01 May 2010

ထိုင်းလုံခြုံရေးတပ်ဖွဲ့နှင့် ရှပ်နီဝတ်ဆန္ဒပြသူများကြား အခြေအနေ ပိုမိုတင်းမာလာ

ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် ဧပြီလ (၂၈)ရက်နေ့တွင် ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား တင်းမာမှုသည် ဆိုးသည်ထက် ဆိုးရွားလာခဲ့ပြီဖြစ်သည်။ ထိုင်းလုံခြုံရေး တပ်ဖွဲ့များသည် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်အား ထောက်ခံသည့် ရှပ်နီဝတ် ဆန္ဒပြသူများအား အင်အားသုံး ဖြိုခွဲမှုများ ပြုလုပ်ခဲ့ရာမှ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး စစ်သားတစ်ဦး သေဆုံးကာ ဆန္ဒပြသူ (၁၈)ဦး ဒဏ်ရာများ ရရှိခဲ့သည်။




စစ်တပ်များသည် ဗလာကျည်များ၊ ရာဘာကျည်ဖူးများနှင့် ပစ်ခတ်ကာ ဆန္ဒပြသူများအား လူစုခွဲရန် ကြိုးပမ်းခဲ့ကြောင်း မျက်မြင်များကဆိုသည်။ ဘန်ကောက်၏ စီးပွားရေး လုပ်ငန်းအချို့ ရပ်ဆိုင်းအောင် ပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ်နေသည့် ရှပ်နီများသည် ဗီဘာဟာဗာဒီ-ရန်းဆစ် လမ်းမကြီးအတိုင်း စုရုံးချီတက်လာမှုကို စစ်တပ်များက သံဆူးကြိုးများဖြင့် တားဆီးထားပြီးနောက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။




စစ်တပ်က အင်အားသုံး ဖြိုခွဲမှုများနှင့် ပတ်သက်ပြီး တားဆီးပေးပါရန် ရှပ်နီများက ဥရောပ ယူနီယံ (EU)၏ သံအမတ်ကြီးအား စာရေးသားပေးပို့ ပန်ကြားမှုများ ပြုလုပ်ခဲ့သည်။ ဘန်ကောက်တွင်လည်း ဆန္ဒပြသူများအား အကြီးအကျယ် အင်အားသုံး ဖြိုခွင်းတော့မည်ဟု သတင်းများ ပျံ့နှံ့လျက်ရှိသည်။



မတ်လလယ်မှ စတင်ခဲ့သော ဆန္ဒပြမှုများသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်း(၂၀)အတွင်း အဆိုးရွားဆုံး နိုင်ငံရေး ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့ပြီး အနည်းဆုံး လူပေါင်း(၂၆)ဦးမျှ သေကြေကာ ထောင်ဂဏန်းမျှ ထိခိုက်ဒဏ်ရာ ရရှခဲ့သည်။ စစ်တပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဆန်ဆန်းကီကာမန်းက “သူတို့ကို တားဖို့အတွက် ကျွန်တော်တို့ စစ်တပ်တွေကို အသင့်ပြင်ထားပြီးပါပြီ။ ဒါဟာ ဆန္ဒပြနေကြတာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုလို့ ပြောရမှာပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။





ရှပ်နီများသည် ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာအား ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် ပါလီမန်ကို ဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုနေသလို လက်ရှိအစိုးရကို ထောက်ခံသည့် ရှပ်ဝါများကပါ ဆန္ဒပြလာပြီးနောက် ထိုင်း၏ နိုင်ငံရေး အခြေအနေသည် အဆိုးရွားဆုံး ဖြစ်လာခဲ့ရသည်။


သတင်းရင်းမြစ်...Planet:new