25 June 2012

ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှုကြောင့် လူ ၂၂ဦးအား မသင်္ကာမှုဖြင့် ဖမ်းဆီးထားကြောင်း သိရ


ဇွန်လ ၁၉ ရက်နေ့၌ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသား ၁၀ ဦး အကြမ်းဖက် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာများမှ တရားခံများဟု မသင်္ကာမှုဖြင့် ၂၂ဦးတို့အား ဖမ်းဆီးထားကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သည့် ဒေသခံလူကြီးတစ် ဦး၏ ပြောပြချက်အရ သိရှိရသည်။
"အခုလောလောဆယ်တော့ ၂၂ယောက်ကို မသင်္ကာမှုနဲ့ ဖမ်းထားတယ်။ ပြီးတော့ နောက်ထပ် လူ ၃၀ ကိုလည်း စစ်ဆေးနေတယ်လို့ သိရ တယ်။ အသတ်ခံရလို့ သေသွားကြတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို မြေမြှပ်ထားတယ်။ ပထမ ဖြစ်ဖြစ်ပြီးချက်ချင်း အသတ်ခံရသူတွေရဲ့ ရုပ်အလောင်း ကိုသွားတောင်တာ ၁၀ လောင်းမှာ တစ်လောင်းပဲ ပြန် ရတယ်။ အခုတော့ အားလုံးနီးပါး ပြန်ရပါပြီ။ တစ်ချို့အလောင်းတွေဆို မီးပါရှို့ခံထားရတယ်"ဟု ၎င်းက ဆိုသည်။
အဆိုပါ လူ ၁၀ ဦးအကြမ်းဖက်အသတ်ခံရခြင်းသည် ရသေ့တောင်မြို့နယ်ရှိ အောက်ငယ်ကျေးရွာအား ဘင်္ဂါလီများမှ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် လူနေအိမ်များအား မီးရှို့မှုများ ပြုလုပ်ကြသောကြောင့် ရခိုင်တိုင်းရင်းသားများက မကျေနပ်၍ ပြန်လည်တိုက်ခိုက်ကြရာမှ စတင်ဖြစ်ပွား ခဲ့ပြီး ယင်းသို့ဖြစ်ပွားရာ၌ ဘင်္ဂါလီများ၏ လူဦးရေသည် ၄၀၀ နီးပါးခန့်ရှိကြောင်း သိရပြီး သေဆုံးခဲ့ကြသည့် ရုပ်အလောင်းများအား ဆရာဝန်များမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ဆက်လက်ပြောပြချက်အရ သိရှိရသည်။
ထို့ပြင် ဇွန်လတွင်း ပြီးခဲ့သည့်အပတ်ထဲ၌ မြန်မာပြည်တောင်ပိုင်းရှိ ရေးမြို့နယ် သဲခုံရွာသို့ ဆိုက်ကယ်ဝင်ရောက်လာသည့် ဘင်္ဂါလားဒေ့ရှ်လူမျိုး ၈၄ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ်ရှိ တရားရုံးတွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

သတင်း...  yangonchronicle