ပြည်သူလူထုဟာ အဖက်ဖက်က ကန့်သတ်ချုပ်ချယ်ခြင်း ခံထားရတဲ့ကြားက၊ အစစအရာရာ ဖိနှိပ်မှုတွေ ကြားထဲကနေပြီး စိတ်ဓာတ်ခွန်အားတခုတည်းနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

အင်န်အယ်ဒီက ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချကြမှာလဲ …

ယခင်တုံးကဆိုရင်တော့ CEC က ဆုံးဖြတ်ချက်ချပြီးတော့ အောက်ခြေကို ဦးဆောင်မှု ပေးရုံဖြစ်တယ်။ သို့သော် အခုချိန်မှာ CC အဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့အတွက် ဗဟိုဦးစီးအဖွဲ့ (CC) နဲ့ ဆွေးနွေးရမယ်။ အဲသည်လို အားလုံးပါဝင်တဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုတွေကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မယ် ဗျာ တို့၊ ဘာတို့ ဇွတ်လုပ်လို့ မရပါဘူး။

အင်န်အယ်ဒီပါတီရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရရင် …
လူငယ်တွေရဲ့ အခန်းကဏ္ဍကို အခုထက်ပိုပြီး မြှင့်တင်ဖို့လိုပါတယ်။ အခုအချိန်မှာ သူတို့တွေရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် အစွမ်းကုန်လုပ်နေကြပြီ ဖြစ်ပါတယ်။ သင်တန်းတွေ၊ စာဖတ်ဝိုင်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကိုလည်း ထုတ်ဖော်ပြောဆိုနေရမယ်။ အခုဆိုရင် ထောင်ကျနေတဲ့ အင်န်အယ်ဒီပါတီဝင် လူဦးရေတွေထဲက ထက်ဝက်ကျော်ဟာ လူငယ်တွေ ဖြစ်ပါတယ်။

နောက်တခုကတော့ အင်န်အယ်ဒီကနေပြီးတော့ လူထုလူတန်းစားအသီးသီး၊ အလွှာအသီးသီးအပေါ်မှာ ဘယ်လိုမျိုး သဘောထားတယ်၊ ဘယ်လိုမျိုး ရပ်တည်တယ် ဆိုတာတွေကို အများသိရှိအောင်၊ အင်န်အယ်ဒီပါတီဝင်တွေအချင်းချင်းမှာလည်း သိရှိနားလည်မှုရှိအောင် ပိုမိုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် - အလုပ်သမားလူတန်းစားတွေအပေါ်မှာ ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတွေ အပေါ်မှာ စသည်ဖြင့် သဘောထားတွေ၊ ရပ်တည်ချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသထားဖို့ ဆောင်ရွက်ရမယ်။
ပြန်ပြီး ရှင်းပြရရင် - ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉က အင်းစိန်ထောင်မှာ ချုပ်နှောင်ပြီး တရားစွဲဆိုနေစဉ်ကဆိုရင် အင်န်အယ်ဒီက လူထုနဲ့အတူ အင်းစိန်ထောင်ရှေ့မှာ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ဖို့ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ ဆန္ဒပြဖို့ ဆူပူဖို့ သွားခဲ့တာ မဟုတ်ဘူး။ လူထုနဲ့အတူ၊ လူထုကိုယ်စား ဆန္ဒထုတ်ဖော်ကြမယ်လို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြောက်စိတ်ကို ထုတ်ဖော်ပြသခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းမှာကိုယ်တိုင် ဒါကို ရှင်းရှင်း သိဖို့လိုပါတယ်။
အခုအချိန်မှာ ပါတီတွင်းပြန်ကြားရေးအတွက်ကိုတောင် ပါတီပြန်ကြားရေးစာစောင် ထုတ်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနေတယ်။ အတားအဆီးတွေ ရင်ဆိုင်နေကြရတယ်။ အဲသည်တော့ ကျနော်နဲ့ စကားပြောလာတဲ့၊ မေးမြန်းလာတဲ့ မီဒီယာတွေနဲ့ပဲ စကားပြောဆိုနေရတယ်။ အများသိရှိကြရအောင် သူတို့ကနေတဆင့် ဆွေးနွေးပြန်ကြားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။


အများပြည်သူကို ဘာပြောချင်တာလဲ …

နံပါတ် ၁ ကတော့ “မကြောက်တရား” ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ မတရားတဲ့စနစ်တခုဖြစ်တယ်။ အဲသည် မတရားမှုတွေကို မကြိုက်ဘူး၊ လက်မခံနိုင်ဘူး ဆိုရင် အဲဒါကို “အကြောက်” နဲ့ မရင်ဆိုင်ဘဲ “မကြောက်တရား” နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောကြားခဲ့သလို လူတွေ မကြောက်ကြပါနဲ့၊ မကြောက်တဲ့ အနေအထားကနေ ရင်ဆိုင်ပါ။ မရဘူး … ကြောက်တာပဲ ဆိုရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ကြပါ။ ကျနော်ကိုယ်တိုင်လည်း သူများကို မကြောက်နဲ့ မကြောက်ကြနဲ့လို့ ပြောနေရုံတင် မဟုတ်ဘဲနဲ့ မကြောက်တရားကို ကိုင်စွဲပြီး အခုလိုမျိုး လုပ်ကိုင် ရင်ဆိုင်နေရတာပဲလို့ ပြောချင်ပါတယ်။

နံပါတ် ၂ ကတော့ “သွေးစည်းညီညွတ်ရေး” ဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေအားလုံးမှာ စားဝတ်နေရေးတွေ အလွန်ကြပ်တည်းလာတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ ရှေ့ကို သည်အတိုင်း ကြပ်တည်းဆင်းရဲတဲ့အတိုင်းသွားကြရင် စစ်အာဏာရှင်စနစ်ကပဲ ဆက်လက်အောင်ပွဲခံသွားမှာ ဖြစ်တယ်။ အခုချိန်မှာ နည်းမျိုးစုံနဲ့ လှည့်ဖျားတာတွေ၊ ချိန်းခြောက်တာတွေ၊ အချိုသတ်တာတွေ၊ ကျောသတ်တာတွေ စတဲ့ သွေးခွဲမှုတွေ၊ ခွဲခြားမှုတွေ လုပ်လာနေပါတယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသားတည်း တသံတည်းဖြစ်မှသာ အဲသည်လက်နက်နဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၃ ကတော့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတဲ့ တခုတည်းသော ပန်းတိုင် ဖြစ်ပါတယ်။ ခုချိန်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ၊ အဖြစ်အပျက်တွေကို ကျနော်ကတော့ ၁၉၈၈ အရေးတော်ပုံရဲ့ သမိုင်းမှတ်တမ်းတွေ၊ မှတ်တိုင်တွေ၊ ကြွေးကြော်သံတွေနဲ့ နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြပါတယ်။ ဒါဟာ ကျနော်တို့အားလုံးနဲ့ မဝေးသေးတဲ့ နီးစပ်တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ဆိုတာ ဟိုးအပေါ်ဆုံးကနေပြီးတော့ အောက်ခြေအဆုံးက အလွှာအထိ ဘာမှ အစအန မကျန်ရစ်အောင် ချုပ်ငြိမ်းဖို့ လိုအပ်နေပြီဆိုတာ သဘောပေါက်ရတော့မယ်။ မဆလခေတ်က အာဏာရှင်တွေဆိုတာ အုပ်ချုပ်သူလူတန်းစားအလွှာထဲမှာသာ ရှိခဲ့တာလေ။ အလယ်အလတ်တန်းလွှာမှာ၊ အောက်ခြေလူတန်းစားမှာ အာဏာရှင်တွေ မရှိပါဘူး။ နေ့စဉ် နေ့တဓူဝ သွားလာလှုပ်ရှားနေလို့ ရသေးတယ်။ အာဏာရှင်တွေနဲ့ မပတ်သက်အောင် နေလို့ ရခဲ့သေးတယ်။

အခုကတော့ လူထု လူတန်းစားအလွှာအသီးသီးမှာ အာဏာရှင်စနစ်ရဲ့ စိတ်ဓာတ်တွေ အကျင့်စရိုက်ဆိုးတွေက တိုးပွား အမြစ်တွယ်လာနေပြီ ဖြစ်တယ်။ ဟိုးအောက်ခြေက ထောင်ဝန်ထမ်းကလည်း အာဏာရှင်ပဲ။ ရပ်ကွက်ထဲက သာမန်လူတဦးကလည်း စစ်အစိုးရ သွေးထိုးမှု၊ ဖျက်ဆီးမှုကြောင့် သူလည်းပဲ အာဏာရှင်ပဲ။ အဲသလို အခြေခံနဲ့ မြန်မာပြည်တ၀ှမ်းလုံးမှာ အာဏာရှင်ပေါက်စတွေ တိုးပွားလာနေပြီ။ သူတလူ ငါတမင်းနဲ့ မင်းမဲ့စရိုက်ဖြစ်ပြီး မည်းမည်းမြင်ရာ အနိုင်ကျင့်နေ စော်ကားနေကြပြီ။ အဲဒါကြောင့် ခုချိန်မှာ “အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတာ အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြမှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်ကြရပါမယ်။
အဲဒါကြောင့် ကျနော်တို့ အပါအ၀င် အားလုံးသော ပြည်သူလူထုက မကြောက်တရားလက်နက်ကို ကိုင်စွဲပြီး အားလုံး သွေးစည်းညီညွတ်စွာနဲ့ တစုတစည်း တသံတည်း - အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် တခုတည်းသော ပန်းတိုင်အဖြစ် ရင်ဆိုင်ကြဖို့ ချီတက်ကြဖို့ ပြောလိုက်ချင်ပါတယ်။

ရင်းမြစ်..မိုးမခ

နအဖအစိုးရထုတ်ပြန်ထားသည့်ရွေးကောက်ပွဲဥပဒေ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၏သဘောထားအကြံပြုချက်.

FDB Stm on SPDC Laws for Election

16 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုရုံးတင်စစ်ဆေးမှု ဖြစ်စဉ်မှတ်တမ်း.




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏၁၉၉၀ပြည့်နှစ်ယာယီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း )..

NLD-၏-၁၉၉၀-ပြည့်နှစ်-ယာယီ-ဖွဲ့စည်းအုပ်ချုပ်ပုံ-အခြေခံ-ဥပဒေ-မူကြမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)..။



ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ (CEC)အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် (CC) တွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေလုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။ သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိလောက်အောင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘောခံယူချက်။ အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲ လို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။


ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။

ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီးတော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။


ဗွီအိုအေ။ ။ အဲတော့ ဆရာ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။

ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံမတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ်ပုံမတင်ချင်တဲ့သူက နည်းနည်းပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊ ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အကျင့်တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။ အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။


ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူးထားပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ်ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံနိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။ သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီး တက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။


ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

ရင်းမြစ်..မိုးမခ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေး မတ်လ (၂၉) ဆုံးဖြတ်ချက်ချမည်ဟုဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေ ပြောကြားသောရုပ်သံသတင်း...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဘယ်လို ရှေ့ဆက် ရပ်တည်သွားမလဲဆိုတာ လာမယ့် မတ်လ (၂၉) ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ လောလောဆယ် ပါတီ အနေနဲ့ ဘယ်လို ဆက်လက်ရပ်တည်မယ်ဆိုတာ အဖြေအတိအကျ မဆုံးဖြတ်ရသေးတဲ့အကြောင်း ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တုံ့ပြန်သွားဖို့တော့ ဆုံးဖြတ်ထားတဲ့အကြောင်း ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ အသေးစိတ်ကို မခင်ဖြူထွေး, က တင်ပြထားပါတယ်။




၁၉၉၀ ရွေးကောက် ပွဲရလဒ်ပယ်ပျက်ခြင်းသည် လူထုဆန္ဒနှင့်မကိုက်ညီပါလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့်ပြည်နယ်များမှအဖွဲ့ဝင်များပြောကြား..




စစ်အစိုးရက ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ရလဒ်ကို ပယ်ဖျက်တာဟာ လူထုဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် သက် ရောက်မှုမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ပြောဆိုပြီး ပုံမှန်စည်း ရုံးရေး လုပ်ငန်းတွေ ဆက်လက်လုပ် ဆောင်နေပါတယ်။ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အလွယ် တကူဖျက်လို့ မရဘူးလို့ ပြောတာကတော့ မကွေးတိုင်းက အဖွဲ့ချုပ်အမျိုးသမီး လုပ် ငန်းအဖွဲ့ဝင် ဒေါ်ခင်စောဌေး ဖြစ်ပါတယ်။ “ဒီကိစ္စက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူက ကြေငြာတာကို၊ ဒီ နအဖ စစ် အစိုးရဟာ ဒီဖက်တို (De factor) အစိုးရဘဲ ရှိသေးတယ်၊ ဒီကျူရီ (De jure) အစိုးရ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ သူတို့ ဘယ်လိုဘဲပြောပြော တရားမဝင်ပါဘူး၊ လူထုက မဲဆန္ဒပေးထားတယ်ဆိုပြီးတော့ ဒီအောင်မြင်မှုရလဒ်ကို ဘယ်လိုမှ ချေဖျက်လို့ မရ ပါဘူး။


“အခုလောလောဆယ်အားဖြင့် မြန်မာနိုင်ငံရဲ့ စစ်အစိုးရခေါင်းဆောင်ဖြစ် သော်လည်း အပြည်ပြည်ဆိုင်ရာအနေနဲ့ သူဟာ တရားမဝင်တဲ့ အစိုးရပဲ ရှိပါသေး တယ်၊ ဒါကြောင့်မို့လို့ ဒီရလာဒ်ကို ဘယ်လိုမှ တစ်ဦးတယောက်ထဲ၊ တပါတီထဲနဲ့ ချေဖျက်လို့ မရပါဘူး။” အမျိုးသမီးအဖွဲ့ဖွဲ့စည်းရေးနဲ့ လတ်တလောလုပ်ဆောင်ချက်တွေကိုလည်း သူက ခုလို ဆက်ပြောပါတယ်။


“အန်တီတို့ဟာ ဒီမိုကရေစီ ပန်းတိုင်ကိုသွားဖို့ရာအတွက် အင်အားတွေလို တယ်၊ ဒီလို လိုတဲ့အခါမှာ ဒီနေ့ အမျိုးသမီးလောကဟာ အနှိမ်ခံဘဝနဲ့မဟုတ်ဘဲနဲ့ အမျိုးသမီးတွေက နိုင်ငံရေးကိုလည်း နားလည်သဘောပေါက်အောင်၊ နိုင်ငံရေးကို လည်း တက်ကြွစွာ ပါဝင်လာနိုင်အောင် မကွေးတိုင်း အမျိုးသမီးဖွဲ့စည်းရေးဟာ မနေ့က နတ်မောက်ကို ဖွဲ့စည်းပြီးခဲ့ပါပြီ၊ ဒီရွေးကောက်ပွဲ တခုလုံးပြီးတာနဲ့ ဒီမိုကရေ စီ မရနိုင်ဘူးဆိုတာ အန်တီတို့ သဘောပေါက်ပါတယ်။”


မန္တလေးတိုင်း၊မိတ္ထီလာမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့် အေးကလည်း ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။ “အဲဒီတုန်းက ရွေးကောက်ပွဲဟာ တကယ်ကို လွတ်လပ်ပြီး တရားမျှတမှု အပြည့်အဝနီးပါး ရှိခဲ့ပါတယ်၊ အဲဒီက ရလဒ်က ဘယ်လိုနည်းနဲ့မှ ဖျောက်ဖျက်လို့ မရဘူး၊ ကျမတို့ကိုယ်တိုင်လည်း ဖျောက်ဖျက်တာကို လက်မခံနိုင်ဘူး၊ လူထုက လည်း လက်ခံမှာ မဟုတ်ဘူး၊ ဒါကို ကျမတို့က မြဲမြဲ ဆုပ်ကိုင်နိုင်ဖို့ ဆိုတဲ့နေရာမှာ ကျမတို့ ဒီမိုကရေစီအင်အားစုတွေမှာဘဲ တာဝန်အပြည့်အဝ ရှိပါတယ်။


ကျမတို့ လက်မခံဘူးဆိုရင် လက်ခံရာမရောက်ပါဘူး၊ သူတို့က စာတ ကြောင်း၊ နှစ်ကြောင်းထဲနဲ့ ဒီဟာကို ပျက်ပြယ်တယ်လို့ ပြောရုံးနဲ့ ပျက်ပြယ်သွားပြီ လို့ ပြောလို့မရပါဘူး၊ ကျမတို့ အပေါ်မှာပဲ မူတည်တယ်၊ ကျမတို့ ဒါကို ဆက်ပြီး တော့ ခိုင်ခိုင်မြဲမြဲ ရပ်တည်ဖို့ လိုတယ်လို့ မြင်တယ်။” မန္တလေးတိုင်း တပ်ကုန်းမြို့နယ် အဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး ဦးအောင် ကြိုင်ကလည်း ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ခုလို ပြောပြပါတယ်။ “ကျနော်တို့ ရင်ထဲမှာတော့ ဘယ်ခံစားနိုင်မလည်းဗျာ၊ ၂၁ နှစ်တာကြီးမှာ ကျနော်တို့ ဘဝတွေ ပျက်ပြီးတော့ စီးပွားရေးပါ ပျက်ရတဲ့ကိန်း၊ နောက်တခုက ကျနော်တို့ရဲ့ အိမ်တွေဆိုရင် ချတွေစားပြီးတော့ မြေကြီးမှာ ပုံကျရတဲ့ ဘဝမျိုးမှာ၊ ဒီလို လုပ်တယ်ဆိုတော့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အင်မတန်မှ ချိုးဖောက် တယ်လို့ ကျနော်တို့ ယူဆပါတယ်။ “ကျနော်တို့ရဲ့လှုပ်ရှားသူများ ခေါင်းဆောင်များဟာလည်း ဒီနေ့ထိအကျဉ်း ချခံထားရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုတဖက်သတ် လုပ်တဲ့ ကိစ္စမျိုးက တော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဘယ်လို လျှောက်လှမ်းမလဲလို့ မေးစရာ ဖြစ်လာပါတယ်။

သတင်းရင်းမြစ်...DVB