16 March 2010

ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ ....


စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ထွက်ပေါ်လာခဲ့ ပါပြီ။ ဒါဟာ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို တကယ်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောလိုက်တာလို့ ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲ လုပ်မယ် လုပ်မယ်နဲ့ မကြာခဏ ပြောလေ့ရှိပေမဲ့ သူပြောပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်တစားမရှိလှတာမို့ သိပ်တော့အရေးမပါလှပါဘူး။ အခုအခြေအနေမှာ ရွေးကောက်ပွဲဥပဒေတွေ၊ ကော်မရှင်တွေ ထွက်ပေါ်လာပေမဲ့လည်း လူထုကတော့ စစ်အစိုးရလုပ်သမျှ အယုံအကြည် ကင်းမဲ့နေတာကြောင့် စိတ်ဝင်တစား ပြောဆိုကြတာ မကြားရပါဘူး။

ပြည်သူလူထုအထဲက တချို့သောသူများကို စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ မေးမြန်းကြည့်တဲ့ အခါတော့ "မမြင်ဘူး။ မမြင်ဘူးဆိုတာ ပြည်သူလူထုအကျိုးအတွက် ဘာကိုမှ မမြင်ဘူး" လို့ ဖြေသူလည်း ရှိပါတယ်။ တချို့သော သူများကတော့ "ဒီကောင်တွေ ထင်ရာလုပ်မှာဘဲ။ သူတို့လူနဲ့ သူတို့ လုပ်သွားမှာ။ ရွေးစရာမှမရှိတာ ဘာကိုသွားရွေးမလဲ" လို့ဆိုသူကလည်း ဆိုပါတယ်။ ဒီလို ပြည်သူတွေဘက်က စိတ်ဝင်စားမှု နဲပါးနေတာကလည်း 'တခါသေဖူး ပျဉ်ဘိုးနားလည်' ဆိုသလို စစ်အစိုးရလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကို ကြုံဖူးတွေ့ဖူးပြီးသားဖြစ်တော့ မယုံကြည်နိုင်တော့တာက အဓိကပါ။

၁၉၉၀ ခုနှစ်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီကို အာဏာအပ်ပြီး စစ်တပ်က ဘားတိုက်ကိုပြန်မယ်လို့ ကတိပေးပြီး ရွေးကောက်ပွဲ လုပ်ခဲ့ဖူးပါပြီ။ အဲဒီတုန်းက ဒီမိုကရေစီစနစ် အပြောင်းအလဲဆီ မျှော်လင့်ရည်မှန်းချက်တွေ ကိုယ်စီနဲ့ ပြည်သူတွေ အားလုံးလိုလို ရွေးကောက်ပွဲဆိုတာကို စိတ်ဝင်တစားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ် ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အနိုင်ရပါတီကို အာဏာအပ်ပြီး ဘားတိုက်ကို ပြန်ဖို့ ငြင်းဆန်၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးထောင်ချခဲ့လို့ အမတ်တွေဟာ ထောင်ကျသူကျ၊ ပြည်ပထွက်ပြေးသူ ပြေးရနဲ့ ဖြစ်ပျက်ခဲ့တာ လူတိုင်းအသိပါ။ ဒီဖြစ်ရပ်ဟာ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို တိုင်းသူပြည်သားတိုင်းရဲ့ ရင်ထဲမှာ ရင်တနင့်နင့် ထိန်းသိမ်းထားဆဲ၊ ရှိနေဆဲ ပူပူနွေးနွေးဖြစ်ပျက်ခဲ့တာပါ။

အရှိကို အရှိအတိုင်းပြောရရင် ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရ ဖျက်လိုဖျက်ဆီးလုပ်ခဲ့ပုံက အင်မတန်မှ အကျည်းတန်အရုပ်ဆိုးခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကာလ ကလေးဘဝ ဇယ်တောက်တန်း ကျားထိုးတန်း ကစားကြတဲ့အခါ စိတ်ညစ်ပတ်တဲ့ ကလေးဆိုးတယောက်က တဖက်ကနိုင်ပြီး သူရှုံးတော့မယ်ဆိုတာနဲ့ ဇယ်စေ့တွေ၊ ကျားစေ့တွေကို ပြန့်ပြန့်ကျဲအောင် ဖျက်လိုဖျက်ဆီး လုပ်ပစ်ပြီး တစ်ကပြန်စ ကစားကြမယ်လို့ လုပ်တတ်ကြတာ အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။

အခုလည်း အဲဒီလိုပါပဲ။ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို ဖျက်ဆီးပြီး သူနိုင်အောင် ညစ်ကစားမယ့် ရွေးကောက်ပွဲကို လုပ်ဖို့ ဟန်ပြင်နေတာပါ။ ကလေးဘဝ ကလေးဆိုးတွေ ကစားပွဲကို ပွဲဖျက်ကစားတာ ခဏခဏလုပ်ရင် ကြာလာတော့ ရိုးရိုးသားသား ကစားတဲ့ ကလေးတွေက ညစ်တတ်တဲ့ ကလေးပွဲဖျက်တတ်တဲ့ ကလေးကို ရှောင်လာကြပါတော့တယ်။ သူပါရင် မကစားချင်ကြတော့ပါဘူး။ အဲဒါ ကလေးမို့ ခွင့်လွှတ်နိုင်ပါလိမ့်ဦးမယ်။ အခု ရွေးကောက်ပွဲတခုကို ဖျက်ပြီး ရွေးကောက်ပွဲအသစ်တခု တစ်ကနေပြန်စ လုပ်ကိုင်နေတာက လူကြီးတွေပါ။ လူကြီးတွေမှ သေနတ်ကိုင်ထားတဲ့ လူကြီးတွေဆိုတော့ ခွင့်လွှတ်နားလည်ပေးဖို့ ခက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်ပြီး စစ်အစိုးရရဲ့ မရိုးသားတဲ့၊ လှည့်ဖျားထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံလာတဲ့ ၂၀၁၀ ခု အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆဲပါ။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေက ပါတီဝင်ထဲမှာ ထောင်ကျနေသူတွေ ပါဝင်နေရင်တောင် ပါတီရွေးကောက်ပွဲ ဝင်ခွင့်ရှိမှာမဟုတ်ဘူး ဆိုတဲ့ အချက်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လို စစ်အစိုးရက အရေးယူမှုတွေပြုထားတဲ့ သူနဲ့ တခြားသော အကျဉ်းကျ ပါတီဝင်တွေ ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်တော့သလို ဖြစ်နေပါပြီ။ တခြား မတရားတဲ့ အချက်တွေကလည်း အများကြီးပါ။ တကယ်တော့ ဒီရွေးကောက်ပွဲဥပဒေထုတ်ပြန်မှုဟာ အဖွဲ့ချုပ်က မူအားဖြင့် တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မေတ္တာရပ်ခံပေးစာပါ တွေ့ဆုံဆွေးနွေးရေးလမ်းကို စစ်အစိုးရက အပြတ်ငြင်းပယ်လိုက်တာသာ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ပြောကြရင် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ပါ။ မြန်မာပြည်မှာ အစိုးရလုပ်ရမယ့် သူတွေက ထောင်ထဲရောက်နေပြီး အဂတိလိုက်စားမှုတွေ၊ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ထောင်ထဲမှာနေရမယ့် သူတွေက အစိုးရလုပ်နေနိုင်တော့လည်း ထုတ်သမျှဥပဒေက တရားမျှတဖို့ ခက်နေဆဲပါ။

ဒါပေမယ့် ပြည်သူလူထုကတော့ စစ်အစိုးရလုပ်သမျှ ဘာကြားကြား၊ ဘာမြင်မြင်၊ ဘာသိသိ၊ ဘာဥပဒေထုတ်ထုတ် အမှန်တရားတွေလို့ ယောင်ယောင်မှားမှားတော့ ဖြစ်ကြမယ်မထင်ပါဘူး။ စစ်အစိုးရက သူတို့ကိုယ်သူတို့ ဗိုလ်တွေချည်းပဲ အထင်အတွေးနဲ့ ဗိုလ်ကျအနိုင်ကျင့်ပြီး မတရားတဲ့ ဥပဒေအမျိုးမျိုးတွေ ထုတ်နေပေမယ့် ပြည်သူတွေကလည်း ဆိုက္ကားဆရာကအစ တက္ကသိုလ်ပါမောက္ခဆရာကြီးတွေအဆုံး ဆရာ့ ဆရာတွေချည်းပဲ ဆိုတာကိုတော့ စစ်အစိုးရ သိသင့်ပါတယ်။ စစ်အစိုးရ ပတ်တိုင်းနှပ်တိုင်း အဟုတ်ထင်နေမယ်တော့ မထင်မမှတ် လိုက်ကြပါနဲ့။

စစ်အစိုးရရဲ့ ပေးစာကမ်းစာတပဲတပြား (ရဖူး၊ ရဆဲ၊ ရအံ့) သော သူများမှတပါး ပြည်သူ့အကျိုး အမှန်တကယ် လိုလားသူ၊ ပြည်သူအပေါ် သစ္စာစောင့်သိသူများကတော့ စစ်အစိုးရလုပ်သမျှ နားယောင် အကောင်းထင်ကြမယ် မဟုတ်ပါဘူး။ တချို့သောသူများက စစ်အစိုးရကို ခိုင်မယ် မြဲမယ်ထင်သူက ထင်ပြီး ခေါင်းဝင်လျှိုဖို့ ကြိုစားနေသူတွေလည်း ရှိနေနိုင်ပါတယ်။

သမိုင်းနဲ့ချီပြီး ပြောရရင် မြန်မာ့သမိုင်းထဲက သူရဲကောင်း စစ်ဘုရင်တွေဖြစ်ကြတဲ့ အနော်ရထာတို့၊ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့ကလည်း သူတို့ထူထောင်တဲ့ နိုင်ငံတော်ကို သူတို့ရဲ့သားစဉ်မြေးဆက် နှစ်အထောင်အသောင်း အုပ်ချုပ်ချင်ကြမှာပါပဲ။ အင်္ဂလိပ်လို နေမဝင် အင်ပါယာ ပိုင်ရှင်ကလည်း မြန်မာပြည်လို သယံဇာတပေါကြွယ်လှတဲ့ နိုင်ငံမျိုးကို ဘယ်တော့မှ လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာဆိုတာ မျိုးဆက်တခု လူတစုလက်ထဲ ခိုင်လာမြဲလာရင် အာဏာအလွဲသုံးစားမှုတွေ၊ မတရားမှုတွေ များလာတတ်တာမို့ တိုင်းသူပြည်သားတွေနဲ့ တဖြည်းဖြည်း ကင်းကွာသွားခြင်း၊ တိုင်းသူပြည်သားတွေကြား မကြေနပ်မှုတွေ များလာခြင်းတွေနဲ့ အာဏာဟာ ယုတ်လျော့ပျက်စီးကြစမြဲပါ။

အခုအချိန်မှာ စစ်အစိုးရရဲ့ အာဏာဟာ ငြိမ်းခါနီး မီးတောက်လို ဖြစ်နေပါပြီ။ သူတို့ရဲ့ တောက်ပတဲ့ မွန်းတည့်အချိန်တွေလည်း ကုန်ဆုံးတော့မှာပါ။ ၁၉၈၈ ခုနောက်ပိုင်း လူထုထောက်ခံမှု လုံးဝမရှိတော့တဲ့ စစ်အစိုးရအဖို့ ဒီအချိန်ဟာ နေဝင်ရီသရော ဆည်းဆာအချိန်လို့တောင် ပြောနိုင်ပါတယ်။

ဒီအခြေအနေ သူတို့ကိုယ်တိုင် သိရှိလို့လည်း ယှဉ်ပြိုင်လို့ ဘယ်နည်းနဲ့မှ မနိုင်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲက ဖယ်ရှားဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးပြီး ကြိုးစားနေတာဖြစ်သလို အများယုံကြည်လေးစား တန်ဖိုးထားတဲ့ ကိုမင်းကိုနိုင်တို့လို ကျောင်းသားခေါင်းဆောင်တွေ အခြားသော နိုင်ငံရေး တက်ကြွသူတွေကို ထောင်နဲ့ချီပြီး ဖမ်းဆီးထောင်ချထားရတာ ဖြစ်ပါတယ်။ ဒါတင်မပါဘူး ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက များလွန်းနေပြီး ပြည်သူ့မျက်နှာ မကြည့်သာ၊ မကြည့်ရဲလို့ နိုင်ငံဝန်ထမ်းမှန်သမျှကို ပေါ်တာဆွဲသလို ဆွဲခေါ်သွားပြီး မြို့တော် မဟာရန်ကုန်ကနေ ပဲခူးရိုးမတောင်ကြားထဲက ကြပ်ပြေးနေပြည်တော်ကို တောခို တောပြောင်းသွားကြတာဖြစ်ပါတယ်။ မဟာရန်ကုန်လူထုကတော့ စစ်အာဏာရှင်အုပ်စုကြီး ရန်ကုန်မြို့တော်ကနေ ထွက်ခွာသွားတဲ့အတွက် မြို့တွေတခွင်က အမှိုက်ပုံ အမှိုက်ထုတ်ကြီး ရှင်းသွားသလို ကျေနပ်ဝမ်းမြောက်နေကြတာပါ။

ဒီနေရာမှာ ပြည်သူလူထုကို သတိပြုစေချင်တာက စစ်အာဏာရှင်လူတစုဟာ လူထဲသူထဲ ပြည်သူထဲမှာ မနေရဲလို့ တောပုန်းလုပ်နေကြပေမယ့် သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက် ဆိုတာကို ကိုင်ပြီး ကြပ်ပြေးအမှောင်ရိပ်ကနေ ပြည်သူကို လမ်းလွဲကြီးတွေ ပြနေဦးမယ်ဆိုတာ သိထားစေချင်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ လမ်းမှန်ကို မပြဘူး၊ လမ်းမှားကိုသာ ပြလိမ့်မယ် ဆိုတာကို တော်လှန်ရေးအသိရှိရှိ နားလည်ပြီး ခိုင်မာတဲ့၊ အတိုက်အခံတွေပြတဲ့ လမ်းမှန်ကိုသာ ညီညီညွတ်ညွတ် ရွေးချယ်လျှောက်လှမ်းရပါလိမ့်မယ်။ ပြည်သူတွေလျှောက်လှမ်းရမယ့် နောက်ဆုံးပန်းတိုင်ကတော့ လူထုအခြေပြု နိုင်ငံရေးကို ကိုင်စွဲပြီး အကြမ်းမဖက် နည်းလမ်းများနဲ့ စစ်အစိုးရကို သူတို့ရဲ့ မူလနေရပ်ဌာနေ ဘားတိုက်အရောက် ပြန်ပို့ဖို့ တခုတည်းသော ပန်းတိုင်သာ ရှိကြောင်း အကြုံပြု တိုက်တွန်းလိုက်ပါတယ်။

ရင်းမြစ်..ရိုးမ(၃)

၂၀၁၀ ရွေးကောက်ပွဲ နှင့် မြန်မာပြည် လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား ....



၂၀၀၈ ခုနှစ် လူထုဆန္ဒ ခံယူပွဲကာလ မဲရုံတခု မြင်ကွင်း


၂၀၁၀ ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရား မျှတစွာ” ကျင်းပပေးမည်ဟု ပြောချက်အပေါ် သံသယရှိသော နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ စစ်အစိုးရကို မကြာသေးခင် လများအတွင်း ဖိအားပေးခဲ့ကြသည်။
နိုင်ငံတကာ ယုံကြည်မှုကို ရရှိစေမည့် ရွေးကောက်ပွဲ ဖြစ်စဉ်တခု၏ အခြေခံကျသော ညွှန်းကိန်းများမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေးနှင့် နိုင်ငံရေး ပါတီများ အားလုံး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးပင် ဖြစ်သည်ဟု လေ့လာ သူများက ပြောဆိုကြသည်။

ယုံကြည်ထိုက်ပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန်၊ အတိုက်အခံ အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးဆောင် ဦးရွက်ပြုရန် မြန်မာ အစိုးရတွင် တာဝန်ရှိသည်ဟု စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြန်လည်သင့်မြတ်ရေးသည် ဦးစားပေးလုပ်ဆောင်ရမည့် အရာအဖြစ် ကာလကြာရှည်စွာ ရှိလာသည့် အတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် အရေးကြီးပြဿနာရပ် အတော်များများကို မြန်မာ့အရေး လေ့လာသူများက ရှေ့တန်းတင် ပြောဆိုမှု အလွန် နည်းပါသည်။

ဥပမာပြရလျှင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့်တွေ့ဆုံစဉ် ဖွဲ့ဖြိုးဆဲ နိုင်ငံများ၊ ကုလသမဂ္ဂအရာရှိများကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပေးမည်ဟု ပြောခဲ့သည်။

သို့ရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာမှ လေ့လာသူများကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ အစကတည်းက နိုင်ငံအနှံ့တွင် စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။

အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခြင်းနှင့် ၎င်းအခွင့်အရေးကို မမှန်မကန် တလွဲ အသုံးချခြင်းအကြား နယ်နိမိတ်စည်းသည် မကြာခဏ ဆိုသလို ပြတ်သားမှု မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ပါတီဘက်မှ ဘက်မလိုက်သောရပ်တည်ချက်ထားပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး အတွက် အဓိက ကျသော စံနှုန်းများကို လူထုအကြား စတင် ပညာပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ရွေးကောက်ပွဲတခုကို လူအများကယုံကြည်လက်ခံခြင်းသည် ထိုရွေးကောက်ပွဲကို ကျင်းပပေးသောအဖွဲ့၏ စီမံ ခန့်ခွဲမှုပေါ်တွင် များစွာ မူတည်ပါသည်။ ထိုအဖွဲ့သည် လွတ်လပ်မှုရှိရမည်ဖြစ်ပြီး ဘက်လိုက်မှုလည်း ကင်းရပါမည်။

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်ကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဗဟို ရွေးကောက်ပွဲကော်မရှင် လက်အောက်တွင် ပြည်နယ်နှင့်တိုင်းအဆင့် ကော်မရှင် ၁၄ ခု၊ ခရိုင်အဆင့် ကော်မရှင် ၅၀ ခု၊ မြိုနယ်အဆင့် ကော်မရှင် ၃၁၇ ခု၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင် ၁၄၉၉၂ ခု တို့ကို ဖွဲ့စည်းထားသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့အစည်းနောက်ခံ ကင်းရှင်းသည့် အငြိမ်းစား အစိုးရအရာရှိကြီးများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ကော်မရှင်အပေါ် အများ၏ ယုံကြည်အားထားမှု အလွန်နည်းပါးခဲ့သည်။ အကြောင်းရင်းမှာ ထိုကော်မရှင်သည် စစ်အစိုးရ၏ သြဇာခံဖြစ်ပြီး လွတ်လပ်မှုမရှိသကဲ့သို့ ဘက်လိုက်မှုလည်း ကင်းမည်မဟုတ်ဟု ပြည်သူများက ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။

သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် တရားမျှတသော ရလဒ်များ ထွက်ရှိခဲ့သည်။ ပြည်တွင်းပြည်ပကလည်း အသိအမှတ် ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အခြေခံအကြောင်းရင်း ၃ ခုမှာ စစ်အစိုးရ အပေါ် ပြည်သူလူထု၏ မကျေနပ်မှု မြင့်မားနေခြင်း၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကြာ ကာလအတွင်း အောက်ခြေ ပြည်သူလူထု ကြားတွင် စစ်အစိုးရ၏ အုပ်ချုပ်ရေးအရ ထိန်းချုပ်နိုင်မှု အားနည်းနေခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို မျှမျှတတ ဖွဲ့စည်းနိုင်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်တွင် ရပ်ရွာထဲမှ အများရိုသေလေးစားသောပုဂ္ဂိုလ် ၃ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် စစ်အစိုးရ၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့ ပါဝင်သည်။

သို့ရာတွင် စစ်အစိုးရသည် ၎င်းတို့ ရင်ဆိုင်ခဲ့ဖူးသည် အကြီးအကျယ်ရှုံးနိမ့်မှုမျိုး (၁၉၉၀ တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတ၀န်းတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့မှုမျိုး) နောက်တကြိမ် ခွင့်ပြုရန် အလားအလာ လုံးဝ မရှိပါ။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို လူထုဆန္ဒခံယူပွဲကျင်းပစဉ်က ၎င်းတို့၏သဘောထားများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အာဏာပိုင်များသည် ၎င်းတို့၏သြဇာအာဏာကို သုံးခြင်း၊ ကြိုတင် စီမံထားခြင်း၊ အနိုင်ကျင့်သည့် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဖြင့် ၎င်းတို့ လိုလားသည့် ရလဒ် ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံရေးပါတီများ၏ရန်ပုံငွေ

၁၉၉၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရလဒ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု လွတ်လပ်သော လေ့လာဆန်းစစ်သူတဦးအနေဖြင့် ယူဆပါသည်။ အထူး သဖြင့် မဲဆွယ်သည့် ကာလ နှင့် ရွေးကောက်ပွဲနေ့တို့တွင် စစ်အစိုးရက စနစ်တကျ ခြိမ်းခြောက် နှောင့်ယှက်ခြင်း၊ နိုင်ငံရေးပါတီများက အရင်းအမြစ်များကို ရယူ သုံးစွဲနိုင်ခွင့် မရှိခြင်း စသည့် အခြေအနေတို့ကြောင့် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ ရန်ပုံငွေ ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ရပြီး ပါတီကိုထောက်ခံသူများကလည်း စစ်အစိုးရ အရေးယူမည်ကို စိုးရိမ်၍ ငွေကြေးလှူဒါန်းရန် ကြောက်ရွံ့နေချိန်တွင် ယခင်အာဏာရ ဆိုရှယ်လစ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည် ငွေကြေး အမြောက်အများ သုံးစွဲနိုင်သကဲ့သို့ အစိုးရပိုင် ပစ္စည်းများ ဖြစ်သော ကားများ၊ အဆောက်အအုံများကို ၎င်းတို့ပါတီပိုင် အဖြစ် ဆက်လက် အသုံးချခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း တစည နှင့် အခြားသော စစ်အစိုးရ ထောက်ခံ အားပေးသည့် အဖွဲ့ အစည်းများသည် စီးပွားရေး အခွင့်ထူးများကို ရရှိ ခံစားခဲ့ကြပြီး တဘက်တွင် NLD ပါတီရုံးများကို ပိတ်ပင် ထားခြင်း၊ ငွေကြေး ရန်ပုံငွေ အရင်းအမြစ်များ မရရှိစေရန် ထိန်းချုပ်ခြင်းဖြင့် NLD ၏ ရန်ပုံငွေနှင့် အရင်းအမြစ်များ အားနည်း ချိနဲ့စေရန် စစ်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လေသည်။

ဤသို့ မမျှတသောအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို အစကနဦးကတည်းကပင် အားနည်းစေပါသည်။

မဲဆန္ဒရှင်များကိုပညာပေးခြင်း

၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး ပါတီပေါင်း ၂၃၆ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်နိုင်သော နိုင်ငံရေးပါတီ ၁၀ ပါတီသာ ကျန်ရှိပါသည်။ သို့သော် စစ်အစိုးရ က ရွေးကောက်ပွဲဥပဒေအသစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် တို့ ထုတ်ပြန်လာပါက နိုင်ငံရေးပါတီ အများအပြား ထပ်မံ ပေါ်ထွက်လာဖွယ် ရှိပါသည်။

နိုင်ငံရေးပါတီ အများအပြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အပြည့်အ၀ ဖော်ဆောင်ရန် အတွက် မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပါတီအသီးသီးက ပေးလိုသည့် သတင်းအချက်အလက်များကို ၎င်းတို့ လက်လှမ်း မီနိုင်စေရေး စသည်တို့သည် အလွန် အရေးကြီးပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အိမ်စောင့်အစိုးရတရပ် အသွင် ရပ်တည်ပြခဲ့ပြီး နိုင်ငံရေးနှင့် ကင်းကင်း နေမည်ဟု တရားဝင် ပြောဆိုခဲ့သည်။

သို့ရာတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးပါတီများသည် ၎င်းတို့၏မူဝါဒများကို ရုပ်မြင်သံကြားမှ ၅ မိနစ်၊ ရေဒီယိုမှ ၁၀ မိနစ်သာ ထုတ်လွှင့်ခွင့် ရခဲ့သည်။

မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုယ်တိုင် ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ မှတ်တမ်းလွှာများ၊ ပိုစတာများကိုသာ အားကိုးအားထား ပြုခဲ့ရပါသည်။ ဤကဲ့သို့ အရင်းအမြစ်များကို အလွန်အမင်း ကန့်သတ် ချုပ်ချယ်မှုများ ရှိသော်လည်း နိုင်ငံရေးပါတီများက ၎င်းတို့ကို ထောက်ခံအားပေးနေသူများအား မဲစာရင်းသွင်းခြင်း၊ မဲပေးနည်းစနစ်၊ မဲလိမ်ခြင်း၊ မဲဝယ်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ပညာပေးရန် တာဝန် ယူခဲ့ကြသည်။ ထို့အပြင် ပါတီများသည် မဲရုံများတွင် စောင့်ကြည့်ရန်၊ မဲရေတွက်ပုံကို လေ့လာရန် ၎င်းတို့တွင် အဖွဲ့ဝင် အလုံအလောက် ရှိရေး အတွက်ကိုလည်း စီစဉ်ခဲ့ကြသည်။

မြန်မာပြည်သူများထဲတွင် အစဉ်အလာအားဖြင့် သိထားကြသည့် အချက်မှာ (√) သင်္ကေတသည် “သဘောတူခြင်း သို့မဟုတ် ထောက်ခံခြင်း” ၊ (X) သင်္ကေတသည် “သဘောမတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း” ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲများတွင် (X) သင်္ကေတကို ထောက်ခံသည့် အမှတ်အသားအဖြစ် သုံးကြသည်။ ရွေးကောက်ပွဲနေ့တွင် မြန်မာပြည်သူများ မဲပေးမှားယွင်းမှု အများအပြား ရှိခဲ့လေသည်။ အထူးသဖြင့် သက်ကြီး ရွယ်အိုများနှင့် စာမတတ်သူများ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁ ၈၅၈ ၉၀၀ ဦး၏ ဆန္ဒမဲများ သို့မဟုတ် မဲစာရွက် ၁၂.၃ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများတွင် မကြာသေးခင်က ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဘင်္ဂလားဒေ့ရှ်တွင် ၀.၈၉ ရာခိုင်နှုန်း၊ မလေးရှားတွင် ၂.၁၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၃.၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။ ပယ်မဲ အများဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ဖြစ်ပြီး ၂၆.၀၆ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သို့သော ဒီမိုကရေစီ ဖြစ်စဉ်မျိုး ကြုံတွေ့နိုင်သည်ကို ဝေဖန်ပြောဆိုမှုမရှိ နှုတ်ဆိတ်နေကြပါသည်။

ထို့အပြင် စစ်အစိုးရသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရထားသော်ငြားလည်း နိုင်ငံရေးပါတီများ ထူထောင်ပြီး စစ်အရာရှိများက လူဝတ်လဲ ပုံဖျက်ကာ ရွေးကောက်ပွဲဝင်ကြမည်မှာ သံသယရှိစရာ မလိုပါ။ ထို့အတွက် စစ်အစိုးရသည် နိုင်ငံတော်ပိုင် အရင်းအမြစ်များကိုသုံးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများပင် စတင်ပြုလုပ်နေပြီဟု ပြောလျှင် လွန်မည်မထင်ပါ။

ရွေးကောက်ပွဲမဲလိမ်မှုများ

၂၀၀၈ အခြေခံဥပဒေအသစ် လူထုဆန္ဒခံယူပွဲတွင် အထင်အရှား မြင်တွေ့ခဲ့ရသည့်လိမ်လည်မှုများကို လာမည့်ရွေးကောက်ပွဲတွင်လည်း တွေ့မြင်ရဖွယ် ရှိပါသည်။

ထိုလိမ်လည်မှုများကို အဓိက ကျူးလွန်သူများမှာ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အသင်းဝင်များ၊ စွမ်းအားရှင်ပြည်သူ့စစ်များ ဖြစ်ပါသည်။

ပထမဆုံးနှင့် အထင်ရှားဆုံး ချိုးဖောက်မှုတခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မဲရုံများအတွင်း တာဝန်ချထားခြင်းပင် ဖြစ်သည်။ ဒုတိယချိုးဖောက်မှုမှာ သတ်မှတ်ထားသည့် အချိန်ထက် စောပြီး မဲရုံများကို ပိတ်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်များကိုယ်စား မဲစာရွက်များပေါ်တွင် ဖြည့်စွက်ခြင်း ဖြစ်သည်။

၂၀၀၈ ဆန္ဒခံယူပွဲတွင် နေရာအများအပြားတွင် တွေ့ရသော ဖြစ်ရပ်များမှာ မိသားစုတစုလုံးကိုယ်စား မိသားစုဝင် တဦးကသာ မဲပေးခြင်း၊ မဲဆန္ဒရှင်များ၏ မျက်ကွယ်တွင် ၎င်းတို့၏မဲများကို ပေးခြင်းတို့ ဖြစ်ပါသည်။

အဆိုးဆုံး ချိုးဖောက်မှုတခုမှာ မဲရုံများကို ပိတ်ပြီး မဲများကို လျှို့ဝှက် ရေတွက်ခြင်း ဖြစ်လေသည်။ မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိပါက ထိုမဲများကို ထည့်သွင်းတွက်ချက်၍ လုံးဝ မဖြစ်နိုင်ပါဟု လေ့လာစောင့်ကြည့်သူများက ယူဆကြကြောင်း ဥရောပရှိ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အေဂျင်စီတခုဖြစ်သော Organization for Security and Cooperation အဖွဲ့က ဆိုသည်။ အခြားလိမ်လည်မှုများထက် ထိုကဲ့သို့လိမ်လည်မှုသည် တရားမျှတမှု မရှိသော ရွေးကောက်ပွဲတခု၏ အမှတ်လက္ခဏာကြီး ဖြစ်လေသည်။

အထက်တွင်ဖော်ပြခဲ့သော လိမ်လည်မှု နမူနာများ၏ထိပ်တွင် အနိုင်ကျင့်မှုများ၊ ခြိမ်းခြောက်မှုများသည် ၂၀၀၈ ဆန္ဒ ခံယူပွဲတွင် ပြည့်နှက်နေပါသည်။ အကယ်၍ မဲဆန္ဒရှင်များက ကန့်ကွက်မဲပေးခဲ့လျှင် ၎င်းတို့၏ လယ်ယာမြေများကို သိမ်းယူမည် သို့မဟုတ် ဖမ်းဆီး အကျဉ်းချမည်ဟု ဒေသခံအာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း မှတ်တမ်း အများအပြားတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ လိမ်လည်မှုများသည် အတွေ့ရ များသော အလေ့အထတခု ဖြစ်ပြီး ငွေကြေး၊ ဆုပေးခြင်း၊ လှူဒါန်းခြင်း တို့ဖြင့် မဲဝယ်မှု နမူနာများကို အိမ်နီးချင်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တွေ့မြင်နိုင်သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်သူများသည် မဲဆန္ဒရှင်များကို ချေးငွေများပေးမည်ဟု ကမ်းလှမ်း မက်လုံးပေးလေ့ရှိကြသည်။ ထိုပါတီ အနိုင်ရသွားပြီးနောက်ပိုင်းတွင် ထိုကမ်းလှမ်းချက်များကို ပယ်ဖျက်နိုင်ချေ ရှိသည်။ ထိုသို့ မဲဝယ်ခြင်းကို “green harvesting” (အချိန်မတိုင်မီ ရိတ်သိမ်းခြင်း) ဟု ထိုင်းနိုင်ငံတွင် လူသိများပါသည်။

ခြုံ၍ပြောရလျင် မြန်မာနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က ကဲ့သို့ “Yes” သို့မဟုတ် “No” ဟုသာ အလွယ်တကူ စဉ်းစားပြီး ပေးရသည့် မဲမျိုးနှင့် အလွန် ကွာခြားပါလိမ့်မည်။ အကြောင်းမှာ ရွေးချယ်ရမည့် ပါတီ သို့မဟုတ် ကိုယ်စားလှယ် အများအပြား ပါဝင်မည် ဖြစ်ပြီး သတ်မှတ်ချက်များမှာလည်း ပို၍များပြားနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော အဓိကနယ်ပယ် ၄ ရပ်ကိုထည့်သွင်းစဉ်းစားလျှင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း နိုင်ငံတကာ အသိုင်းအ၀န်းက ရှင်းရှင်းလင်းလင်း အလေးအနက်ထား ပြောဆိုရပေမည်။

နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ “Free and Fair?” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

15 March 2010

ရင်ထဲ က နီမာ (နီလာသိန်း) အတွက် မွေးနေ့ လက်ဆောင် အမှတ်တရ သီချင်း

ရန်ကုန်မြို့လယ်ခေါင် ပန်းပဲတန်းမြို့နယ် လမ်း၃၀မှာ ၃ ထပ်တိုက်ပြိုကျ



ယနေ့ ညနေ ၄နာရီက အမှတ် ၆၃၆ ကုန်သည်လမ်းနှင့် လမ်း ၃၀ထောင့်ရှိ ၃ ထပ်တိုက်တလုံးရုတ်တရက်ပြိုကျမှု ဖြစ်ပွားရာ အဆိုပါတိုက်တွင် နေထိုင်သူအချို့ အပျက်အစီးများအကြား ပိတ်မိလျက် ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များက ရှင်းလင်းဖယ်ထုတ်လျက် ရှိသည်။အဆိုပါအနီးနားတွင်ဈေးရောင်းနေသူတဦးက“ဒီအဆောက်အဦက လွန်ခဲ့တဲ့ ၄လ လောက်ကတည်းက အန္တရာယ်ရှိ အဆောက်အဦ လို့ဆိုင်းဘုတ်လာကပ်သွားတယ်။ ဒါပေမယ့် အဲဒီမှာ နေတဲ့သူတွေက မပြောင်းကြသေးတာ၊ အခုညနေ ၄နာရီက ရုတ်တရက်ပြိုကျတာ၊ အုတ်အမှုန့်တွေ ဒီအထိတောင် ရောက်တယ်။ အထဲမှာ လူဘယ်နှစ်ယောက် ရှိနေလဲတော့ ကျွန်တော်လည်း မသိဘူး”ဟု ပြိုကျသည့် တိုက်နှင့် မျက်စောင်းထိုးတွင် အအေးရောင်းသူ ကပြောသည်။





အဆိုပါ ၃ ထပ်တိုက်၏ မျက်နှာစာ တခြမ်းလုံး ပြိုကျသွားခြင်းဖြစ်ပြီး အထပ်တိုင်း၏ ကြမ်းခင်း သံတန်းများမှာ ကွေးကောက်လျက်ရှိသည်ကို တွေ့ရသည်။ ကွန်ကရစ် အခင်းအဆောက်အဦဖြစ်ပြီး အထက်ထပ် ၃ထပ်စလုံး ပြိုကျသည့် အပျက်အစီးများမှာ မြေညီထပ်တွင် ၈ပေ အမြင့်အထိ စုပုံလျက်ရှိနေပြီး အဆိုပါ အုတ်ကျိုးများနှင့် အုတ်အပိုင်းအစများ အကြား နေထိုင်သူများ ပိတ်မိနေခြင်း ဖြစ်သည်။







အဆိုပါ အပျက်အစီးများအား မီးသတ်၊ အရန်မီးသတ်တို့နှင့် ရပ်ကွက်နေထိုင်သူ အချို့တို့က လက်ဖြင့်သော်လည်းကောင်း၊ ကရိန်းကား အလတ်စားဖြင့် သော်လည်းကောင်း ဖယ်ရှားလျက်ရှိသည်ကို ပြိုကျပြီး ၁နာရီကျော်အကြာ တွင်တွေ့မြင်ရသည်။ အဆိုပါ နှုန်းထားဖြင့် အပျက်အစီးများအား ဖယ်ရှားနေပါက နောက်ထပ် နာရီအနည်းငယ်ကြာ နိုင်ပြီး ပိတ်မိနေသည့် သူများအသက်ချမ်းသာရ ရဖို့အခွင့် အလမ်းနည်းပါးသွားနိုင် သည်ဟု ရပ်ကွက်နေသူ တဦးကပြောသည်။ အနီးနားနေသူ တဦးက “ အထဲမှာ မိန်းကလေး တယောက်ပိတ်မိနေတယ်။ လက်ကိုင်ဖုန်းနဲ့ အပြင်ကို နှစ်ကြိမ်ဆက်တယ်။ ပြိုပြီးခါစက သူ အပျက်အစီးအောက်မှာ ပိတ်မိနေတယ်ဆိုတာ နောက်တော့ ထပ်မဆက်တော့ဘူး။”
လမ်း ၃၀ တွင်နေထိုင်သူ အခြားတဦးကမူ “ တိုက်ပြိုကျတာ တီဗီထဲမှာ တွေ့ရတဲ့ ဝေါလ် ထရိတ်စင်တာကျနေတာပဲ၊ ဖုန်လုံးတွေ ထပြီး ရုတ်တရက်ြပိုကျသွားတာ”ဟုပြောသည်။



ရန်ကုန်မြို့တွင် ကိုလိုနီခေတ် အဆောက်အဦ ထောင်ဂဏန်းနှင့်ချီ ရှိနေသေးပြီး အခါအားလျော်စွာ မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေးကာ အန္တရာယ်ရှိ အဆောက်အဦ အဖြစ်သတ်မှတ်ပြီး ဖြိုဖျက်ကာ အသစ်ပြန်ဆောက် စေသော်လည်း နေထိုင်သူများက သက်ဆိုင်ရာကို လာဘ်များပေးကာ သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်း မပြုပဲ နေထိုင်သည့် အဖြစ်အပျက်များလည်း ရှိသည်ဟု ရန်ကုန်မြို့ခံများကပြောသည်။


သတင်းရင်းမြစ်..မိုးမခ

ရှေ့နေ ဦးဥာဏ်ဝင်းမှတဆင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပြောသောစကား နှင့် အဘ ဦးဝင်းတင်၏ နှစ်ရှစ်ဆယ်ပြည့် ပြည်သူသို့ပြောသောစကား....




မြန်မာနိုင်ငံလူအခွင့်ရေးနေ့ ကို ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ ဘာကလေမြို့မှာ ကျင်းပပြုလုပ်



မတ်လ (၁၃) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံလူအခွင့်ရေးနေ့ ကို ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ ဘာကလေမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို Burmese American Democratic Alliance
(BADA) အဖွဲ့မှ ကြီးမှုးကျင်းပတာဖြစ်ပါတယ်။ အခမ်းအနားပွဲကို အမေရိကန်လူမျိုးများ၊ အမေရိကန်ရောက်မြန်မာများ နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များလည်း တတ်ရောက်ကြပါတယ်..။



အခမ်းအနားပွဲမှာ BADA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမှတ်တမ်းနဲ့ ရှင်းလင်းပြသမှုတွေလုပ်ခဲ့ကြပါ
တယ်..။အခမ်းအနားမှာ တတ်ရောက် စကားပြောကြားသူတွေကတော့NCGUB မှ ဒေါက်တာစိန်ဝင်း (လက်ရှိနိုင်ငံရေး အခြေအနေတွေကို ရှင်းပြသွားခဲ့ပါတယ်၊




Align Center
အထူးသဖြင့်ရွေးကောက်ပွဲဥပဒေတွေရဲ့ မတရားမှု့တွေကို ရှင်းပြခဲ့ပါတယ်။) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ဟောင်းတစ်ဦး ဖြစ်သူ ကိုတိုးလွင် ( ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုနှင့် ခန္တီးအကျဉ်းထောင် ငရဲခန်းများအကြောင်းကိုရှင်းပြခဲ့ပါတယ်။)တို့ ဖြစ်ကြပြီး ဧည့်သည် နောက်တစ်ဦးကတော့ အမျိုးသမီး တစ်ဦးဖြစ်သူ ဖြစ်ပါတယ်။ သူမကတော့ သူမမိသားစုထွက်ပြေး လွတ်မြောက်ခဲ့ပုံတွေကို ရှင်းပြခဲ့ပြီးကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေနဲ့ ကလေးတွေအပေါ်လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုရှင်းပြခဲ့တာပါ။




အခမ်းအနားကို ဆက်လက်ပြီးကျင်းပရာမှာ မြန်မာပြည်ထဲမှာ ဒုက္ခတွေကြုံတွေ့နေကြတဲ့ ပြည်သူလူထုရဲ့နာဂစ်မုန်တိုင်းတုန်းက ဆိုးဝါးမှုတွေ၊ နယ်စပ်ဒေသတစ်လျှောက် ဒုက္ခသယ်စခန်းတွေမှာ အတိဒုက္ခရောက်နေကြသူတွေ အကြောင်းကို သတင်းမှတ်တမ်းနဲ့ပြသခဲ့ကြပါတယ်.။လူပေါင်းနှစ်ရာကျော်နီးပါး တတ်ရောက်ခဲ့ကြတဲ့ ဒီအခမ်းအနားကို ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။




သတင်း(BAYMYANMAR NEWS). အားကျေးဇူးတင်ပါသည်.။

ပြည်ထောင်စုလမ်းမပေါ် ကုန်စစ်ဆေးရေးစခန်း မီးလောင်

သျှမ်းပြည်မြောက်ပိုင်း (မန္တလေး- မူဆယ်လမ်း) ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီမြို့နယ် ရေပူကုန်စစ်ဆေးရေးဂိတ် အတွင်းရှိ အဆောက်အဦ ၄ လုံး မတ်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်က မီးစွဲလောင်ခဲ့ကြောင်း သိရသည်။ သိန္နီမှ လားရှိုးအထွက် export ကန့်သတ်ကုန် စစ်ဆေးရေးဂိတ် ကုန်ကားများရပ်နားသည့် အဆောက်အဦများမီးစွဲလောင် ခြင်းဖြစ်ကြောင်း မြို့ခံ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သိန္နီနားက ရေပူဂိတ်မှာ ပို့ကုန်စစ်ဆေးရေးဂိတ်အခြမ်းက မီးလောင်သွားတယ် ဟိုဘက်က သွင်းကုန်စစ်ဆေး တဲ့အခြမ်း ကားတွေရပ်ပြီး စစ်တဲ့ အဆောက်အဦ ၄ လုံးစလုံး ကုန်သွားတယ် ” ဟု သူကပြောသည်။

အဆောက်အဦတစ်လုံး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့်ရှိပြီး ကားနှင့်ကုန်ပစ္စည်းများ လောင်ကျွမ်းခြင်းမရှိကြောင်းသိရ သည်။

“ စစ်ဆေးဂိတ်ဖွင့်တာက မနက် ၆ နာရီ ည ၆ နာရီအထိ ဆိုတော့ ကုန်ကားတွေမီးလောင်တာ မရှိဘူး ကားတွေ စစ်တဲ့အခါ အရိပ်အောက်မှာ ထားတာပေါ့ဗျာ ဘယ်လိုလောင်သလဲတော့မသိဘူး ” လို့ သူက ဆက်ပြောသည်။

အဆိုပါ ၀န်းအတွင်းရှိ ရေပူ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) ရုံးနှင့် နယ်စပ်ကုန်သွယ်ရေး ညွန်မှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မိုး၏ နေအိမ်တို့မှာ မီးလောင်ခံခဲ့ရခြင်း မရှိကြောင်း သိရသည်။

သိန္နီရဲစခန်းတွင် အဆိုပါ မီးလောင်မှု အမှု ဖွင့်ထားကြောင်း သိရသည်။

ရေပူဂိတ်သည် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းပေါ်ရှိ လားရှိုးနှင့်သိန္နီကြားမှ ကန့် သတ်ကုန်စစ် ဆေးရေးစခန်း တစ်ခုဖြစ်သည်။

သတင်းရင်းမြစ် .သျှမ်းသံတော်ဆင့်

ထိုင်းအစိုးရ ဆန့်ကျင်ရေး လူထု သိန်းနဲ့ချီ ဆန္ဒပြ






ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajhiva) ကို ရာထူးက ဖယ်ရှားဖို့ ရည်ရွယ်ပြီး တောင်းဆို ဆန္ဒပြပွဲတွေအတွက် မြို့တော် ဘန်ကောက်မှာ အစိုးရ ဆန့်ကျင်သူတွေ ထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။



ဒီကနေ့ပဲ ဆန္ဒပြပွဲတွေကို စတင်လိုက်ပြီး ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ရက်အတော်ကြာကြာ လုပ်ဆောင်သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။ အနည်းဆုံး ဆန္ဒပြသူ ၆၀၀,၀၀၀ လောက် ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဆန္ဒပြပွဲတွေကို စီစဉ်သူတွေက ဆိုပါတယ်။



ဒါပေမဲ့လည်း အခုအချိန်အထိ ငြိမ်းငြိမ်းချမ်းချမ်း လမ်းပေါ်မှာ ဆန္ဒပြနေကြတဲ့သူတွေကို ခန့်မှန်းထားတဲ့ တရားဝင် မဟုတ်တဲ့ ကိန်းဂဏန်းတွေအရ ဆိုရင်တော့ လူပေါင်း ၁၀၀,၀၀၀ ကျော်လောက်သာ ရှိပါသေးတယ်။



အနီရောင်အင်္ကျီတွေ ၀တ်ဆင်ထားကြပြီး အလံတွေကို ဝှေ့ယမ်း၊ ကြွေးကြော်သံတွေကို အော်ဟစ်နေကြတဲ့ ဆန္ဒပြသူတွေ ဘန်ကောက်ကို ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီအထဲက အများအပြားဟာဆိုရင် ၂၀၀၆ ခုနှစ်တုန်းက စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြသူတွေ ဖြစ်ပါတယ်။



အခုအခါ ဒူဘိုင်းမှာ တိမ်းရှောင် နေထိုင်နေတဲ့ ၀န်ကြီးချုပ်ဟောင်းဟာ ဆင်းရဲသားတွေနဲ့ ကျေးလက်ဒေသ လူတန်းစားတွေကြား အခုအထိ ရေပန်းစားနေဆဲလည်း ဖြစ်ပါတယ်။ သူ့ကို လိုလားသူတွေရဲ့ အခုဆန္ဒပြပွဲတွေမှာတော့ ၀န်ကြီးချုပ်ဟောင်း တကျော့ပြန် အာဏာရလာစေမယ့် ရွေးကောက်ပွဲ အသစ်တွေကို ကျင်းပပေးသွားဖို့နဲ့ ဒါတွေကို မနက်ဖြန် နောက်ဆုံးထား လိုက်လျောဖို့ တောင်းဆိုနေကြတာပါ။



ဝန်ကြီးချုပ် အဘီဆစ်က သူ့အနေနဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းမှာ မဟုတ်သလို ရာထူးက ဆင်းပေးဖို့နဲ့ လွှတ်တော်ကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်လည်း မရှိဘူးလို့ ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။





သတင်းရင်းမြစ် ...VOA

The Voice 16-19

The Voice 16-19

VOICE OF BURMA စာစောင်..753

VOB753KK

14 March 2010

နအဖ တမျိုးသားလုံး အကျင့်စာရိတ္တ မြင့်မားရေး.ဆိုတာ ဒါပါလား...

Sons of TayZa

ပျက်စီးရမ်းကား သောင်းကျန်းနေတာ နအဖနဲ့  နအဖအသိုင်းအသိုင်းက ဖော်လံဖားသူတွေ သူတို့ ရဲ့  သားသမီးတွေပါဘဲ။




နအဖဟာ သူတို့ အတွက် ထိခိုက်လာနိုင်ပြီဆိုရင် ၀ါဒဖြန့် သတင်းစာတွေထဲမှာ ဖေါ်ပြလို့ ကောင်းအောင် ဟန်ပြအရေးယူဖို့ အတွက်သာ အခြားသော သူများကို အရေးယူပြ ချကျွေးတဲ့လုပ်ရပ် လုပ်လေ့ရှိပါတယ်။ တကယ်တမ်း ထိထိရောက်ရောက် အရေးယူသင့်တဲ့သူတွေကိုတော့ ဘယ်တော့မှ မလုပ်ပါဖူး။ ဘာလို့ လည်းဆိုတော့ သူတို့ ရဲ့  နီးကပ်သော အသိုင်းအ၀န်းကသူတွေ ဖြစ်နေလို့ ပါ။

သန်းရွှေနဲ့  ပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးကို လက်ဝါးအုပ် မောင်ပိုင်စီးနေတဲ့ တေဇရဲ့  သားနှစ်ယောက်ဟာ ပြည်သူပိုင်ပစ္စည်းတွေကို အဖေဖြစ်သူက မတရားရယူထားလို့ ကြီးပွားချမ်းသာနေတဲ့ငွေတွေနဲ့ စီးပွားရေးတွေသောင်းကျန်းပြီး ထင်ရာစိုင်းနေကြပါတယ်။

မကြာသေးခင်ကမှ ထပ်မံရရှိခဲ့တဲ့ ဓါတ်ပုံတွေနဲ့ အချက်အလက်တွေအရ အငယ် ထက်တေဇဟာ မူးယစ်သောက်စားပြီး ထင်ရာစိုင်းနေတာကို ပြောရရင် နအဖအာဏာရူး သန်းရွှေရဲ့  စနက်တွေဘဲ ဖြစ်ပါတယ်။ သန်းရွှေက တေဇကို မြှောက်စား၊ တေဇက ကြီးပွား၊ သားတွေက ထင်ရာစိုင်းခွင့်ရ ဖြစ်နေလို့ ပါဘဲ။ ဒီလိုမျိုး သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်တို့၊ တေဇရဲ့သား ဖြိုးတေဇ ထက်တေဇတို့ရဲ့ လိုင်စင်ရသောင်းကျန်းမှုတွေဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းတဲ့လက္ခဏာတွေဘဲ ဖြစ်ပါတယ်။ လက်ရှိမှာရော မြန်မာပြည်ရဲ့ အနာဂတ်မှာရော ပြည်သူပြည်သားတွေအပေါ် အနိုင်ကျင့် ထင်ရာစိုင်းကြတဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်နေလို့  ဖြစ်ပါတယ်။

တိုင်းပြည်မှာ ပြည်သူပြည်သားတွေ ငတ်မွတ်ခေါင်းပါးပြီး တစ်နေ့တာ ၀မ်းတထွာအတွက် ရုန်းကန်လှုပ်ရှားနေရချိန်မှာတော့ သန်းရွှေတို့  နအဖတွေ၊ တေဇတို့ လို အတ္တသမားစီးပွားရေးသမားကြီးတွေ၊ နေရွှေသွေးအောင်တို့  ဖြိုးတေဇ ထက်တေဇတို့ လို ထင်ရာစိုင်း သောင်းကျန်းနေတဲ့သူတွေဟာ တိုင်းပြည်ကို နအဖတွေသာ မျက်နှာဖုံးနောက်ထပ်တစ်ခုစွပ်ပြီး အုပ်စိုးဦးမယ်ဆိုရင် ပြည်သူပြည်သားတွေ ဒီထက် ပိုဒုက္ခရောက် အနိုင်ကျင့်ခံရဦးမှာ မလွဲပါဖူး။



ပြည်သူပိုင်ဘဏ္ဍာငွေတွေကို သယံဇာတတွေ မြေနေရာအဆောက်အဦးတွေကို မတရား လုယူ ခိုးဖွက်သိမ်းပိုက်ထားကြတဲ့ သန်းရွှေတို့ နအဖဗိုလ်ချူပ်ကြီးတွေ၊ တေဇ ဇော်ဇော် ဦးပိုင် အစရှိတဲ့ အတ္တသမားစီးပွားရေးကြီးတွေ၊ နေရွှေသွေးအောင် ဖြိုးတေဇ ထက်တေဇတို့နဲ့ အနီးကပ်ပေါင်းပြီးနေကြတဲ့ ကိုယ်ကျိုးသမားတွေတွေလည်း ရှိကြပါတယ်။



ဒီအထဲမှာ ကျော်ဟိန်းရဲ့  သားသမီးတွေ၊ ဇော်ဝင်းထွဋ်နဲ့  သူရဲ့  သားသမီးတွေကတော့ ထိပ်ဆုံးက ပါနေပါတယ်။ ဇော်ဝင်းထွဋ်ဆိုရင် သူရဲ့  အနုပညာကို အားပေးကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေ ပြည်သူတွေရဲ့ မျက်နှာကိုမှ မထောက် နအဖသန်းရွှေတို့ကို ဖော်လံဖားပြီး အလိုကျပေါင်းသင်းနေတာ အခြားသူတွေထက် ပိုဆိုးလွန်းပါတယ်။ အခုလည်း ၂၀၁၀ ခုနှစ် နအဖက ၀ါဒဖြန့်လုပ်ပေးမယ့် နေပြည်တော်က သင်္ကြန်ပွဲကို ဖြေဖြော်ဖို့  နအဖကို အပြေးအလွှား သူအရင်ဆုံး သံတော်ဦး တင်တာ၊ ဇော်ဝင်းထွဋ်ပါဘဲ။



(အောက်ဖေါ်ပြပါ ဓါတ်ပုံမှာ ကြည့်ရင် သန်းရွှေရဲ့ လူ တေဇနဲ့ ဖက်လဲတကင်း ပေါင်းဘက်နေသော ဇော်ဝင်းထွဋ်အား တွေ ရတာ ဖြစ်ပါတယ်)။
တိုင်းပြည်မှာ ပြည်သူလူထု ဒုက္ခပေါင်းမြောက်မြားစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ သူတို့ကတော့ ကိုယ်ကျိုးစီးပွားချမ်းသာဖို့အတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ယုတ်မာတဲ့စိတ်ဓါတ်တွေနဲ့  အာဏာရှင်စနစ်ကြီးကို ပူးပေါင်းတည်ထောင်နေကြသူတွေဖြစ်တာကြောင့် တိုင်းပြည်နဲ့လူမျိုးအပေါ် ဖောက်ပြန်သူတွေ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့  လူမျိုးအပေါ် ဂုတ်သွေးစုပ်နေကြသူတွေ ဖြစ်ပါတယ်။

ဒီလိုသာ ၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲမှာ မျက်နှာဖုံးအသစ်လဲတဲ့ အာဏာရူးတွေ ဆက်လက်အုပ်ချူပ်ခွင့်ရနေဦးမယ်ဆိုရင်တော့ သူတို့သားသမီးမြေးမြစ်တွေရဲ့ ပျက်ဆီးရမ်းကားမှုတွေ ထင်ရာစိုင်းသောင်းကျန်းမှုတွေရဲ့  ဒဏ်ကို တိုင်းပြည်ကတော့ ခါးကော့နေအောင် ဆက်ခံရဦးမှာ ဖြစ်ပါတယ်။

ယခုအချိန်အခါမှာ ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  အာဏာရူးတွေရဲ့  မတရားမှုတွေကို ခေါင်းငုံ့  မခံဘဲ ဆန့် ကျင်တိုက်ထုတ်ဖို့  မလုပ်နိုင်ကြဖူးဆိုရင် နအဖ အသိုင်းအ၀ိုင်းရဲ့  သားသမီးမြေးမြစ်တွေရဲ့  လွှမ်းမိုးစော်ကား အုပ်စိုးချယ်လှယ်မှုတွေကို ပြည်သူ့ ရင်သွေးတွေ ခါးသီးဖွယ် တွေ့ ကြုံကြမှာ ဖြစ်ပါတယ်။

ပြန်လည်ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

စစ်တပ်ထဲအသွင်းခံရသည့် ကလေးစစ်သားအတွက် မိဘများ ငွေကုန်လူပမ်း ဖြစ်ရ..

ပဲခူးတိုင်း သနပ္ပင်မြို့က ကလေးတဦး စစ်သားအဖြစ် စုဆောင်း ခံခဲ့ရပါတယ်။ အခု အဲဒီကလေး အိမ်ပြန်ရောက်လာပြီ ဖြစ်ပေမယ့် သူအိမ်ရောက်ဖို့ အတွက် စရိတ်အမျိုးမျိုး ကုန်ကျခံပြီး စစ်တပ်ထဲအထိ လိုက်လံရှာဖွေခဲ့ရတဲ့ မိဘတွေမှာ စရိတ်ထောင်း၊ လူပမ်းသွား ရပါတယ်။


သနပ္ပင်မြို့က အသက် ၁၆ နှစ်အရွယ် မောင်ကျော်မင်းဦးဟာ ၂ဝဝ၉ သြဂုတ်လမှာ ဖခင် ဦးစိုးလွင်နဲ့အတူ ခရီးသွားရင်း မန္တလေးဘူတာမှာ ပျောက်သွားခဲ့ပါတယ်။ ပျောက် သွားပြီး သုံးလအကြာမှာ မိဘတွေဆီ စာရေးအကြောင်းကြားတော့မှပဲ ပင်လောင်း စစ် အခြေခံ လေ့ကျင့်ရေးတပ်ကို ရောက်နေမှန်း သိရတာလို့ ဦးစိုးလွင်က ပြောပါတယ်။ သားကိုတွေ့ရဖို့ ရှမ်းပြည်နယ် ပင်လောင်းအထိ အကြိမ်ကြိမ် သွားရောက် မေး မြန်းခဲ့ပေမယ့် သားနဲ့တွေ့ခွင့်မရခဲ့လို့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်နဲ့ ဆက်သွယ်ပြီး ရန်ကုန်အိုင်အယ်အိုရုံးကို တိုင် ကြားခဲ့သလို ပြည်ပမီဒီယာတွေကိုလည်း အသိပေးခဲ့ပါတယ်။


အဲဒီနောက် အခုနှစ် ဇန်နဝါရီမှာ မောင်ကျော်မင်းဦးကို ပင်လောင်း လေ့ကျင့်ရေး တပ်မှာ လာခေါ်ဖို့ တပ်က စာရေးအကြောင်းကြားတဲ့အတွက် အဲဒီစာရွက်နဲ့အတူ သွား ခေါ်ခဲ့ရပါတယ်။ ဒါပေမယ့် မောင်ကျော်မင်းဦးကို မိုင်းပွန်အခြေစိုက် ခမရ-၅၁၇ ကို ပို့လိုက် ပြီလို့ ဆိုပြန်တာကြောင့် အဲဒီကို ထပ်လိုက်ပြီး ခေါ်ယူခဲ့ရတာလို့ ဦးစိုးလွင်က ပြောပြပါ တယ်။ “ပင်လောင်း သင်တန်းတက်တဲ့နေရာကို သွားခေါ်တော့ ပင်လောင်းမှာ မရှိတော့ ဘူး၊ မိုင်းပွန် ခမရ-၅၁၇ မှာသွားခေါ်ရတယ်။ ၁၂ လပိုင်း ၂၄ ရက်နေ့က သင်တန်းဆင်းတဲ့ နေ့ကပဲ ပို့လိုက်တာ၊ ကျနော်လည်း ဒုက္ခတွေရောက်၊ ဒီကလေး သွားပြန်ခေါ်တဲ့အခါမှာ လည်း စရိတ်တွေ အများကြီးကုန်တာပေါ့၊ ပါသွားတဲ့ပိုက်ဆံတွေ ကုန်ပြီးတော့ အစား သောက် ပျက်တယ်၊ အိပ်ရေးပျက်တာပေါ့လေ၊ ပြန်လာပြီးတော့ ကျနော်ပါ တုပ်ကွေးဖျား ဖျားပြီးတော့ အခု ချောင်းဆိုး ရင်ကျပ်ဖြစ်နေတယ်။”


မောင်ကျော်မင်းဦးဟာ အိမ်ကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်ရောက်လာပြီဖြစ်ပေမယ့် သူ့ကို ပြန်ခေါ်ရေးအတွက် မိသားစုမှာတော့ စရိတ်ထောင်းလို့ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ မောင်ကျော်မင်းဦးရဲ့ဖခင် ဦးစိုးလွင်ဟာ မိုးတွင်းမှာ ထီးပြင်၊ နွေမှာ ပွဲဈေးခင်းမှာ ဈေးရောင်း စတဲ့ ကြုံရာ ကျဘမ်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်ပါတယ်။ သားကို ပြန်ရဖို့ ပဲခူးတိုင်း သနပ္ပင်ကနေ ရှမ်းပြည်နယ်အထိ အခေါက်ခေါက်အခါခါ သွားရ တဲ့အတွက် ငွေကုန်ကြေးကျ များခဲ့ရပါတယ်။ ဒါ့အပြင် သားပျောက်တဲ့စိတ်ကြောင့် မိခင်ဖြစ်သူလည်း နာမကျန်းဖြစ်နေပြီး ရန်ကုန်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ခုလိုပြောပါတယ်။ “ဒီကလေးအတွက်နဲ့ သူ့အမေလည်း ရောဂါအခြေအနေဆိုးပြီးတော့ ဒီ ကလေး ခေါ်လာပြီး သိပ်မကြာဘူး အခု ရန်ကုန်ဆေးရုံးကြီးကို တင်ရတယ်၊ ကျနော်တို့မှာ ရှိတာ တွေ ကုန်ပြီးတော့ အကျွေးတွေပါ တင်တာပေါ့၊ တော်တော်လေး အခက်အခဲနဲ့ ကြုံတွေ့နေ ရတယ်။”


မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ဒီလို ကလေးစစ်သားဖြစ်ရပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုပါပဲလို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က ပြောပါတယ်။ “ဒီ ကလေးမျိုးတွေမှာ မိဘက ဆင်းဆင်းရဲရဲနဲ့ ဒုက္ခရောက်တဲ့ကြားက ပြန်လိုက်ရ တယ်၊ ငွေကြေးကုန်ကျတာက တမျိုး။ အခု ပဲခူးတိုင်း သနပ္ပင်မြို့ကနေ ပင်လောင်းမြို့ကို အကြိမ်ကြိမ်အခါခါ သွားရတဲ့ ခရီးစရိတ်၊ စားဝတ်နေရေးမပြေလည်တဲ့အတွက် မရှိ ရှိတာ ပေါင်နှံ ရောင်းချရတာတွေလည်း ကြုံတွေ့ရတယ်။ “အခု စားဝတ်နေရေး မပြေလည်တဲ့အပြင် ငတ်ပြတ်နေတဲ့ အခြေအနေမျိုးတောင် ရောက်ရှိသွားတယ်၊ ကိုယ်ခေါ်သွားတဲ့ကလေးကို နအဖ က မိဘ နေရပ်ထံ ပြန်ပို့ဖို့ လိုအပ် တာကို မပို့တဲ့အတွက် ဒါတော့ စိတ်မကောင်းဖြစ်တယ်၊ ဒီအချက်တွေကို အိုင်အယ်အိုကို တင်ပြဖို့အတွက် အစီစဉ်ပို့ထားပါတယ်။

သတင်းရင်းမြစ်..DVB

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသောဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊လူ့ အခွင့်အရေးနဲ့ ရွေးကောက်ပွဲ


မေးလ် ထဲမှ တဆင့် ပြန်လည် မျှဝေပါသည်.။

ငွေတုလက်ဝယ်ထားရှိမှုဖြင့် မြန်မာရှေ့နေတဦးအား ဖမ်းဆီး

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် လိုင်စင်ရရှေ့နေတဦးအား ငွေကျပ်တစ်ထောင်တန်အတုကို လက်ဝယ်ထားရှိမှု ပုဒ်မ ၄၈၉-က ဖြင့် ယမန်နေ့က ဖမ်းဆီးချုပ်နှောင်လိုက်သည်ဟု ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများမှ သိရှိရသည်။



“အဲဒီရှေ့နေက သူ အမှုလိုက်လို့ရတဲ့ အကျိုးဆောင်ခကို မိသားစုတွေဆီ ဘဏ်မှာသွားလွဲပို့ရင်း ငွေတုမှန်းပေါ်သွားပြီး ဖမ်းမိ သွားတာ။ သူ့ကို ပုဒ်မ ၄၈၉-က နဲ့ တရားစွဲထားတယ်”ဟု နီးစပ်သူတဦးက ပြောပြသည်။



အသက် ၆၀ကျော်အရွယ်ရှိ ရှေ့နေဦးဘမန်သည် မတ်လ (၁၂)ရက်နေ့ မနက် ၁၀နာရီဝန်းကျင်တွင် မြ၀တီမြို့၊ ဘုရင့်နောင် လမ်းမရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်တွင် ကျပ်တစ်ထောင်တန် ငွေအတု ငါးသောင်းကို ငွေလွဲလာရောက်ပို့ဆောင်ရာမှ စစ်ဆေးသိမ်းဆည်းမိခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်းတဦးက ပြောသည်။



“ငွေလာလွဲတဲ့သူက တစ်ထောင်တန်အတုတွေချည်းပါတဲ့ ငွေကျပ် ငါးသောင်းကို လာလွဲတယ်။ ဘဏ်က စစ်ဆေးကြည့်တော့ အတုတွေ ဖြစ်နေတယ်။ ဒါနဲ့ ဘဏ်က ရဲစခန်းကို လှမ်းအကြောင်းကြားလိုက်တာ”ဟု ၎င်းဘဏ်ဝန်ထမ်းက ဆိုသည်။



ရှေ့နေအား အကျိုးဆောင်ခ ပေးသူမှာ မြ၀တီမြို့၊ အမှတ် ၄ရပ်ကွက်ရှိ “သန့်ဇင်”စားသောက်ဆိုင်ပိုင်ရှင် ဒေါ်အေးသန့်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါရှေ့နေကို မြ၀တီအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ ငွေလွဲခိုင်းသူကိုမူ လိုက်လံရှာဖွေလျှက် ရှိကြောင်း သိရသည်။



ငွေတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသူ ရှေ့နေဦးဘမန်သည် လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ကေအဲန်ယူ-ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ စောသီဟမျိုးနှင့် နန်းသန်းမြင့်တို့၏ ကျပ်ငွေနှင့် ဘတ်ငွေအတု ဖမ်းဆီးရမှုကို အကျိုး ဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ဖူးကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။



မြ၀တီမြို့တွင် ယခင်က အလားတူ ငွေအတုပြဿနာများ ရှိခဲ့ဖူးသော်လည်း ငွေစက္ကူတထပ်တွင် ငွေတု တရွက်၊ နှစ်ရွက်စမျှ သာ သိမ်းဆည်းမိခဲ့ဖူးသည်။



ရင်းမြစ်...ကရင်သတင်းစဉ်