06 February 2012

၈၈ မျိုးဆက်များအတွက် ပြည်သူ့ခေတ်ရဲ့ ဂုဏ်ပြုညစာစားပွဲ (မောင်ဝံသ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာအဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ညနေမှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ Oriental House စားသောက်ဆိုငိမှာ ဂုဏ်ပြုညစာစားပွဲ တည်ခင်း ဧည့်ခံပါတယ်။

မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ဌေးကြွယ်၊ ဂျင်မီ၊ နီလာသိန်း၊ သူတို့ရဲ့ သမီးလေး၊ ပြုံးချို၊ မာကီးခေါ် ကျော်ကျော်ထွေး၊ အံဘွယ်ကျော်၊ ဇော်သက်ထွေး၊ သူ့ရဲ့ဇနီး မေဇော်၊ အောင်သူ၊ ကိုသက်ဇော်၊ ပဏ္ဍိတ်ထွန်း၊ စိုးထွန်း၊ ထွန်းမြင့်အောင် (ကျန်သွားသူရှိရင်လည်း ခွင့်လွှတ်ပါ) တို့ စုံစုံညီညီတက်ရောက်ကြပါတယ်။ မင်းဇေယျနဲ့ လှမျိုးနောင် လာမယ်ဆိုပြီး ခရီးလွန်နေလို့ မရောက်လာပါ။

ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေသူ မောင်ဝံသ၊ အယ်ဒီတာချုပ် ဖေမြင့်၊ ဒုအယ်ဒီတာချုပ် မော်လင်း၊ အမှုဆောင်အယ်ဒီတာ ကိုမျိုးညွန့်၊ ကိုရဲမြင့်၊ ဆရာ အာသာ၊ ကိုဝင်းချိုနဲ့ အယ်ဒီတာအဖွဲ့ဝင် သတင်းထောက်များ တက်ရောက်ကြပါတယ်။ ပျော်ပျော်ပါးပါး စားသောက် စကားစမြည် ပြောကြပြီး ည ၉နာရီခန့်မှာ ပျော်ရွှင်စွာ ပွဲသိမ်းကြပါတယ်။ ၈၈မျိုးဆက်တွေ တစ်ယောက်နည်းနည်းစီ စကားပြောကြတယ်။ အားလုံးက ပြည်သူ့ခေတ်ဂျာနယ်ကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ကြတဲ့ အကြောင်း ပြောကြလို့ အားတက်ရပါတယ်။

ကျွန်တော်က ပြည်သူ့ခေတ်ဂျာနယ်မှာ ယခုအပတ် ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးအကြောင်း ပြန်ပြောပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးသမားများအဖြစ်ကူးပြောင်းဆောင်ရွက်ကြဖို့ ကျွန်တော့်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ရော သတင်းစာဆရာတစ်ယောက်အနေနဲ့ပါ တိုက်တွန်းပါတယ်လို့ ပြောလိုက်တော့ ကိုကိုကြီးက ချက်ချင်းတုံ့ပြန်တယ်။ ``ဆရာက နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မခံယူတော့ဘူးလား´´လို့ မေးလိုက်တာပါ။ ကျွန်တော်က ခဏတော့ ငိုင်သွားပြီးမှ ``အန်ကယ်က အခုတော့ သတင်းစာဆရာအနေအထားနဲ့ပဲ ပြောနေတာပါ´´လို့ ပြန်ဖြေလိုက်ရပါတယ်။

မင်းကိုနိုင်က သူသွေးတိုးပြီး ဆေးသောက်နေရတဲ့အကြောငိး ပြောပါတယ်။ သူ့ကြည့်ရတာ မရွှင်လန်းပါဘူး။ မလာတော့ဘူးလို့ နေရာက အားနာလွန်းလို့ လာရတာပါလို့ ပြောပါတယ်။

ကျွန်တော့်အစ်ကိုကြီး တစ်မျိုးထင်မှာ စိုးလို့ လာဖြစ်အောင် လာခဲ့တာ၊ ခနနေပြီးရင် ဆေးခန်းသွားပြဖို့ ပြန်ရမယ် ပြောပါတယ်။

ဘယ်အစ်ကိုကြီးလဲဆိုတော့ ကျွန်တော့်ကို ဟာသလုပ်တာပါ။ ထောင်ထဲမှာတုန်းက ကျွန်တော်က သူ့ထက် ၁၇နှစ် ကြီးလို့ အန်ကယ် ခေါ်တယ်၊ ဆရာခေါ်တယ်၊ အဲဒါကို ကျွန်တော်က အစ်ကိုကြီးလို့ပဲ ခေါ်ကွာလို့ သူ့ကို ချော့ ခေါ်ခိုင်းတဲ့အကြောင်း၊ သူ့ကိုလဲ ညီလေးလို့ ခေါ်ကြောင်း ပြောပြတော့ အားလုံး ရယ်ကြရတာပေါ့။

ကျွန်တော် သူ့ကို နားလည်ပါတယ်။ ခွင့်လွှတ်ပါတယ်။ ကျွန်တော်နဲ့ ကိုမော်လင်းက ကိုပေါ်တော့ ခမဲလိုနေပြီထင်တယ်၊ ပြုစုမယ့်လူတော့ လိုနေပြီ ပြောတော့ ``ဆရာတို့က စကားချည်းပြောနေကြတာကိုး၊ လက်တွေ့ဘာမှ မပါဘဲ ပြောနေတော့ အလကားပဲပေါ့´´လို့ ဟာသပြန်လုပ်ပါတယ်။

ကျွန်တော်က ``ကိုပေါ်ရေ၊ တစ်ခါက ကိုပေါ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်မှာ အန်ကယ် ရေးတုန်းက မိတ်ဆွေတစ်ယောက်က ကွန်မင့် ၀င်ရေးတယ်၊ ကိုပေါ့်ကို စိတ်ဝင်စားတဲ့ ပန်းချီဆရာမတစ်ယောက်ရှိခဲ့ဖူးတယ်ဆို၊ အဲဒီဇာတ်လမ်းက ပြီးသွားပြီလား မေးတော့ ``ဆရာရယ်၊ အဲဒါက ကိတ်မုန့်ကြီးပါ၊ ကျွန်တော်က ကိတိမုန့်နဲ့ မတန်ပါဘူး၊ ထမင်းကြော်လောက်နဲ့ တန်တာပါ´´လို့ အရွှန်းဖောက်ပါတယ်။ ကျွန်တော်က ``ဟုတ်တယ်၊ အဲဒီကွန်မင့် ရေးသူက ကိုပေါ်က ကိတ်မုန့်နဲ့ သူမတန်ပါဘူးဆိုပြီး တစ်ခန်းရပ်လိုက်တဲ့အကြောင်း ရေးသေးတယ်၊ ကိုယ်မှတ်မိပြီ´`လို့ ပြောလိုက်ပါတယ်။

ကိုပေါ် ကျန်းမာရေး နည်းနည်း ဂရုစိုက်ဖို့လိုနေတာတော့ သေချာတယ်။ ဇန်န၀ါရီ ၃၁ ရက်ညကလဲ အင်းယားစောင်း စိမ်းလန်းစိုပြည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မိတ်ဆုံပွဲအပြီး ကိုပေါ်နဲ့ ကျွန်တော် အဲဒီနားက ဆိုင်တစ်ဆိုင်မှာ ရခိုင်မုန့်တီ သွားစားကြသေးတယ်။ အရုဏ်သစ်စာပေက ကိုဝင်းမောင်နဲ့ မသီတာတို့လဲ ပါတယ်။ မသီတာက မုဒုံသူ၊ ကိုပေါ်ရဲ့ ငယ်သူငယ်ချင်း ညီမလေးလို နေခဲ့သူပါ။ အဲဒီတုန်းကလဲ ကိုပေါ် နေသိပ်မကောင်းဘူး ပြောတယ်။ အရမ်းပင်ပန်းနေတယ်တဲ့။ သို့ပေမယ့် ကျွန်တော်နဲ့ အဖော်ပါလာတဲ့ ဒိန်းမတ်သူ Susanne နဲ့ ကိုပေါ်စကားပြောနေတာ ဖြောင့်လို့။ အင်္ဂလိပ်လို ကိုပေါ် ကောင်းကောင်း ပြောနိုင်တာ တွေ့ရတယ်။

ရခိုင်မုန့်တီဆိုင်မှာ ကျွန်တော်က ကိုပေါ်ကို ``အရင်တုန်းက ၂၀၀၄ မှာ ကိုယ်ပြောဖူးတာ မှတ်မိလား၊ သခင်ကိုယ်တော်မှိုင်း နေရာမျိုးမှာနေပါလို့ ပြောခဲ့တာ မှတ်မိလား´´ မေးပါတယ်။ သူက သိပ်မှတ်မိတာပေါ့၊ အဲဒီတုန်းက ကျွန်တော်က ဘယ်လို role မှာ နေချင်တယ်ဆိုတာ ပြန်ပြောခဲ့တာကိုရော ဆရာ မှတ်မိလားလို့ မေးပါတယ်။ ကျွန်တော်က မမှတ်မိတော့ဘူးကွာလို့ပြောတော့ သူက ကျွန်တော် ရာဘိန္ဒရာနတ် တဂိုးလို နေချင်တယ်လို့ ပြောခဲ့တာလေ ဆိုတော့မှ အေး ဟုတ်သားပဲ၊ မှတ်မိပြီလို့ ပြောလိုက်ရပါတယ်။

ကိုပေါ် ပထမအကြိမ် ထောင်က ပြန်လွတ်ပြီးတော့ ကျွန်တော်နဲ့ တွေ့တဲ့အခါ သူဘယ်လို အနေအထားနဲ့ နေရင်ကောင်းမလဲ မေးတယ်။ ကျွန်တော်က သခင်ကိုယ်တော်မှိုင်းလို နေပေါ့ကွာလို့ ပြောတော့ ဟာ ကြံကြီးစည်ရာ လို့ ပြောပါတယ်။ ကျွန်တော်က ၈၈ မျိုးဆက်ဟာ တိုင်းပြည်မှာ ဒီမိုကရေစီတည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့ကြတာ၊ သူတို့တာဝန်မပြီးဆုံးသေးဘူး၊ ၈၈ မျိုးဆက်ဟာ အာဏာနိုင်ငံရေးလုပ်မယ့်လူတွေမဟုတ်ဘူး။ သည်တော့ သခင်ကိုယ်တော်မှိုင်း လုပ်ခဲ့သလို အစိုးရနဲ့ အတိုက်အခံတွေကြား ပြန်လည် သင့်မြတ်ရေးရအောင် ကြားဝင်စေ့စပ်ဖျန်ဖြေပေး သူနေရာမျိုးက နေသင့်တယ်လို့ ကျွန်တော်က ပြောခဲ့တာပါ။

အဲဒီတုန်းက ကိုပေါ်က တဂိုးလိုပဲ နေချင်တယ် ပြောတာ သူ့ရဲ့ ပင်ကို စိတ်ရင်းကို ပြသခဲ့ပဲ ဖြစ်ပါတယ်။ သူဟာ တကယ်ပဲ အနုပညာသမား၊ တဂိုးလို လွတ်လပ်အတွေးနဲ့ နေချင်သူဖြစ်တယ်။ သို့ပေမယ့် လူဆိုတာ ကိုယ်နေချင်သလို နေလို့မရဘူးလေ။ ကိုယရှင်သန်နေထိုင်နေတဲ့ ခေတ်ကတောင်းဆိုသလို၊ ကိုယ်ပါဝင်တဲ့ လူ့အဖွဲ့အစည်းက တောင်းဆိုသလို ဘ၀ဇာတ်ဆရာအလိုကျ ကပြရမှာပဲ မဟုတ်လား။

ဒီနေ့ည ပြည်သူ့ခေတ်က ပေးတဲ့ ဒင်နာမှာတော့ ကိုပေါ့်ကို ကျန်းမာရေး အထူးဂရုစိုက်ဖို့ ကျွန်တော် အလေးအနက် မှာလိုက်ပါတယ်။ သူ့ကို အနီးကပ် စောင့်ရှောက်နေတဲ့ ပဏ္ဍိတ်ထွန်းကိုလဲ သေချာ မှာလိုက်တယ်။ ကိုပေါ်ဟာ သာမန်လူတစ်ယောက် မဟုတ်တော့ဘူး၊ တိုင်းပြည်အတွက်ပါ အရေးကြီးသူ ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။ ကိုပေါ်ကတော့ အဲသလို ဖြစ်နေတာကြီးကို ကျွန်တော်စိတ်ညစ်နေတာ ဆရာရေလို့ ငြီးတွားရင်း နှုတ်ဆက် ထွက်သွားပါတယ်။ ကိုကိုကြီးလဲ ကိုပေါ်နဲ့ မရှေးမနှောင်း ထွက်သွားပါတယ်။ သူတို့ တစ်ခြား အချိန်းအချက်တွေဆီသွားကြရဦးမယ်။ အလုပ်တွေ လုပ်နေကြတာပါ။ သူတို့ဟာ အနှေးနဲ့ အမြန် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်ခုံပေါ်ရောက်လာကြဦးမယ်လို့ ကျွန်တော် မျှော်လင့်နေပါကြောင်း။

မောင်ဝံသ