10 November 2010

ဆရာဦးဝင်းတင် နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး


ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်း အစစ်အမှန်တို့ရဲ့ အောင်ပွဲ ဖြစ်တယ်




ဦးဝင်းတင်နဲ့ မေးခွန်းများ

၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။

ဆရာက တိုတိုတုတ်တုတ်ပဲ

“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင်ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …”
လို့ ပြောလိုက်ပါတယ်။

“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓမြတိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြားကိစ္စပါပဲ။

ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန်ခဲ့တာပေါ့ကွာ။

အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေအပြင် ပြည်တွင်းစစ်လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။

ကျနော်တို့အနေနဲ့ တိုတိုတုတ်တုတ်သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီးတခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ်အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။
ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက်အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။

ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက်တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန်နယ်ဖြားတွေအထိ ဒီသဘောထားဟာ ပြန့်နှံ့သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီဖြစ်တယ်လို့ သုံးသပ်တယ်။

နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ်ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။

ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်းစုကြည်ပုံတွေသုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက်ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့တတွေဟာလည်း ကိုယ်ပိုင်အရည်အချင်းနဲ့ နိုင်တာမဟုတ်ဘူး။
နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခုရွေးကောက်ပွဲဝင်တဲ့သူတွေက သူတို့ကိုယ်သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့တတွေဟာ အနိုင်မရကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင်မရကြဘူး။ တကယ်တမ်းကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ်အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူလိုက်တယ်လို့ သုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲကြီးမှာ အနိုင်ရလိုက်တယ်ဆိုတာက ဘာနဲ့ အလားသဏ္ဍန်တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာဆိုရင် ဒီမိုကရေစီအင်အားအစစ်အမှန်တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစားနေတာပါ။ အင်န်ဒီအက်ဖ်လိုမျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်းအတုအယောင်တွေက ၀ိုင်းထဲမှာ အပြည့်ဝင်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘောသာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုးနေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုးကြတဲ့သူတွေပါ။

အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေအနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန်မဟုတ်တဲ့အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။
ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည်တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ဒုတိယပင်လုံညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက်သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။

(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)

သတင်းရင်းမြစ်..မိုးမခ

မြ၀တီမြို့တွင် နအဖအာဏာပိုင်များဖမ်းဆီးထားသူဂျပန် သတင်းသမား Toru Yamaji ပြန်လွတ်ပြီး


မြန်မာအာဏာပိုင်တို့က သတင်းသမား Toru Yamaji ကို အင်္ဂါနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။ ရွေးကောက်ပွဲသတင်းယူရန် မြန်မာပြည်သို့ သွားရောက်စဉ် ၂ ရက်ကြာ ထိန်းသိမ်းခံရပြီး လွတ်လာခြင်း ဖြစ်သည်ဟု ဘန်ကောက်မြို့ ဂျပန်သံရုံးက ပြောသည်။ Yamaji သည် ကလောင်အမည် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ Toru Matsumoto ဖြစ်သည်။

တိုကျို အခြေစိုက် APF သတင်းဌာန အကြီးအကဲ အသက် ၄၉ နှစ် အရွယ် Yamaji သည် မြ၀တီမြို့မှ ပြန်လည် လွတ်မြောက်လာပြီး နောက်တွင် ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ရောက်လာသည်ဟု ဂျပန် သံအရာရှိတို့က ပြောသည်။

Yamaji သည် တနင်္ဂနွေနေ့က ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီသို့ သွားရောက်စဉ် တရားမ၀င် ၀င်ရောက်မှုဖြင့် ထိန်းသိမ်းခံရသည်။

သတင်းသမား Yamaji ၏ ကျန်းမာရေး ကောင်းမွန်ပုံရသည်ဟု သံတမန်တို့က ပြောသည်။

သတင်းရင်းမြစ်...မိုးမခ

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်


မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် (၈) နာရီနှင့် (၉) နာရီကြားတွင် မြဝတီမြို့ပေါ်၌ ပစ်ခတ်မှုတချို့ရှိခဲ့သော်လည်း ဒီကေဘီအေ တပ်များမြို့တွင်းမှ ဆုတ်ခွါသွားသည့်အတွက်ကြောင့် မဲဆောက်ရောက် စစ်ပြေးဒုက္ခသည် တဝက်ခန့် မြဝတီသို့ ယနေ့ နေ့လည် (၂) နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။

တပ်မဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်) ဗိုလ်မှူးကြီး စောလားဗွယ် ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါလေဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် အဆိုပါဒေသရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်သို့ ဆက်လက်ထွက်ခွါလာနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်စပ်မြို့ တဘက်ခြမ်းရှိ ဘုရားသုံးဆူဘက်တွင် ဒီကေဘီအေ တပ်မဟာ (၅) တပ်များနှင့် နအဖစစ်အစိုးရတပ်များ ယနေ့မနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်မှ လေယာဉ်သုံးပြီး ပတ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ထိုင်းဘက်သို့ ထွက်ပြေးနေမှုများ ရှိနေကြောင်း ဒီကေဘီအေနှင့်နီးစပ်သည့် ကရင်အမျိုးသားတဦးက ပြောသည်။

သူက “ဘုရားသုံးစူမှာ စစ်တပ်က သူတို့ လေယာဉ်နဲ့ကို လာတယ်။ မနက် (၁ဝ) နာရီလောက်တုန်းက လေယာဉ် ၂ စီး လာတယ်။ သူတို့ ရွာထဲကို ပစ်ထည့်တယ်။ လက်နက်ကြီးတပ်ဆင်ထားတဲ့ အပေါ်ကနေပြီးတော့ ရွာထဲကိုပစ်တော့ ရွာသားတွေ တော်တော်လေး ထိနေပြီ။ ပြည်သူလူထုလည်း ထိုင်းထဲကို ပြေးလာတယ်။ ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ ဒဏ်ရာရတဲ့သူက ဘယ်နှစ်ယောက်လဲ မသိဘူး။ သေတာလည်းရှိတယ်” ဟု ပြောသည်။

သတင်းရင်းမြစ်..ရိုးမ(၃)

၈ရက်နေ့အာဏာပိုင် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၂၀၁၀ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေမဲလိမ်ပွဲကြီးကျင်းပဆိုပါလား..



မျှဝေ ပေးပို့သူ ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။

နိုဝင်ဘာအတွင်း အားကောင်းသော မုန်တိုင်းတစ်လုံး ထပ်မံဖြစ်ပေါ်နိုင်

နိုဝင်ဘာလအတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တစ်လုံးထပ်မံဖြစ်ပေါ်ရန် အလားအ လာများရှိနေသည့်အတွက် ကြိုတင် သတိပြုကာကွယ်ရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။

၎င်းက ၂ဝ၁ဝ ရာသီဥတုနှင့် သဏ္ဌာန်တူသောနှစ်များ၏ ရာသီ ဥတုတို့အား နှိုင်းယှဉ်ချက်အရ နိုဝင် ဘာအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ၅ ကြိမ်ဖြစ်ပွားတိုင်း ၃ ကြိမ်မှာ မြန်မာနိုင်ငံသို့ ဝင်ရောက် လေ့ရှိကြောင်း၊ ထို့အပြင် နိုဝင်ဘာသည် မိုးလေဝသသမိုင်း၌ မုန်တိုင်း ဖြစ်နိုင်သောလဖြစ်သည့်အပြင် ယခင်က မြန်မာနိုင်ငံသို့ နိုဝင်ဘာအတွင်း မုန်တိုင်းဝင်ရောက်ခဲ့သည့် သာဓကများလည်းရှိကြောင်း၊ လက် ရှိ၌ ဘင်္ဂလားပင်လယ်အော်တောင် ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူ ချိန်သည် ပုံမှန်ထက် တစ်ဆင့်ပို မြင့်လျက်ရှိပြီး အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်ရှိသည့်အတွက် မုန်တိုင်း ဖြစ်ရန် ပိုမိုအခြေအနေကောင်းလျက် ရှိကြောင်း၊ ၄င်းအပြင်မလက္ကာ ရေလက်ကြားဟုခေါ်သော ကော့သောင်းမြို့၏ တောင်ဘက် ပင်လယ် ပြင်၌ လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်နေသည့်အပြင် လေဖိအားနည်း ရပ်ဝန်းများ တန်းစီ၍ ဖြစ်ပေါ် နေသောကြောင့် နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် ၆ဝ ရာခိုင်နှုန်း သေချာနေသည့်အတွက် ကြိုတင်သတိပြု ကာကွယ်ရန် လိုအပ်သည်ဟု ဆိုသည်။ ”အရင်က မုန်တိုင်းတွေက ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း တွေမှာပဲဖြစ်တာများတယ်။

ဒါပေမဲ့ ရခိုင်ကို ဂီရိမုန်တိုင်းဝင်ပြီးတဲ့နောက် မှာ ရာသီဥတုပြောင်းသွားတာရှိတဲ့ အပြင်နေရာပါ တောင်ပိုင်းကို ပြောင်း လာတယ်။ ဒီလို ရာသီဥတု ဖြစ်စဉ်တွေ တောင်ပိုင်းကို ရွှေ့လာတဲ့အတွက် လေဖိအားနည်းရပ်ဝန်း မဖြစ် မချင်း မိုးရွာသွန်းမှုလျော့နည်းသွား မယ်။ ဒါပေမဲ့ မုန်တိုင်းဖြစ်ပြီ ဆိုရင်တော့ မိုးက ပြန်ရွာမှာပါ။ မုန်တိုင်းဖြစ်ဖို့ကလည်း အလားအလာတွေ ရှိနေတယ်။

နောက်တစ်ချက်က ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းဟာ တောင်ပိုင်းရောက်လေ ရေပြင်ဧရိယာ ပိုကျယ်လေဖြစ်တဲ့အတွက် တောင်ပိုင်းမှာသာ မုန်တိုင်းဖြစ်လာခဲ့မယ်ဆိုရင် ရေပြင်မှာ မုန်တိုင်းနေဖို့ အချိန်ပိုရတဲ့ အားကောင်းသော မုန်တိုင်းတစ်ခုအဖြစ်နဲ့ လာနိုင်လို့ ပိုကြောက်စရာကောင်းပါတယ်။ ဒါ့အပြင် နိုဝင်ဘာလို လမျိုးမှာ မုန်တိုင်းဖြစ်ရင် သင်္ချာလက္ခဏာ ဖြစ်တဲ့ ပါရာဘိုလာပုံစံလမ်းကြောင်း အတိုင်း အနောက်မြောက်၊ မြောက်၊ အရှေ့မြောက် စသည်ဖြင့် ကွေ့ကောက်ပြီး ဧရိယာကျယ်ကျယ် ပြန့်ပြန့်ကိုသွားတာ ဖြစ်တဲ့ အတွက် သတိထား စောင့်ကြည့်ဖို့တော့ လိုပါမယ်”ဟု ၄င်းက ထပ်လောင်း ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ မိုးလွန်ကာလဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်ပါက မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေမှာ ၈ ရာခိုင်နှုန်းသာရှိကြောင်း၊ သို့ရာတွင် ထိုကာလအတွင်း မုန်တိုင်းဝင်ရောက်ခဲ့ပါက မိုးကြိုကာလ မုန် တိုင်းများထက် ပိုမိုအားကောင်း လျက်ရှိသည့်အပြင် အပျက်အစီး ဆုံးရှုံးမှုလည်း ပိုမိုများပြားနိုင် ကြောင်း သိရသည်။

သတင်း...သူရထွန်း

ယခုရက် ကာလအတွင်း၌ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံခြုံရေးစစ်ဆေးမှု ယခင်ကထက် ပိုမိုစစ်ဆေးလာကြောင်း သိရ

အဝေးပြေး ကားဂိတ်များ၊ ရှော့ပင်းစင်တာကြီးများနှင့် လူစည်ကား ရာနေရာများတွင် ယခင်ကာလများထက် လုံခြုံရေးများ တိုးမြှင့်ချထားရေးနှင့်အတူ စစ်ဆေးမှုအပိုင်းတွင်လည်း ပိုမို၍ တင်းကြပ်စွာ စစ်ဆေး ဆောင်ရွက်လာကြောင်း သိရှိရသည်။

ယခုလကာလတွင် လူစည်ကားရာ နေရာများဖြစ်သည့် စေတီပုထိုးများ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းစင်တာများ၊ အခြေခံပညာကျောင်းများ၊ အဝေးပြေးကားဂိတ်များတွင် လုံခြုံရေးများပိုမို၍ ချထားခြင်းနှင့်အတူ စစ်ဆေးမှုအပိုင်းမှာလည်း တိကျ တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်လာကြောင်း စစ်ဆေးတွေ့ရှိလာကြောင်း စုံစမ်းသိရှိရသည်။

ထို့အတူ မ.ထ.သ အဝေးပြေး လက်ထောက်ဌာနမှူးဖြစ်သူ ဦးမျိုးဝင်းက "အခုရွေးကောက်ပွဲ ကာလရက်အတွင်းမှာ ကျွန်တော်တို့နဲ့အတူ သက်ဆိုင်ရာဌာန အသီးသီးက အဝေးပြေးကားဝင်း တစ်ခုလုံးမှာ စစ်ဆေးမှုတွေ အရင်ကထက်ပိုပြီးဆောင်ရွက် နေပါတယ်။ ခရီးသည်တစ်ဦးက ခရီးသွားမယ်ဆိုရင် နိုင်ငံသားစိစစ် ရေးကတ်ပြားပါရမယ်။ ဒါမှမဟုတ်ဘူးဆိုရင် သက်သေ အထောက်အထား တစ်ခုပါရမယ်။ နောက်ပြီးတော့ သူတို့နဲ့ ပါလာမယ့် အထုပ်အပိုးတွေကို စစ်ဆေးသွားမယ်။ ဒါ့အပြင် ပါဆယ်ပုံးတွေ၊ စာအိတ်တွေကိုလည်း တိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။

အလားတူ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ လုံခြုံရေးမီးသတ်ဌာ နမှ ဌာနမှူးဖြစ်သူ ဦးထွန်းအောင် ငွေကလည်း "အခုကာလမှာ ဘုရား ကြီးရဲ့ စောင်းတန်းတွေ အကုန်လုံး မှာ သင့်လုံခြုံမှုအတွက် စစ်ဆေးပေးနေပါတယ်။ ကြည်ဖြူစွာဖြင့် စစ်ဆေးမှုကို လက်ခံပါ၊ မိုင်းသတိရှိပါ စတဲ့ သတိပေး ဆိုင်းဘုတ်ကို ကပ်ထားပြီးတော့ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေအပြင် တခြားဝန်ထမ်းတွေ အကုန်လုံးက ဘုရားကိုလာတဲ့ ဘုရားဖူးလာသူတွေ အေးချမ်းစွာ ကုသိုလ်ယူနိုင်ဖို့အတွက် စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ အဓိကကတော့ ဒီလို စစ်ဆေးပေးရခြင်း အကြောင်းအရင်းက စစ်ဆေးတဲ့သူ တွေကလည်း အမြဲတမ်းသတိရှိနေဖို့။ စစ်ဆေးခံရတဲ့ ဘုရားဖူးတွေက လည်း အမြဲတမ်း သတိရှိစေဖို့အတွက် ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း ၀န်ထမ်းတွေကိုအရင်ကထက် ပိုမိုတိုးချဲ့လာပါတယ်" ဟု ယခု ကာလ၌ စစ်ဆေးရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်ဟု news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

မသမာတဲ့နအဖရဲ့ရွေးကောက်ပွဲဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်ကြိုတင်မဲများကို ပယ်ဖျက်ပေးရန်နိုင်ငံရေးပါတီများ၊ကျော်ကြားသူများနှင့်ဂျာနယ်လစ်များ တောင်းဆို

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

ကြိုတင်မဲများကို ပယ်ဖျက်ပေးရန် တောင်းဆိုသွားရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက"ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"တချို့မဲရုံတွေကိုတော့ ကန့်ကွက်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲက သိပ်အလားအလာမမြင်ဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းထွန်းအေးက ပြောကြားခဲ့သည်။

"ကြိုတင်မဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးသွားဖို့အတွက် တောင်းဆိုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Press ခေါ်ပြီး ပြည်သူလူထုကို အသိပေး ပြောကြားသွားဖို့ရှိပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားခဲ့ပါသည်။

"အခုလတ်တလောမှာတော့ ဌာနချုပ် အစည်းအဝေးလုပ်နေပါတယ်။ ဌာနချုပ်အစည်းအဝေးမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲအခြေအနေ၊ မဲရုံတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ကြိုတင်မဲတွေအတွက် ကန့်ကွက်စာ တင်ထားပါတယ်။ ကြိုတင်မဲတွေကို ပြန်စစ်ခွင့်ပေးရင်တော့ Fair ဖြစ်တယ်လို့ ယူဆပါမယ်။ ပြန်စစ်ခွင့်မရဘူးဆို ရင်တော့ Unfair ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်လုံတဲ့အချက်အလက်တွေရအောင် ကြိုးစားနေပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်ဦးက ပြောပြပါသည်။

"ကြိုတင်မဲဆိုတာက လိမ်ဆင်ကြီးပဲ။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတာလည်း စကတည်းက တရားမျှတမှုမှ မရှိတာ။ မတရားတာကို မတရားဘူးလို့လဲ ပြောထားပြီးပါပြီ။ ဒီလိုမတရားမယ်မှန်းသိလျက်ရဲ့ ၀င်ပြိုင်တဲ့သူတွေ၊ အပေါက်ကျဉ်းကျဉ်းလေးကနေ ၀င်တိုးခဲ့တဲ့သူတွေ အခုကျတော့ ကျောချမှဓါးပြမှန်းသိတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့တွေ ဒီလိုခံရလို့ ၀မ်းသာနေမှာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က နာပါတယ်။ စကတည်းက မတရားတာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့်လည်း ကြိုတင်မဲဆိုတာနဲ့ မတရားလုပ်တာကိုလည်း လက်ခံစရာ အကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲဝင်တဲ့သူတွေက မတရား သဖြင့်လုပ်တဲ့ ကြိုတင်မဲကိစ္စကို ကန့်ကွက်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ပဲ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောပြသည်။

"ကြိုတင်မဲကိစ္စတွေက ကြားနေရတဲ့အတိုင်းဆိုရင် တော်တော်ကို ဗြောင်ကျကျနဲ့ ညစ်ပတ်စွာ လုပ်ဆောင်နေတာပဲလို့ မြင်တယ်။ ဒီလို ညစ်ပတ်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပေမယ့် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီကိစ္စကို ပါတီတွေကသာမက မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်သင့်တယ်။ ကော်မရှင်က အရေးမယူဘူးဆိုရင် တရားဥပဒေအရ တရားစွဲဆိုနိုင်မယ့် လုပ်ဆောင်မှုတွေ လုပ်သွားကြရလိမ့် မယ်လို့ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပြပါသည်။

"ကျွန်တော့်အိမ်ပတ်ဝန်းကျင်က မဲရုံတွေမှာလည်း ကြိုတင်မဲတွေ ထပ်ရောက်လာပြီး စောစောက နိုင်ထားတဲ့သူတွေ ရှုံးသွားတယ်လို့ ကြားရတယ်။ ကြိုတင်မဲဆိုတာ အဲလို ထပ်ရောက်လာပြီး ဘယ်က ရောက်လာမှန်းမသိ။ ဘာမှန်းမသိ။ ဘယ်သူပေးမှန်းလည်း မသိဘူး။ ပြီးတော့ အဲဒါတွေနဲ့ပဲ နိုင်သွားတယ်။ ဒါ့ကြောင့် ကြိုတင်မဲတွေ အကုန်လုံးကို သေချာပြန် စိစစ်ပြီးတော့ လုပ်သင့်တယ်။ ကြိုတင်မဲဆိုတာ အသင့်ဆောင်ထားပြီး လိုကာမှထပ်ဖြည့်တဲ့ ပုံစံဖြစ်နေတယ်" ဟု ကာတွန်းအော်ပီကျယ်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့က ဒီရွေးကောက်ပွဲကနေ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ တကယ် ယုံကြည်ထားတာ။ ဒါကြောင့်လည်း ပြည်သူတွေ မဲပေးဖို့တိုက်တွန်းခဲ့တာ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ခဲ့ရတာတွေကတော့ ကျွန်တော်တို့ ယုံကြည်သလို မဟုတ်ခဲ့ပါဘူး။ အများယုံကြည်လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ဖို့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်" ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။

"ဗဟန်းမှာ ခမောက်ရှုံးစရာ မရှိပါဘူး။ ဒါပေမယ့် ရှုံးတယ်ဆိုလို့ အံ့သြရပါတယ်။ မဲရုံအမှတ် ၂ မှာ မဲ ၂၅၀ နဲ့နိုင်နေတယ်။ ကြိုတင်မဲ ၁၀၀ ကျော်ထပ်ရောက်လာတဲ့အထိလည်း နိုင်နေသေးတယ်။ မြို့နယ်ကော်မရှင် ရုံးရောက်မှ မနိုင်တော့ဘူးဆိုတော့ ကိုယ်တိုင်မဲပေးခဲ့သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး" ဟု ဗဟန်းမြို့ နယ်တွင် နေထိုင်သူမဲဆန္ဒရှင်တစ်ဦးက ပြောပါသည်။

ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ

၅၁။(က) ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။

(ခ) (၁) ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။

(၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။

(ဂ) ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။

(ဃ) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။

၅၂။ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။

၅၃။ (က) ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။

(ခ) မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။

အခန်း(၁၁)

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း

၅၄။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
(က) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
(ခ) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
(ဂ) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
(ဃ) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(င) အချုပ်ခံနေရသူများ၊
(စ) ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
(ဆ) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊


သတင်းရင်းမြစ်..news-eleven.

မြဝတီမြို့ခံ မြန်မာပြည်သူ တွေ ရဲ့ ဘဝ စိုးရိမ်ထိတ်လန့်နေဆဲ


မြဝတီမြို့ခံ မြန်မာပြည်သူများ စိုးရိမ်ထိတ်လန့် စွာဖြင့် ကမ်းပေါ်ပြေးတက်နေသော ယနေ့မြင်ကွင်း

မနေ့က DKBA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြ၀တီမြို့မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲ အကြီးအကျယ် ဖြစ်တဲ့ အခြေအနေတွေကို မတွေ့ရဘဲ အခြေအနေတွေဟာ အင်မတန် တင်းမာနေပြီး ရှုပ်ထွေးနေပါတယ်။ နေ့လယ်ပိုင်းမှာတော့ အခြေအနေက ငြိမ်သက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေထဲက တချို့ မြန်မာပြည်ဘက်ကို ယာယီ ပြန်လာနေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မြ၀တီမြို့မှာ ငြိမ်သက်မှု ရှိသွားပြီလို့ ဆိုပေမဲ့ လူထုကတော့ အခုချိန်ထိ စိုးရိမ် ထိတ်လန့်နေသလို မဲရုံမှာ လုပ်အားပေးနေရသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွလည်း ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြ၀တီမြို့ခံ လူထုထဲက ၄၀,၀၀၀ လောက် နီးပါးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ ထိုင်းနယ်ခြားစောင့်တပ် ၀င်းထဲမှာ မနေ့က ခိုလှုံခဲ့ကြပြီး ဒီနေ့မှာတော့ မိမိတို့ရဲ့ အိမ်ရာတွေဆီ ပြန်နေကြသူတွေလည်း ရှိနေပါတယ်။ မြ၀တီဘက်က ပုန်းအောင်းနေသူတွေကတော့ မနက်က လက်နက်ကြီးသံတွေကြောင့် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း မြ၀တီမြို့မှာ နေထိုင်နေဆဲ ပြည်သူတဦးက အခုလို ပြောပါတယ်။

မြဝတီဘက် ကမ်းကို မဲဆောက်ဘက်မှ စတင်ပြီးပြန်လည်ဝင်ရောက်သော မိုးကုတ်ဂိတ်မှမြန်မာပြည်သူများ

“၇ နာရီ၊ ၈ နာရီလောက်ကတော့ လက်နက်ကြီး လေးငါးခြောက်ချက်လောက် ကြားတယ်။ အခုပဲ လူတွေ အထုပ်တွေ အပိုးတွေပြင်ပြီး ပြေးနေကြတယ်။”

အခုဆိုရင် မြ၀တီမှာ စစ်တပ်နဲ့ DKBA တိုက်ပွဲတွေနဲ့ ရှုပ်ထွေးနေသလို ရွေးကောက်ပွဲကာလ မဲမသမာမှုတွေနဲ့ မှတ်ပုံတင် ယူခိုင်းပြီး မှတ်ပုံတင်နံပါတ်နဲ့ အနိုင်ကျင့် မဲထည့်ခိုင်းတဲ့အတွက် ရပ်ကွက် အာဏာပိုင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီကို မြ၀တီ လူထုတွေက မုန်းတီးမှုတွေဖြစ်ပြီး ဒါးနဲ့ထိုးတဲ့ အဖြစ်တွေလည်း ဖြစ်ပေါ်နေပါတယ်။

မနေ့ကတော့ ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ် ကိုယ်စားလှယ်လောင်းရဲ့ ဖခင် ပစ်သတ်ခံရပြီး သားဖြစ်သူလည်း ရှောင်ပြေးနေရသလို မဲရုံမှူး၊ မဲရုံစောင့်တွေလည်း သူတို့ကို ဘယ်သူတွေက လာသတ်မလဲဆိုပြီး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

“ကြံ့ခိုင်ရေး အလုပ်အမှုဆောင်၊ သူ့အဖေဆိုရင် မနေ့က တံတားနားမှာ နားထင်ကို သေနတ်နဲ့တေ့ပြီး ပစ်ခံရတယ်။ ပွဲချင်းပြီး သေသွားတယ်။ သူ့သားကတော့ ခရိုင်အလုပ်အမှုဆောင်ပေါ့၊ သူလည်း လွှတ်တော်အမတ်ပဲ။ သူ့ကိုလည်း အခု မဲပြီး လိုက်နေတာပေါ့။ သူကတော့ အရင်တုန်းက ဒီမှာ ဆရာကြီးပေါ့၊ တော်တော်များများ ထောင်ထောင် ထောင်ထောင် လုပ်တဲ့လူ။

“အခု မြ၀တီမှာတော့ ကြံ့ခိုင်ရေးနဲ့ မဲပုံးစောင့်တဲ့ ဆရာမတွေကို အဓိကထားပြီး လိုက်သတ်နေတယ်။ မဲပုံးစောင့်တဲ့ ဆရာမတွေ တော်တော်များများလည်း ကြောက်နေကြရတယ်။ သူတို့ခိုင်းလို့ လုပ်ရတာ၊ သူတို့က ဘာသိမလဲ။ သူတို့က မဲပုံးစောင့်ပေးတယ်၊ မဲမသမာမှုတွေကို မျက်ကွယ်ပြုထားတယ်ဆိုပြီး သူတို့ကို မဲတာပေါ့။ မဲပုံးစောင့်တဲ့ ဆရာမတွေရော၊ ရပ်ကွက်လူကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရော ကြောက်နေကြတယ်။

“မြ၀တီဘက်မှာတော့ အမှတ် ၄ ဥက္ကဋ္ဌ ကိုထွန်းထွန်းဆိုရင် သူ့မိန်းမနဲ့ ပတ်သက်တဲ့ မိသားစုတွေ အများကြီးရှိတယ်၊ ဈေးဆိုင်တွေ။ အဲဒီဈေးဆိုင်တွေပါ အကုန် သော့တွေခတ်ပြီး သူတို့ကတော့ ရှာလို့မရတော့ဘူး၊ ပျောက်နေတယ်။”

မြ၀တီမြို့ကို မော်လမြိုင်ဘက်က လာတဲ့ စစ်တပ်အင်အားတွေနဲ့ တိုးချဲ့ ချထားလိုက်ပါတယ်။ စစ်တပ်တွေ နေရာယူပြီ ဆိုတာနဲ့ စစ်တပ်ကိုရှောင်ပြီး ပြေးနေရတယ်လို့ မြ၀တီက ပုန်းအောင်းနေသူက ဆက်ပြောပြပါတယ်။

“စစ်တပ်က စကခ ၁၂ က၊ တပ်ရင်း ၃ ရင်း၊ တပ်သားအင်အားက ၆၀၀ ကျော်တယ်တဲ့။ လူတွေက စစ်တပ်တွေ ရောက်လာတယ်ဆိုရင် စစ်တပ်နဲ့ ဝေးတဲ့နေရာ ပြေးကြတာပေါ့။ မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ဆိုတာ တအားကျယ်တယ်၊ အဲဒီဟိုဘက်မှာ ရာဘာခြံတို့၊ ကျွန်းတောတို့၊ သီဟိုဋ်ခြံတို့ဆိုတာ ရှိတယ်။ အဲဒီမှာ သူတို့ သွားပြီး နေကြတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ ဟိုးဘက်မှာ မြေနီကုန်းဆိုတာ ရှိသေးတယ်။ မြေနီကုန်းရွာတို့၊ ဘုရားကုန်းတို့မှာ သွားနေကြတယ်။”

နောက်ဆုံး အခြေအနေအရ ထိုင်းနယ်ခြားစောင့်တပ် ၀င်းထဲကို ဒုက္ခသည်တွေ လာနေတာတွေလည်း ရှိသလို အဲဒီနေရာတွေကနေ အိမ်တွေကို စိတ်မချလို့ ပြန်နေကြသူတွေလည်း ရှိပါတယ်။ မြ၀တီထဲက DKBA တွေ ပြန်ဆုတ်ခွာသွားတယ် ဆိုပေမဲ့ အခြေအနေတွေက အေးဆေးတဲ့ အခြေအနေမျိုးတွေ မတွေ့ရသေးပါဘူး။ ဒီနေ့မနက်မှာ လက်ဘက်ရည် ထွက်သောက်တဲ့ စစ်သား ၂ ဦး ပစ်သတ်ခံရပြီး တခြား အရပ်သား ၂ ဦးလည်း သေဆုံးမှုရှိကြောင်း မြ၀တီဆေးရုံကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ယနေ့ ညနေစောင်း မြဝတီမြို့ အခြေအနေ

မနက်ပိုင်းမှာပဲ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၄ ဦးရဲ့ သေနတ်တွေကိုလည်း စစ်တပ်က သိမ်းလိုက်ပါတယ်။ ဒီအတွက် နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တွေကိုသာမက နယ်ခြားစောင့်တပ်လုပ်ဖို့ ငြင်းဆန်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီနဲ့လည်း ထပ်မံ ပြဿနာတက်နိုင်ဖွယ် ရှိနေပါတယ်။

နောက်ဆုံးသတင်းတွေအရ မြန်မာစစ်တပ်ကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နှုတ်ခမ်းမွေးရှိတဲ့ နေရာဖြစ်တဲ့ ၀ါးလေဆိုတဲ့ နေရာကို ပိုက်စိပ်တိုက်ရှာပြီး ချေမှုန်းရေးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံဘက်ခြမ်း ဖွတ်ဖရမြို့နယ်ထဲမှာ ဒုက္ခသည်တွေ ၁,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်မှု ရှိနေပါတယ်။

သတင်း....VOA

ဓာတ်ပုံ...မြတ်လေးငုံ

09 November 2010

မြဝတီမြို့ မှ ခေတ္တတိမ်းရှောင်နေကြသော မြန်မာပြည်သူများအား မြဝတီ မြို့သို့ ပြန်လည်မပို့ ဆောင်စဉ် သတင်းဓာတ်ပုံ









ယနေ့ နေ့လည် ( ၂ )နာရီမှစ၍ မြန်မာပြည်သားများအား ပြန်လည် ပြီး မြဝတီမြို့သို့ ပို့ဆောင်နေပါသည်။

မြဝတီမြို့သို့ ယနေ့နေ့လည် တွင်မြန်မာပြည်သူတချို့ ပြန်လည်ဝင်ရောက်သောသတင်းဓာတ်ပုံ

ယနေ့ နေ့လည် (၂)နာရီခန့်တွင် မြဝတီသို့ ပြန်လည်ဝင်ရောက်ကြသော မြန်မာပြည်သူများအားတွေရစဉ်






မြဝတီမြို့ပြင် မှာနေထိုင်ကြသောမြန်မာပြည်သူများ ပြန်လည်လို့ရပါတယ်လို့ ပြောလိုက်သောကြောင့်ကိုယ့်အိမ်ကိုယ်ပြန်ဘို့တန်းစီနေသော မြန်မာပြည်သူများ

ထိုင်းအာဏာပိုင်များနေရာချထားရေးမှ မိမိတို့အိမ်များသို့ ပြန်လိုသော မြန်မာပြည်သူများ ပြန်လည်လို့ ရပါပြီးဆိုတာနဲ့ကိုယ့်အထုတ်ကိုယ်ပိုက်ပြီးပြန်ရန်ပြင်နေကြစဉ်

မြဝတီဘက်ကမ်းကူးရန်လှေဂိတ်တွင် လှေများမထွက်ရဲသေးလို့ စောင့်စားနေကြရသော မြန်မာပြည်သူများ


မဲဆောက်ဘက်ကမ်းမှထိုင်းအာဏာပိုင်များ က မြန်မာပြည်သူများ အား လှေဂိတ် တွင် ပို့ဆောင်ပေးနေစဉ်



မဲဆောက်ဘက်မှ မြဝတီဘက်ကမ်းသို့ သွားရောက်ရန်အတွက် ထိုင်းအာဏာပိုင်များ မှမြန်မာပြည်သူများအား
ကူညီပေးနေစဉ်


မြဝတီဘက်ကမ်း သို့ နေ့လည် (၃)နာရီတွင် မြန်မာပြည်သူ တချို့ ပြန်လည် ဝင်ရောက်နေကြစဉ်

ကိုယ့်တိုင်းပြည် ကိုယ်ပြန်တာ နအဖစစ်တပ်များက သေနတ်ဖြင့် ပစ်မည်ကိုကြောင်ရွံ့စွာဖြင့်ပြန်နေကြသောမြန်မာပြည်သူများ

မဲဆောက်ဘက်ကမ်းမှ ထိုင်းအာဏာပိုင်များမြန်မာပြည်သူများအား ကူညီပို့ ဆောင်ပေးစဉ်


ဓာတ်ပုံ...မြတ်လေးငုံ

မြဝတီမြို့ DKBA နှင့် မြန်မာစစ်တပ်ကြားတပ်ပွဲ နောင်ဆုံး အခြေအနေ

မြ၀တီမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ လက်နက်ကြီးသံတွေ စဲသွားခဲ့ပေမဲ့ လက်နက်ငယ်တွေ ကတော့ ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

တိုက်ပွဲသံ -

မီးလောင်တဲ့နေရာတွေ ရှိနေကြသလို လူတွေကလည်း ပုန်းအောင်နေဆဲပဲလို့ ပြောကြပါတယ်။ ဒီကေ ဘီအေ တပ်မှူးတဦး ပြောပြတာ ကတော့ - “အခုလေ ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာတော့ သူတို့ ထွက်ပြေးဖို့ မလွယ်တဲ့အတွက်ကြောင့် ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာ အကုန်လုံး ရှိတယ်နော်။ ကျနော်တို့နေတဲ့ အနီးတ၀ိုက်က ပစ်ကွင်းတွေဆိုတော့ အဲဒီအိမ်တွေမှာ ပြေးဖို့မလွယ်ဘူး။”

အခုဆိုရင် ကလိုထူးဖောဗျူဟာက ၀လေစခန်းကို လာတဲ့ စစ်အစိုးရဘက်က စကခ (၈) ဗျူဟာ (၃) က ဗိုလ်ကြီးသက်နိုင်ကို ဒီကေဘီအေ ဘက်က စစ်ဆေးဖို့ရှိတာကြောင့် ဖမ်းဆီးထားပြီး ဒီကေဘီအေ တပ်ထဲမှာပဲ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် တပ်ခွဲမှူးအဆင့် ရှိသူတွေ အပါအ၀င် မြန်မာစစ်တပ်ရဲ့ ရဲဘော်တချို့ကိုလည်း ထိန်းသိမ်းထားမှုတွေ ရှိနေပါ တယ်။ ခ.လ.ရ (၃၅၆) စစ်တပ်အတွက် ရိက္ခာ လာပို့တဲ့ ကားတစီးကိုလည်း ဒီကေဘီအေဘက်က ဖမ်းဆီးထားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“ရိက္ခာပို့တဲ့ကားလေ တံတားကို ဒီနေ့ဖြတ်လို့ ကျနော်တို့ ဖမ်းထားတယ်။ သူတို့က ရန်သူကို ထောက်ပံ့ တာဆိုတော့ ကျနော်တို့ရဲ့ ရန်သူလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကို ရန်သူလို့ မသတ်မှတ်ပါ ဘူးနော်။ ကျနော်တို့ အေးအေးဆေးဆေး ခေါ်သွားပါတယ်။ သူတို့က ရန်သူကို ရိက္ခာသွားပို့တော့ သူတို့က ရန်သူကို သတင်းပေးမှာစိုးလို့ ကျနော်တို့ ဖမ်းထားတယ်နော်”

ဒီနေ့မနက် ၃ နာရီအချိန်လောက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမဲရုံး၊ မွန်ကျောင်းမဲရုံး၊ ရပ်ကွက် ၄ မဲရုံးတွေ နေရာမှာ မဲရုံစောင့်တဲ့ ဆရာ၊ ဆရာမတွေကို မြန်မာစစ်တပ်ဘက်ကနေ လာရောက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒီနေ့နေ့ခင်းမှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေအနေနဲ့ တကွဲတပြားစီ ဖြစ်နေကြပြီး တဦးနဲ့တဦး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်အခြမ်းက နယ်ခြားစောင့်တပ်ဘက်ကို လာတဲ့ ဒုက္ခသည်တွေကတော့ ည မိုးချုပ်တဲ့ အထိကို လာနေဆဲပဲဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ အခုဆိုရင် ၄ သောင်းကျော်သွားပြီလို့ သိရပါတယ်။

သတင်း....VOA








မိခင်ဒေါ်အောင်ဆန်းစုကြည်အားတွေ့နိုင်ရန်သားငယ်ဖြစ်သူ ကိုထိန်လင်းခေါ်ကင်မ်အဲရစ်ပြည်ဝင်ခွင့်ဗီဇာသွားရောက်လျှောက်ထားခြင်းကို ထိုင်းသတင်းဌာနရုပ်သံထုတ်လွှင့်