Showing posts with label နာရေးကူညီမှုအသင်း. Show all posts
Showing posts with label နာရေးကူညီမှုအသင်း. Show all posts

01 September 2012

၃၁ နှစ်တဲ့ဗျာ
(၃၁) နှစ်တဲ့ဗျာ …
အရေးအကြောင်းတွေက စလာခဲ့ပြီပေါ့ … ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေက ထက်မြက်နေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ခြေလှမ်းတွေက နှေးကွေးလာစမြဲ … ကျွန်တော်တို့ရဲ့ လှမ်းချက်တွေက တက်ကြွနေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
အရွယ်နှောင်းလို့ ဖေးမကူတွဲ … ကျွန်တော်တို့ရဲ့ ဖေးမမှုက လူသားမျိုးစုံဘဲ။
(၃၁) နှစ်တဲ့ဗျာ …
ဖြတ်သန်းမှုတွေက ဘဝမျိုးစုံဘဲ … ကျွန်တော်တို့ရဲ့ ဘဝတွေကတော့ သီလလုံဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ဇရာဖက်ကို ခြေလှမ်းလာပြီဘဲ … ကျွန်တော်တို့က လောကကြီးတစ်ခုလုံးကို နုပျိုနေအောင်ဖေးမနေဆဲ။
(၃၁) နှစ်တဲ့ဗျာ့ …
ကျွန်တော်နဲ့ သူမတို့က မယိမ်းမယိုင်ရှိနေဆဲ … ကျွန်တော်တို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ
ငြိမ်းချမ်းနေမည့် အရပ်ဒေသတစ်ခုဘဲ။
(ကျော်သူ)
(သြဂုတ်လ (၃၁) ရက်နေ့တွင် ကြရောက်သော ကျွန်တော် ကျော်သူနှင့် ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ရွှေဇီးကွက်တို့၏ မင်္ဂလာနှစ် (၃၁) နှစ်မြောက် နေ့ရက်အတွက် ပြည်ပမှ ရေးဖွဲ့လိုက်တဲ့ နှလုံးသားထက်မှ စာသားစု)
(မျက်လုံးချင်း ဘယ်လောက်ဝေးဝေး နှလုံးသားချင်း နီးနီးလေးရှိနေဖို့ပါဘဲ)
တိုင်းပြည်အကျိုး၊ အများအကျိုး မနားမနေ ထမ်းရွက် သယ်ပိုးဆောင်ရွက်နေတဲ့ လက်တွဲညီလှတဲ့  အကိုကြီး ကိုကျော်သူနှင့် အမမရွှေဇီးကွက်တို့ရဲ့ ၃၁နှစ်မြောက် မင်္ဂလာနေ့ရက်မှသည်.. နောင်နှစ်(၁၀၀)တိုင်ပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ အများအကျိုးကို ဆက်လက် သယ်ပိုး ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။
မြတ်လေးငုံ

07 December 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးလွင် အသက် (၈၈)နှစ်







အဘဦးလွင် - ၈၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈)နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမေ`္ဘာဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။ ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ငါဟုသမုတ်၊ နာမ်ရုပ်နှစ်ထွေ၊ အိုနာသေဘေး၊ ရောထွေးကာနေ၊ အနိစ္စဘဲ၊ မမြဲပုံသေ၊ တစ်နေ့ကျ၊ မရဏသေမင်းပြည်၊ မှန်မလွဲ သေမြဲဧကန်ပေ။


သတင်း၊ဓာတ်ပုံ ပေးပို့ ပေးသော နာရေးကူညီမှုအသင်းအားကျေးဇူးတင်ရှိပါသည်။

26 June 2011

အဘမင်းသိင်္ခ (၇၃) အမှတ်တရ...

အဘမင်းသိင်္ခ (၇၃) အမှတ်တရ
၂၅.၆.၂၀၁၁ (စနေနေ့)၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ (၇၃) နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အဘ မင်းသိင်္ခ၏ တပည့်ရင်းမှ ၀ိဇ္ဇာအပေါင်းတို့အား ပင့်ဖိတ် ၍ အဘမင်းသိင်္ခအား သတိရအောက်မေ့ခြင်းအဖြစ် (၂) မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီးနောက် အဘ ဆရာကြီး မင်းသိင်္ခ၏ ကျေးဇူးတရားများအား ရည်စူးကန်တော့ခဲ့ကြသည်။ ထို့နောက် ရာမ ဦးအုန်းမောင် မှ ကန်တော့ရခြင်း၏ ရည်ရွယ်ချက်နှင့် ခင်ပွန်းကြီးဆယ်ပါး၏ ဂုဏ်ကျေးဇူးများကို မမေ့မလျော့ခြင်းသည် အကျိုးထူး အကျိုးမြတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဘဆရာကြီးမင်းသိင်္ခနှင့် ပတ်သက်၍ အမှတ်တရ စကားပြောကြားခြင်းနှင့် အဘ ဆရာကြီးမင်းသိင်္ခသည် ရုပ်ခန္ဓာ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ အနီးအနားတွင် အစဉ်ထာဝရ ရှိနေသကဲ့သို့ ခံစားမိကြောင်း ပြောကြားခဲ့သည်။ အဘ ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာ/မများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁) သိန်းကျပ်၊ ဆရာမ ချစ်စုသွယ်မှ (၅) သောင်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅၀၀၀၀/- (တစ်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူ သာဓုခေါ်ဆိုခဲ့ပါသည်။

အမှန်တရားရဲ့ အခြားတဖက်ဟာ အမှားမဟုတ်ဘူးနော် … အခြားသော အမှန်တရားတစ်ခုသာ ဖြစ်တယ်။ (မင်းသိင်္ခ)

16 June 2011

ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)

ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

15 June 2011

ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)

ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

04 June 2011

နှလုံးသားတွင် ဘုရားတည်...

နှလုံးသားတွင် ဘုရားတည်

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော် မဖူးမြှော်ရသည်မှာ လေးနှစ်တာ ကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။

ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ အချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက် ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသော စိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက် ဖူးမြှော်ခဲ့ဘူးပါသည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာတည်း ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက် ဖူးမြှော်ရာတွင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့တော့သည်။

02 June 2011

John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)



John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ 

ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

ဓာတ်ပုံများ အောက်တွင် ဆက်ကြည့်နိုင်ပါသည်...။

16 May 2011

နာရေး ဆင်ဆာ....

နာရေး ဆင်ဆာ
မြန်မာ့ရုပ်ရှင်ဆင်ဆာ (သို့မဟုတ်) (ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်၊ ပန်းချီ၊ ပန်းပု) စီစစ်ရေး အဖွဲ့ဟု ဆိုရာ၌ မြန်မာပြည်သူလူထုအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော လျှပ်ပေါ် လော်လီဝတ်စားဆင်ယင်မှု၊ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမည့်ဝတ်ဆင်မှု၊ ယုတ်ရင်း ကြမ်းတမ်းသောပြောဆိုမှု၊ အမိအဖ/သားသမီး မိသားစုများကြည့်ရှုရန် မသင့်လျော်သော ပြကွက်များ၊ အမှုအရာများ၊ ကြောက်မက်ဖွယ်ရာ ရက်စက်မှုပြကွက်များ၊ ဘာသာသာသနာကို ထိခိုက်စော်ကားမှု ဖြစ်ပေါ်သော အပြုအမူ၊ အသုံးအနှုန်း၊ အပြောအဆိုများ၊ အမျိုးသားရေးကို ထိခိုက်စေမည့်ပြကွက်၊ ပြောဆိုအမူအရာများ၊ အမျိုးသားရေးကို လှုံ့ဆော်/ပုန်ကန်မှုကို ဖြစ်စေ သောပြကွက်များ . . . စသည်စသည်တို့ကို အများပြည်သူတို့အား မပြသသင့်၍ ပိတ်ပင်တားဆီး ကန့်သတ်သတိပေးရသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းဟု ကျွန်တော် နားလည်မိပါသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)
ဘဘ ဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)
အများပြည်သူတို့ကို (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)
လူသားချင်းစာနာစိတ်ထား၍ ကူညီပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏

လှုပ်ရှားပေးဆပ်မှုများ၊ ကူညီဆောင်ရွက်ပေးမှုများပါရှိသော ဗီဒီယို (DVD) အချပ်များကို (ကန့်သတ်) ဟု ရေးသားရိုက်နှိပ်ကာ အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးတင်သည့် အနေဖြင့်၎င်း၊ မုဒိတာပွားများနိုင်ရန်၎င်း၊ မြန်မာ့ယဉ်ကျေးမှု ဘာသာသာသနာကို ဦးထိပ်ထား၍ ၄င်း၊ လူငယ်များ လူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာစိတ်များ မွေးဖွားပေါ်ပေါက်လာစေရန်၎င်း ရည်ရွယ်ကာ အလှူရှင်များအတွက် (အခမဲ့) လှူဒါန်းမှုကို လုပ်ဆောင်ခဲ့ပါသည်။ ဗီဒီယိုဈေးကွက် အတွင်းသို့၎င်း၊ အများပြည်သူတို့အား၎င်း အခကြေးငွေဖြင့် ရောင်းချခြင်း လုံးဝမပြုခဲ့ချေ။ ဤနည်းဖြင့်လည်း အလှူငွေရှာခဲ့ခြင်းလည်း လုံးဝ (လုံးဝ) မဟုတ်ခဲ့ချေ။ စီးပွားရေးလုပ်ငန်းတစ်ရပ် အနေဖြင့်လည်း ပြုလုပ်ခဲ့ခြင်းမရှိ။ ဂီတပညာရှင်များကလည်း မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူတို့အား ဖေးမကူညီပေးသော ကျွန်တော် တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် သီဆိုတီးခတ် ကုသိုလ်ယူပေးဆပ်ခဲ့ခြင်းဖြစ်သည်။ လူမှုရေးဂီတအဆိုတော်များ၏ သီချင်းသံစဉ်တို့ဖြင့် ကျွန်တော်တို့၏ ပေးဆပ်ခဲ့သော၊ လူသားချင်း စာနာစိတ်မွေးသည့် လေးနက်သောလုပ်ရပ်များ၊ ဗြဟ္မစိုရ်တရား (၄)ပါးကို လက်ကိုင်ပြု၍ ပေးဆပ်မှုမှတ်တမ်းပုံရိပ်များဖြင့် ပုံဖော်ပြသပေးခြင်းသာဖြစ်သည်။ ကျွန်တော်တို့နည်းတူ (ကန့်သတ်)အဖြစ် အများပြည်သူတို့ လက်ဝယ်သို့ ဝေငှဖြန့်ဖြူး ထုတ်ဝေနေသော UN အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းအဖွဲ့များ၊ NGO အဖွဲ့များ၊ ဆရာတော်ကြီးများ၏ (ဓမ္မဒါန) တရားတော်အခွေများလည်း များစွာရှိခဲ့ပါသည်။

ယခုမူ . . . ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှုများ၊ ကူညီ ဆောင်ရွက်ပေးဆပ်မှုများဖြစ်သည့် ဗီဒီယို (DVD) အချပ်၊ MTV အချပ်တို့အား ဆင်ဆာတင်ရမည် တဲ့ဗျာ။
နာရေး (သေခြင်းတရား)များကို မပြသသင့်၍လား။
ဒိဋ္ဌိအယူဝါဒများကို မဖယ်ရှားချင်၍လား။
သံဝေဂများ မရစေချင်၍လား။
လူသားချင်းစာနာစိတ်များ မပေါ်ပေါက်စေချင်၍လား။
လူမှုရေးသမားများ မပေါ်ပေါက်စေချင်၍လား . . . ဟူ၍ တွေးမိတော့သည်။

“မသေရာအမှန် မြတ်နိဗ္ဗာန်”ကို ရောက်နေကြပြီလား ဟူ၍ မေးခွန်းထုတ်လိုက်ချင်ပါရဲ့။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ မြန်မာ့သူရဲကောင်းကြီးများဖြစ်ကြသော အဘမှိုင်း၊ ဆရာစံ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် စသည့် အာဇာနည်ကြီးများ မသေဆုံးကြသေးပါ၊ ရှင်သန်နေဆဲ ဟု အားတက်တရော အတွေးစ၀င်မိတော့သည်။

ကျွန်တော်တို့သည် ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကျေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး နေကြသည့် လူမှုရေးသမား (စစ်စစ်) များသာဖြစ်သည်။

ကျွန်တော်တို့သည် ဆင်းရဲသော မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။
ကျွန်တော်တို့သည် ချမ်းသာသော မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။
ကျွန်တော်တို့သည် နိုင်ငံရေးမိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။
ကျွန်တော်တို့သည် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ၏ နာရေးအတွက်လည်း သင်္ဂြိုလ်ပေးသည်။

ကျွန်တော်တို့သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများကို “သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်” ဟူသော ဆောင်ပုဒ်အတိုင်း လူသားချင်းစာနာစိတ်ကို လူသားပီသစွာ ပေးဆပ်နေသော အမျိုးကောင်းသား/သမီးများဖြစ်သည်။ ကျပ်တည်းမှု၊ မွန်းကျပ်မှုများကို နာကျည်းမှု၊ ကလဲ့စားချေမှုတို့ဖြင့် ဖြေရှင်းပေးသော အဖွဲ့အစည်း မဟုတ်။ အမိနိုင်ငံတော်ကို ပုန်ကန်ကြမည့်သူများ မဟုတ်။ နိုင်ငံတော်အာဏာကို လုယူကြမည့် သူများလည်း မဟုတ်။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော မြတ်ဗုဒ္ဒ၏ ဗြဟ္မစိုရ်တရား (၄) ပါးတို့အား လက်ကိုင်ပြုကာ သံသရာထဲ ကျင်လည်ကြကုန်သော လူသားများအား မိမိတို့ တတ်စွမ်းသရွေ့ နိုင်သလောက် နိုင်ငံတော်အား ပံ့ပိုးဖေးမပေးမှုများကိုသာ လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

ကျွန်တော် စဉ်းစားမိပြန်သည်။
“အော် … ငါ့ဘ၀နှယ် . . . ကမ္ဘာမြေပြင်ကို ရောက်တုန်းရောက်ခိုက်၊ ဘ၀ပေး အခြေအနေ ကြောင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာနယ်ပယ်ထဲကို ရောက်ခဲ့တယ်။ အဲဒီမှာ ဆင်ဆာအဖွဲ့ရဲ့ ဖြတ်တောက်မှု၊ ပိတ်ပင်မှု၊ သတိပေးမှု၊ တားမြစ်မှုတို့ကို ကြုံခဲ့ရတယ်။ ခုလည်း … မြန်မာ့ရုပ်ရှင်လောက ကနေပြီး အပြီးပိုင်ထွက်ခွာပြီး လူသားအကျိုးပြုလုပ်ငန်းကို ပေးဆပ် ပြန်တော့လည်း ဒီဆင်ဆာအဖွဲ့ရဲ့ တားမြစ်မှု၊ ဖြတ်တောက်မှုတို့ကို ကြုံရပြန်ပါကလား” ဟု။

အတ္တနယ်မှာလည်း ဖြတ်၊ ပရနယ်ပယ်မှာလည်း ဖြတ်ခံရတဲ့ငါ . . . . ။
“အေးလေ … အရင့်အရင်ဘ၀တွေတုန်းက ငါကသူတို့ကို ဘာတွေများ သတိပေး၊ တားမြစ်၊ ဖြတ်တောက်၊ ပိတ်ဆို့မှုဆိုတာတွေ လုပ်ခဲ့သလဲ” လို့။
“၀ဋ်ဆိုတာ လည်တတ်တယ်” ဟုသာ အရှုံးပေးရတော့မလို။ သို့သော် “ကိုယ်ပြုသောကံ ပဲ့တင်သံ . . . ကိုယ့်ထံပြန်လည်ဦးမည်” ဖြစ်တော့သည်။

ကျော်သူ

(မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့အစည်းဝေးမှ ပဲ့တင်သံပြန်ကြားမှု၊ ၁၄.၅.၂၀၁၁ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်အရာရှိ၊ ဥပဒေအရာရှိ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ခေါ်ယူသတိပေးမှုတို့ကို ပြန်လည်သုံးသပ်ခြင်းများနှင့်အတူ ညအချိန်တွင် အိပ်မက်တစ်ခု မက်ခြင်းသာဖြစ်တော့သည်။)

15 May 2011

ပြည်သာဖို့အရေး ပြည်သာယာကုသိုလ်ပွဲ....

ပြည်သာဖို့အရေး ပြည်သာယာကုသိုလ်ပွဲ
၁၄.၅.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် အမှတ် - ၁၂/B၊ ပြည်သာယာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်မှ ဦးကျော်ဝင်း + ဒေါ်ညိုညို (မိသားစု)မှ ပြည်သာယာဓမ္မရုံ၌ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံ၊ ဓါတ်လှေကား တပ်ဆင်မှုအတွက် မတည်လှူဒါန်းမှုနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် (Sunny Pick-up) မော်တော်ယာဉ် လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။

ယင်း အလှူဒါန အခမ်းအနားတွင် ရွှေပြည်ဟိန်း ဆရာတော်မှ ရေစက်သွန်းချ၍ လှူဒါန်း ပေးအပ်ခဲ့ရာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဒေါ်မြင့်မြင့်(မြောက်ဒဂုံ)မှ ၅ သိန်းကျပ်၊ ဦးခင်မောင်လှ + ဒေါ်တင်ရီရီ (ပြည်သာယာအိမ်ရာ)မှ ၅ သိန်းကျပ်၊ ဦးခင်မောင်ကြည် + ဒေါ်ခင်ခင်ငြိမ်း (ပြည်သာယာအိမ်ရာ)မှ ၁ သိန်းကျပ်၊ ဦးသက်လွင် + ဒေါ်နွဲ့နွဲ့ရီ သား - မောင်ဇေယျာမိုး (ပြည်သာယာအိမ်ရာ) ၁ သိန်းကျပ်၊ ဦးဇော်ထူးနှင့်ညီမများ (ပြည်သာယာအိမ်ရာ) ၁ သိန်းကျပ်၊ ဒေါ်တင်တင်ဋ္ဌေး (ပြည်သာယာအိမ်ရာ)မှ ၅ သောင်းကျပ်၊ ဦးဇေယျ + ဒေါ်ကြူကြူနိုင် (ရွှေတောင်ကုန်း)မှ ၃ သောင်းကျပ်၊ ဒေါ်သန်းသန်း (လက်ရွေးစင်မိသားစု) ၁ သိန်းကျပ်၊ ဒေါ်ခင်သောင်း (ပြည်သာယာအိမ်ရာ)မှ ၃ သိန်းကျပ် စုစုပေါင်း အလှူငွေကျပ် ၂,၂၈၀,၀၀၀ (နှစ်ဆယ့် နှစ်သိန်းရှစ်သောင်းကျပ်) တိတိအား နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လှူဒါန်းခဲ့ပါသည်။

12 May 2011

အ၀င်နဲ့အထွက်....

အ၀င်နဲ့အထွက်
ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသူများရှိသလို၊ ကမ္ဘာမြေပြင်မှ ပြန်လည် ထွက်ခွာသွားသူများ သည်လည်း ဒုနဲ့ဒေး။ ကမ္ဘာမြေပြင်ပေါ်တွင် ရောက်ရှိပြီး သံသရာတွင် ကျင်လည် ကျက်စားကြရင်း သက်တမ်းမကုန်မီစပ်ကြား ပြန်လည် ထွက်ခွာသွားသူတို့သည်လည်း ဒုနဲ့ဒေး။
၁၁.၅.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ မဟာဆွေလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားသော စာရေးဆရာကြီး နတ်နွယ်(ခ) ဦးလှမြင့် အသက် (၇၈)နှစ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ကျန်ရစ်သော ရုပ်ကလပ် (အလောင်း) အား သယ်ဆောင်ကာ ရေဝေသုဿန်အအေးခန်းသို့ နေ့လည် (၂း၀၀) နာရီတွင် ပို့ဆောင်ပေးခဲ့သည်။
ယင်းနေ့ ၁၁.၅.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင်လည်း ရေဝေးသုဿန်၌ ၁၁.၁.၂၀၁၁ နေ့တွင် ကွယ်လွန်သွားပြီဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ဇနီး ဒေါ်ချိုချိုရီ အသက် (၅၉) နှစ်၏ ဈာပနအခမ်းအနား ကျင်းပချိန်လည်း ဖြစ်သည်။ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များဖြင့် စည်ကားစွာ ဒေါ်ချိုချိုရီ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဆရာ နတ်နွယ်သည် ရေဝေးသုဿန်အအေးခန်းသို့ အ၀င်၊ စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ မဟေသီ ဒေါ်ချိုချိုရီသည် ရေဝေးသုဿန်ခန်းမမှ အထွက်ပင် ဖြစ်တော့သည်။