23 November 2010

ယနေ့တွင် ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေးအား လူငယ်များ တက်တက်ကြွကြွ “ဝန်းရံ” ပေးကြရန်လည်း ဆွေးနွေးခဲ့ခြင်း




အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟို လူငယ်ဖော်ဆောင်ရေး ခေါင်းဆောင် ၈ ဦးတို့ တွေ့ဆုံပြီး တပတ်ခန့်အကြာတွင် တိုင်းနှင့်ပြည်နယ်မှ လူငယ်ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံခဲ့သည်။ တက်ရောက်ခဲ့ကြသော လူငယ်ခေါင်းဆောင်များတွင် အမျိုးသမီးများ အများဆုံးတွေ့ရပြီး ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုလူငယ်အကြံပေး ဦးအုန်းကြိုင်တို့လည်း တက်ရောက်သည်။

ဗိုလ်ကြီးဝင်းထိန်ကို အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးထားပြီးယနေ့ ပြည်နယ်နှင့် တိုင်း လူငယ်များကိုလည်း လုံခြုံရေးသင်းတန်းပို့ချသွားရန်လည်း သဘောတူခဲ့သည်ဟုသိရပါသည်.။

ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ထိုမှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကို ဖွဲ့စည်းထားသည်။

ချင်းပြည်နယ်နှင့် ကယားပြည်နယ် မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူငယ်ခေါင်းဆောင် ၁၃ဝ ကျော် အဖွဲ့ချုပ်ရုံးတွင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ နာရီကြာဆွေးနွေးခဲ့သည်ဟုသိရှိရပါသည်.။

ဓာတ်ပုံ ...AP

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိသွားပြီ ဖြစ်ကြောင်း


ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး အလက်ဇန္ဒား အဲရစ္စနှင့် သားငယ် ကင်မ် အဲရစ္စတို့ကို စစ်အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ခြင်းကြောင့် မိခင်ဖြစ်သူနှင့် ၁၀ နှစ်ကြာ တွေ့ဆုံခွင့်မရခဲ့ဘဲ ယခု ပထမဆုံးအကြိမ် ကင်မ် အဲရစ္စက ပြည်ဝင်ခွင့် ဗီဇာရရှိခြင်းဖြစ်သည်။

သားငယ် ကိုထိန်လင်းဟာ မိခင်ဖြစ်သူနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ ကြိုးပမ်းနေတာ ၂ ပတ်ကျော်ကြာပြီ ဖြစ်ပါသည်.။

သားငယ်ဖြစ်သူ ကိုထိန်လင်းကို မနက်ဖြန် မနက်တွင် လေယာဉ်ကွင်းမှာ သွားရောက် ကြိုဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတယ်လို့လည်း သတင်းရရှိပါသည်.။

ဓာတ်ပုံ...AP

အနုပညာမောင်နှမများ၏ ပေးဆပ်မှုအင်အား








အနုပညာမောင်နှမများ၏ ပေးဆပ်မှုအင်အား

၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော်အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိမဖြူဖြူသင်းထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့သွားရောက်ပြီးဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်းကူညီထောက်ထားသောစိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုတော်အနဂ္ဂသည် သူ၏အ၀တ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှငွေသားများ၊ ဦးကျော်သူမှ T-Shirtများ၊ ပြည်မြို့ရွှေပေါက်ပင်ဆရာတော်ကြီး၏ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော် ကျင့်စဉ်စာရွှက်များ ၊ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော် တစ်ဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်
နောက် ခုနှစ်ရက် သားသမီးများ စုပေါင်း လှူဒါန်းထားသော ဒံပေါက်ထမင်း၊ရေခဲမုန့်တို့ဖြင့်  ကျွေးမွေးပြီးအားပေးစကားများပြောကြားခဲ့ကြသည်။


လူသားအချင်းချင်းစာနာကူညီဖေးမသောစိတ်ဓါတ်နှင့် မြတ်စွာဘုရားဟောကြားကျင့်ကြံခဲ့သော ဗြဟ္မစိုရ်တရား(၄)ပါးကိုလက်ကိုင်ပြုခဲ့သောအနုပညာမောင်နှမများနည်းတူ မြန်မာပြည်သူလူထုတစ်ရပ်လုံးကပါ အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို ပေးကြမည်ဆိုပါက ကမ္ဘာမြေကြီးတစ်ခုလုံး သာယာစိုပြေမှုများနှင့် လူသားအားလုံး အေးချမ်းသာယာစိုပြေ တော့မည်ဖြစ်သည်။

လူနာများကိုအားပေးနှစ်သိမ့်ခဲ့ကြသလိုလူနာများ၏ ပြန်လည်ပြောကြားသောရင်တွင်းစကားများ၊ ခံစားချက်များ၊ ခံယူချက်စိတ်ဓါတ်များတို့သည် အားပေးခဲ့သူအားပေးစကားပြောကြားခဲ့သူ ကျွန်တော်/ကျွန်မတို့အတွက် အင်အားသစ်များများစွာဖြစ်ခဲ့ရပေတော့သည်။

ဓာတ်ပုံ များ ပို့ပေးသော မိတ်ဆွေ အားကျေးဇူးတင်ရှိပါသည်.။

22 November 2010

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း ၁မှ၇ )


-ဒေါ်အောင်ဆန်းစုကြည်၏-နှလုံးသားပုံရိပ်များ-အပိုင်း-၁မှ၇-ကိုမောင်မောင်ဝမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းများ..

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်လူကြီးများ တိုင်းရင်းသားခေါင်းဆောင်များ အစည်းအဝေးတစ်ခု..

မနက်ဖြန်(၂၂)ရက်နေ့ မနက်(၁၀)နာရီမှာ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်...။

အန်ကယ်တို့ မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးပါမယ်.. မနက် ၁၀နာရီလောက်မှာ စတင်ပါမယ်.. ပြည်နယ်နှင့်တိုင်း အသီးသီးက လူငယ်အဖွဲ့ဝင် ၁၀၀ကျော်လောက် ရောက်ရှိနေပါပြီ..။ အန်ကယ်တို့ CECနဲ့ CC တွေလည်း တက်ရောက်ပါမယ်.. ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်...။

တောင်ဒဂုံမှHIV ဝေဒနာရှင်များ နောက်ဆက်တွဲသတင်း

ဆက်လက်ပြီး ပြီးခဲ့တဲ့ ၁၈ရက်နေ့က တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ HIV ဝေဒနာသည်များ လက်ခံထားရှိတဲ့ ဂေဟာမှ ဝေဒနာရှင်များအား ဧည့်စာရင်း တိုင်ကြားခွင့်အား ပိတ်ပင်လိုက်ခြင်းနှင့် ပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေများကို မေးမြန်းကြည့်ရာမှာတော့.. သူတို့ ကျန်းမာရေးဋ္ဌာနက လာညှိတယ်.. သာကေတဘက်မှာ Campတွေ လုပ်ထားတယ်ပြောတယ်..။ Camp တွေကို လိုက်ကြည့်မယ် လူနာတွေအတွက် သင့်တော်မယ့် အခြေအနေ လက်ခံနိင်မယ့် အခြေအနေရှိမရှိ သွားကြည့်မယ်..။ အဆင်ပြေရင်နေမယ် မပြေရင် ဒီမှာပဲဆက်နေမယ်.. လူနာတွေကတော့ ဒီမှာနေရတာ အဆင်ပြေတယ်လို့ သတ်မှတ်ကြတယ်..။ ဒီမှာနေရတာက စေတနာပါတယ်.. နွေးထွေးမှုရှိတဲ့ အနေအထားတွေရှိတာပေါ့ ဟုပြောဆိုသွားပါတယ်..။

အဆိုပါ စောင့်ရှောက်ရေး ဂေဟာများကို ၂၀၀၂ခုနှစ်ကတည်းက အဖွဲ့ချုပ်၏ အစီအစဉ် ဝေဒနာရှင်များအား လက်ခံခဲ့ပြီး အဖွဲ့ချုပ်ဗဟိုကော်မတီဝင် စေတနာရှင် မဖြူဖြူသင်းမှ ဦးဆောင် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်...။ နိုဝင်ဘာလ ၁၇ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဝေဒနာရှင်များအား တရင်းတနှီးသွားရောက် တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့မှာပဲ ရပ်ကွက်အာဏာပိုင် ဆိုသူများမှ အဆိုပါဂေဟာတွင် နေထိုင်ဆေးကုသနေသူများအား နေထိုင်ခွင့် ဧည့်စာရင်းတိုင်ခွင့်အား လာမည့် ၂၅ရက်နေ့အထိသာ ခွင့်ပြုမှာ ဖြစ်ကြောင်း ဖိအားပေး အကြပ်ကိုင်ခဲ့ပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောဆိုခဲ့ပါတယ်..။


21 November 2010

ပြည်တွင်းထုတ် ဂျာနယ် (၉)စောင်အား စာပေစိစစ်ရေးမှ ဂျာနယ် ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း သိရ

ပြည်တွင်း ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ် (၈)စောင်အား ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ နိုဝင်ဘာလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်အရ သိရသည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

First Eleven Sports Journal နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၁)ပတ်စီ ရပ်နားစေခဲ့ကြောင်း ကြေညာချက်အရ သိရသည်ဟုnews-eleven ဂျာနယ် တွင် ဖော်ပြပါရှိပါသည်.။

သုံးရောင်ခြယ်ကျောင်းသားများဒေါ်အောင်ဆန်းစုကြည် အားသွားရောက် ကန်တော့ကြသော ဓာတ်ပုံ သတင်း ..


ရန်ကုန်မြို့ တွင်ကျန်ရှိနေသေးသောသုံးရောင်ခြယ်ကျောင်းသားများက ယမန်နေ့ညနေ ၆နာရီတွင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကန်တော့ခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည် မှာ သုံးရောင်ခြယ်ကျောင်းသားများအားကိုတွေ့လိုက်ရတဲ့ အခါမှာ သူမ အနေနဲ့ မျက်ရည်များဝဲလာပြီး အသံများ ပါတုံရီလာတဲ့အထိ ဝမ်းသာခဲ့ကြောင်းနောက် ဒေါ်အောင်ဆန်းစုကြည် ကနေသူအရမ်းဝမ်းသာရတဲ့ အကြောင်း ကတော့ သားတို့ (သုံးရောင်ခြယ်)ကျောင်းသားတွေအနေနဲ့ (၂၂)နှစ်ကာလပါတ်လုံး အထိ တယောက် နဲ့ တယောက် ဖေးဖေး မမ ကူညီစွာ နဲ့ တယောက် အပေါ် တယောက် နားလည်မှု တွေရယူပြီး ရဲဘော် ရဲဘက် စိတ်အပြည့်နဲ့ အခုချိန် အထိသားတို့ (သုံးရောင်ခြယ်) ကျောင်းသားတွေစည်းစည်းရုံးရုံးရှိနေကြတဲ့ အတွက် အရမ်း ဝမ်းသာ ဂုဏ်ယူမိကြောင်းပြောကြားခဲ့ ပါသည်။




သုံးရောင်ခြယ် ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည် အား Laptop Computer နဲ့ မိတ်ဆက်ပေးခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် က Apple Computer ကိုပိုအားသန်ကြောင်း လိုအပ်တဲ့ Computer(laptop) တလုံးမကြာမှီဝယ်ယူသွားမည် ဟုသိရပါသည်။



နောက်သုံးရောင်ခြယ်ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည် ကိုဘာများမှာကြားခြင်ပါသေးလဲလို့ မေးတဲ့ အခါသားတို့ (သုံးရောင်ခြယ်)ကျောင်းသား တွေရဲ့ ညီညွတ်မှု့  ကိုအခုလက်ရှိအဖွဲ့ တွေရောနောင်လာမဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေကပါသားတို့ (သုံးရောင်ခြယ်)ကျောင်းသားများကိုစံနမူနာအနေနဲ့ ထားရှိဘို့ ပြော လိုကြောင်းပြောပြခဲ့ ပါသည်။ည၈နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည် မှ သုံးရောင်ခြယ် ကျောင်းသားများ ကိုသူတို့ ရဲ့ ကားနားအထိပြန်လည်ပို့ ဆောင်နူတ်ဆက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

သတင်း ဓာတ်ပုံ များပေးပို့ ပေးသော ကိုမိုးကျော်(သုံးရောင်ခြယ်) အားကျေးဇူး တင်ရှိပါသည်.။

ရွှေရတု စာစောင် နိုဝင်ဘာလ

Shweyatu2010!11!7 PDF

The_Voice_6-51

The_Voice_6-51

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်


ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို တာဝန်လွှဲပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ၀ါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွှဲအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ ကွန်ဂရက်ရဲ့ ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။

“အဓိက ကတော့လေ ဒီနိုင်ငံရေးခေါင်းဆောင်တွေ၊ နည်းနည်းအသက်ကြီးတဲ့ လူတွေကို ဂါရ၀ပြုတာ တခုရယ်။ နောက်ပြီးတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကလေးမြို့ ဆုံးဖြတ်ချက် မှတ်တမ်းကို အခု ဒေါ်စု လွတ်လာတဲ့အခါမှာ ဒီဥစ္စာကို ဆုံးခန်းတိုင်ဖြစ်ဖို့ အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က လုပ်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့က သူ့ကို လွှဲအပ်တာ။ ဒီ ၂ ချက်ပါပဲ။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီးအမျိုးသားများ ကွန်ဂရက် တည်ထောင်တာ ၂၂ နှစ်ပြည့်တဲ့ အခမ်းအနားမှာ ကလေးမြို့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တာဝန်လွှဲအပ်တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့တယ်လို့ ပူးကျင်ရှင်းထန်က ပြောပါတယ်။

“ကျနော်တို့က တိုင်းပြည် အခြေအနေကြည့်ပြီးတော့ ပင်လုံကဲ့သို့သော ညီလာခံ ဒုတိယပင်လုံ လိုအပ်နေတယ်။ အဲဒါကို လုပ်ရအောင်ဆိုပြီးလုပ်တော့ အဖွဲ့အစည်း ၅၀ ကျော်ကနေပြီးတော့ ဒါ မှန်ကန်တဲ့အကြောင်း တုံ့ပြန်ကြတယ်။ နောက် ကလေးမြို့ ဆုံးဖြတ်ချက်ကို အားလုံး ဆုံးခန်းတိုင် အကောင်အထည်ဖော်တဲ့အထိ ကျနော်တို့ ဆက်လက် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ သံန္နိဌာန်ချပြီး လက်မှတ်ထိုးတဲ့ လူက ၁၀၉ ယောက်လောက် ရှိတယ်။ အဲဒါတွေကို အခု ဒေါ်စု လွတ်လာတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့မှ ဆုံးခန်းတိုင် အကောင်အထည်ဖော်နိုင်ဖို့ လွှဲအပ်တဲ့အခါမှာ သူက ပြောတာက ၀မ်းသာစွာ လက်ခံပါတယ်။ ဒါပေမဲ့ ကျမ တယောက်တည်းတော့ ဘယ်ဖြစ်မလဲ။ အားလုံး ဆက်ပြီးတော့ ၀ိုင်းပြီးတော့ ကူညီကြပါ၊ - ဆိုပြီးတော့ သူက ပြောပါတယ်။”

ဒီလို လက်မှတ်ရေးထိုးရာမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ပါဝင်တာဖြစ်ပါတယ်။ အခု တာဝန်လွှဲအပ်တာကလည်း ဒီလို ပါဝင်လက်မှတ် ရေးထိုးသူများကိုယ်စား သူက လွှဲပြောင်းပေးတာဖြစ်တယ်လို့ ပူးကျင်ရှင်ထန်းက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ကျော် အရွယ်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး ခေါင်းဆောင် ၂၀ ကျော်ကို ဂါရ၀ပြု ပူဇော်ကန်တော့ခဲ့ပါတယ်။

ဒီပွဲကို နိုင်ငံရေးလှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ၊ တိုင်းရင်းသားလူငယ်တွေနဲ့ မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူတွေက ပူးပေါင်း စီစဉ်ခဲ့တာဖြစ်ပြီး လူ ၁,၀၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

သတင်း..VOA
ဓာတ်ပုံ..A Z H

ဝါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲ အခမ်းအနား သတင်းဓာတ်ပုံ မြင်ကွင်း



















ဝါရင့်နိုင်ငံရေးသက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်


အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေး သမားကြီးသခင်သိန်းဖေအိမ်တွင် ယနေ့(၂၀.၁၁.၂၀၁၀)စနေ့န့နက်(၉)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့်တက်ရောက်ကြသည်။

အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌ ဦးတင်ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီး နိုင်ငံရေး သမားကြီး(၂၈)ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။

ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့်ချီရှိခဲ့ကြောင်း သိရှိရသည်။

ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။


ဓာတ်ပုံ..AP .၊KZH

20 November 2010

ရွှေခမောက် စာစောင် (၁၂၇)

Shwekhamauk 127

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ ရုပ်မြင်သံကြား သီးသန့်ဆွေးနွေးခန်း

ဓာတ်ပုံ ...AP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုတ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။



“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီက ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ”

မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ”

လတ်တလော နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။

“အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ၀မ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ၀နဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ…ပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက် သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်း သားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ”

မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီး ဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင် ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။

“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခု မရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံပါတယ်။

“တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ ၂ ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ၀န်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ် ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အ၀ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း VOA ကို အခုလို ပြောပါတယ်။

“လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အဲန်အယ်လ်ဒီလို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ် သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါ တယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ”

နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလု မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံစာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်”

မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ် ပေါင်း ၁၅ နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။

“အဲဒါကတော့ အန်တီ့ကို ၀ိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ၀ိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ် ချင်းတွေ… နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ”

နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ NLD လူမှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ ပြောပြခဲ့တာဖြစ်ပါတယ်။

အဖွဲ့ချုပ် ကို ဖျက်သိမ်းခံပါတီအဖြစ် ဖော်ပြရန် ဂျာနယ်များကို စာပေစိစစ်ရေး မှခေါ်ယူသတိပေး

ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို ဖော်ပြရာမှာ NLD ပါတီအစား ဖျက်သိမ်းပြီး NLD ပါတီဆိုတဲ့ စာလုံးကို အစားထိုးသုံးဖို့အတွက် စာပေစိစစ်ရေးက ဂျာနယ်တိုင်းကို မဖြစ်မနေ ထည့်သွင်းရေးခိုင်း နေပါတယ်။ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ပတ်သက်လို့ တရားရုံးမှာ စွဲဆိုထားတဲ့အမှု မပြီးပြတ်သေးခင် အခုလို ဖျက်သိမ်းပြီးသော ဆိုတဲ့ အသုံးအနှုန်းကို ဖော်ပြခိုင်းတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ကျတယ်လို့ NLD ပါတီရဲ့ ရှေ့နေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကိုဖော်ပြဖို့ ဘယ်လို ကန့်သတ်ခံနေရသလဲ ဆိုတာကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထိန်းသိမ်းခံထားရာကနေ လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားခွင့်ပေးပေမဲ့ ကန့်သတ်ချက်တွေ များလွန်းတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် NLD ပါတီအစား ဖျက်သိမ်းပြီးသော NLD ပါတီ၊ ဗဟန်းမှာရှိသော ဖျက်သိမ်းပြီးသော NLD ပါတီရုံးချုပ် ဆိုတဲ့ အသုံးအနှုန်းတွေကို စာပေစိစစ်ရေးက မဖြစ်မနေ ထည့်ခိုင်းနေတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“လူထုစည်းဝေးပွဲကို ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပြုလုပ်ပါတယ်လို့ ရေးတဲ့အခါမှာလည်း သူက ဘယ်လိုရေးခိုင်းသလဲဆိုတော့ ဖျက်သိမ်းပြီးသော NLD ပါတီ ပေါ့နော်၊ နောက်ပြီးတော့ ဖျက်သိမ်းပြီးသော အမျိုးသား ဒီမိုကရေစီရုံးချုပ်ရှေ့ ဆိုပြီး အဲဒီလိုမျိုး ထည့်ခိုင်းတယ်ခင်ဗျ။ ဒီတပတ်ထွက်မယ့် ဂျာနယ်တွေရော၊ နောက်တပတ်ထွက်မယ့် ဂျာနယ်တွေရောမှာ အဲဒီလိုပဲ ရေးရမယ်ပေါ့နော်။ ဒေါ်စုကို လူထုတွေက အားပေးနေတဲ့သတင်းတွေ မပါရဘူးခင်ဗျ။ သူ့ရဲ့ အနီးကပ်ဆုံး ပုံတပုံကိုပဲ ပေးသုံးတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် လူထုကို ဘာတွေဟောတယ်၊ ပြောတယ် ဆိုတာတွေလည်း ရေးလို့မရဘူး။”

တကယ်တော့ NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စွဲဆိုထားတဲ့ အမှု မပြီးပြတ်သေးဘဲ ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၁၈ ရက်နေ့ကမှ နေပြည်တော် တရားရုံးချုပ်မှာ အမှုကို ကြားနာခဲ့တာပါ။ အခုလို အမှုမပြီးပြတ်သေးဘဲ ဖျက်သိမ်းပြီးသော NLD ပါတီဆိုတဲ့ အသုံးအနှုန်းကို ရေးသားခိုင်းတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ကျတယ်လို့ NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒါ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ဟာပါ။ NLD ပါတီဟာ အခုထိ ရပ်တည်ဖို့ နည်းလမ်းတကျ ဥပဒေဘောင်အတွင်းက ကြိုးစားဆောင်ရွက်နေတယ်။ ဒါကြောင့် ဖျက်သိမ်းပြီးဆိုတဲ့ဟာကို အဲန်ကယ်တို့ လုံးဝ လက်မခံပါဘူး။ ကျနော်တို့ NLD ပါတီဟာ ရပ်တည်မှုနဲ့ပတ်သက်ပြီးတော့ တရားတဘောင် ရှိတယ်။ တရားရုံးမှာရှိတယ်။ တရားရုံးက မဆုံးဖြတ်ခင် အခုလို အသုံးအနှုန်းမျိုး ဖျက်သိမ်းပြီး NLD တို့၊ ဖျက်သိမ်းပြီး NLD ရုံးဟောင်းတို့ ဒီလိုသုံးတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်တယ်လို့ အဲန်ကယ်လ်တို့ မြင်ပါတယ်။”

NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာနဲ့ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် တရားရင်ဆိုင်နေတာဖြစ်ပြီး အမှုကို တရားရုံးက ပယ်ချခဲ့ရင်လည်း ရှေ့ဆက် ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

သတင်းဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေကို ရေးသားရာမှာ သတင်းတိုပုံစံနဲ့သာ ရေးသားခွင့်ပေးပြီး သတင်းဆောင်းပါးလို အရေးအသားမျိုးတွေ အားလုံးကို စာပေစိစစ်ရေးက ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးသွားတဲ့ ဓါတ်ပုံကို စာပေစိစစ်ရေးတင်ရာမှာ ဓါတ်ပုံရဲ့အောက်မှာ စာတမ်းမတင်မိလိုက်ဘဲ ထုတ်ဝေဖြန့်ချိတဲ့အခါမှာတော့ တရားရုံးသွားတဲ့ပုံလို့ စာတမ်းထိုးမိလိုက်တဲ့ ပေါ်ပြူလာဂျာနယ်ကိုလည်း မနေ့က စာပေစိစစ်ရေးက ခေါ်ယူသတိပေးခဲ့ပါတယ်။

ဒီလိုတင်းကျပ်တဲ့ ကန့်သတ်မှုတွေအပြင် နိုဝင်ဘာလ ၁၆ ရက် အင်္ဂါနေ့က ထုတ်ဝေခဲ့တဲ့ First Eleven အားကစားဂျာနယ်ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဥရောပ ဘောလုံးပွဲ အသင်း ၃ သင်းနိုင်တဲ့ အကြောင်းကိုရေးရာမှာ အရောင်တွေခွဲထားတဲ့ စားလုံးတွေကို ဖတ်ကြည်ရင် SU Free ဆိုတဲ့ စာတမ်းကို တွေ့ရတဲ့အတွက်ဆိုပြီး ပြစ်ဒဏ်ပေးခံရတာဖြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

“ဘောလုံးဂျာနယ်လေးမှာ highlight လေးတွေ လုပ်ပြီးတော့ အင်္ဂလိပ် စာလုံးလေးတွေ ဖော်ပြတဲ့နေရာမှာ ပြဿနာ တက်နေတော့ အယ်ဒီတာကို အလုပ်ထုတ်ခိုင်းတယ်။ ဒါပေမဲ့ တိုက်ပိုင်ရှင်တွေကတော့ အလုပ်မထုတ်ဘဲနဲ့ ဂျာနယ် ၂ ပတ် ရပ်ဆိုင်းလိုက်တယ်လို့တော့ ကျနော်တို့ ကြားရတယ်ခင်ဗျ။ ဆန်းဒါးလန်း က Sunderland လို့ပေါင်းထားတယ်ခင်ဗျ။ အဲဒီမှာ သူက SU ကို အနီတော်တော်ရင့်ပြီး highlight လုပ်ထားတယ်။ နောက်တခါ အဲဒီမှာ Free ဆိုတဲ့ စာလုံးတလုံး ပါတယ်ခင်ဗျ။ အဲဒီကြားထဲမှာပေါ့နော်။ သူက အဲဒီ Free ကိုလည်း highlight လုပ်ထားတယ်။ SU Free ပေါ့ဗျာ။ အဲဒီဟာကို သူတို့က ထောက်ပြီးတော့ပေါ့နော် သူတို့ဂျာနယ် ၂ ပတ်နားဆို နားပေးပါမယ်ဆိုပြီးတော့ နားမယ်လို့ ကျနော်တို့ ကြားတယ်ခင်ဗျ။”

သတင်းထောက်တဦး ပြောပြခဲ့တာပါ။ ဒါပေမဲ့ First Eleven ဂျာနယ်ဟာ စာပေစိစစ်ရေးကို မူကြမ်းတင်တဲ့စာနဲ့ အချောထုတ်ဝေ ဖြန့်ချိတဲ့ကြားမှာ မတူညီတာတွေ ပါသွားတာရှိသလို အားကစားနဲ့ မပတ်သက်တဲ့ အကြောင်းအရာ တခုကို ဖော်ပြမိတဲ့အတွက် ဂျာနယ်ကို ၂ ပတ် ထုတ်ဝေခွင့် ရပ်နားခံရတာဖြစ်တယ်လို့ Eleven Journal ရဲ့ တာဝန်ခံ အယ်ဒီတာတဦးဖြစ်တဲ့ ကိုဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။

သတင်း...VOA

ယနေ့ တွင် တသီးပုဂ္ဂလ အမတ် များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ယနေ့ တွင် တသီးပုဂ္ဂလ အမတ် (၁၂)ဦး ဖြစ်ကြသော ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးသိန်းတင်၊ ဦးမိုးထွန်း၊ ဦးရန်ကျော်၊ ဦးဝင်းချို၊ ဦးလှရှိန်၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦး၊ ရှေ့နေ ဦးလှမျိုးမြင့်၊ တို့ နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ မဖြူဖြူသင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်.။

အဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ အမတ်များအကြား ကွန်ယက်တခု ထူထောင်ရန် HIV/ AIDS ပိုးရှိသူများ ကူညီစောင့်ရှောက်ခြင်းဖြင့် စတင်မည်ဟု ယနေ့တွင်သဘောတူခဲ့ကြသည်ဟုသတင်းရရှိ ပါသည်။