30 September 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ် ရွေးကောက်ပွဲဝင်၊မ၀င် ပါတီအမှုဆောင်အဖွဲ့နှင့် တိုင်ပင်ရဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား..


တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံနေသည့်ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်


လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ဝင်ရောက်ရန် ပါတီအမှုဆောင်အဖွဲ့နှင့် တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်နိုင်ရန်အစိုးရဘက်မှမူဝါဒရေးရာပြင်ဆင်ပေးခဲ့ပါက ၀င်ရောက်ရန် ရှိ မရှိ သတင်းထောက်တစ်ဦး၏မေးမြန်း ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကအထက် ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်ကြည်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးပါက ပါတီနှင့်လက်တွဲဆောင်ရွက်သွားရန်ရှိကြောင်းဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၁နာရီကျော်ကြာတွေ့ဆုံခဲ့ပြီး မီဒီယာများ၏မေးမြန်းချက်ကို အထက်ပါအတိုင်းဖြေကြားခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင်ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အတွက်နှစ်ဖက်ပူးပါင်းဆောင်ရွက်နိုင်ရေးကိစ္စ ၊နိုင်ငံတော်
သမ္မတကလွတ်ငြိမ်ချမ်းသာခွင့်ပေးရန်စဉ်း စားဆောင်ရွက်နေသည့်ကိစ္စနှင့် လက်နှက်ကိုင် ကိစ္စ နှင့်ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တို့ကိုဆွေးနွေးခဲ့ကြောင်း ဦးအောင်ကြည်ကကြေငြာချက်တွင်ထည့်သွင်းဖတ်ကြားသည်။

ယနေ့နံနက်ပိုင်းကပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြစ်ဆုံးစီမံကိန်းကို ၄င်းအစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ကျင်းပနေသောလွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့အသိပေး အကြောင်းကြားခဲ့သည်။

ယခုတွေ့ဆုံမှုသစ်အစိုးရသစ်လက်ထက် ဦးအောင်ကြည်နှင့် တတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး တွေ့ဆုံဆွေးနွေးမှု များငြိမ်သက်သွားခဲ့ရမှာ ယခုဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လည် ၁နာ၇ီမှ ၂ နာရီ ၁၇ မိနစ်အထိတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သတင်း..7Day News Journal