28 September 2011

မြန်မာနိုင်ငံ အမှောင်ညမှ လွတ်မြောက်ခဲ့ပြီလော

(The Strait Times မှ 23 Sept 2011 ရက်စွဲပါ “Myanmar sees the light?” ကို Y C မှ ဘာသာပြန်ဆိုသည်)

အကယ်၍ အမှတ်သင်္ကေတများသည် တစ်စုံတစ်ရာကို အဓိပ္ပာယ်ဖော်ဆောင်သည်ဆိုပါကပြီးခဲ့သည့် သြဂုတ်လသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အတွက် ကောင်းမွန်မှုများ ဆောင်ကြဉ်းပေးနိုင်မည့် အပြောင်းအလဲ တစ်ခုကို ကိုယ်စားပြုသော အမှတ်သင်္ကေတတစ်ခုဟုပင်ဆိုရမည်။ အဆိုပါ သြဂုတ်လတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်အဖြစ် တံခါးပိတ်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင် စစ်အစိုးရဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးလည်း ဖြစ်သူ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ခြင်း၊ ထို့နောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့မှောက်တွင် ၎င်းတို့နှစ်ဦး ရိုက်ကူးခဲ့ သော ဓာတ်ပုံကို နိုင်ငံပိုင်မီဒီယာ မျက်နှာဖုံးတွင်ဖော်ပြခဲ့ခြင်း အစရှိသည်တို့သည် မျှော်လင့်ချက်များစွာ ဖန်တီးပေးသော အရိပ်လက္ခဏာများပင် ဖြစ်သည်။

ထိုမျှမကသေးပေ။ တစ်ချိန်က ပိတ်ပင်ထားခဲ့သော Reuters၊ The Bangkok Post၊ The Nation နှင့် The Straits Times အပါအဝင် ပြည်ပြေးမီဒီယာဝက်ဘ်ဆိုက်များစွာကို အစိုးရက ဖွင့်ပေးခဲ့သည်။ ယခုလ အစောပိုင်းကလည်း အလုပ်သမားများအနေဖြင့် အစည်းအရုံးနှင့် သမဂ္ဂများ ဖွဲ့စည်း ထူထောင်ခွင့်ရှိမည့် ဥပဒေတစ်ရပ်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့သည်။ အဆိုပါဖြစ်ရပ်များအားလုံးကို အပြုသဘော ဆောင်သည့် ဖွံ့ဖြိုးမှုများ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုပြီး ခရီးရှည်ကြီးနှင်ရဦးမည်ဟုသုံးသပ်သည်။

ယခုကဲ့သို့သော အပြောင်းအလဲများက စစ်မှန်သော ပြောင်းလဲမှုများဖြစ်ရန် အချိန်ကာလကြာမြင့်စွာ ပင်ပန်းတကြီး စောင့်ဆိုင်းခဲ့ကြရသော မြန်မာ့အရေး စောင့်ကြည့် လေ့လာခဲ့သူများအား ဝေခွဲ၍ မရနိုင်လောက်အောင် ဖြစ်စေလိမ့်မည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက စစ်တပ်ကျောထောက်နောက်ခံ ပုဂ္ဂိုလ်များကို အပြသဘောဖြင့် အာဏာလွှဲပြောင်းရန် စီစဉ်မှု တစ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

လက်ရှိအနေအထားတွင် လေ့လာစောင့်ကြည့်နေသူများအကြား အငြင်းအခုန်ဖြစ်နေသည့် ကိစ္စမှာ အရပ်သားအစိုးရထံသို့ အကန့်အသတ်ဖြင့် အာဏာလွှဲပြောင်းပေးမှုက စစ်မှန်သော အပြောင်းအလဲ၏ ရှေ့ပြေး နိမိတ်ဖြစ်၊ မဖြစ် ဟူသောကိစ္စပင် ဖြစ်သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်ပင် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆက်ဆံနေသည့်ကိစ္စများနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုမှုများ ခံနေရသည်။ အချို့က သူမသည် စစ်တပ်နှင့် ဆက်ဆံရာတွင် သဘောထားပျော့ပြောင်းမှုရှိသည်ဟု ဆိုကြပြီး အချို့ကမူ ပျော့ပြောင်းမှု မရှိဟု ဝေဖန်ကြသည်။ မည်သို့ဆိုစေကာ မူ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ ရေရှည် အကျိုးစီးပွားအတွက် အရေးပါသူ တစ်ဦး ဖြစ်သည်ဟူသောအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ သံသယ မရှိကြပေ။

AFP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမသည် အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်နေသော အာဏာရှင် ဖြုတ်ချမှု တော်လှန်ရေးမျိုးမြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာအောင် လှုံ့ဆော် စည်းရုံးနေခြင်း မရှိကြောင်း၊ အာရပ်ကမ္ဘာပုံစံ တော်လှန်ရေးမျိုးဖြင့် တိုင်းပြည်၏ ပြဿနာ များကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာရပ်ကမ္ဘာတော်လှန်ရေးမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာပါက သဘောထား တင်းမာသော စစ်ဗိုလ်ချုပ်ကြီးများ ထံမှ ဆိုးရွားသည့်တုံ့ပြန်မှုမျိုးထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် သူမ၏ အနေအထား ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်မဟာဗျူဟာ ရလဒ်မျိုးထွက်ပေါ်ရန် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အချို့သော လေ့လာစောင့်ကြည့်သူ များက ဝေဖန်ကြသည်။ အချို့ လည်း လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများမှာ မည်ကာမတ်တ သဘောမျှသာဖြစ်ပြီး ခိုင်မာမှုရှိမည် မဟုတ်ကြောင်း ပြောဆိုကြသည်။

ထိုသို့ ပြောဆိုဝေဖန်ရန်လည်း သင့်သင့်လျောက်ပတ်သော သက်သေအထောက်များက အပြည့်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် နှစ်ပေါင်း ၂၁ နှစ်တာကာလအတွင်း ၁၅ နှစ်ခန့်မျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည် မဟုတ်ပါလော။ မကြာသေးခင် ကာလကပင် မြန်မာအစိုးရက ပြည်ပမီဒီယာတစ်ခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ဂျာနယ်လစ်တစ်ဦးအား ထောင်ဒဏ် ၁၀ နှစ် ထပ်မံ တိုးမြှင့်ချမှတ်လိုက်သည်။

၎င်းသည် မူလက ထောင်ဒဏ်ရှစ်နှစ်ဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရာမှ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ တိုးမြှင့်ခံလိုက်ရခြင်း ဖြစ် သည်။ ဝေဖန်သုံးသပ်သူများကမူ လတ်တလောဖြစ်ပေါ်နေသော အပြောင်းအလဲများသည် အများပြည်သူလူထု အပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်ရန်အလို့ငှာ အပေါ်ယံသဘော ကြိုးပမ်းမှုများပင်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူးရယူရမည်ဖြစ်ရာ အစိုးရသစ်က နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်များနှင့် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်အောင် ကြိုးပမ်း လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးသည့်အတိုင်းဆိုပါက မြန်မာနိုင်ငံသည် ပြောင်းလဲမှုများဖြစ်ပေါ်မည့် အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟုပင် ဆိုရမည်။ သို့သော်သတိပြုရမည့်အချက်မှာ ယင်းသို့ပြောင်းလဲ မည့် အချိန်ကာလသို့ ရောက်ရှိနေခြင်းသည် အပြောင်းအလဲဖြစ်သွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။ မျှော်လင့်ချက်ရောင်နီတော့ သန်းစပြုပြီ၊ သို့သော် စိတ်ရှည်လက်ရှည်နှင့် စောင့်ရန် လိုသည်ဟုပင်ဆိုရမည် ဖြစ်သည်။