24 October 2011

နစကမှ ကျပ် သိန်း ၈၀၀ တန်ဖိုးရှိ နွားများနှင့် ဘုတ်ကိုသိမ်း၍ ကတိဝန်ခံချက်ဖြင့် လူကို ပြန်လွှတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် အခြေစိုက်သော နစက ကင်းစခန်း တစ်ခုမှ ကျပ် သိန်း ၈၀၀ ခန့် တန်ဖိုးရှိသော နွားများနှင့် နွားတင်ဘုတ်ကို သိမ်းယူပြီး မည်သူ့ကိုမှ မတိုင်ကြားရ ကတိ ခံဝန်ချက်ဖြင့် နွာပိုင်ရှင်များကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

နွားပိုင်ရှင်များမှာ မာန်အောင်မြို့နယ်မှ ဖြစ်ကြပြီး နစက သိမ်းယူထားလိုက်သော နွားအရေ အတွက်မှာ စုစုပေါင်း ၄၇ ကောင် ဖြစ်ကြောင်း နွားပိုင်ရှင် တစ်ဦးက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။

" ကျွန်တော်တို့က နွား ၄၇ ကောင်ကို စက်လှေ တစ်စီးနဲ့ တင်ပြီး ဘင်္ဂလာဒေခ်ျ့ ဆင်မဖြူကျွန်းမှာ ရောင်းချဖို့ ယူလာပါတယ်။ အဲသလို ယူဆောင်လာပြီး စစ်တွေအလွန်မှာ ဒီလ ၁၈ ရက်နေ့က လေမုန်တိုင်းနဲ့ တိုးတဲ့ အတွက် မေယု မြစ်ဝ ထဲကို ၀င်လာပြီး အပေါက်ချေဝ ချောင်းမှာ နွားဘုတ်ကို ခေတ္တ ရပ်နားနေစဉ်မှာ ရသေ့တောင်မြို့နယ် အငုံမော် နစက စခန်းက သတင်းရသွားပြီး လာရောက် ဖမ်းဆီးပါတယ်။"

ဖမ်းဆီးပြီးနောက် နွားပိုင်ရှင်များအား အထက်သို့ မတိုင်ကြားရ ကတိဖြင့် ငွေသုံးသိန်းပေးကာ ပြန်လည် လွှတ်ပေးလိုက်သည်ဟု သူကဆက်ပြောသည်။

" နစကတွေက ပြောတာက မင်းတို့ ထောင်မကျချင်ရရင် ငါတို့နဲ့ ညှိလို့ရတယ်။ မင်းတို့ကို ငါတို့ ဖမ်းရင် ထောင်ကျသွားနိုင်တယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုပါတယ်။ ဒါကြောင့် မင်းတို့ ထောင်မကျ ချင်ရင် ဘယ်သူ့ကိုမှ မတိုင်ရဘူး။ အထက်ကို တိုင်ကြားတာ မလုပ်ရဘူး။ သဘောတူရင် ဒီက ငွေသုံးသိန်းကို ယူပြီး ပြန်သွားကြ။ နွားတွေနဲ့ မော်တော်ဘုတ် ကိုတော့ ထားခဲ့ရမယ်လို့ ပြောပါတယ်" ဟု သူက ဆိုသည်။

နွားပိုင်ရှင်များမှာ နွားများကို တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ မှောင်ခို တင်ပို့သဖြင့် နစက ပြောသည့် အတိုင်း မလိုက်နာပါက နွားများပါ ဆုံးရှုံးသည့် အပြင် လူပါ ထောင်ကျနိုင်သဖြင့် နစကများ ပြောသည့် အတိုင်း လိုက်နာရန် သဘောတူပြီး ငွေသုံးသိန်းယူကာ မိမိဒေသသို့ ပြန်လာခဲ့ကြသည်ဟု သူက ပြောသည်။

" ကျွန်တော်တို့က စုစုပေါင်း ၁၂ ဦး ဖြစ်ပါတယ်။ နွားလည်းဆုံးတယ်။ ဒါ့အပြင် လူပါ ထောင်ကျ မယ်ဆိုတော့ နစကတွေကို ကျေးဇူးတင် စကားပြောပြီး ပြန်လာခဲ့ကြရပါတယ်။ နစ်နာတာကတော့ အထူးပါဘဲ။ သိန်းပေါင်း ၈၀၀ နီးပါး ဆုံးရှုံးသွားရတော့ ပါလာတဲ့ လူတွေက အကုန်လုံး စီးပွား ပျက်ကုန်ကြပါပြီ။ အကြွေးတင်သူတင်နဲ့ တချို့လည်း အထူး စိတ်ပျက် လက်ပျက် ဖြစ်နေကြပါပြီ။ ကျွန်တော်ကတော့ ထိုင်းနဲ့ မလေးဘက်ကို သွားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရသော နွားဘုတ်မှာ မာန်အောင်မြို့နယ်မှ ဦးသုခဆိုသူ ပိုင်ဆိုင်သော ဘုတ်ဖြစ်ပြီး သိန်း ၅၀၀ ခန့် တန်ဖိုးရှိပြီး နွား ၄၇ ကောင်၏ တန်ဖိုးမှာ ကာလ ပေါက်ဈေး ကျပ် သိန်း ၂၆၀ ဖိုး ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော နွားများကို အငူမော် နစက စခန်းမှ အထက် အာဏာပိုင်များသို့ တစုံတရာ မတင်ပြခြင်း မရှိဘဲ တဘက်နိုင်ငံနှင့် နွားမှောင်ခို ဆက်စပ်လုပ်ကိုင်နေသော သရီကုန်ဘောင်၊ အလယ်သံကျော်စသည့် ကျေးရွာများမှ နွားကုန်သည်များအား ရရာဈေးနှုန်းဖြင့် ကိုယ်ကျိုး အတွက် ရောင်းချနေကြသည်ဟု သိရသည်။

ဇူလိုင်လ ၉ ရက်နေ့က အမ်းမြို့နယ် ဒလက်တောင်စခန်းမှ သစ်တန်ချိန် ၂၅၀ တင်ဆောင်လာသော သစ်ဘုတ် (၃)စီးကို မလေးရှားသို့အသွား မာန်အောင်မြို့နယ် ဘီးကန်မီးပြနှင့် ၁၅ မိုင်အကွာ ရခိုင် ပင်လယ်ပြင်တွင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းသို့ ကင်းလှည့်လာသော အမှတ် ၇၇၁ ရေတပ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ သစ်များကို ရေတပ်မှ ဘင်္ဂလာ ဒေ့ခ်ျသို့ တင်ပို့ ရောင်းချခဲ့သည်ဟု သိရသည်။

သတင်း...နိရဉ္စရာ

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လူအသေ၊အပျောက်စာရင်းဆိုပြီး အစိုးရပိုင်မြဝတီသတင်းစာတွင်ဖော်ပြ..

အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ပေါက်နှင့် မြိုင်မြို့နယ်တို့၌ ချောင်းရေဖြင့် မျောပါပြီး သေဆုံး၊ ပျောက်ဆုံးသူအချို့ ရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများအား တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ ရွှေချောင်း ချောင်းရေ လျှံတက်မှုကြောင့် ချောင်းကမ်းပါးအနီးရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း အပါအ၀င် နေအိမ် ၁၂၀ ခန့် ပျက်စီးဆုံးရှုံးပြီး အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃၇ ဦး ပေါင်း ၅၈ ဦး ပျောက်ဆုံး လျက်ရှိကြောင်း၊ ပေါက်မြို့နယ် ယောချောင်း/ကျောချောင်း မှ ချောင်းရေထိုးသဖြင့် ကျေးရွာ ၂၂ ရွာရှိ အိမ်ခြေ ၄၀၃ အိမ်၊ ဆေးခန်း တစ်ခန်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း ရေထဲမျောပါသွားခဲ့ပြီး အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး ပေါင်း ၁၉ ဦး ပျောက်ဆုံးလျက် ရှိကြောင်း၊ မြိုင်မြို့နယ် ပိုက်သင်ကျေးရွာ ထန်းငယ်တောချောင်း ကမ်းနဖူး၌ နေထိုင်သည့် မိသားစုမှ နှစ်နှစ်ခွဲခန့်ရှိ သမီးငယ်တစ်ဦး ရေထဲမျောပါ ပျောက်ဆုံးခဲ့ကြောင်း၊ ထန်းတောမကျေးရွာ၌ ချောင်းရေ လျှံမှုကြောင့် ကျေးရွာအတွင်း လေးပေခန့် ရေများစီးဝင်ခဲ့သဖြင့် နေအိမ်သုံးလုံး ပြိုကျပျက်စီးခဲ့ပြီး တစ်နှစ်သား အရွယ် ကလေးငယ်တစ်ဦး ရေစီးထဲမျောပါ ပျောက်ဆုံးခဲ့ကြောင်း၊ ထန်းငယ်တောကျေးရွာ၌ လူတစ်ဦး ရေထဲမျောပါ ပျောက်ဆုံးလျက်ရှိကြောင်း၊ နှုံးကျေးရွာ၌ အိမ်ခြေ ၁၁ လုံး ရေထဲမျာပါပြီး အမျိုးသမီးနှစ်ဦး၊ ယောက်ျားလေးတစ်ဦး ပေါင်းသုံးဦး ရေထဲမျောပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့အတူ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်မှ၊ ၂၀ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် နေရဉ္ဇရာချောင်းနှင့် မြစ်သာမြစ် ရေလျှံမှုကြောင့် ကလေးမြို့ပေါ် အောင်မင်္ဂလာရပ် ကွက်၊ အောင်မြေမာန် ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ဖောင်ကူးကျေး ရွာ၊ ပြင်သာကျေးရွာ၊ တောင်အူကျေးရွာ၊ ဒိုးနွယ်ကျေးရွာများရှိ ရေလွှမ်းမိုးခံရသည့် အိမ်ထောင်စု ၅၁၇ စု၊ လူဦးရေ ၂၄၉၃ ဦးတို့အား ကလေးမြို့ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်း၊ အောင်မင်္ဂလာဇာတ်ရုံ၊ စကားလှဘုန်းတော်ကြီးကျောင်းနှင့် ဒီပင်္ကရာ ဘုန်းတော်ကြီးကျောင်းများ ၌ ယာယီဖြန့်ခွဲ၍ ပြောင်းရွှေ့ထားရှိခဲ့ သည်။

မြစ်ရေကြီးမှုကြောင့် ကလေးမြို့အ၀င်မှ ကျီးကုန်းကျေးရွာ (ရေဆန်ကျွန်ဘုရား) အထိ ကားလမ်းတစ်လျှောက် ရေနစ်မြုပ်လျက်ရှိကြောင်း ယာဉ်သွားလာမှုများ ခေတ္တ ရပ်ဆိုင်ထားလျက်ရှိကြောင်း တာဝန်ရှိသူများက ပျက်ဆီးမှုများအား အမြန်ပြန်လည်ပြင်ဆင်၍ ဆက်သွယ်သွားလာမှု မပြတ်တောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

မတွေ့ဘူးရင်တော့ အသစ်အဆန်းပါဘဲ မိန်းကလေးသစ်ပင်တဲ့




သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီ စတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတာင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲ ထပ်မံသိရ ပါသေးတယ်။ Naree ဆိုတာ ကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ရှင်..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

သူငယ်ချင်းတယောက် မေလ်းထဲပို့လာလို့ ပြန်ဝေမျှလိုက်တယ်.။

သစ္စာဖေါက်ခံနေရဆဲ မျိုးဆက်သစ် မြန်မာ့ လူငယ်များ

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘုတ်မှာ မိတ်ဆွေ တယောက် တင်လိုက်တဲ့ သတင်းကိုဖတ်ပြီး တော်တော်လေး စိတ်မအီမသာ ဖြစ်သွားတယ်။ ပညာခေတ်မှာ မြန်မာလူငယ်တွေ ရရှိနေတဲ့ ပညာ အရည်အသွေးနဲ့ ပတ်သက်လို့ပါ။

မောက္ခပညာရေး မဂ္ဂဇင်းမှာ စာတွေရေးဖြစ်၊ ဖတ်ဖြစ်တော့ ကမ္ဘာ့နိုင်ငံ အများစုတွေဟာ ပညာရေးမှာ ရင်းနှီးမြုပ်နှံမှု အပြိုင်အဆိုင် ဖြစ်လာတာကို တွေ့မြင်နေရတယ်။


ကွန်ပျူတာ ကတ်တလောက်စနစ်၊ နောက်ဆုံးထုတ် အင်္ဂလိပ်စာအုပ်များ၊ ကျောင်းသားများအတွက် ဆိတ်ငြိမ် စာဖတ်ရန် နေရာများဖြင့် ထိုင်းနိုင်ငံ၊ ချုလာလောင်ကွန်းတက္ကသိုလ် စာကြည့်တိုက်

၂၁ ရာစုဟာ နည်းပညာ ပေါက်ကွဲတဲ့ ရာစုနှစ်၊ ပညာရေးက အရာရာကို ဦးဆောင်မယ်ဆိုတဲ့ ခေတ်မှာ ကျနော်တို့ရဲ့ တိုင်းပြည် ခေါင်းဆောင်တွေက တက္ကသိုလ် အဆောင်တွေကို ဟိုတယ်လုပ်မယ့် စီးပွားရေး လုပ်ငန်းရှင်တွေဆီ လေလံပစ် ရောင်းစားတာကို တွေ့ရတော့ တော်တော်လေး စိတ်ထိခိုက်ရပါတယ်။ ကျနော့်တို့ရဲ့ နိုင်ငံခေါင်းဆောင်ဆိုသူများ အသိဉာဏ် နည်းပါးရလေခြင်းဆိုပြီး ယူကျုံးမရ ဖြစ်မိပါတယ်။

ကျနော်တို့ မျိုးဆက်တွေဟာ ၁၉၆၂ ခုနှစ် ကတည်းက အုပ်ချုပ်သူတွေရဲ့ ဖျက်ဆီးမှုကို စနစ်တကျ ခံခဲ့ကြ ရပါတယ်။ နှစ် ၂၀ ကိုမျိုးဆက် တခုအဖြစ် သတ်မှတ်ရင် အခုဆိုရင် မျိုးဆက် သုံးခုလောက်ဟာ မတရား ဖျက်ဆီး ခံလိုက်ရပါပြီ။

ကျနော်က ၁၉၉၂ ခုနှစ်မှာ စစ်တွေ ဒီဂရီ ကောလိပ်ကို တက်ခွင့်ရပါတယ်။ ကောလိပ်၊ တက္ကသိုလ်တို့ဆိုတာ ကျောင်းသားတွေ သုတေသနလုပ် အသုံးပြုနိုင်ဖို့ စာအုပ်စာတမ်းတွေ သိပ္ပံသုတေသန လုပ်မယ့် ဓါတ်ခွဲခန်းသုံး ကရိယာတွေ ဘယ်လောက်များများ စားစားရှိသလဲဆိုတဲ့ အချက်က အရေးကြီးသလို ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေး အရေးပါပါတယ်။ ကျနော်တက်ရောက်ခွင့် ရခဲ့တဲ့ ဒီဂရီ ကောလိပ်မှာ စာကြည့်တိုက် Library သီးသန့် မရှိပါဘူး။ ကျောင်းသားတယောက် စာဖတ်ချင်လို့ စာအုပ် ငှားချင်သပဆိုရင် စာအုပ်တအုပ် ရဖို့ နာရီနှင့်ချီ စောင့်ဆိုင်းရပါတယ်။ (၀ါရင့် ကျောင်းသားအချို့၏ သင်ပြချက်အရ စာအုပ်မြန်မြန် လိုချင်ရင် စာကြည့်တိုက် ၀န်ထမ်းများကို မုန့်များဖြင့် လာဘ်ထိုးထားခြင်းဖြင့် မိမိလိုချင်သော စာအုပ်ကို အမြန် ရရှိနိုင်သည်မှာ ကိုယ်တွေ့ဖြစ်ပါသည် )။

တက္ကသိုလ် ကျောင်းသားတယောက်ရဲ့ အဓိက တာဝန်က မိမိဘာသာရပ်နှင့် ဆိုင်တဲ့ စာအုပ် စာတန်းတွေ ရှာဖွေ ဖတ်ရှု ရပါမယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းနေစဉ် တက္ကသိုလ် ကျောင်းသား အများစုက စာဖတ်တဲ့ အလေ့ အကျင့် မရှိကြပါဘူး။ စာမဖတ်တဲ့ အပြင် စာမေးပွဲမှာ ခိုးချတဲ့ အလုပ်ကို ပါလုပ်ကြပါတယ်။ ကျောင်းပြီးလို့ လူ့လောကထဲ ကျင်လည်ရမယ့် လူငယ်တွေ စာမေးပွဲမှာ ခိုးချနေကြခြင်းဟာ ကျနော်တို့လူအဖွဲ့အစည်း အတွက် ကောင်းသော လက္ခဏာ မဟုတ်ပါဘူး။

ကျနော် ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံက နာမည်ကျော် ချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်နေတဲ့ မိတ်ဆွေ တယောက်ဆီကို အလည်အပတ် ရောက်ပါတယ်။ မြန်မာပြည်က ကျောင်းသားတွေနဲ့ မတူညီတဲ့ အချက်က စာဖတ်တာပါပဲ။ နေ့လည်စာ စားပြီးတာနဲ့ စာကြည့်တိုက် (Library) မှာ စာဖတ်နေရာ တစ်နေရာ ရဖို့အတွက် အပြေးအလွား အလုအယက် ယူရတဲ့ အနေအထားပါ။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံက နာမည်ကျော် ဂျဝါဟာလာနေရူး တက္ကသိုလ်ကို ရောက်တော့ အမိမြန်မာပြည်က ကျောင်းသားတွေ ၊ အနာဂတ် ခေါင်းဆောင်လောင်းတွေ ဘယ်အထိ ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။

တက္ကသိုလ် အာဏာပိုင်တွေက စာကြည့်တိုက်ကို ည (၁၂) နာရီထိ ဖွင့်ပေးထားတယ်။ စာကြည့်တိုက်ကြီး ကိုယ်တိုင်က စာပေလေ့လာနေတဲ့ ကျောင်းသား တယောက်ရဲ့ စိတ်ပိုင်း ဆိုင်ရာတွေနဲ့ သင်ယူလေ့လာ ဆည်းပူးလိုစိတ်ကို တက်ကြွနိုးကြား စေပါတယ်။ ကြီးကျယ်တဲ့ တက္ကသိုလ်တွေနဲ့ ကျောင်းစာကြည့်တိုက် ကြီးတွေဟာ အနာဂတ် ခေါင်းဆောင်တွေရဲ့ အလိုအပ်ဆုံးသော၊ မရှိမဖြစ်သော ရတနာသိုက်တွေ ဖြစ်နေပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စကားလုံးကို ငှားသုံးရမယ် ဆိုရင် ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်ပေါ့ဗျာ။ တိတ်ဆိတ် ငြိမ်သက်စွာနှင့် စာပေလေ့လာနေတဲ့ ကျောင်းသားလူငယ်တွေ စာကြည့်ခန်းထဲ မှာအပြည့်။ တွေးတော၊ ဝေဖန်စဉ်းစားရင်း အနာဂတ်ကမ္ဘာကို ကိုယ့်ပညာနယ်ပယ်အလိုက် စိတ်ကူး ပုံဖော် နေကြပုံများက အားရစရာ၊ အားကျစရာပါ။ ရန်ကုန် တက္ကသိုလ်မှာတော့ ကျောင်းသားတွေ စည်ကားတဲ့ နေရာက လက်ဖက်ရည်ဆိုင် ဖြစ်နေဆဲ။

ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပင်မ စာကြည့်တိုက်မှာ စာအုပ်ဖတ်နေတဲ့ ကျောင်းသား တယောက်စ နှစ်ယောက်စက လွဲပြီး ကျန်သူတွေကတော့ သမီးရည်းစား ချိန်းတွေ့တဲ့ သူတွေ ဖြစ်နေပါတယ်။ အဓိပတိ လမ်းမဘေးက သစ်ပင်အောက် ခုံတန်းလျားတွေဟာ အတွဲတွေ ချစ်ဇာတ်လမ်းခင်းတဲ့ နေရာမျှသာ ဖြစ်နေတာ စိတ်မကောင်းစရာ ဖြစ်နေပါတယ်။ ကျောင်းသားတွေ ဒီလိုဖြစ်နေအောင် ဖန်တီးထားတာက စစ်အုပ်ချုပ်ရေး အောက်က ပညာရေးစနစ်ပါ။ တွေးခေါ်စဉ်းစားတဲ့၊ ဝေဖန်ပိုင်းခြားတဲ့ လူငယ်တွေ မလိုဘဲ အမိန့်နာခံတတ်မှု တခုအတွက် ရည်ရွယ်တည်ဆောက် ထားတဲ့ နိမ့်ကျတဲ့ ပညာရေး စနစ်ကြောင့် ဖြစ်ပါတယ်။ လူငယ်ထုကို လမ်းကြောင်းလွှဲထားတယ်။ အသိ ပညာဖွံ့ဖြိုးမှုအတွက် အဆင်မပြေတဲ့ တက္ကသိုလ်ပညာရေးပါ။

ကမ္ဘာ့နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေဟာ သူ့တို့နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာမယ့် လူငယ်တွေအတွက် ပညာရေး ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါတယ်။ (Worldwide Education and Library spending) ၀ဘ်ဆိုဒ် စာမျက်နှာမှာ ဖေါ် ပြချက် အရ အမေရိကန် ပြည်ထောင်စုက ပညာရေး ကဏ္ဍမှာ ဒေါ်လာ ဘီလီယံ (၅၀၀) နဲ့ နံပါတ် တစ်နေရာမှာ ရှိနေပါတယ်။ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက ဒုတိယ၊ တတိယနှင့် စတုတ္တနေရာ အသီးသီးမှာ ရှိနေကြ ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ စာကြည့်တိုက် တခုတည်းမှာ သုံးတဲ့ အသုံးစရိတ်က ဒေါ်လာ ၁၂ ဘီလီယံ ရှိပါတယ်။ ဒီလောက် ရင်းနှီးမြုပ်နှံမှု လုပ်နေတာတောင် ၂၀၀၉ ခုနှစ်က လုပ်တဲ့ (Program for International Student Assessments - PISA) စစ်ဆေးမှုမှာ အမေရိကန် ပြည်ထောင်စုက ကျောင်းသားတွေ နံပါတ် (၁၄) နေရာကို ရောက်သွားတဲ့ အတွက် အုပ်ချုပ်သူတွေ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။ ပညာရေး ၀န်ကြီး (Arne Duncan) က ဆိုရင် ဒီသတင်းကို ကြားပြီး တုန်လှုပ် ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ (Spunik moment) လို့ ပြောဆိုခဲ့ပါတယ်။ Spunik moment ဆိုတာ ဆီုဗီယက် ပြည်ထောင်စုက ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တု လွှတ်တင် လိုက်တဲ့အချိန်၊ အမေရိကန်က ခေတ် နောက်ကျ ကျန်ခဲ့ပြီ ဆိုပြီး အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပေါ်ခဲ့တဲ့ သုတေသနနှင့် နည်းပညာလှုပ်ရှားမှု အကြောင်းရည်ညွန်း ပြောသွားတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဆိုရင် (King Abdullah Science and Technology Institute) တက္ကသိုလ် တခုတည်းမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံ ခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံ့ခေါင်းဆောင် တွေဟာ ပညာရေးကို ဘယ်အတိုင်းအတာထိ စိတ်ဝင်စားနေတယ် ဆိုတာ သိသာပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် အုပ်ချုပ်သူတွေ၊ ပညာရှင်တွေ၊ ကျောင်းအာဏာပိုင်တွေဟာ မကြာခင်မှာ ဖြစ်ပေါ်လာမယ့် (Asean Economic Community - အာဆီယံ စီးပွားရေးကွန်မြူနတီ) ၀င်ဆန့်ဖို့ ကြိုတင် ပြင်ဆင် နေကြတာကို တွေ့မြင်နေရတာ တော်တော် အားကျစရာ ကောင်းပါတယ်။ တာဝန်ရှိသူတွေသာ ပြင်ဆင်တာ မဟုတ်ဘဲ ကျောင်းသားတွေ ကိုယ်တိုင်က လာမယ့်အနာဂတ် ကာလမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေ အပေါ် ရင်ဆိုင်ဖို့ ပြင်ဆင် နေကြပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၂၇ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍမှာ သုံးထားပြီး အမျိုးသား ထုတ်ကုန် GDP နှင့် တွက်ရင် ပညာရေး အသုံးစရိတ်က ကမ္ဘာ့နံပါတ် တစ်နေရာမှာ ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံ၊ စစ်အာဏာပိုင်တွေက နိုင်ငံတခုရဲ့ ကျက်သရေဆောင် အမျိုးသား စာကြည့်တိုက်နှင့် တက္ကသိုလ်တွေကို လေလံတင် ရောင်းချလိုက်၊ ပညာရေး အသုံးစရိတ်ကို အနိမ့်ဆုံးထားလိုက်၊ လူငယ်ထုကို မတွေးခေါ်တတ်အောင် ပိတ်ဆို့လိုက်၊ ထောင်ချလိုက်၊ သင်ရိုးကိုလည်း ပြောင်းလဲပြုပြင်ခွင့် မပေးနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အလုပ်တွေကို လုပ်နေတာ တော်တော် ရင်လေးစရာ ကောင်းလှတယ်။ ပညာရေးကို ဘယ်ပုံ၊ ဘယ်နည်း တည်ဆောက် ပုံဖော်နေကြသလဲ ဆိုတာ စိုးရိမ်စရာပါ။

နိုင်ငံရဲ့ လူဦးရေ တ၀က်ရှိတဲ့ လူငယ်တွေ ၂၁ ရာစုကို ဘယ်ပညာရေး၊ ဘယ်အတွေးအခေါ်နှင့် ရင်ဆိုင် ဖြတ်သန်းကြမလဲ ဆိုတာ အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံက မျိုးဆက်သစ် လူငယ်တွေ အုပ်ချုပ်သူတွေ အဆက်ဆက်ရဲ့ သစ္စာဖေါက်ခြင်းကို ခံနေလိုက်ရပြီလားလို့ တွေးမိပါတယ်။

လှရွှေ

Sources; Think Again, Education (Foreign Policy)

Worldwide education and library spending

Ministry of education (Thailand)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ပန်းချီပြပွဲ ရုပ်သံ

အနုပညာသည် ပြည်သူများစိတ်ဓာတ်မြင့်မားရေးအတွက် အထူးအရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အဓိကလှုပ်ရှားမှုဖြစ်သည့် ပြည်သူများ စိတ်ဓာတ်မြင့်မားစေရေးအတွက် အနုပညာသည် အထူး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အနုပညာပြပွဲ တစ်ခုဖြစ်သည့် အောက်တိုဘာ ၂၃ရက်နေ့တွင် NLD ရုံးချုပ်၌ပြုလုပ်သော ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားသည်။

NLD၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ပြီး ကူညီလုပ်ဆောင်ပေးသည့် အနုပညာရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့တတ်သမျှ ပညာနဲ့ကူညီတာပါ။ ပန်းချီရောင်းလို့ရတဲ့ထဲက အရင်းကိုယူပြီး ကျန်တာတွေ အကုန်လုံး NLD ကို လှူသွားမှာပါ” ဟု အဆိုပါ ပန်းချီပြပွဲတွင် လာရောက်ပြသသူ ပန်းချီဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အနုပညာသမားများကို ဆက်လက်ကူညီကြပါရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးလုပ်ရာတွင် ကျယ်ပျံ့လွန်းသည့်အတွက် အနုပညာသည်များသည်လည်း မိမိနေရာမှနေ၍ ပံ့ပိုးနိုင်သည်ဟု ယုံကြည်ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပန်းချီဆရာ ခုနှစ်ယောက် ပြသရောင်းချနေသည့် အဆိုပါ ပန်းချီပြပွဲကို အောက်တိုဘာ ၂၃ရက်နေ့မှ ၂၅ရက်နေ့ အထိ ပြသသွားမည်ဖြစ်ပြီး ပန်းချီ တစ်ကားလျှင် ကျပ်တစ်သိန်းမှ ကျပ် ဆယ်သိန်းအထိ တန်ဖိုးရှိသော ပန်းချီကားများကို ရောင်းချပေးနေကြောင်းသိရသည်။

သတင်း.. Peace Press

မြန်မာပြည်အထက်ပိုင်း စလင်း-ဆင်ဖြူကျွန်း ရေကြီးမှု (ရုပ်သံ)

23 October 2011

ယနေ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ပန်းချီပြပွဲ ဓါတ်ပုံများ










ဓာတ်ပုံ .. မြစ်မခ မီဒီယာ

နိုင်ငံရေးကို ဦးစားပေး နံပါတ်တစ်ပါဆိုတဲ့ ကိုဇာဂနာ နဲ့ မြန်မာတိုင်းမ် အင်တာဗျူး


မေး...အခုလိုလွတ်မြောက်လာပြီးနောက်မှာ နိုင်ငံရေးကော၊အနုပညာကော နှစ်ခုစလုံးကို လုပ်သွားမယ်လို့ ပြောတယ်။ ဘယ်လိုမျှမျှတတဖြစ်အောင် လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ....နိုင်ငံရေးနဲ့ အနုပညာအလုပ်က နဂိုကတည်းက တွဲလုပ်ခဲ့တာကိုး။ ထောင်ထဲမှာနေကတည်းက ဒီနှစ်ခုကို တွဲလုပ်သွား ရမယ်လို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း ကျတော့ အနုပညာအလုပ်က ကိုယ် မလုပ်လည်း လုပ်မယ့်သူက ရှိသေးတယ်။ နိုင်ငံရေးကျတော့ အရေး ကြီးတဲ့အချိန် ရောက်လာပြီ။ ဒီအချိန်က အပြောင်းအလဲ ကာလအစ ကလေးလို့ ပြောလို့ရပြီ။ ဒီအချိန်မှာ ကျွန်တော့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ၁၉၈၈ အရေးတော်ပုံကာလကလည်း ပါဝင်ခဲ့တယ်။ ဒီမတိုင်မီကာလက လည်း နိုင်ငံရေးပြက်လုံးတွေလုပ်ခဲ့တယ်။ ထားပါ။ ၁၉၈၈ မှာ ပါတီစုံ ဒီမို ကရေစီရရှိရေး တို့အရေးလို့ အော်ခဲ့ကြတယ်။ ဒါဟာ အစ၊ အခု ၂၃ နှစ် အကြာမှာ လွှတ်တော်ကြီးပေါ်လာပြီ၊ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတာကြီး ပေါ်လာခဲ့ပြီ ဆိုသော်ငြားလည်း လိုချင်တဲ့ Multiparties democracy ဆိုတဲ့ အနေအထားကို ရောက်မလာသေးဘူး။ရှေ့ဆက်ပြီး ကိုယ်စတဲ့လမ်းကို ကိုယ်ဆုံး အောင်ဆက်လျှောက်ဖို့လိုတဲ့အတွက် နိုင်ငံရေးကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်တော် လွှတ်တော်ထဲသွားချင်လို့ မဟုတ်ပါဘူး။ ကိုယ်စား လှယ်လုပ်ချင် လို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲကို ကိုယ်စားလှယ်တွေ ပို့ချင်တာ။ ပို့ပေးရမယ့် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စား လိုက်ရှာချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပို့ချင်တယ်။ ကျွန်တော့ စိတ်ကူးကို ဘယ်လိုတောင်မှန်းထားသလဲဆိုရင် ရည်မှန်းချက်တစ်ခုထားတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စီမံချက်ပြည့်စုံရမယ်လို့ ဆုံးဖြတ် ထားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ထက်ငယ်တဲ့ လူငယ်တွေကို လွှတ်တော်ထဲ ရောက်စေချင်တယ်။ ဒီလူငယ်တွေကို ရှာဖွေ ဖို့ရှိခဲ့ရင်လည်း ဘယ်လိုပံ့ပိုးရမလဲ၊ ဘာတွေသင်ချင်သလဲ။ ထောင်ထဲမှာလည်း Nursery လိုပဲ သင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲ။ ဒီလူတွေ ဆီကို အပ်ပြီး ဘယ်လိုသင်ပေးရမလဲ။ သူတို့နားလည်လေ တတ်လေ နိုင်ငံရေး ဆိုတာ ပိုလုပ်လို့ကောင်းတာပေါ့။ ဒီလို ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒက နံပါတ်တစ်ပေါ့။ ဒါကြောင့် နိုင်ငံရေးကို ဦးစားပေး၊ အနုပညာကို ဒုတိယထား ချင်ပါတယ်။ အနုပညာဆိုရာမှာလည်း ညီတွေ၊ သူငယ်ချင်းတွေကို ပံ့ပိုးရုံ၊ နောက်ကနေ အကြံပေးရုံလောက်တော့ လုပ်နိုင်မှာပါ။ လူကိုယ်တိုင် ၀င်ထွက်ပြီးတော့ မလုပ်နိုင်လောက်တော့ဘူး။ နိုင်ငံရေးက ပိုအရေးကြီးနေတာကိုး။

မေး.... ဒါဆို နိုင်ငံရေးကို ဘယ်လောက် ရာခိုင်နှုန်းလောက် အားထည့်ပြီး အနု ပညာကို ဘယ်လောက်ပဲရှိမလဲ။

ဖြေ....တကယ်တမ်းက နိုင်ငံရေးက ၈၀ ရာခိုင်နှုန်းလို့ သတ်မှတ်တယ်။ အနုပညာ ကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲပေါ့။

မေး.... နိုင်ငံရေးကို စတင်ပတ်သက်ကတည်းက ဦးဇာဂနာအနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်ပတ်သက်ချင်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော် အတွက် ပါဝင်မယ့်သူတွေကို မွေးထုတ်ချင်ခဲ့တာလား။

ဖြေ....ကျွန်တော် အစတုန်းက ပွင့်ပွင့်လင်း လင်းပြောရရင် လမ်းစဉ်ပါတီခေတ်က စပြောရမယ်။ ဒီတုန်းက အစိုးရကို သရော်ချင်ခဲ့တာ တစ်ခုပဲ။ ဒီကနေ ၈၈ အရေးတော်ပုံမှာပါခဲ့ပြီး ထောင်ထဲလည်း ရောက်သွားပြီ။ ၁၉၉၄ မှာ ထောင်က လွတ်လာတော့ ၃၃ နှစ်ရှိပြီ။ ထောင်ထဲမှာလည်း ငါးနှစ်လောက် ဖြုန်းခဲ့ရပြီးပြီ။ ဒီတော့ ဘယ်လိုစိတ်ကူးရလာလဲဆိုတော့ လူပြက်တစ်ယောက်ရဲ့အမြင်နဲ့ နိုင်ငံရေး ကို စိတ်ဝင်စားသူအမြင် မတူတော့ဘူး။ လူပြက်တစ်ယောက်က ကမောက်ကမ အဖြစ်တစ်ခုကို ဟာသ ရယ်စရာလုပ် လိုက်မှာပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင်တော့ ကမောက်ကမ တစ်ခုကို ဘယ်လိုပြင်ရမလဲဆိုတာပဲ စဉ်းစားမှာ။ ကျွန်တော့ အနေနဲ့ ဒီလို အမြင်ကို ပိုပြီး လက်ခံရတော့မယ်။ သရော်တဲ့စိတ်ကို လူပြက်အနေနဲ့ပဲထားမယ်။ အရင်က အဲဒီလိုအမြင်နဲ့ ကြည့်ပိုင် ခွင့်မရနိုင်ခဲ့ဘူး။ အဲဒီကာလက စစ်အစိုးရလက်အောက်မှာ။ နိုင်ငံရေးနဲ့ လုပ်လိုက်ရင် ကောက်ဖမ်းမှာပဲ။ ကျွန်တော်ဆို ထောက်လှမ်း ရေး(၆)ကို ခဏခဏ သွားနေရတဲ့သူ။ ဒါကြောင့် လေးခါ အဖမ်းခံရတာ။ ကျွန်တော်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့မဟုတ်ဘူး။ အဲလိုနဲ့ ကြာလာတော့ နိုင်ငံခြားမှာ နိုင်ငံရေး သိပ္ပံနဲ့ပတ်သက်ပြီး သင်ချင်တယ်။ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်၊ ပတ်စ်ပို့ မရလို့ မသွားခဲ့ရဘူး။ ဒီတော့ ကျွန်တော် မသွားရလည်း သင်ရတဲ့သူတွေ သင်ရအောင်လုပ်မယ်ဆိုပြီး လိုက်ပံ့ပိုးခဲ့တယ်။

မေး...အရင်အစိုးရလက်ထက်ကနဲ့စာရင် အခုအစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာရှိပြီး ပွင့်လင်းလာပြီလို့ မြင်ပါသလား။

ဖြေ....လောလောဆယ်မြင်နေရတာက အဓိက သာမိုမီတာလိုပဲ တိုင်းကြည့်နေရတာက ဂျာနယ်တွေကိုပဲ ကြည့်နေရတာပဲ။ ထောင်ထဲဖတ်တဲ့ ၁၃ စောင်၊ ဒီထဲမှာကိုပဲ တော်တော်ပြောင်းလဲတယ်။ ဒီလို တွေ့လာတော့ သူတို့တောင် ဒီလိုရေးလို့ ရလာရင် ငါတို့ကော ပိုပြီးပြောလို့ ရမလာနိုင်ဘူးလားလို့ တွေးလာမိတယ်။ အမြင် နှစ်မျိုး ရလာတယ်။ လူပြက်အမြင်နဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့အမြင်၊ လူပြက် အနေနဲ့ သရော်ချင်တယ်။ ရယ်စရာ ပြောချင်တယ်။ ဒါပေမယ့် ဒီအချိန်က သရော်ရမယ့် အချိန်မဟုတ်ဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရမှာကို ဘာ မြင်လိုက်သလဲဆိုတော့ ဒီလိုစုစည်းမှုကို ညီညွတ်အောင်လုပ်ကြဖို့ လိုလာတယ်။ ခေါင်းဆောင်တွေ ခေါင်းစဉ်မရှာတတ် လို့ လူတွေက စည်းရုံးချင်လျက်နဲ့ မစည်းရုံးခဲ့ရဘူး။ ခေါင်းစဉ်သာရှာတတ်ရင် စည်းရုံးနိုင်တယ်ဆိုတာ သွားတွေ့တယ်။ ဒါ အမြတ်ပဲ။ လိုအပ်တဲ့နေရာမှာ ပိုပြောလို့ ရလာပြီ။ ထိထိရောက်ရောက် ပြောဖို့ လိုအပ်လာပြီဆိုတာ မြင်လာတယ်။ ပိုပြီး ပြောခွင့်ရလာမယ်။ သိပ် ကွေ့ပတ်နေစရာ မလိုတော့ဘူး။

မေး... ပြန်လွတ်လာချိန်မှာ စီးပွားရေးအနေနဲ့ကော၊ဘာလုပ်ဖို့စိတ်ကူးထားလဲ။

ဖြေ....ဘယ်စီးပွားရေးမှ ပြောရရင် မရှိဘူး။ ခေါင်းထဲမှာ အဲဒါကို မတွေးထားမိဘူး။ တကယ်တော့ လိုမှာပါ။ လူတစ်ယောက် ရပ်တည်ဖို့က ငွေကြေးလိုပေမယ့် ကျွန်တော့အတွက်က အထွေအထူး အကုန်အကျနည်းတယ်။ အ၀တ်အစားလည်း သိပ်မကုန်ဘူး။ စွပ်ကျယ် တစ်ထည်၊ ဘောင်းဘီတစ်ထည်နဲ့ လျှောက်သွားနေတာ။ အရင်ရှာထားလို့ နည်းနည်းပါးပါးရှိတဲ့ ပိုက်ဆံလေးတွေ နဲ့ပဲ ဟိုရောင်းဒီချနဲ့ နေလို့ရပါသေးတယ်။ စီးပွားရေးကတော့ လုပ်နိုင်မယ်မထင်ဘူး။ ရုပ်ရှင်ရိုက်ရင်တော့ ပိုက်ဆံရမှာပေါ့။ မရိုက်ချင်ဘူး။ သိပ်အချိန် ကုန်မှာ စိုးရိမ်တယ်။ လူပြက်ကဖို့ကလည်း တစ်ခါလောက် အပျင်းပြေ ကတာလောက်ပဲ လုပ်ချင်တယ်။ စီးပွားရှာဖို့ ပွဲမကချင်တော့ ဘူး။ အခုဆို ကြော်ငြာတွေ လာအပ်နေတယ်။ ရိုက်ပေးချင်ပေမယ့် ဒီထက် အရေးကြီးတဲ့ကိစ္စလေးတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက် အချိန်ပေးနိုင်ရင် တစ်ခုနှစ်ခုလောက်တော့ ရိုက်တာပေါ့လေ။ ဒီလိုရိုက်လို့ ရလာတဲ့ပိုက်ဆံဆိုရင်လည်း ထောင်ကမလွတ် သေးတဲ့ သူငယ်ချင်းတွေဆီကို ထောင်ဝင်စာ ပို့လို့ ရတာပေါ့လေ။ ကြော်ငြာရိုက်လို့ ၁၅ သိန်း ရရင် ခရီးစရိတ်နုတ်ပြီး ၁၀ သိန်း လောက် ပို့နိုင်တာပေါ့။ ကျွန်တော်ရှာလို့ရတဲ့ ပိုက်ဆံ သူငယ်ချင်းတွေဆီ တစ်ထောင်ချင်းစီ လိုက်ပို့ချင်တယ်။ ကိုယ်တိုင် လက်ထိ လက်ရောက် လိုက်ပေးချင်တယ်။ ပိုက်ဆံပေးတာကတော့ ပိုကောင်းတာပေါ့။ ထောင်မှာ ဈေးဘားဆိုတာ ရှိတယ်။ လိုတာမှာလို့ ရတယ်။ ဒီလို စဉ်းစားမိတယ်။

မေး... မှတ်ပုံတင်နဲ့ ပတ်စ်ပို့လျှောက်ပြီး တက်ချင်တဲ့ သင်တန်းကို နိုင်ငံခြား မှာတက်ဖို့ အစီအစဉ်ကော ရှိသေးလား။

ဖြေ...အမှန်တိုင်းပြောရရင် ဟိုအရင်ကတည်းက သွားချင်တာ။ ဟိုဘက်ကလည်း ခေါ်တယ်။ ပတ်စ်ပို့တော့ ပေးသင့်ပြီလို့ ထင်တယ်။ သုံးလလောက် ပဲဆိုရင်တော့ သွားချင်တယ်။ သိပ်ကြာရင် မတက်ချင်ဘူး။ ကျွန်တော် တစ်ခု လုပ်ချင်တာရှိတယ်။ မီဒီယာသင်တန်း လည်း တစ်ပတ်တန်သည် သွားတက် ချင်တယ်။ စိတ်ဝင်စားတယ်။ မီဒီယာကို သင်ချင်တယ်။ တပည့်ခံချင်တာ။ အင်တာဗျူးတဲ့ သူလည်း အရမ်းလုပ်ချင်တယ်။ မေးချင်တဲ့ အစီအစဉ်တွေရှိတယ်။ လယ်ရီကင်းလိုပေါ့။ မေးချင်သူတွေရှိတယ်။ အဲလို မေးချင်မြန်း ချင်တာ။

မေး... ထောင်ထဲက အတွေ့အကြုံတွေကို ပြန်ရေးဖို့ ပြန်ထုတ်ဖို့ စိတ်ကူးရှိခဲ့လား။

ဖြေ....ရေးပြီးသားရှိခဲ့တယ်။ ပထမအကြိမ် အဖမ်းခံရတုန်းက စအဖမ်းခံရတဲ့ အချိန်ကစပြီး လွတ်လာတဲ့အချိန်ထိ ဒိုင်ယာရီ ရေးခဲ့တယ်။ ခေါင်းထဲ ရေးခဲ့ရတာ။ လွတ်လာတော့ အဲဟာတွေကို မေ့မှာစိုးလို့ ချရေးခဲ့တာ ဗလာစာအုပ်နဲ့ ရှစ်အုပ်ရတယ်။ ဒါကို အရင်က ယူကေ သံအမတ် ဗစ်ကီဘောမန်းက ယူသွားတာ ပါသွားခဲ့တယ်။ အခု သူက အဆင်သင့် သူ့ လက်ထဲမှာ ရှိပါတယ်လို့ ပြောတယ်။

သာသနာ့ဝန်ထမ်းများ ယာဉ်မောင်းနှင်မှု မင်းကွန်း၌ အထူးအမိန့်ဖြင့် တားပြီ


စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု ဇုန်ဖြစ်သော မင်းကွန်းဒေသ၌ သာသနာ့ဝန်ထမ်းများ ယာဉ်အမျိုးမျိုးမောင်း နှင်သွားလာခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မင်းကွန်းဒေသ သံဃဝိသောဓနီအဖွဲ့မှ အထူးအမိန့်ဖြင့် တားမြစ်ထားပြီး ကျူးလွန် ဖောက်ဖျက်သူအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းကွန်းဒေသ၌ သာသနာ့ ဝန်ထမ်းများနှင့် ပတ်သက်၍ ရဟန်းရှင်လူပြည်သူ များအကုသိုလ် မ ဖြစ်ပွားစေရေး၊ကမ္ဘာကျော်မင်းကွန်း ဒေသ၏သာသနာရေးဂုဏ်သိက္ခာ မကျဆင်းစေရေးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လက်တွေ့အကောင် အထည်ဖော်ရေးတို့အတွက် လူမြင်ကွင်း၌အကြည်ညိုမဲ့စေသော လုပ်ငန်းရပ်များကို ပြုလုပ်ပြောဆိုသော သာသနာ့ ဝန်ထမ်းများအား သန့်ရှင်းအောင် ဆောင်ရွက်သည့် ဆရာတော်သံဃာတော် များနှင့် ဒေသအာဏာပိုင်များပါဝင်သော မင်းကွန်းဒေသ သံဃဝိသောဓနီ အဖွဲ့ကို ယခုနှစ် ဇွန်လ ၃ဝ ရက် နေ့တွင် ဖွဲ့စည်းအပြီး အဆိုပါ အမိန့်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

သံဃဝိသောဓနီအဖွဲ့မှ နယ် လှည့် ဓမ္မကထိကဆရာတော် ဘဒ္ဒန္တနန္ဒိမာဓိပတိက ”အရင်က မင်းကွန်းဒေသမှာ ရဟန်းတွေ၊ ကိုရင်တွေက ဆိုင်ကယ်တွေစီး၊ ကားတွေ မောင်းကြတယ်။ အဲဒီ အခါကျတော့ ဆိုင်ကယ်မှောက် တာတို့၊ဆိုင်ကယ်တိုက်တာတို့ဖြစ်ပြီး ဒဏ်ရာရကြတာတွေရှိတယ်။ ဒါတွေဟာ သံဃကျင့်ဝတ်နဲ့ မညီတဲ့အပြင် လူပုဂ္ဂိုလ်တွေက မြင်ရင်လည်းအကြည်ညိုပျက်ပြီး သာသနာတော်ညစ်နွမ်းစေတယ်။ ဒါအပြင်သာသနာရောင် ထွန်းပြောင်တဲ့ မင်းကွန်းဒေသရဲ့ ဂုဏ်သိက္ခာ ကိုထိခိုက်စေ လို့ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီးဒီအမိန့်ကို ထုတ်လိုက်တာ။ ဒီအမိန့်က မင်းကွန်းဒေသက သာသနာ့ဝန်ထမ်းတွေသာမက မင်းကွန်းကိုလာတဲ့ ပြင်ပက သာသနာ့ဝန်ထမ်းတွေပါ အကုန်လိုက်နာရမှာပါ။ မလိုက်နာဘူးဆိုရင်တော့ သံဃဝိနည်းကိစ္စ စည်းကမ်းအရရော၊ တရားဥပဒေအရပါ ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု မိန့်ကြားသည်။

သတင်း.... Popular News

ပခုက္ကူ ရေကြီးမှု လူအသေ အပျောက် ဆက်လက် မြင့်တက်

မိုးနှောင်းရာသီ ကာလအတွင်း ပထမဆုံး အကြိမ် ဖြစ်ပေါ်ခဲ့သော 02B မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ရာ ဆန်၊ ပဲ၊ ကောက်ပဲသီးနှံနှင့် ချည်ထည်များ အထူးပြု ရောင်းဝယ် ဖောက်ကားမှုဖြင့် နာမည်ကျော်ကြားသည့် ပခုက္ကူမြို့ရှိ ရွှေချောင်း ချောင်းဘေး ဝဲယာတစ်လျှောက်တွင် ဆောက်လုပ် ထားသော နေအိမ်များ တောင်ကျချောင်းရေကြောင့် မျောပါခဲ့ရာ လူတစ်ရာခန့် သေဆုံးဖွယ်ရှိကြောင်း ပခုက္ကူ မြို့ခံများက ပြောကြားသည်။

" ချောင်းဘေးကလူတွေ အဆိုးဆုံး ဖြစ်သွားတာပါ။ မနက် ငါးနာရီလောက်မှာ ဖြစ်သွားတာ ဆိုတော့ အငိုက်မိပြီး ခံရသလို ဖြစ်သွားတယ်။ ရင်ခွဲရုံမှာ အလောင်း ၃ဝ ကျော် ရောက်နေပါပြီ။ လူအယောက် ခြောက်ဆယ်ကျော်ကတော့ ပျောက်ဆုံးနေပါတယ် " ဟု ပခုက္ကူ ပြည်သူ့ဆေးရုံသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ အသက် ၆ဝ ခန့်အရွယ် ဆန်ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ပခုက္ကူမြို့၌ ရုတ်တရုတ် ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် အဆိုပါ မြို့အဝင်ရှိ ရွှေချောင်း ချောင်းကို ဖြတ်ကာ တည်ဆောက် ထားသော ကွန်ကရစ် တံတားမှာ သုံးပိုင်းကျိုးသွားပြီး အဆိုပါ တံတားနှင့် အနီးဆုံး ရပ်ကွက်ဖြစ်သည့် အမှတ် (၃) ရပ်ကွက်ရှိ ၂ လမ်း၊ ၃ လမ်း၊ ၄ လမ်း၊ ၅ လမ်း၊ ၆ လမ်းတို့မှာ ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး အိမ်အလုံးလိုက် မျောပါကာ မိသားစုလိုက် ပျောက်ဆုံးမှုများပင် ရှိကြောင်း ၎င်းက ပြောကြားသည်။

ပခုက္ကူမြို့တွင် ဖြစ်ပွားသော ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ The Voice Weekly က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့ရာ အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အထိ စာရင်းများအရ ၅၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေကြီးမှု ဘေးဒဏ်ကို ပခုက္ကူမြို့ပေါ်တွင် သာမက ဆိပ်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်း မြို့နယ်များတွင်ပါ ခံစားခဲ့ရပြီး ထိခိုက်သေဆုံးမှုများ ရှိကြောင်း ဆိပ်ဖြူနှင့် ဆင်ဖြူကျွန်း ဒေသခံများက ပြောကြား သည်။

သတင်...The Voice

22 October 2011

ကဲတိုင်ကြပေတော့ မြန်မာပြည်သူတွေကို နည်းမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ ဒင်းတို့အား..

ဂတ်ဗိုလ် အပြောင်းအလဲ

(New Statesman မှ 17.Oct.2011 ရက်စွဲပါ “The Shifting of the guard” သတင်းဆောင်းပါးကို yangonchronicle မှ ဘာသာပြန်ဆိုသည်။)

ယခုဆောင်းပါးရှင် Peter Popham ၏ “The Lady and The Peacock” လေဒီ နှင့် ခွပ်ဒေါင်း (ဒေါ်စု အထုပ္ပတ္တိ) ကို နိုဝင်ဘာ ၃ ရက် တွင် ဖြန့်ချိမည် ဖြစ်သည်။

ဒီမိုကရေစီသို့ ဦးတည်သော စစ်မှန်သည့် တိုးတက်ပြောင်းလဲမှုအားလုံး ရပ်ဆိုင်းနေခဲ့သော မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ၏ နေ့ရက်များမှ လမ်းခွဲ ပြောင်းလဲတော့မည့် လက္ခဏာများ စတင်ပေါ်ထွက်လျက်ရှိသည်။ ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံး အခါသမယ ဖြစ်နိုင်ဖွယ်ရှိပါသလား။

နောက်ဆုံးတွင်မူ မြန်မာနိုင်ငံ၌ အပြောင်းအလဲစတင်တော့မည်ဖြစ်ကြောင်း ခိုင်မာစွာ ရည်ညွှန်းသည် ဟုဆိုနိုင်သော ဖြစ်ရပ်တစ်ခု သြဂုတ်လ ၁၇ ရက်က ပေါ်ပေါက်ခဲ့သည်။ ဤကိစ္စသည် အများအံအား သင့်ကြသော ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သမိုင်းဝင်တွေ့ဆုံမှု မဟုတ်ပဲ တွေ့ဆုံမှုအပြီးတွင် သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ကာ ညစာဖြင့် ဧည့်ခံမှုပင် ဖြစ်ပေသည်။

အကယ်၍ ယခင်အာဏာရှင် ဦးသန်းရွှေ၏ အာဏာပါဝါများ အားနည်းလာပြီဆိုသည်ကို တစုံတယောက်က သံသယရှိသည်ဆိုပါက ဤအတွက် အထောက်အထားများရှိပြီး ဖြစ်ပါသည်။ ဦးသန်းရွှေသည် တချိန်က နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များနှင့် အစည်းအဝေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ထွက်ပေါ်လာပါက ချက်ခြင်း ရုတ်သိမ်းတတ်ခြင်းကြောင့် နာမည်ဆိုးသောသူ တစ်ဦးဖြစ်ခဲ့သည်။ သို့သော်လည်း ဦးသန်းရွှေ၏ “ ဒေါ်အောင်ဆန်းစုကြည် အပေါ် မုန်းတီးမှု” သည် “ အတူအကွ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည် ဟု ပညတ်ထားသော မှော်ဝင်အရုပ်ကို ပင်အပ်ဖြင့် ဝိုင်းထိုးတတ်ကြသော ဗိုလ်ချုပ်မှူးကြီးကတော် နှင့် အခြား ဗိုလ်ချုပ်ကတော်များ၏ မုန်းတီးမှု ” ကို လုံးဝယှဉ်နိုင်လိမ့် မဟုတ်ပါ။

ထိုသို့သော ထူးထူးဆန်းဆန်း အိမ်တွင်းပုန်း နိုင်ငံ၏ ကျိုးကြောင်းမဆီလျော် ရီရွှင်ဖွယ်ကောင်းသော နေပြည်တော် အဝေးမြို့တော်ကို အနောက်ကမ္ဘာ နာမည်ကျော် “လေဒီ” က ယခု အသိအမှတ်ပြု လက်ခံလိုက်ပြီ ဖြစ်လေသည်။

ထို့နောက်တွင်မူ အပြောင်းအလဲ လက္ခဏာများ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့သည်။ တစ်နှစ်ခန့် နှောင့်နှေးကြန့်ကြာနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ပြည်ဝင်ခွင့်ဗီဇာကို ခွင့်ပြုခဲ့သည်။ ၁၀လကြာအောင် ဆင်ဆာ စောင့်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး အပါအဝင် သူမ၏ သတင်းနှင့် ရုပ်ပုံများ မြန်မာ့သတင်းစာစောင်များတွင် ၁၉၈၉ နောက်ပိုင်း ပထမဆုံးအကြိမ် စတင် ပါဝင်လာသည်။ (နိုင်ငံရေး ကိစ္စများကို ဖြတ်တောက်ထားသော်လည်း ကိစ္စမရှိပါ။) ထို့အပြင် လူ့အခွင့်အရေး ကောင်မရှင်ကိုလည်း ယခင်အစိုးရ လက်ထက်က လူဟောင်းများ ထည့်သွင်းကာ ဖွဲ့စည်းပေးခဲ့သည်။ ဤမျှမကသေးပဲ ခေတ်မမှီတော့သော တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်မည့် ကောင်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းကာ ကုလသမဂ္ဂ လူသားခြင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ အကြံဉာဏ်များ ရယူလျက်ရှိသည်။

မျှော်လင့်မထားသော အံ့အားသင့်ဖွယ် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ရပ်မှာ “ ထွက်ရှိသမျှ လျှပ်စစ်ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ သွယ်ယူရန်အတွက် ဧရာဝတီမြစ်ဖျားကို ကန့်လန့်ပိတ် တည်ဆောက်နေသော မြစ်ဆုံတရုတ်ရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်သည့် လုပ်ဆောင်မှုပင် ဖြစ်သည်။ ယခုနှစ်ပိုင်းအတွင်း ထိုစီမံကိန်းကြောင့် နစ်နာဆုံးရှုံး ရသည့်အပြင် လတ်တလော အစိုးရတပ်များနှင့် တိုက်ခိုက်နေသော ကချင်တိုင်းရင်းသားများ၏ တရုတ်ဆန့်ကျင်ရေး မုန်းတီးမှုနှင့် မြန်မာပြည်သူများ၏ မျိုးချစ်စိတ်တို့ ပူးပေါင်းမိကာ မြစ်ဆုံတမံ ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများ ကြီးထွားလာခဲ့သည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံအားပေး ရပ်တည်လိုက်ပြီး နောက်တွင်မူ ထိုစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု သမ္မတ က ကြေငြာလိုက်လေသည်။ “ပြည်သူလူထု၏ ဆန္ဒနှင့်ဆန့်ကျင်နေသောကြောင့်” ဟူသော စကားလုံး သည် ယခင်က အကြောင်းမျိုးစုံပြကာ ထင်ရာလုပ်တတ်သော မြန်မာအစိုးရအပေါ် အံ့အားသင့်စရာ အကြောင်းရင်း တစ်ခုပင်ဖြစ်သည်။

ယခုလတ်တလောတွင် အစိုးရက နောက်ထပ် တက်ကြွသော ဆောင်ရွက်မှုတစ်ခုကို စတင်လိုက်ပြန် ပါသည်။ ထင်ရှားသော နိုင်ငံရေးသမားများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကို အစိုးရကလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ မနှစ်က နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး နောက်ပိုင်း မည်သူကိုမျှ လွှတ်ပေးခြင်းမရှိသည့်အချက်ကပင် ယခု လွတ်ငြိမ်းချမ်းသာခွင့်ကို ထူးခြားစေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော မေလက ခပ်ပါးပါးလေး လွတ်ငြိမ်းချမ်းသာခွင့်ပေးသော အစီအစဉ်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသား မဆိုသလောက်သာ အကြုံးဝင်ခဲ့ခြင်းကြောင့် အလားတူပင် ဝေဖန်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့တော်နေအိမ်တွင် ၇ နှစ်ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာသည်မှာ တစ်နှစ်ခန့် ရှိတော့မည်ဖြစ်ပြီး သူမ၏ လွတ်လပ်မှုတွင် အပိုင်းနှစ်ပိုင်း လုံးဝကွဲနေသည်။ ပထမအပိုင်းမှာ လွန်စွာနှေးကွေးခြင်းဖြစ်သည်။ သူမ လွတ်မြောက်လာပြီးနောက် လူထုပရိသတ်ကို မိန့်ခွန်းပြောကြားခဲ့သော်လည်း ယခင် အာဏာရှင်အစိုးရကို လွန်စွာ ဒေါသထွက်စေခဲ့သော “အုတ်တံတိုင်းပေါ်မှ ကျော်၍ လူထုပရိသတ်နှင့် တွေ့ဆုံပွဲများ” ကိုပြန်လည် ပြုလုပ်ခြင်းမရှိတော့ပေ။ ထိုမျှမကသေးပဲ ၂၀၀၂ ခုနှစ်က ဒီပဲယင်းမြို့ အနီးတွင် တပ်မတော်အစိုးရ၏ လက်မရွံ့လူရမ်းကားများ ခြုံခိုတိုက်ခိုက်မှုကြောင့် သူမ၏ အမာခံ ထောက်ခံသူများစွာ အသက်ဆုံးရှုံးခဲ့ရကာ အဆုံးသတ် ခဲ့ရသော နိုင်ငံရေးစည်းရုံးမှု ခရီးစဉ်မျိုးကိုလည်း ပြန်လည် အကောင်အထည်ဖော်ခြင်း မရှိတော့ပေ။

အဝေးကပန်းတိုင်

ဒေါ်အောင်ဆန်းစုကြည်သည် သူမ လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံခြားသတင်းထောက်များစွာနှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီး သူမထံသို့ နိုင်ငံခြား သံတမန်များ၊ ကိုယ်စားလှယ်များ အမြောက်အများ လာရောက် တွေ့ဆုံခဲ့ကြသော်လည်း သူမ၏ ပြည်တွင်း ရပ်တည်မှု အနေအထားမှာ စိုးရိမ်ဖွယ်ရာ “ပါးလျားလွန်း” နေသည်ပာု ရှုမြင်လျက်ရှိကြသည်။ မည်သည့်နေရာမဆို မည်သည့်နိုင်ငံရေးလောကမဆို ရယူခွင့်ရှိသော “ရွေးကောက်ပွဲအောင်ပွဲခံသည့် ရလဒ်အပေါ်အားပြုရပ်တည်ခွင့်” ကို သူမ လုံးဝမရနိုင်ခဲ့ပါ။ (သူမက ထို ၁၉၉၀ ရလဒ်ကို ဆုပ်ကိုင်ထားဆဲပာု ပြောကြားခဲ့ဘူးသည်)

ပြီးခဲ့သော မတ်လက ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်သို့ (ဆောင်းပါးရှင်) သွားရောက်ခဲ့စဉ်က သူမသည် ပါတီဝင်များကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ကာ အလုပ်များနေခဲ့သည်။ သူမက သူတို့ထံသွားရမည့်အစား သူတို့က သူမထံ လာတွေ့ကြရခြင်းဖြစ်ပြီး ထိုနှစ်ခုသည် တူညီခြင်းမရှိပါ။ ရန်ကုန်မြို့ပြင် ထွက်၍ ပဲခူးသို့ သွားသော ခရီးမှာလည်း နေ့ခြင်းပြန် ခရီးစဉ်မျှသာ ဖြစ်ပေသည်။

ထိုအရာအားလုံးသည် သမ္မတဦးသိန်းစိန်နှင့် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်တို့က ယခင်တပ်မတော်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးလိုက်ချိန် (ဆောင်းပါးရှင်၏ မြန်မာခရီးအပြီး ၁၀ ရက်အကြာ) တွင် စတင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

အညှာကြွေချိန်ဦးလာသော စစ်သားအို တစ်စု(အမှန်တကယ်မှာ တစ်ဦးထဲသာ) က သူတို့ယုံကြည်စိတ်ချသူများထံ အာဏာ အမွေပေးခြင်း ပာုယူဆရသောကြောင့် ကြီးမားသော အပြောင်းအလဲကို မျှော်လင့်ခဲ့ကြခြင်းမရှိပါ။ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းမှ ရှမ်း၊ ကချင် အုပ်စုများနှင့် အနှစ် ၂၀ အပစ်ရပ်ထားခြင်း ပျက်ပြားကာ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့သောကြောင့် ပြည်သူတို့၏ “မျှော်လင့်ချက်မဲ့ ခံစားမှုများ” ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သမ္မတဦးသန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သြဂုတ်လ ၁၇ ရက် တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ “နိုင်ငံရေး ရေမြေ ပြောင်းချိန်” ဖြစ်သွားခဲ့သည်။ အဝေးမြို့တော်နေပြည်တော်မှ သမ္မတအိမ်တော်သို့ အထူးဖိတ်ကြားခံရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရ အကြီးအကဲက တမင် ချောင်ထိုးထားခဲ့သော သူမ၏ဖခင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကားချပ်၏ အောက်တွင် သမ္မတ ဦးသိန်းစိန်နှင့် နှုတ်ဆက်၍ ပြုံးရွှင်ကျေနပ်စွာ သတင်းဓာတ်ပုံ အရိုက်ခံခဲ့လေသည်။

အထက်ပါ လိုက်လျောမှုလက္ခဏာများအတွက် အပြန်အလှန်အားဖြင့် အစိုးရက ဘာကိုပြန်လိုချင်သလဲ ဆိုသည်မှာ အလွန်တရာ ရှင်းလင်း ပါသည်။ အာဆီယံအဖွဲ့၏ ၂၀၁၄ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူလိုခြင်း၊ အရေးယူပိတ်ဆို့မှု Sanctions များ ဖယ်ရှားပေးစေလိုခြင်း၊ ကမ္ဘာ့ဘဏ်နှင့် IMF အဖွဲ့အစည်းတို့ကို ပြန်လာစေလိုခြင်း(ကျပ်တည်းစွာ ရုန်းကန်နေရသော နိုင်ငံစီးပွားရေးကို သိသာစွာ အားဖြည့်ရန်) တို့ပင် ဖြစ်ပေသည်။ တကယ့် ဒီမိုကရေစီ ထွန်းကားရေးပာု ဆိုပါက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊ နယ်စပ်တောင်တန်းတွင် ငြိမ်းချမ်းအောင် ဆောင်ရွက်ခြင်း၊ အခြေခံဥပဒေကို ပြန်လည်ရေးသားခြင်း စသည်တို့ပါဝင်ရပေလိမ့်မည်။ တပ်မတော်(သို့) စစ်တပ်၏ သြဇာ အမြစ်တွယ်နိုင်အောင် အာမခံထားသည့် အခြေခံဥပဒေကို ဖန်တီးပေးသော အမျိုးသားညီလာခံကို ဦးသိန်းစိန်ကပင် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့ဒီမိုကရေစီ သည် အဝေးကပန်းတိုင်(သို့) အလှမ်းဝေးသော ပန်းကလေးဖြစ်နေဆဲပာု ဆိုသော်ငြားလည်း ကနဦး ခြေလှမ်းများကို ကျွန်တော်တို့ မြင်နေရပြီ။

ပခုက္ကူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူ နှစ်ထောင်ဝန်းကျင်ခန့်ထိရှိနေပြီး ထိုပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၁ခုနှစ် အောက်တိုဘာလ-၁၉ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်မှစ၍ မိုးရေချိန် ၆.၂၃ လက်မနှင့် ရွာသွန်းခဲ့သော မိုးကြောင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ရွှေချောင်းမှ ချောင်းရေများမြင့်တက် ကာ လူနေအိမ်များ၊ စာသင်ကျောင်းများအတွင်းသို့ ရေများဝင်ရောက် ခဲ့သောကြောင့် ပခုက္ကူမြို့နေ ပြည်သူ ၅၀ ဦးနှင့်အထက် သေဆုံးကာ၊ လူဦးရေ ၂၀၀ ဝန်းကျင်မှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၂ထောင်ခန့်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဆေးရုံကိုရောက်တော့ လူနာတွေ အများစုက ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးကုန်ကြတယ်။ သေဆုံးတာက ခန့်မှန်းခြေ ၅၀ ဦးနဲ့ အထက်လောက်ရှိမယ်”ဟု ပခုက္ကူမြို့ပေါ်မှ ကိုယ်တိုင် ကြုံတွေ့ သူဒေသခံတစ်ဦးဖြစ်သည့် ကြက်သွန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးသိန်းက ပြော သည်။

ပခုက္ကူမြို့အနောက်ဘက် ယင်းမာပင်မြို့နယ်အတွင်းရှိ ထန်းတောကြီးကျေးရွာ၊ ဂုံတော ကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဘိန်းနွယ်ချောင်းကျေးရွာ၊ မြရွှေပြည်ကျေးရွာတို့နှင့် ပခုက္ကူအရှေ့ဘက် အမှတ်(၃) ရပ်ကွက်များအတွင်းသို့ ရွှေချောင်းအတွင်းမှ ချောင်းရေများ ဝင်ရောက်သွားခဲ့မှုကြောင့် သေဆုံးသူဦးရေ (၅၀) ဝန်းကျင်၊ ပျောက်ဆုံးသူဦးရေ (၂၀၀) ဝန်းကျင်နှင့် ဒုက္ခသည်စခန်းများ၌ နေထိုင်သူ ၇၀၀ ကျော်၊ စုစုပေါင်းလူဦးရေ နှစ်ထောင်ဝန်း ကျင်ခန့်မှာ ရေဘေးဒုက္ခဒဏ်ခံခဲ့ရကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာဌာနတို့မှ ပြောကြားချက်များအရ သိရသည်။

“ကျွန်တော်တို့ (၃) ရပ်ကွက်ထဲက (၁)လမ်း၊ (၂)လမ်း၊ (၃)လမ်း၊ (၄)လမ်း၊ (၅)လမ်းစတဲ့ လမ်းတွေမှာ ရေအများဆုံးပဲ။ လူဦးရေစုစုပေါင်းဆို ၃၀၀ ဝန်းကျင်လောက်ရေစီးနဲ့ မျောပြီးပျောက်နေ တယ်လို့ လူဦးရေစာရင်းတွေလိုက်စစ်တော့ သိရတယ်”ဟု ပခုက္ကူမြို့နယ် (၃) ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ဌေးက ပြောသည်။

“ဒီအချိန်မှာ လာရောက်ပြီးတော့အစားအသောက်၊ အဝတ်အထည်တွေကိုလှုဒါန်းမယ့် အလှုရှင်တွေကိုပဲ စောင့်နေရတယ်။ အိမ်ထဲကိုရေတွေ ရုတ်တရက်ကြီးဝင်လာတော့ ဘာတစ်ခုမှ မယူလာနိုင်ဘူး။ ခုချိန်ဆို ပစ္စည်းတွေရေနဲ့မျောလို့ ကုန်လောက်ပြီ၊ သောက်ရေသန့်ရဖို့လည်း လိုအပ်နေပါတယ်”ဟု ရွှေချောင်းကျေးရွာအုပ်စုမှ ရေဘေးဒုက္ခသည်တစ်ဦးဖြစ်သူ မသိမ့်ဆိုသူက ပြောသည်။

ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ ၂၁ ရက်နေ့အထိ သုံးရက်တိုင်အောင် ရေဘေးဒုက္ခသည်ဦးရေစုစုပေါင်း ၂ထောင် ဝန်းကျင်မှာ ဘုန်းကြီးကျောင်းများအား ကယ်ဆယ်ရေး စခန်းများအဖြစ် အသုံးပြု၍ နေထိုင်နေရပြီး၊ အဆိုပါဒုက္ခသည်များ၏ အစားအသောက်၊ ဆေးဝါး အထောက်အပံ့များအား ဒေသခံများမှ ပင်ကူညီဆောင်ရွက်ပေးနေရလျက်ရှိကြောင်းနှင့် လာရောက် လှုဒါန်းမည့် အလှုရှင်များအားလည်း စောင့်မျှော်ကြလျက်ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်တို့အား ဆက်သွယ်ထားသည့် ကွန်ကရစ် တံတား အမျိုးအစားဖြစ် သည့် ရွှေချောင်းတံတားပေါ် သို့ ရေများကျော်တက်ခဲ့ပြီး ရေစီးအားကြောင့် တံတားမှာ သုံးပိုင်းကျိုး ကာ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မိုးများလို့ ရွှေချောင်းထဲရေလျှံနေချိန်မှာ ဆည်ကနေ ရေတွေလွှတ်လိုက်လို့ ရေစီးအားကြောင့် တံတားကျိုးသွားတာလို့ကြားတယ်။ တံတားကရုတ်တရက်ကျိုးသွားတော့ တံတားပေါ်ကလူတွေပါ ပါသွားတာကို မြင်လိုက်ရတဲ့လူတွေရှိတယ်”ဟု ပခုက္ကမြို့ခံတစ်ဦးဖြစ်သူ ဦးကျော်ဌေးက ပြောသည်။

မိုးသည်းထန်စွာရွ့ာသွန်းမှုကြောင့် တောင်ရွာဆည်အတွင်းမှ ရေများအား ရွှေချောင်းအတွင်းသို့ လွှတ်ထုတ်လိုက်သောကြောင့် ရွှေချောင်းတံတားကျိုးခဲ့ပြီး၊ ရေလွှမ်းမှုခံခဲ့ရကြောင်း ဒေသခံတို့မှ ပြောကြားသော်
လည်း မိုးများ၍သာယခုလိုဖြစ်ပွားခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောကြားခဲ့သည်။

“မိုးများလို့ဒီလိုဖြစ်တာပါ။ ဆည်ကရေလွှတ်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒုက္ခသည် တွေရဲ့ စားရေးသောက်ရေး ငွေရေးကြေးရေးကအစ တာဝန်ယူပေးဖို့ စီစဉ်နေပါပြီ”ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေ ရေဘေးသင့် ဒေသများအား သွားရောက်လေ့လာခဲ့ပြီး ရေဘေးဒုက္ခသည်များအတွက် နေရေး ထိုင်ရေး၊ ဆေးဝါးနှင့် အစားအသောက် အထောက်အပံ့များအား ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးများအား ၂၆ ရက်နေ့နောက်ဆုံးထားပြီး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်တင့်ထံမှ သိရသည်။

သတင်း..မြစ်မခမီဒီယာ ။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနနှင့် ပြင်ပ ပန်းချီပညာရှင်များ၏ ပူးပေါင်း တင်ဆက်မှု အဖြစ် “The Portraits of Myanmar People Art Show” ပန်းချီပြပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေ့စဉ် ဖွင့်လှစ် ပြသသွားမည် ဖြစ်သည်။

ပန်းချီပြပွဲတွင် ပန်းချီဆရာ ဦးဝင်းဖေမြင့်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ စန်ဒာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ ဖိုးစံတို့၏ ဆီဆေး၊ အက်ခရီလစ်၊ ခဲပန်းချီ၊ ပုံတူ ပန်းချီကားများကို ခင်းကျင်း ပြသသွားမည် ဖြစ်သည်။ ပန်းချီပြပွဲမှ ရောင်းချ ရရှိငွေများကို အဖွဲ့ချုပ်မှ ဆောင်ရွက်လျှက်ရှိသော လူမှုထောက်ပံ့မှု လုပ်ငန်းများတွင် သုံးစွဲရန် လှူဒါန်းသွားမည်ဟု သိရှိရသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးခင်မောင်ရင်၊ ဦးသုခ၊ လူထုစိန်ဝင်း၊ ဦးသော်တာ၊ ကိုမြင့်ဆွေ၊ တေးရေးဆရာ ကိုနေဝင်းနှင့် ဆန်နီညိမ်းတို့၏ ပုံတူကားများနှင့် အခြားပန်းချီကားများလည်း ပါဝင်သည်။

ပန်းချီကားများကို ပြပွဲတွင် တိုက်ရိုက် ဝယ်ယူနိုင်သည့်အြပင် ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူအားပေး လိုသူများအနေဖြင့် အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးမှူး ဦးကြည်တိုး၊ ဖုန်းနံပတ် +၉၅၉-၅၁၈-၆၂၇၄၊ အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့လည်း ဆက်သွယ် ဝယ်ယူနိုင်ကြပါသည်။

သတင်း...... http://burmese.nldburma.org