02 February 2010

မြေတွေရိုင်းနေတာကို အရင်ပြင်



ပန်းတွေ ရိုင်းလှချည့်လို့ မပြောနဲ့ မြေတွေရိုင်းနေတာကို အရင်ပြင်ရမှာပါ..


ဒီကနေ့ လူကြီးတွေက လူငယ်တွေကို လွယ်လွယ်နဲ့ အပြစ်ပြောတတ်ကြတယ်ဗျ။ လူငယ်တွေမှာ တကယ်ကော တိုင်းပြည်အတွက် လူငယ့်ဝန်းကျင်အတွက် အကျိုးရှိရာ ရှိကြောင်းတွေ လုပ်ခွင့်ရှိပါသလားလို့ လူကြီးတွေကို မေးခွန်းထုတ်ချင်ပါတယ်။ ယနေ့ခေတ် ဘီယာစတေရှင်တွေ ရမ်စတေရှင်တွေ အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေ မှိုလိုပေါက်ပြီး လူငယ်တွေ အဲဒီမှာ လွတ်လွတ်လပ်လပ် လုပ်ချင်ရာ လုပ်ခွင့်ရှိပေမယ့် ဘုရားပေါ်မယ် လူစုပြီး တံပျက်စီးလှည်းချင်တာတောင် ခွင့်ပြုချက်တောင်းရမယ်ဆိုတော့ တစ်မျိုးပါလားလို့။ လူငယ်တွေကို အကျိုးရှိရာ ရှိကြောင်းတွေ လုပ်ခွင့်ပေးမှ တစ်နေ့ရင်ကျက်တဲ့လူကြီးတွေ ဖြစ်လာမှာပါ။


ပန်းတွေ ရိုင်းလှချည့်လို့ မပြောနဲ့ မြေတွေရိုင်းနေတာကို အရင်ပြင်ရမှာပါ..
လူကြီးတွေက လူငယ်တွေကို လမ်းဖွင့်ပေးမှုတွေ နေရာပေးမှုတွေ လက်တွဲခေါ်မှုတွေ လုပ်ပေးသင့်ပါတယ်...။ မိမိတို့လူငယ်ဘဝက အနေအထားတွေ အတွေ့အကြုံတွေကို ယနေ့လူကြီးတွေ အသိဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ တခုသတိထားရမှာက ပြောင်းလဲလာတဲ့ ခေတ်အနေအထားပါ... ။ ယနေ့အချိန်မှာ ကမ္ဘာကြီးဟာ ရွာကြီးတခုလို ဖြစ်နေပါပြီ။ IT နည်းပညာ ခေတ်မှာ ယနေ့လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးလာပါပြီ။ ဒါကတော့ ကွာဟလာတဲ့ ခေတ်အနေအထားနဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ လူကြီးတွေ အကြားကွာဟလာမှုပါပဲ....။ လူကြီးတွေက မိမိတို့ အတွေ့အကြုံတွေနဲ့ ယနေ့ခေတ်ကာလရဲ့ လူငယ်တွေရဲ့ အမြင်တွေပေါင်းစပ်ပေးဖို့ ကြားခံတခုလိုအပ်နေပါပြီ။ ဥပမာအားဖြင့် ဘောလုံးအသင်းကောင်း တစ်ခုမှာ လူဟောင်းတွေနဲ့ လူငယ်ခြေသစ်တွေ ပေါင်းစပ်ထားမှ အသင်းကောင်း တစ်ခု ဖြစ်ပေါ်လာတာပါ...။ လူကြီးတွေက လက်တွဲခေါ်ပြီး လုပ်ပိုင်ခွင့်တွေပေးရမှာပါ...။


ဘေးကနေ အကြံဥာဏ်တွေ ပေးပြီး လက်တွဲခေါ်ပြီးနေရာပေးရမှာပါ...။လူငယ်တွေကိုအမြင်မကြည်လင်သဖြင့် အထင်မသေးသင့်ပါဘူး။ ဥပမာအားဖြင့် ဆံပင်ရှည်ရှည်ထားတိုင်း လမ်းသရဲလို့ မထင်သင့်ပါ... လက်ရှိစစ်ခေါင်းဆောင် တွေ ဆံပင်တိုတိုထားပေမယ့် စိတ်ဓာတ်တွေက ယုတ်ညံ့နေပါတယ်။ အပေါ်ယံသဘောနဲ့ လူငယ်တွေကို အထင်မသေးသင့် အမြင် မကြည်လင်မဖြစ်သင့်ပါဘူး။
ယနေ့ခေတ် ဘီယာစတေရှင်တွေ ရမ်စတေရှင်တွေ အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေမှာ လူငယ်တွေပျော်ပါးနေတယ် ထင်ရပေမယ့် ... ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းတုန်း မန္တလေးက ဆိုင်ကယ်စီး ဆိုးသွမ်းလူငယ်တွေဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံယာတော်တွေကို အကြိုအပို့လုပ်ပေး လမ်းရှင်းပေး တပ်ဥိးကပါဝင်ပေးရင်း ပြည်သူတွေရဲ့ အချစ်တော်ဖြစ်ခဲ့ ကြပါတယ်။ အဓိက ပြောချင်တာကတော့ လူငယ်တွေဟာ ကျောက်ရိုင်းတုံးတွေ မြေရိုင်းတွေပါ... ပြုပြင်ပေးမယ့် ထိန်းကျောင်းပေမယ့် အသိအမှတ်ပြုပေးမယ့် နေရာပေးမယ့် သူတွေရှိရင် တိုင်းပြည်အတွက် အဖိုးတန်တဲ့ သူတွေဖြစ်လာမှာပါ..။


အဓိကကတော့ အခုလို စစ်အာဏာရှင် အမှောင်ခေတ်ကြီးမှာ လူငယ်တွေဟာ အနာဂတ်ပျောက်နေကြပါတယ်...။ လူငယ်တွေကို မျက်စိပိတ် နားပိတ် အသိဥာဏ်တွေ ပိတ်ပင်ထားခြင်း ခံထားရတဲ့ ကြားထဲက လူငယ်တွေဟာ ရရှိတဲ့ အလင်းရောင်လေးထဲက ဖောက်ထွက်ဖို့ကြိုးစားနေကြရတာပါ...။ လူငယ်အတွက်ဘီယာစတေရှင်တွေ ရမ်စတေရှင်တွေ အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေကို မရောက်ရောက်အောင် တွန်းပို့ခံနေရတာလည်း ဒီစစ်အာဏာရှင်စံနစ်ဆိုးကြီး ကြောင့်ပါ....။ လူကြီးတွေ အနေနဲ့ ယနေ့လူငယ်တွေရဲ့ ဘဝကို နားလည်စာနာပေးပြီး.. မြေရိုင်းကို မြေယဉ်ဖြစ်အောင် ကျောက်ရိုင်းကို တန်ဖိုးရှိတဲ့ ကျောက်ဖြစ်အောင် .. ယနေ့အသိပညာရှိတဲ့ လူကြီးတွေက ပြုစုပျိုးထောင်နေရာပေးပြီး အနာဂတ် အတွက် စစ်အာဏာရှင် စံနစ်အောက်က အလွတ်ရုန်းနိုင် အောင်လူငယ်တွေကို နေရာပေး၊ အသိအမှတ်ပြုပေးပြီး လက်တွဲခေါ်ယူသင့် ပါကြောင်း.....။

ပေးပို့ ပေးသူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။