25 June 2010

မြန်မာပြည်မှာ အက်ဖ်အီးစီ တန်ဖိုး ကျဆင်းနေဆဲ


အက်ဖ်အီးစီကို နိုင်ငံခြားငွေ( အမေရိကန်ဒေါ်လာ) များကဲ့သို့ သုံးစွဲခွင့် ပြုထားသော်လည်း ပြင်ပငွေ လဲလှယ်ရေး ဈေးကွက်တွင် အက်ဖ်အီးစီ တန်ဖိုးမှာ အနည်းငယ်သာ တက်လာကြောင်း ငွေကြေး ဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။ ဇွန် ၁၀ ရက်က အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၉၄၀ ကျပ်ရှိရာမှ ဇွန် ၁၉ ရက်တွင် တစ်ယူနစ်လျှင် ၁၀ သာ တက်လာပြီး ၉၅၀ ကျပ် ဈေးပေါက်သည်။

အမေရိကန် ဒေါ်လာမှာ ဇွန် ၁၉ ရက်က တစ်ယူနစ်လျှင် ၉၈၃ ကျပ် ဈေးရှိ၍ အက်ဖ်အီးစီထက် ၃၀ ကျပ်ကျော် ဈေးမြင့်နေသည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ မေလအထိ အမေရိကန် ဒေါ်လာမှာ အက်ဖ်အီးစီ တန်ဖိုးအောက် လျော့နည်းနေရာမှ မေလကုန် နောက်ပိုင်းမှ စတင်၍ အက်ဖ်အီးစီ တန်ဖိုးထက် ဒေါ်လာတန်ဖိုးက ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အက်ဖ်အီးစီကို ၂၀၁၀ ဧပြီလ ၂ ရက်မှ စတင်၍ နိုင်ငံခြားငွေများ ကဲ့သို့ သုံးစွဲခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ အက်ဖ်အီးစီမှာ အသုံးဝင်မှု ပိုလာသော်လည်း တန်ဖိုးသိသာစွာ တက်မလာခြင်းမှာ ယခင်ကဲ့သို့ အက်ဖ်အီးစီဖြင့် စက်သုံးဆီ ဝယ်ယူမှုမှာ ယခုနောက်ပိုင်းတွင် လျော့နည်းလာ၍ ဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၁၀ ရက်မှ စတင်၍ ဖွင့်လှစ် ရောင်းချလာသည့် အတွက်အက်ဖ်အီးစီဖြင့် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူမှု လျော့နည်းသွား ခြင်းကြောင့်၊ အက်ဖ်အီးစီ အသုံးပြုမှု လျော့နည်းသွားခြင်းနှင့် အတူ တန်ဖိုးပါ ကျဆင်းလာခြင်း ဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းခရမ်းမြို့လယ်ခေါင်မှာ လုယက်မှုဖြစ်ပြီး အိမ်ရှင်အသတ်ခံရ

ရန်ကုန်တိုင်း ခရမ်မြို့နယ့်မှာ အခု ၂၂ ရက်နေ့က လုယက်မှု ဖြစ်ပွား ခဲ့ပြီး လုယက်မှုခံရတဲ့အိမ်ရှင် အသတ်ခံ လိုက်ရပါတယ်။ ခရမ်းမြို့ အမှတ် ၃ ရပ်ကွက် မြေနီလမ်းမှာရှိတဲ့ အမှတ် ၂ အထက်တန်းပြ ဆရာမ ဒေါ်မွှေးမွှေးခင် နေအိမ်မှာ ပစ္စည်းလုယက်မှုတွေဖြစ်ခဲ့ပြီး အသတ်ခံလိုက်ရ တယ်လို့ ခရမ်းမြို့ခံတဦးက ပြောပါတယ်။

“၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ အထက်တန်းပြ ကျောင်း ဆရာမ ဒေါ်မွှေးမွှေးခင် အသက် ၅၃ နှစ်ဟာ အိမ်ထဲမှာပဲလေ ပစ္စည်းတွေကို လု ယက်ပြီးတော့ အသက်ခံလိုက်ရတယ်။ သက်တဲ့လူက သူ့အိပ်ခန်းထဲမှာ စက်ဘီး တုပ်ကြိုးနဲ့ လည်ပင်းကို သုံးချက်လောက် ပတ်ပြီးတော့ ချိတ်နဲ့ ချိတ်ပြီးတော့ ထောင်ထားခဲ့တယ်။ “အခုထက်ထိ သတ်တဲ့လူ ဘယ်သူ ဆိုတာတော့ မပေါ်သေးဘူးပေါ့။ ရဲအဖွဲ့ တွေ တိုင်းရော၊ ခရိုင်ရော၊ ခရမ်းက ရဲရော အားလုံး ကြိုးစားနေကြတယ်လေ။ အဲဒီ ဟာကြီးက တော်တော်ဆိုးတယ်။

ဒီနေ့ သင်္ဂြိုဟ်လိုက်ပြီလေ။” ဒီလုယက်မှုနဲ့ပတ်သက်ပြီး ခရမ်းမြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန် လည် ဖြေကြားခြင်း မရှိပါဘူး။ ဒါပေမယ့် အဲဒီခရမ်မြို့ခံက သူရဲစခန်းကို ဆက်သွယ် မေးမြန်းစဉ် ရဲက ဘယ်သူဘယ်ဝါ လုယက်ခဲ့လဲဆိုတာက စုံစမ်းဖော်ထုတ်နေဆဲ ဖြစ် ပြီး အခုသံသယရှိဖွယ် ၄ ဦးကို ဖမ်းဆီးထားတယ်လို့ ဖြေဆိုခဲ့ကြောင်း ပြောပါတယ်။ ဒေါ်မွှေးမွှေးခင်ဟာ တဦးတည်းဖြစ်ပြီး သူနှင့်အတူ ညီမဖြစ်သူက ဒေါ်ဥမ္မာ ခင်နဲ့ အတူ နေထိုင်တယ်လို့ ဆိုပါတယ်။ “ဒီဟာကို အလုခံရတာလည်း သူ့ညီမကလည်း အထက ၁ မှာ သူက လည်း အထက်တန်းပြ၊ သူက ညနေ ၃ နာရီခွဲ အိမ်ကိုပြန်လာတော့ သူ့အစ်မ လည် ပင်းကို ကြိုးတုပ်ထားလျှက်ကြီးနဲ့ တန်းလန်းကြီး သေနေတာ၊ တန်းလန်းကြီး တွေ့ရ တယ်၊ အဲဒီကျမှ သူကလည်းသိတယ် တောင့်နေပြီ သေတော့။ “အဲဒါ ခရမ်းမြို့သူ မြို့သားတွေရော၊ နယ်သူနယ်သားတွေရော အကုန် တုန် လှုပ်ချောက်ချား ကုန်တာပေါ့နော်၊ ကြောက်စရာကြီး သူ့ဥစ္စာက၊ အခုတော့ ရဲစခန်း ကို မေးကြည့်တော့ ရဲစခန်းက အခု လောလောဆယ်တော့ မပေါ်သေးဘူးတဲ့၊ သူတို့ ပေါ်အောင်တော့ ကြိုးစားနေပါတယ်တဲ့၊ အခု သူတို့ ၄ ယောက်ဖမ်းပြီးတော့ ထည့် ထားတယ်၊ ရမန်ယူတယ်၊ နောက် အခြားသူတွေလည်း ခေါ်ပြီးတော့ ရဲကတော့ စစ်နေတယ်၊ ကြိုးစား ပမ်းစားတော့ ရှာနေတယ်ပေါ့၊ စစ်နေတယ်ပေါ့။”

ဒေါ်မွှေးးမွှေးခင်ဟာ ကျောင်းဆရာမဖြစ်ပြီး တခြားစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ငွေတိုးချေးတဲ့လုပ်ငန်းကိုလည်း လုပ်နေကြာင်း ပြောပါတယ်။ သူအသတ်ခံလိုက်ရတဲ့ အပြင် သူပိုင်ဆိုင်တဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ကျပ်ငွေ ၁ဝ သိန်းပါ စုစုပေါင်း ကျပ်ငွေ ၅၉ သိန်းကျော် လုယက်ခံလိုက်ရတယ်လို့ ခရမ်းမြို့ခံကပဲ ပြောပြသွားပါတယ်။ ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ညကလည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှာ ရဆကသအားးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ဓာပြတိုက်မှုအဖြစ်ပွားခဲ့ပြီးဓားပြတွေကို လိုက်လံဖမ်းဆီးတဲ့ ရွာသားတွေကို ဓားပြ တွေက ပစ်ခတ်ခဲ့တဲ့ အတွက် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို အိမ်ရှင်အပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်းရင်းမြစ်..DVB

စည်းရုံးရေး တင်းကျပ်မှုကြောင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်

ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပါတီဝင် စုဆောင်းခြင်း၊ စည်းရုံးဟောပြောခြင်းတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေဟာ တင်းကျပ်လွန်းတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။ ဒါပေမဲ့ ပါတီတွေအနေနဲ့ လူထုနဲ့ ထိတွေ့ဖို့ တရားဝင် အခွင့်အရေး ရတာမို့ တင်းကျပ်တဲ့ အခြေအနေအောက်မှာ ဆက်လုပ်သွားရမှာပဲလို့ ပြောတာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပါတီဝင်အင်အား စုဆောင်းရာမှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ရဲ့ ခွင့်ပြုချက်ယူဖို့ လိုတာနဲ့ စည်းရုံးဟောပြောစဉ်မှာလည်း လုံခြုံရေးအရ ပိတ်ပင်ဖို့ လိုအပ်ရင် ခွင့်ပြုမိန့်ကို ရုပ်သိမ်းနိုင်ခွင့် အပါအ၀င် လိုက်နာရမယ့် စည်းကမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒီညွှန်ကြားချက်အတိုင်း လိုက်နာရမယ်လို့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က ဆိုပါတယ်။

စည်းရုံးရေးကာလမှာ လွတ်လပ်ခွင့်ရှိမှ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ချင်းအမျိုးသား တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနိုကမ်းထမ်က ပြောပါတယ်။

“တကယ့်မဲပုံးမှာ မဲသွားထည့်တဲ့ အချိန်ထက် စည်းရုံးရေးကာလက ပိုအရေးကြီးပါတယ်။ ဒီလို ကန့်သတ်ချက်များတော့ စိတ်မကောင်း ဖြစ်မိတယ်လေ။ စည်းရုံးရေးကာလမှာ လွတ်လွတ်လပ်လပ် ဟောပြောနိုင်ကြမယ်၊ စည်းရုံးနိုင်ကြမယ် ဆိုရင်တော့ တကယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုရှိတယ်၊ တရားမျှတမှု ရှိတယ်လို့ ပြောလို့ရမှာပေါ့။ အခုညွှန်ကြားမှုအတိုင်း ဆိုရင်တော့ ကန့်သတ်ချက်တွေ တော်တော်များတဲ့ အခါကျတော့ လွတ်လပ်မှုရှိတယ်လို့ ပြောရခက်လိမ့်မယ်။”

ဒီညွှန်ကြားချက်ကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားမယ်လို့လည်း ချင်းအမျိုးသား တိုးတက်ရေးပါတီက ဆိုပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းကတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ ဖြစ်ပေမဲ့ လူထုနဲ့ထိတွေ့ဖို့ အခွင့်အလမ်းတခုလို့ ပြောပါတယ်။

“တင်းကျပ်တဲ့ ဥပဒေတွေတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က လူထုနဲ့ တိုက်ရိုက် စည်းရုံးဟောပြောခွင့် ရမယ်ဆိုတဲ့ အခြေအနေပေါ်မှာ လက်ခံသဘောတူပါတယ်။ ဘာကြောင့်လဲဆို တင်းကျပ်တယ်ပေါ့ဗျာ၊ ဘယ်သူဟောမှာလဲ၊ ဘယ်အချိန်ဟောမှာလဲ၊ ဘယ်အချိန်လုပ်မယ်၊ ဘယ်အချိန်ပြီးမယ်၊ ဘယ်အချိန်ကျရင် ဘယ်လိုလုပ်၊ ကျနော်တို့ အသံချဲ့စက် သုံးမယ်ဆို အသံချဲ့စက် လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေ၊ ဒီအချက်အလက်တွေ အများကြီးပါပါတယ်။ သို့သော် ကျနော်တို့က ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရရေးဟာ အခု နှစ် ၂၀ သက်တမ်းအတွင်း တရားဝင် ထိတွေ့မှု ရနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။”

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ စည်းရုံးဟောပြောတဲ့ နေရာကို အလံကိုင်ပြီး လာတာတွေ၊ စီတန်း လမ်းလျှောက်တာတွေ မလုပ်ရဘူးလို့လည်း ပါရှိပါတယ်။ ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ရုံးဖွင့်ပွဲမှာ အလံတွေ ကားပေါ်တင်ပြီး သွားခဲ့တာကြောင့် ခရိုင်ကော်မရှင်က တားမြစ်ခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။

“အေးပေါ့ဗျာ၊ ကော်မရှင်ကတော့ အဲဒါမျိုးပြောတယ်။ ကျနော်တို့ကလည်း ပြောတယ်၊ ဒါ ဥပဒေနဲ့ မညီဘူးလို့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီ တခုဟာ ကိုယ့်ရဲ့အလံ သင်္ကေတကို လူထုသိအောင် လုပ်ရမှာပဲလို့၊ အဲဒါကို တားခဲ့လို့ရှိရင် ပါတီက လုပ်လို့ရမှာ မဟုတ်ဘူးလို့၊ နိုင်ငံရေးဆိုတာ လူထုသိအောင် လုပ်ရတာလို့ သူတို့ကို ပြောပြခဲ့တယ်ဗျာ။”

အခုလို စည်းကမ်းသတ်မှတ်ချက်တွေကြောင့် စည်းရုံးရေး လုပ်ငန်းတွေ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကလည်း ပြောပါတယ်။

“ဒါကတော့ ရွေးကောက်ပွဲဆိုတော့ လုပ်ပိုင်ခွင့်တွေ တချို့ ရတာပေါ့။ လူထုနဲ့ တွေ့ပိုင်ခွင့်တွေ၊ အစည်းအဝေး လုပ်ပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တော့ရှိတယ်၊ ကန့်သတ်ချက်ပါတယ်၊ ဒါပါပဲ။ ကိုယ်လုပ်ချင်ရာ မလုပ်နိုင်ဘဲ ဒါက ကန့်သတ်ချုပ်ချယ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျနော်တို့လုပ်တဲ့ ဟာတွေမှာ ဘာတွေ သတိထားပါ၊ ညာတွေ သတိထားပါ ဆိုတော့ လုပ်ရကိုင်ရ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့တွေ လုပ်နေတာ ဘောင်ထဲကပဲ၊ ကျနော်တို့ကတော့ ဒီလိုပဲ အခက်အခဲတွေနဲ့ ကြုံရမယ်လို့ မျှော်လင့်ထားပြီးသား။”

ဒါကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အပေါ် နိုင်ငံရေးပါတီ တချို့ရဲ့ အမြင်သဘောထားတွေ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ပါတီထူထောင်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။ ပါတီထူထောင်ခွင့်ရပြီး ၂ လနီးပါး အကြာမှာ ပါတီတွေ လိုက်နာရမယ့် ညွှန်ကြားချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ပါတီစည်းရုံးရေး လုပ်ရာမှာ အင်တာနက် စာမျက်နှာ ဖွင့်တာ၊ ပုံနှိပ်ထုတ်ဝေတာနဲ့ ဟောပြောတာတွေကို ချမှတ်ထားတဲ့ စည်းကမ်းဥပဒေ ဘောင်ထဲက လုပ်ပိုင်ခွင့် ရှိပေမဲ့ အခုချိန်ထိ တီဗွီနဲ့ ရေဒီယိုတွေကို အသုံးပြုပြီး မဲဆွယ်စည်းရုံးခွင့်တော့ မရသေးဘူး။

သတင်းရင်းမြစ်...VOA

၂၀၁၀ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများအား တည်ဆဲ ဥပဒေများ လိုက်နာရန် သတိပေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများသို့ ပထမဆုံးအကြိမ်အဖြစ် အချက် ၆ ချက်ပါ ထုတ်ပြန်ချက် တစ်စောင်ကို ယခုလ ဒုတိယပတ် အတွင်းက နိုင်ငံရေးပါတီများထံ ပေးပို့လိုက်သည်။ “ ဒီအထဲက အချက်တွေက နည်းဥပဒေ၊ ဥပဒေထဲမှာ ပါပြီးသားပါ။ ထူးခြားချက် တစ်ခုပဲ ပါပါတယ်။ အဲဒါကတော့ ပါတီဆိုင်းဘုတ် အလံတွေကို မိမိတို့ ပါတီရုံးတွေမှာသာ လွှင့်တင်စိုက်ထူဖို့ ဆိုတာပါ။ ဒါက ကော်မရှင်ကနေ ပါတီတွေကို ပေးပို့တဲ့ ပထမဆုံး ထုတ်ပြန်ချက်ပဲ ”ဟု ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ဒေါ်နန်းရွှေကြာက ပြောသည်။

နိုင်ငံရေး ပါတီ များ အားလုံးသည် ပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိပြီးပါက ပါတီဝင် အင်အား စည်းရုံးခြင်း၊ ပါတီ အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေး ကောက်ခံခြင်းနှင့် စည်းရုံးရရှိသည့် ပါတီဝင် အင်အားကို သတ်မှတ်ထားသော ရက် ၉၀ အတွင်း ကော်မရှင်သို့ တင်ပြရန်၊ နိုင်ငံရေးပါတီများမှ ပြဋ္ဌာန်းသည့် အခြားတည်ဆဲ ဥပဒေ၊ နည်းဥပဒေတို့ကို လိုက်နာရန် ပါတီရုံးနှင့် ရုံးခွဲများ ဖွင့်မည်ဆိုပါက အစိုးရပိုင် အဆောက်အအုံ၊ နိုင်ငံဝန်ထမ်းပိုင် အဆောက်အအုံနှင့် သာသနာရေးဆိုင်ရာ အဆောက်အအုံများတွင် ဖွင့်လှစ်ခြင်း မပြုရန်၊ ပါတီဆိုင်းဘုတ် အလံတို့ကို နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်ကို ဌာနချုပ်၊ တိုင်း/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီရုံးများတွင်သာ တင်ရန်နှင့် နိုင်ငံရေး ပါတီများ၏ အလံကို နိုင်ငံရေးပါတီများ၏ ရုံးများ၌သာ လွှင့်ထူရန်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ (၁၅)ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ညိစွန်းကြောင်း ကော်မရှင်က တွေ့ရှိပါက မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက်မည် စသည်တို့ ပါရှိသည်။ ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “မှတ်ပုံတင်လျှောက်ဖို့ တစ်ခါ၊ မှတ်ပုံတင်ခွင့် ပြုတော့တစ်ခါ ကော်မရှင်က စာပို့ဖူး ပါတယ်။

ကော်မရှင်က ဒါမျိုးထုတ်ပြန်တာတော့ ပထမဆုံးပါ။ အခုဟာက ပါတီတွေကို သတိပေးတဲ့ အနေနဲ့ ထုတ်ပြန်တယ်လို့ ထင်ပါတယ် ” ဟု သုံးသပ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မတ်လ ၁၁ ရက်က ၁၇ ဦး အဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း တိုင်းနှင့်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်များကိုလည်း အဆင့်ဆင့် ဆက်လက် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်သို့ ယခုလ ၁၈ ရက်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ခုရှိပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၃၅ ခုအနက် ၃၃ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

24 June 2010

၂၀၁၀ ကမ္ဘာ့ဖလားသီချင်းကိုမြန်မာပြည်တည်းမှာ မြန်မာမလေး “က ”နေတာ သူများယှဉ်ကျေးမှုကို လိုက်တုပြီး“ က ”နေတော့ မြင်ရ တွေ့ရတာ တယ်လဲမကောင်းပါလားနော်..

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့ပွဲကို နိုင်ငံခြားသူအမျိုးသမီးတဦးမှအင်္ဂလိပ် ၊ထိုင်း၊ မြန်မာ ၃ဘာသာဖြင့် မွေးနေ့အတွက်သီဆိုဂုဏ်ပြု



မြန်မာနိုင်ငံ အမျိုးသမီးများနေ့ (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်မြောက် မွေးနေ့ပွဲကို ကမ္ဘာ့နေရာအသီးသီး တွင်ကျင်းပကြသကဲ့သို့ ထိုင်းနိုင်ငံ ချင်မိုင်မြို့ ချင်းမိုင်တက္ကသိုလ် အတွင်းရှိ ရှေးဟောင်းအနုပညာပြတိုက်ခမ်းမတွင် ကျင်းပခဲ့သည် ။ အဆိုပါ အခမ်းအနားတွင် နိုင်ငံခြားသူ အမျိုးသမီးတဦးမှ အင်္ဂလိပ် ၊ ထိုင်း ၊ မြန်မာ ၃ ဘာသာဖြင့် မွေးနေ့အတွက် သီဆိုဂုဏိပြုမှုကို ရိုက်ကူး တင်ဆက်ထားပါသည် ။

ခေတ္တ ချင်းမိုင်ရောက် (FVJ) Aung Lin

Lဆိုင်းဇီ၏ စင်တင်ပွဲအမျိုးသားကဇာတ်ရုံတွင်ကျင်းပတဲ့ ဘုရားစူးစေမြန်မာအမျိုးသမီးတွေပါဘဲလား?၊ သီချင်းဆိုမှာလား?၊ ဖော်ချွတ်နေမှာလား?၊



ရန်ကုန် အမျိုးသား ကဇာတ်ရုံကြီးတွင် L ဆိုင်းဇီ၏ အကောင်းဆုံး တေးများကို စုစည်းပြီး “မိုးရာသီထဲ” အမည်ရှိ စင်တင် ဖျော်ဖြေပွဲ အစီအစဉ် တင်ဆက်ခဲ့ရာ နာမည်ကြီး အဆိုတော်များစွာ ပါဝင်သီဆို ခဲ့ကြောင်း သိရသည်။
ဇွန် ၁၉ ရက်နေ့ ညနေက ကျင်းပသည့် ယင်းဖြေဖျော်ပွဲတွင် Lဆိုင်းဇီနှင့်အတူ ဇော်ပိုင်၊ Lလွန်းဝါ၊ Rဇာနည်၊ အဲလက်စ်၊ နောနော်၊ အနဂ္ဂ၊ ဟဲလေး၊ ရဲလေး၊ မျိုးမျိုး၊ဇင်မင်းခန့်၊ သားကြီး၊ Jenny၊ သံသာဝင်း၊ ချစ်သုဝေ၊ ငယ်ငယ်၊ ဇမ်နူး၊ Nကိုင်ရာ စသည့် တေးသံရင်များ သီဆို ဖျော်ဖြေခဲ့ကြပြီး K မီကို၏ အကအဖွဲ့လည်း ပူးပေါင်း တင်ဆက်ခဲ့သည်။

တေးဂီတကို The Threes အဖွဲ့က တီးခတ်ကြသည်။

ပွဲစဉ် တခုလုံးတွင် စီစဉ်တင်ဆက်သူ အဖြစ် တင်မိုးလွင်က ဆောင်ရွက်ခဲ့သည်။ L ဆိုင်းဇီ က သူ၏ အကောင်းဆုံး တေးသီချင်း များကို ပရိသတ်အကြိုက် သီဆိုပေးကာ သူနှင့်အတူ ပါဝင်ဖျော်ဖြေသော တေးသံရှင်များကလည်း ဂုဏ်ပြုလက်ဆောင် တေးသီချင်းများနှင့် တင်ဆက်ခဲ့သည်။

L ဆိုင်းဇီ၏ စင်တင်ပွဲကို ရုပ်ရှင်၊ ဂီတနယ်ပယ်မှ နာမည်ကြီး အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် သူ၏ ပရိသတ်များ စည်ကားစွာ တက်ရောက်ခဲ့ကြသည်။

သတင်း..ဧရာဝတီ

မြန်မာ့ပထမဆုံးပုဂ္ဂလိကအင်ဂျင်နီယာတက္ကသိုလ် AIT က MCC၊ ILBC တို့ နှင့် ပူးပေါင်းဖွင့်မည်


မြန်မာ့ပထမဆုံးပုဂ္ဂလိက အင်ဂျင်နီယာတက္ကသိုလ်အား အရှေ့ တောင်အာရှဒေသတွင် နာမည်ကြီး AIT နှင့် မြန်မာနိုင်ငံမှ MCC, ILBC တို့ပူးပေါင်း၍ စက်တင်ဘာတွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပုဂ္ဂလိကအင်ဂျင်နီယာ တက္ကသိုလ်အတွက် Foundation Course အား ILBC မှ တာဝန်ယူ သင်ကြားမည်ဖြစ်ကာ တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်တို့ကို MCC မှ တာဝန်ယူသင်ကြားမည်ဖြစ်ပြီး သုံး နှစ်စလုံးကို ပြင်ဦးလွင်ရှိ MCC Trai- ning Institute (ရတနာပုံ)တွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရ သည်။

ထို့နောက် တတိယနှစ်နှင့် စတု တ္ထနှစ်တို့အား ထိုင်းနိုင်ငံဗန်ကောက် မြို့ရှိ AIT Main Campus တွင်တက် ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

''ရတနာပုံမှာ တက်ရမယ့်အ တွက်ကလေးတွေအတွက် AIT Main Campus မှာတက်ရတာနဲ့ မခြားတဲ့ ပတ်ဝန်းကျင်ကို ခံစားနိုင်ပါလိမ့်မယ်။ ဒီအတွက် ဗန်ကောက်မှာတက်ရတဲ့ အခါ အခက်အခဲမရှိအောင်မြင်ပါလိမ့် မယ်''ဟု MCC မှ CEO ဒေါ်ချော ခင်ခင်က ပြောသည်။

ထို့နောက် အဆိုပါပုဂ္ဂလိက အင်ဂျင်နီယာတက္ကသိုလ်တွင် သတင်း နှင့်ဆက်သွယ်ရေးဘာသာရပ် Telecommunications နှင့် Mechatronics ဘာသာရပ်တို့သင်ကြားမည် ဖြစ်ပြီး B.Sc ဘွဲ့ရရှိမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပျမ်းမျှတစ်ဘာသာအမှတ် ၆၀ရရှိသူ များ လျှောက်ထားနိုင်ကြောင်းသိရ သည်။

သတင်း...YMG

မြန်မာသင်္ဘောကပ္ပတိန်နှင့်အဖွဲ့ လှိုင်းကြားလေကြား သက်စွန့်ဆံဖျားဖြင့် လူလေးဦးအသက်ကယ်

အတ္တလန္တိတ်သမုဒ္ဒရာအတွင်း မုန်တိုင်းမိကာ မျောနေသော ရွက်သင်္ဘောပေါ်မှ အင်္ဂလန်နိုင်ငံသား လေးဦးကို မြန်မာသင်္ဘောကပ္ပတိန်ခေါင်းဆောင်သော သင်္ဘောသားအဖွဲ့က အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအသင်း(MOSA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဇွန် ၉ရက်တွင် အတ္တလန္တိတ် သမုဒ္ဒရာအတွင်း၌ ဗြိတိသျှနိုင်ငံသားလေး ဦးပါဝင်သော အပျော်စီးရွက်သင်္ဘောသည် စပိန်အနောက်မြောက်ဘက် မိုင် ၃၀၀အကွာ ၌ မုန်တိုင်းဒဏ်ကြောင့် တက်မကျိုးပြီး သမု ဒ္ဒရာအတွင်း လှိုင်းများကြား၌ မျောနေစဉ် မြန်မာသင်္ဘောကပ္ပတိန် ဦးဇော်အောင် ခေါင်းဆောင်သည့် ဓာတုဗေဒပစ္စည်းတင် သင်္ဘော MTM Princess သည် သမုဒ္ဒရာ တွင်းမျောကာ ဒုက္ခတွေ့နေသော ယင်း အပျော်စီးသင်္ဘောအားတွေ့ရှိ၍ အခက် အခဲများကြားမှ အင်္ဂလန်နိုင်ငံသားလေးဦး ကို အသက်မသေဘဲ ကယ်တင်နိုင်ခဲ့သည်။

''အင်္ဂလန်နိုင်ငံသားလေးဦးက အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးပါ။ အသက်ကတော့ (၅၈)နှစ်နဲ့ (၇၀)ကျော်ဝန်း ကျင်တွေဖြစ်ပါတယ်။ အဲဒီလို မြန်မာသင်္ဘော ကပ္ပတိန်က အင်္ဂလန်နိုင်ငံသားလေးဦးကို သက်စွန့်ဆံဖျားကယ်တင်ခဲ့တဲ့အကြောင်း ကို ဗြိတိသျှနိုင်ငံကထုတ်တဲ့ Fair Play မဂ္ဂဇင်းမှာ တခမ်းတနားဖော်ပြခဲ့တယ်လို့ သိရတယ်။ ဒီလို အင်္ဂလန်နိုင်ငံသားလေး ဦးကို သက်စွန့်ဆံဖျားကယ်တင်ခဲ့တဲ့ မြန်မာ သင်္ဘောကပ္ပတိန်ခေါင်းဆောင်တဲ့အဖွဲ့ကို အလွန်ချီးကျူးဖို့ကောင်းတယ်။ အခမ်းအနား နဲ့ သူတို့ကို ဂုဏ်ပြုသင့်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုသမုဒ္ဒရာအကျယ်ကြီးမှာ သင်္ဘောတစ်စင်းက လှိုင်းလေကြားထဲမှာ ပျက်စီးနေတဲ့သင်္ဘောတစ်စင်းထဲကလူတွေ ကို အသက်မသေဘဲ ကယ်တင်နိုင်ခဲ့တာ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။ သူတို့ရဲ့ သတ္တိနဲ့စိတ်ဓာတ်ကို သင်္ဘောသားတိုင်း အတုယူသင့်တယ်''ဟု MOSA မှ တာဝန် ရှိသူက ပြောသည်။

ယခုဖြစ်ရပ်ကဲ့သို့ပင် ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကလည်း သမုဒ္ဒရာအတွင်း လှိုင်း လေများကြား၌ ပြည်သူများ၏ အသက် ကို ကယ်တင်ခဲ့သော မြန်မာသင်္ဘောကပ္ပတိန် တစ်ဦးရှိခဲ့ဖူးကြောင်းသိရသည်။

သတင်း...YGM

ကဗျာသမိုင်း မှတ်တိုင်စိုက်ပျိုးမှု





ကဗျာသမိုင်း မှတ်တိုင်စိုက်ပျိုးမှု

၂၂.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ကဗျာဆရာ သစ္စာနီ၊ စာရေးဆရာ မောင်စိမ်းနီတို့ ဦးဆောင်သော ကဗျာဆရာများအဖွဲ့သည် ဓမ္မစေတီကျောင်းဝင်း အတွင်းတွင် ကွယ်လွန်သွားကြပြီဖြစ်သော တိုင်းကျိုး ပြည်ကျိုးပြု ကဗျာဆရာကြီးများ၏ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား ရည်စူး၍ မှတ်မှတ်ရရ အရိပ်ရ သစ်ပင်ကြီးများ စိုက်ပျိုးခြင်း ပြုလုပ်ရန်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့၎င်း ၀င်ရောက်၍ “သုခအလင်း စာကြည့်တိုက်”အား လေ့လာကြည့်ရှုကြပြီး အဖိုးတန် စာအုပ်စာပေများအား လာရောက်လှူဒါန်းခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝင်းအတွင်းတွင်လည်း သမိုင်းဝင် မှတ်တိုင်အဖြစ် အရိပ်ရ သစ်ပင်ကြီးများအား လာရောက်ပြီး စိုက်ပျိုးမည်ဟု ကဗျာဆရာများအဖွဲ့မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)တို့ကို ပြောကြားသွားခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

လက်နဲ့မကွာသော အလှူရေစက်များ





လက်နဲ့မကွာသော အလှူရေစက်များ

စေတနာရှင် ကုသိုလ်ရှင် အများပြည်သူ (ပြည်တွင်း ပြည်ပ)မှ လှူဒါန်းထားသော အလှူငွေများဖြင့် ရေဒုက္ခသည်များရှိရာ မြို့နယ်၊ ကျေးရွာ၊ ဒေသများသို့ ရေတိုစီမံကိန်းအဖြစ် ရေးဆွဲချမှတ်ကာ အရေးပေါ် လိုအပ်လျှက်ရှိသော သောက်သုံးရေများအား ပေးဝေ လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သလို ရေရှည်စီမံကိန်းအဖြစ်လည်း “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးကာ ရေတွင်း (အ၀ီစိတွင်း) တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်း၊ ရေစုပ်စက် မော်တာများ တပ်ဆင်ခြင်းတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လက်ဆင့်ကမ်း ကုသိုလ်ယူကာ နယ်ခံ၊ ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း လုပ်ဆောင်ပေးခဲ့ရာ ယခုဆိုလျှင် အကောင်အထည်ဖော် လှူဒါန်းမှုများ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ပါကြောင်းနှင့် ပြည်မြို့နယ် အတွင်းတွင် ကျန်ရှိနေသော တူးဖော်ဆဲ အ၀ီစိတွင်းများ၊ အုတ်ရေကန်များ လုံးဝ ပြီးစီးသွားပါက အများပြည်သူအလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်ခဲ့သော ကုသိုလ်ရေးကို ရေစက်သွန်းချ အမျှပေးဝေ သွားမည်ဖြစ်ပါကြောင်း . . . .

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

အစဉ်သဖြင့်...ငြိမ်းချမ်းရေးသို့ ....။






လူမှုရေးလုပ်ဆောင်ရာတွင် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြု လုပ်ကိုင်ကြရသော်ငြား … အဓမ္မ၀ါဒီ၊ အတ္တသမားများကို အစဉ်တိုက်ထုတ်ပစ်ရမည် ဖြစ်ပါ၏။

လူသားတို့အတွက် လူမှုရေးသည် လူသားတို့ရဲ့ ငြိမ်းချမ်းရေးသို့ ရှေ့ရှုရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဟု ဆိုရာတွင် လူ့အသိုင်းအ၀ိုင်းရဲ့ ငြိမ်းချမ်းရေး

လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး

လူ့ဘောင်လောကကြီး၏ ငြိမ်းချမ်းရေး

ကမ္ဘာလောကကြီး၏ ငြိမ်းချမ်းရေး တို့အပြင်

မိမိ ကိုယ်ကို ငြိမ်းချမ်းမှု ရရှိစေရမည်။

မိမိ ကိုယ်ကို ငြိမ်းချမ်းပါမှ အများအတွက် ငြိမ်းချမ်းရေးကို ပေးဆပ်နိုင်မည်ဖြစ်၏။

ငြိမ်းချမ်းရေး မရှိပါက လူ့အခွင့်အရေး ဆုံးရှုံးမည်ဖြစ်သည်။

လွတ်ငြိမ်းမှု ရှိပါမှ လူ့အခွင့်အရေး အပြည့်အ၀ ရရှိမည်။

လူ့အခွင့်အရေး ပြည့်ဝပါမှ သာယာစိုပြေသော ကမ္ဘာမြေကြီးပေါ် နေထိုင်ရကျိုး နပ်မည် ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ငြိမ်းချမ်းရေးကို ခုတုံးလုပ်၍ လူမှုရေးကို ထမ်းဆောင်သည်။

လူမှုရေးကို ခုတုံးလုပ်၍ ငြိမ်းချမ်းမှုကို ဖန်တီးဖော်ထုတ်မည် ဖြစ်၏။

ငြိမ်းချမ်းရေးကို တွေ့နေရပြီ။

ငြိမ်းချမ်းမှုအရသာကို သိရှိနေရပြီ။

ငြိမ်းချမ်းမှုကို ခံစားချင်ကြပြီ။

သို့သော် … ငြိမ်းချမ်းရေးကို မဖော်ထုတ်ကြ၊ မဖန်တီးကြ၊ မတူးဖော်ကြ . . . ။

ထို့ကြောင့် … လူသားတို့ မပျော်ရွှင်ကြ၊ မလွတ်လပ်ကြ၊ စာရိတ္တများ ပျက်ဆီးကြ၊ သီလများ မလုံခြုံကြ၊ အတ္တသမားများဖြစ်ကြ၊ အဓမ္မ၀ါဒီကို ကျင့်သုံးနေကြခြင်း ဖြစ်သည်။

ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဖို့ … ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးအတွက် … ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ ငြိမ်းချမ်းရေးသည် … ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန ငြိမ်းချမ်းရေးသည် … ကိုယ့်အိမ်၊ ကိုယ့်မိသားစု ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်အိမ်၊ ကိုယ့်မိသားစု ငြိမ်းချမ်းရေးသည် … မိမိ ကိုယ်ကို ငြိမ်းချမ်းရေးသည် အဓိက။

ထို့ကြောင့် … မိမိ ကိုယ်ကို ငြိမ်းချမ်းမှုကို ရှာဖွေကြသော … ဘာသာတရား၊ အဆုံးအမ၊ သြ၀ါဒ၊ မြတ်ဗုဒ္ဓ၏ လမ်းညွှန်မှုတို့ကို ကျင့်သုံးရတော့မည်။

မိမိ ကိုယ်ကို တကိုယ်ရေသန့်ရှင်းမှု၊ မိမိ၏ အဖွဲ့အစည်းမှ အဖွဲ့ဝင် အားလုံး၏ သန့်ရှင်းမှု၊ စည်းကမ်းရှိမှု၊ လူ့ဝတ္တရား တာဝန်ကျေမှု၊ ဖေးမမှု၊ ပံ့ပိုးမှု၊ ပေးဆပ်မှု စသဖြင့် ဗြဟ္မစိုရ်တရား ပြည့်ဝမှု၊ လိုက်နာမှုတို့သည် အဓိကကြတော့သည်။

မိမိတို့၏ ၀န်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသူ/သားများတို့သည် ဗြဟ္မစိုရ်တရား လက်ကိုင်ထားသည့်အလျောက် အသင်းအဖွဲ့ကြီး တစ်ခုအနေနှင့် ပြည်သူလူထုအား ပေးဆပ်နေကြရုံနှင့် မပြီး။ ညင်သာ ထွေးပွေ့ပေးရုံနှင့် မပြီး … မိမိတို့၏ ၀တ်စားဆင်ယင် သပ်ရပ်မှု သည်လည်း အဓိက ပါဝင်သည်။

ထို့ကြောင့် … လိုအပ်သော သင့်လျော်မည့် ၀တ်စားဆင်ယင်မှုတို့ကိုလည်း မိမိတို့ အစဉ်အမြဲ ဖန်တီးပေးနေကြသည်။

ထို့ပြင် … မိမိတို့ထံ ဆေးဝါးလာရောက်ကုသကြသော ဝေဒနာရှင် လူနာများ၊ ငွေလှူဒါန်းရန် လာရောက်ကြသော အလှူရှင်များ၊ လာရောက်လေ့လာကြသော ဧည့်သည်တော်များ၊ ပညာရေး၊ အနုပညာရေး လာရောက်သင်ကြားကြသော မျိုးဆက်သစ် ကလေးငယ်များ၊ မိဘများတို့သည် မိမိတို့ အသင်းအဖွဲ့ တည်ရှိရာ နေရာသို့ ၀င်ရောက်လာပြီဆိုပါက … နွေးထွေးသော ကြိုဆိုမှု၊ အသင်းလုပ်ဆောင်မှုတို့ကို စိတ်ရှည်လက်ရှည် ရှင်းလင်းပြသမှု၊ လူနာတို့ကို နွေးထွေးစွာ ဆေးဝါးကုသပေးမှု၊ ကလေးငယ်တို့အား ပညာဒါန ဖြန့်ဝေပေးမှု စသည်တို့ကို မပြုလုပ်မီ . . . . အသင်းအဖွဲ့ရုံးသို့ ၀င်ဝင်လာခြင်း စိတ်ကြည်နူးမှု၊ အေးချမ်းမှု၊ သာယာစိုပြေသော ငြိမ်းချမ်းသော စိတ်အင်အားများ ဖြစ်ပေါ်လာစေရန် … မိမိတို့၏ အဆောက်အအုံ ခြံဝင်းသည် စိမ်းလန်းစိုပြေသော ကမ္ဘာလေး တစ်ခုသို့ ရောက်ရှိသွားစေရန် … စိုက်ပျိုးရေးကဏ္ဍတစ်ခုဖြစ်သော အရိပ်ရအပင်၊ အလှပန်းပင်၊ သီးပင်စားပင်များ စိုက်ပျိုးမှုများကိုလည်း လုပ်ဆောင်နေရပါသည်။ မိမိတို့ ရရှိထားသော နိုင်ငံတော်မှ ပေးထားသော မြေနေရာသည် ကြွပ်ကြွပ်အိတ် (ပလပ်စတစ်) အမှိုက်ပုံဖြစ်နေ၍ အဆောက်အဦး ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေး ပြုလုပ်ခြင်းတို့သည် များစွာအခက်အခဲ ရှိသော်ငြားလည်း လူအင်အား၊ ငွေအင်အား၊ အချိန်ပေး၍ အမှိုက်ထဲမှ ရွှေဖြစ်အောင် လုပ်ဆောင်ရသည်မှာ မိမိတို့၏ တာဝန်ဖြစ်တော့သည်။

မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေး၊ လူ့ဘုံဘ၀တစ်ခုလုံး ငြိမ်းချမ်းရေးအတွက် ရည်စူးကာ ၁၉.၆.၂၀၁၀ (စနေ) နေ့မြတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဓါတ်မှန်ခန်း ဖွင့်ပွဲအခမ်းအနားတွင် ဂျိုးငှက်များ၊ ခိုများ၊ စာကလေးများကို ဘေးမဲ့လွှတ်ခြင်း၊ မိုးပျံပူဖောင်းများကို လွှတ်တင်ခြင်း အခမ်းအနားတွင် “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု မိမိမှ တိုင်တည်၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

ထို့ကြောင့် … ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တို့ ခိုင်မာဖို့အရေးကြီးသည်။

အခြေခံအုတ်မြစ် ခိုင်မာစေရန် … မိမိတို့ အစဉ်သဖြင့် ကြိုးစားလျှက် ရှိပါကြောင်း . . . . . ။

ကျော်သူ


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

23 June 2010

အယောင်ဆောင် ဘိုးတော်နှင့် အဖွဲ့က မိန်းကလေး ခြောက်ဦးကို သွေးဆောင် ဖြားယောင်း ဖျက်ဆီးခဲ့မှု ဖြစ်ပွား

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးရွာတစ်ရွာတွင် ဘိုးတော် အယောင်ဆောင်သူ တစ်ဦးက ဇနီး၊ တပည့် ဖြစ်သူတို့နှင့် အတူ မိန်းကလေးများကို ဖြားယောင်းေ သွးဆောင်ကာ လိမ်လည်ခြိမ်းခြောက် ရေမန်းတိုက်ပြီး သားမယား ပြုကျင့်ခဲ့သည့် အမှုအား မေ ၂၇ ရက်က သထုံခရိုင် တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သတင်း ရရှိသည်။ ကျိုက်ထိုမြို့အနီး မဲရုံးကြီး ကျေးရွားနေ ဦးကြယ်ဝင်းက ကျိုက်ထို ရဲတပ်ဖွဲ့စခန်း၌ မေ ၂ ရက်တွင် အမှု တိုင်ကြားချက်မှာ ၎င်းနှင့် ဇနီးဖြစ်သူ ဒေါ်မငို တို့ ဧပြီ ၁၇ ရက် နံနက် ၉ နာရီခန့်က ၎င်းတို့ရွာနှင့် နှစ်မိုင်ကျော် ဝေးသည့် တင်းဝါးတောင်တွင် သာသနာပြု လုပ်ငန်းကို ဗန်းပြနေထိုင်သူ ချစ်လှိုင် (၅၂)နှစ်နှင့် အဖွဲ့က အနီးအနား ကျေးရွာရှိ အပျိုရွယ် မိန်းကလေးများကို စည်းရုံးခြောက်လှန့် သိမ်းသွင်းပြီး ရေမန်းများ တိုက်ကာ သားမယားပြုကျင့် ဖျက်ဆီးနေကြောင်း ၊ ၎င်းတို့၏ သမီး(မ….) (၄၂) နှစ်မှာ ဘိုးတော် ချစ်လှိုင်နှင့် ကိုယ်ဝန် ခြောက်လ ရရှိထားကြောင်း၊ ရွာမှ လူများက ပြောပြသိရှိရ၍ လွန်ခဲ့သော ရှစ်လခန့်က တင်းဝါးတောင်တွင် သွားရောက် နေထိုင်သူ သမီးအကြီးအား စိတ်ပူ၍သွားရောက် ခေါ်ယူရာ သမီးဖြစ်သူက ပြန်မလိုက် နိုင်ကြောင်း ငြင်းဆန်ခဲ့သည်။ ဦးကြယ်ဝင်းတို့က ဆွဲခေါ်ရာ ဘိုးတော်ချစ်လှိုင်က မောင်းထုတ်သည့် အပြင် ဖမ်းဆီး၍ ကြိုးနှင့် တုပ်နှောင်ရန် ချစ်လှိုင်၏ဇနီး ဒေါ်မြကြည်နှင့်တပည့် ပန်းစိန်တို့အား စေခိုင်းသဖြင့် ရွာသို့ ပြန်ခဲ့ပြီး ကျေးရွာရယကအဖွဲ့သို့ တိုင်ကြားခဲ့သည်။


ဧပြီ ၃၀ရက်တွင် တင်းဝါးတောင်သို့ ရဲတပ်ဖွဲ့ဝင်များနှင့် ရယကအဖွဲ့ဝင်များက ဘိုးတော်ချစ်လှိုင်နှင့် အဖွဲ့အား သွားရောက် ခေါ်ဆောင်ပြီး အတူနေ မိန်းကလေးများကို စစ်ဆေးရာ ဦးကြယ်ဝင်း၏ သမီးငယ်(မ…) (၂၅) နှစ်မှာလည်း ကိုယ်ဝန် ရှိနေကြောင်း သိခဲ့ရသည်။ ကျိုက်ထို ရဲတပ်ဖွဲ့ စခန်းက ဘိုးတော်ချစ်လှိုင် (၅၂)နှစ်၊ ဒေါ်မြကြည် (၄၈)နှစ်၊ ပန်းစိန် အသက်(၅၀) တို့အား(ပ) ၂၃၄/၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၄၁၉/၅၀၆/၂၉၅-က/၃၄ တို့အရ မေ ၂ ရက်တွင် ဖမ်းဆီး အရေးယူခဲ့သည်။

ကျိုက်ထို ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ် ဝင်းအောင်က အမှုအား စစ်ကြော ဖော်ထုတ်ရာ ဘိုးတော်ချစ်လှိုင်၊ ၎င်း၏ဇနီး ဒေါ်မြကြည်၊ တပည့်ဖြစ်သူ ပန်းစိန်တို့သုံးဦးသည် လွန်ခဲ့သော ငါးနှစ်ခန့်က မဲရုံးကြီးကျေးရွာအုပ်စု ကတိုင်တွတ်ကျေးရွာအနီး တောင်ကုန်းပေါ်တွင် ဘုရားတည်၊ တရားအားထုတ်ရန် အကြောင်းပြ၍ နေထိုင်ခဲ့ကြပြီး ထိုအချိန်မှစ၍ အနီးအနား ရွာများမှ ဘုရားတွင် တရားအားထုတ်ရန် လာသူ အမျိုးသမီးငယ်များကို စည်းရုံး သိမ်းသွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မိန်းကလေးများ အနက် မဲရုံးကြီးရွာနေ မိန်းကလေး ခြောက်ဦးမှာ ဘိုးတော်ချစ်လှိုင်တို့ အဖွဲ့၏ လိမ်လည် ဖြားယောင်း သွေးဆောင်မှု၊ နတ်စားခံရမည်၊ သွေးအန်မည်ဟူသော ခြိမ်းခြောက်မှုများကို ကြောက်လန့်ကာ ဘိုးတော်ချစ်လှိုင်၏ သားမယား ပြုကျင့်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါ အမှုအား သထုံခရိုင် တရားရုံးက ဥပဒေ အကြံပေးချက်အရ နစ်နာသူများနှင့် ပတ်သက်၍ ချစ်လှိုင် (၅၂) နှစ်(ဘ) ဦးရွှေချစ် မဲရုံးကြီးကျေးရွာအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၀၆/၂၉၅က၊ ဒေါ်မြကြည် (၄၈)နှစ်(ဘ) ဦးအောင်ထွန်းနှင့် ပန်းစိန်အသက်(၅၀)(ဘ)ဦးမောင်ထွန်း မဲရုံးကြီး ကျေးရွာနေသူတို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၁၁၄/၅၀၆/၁၁၄ တို့အရ လည်းကောင်း၊ ယင်းအမျိုးသမီးများနှင့် ပတ်သက်၍ ချစ်လှိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၀၆၊ ဒေါ်မြကြည်နှင့်ပန်းစိန်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၁၁၄/၅၀၆/၁၁၄ တို့အရ တစ်ဦးချင်းစီအတွက် စွဲချက်တစ်ခုစီဖြင့် သထုံခရိုင် တရားရုံး၌ မေ ၂၇ ရက်တွင် တရား စွဲဆိုထားကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြ၀တီမြို့နယ်ရှိ တာဝန်ရှိသူတို့ထံသို့အသိပေးတင်ပြခြင်း။(ပြည်သူများရင်ဖွင့်သံ)

(မယက =လာဘ်ရမှ အလုပ်လုပ်သောအဖွဲ့)
(မြို.နယ်စည်ပင်= ချစ်တီး အကြွေးတောင်းသလို ငွေတောင်းသောအဖွဲ့)
(မြို့နယ်ရဲတပ်ဖွဲ့=ရဲရဲတင်းတင်း ငွေတောင်းနေကျအဖွဲ့ )
တာဝန်ရှိသူတို့ သည် အောက်ပါတို့ ကို ဆောင်ရွက်ပေးပါရန် အသိပေးတင်ပြပါသည်။
(၁) မြို့တော်သန့်ရှင်း သာယာ လှပရေးအတွက် ဆောင်ရွက်နိုင်ရန်။
(၂) ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြိုတင် ဆောင်ရွက်နိုင်ရန်။
(၃) အများပြည်သူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန်။

အမှတ်စဉ် (၁) မြို့တော်သန့်ရှင်း သာယာ လှပရေးအတွက် ဆောင်ရွက်နိုင်ရန် အသိပေးခြင်း။
မြ၀တီမြို့ -ဘုရင့်နောင်လမ်းမ ၊ညဈေးရှေ့သည် ၊အလွန်စည်ကားသော၊နေရာ တနေရာဖြစ်ပါသည်။စည်ကား တိုးတက်လာသည်နှင့်အမျှ ၊ စနစ်တကျ ရှိသင့် ပေသည်။
ညဈေးရှေ့၊ ဘုရင့်နောင်လမ်းမ(ကတ္တရာလမ်းမကြီး) ပေါ်ရှိ၊ ပျံကျ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၏ နေရာယူထားမှူ ။
ဆိုင်ကယ်/ဆိုက်ကားများ၏၊ နေရာယူမှူ၊
စည်းကမ်းမဲ့စွာ၊ မော်တော်ယာဉ်နှစ်ထပ်ရပ်မှူ၊
စသည်တို့မှာ မြို့တော် သန့်ရှင်းသာယာ၊ လှပရေးအတွက် အလွန် အကျည်းတန် ရုပ်ဆိုးလှပါသည်။
ထိုသို့ ဆိုင်ခန်းများ၊ ကားများ၊ ဆိုင်ကယ် ကယ်ရီများကြောင့်ညနေပိုင်းအချိန်များတွင်၊ ၃ လမ်းသွား ကတ္တရာလမ်းသည်ပင်၊ ၁ လမ်းသာ မောင်းနှင်နိုင်ခြင်း။တခါတရံ လမ်းပိတ်ဆို့ခြင်းတို. အမြဲ ဖြစ်ပေါ်လျက်ရှိပါသည်။

အမှတ်စဉ် (၂) ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြိုတင် ဆောင်ရွက်နိုင်ရန် အသိပေးခြင်း။

အထက်ပါတင်ပြသည့်အတိုင်း၊လမ်းများပိတ်ဆို့ခြင်းကြောင့်၊ အမြဲလိုလိုပင်၊ယာဉ်အန္တရယ်ဖြစ်ပေါ်ခြင်းကြောင့်၊ လူသေဆုံးမှူ များပင် ကြုံတွေ့နေရပါသည်။
ယာဉ်ထိန်းရဲများသည်လည်း၊ ယာဉ်အန္တရယ် ဖြစ်ပေါ်ပြီးမှ၊ ရောက်ရှိလာတတ်သဖြင့်၊ ကြိုတင်စီမံချက်များဖြင့်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကို စံနစ်တကျ၊ အမြဲ ဆောင်ရွက်နိုင်လျှင် သင့်တော်ပါမည်။

အမှတ်စဉ်(၃) အများပြည်သူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန် အသိပေးခြင်း။

ဈေးဆိုင်များ၏နေရာယူမှူကြောင့်၊ကတ္တရာလမ်းမထက်သာမက၊ လူသွားလမ်း(ပလက်ဖောင်း)တွင်လည်း အများပြည်သူ လမ်းလျှောက် မရခြင်း။ကျောင်းဆင်းချိန် ညနေပိုင်းတွင်လည်း ကျောင်းသားများ သွားလာရ ခက်ခဲခြင်းတို.သည်၊ ဈေးဆိုင်များမှ အမိုးများမိုးထားခြင်း၊ စားပွဲခုံများ/ကုလားထိုင်များကို၊ ပလက်ဖောင်း ပေါ်တွင် ချထားခြင်းတို.ကြောင့်၊ အများပြည်သူတို.အား၊ လွန်စွာမှ အနှောင့်အယှက်ဖြစ်ရပါသည်။

စားသောက်ဆိုင်များ၏ ကြော်လှော်ချက်ပြုတ်သည့်၊ ညှော်နံ့ပေါင်းစုံတို့ကြောင့်၊ အနီးတ၀ိုက်ရှိ ပြည်သူများမှာ ကျန်းမာရေး ထိခိုက်ရပါသည်။
ထို.အတူ ညဈေး တ၀ိုက်တွင် ခေတ်မှီဆေးခန်း အပါအ၀င် ဆေးခန်းများစွာလည်းရှိသဖြင့်၊ လာရောက်ပြသသော လူနာများအဖို့လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။

ပေးစာ ရေးသူ၏ ကိုယ်တွေ့ဖြစ်စဉ်အကျဉ်း

ကျွှန်တော်သည်၊ မြ၀တီ မြို့ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပါသည်။တနေ့တွင် အမျိုးသမီး နေမကောင်းသဖြင့်၊ ညဈေးရှေ့ရှိ ခေတ်မှီဆေးခန်းသို့ လာရောက်ပြသပါသည်။

ပထမ အခက်အခဲ မှာ ကားရပ်၍ မရခြင်းဖြစ်ပါသည်။(အဘယ်ကြောင့်ဆိုသော် ဈေးဆိုင်များရှေ့  ဆိုင်ကယ်၊ ကားတို့ ကို မဆင်မခြင် ရပ်နားထားခြင်းကြောင့်ဖြစ်ပါသည်။)

ဒုတိယအခက်အခဲမှာ -ပလက်ဖောင်းတွင် လမ်းလျှောက်၍ မရခြင်းဖြစ်ပါသည်။(ဈေးဆိုင်များရှေ့  စားပွဲ၊ ကုလားထိုင်များ ပိတ်ဆို့နေခြင်းကြောင့်ပင်။)

တတိယအခက်အခဲမှာ - ဆေးခန်းသို့ရောက်သောအခါ ထိုင်နေစဉ်တွင် ညှော်နံ့ ပေါင်းစုံတို့ကို၊ ရှူ ရှိုက်နေရခြင်းကြောင့် စိတ်အနှောင့် အယှက်များစွာ ဖြစ်ပေါ်ခဲ့ရပါသည်။

ဆေးခန်းမှ ပြောပြချက်အရ၊ ညှော်နံ့ပေါင်းစုံသည်၊ နေ့တိုင်းဖြစ်ပျက်နေသောကြောင့်၊ မည်သို့လုပ်ရမှန်း မသိကြောင်း၊ လူနာများလည်း အလာ ကျဲသွားကြောင်း၊ အနားတ၀ိုက်ရှိ အိမ်များလည်း စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိရှိရပါသည်။

ညှော်နံ့ ပေါင်းစုံထွက်ပေါ်လာသော ဆိုင်ခန်းများမှာ……..
၁- ထမင်း ဟင်း ကြော်လှော်ရောင်းသည်.ဆိုင်။
၂- စားသောက်ဆိုင်
၃- အသုတ်ဆိုင်
၎-အသားကင်ဆိုင်
၅-ကြက်ကြော်ဆိုင်
၆-ယိုးဒယား အကင်ဆိုင်
၇-၀က်သားတုတ်ထိုးဆိုင်တို့ ဖြစ်ပါသည်။

စီမံဆောင်ရွက်သင့်သည်မှာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို.၏ ကွပ်ကဲမှူဖြင်. မြို့နယ်စည်ပင်၊မြို့နယ်ရဲတပ်ဖွဲံ့၊ ကျန်းမာရေးဌာန တို. ပူးပေါင်းဆောင်နိုင်ရန် တင်ပြပါသည်။

ပန်ပန်

မေလ်းထဲသို့ ပေးပို့ လာသော ကြောင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်.။

ယနေ့အမေရိကန်အထက်လွှတ်တော်အမတ် လက်ထောက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများနှင့်ရန်ကုန်မြို့မှာ တွေ့ဆုံ

မစ်စ် ရော်ဘင် လာနာ။


မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry) ရဲ့ လက်ထောက် ရော်ဘင် လာနာ (Robin Larner) က သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လေ့လာဖို့ လာရောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ NLD ပါတီ ခေါင်းဆောင်ပိုင်းနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက တွေ့ဆုံတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျွန် ကယ်ရီရဲ့ လက်ထောက်တဦးဖြစ်သူ ရော်ဘင် လာနာဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။ သူ့ခရီးစဉ်အတွင်း နေရာ တော်တော်များများကို သွားရောက်ပြီး မြန်မာနိုင်ငံထဲက အခြေအနေတွေကို လေ့လာ စုံစမ်းခဲ့တာလို့ ဒီကနေ့ သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“အဓိကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေရယ်၊ NLD ရဲ့ အခြေအနေတွေရယ်၊ ဒါတွေကိုပဲ အပြန်အလှန် ပြောဖြစ်ပါတယ်။ အခု သူပြောပြချက်အရ သူက ၁၉ ရက်နေ့က ရောက်နေတယ်။ သာမန်လူတွေနဲ့လည်း သူ တွေ့တယ်။ နေရာတော်တော်များများ သူရောက်တယ်နဲ့ တူပါတယ်။ အဲဒါတွေ ပြောပြတော့ သူက မြန်မာနိုင်ငံရဲ့ လက်တွေ့ အခြေအနေကို သိချင်လို့ လာတဲ့သဘောလို့ပဲ ကျနော် အဲဒီလောက်ပဲ မြင်ပါတယ်။”

NLD ဘက်ကတော့ လက်ရှိ ရည်တည်မှု အခြေအနေတွေနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီက ဘာကြောင့် မှတ်ပုံမတင်ရသလဲဆိုတဲ့ အခြေအနေတွေကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့ NLD ရဲ့ အခု ရပ်တည်နေမှု အခြေအနေကို မေးပါတယ်။ ဦးတင်ဦး ရှင်းပြတယ်။ နောက် ရွေးကောက်ပွဲ လုပ်ခဲ့ရင် ရွေးကောက်ပွဲ ပြီးသွားတဲ့ အခြေအနေကို မေးတော့ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခြေအနေကိုတော့ ကျနော်တို့ အခုအချိန် မပြောနိုင်ဘူး။ နိုင်ငံရေးရဲ့ အပြောင်းအလဲ ဆိုတာတွေက ကျနော်တို့လည်း မသိပါဘူး။ အဲဒီလိုပဲ ပြောလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲရဲ့ အခြေအနေတွေရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက အပိုဒ် ၆ အခြေအနေတွေရယ်၊ နောက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရ ကိုယ့်ခေါင်းဆောင်ကို ကိုယ် ထုတ်ပစ်ရမယ်၊ နိုင်ငံရေးလုပ်လို့ အကျဉ်းကျထားတဲ့ လူတွေကို ထုတ်ပစ်ရမယ်ဆိုတာ ဘယ်တော့မှ ကျနော်တို့ မလုပ်နိုင်တဲ့ ကိစ္စမျိုး ဖြစ်တယ်။ ဒါတွေကို သူ့ကို ပြောပြတယ်။ သူ သဘောပေါက်ပါတယ်လို့ ပြန်ပြောပါတယ်။”

NLD ဘက်က ရှင်းလင်း တင်ပြတာတွေကို ရော်ဘင် လာနာ အနေနဲ့ မှတ်သားသွားပေမဲ့ သူမဘက်ကတော့ သဘောထား ထင်မြင်ချက် ပြန်လည်ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရော်ဘင် လာနာဟာ သူမရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခြင်း ရှိမရှိဆိုတာ မသိရသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်ဆိုတဲ့ သတင်းကိုတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းကလည်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေနဲ့ ဘန်ကောက်မှာရှိတဲ့ ကနေဒါသံရုံး အရာရှိတွေ NLD ခေါင်းဆောင်ပိုင်းကို သွားရောက် တွေ့ဆုံခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့က အမေရိကန် သံမှူးကြီးအိမ်မှာ ဒီကနေ့ ရော်ဘင် လာနာနဲ့ တွေ့ဆုံခဲ့ကြတဲ့ NLD ခေါင်းဆောင်ပိုင်းကတော့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးဉာဏ်ဝင်း အပါအ၀င် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဟန်သာမြင့်၊ ဒေါက်တာ မေ၀င်းမြင့်နဲ့ ဦးဝင်းမြင့်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရော်ဘင် လာနာဟာ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံအပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆက်လက် တွေ့ဆုံတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်..VOA