11 May 2010

သမိုင်းဝင် ဒေါင်း အလံအား အလွဲသုံးစားလုပ်သူ အေးလွင် နှင့် ရဲထွန်း တို့ ရွေးကောက်ပွဲကော်မရှင်ကတားမြစ်လိုက်ခြင်း


မြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေး တိုက်ပွဲတွင် ဗမာ့ကာကွယ်
ရေးတပ်မတော် တို့ က အသုံးပြုခဲ့သည့် သမိုင်းဝင် ဒေါင်း အလံတို့ကို ထပ်တူနီးပါး ကူးယူသုံးစွဲ
ထားသည့် ပြည်ထောင်စုမြန်မာ နိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသား
လူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်ငံ) တို့ အား ပါတီ ၏ အလံ နှင့် တံဆိပ် အမှတ် အသား တို့ 
ကို လက်ရှိ အသုံးပြုရန် ရည်ရွယ်ထားသည့် တံဆိပ်အမှတ် အသား တို့ မှ ပြောင်းလဲပစ်ရန်
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် မှ ညွှန်ကြားစာ ထုတ်ပြန်လိုက်
သည် ဟု သတင်းရရှိသည်။



ရွေးကောက်ပွဲ ၀င်မည့် ထို အဖွဲ့ နှစ် ဖွဲ့ က ၎င်း တို့ ၏ အလံများ ကို သမိုင်း ၀င် အလံ များ နှင့်

ဆင်တူယိုးမှား တုပခြင်း နှင့် ပတ်သက်၍ နာမည်ကျော် အနုပညာရှင် များ ၊ စာရေးဆရာများ နှင့်

ကျောင်းသား ပြည်သူများက ကန့် ကွက်လက်မှတ် ရေးထိုးခဲ့ကြသည်။



နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် သို့ တင်သည့် စာတွင် သခင်သိန်းမောင် ၊ ဒဂုန်တာရာ ၊

လူထုစိန်ဝင်း ၊စသည့် စာပေ နှင့် နိုင်ငံရေး နယ်ပယ်မှ ထင်ရှား သူများ အပြင် အနုပညာ နယ်ပယ်မှ

သရုပ်ဆောင် ကျော်သူ နှင့်ဟစ်ဟောပ် အဆိုတော် ရန်ရန်ချမ်း ၊ကိုရဲလွင် နှင့် မင်းထင်ကိုကိုကြီး တို့ 

လည်း ပါဝင် လက်မှတ်ရေး ထိုးခဲ့ကြသည်။



လက်မှတ် ရေးထိုးသည့် လှုပ်ရှားမှု တွင် ပါဝင်ခဲ့သည့် စာရေး ဆရာ တစ်ဦးက “နေပြည်တော်

(ရွေးကောက်ပွဲ ကော်မရှင်) ကတော့ သူတို့ ဆီရောက်ပြီး ချက်ခြင်းပဲ အေးလွင် တို့ ကို

သူတို့ ရဲ့ အလံ နဲ့ တံဆိပ်တွေ ပြောင်းဖို့  တရားဝင်ဖက်(စ)ပို့ တယ် အေးလွင် တို့ ဆီမှ ဖက်(စ)

မရှိတော့ ဖုန်း နဲ့ ပဲ တရားဝင် ပြောပြီး ပြောင်း ခိုင်းလိုက်တယ် လို့ ပြောတယ်။



နအဖ ဘက်ကလည်း ဘာဖြစ် လို့ ဒီလိုပြောင်း ခိုင်းလိုက်တာလဲ ဆိုရင် သူတို့  ဒီအလံ နဲ့ ပတ်သက်ပြီး

ပြည်သူကဒီလို လုပ်တာ မကြိုက်ဘူး ဆိုတာ သိတယ်။ လူထု အုံကြွမှု တွေ ဖြစ်လာမှာ လဲ

ကြောက်တယ် ထင်တယ်ဒါကြောင့် သူ တို့ ခုလို မြန်မြန် ဆုံး ဖြတ်တာ ဟု Freedom News

Group သို့ ပြောသည်။




အေးလွင် နှင့် ရဲထွန်း တို့ အဖွဲ့ ၏ သမိုင်းဝင် အလံများ ဆင်တူယိုးမှား လုပ်ကာ မှတ် ပုံတင်ခြင်း

နှင့်ပတ်သက်၍မေလ ၁ ရက်နေ့ ထုတ် စစ်အစိုးရ အာဘော် သတင်းစာများ တွင် ကန့် ကွက်

နိုင်ကြောင်း ကြော်ငြာထည့် သွင်းဖော်ပြချိန်မှ စပြီး Freedom News Group တွင် သတင်းဖော်

ပြခဲ့ပြီးဖြစ်သည်။




ရင်းမြစ်...Freedom News Group

မြောက်ကိုရီးယား မှ လက်နက် တင်သွင်းမှု နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရကို အမေရိကန် သတိပေး

ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံတို့ မှ ဒဏ်ခတ် အရေးယူထားသည့် ဆိုးသွမ်း နိုင်ငံများ စာရင်းဝင်
မြောက်ကိုရီးယား နိုင်ငံမှ လက်နက် များ တရား မ၀င် တင်သွင်းနေ သည့် မြန်မာ နိုင်ငံအား အာရှ နှင့်
ပိစိဖိတ် ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး က သူ ၏ နှစ်ရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ်
အတွင်းပြင်းထန် စွာ သတိပေးသွားသည် ။



ဝန်ကြီး ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

အပါအ၀င်အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ၊ဦးဝင်းတင် ၊

ဦးအုန်း ကြိုင်၊ဦးညွန့် ဝေ၊သခင်စိုးမြင့် ၊ဦးဟံသာမြင့် ၊ ဦးဥာဏ်ဝင်း တို့  နှင့် တွေ့  ဆုံခဲ့သည်။



၎င်းတို့ ကိုယ်တိုင် မတရား ရေးဆွဲထားသည့် ရွေးကောက်ပွဲ ဥပဒေ ကိုပင် လိုက်နာမှု မရှိသည့် မြန်မာ

စစ်အစိုးရ၏ ရွေးကောက်ပွဲ ရလာဒ် အား အမေရိကန် နှင့် နိုင်ငံတကာ မှ လက်ခံ ခြင်းမပြု ရန် ကို လည်း

ဦးဝင်း တင် နှင့်ဝန်ကြီး တို့ ဆွေးနွေးခဲ့သည်။



ပြည်ထောင်စုဒီမိုရေစီပါတီ မှ ဦးဖြိုးမင်းသိမ်း နှင့် တွေ့ ဆုံရာတွင် ဦးဖြိုးမင်းသိမ်း က ကြံဖွံ့ 

ရွေးကောက်ပွဲ ၀င်ရန် ပါတီ ထောင်ခြင်း နှင့် ကြံ့ ဖွတ် ပါတီ ခေါင်းဆောင် အဖြစ် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲဦးသိန်းစိန် ဦးဆောင် နေခြင်းသည် ၎င်း တို့ ကိုယ် တိုင်ရေး ဆွဲ ထားသည့်

ရွေးကောက်ပွဲ ဥပဒေ ကို ချိုးဖောက်ရာရောက်သည် ဟု ဆွေးနွေး ခဲ့သည် ဟု ပြည်ထောင် စု ဒီမို ကရေစီ

ပါတီ မှ ဦးဖြိုးမင်းသိန်း က Freedom NewsGroup သို့ ပြောသည်။



အမေရိကန် အစိုးရ ၏ ပြောင်းလဲလာသည့် မူဝါဒများ အပေါ် မြန်မာ အစိုးရ နှင့် ထိတွေ့ ဆက်ဆံရာဉ်

အမေရိကန်၏ တောင်းဆိုချက်များကို မလိုက်လျှောသည့် စစ်အုပ်စု အား စိတ်ပျက် မိသည် ဟု 0န်ကြီး

က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။



မြန်မာ စစ်အစိုးရ မှ ပြုလုပ်မည့် ရွေးကောက်ပွဲ သည် နိုင်ငံတကာ အသိုင်း အသိုင်းအ၀ိုင်း မှ ပိုမို လက်ခံ

ယုံကြည်နိုင် အောင် ခြေလှမ်း စမှ တရား ၀င်မှု ဖြစ်လိမ့်မည် ဟု သတင်းထောက် များ နှင့် တွေ့ ဆုံရာ တွင် ပြောကြားခဲ့သည်။



ရင်းမြစ်...freedomnewsgroup

အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် အမှု အထူးအယူခံကိုဗဟိုတရားရုံးကလက်ခံခဲ့ကြောင်း

မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် ၁၈ လ ထိန်းသိမ်းထားသည့် အမှုအတွက် အထူးအယူခံကို ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ ယနေ့တင်သွင်းရာ တရားရုံးက လက်ခံခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ဒီမိုကရေစီ ခေါင်းဆောင်၏ အမှုပြင်ဆင်ချက်ကို ဗဟိုတရားရုံးချုပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပယ်ချခဲ့ပြီးနောက် အထူးအယူခံကို ထပ်မံလျှောက်ထားခဲ့ရာ လက်ခံလိုက်ခြင်း ဖြစ်သည်။

“ပြစ်ဒဏ်ပြင်ဆင်ချက် တင်သွင်းထားတာကို ပယ်ချလိုက်တဲ့အတွက် နောက်တဆင့် တက်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် အထူးအယူခံ တက်ခွင့်ပြုပါလို့ ဒီနေ့ လျှောက်လွှာတင်တယ်။ လက်ခံလိုက်ပြီ” ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလက ပယ်ချခဲ့သည့် ပြစ်ဒဏ်ပြင်ဆင်မှု လျှောက်လဲရာတွင် တရားသူကြီး ၂ ပါး ရှေ့မှောက်တွင် လျှောက်လဲကြခြင်းဖြစ်ပြီး၊ ယခု အထူးအယူခံအဆင့်တွင် တရားသူကြီး ၃ ပါးရှေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲရမည် ဖြစ်သည်။ လျှောက်လဲရမည့် နေ့ရက်ကို မကြာမီ တရားရုံးက ကြေညာပေးသွားမည် ဖြစ်သည်။

ယခုအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အနိုင်ရခဲ့ပါက နေပြည်တော်ရှိ တရားသူကြီးချုပ် (သို့မဟုတ်) ဒုတရားသူကြီးချုပ်ကိုယ်တိုင် အမှုကို ကြားနာစစ်ဆေးရမည်ဖြစ်သည်။ ရှုံးနိမ့်ခဲ့ပါမူ အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် အမှုကိစ္စနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ဦးကြည်ဝင်းက ပြောသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်နဲ့ ဦးဥာဏ်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်ပြီး တွေ့ဆုံရမယ်၊ ဆွေးနွေးရမယ်၊ လမ်းညွှန်ချက်ယူရမယ်” ဟု သူက ပြောသည်။

နေအိမ်အတွင်း ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့က ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ ပြောင်းလဲသတ်မှတ်ရန် ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းးစုကြည်နှင့်အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က ယခုလ ၇ ရက်နေ့တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့ကြောင်း သိရသည်။

၎င်းတို့ သားအမိနှစ်ဦးကိုလည်း မြောက်ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူအား ကူညီသည့် ပုဒ်မ ၂၂/၁ဝ၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်ရန် ပြောင်းလဲချမှတ်ခဲ့သည်။

ရင်းမြစ်...
မဇ္ဈိမ

U.S. "profoundly disappointed" at Myanmar polls








ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်တို့တွေ့ဆုံ


ဓာတ်ပုံ။ ။ Reuters
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က သူ၏ နှစ်ရက်ကြာ ခရီးစဉ်အပြီး ရန်ကုန်မြို့မှ မထွက်ခွာခင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် အဓိကကျသောအတိုက်အခံ ခေါင်းဆောင် များနှင့် ညှိနှိုင်းမှု မရှိပဲ တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို ကျင်းပရန် ဦးတည်ခဲ့မှုအတွက် ပြစ်တင် ဝေဖန် သွားခဲ့ပါသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ့်ပ်ဘဲလ် (Kurt Campbell) နေပြည်တော် - ရန်ကုန် ခရီးစဉ် ရုပ်သံမှတ်တမ်း



ဟံသာဝတီသတင်းဌာန မှပြန်လည်ဖော်ပြပေးထားပါသည်။

တပ်မတော်အပေါ် သစ္စာဖောက်ပြီး ပြည်သူတွေကိုပါ လိမ်ပြီးရင်ထပ်လိမ်လှည်နေကြအုံးမယ့်သူများ...

အော် …. ဗိုလ်ချူပ်ကြီးတွေ ဗိုလ်မှူးကြီးတွေ လက်စသတ်တော့ တပ်မတော်ကို အမှန်တကယ် ချစ်တာမှ မဟုတ်တာ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀န်ကြီးနေရာ ပြန်ရဖို့ အတွက်သာကြည့်ပြီး စစ်တပ်ရာထူးကို အလွယ်တကူ စွန့် လွှတ်ပြနေလိုက်တာများ။

လက်ရှိ နအဖ ၀န်ကြီးများက စစ်ဘက်တာဝန်ကနေ အနားယူလိုက်သူများ ဖြစ်ပါတယ်။

နအဖ ၀န်ကြီးများဖြစ်ကြတဲ့သူတွေ စစ်တပ်ရာထူး စွန့် ကြတာများ -

ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း - စက်မှု (၂)။

ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး။

ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်။

ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး။

ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား။ကူးသန်း။

ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်။ခရီး။

ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ။အခွန်။

ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး။

ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး။

ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု။

ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ။

ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်။

ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁)။

ဗိုလ်ချုပ် ခင်မောင်မြင့်- ဆောက်လုပ်ရေး၊ လျှပ်စစ် (၂)။

ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား။

ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး။

ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော။

ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး။

ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း။

ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း။

ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး ရေ။

ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်။

ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်။

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်။

နအဖ ဒု-၀န်ကြီးများဖြစ်ကြတဲ့သူတွေ စစ်တပ်ရာထူး စွန့် ကြတာများ -

ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂)။

ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂)။

ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း။

ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး။

ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား။

ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး။

ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင်။

ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား။ကူးသန်း။

ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ် ခရီး။

ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ။အခွန်။

ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး။

ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး။

ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး။

ဗိုလ်မှူးချုပ် ၀င်းစိန် - လူဝင်မှုကြီးကြပ်ရေး။

ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်။

ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )။

ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး။

ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း။

ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်။

မြန်မာတပ်မတော်က ရာထူးတွေကို အလွယ်တကူ စွန့် လွှတ်၊ မြန်မာတပ်မတော်နဲ့  မဆိုင်တော့ဖူးဆိုပြီး ပစ်စလက်ခတိထွက်ကြတဲ့ ဒီလို စစ်တပ်ခေါင်းဆောင်ကြီးတွေ မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုး သံယောဇဉ် မရှိကြတာ သိသာလှပါတယ်။ ဒီလို လုပ်ရက်တာ မြန်မာ့တပ်မတော်ထဲမှာ ရှိကြတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေ မမြင်ကြတော့ဖူးလားဗျာ။

ဒီ ဗိုလ်ချူပ်ကြီးတွေ ဗိုလ်မှူးကြီးတွေဟာ တကယ်တန်းကြတော့ တပ်မတော်အကျိုး တိုင်းပြည်အကျိုးဆိုတာထက် သူတို့  အာဏာရဖို့ သာ အဓိကကြည့်ကြတယ်ဆိုတာ အခုလုပ်ရပ်တွေက သက်သေပါဘဲ။

နအခေါင်းဆောင်ကြီး သန်းရွှေတောင် သေခါနီးဖြစ်နေလို့ ။ နို့ မဟုတ်ရင် ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ အတွက် ဗိုလ်ချူပ်မှူးကြီး ရာထူးကနေ စွန့် လွှတ်ပြမှာ။

မြန်မာ့တပ်မတော်ကို သူတို့  အာဏာမြဲဖို့ အတွက် လိုတဲ့အချိန်မှာသာ အသုံးချပြီး မလိုတော့တဲ့အချိန်မှာ ခြေစုံကန်ပြရုံမဟုတ်ဘဲ ရိုင်းရိုင်းပြောရရင် ဒါဘဲ လို့  ပြလိုက်တာပါဘဲ။

အခုဆိုရင် ဦးသိန်းစိန်တို့  ၊ ဦးဌေးဦးတို့ ၊ ဦးကျော်ဆန်းတို့ ၊ ဦးမောင်ဦးတို့  ဖြစ်ကုန်ကြပြီ။ ဘယ်မှာလည်း တပ်မတော်ကို ချစ်ပြ တုန်ပြနေလိုက်ကြတဲ့သူတွေရဲ့  စစ်တပ်ရာထူးတွေ။

၂၀၁၀ ရွေးကောက်ပွဲမှာ ၀န်ကြီးချူပ် သိန်းစိန်၊ ၀န်ကြီး ဌေးဦး၊ ၀န်ကြီး ကျော်ဆန်း၊ ၀န်ကြီး မောင်ဦး ဖြစ်ချင်ကြသူတွေ စစ်တပ်က ရာထူး သူတို့  မလိုချင်တော့ဖူး .. တန်ဖိုးမထားတော့ဖူးတဲ့ဗျာ … ကျွန်တော်သာ တပ်မတော်ထဲကဆိုရင် ဒီလို တပ်မတော်အပေါ် သစ္စာဖောက်သူတွေကို သင်ခန်းစာ ပေးလိုက်မှာ မနှေးအမြန်ဘဲ ….

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မှအမေရိကန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး လာရောက်သည့်ကိစ္စနှင့်ပါတ်သက်၍ သဘောထားထုတ်ပြန်ချက်

Statement on Kurt Campbell's Reisit

လူကြီးဖြစ်သူ အောင်သိန်းလင်း ကိုယ်တိုင်က ဘုရား မသိ တရား မသိ သံဃာ မသိ ဖောက်ပြန်နေမှတော့ ….

ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း အသက်အရွယ်မှ အားမနာ ပွဲလန်းသဘင်တွေမှာကြတော့ လူကြီးလူကောင်းအဖြစ် ဟန်ဆောင်ပြနေပေမယ့်၊ စကားပြောတော့ အောက်တန်းကျကျ ယုတ်ယုတ်မာမာ ပြောတတ်ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေကို ပြစ်မှားသူက သူ့ ရဲ့  မိသားစုဝင်တွေကြတော့ ဘုရား တရား သံဃာ ရိုသေပြနေတာ ပါးစပ်က ဘုရား ဘုရား လက်က ကားယားကားယားဆိုတာ ဒါမျိုးဘဲ။




ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး ရိုသေတယ်ဆိုတာ ဟန်ပြ ရိုသေပြ၊ ဟန်ပြ ရှိခိုးပြ၊ ဟန်ပြ ကိုးကွယ်ပြ၊ ဟန်ပြ အလှူဒါနလုပ်ပြ ပြီးတော့ တစ်ဘက်မှာတော့ လိမ်ညာစကားတွေပြော၊ အလွဲသုံးစား ခိုးဝှက်ယူ၊ သောက်စားမူးယစ်သောင်းကျန်း၊ သားပျိုသမီးပျိုတွေကို စော်ကား၊ သတ်ဖြတ်မှုတွေကို ကျူးလွန် စသဖြင့် မနောကံ (စိတ်နဲ့ ပြစ်မှားတာရော)၊ ၀စီကံ (နှုတ်နဲ့ ပြစ်မှားတာရော)၊ ကာယကံ (ကိုယ်ထိလက်ရောက် ပြစ်မှားတာရော) ဖြစ်နေရင်တော့ ဘယ်လောက်ဘဲ ဟန်ဆောင်ပြနေပါစေ လူအများ မသိပေမယ့် ငရဲအိုး ဇောက်ထိုးကျမှာ မလွဲပါဖူး။ ဒီလိုမျိုး ဒုက္ခငရဲ ကြုံရမယ်ဆိုတာ နောင်ဘ၀မှလို့ ထင်ပြီး အခုဘ၀တော့ ကိစ္စမရှိဖူးထင်ရင် မှားပါလိမ့်မယ်။ မကြာခင်အချိန်တွေမှာ စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်းတို့ ဆိုတာ အောင်သိန်းလင်းတို့  ကြုံရနိုင်ပါတယ်ဆိုတာ သိစေလိုပါတယ်။

ရန်ကုန်မြို့ တော်ဝန်ကြီး အောင်သိန်းလင်းရေ ကိုယ်ကိုတိုင်ရော မိသားစုဆွေမျိုးအသိုင်းအ၀န်းတစ်ခုလုံးရော ပြည်သူ့ မေတ္တာစူးပြီး ဒုက္ခလှလှရောက်နိုင်တယ်ဆိုတာ သတိပေးလိုက်ပါတယ်။


ပေးပို့ ပေးသော ကိုနစ်နေမန်း အးကျေးဇူးတင်ပါသည်..

10 May 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့တွေဆုံစဉ်သတင်းထောက်များဝင်ခွင့်မပေး


အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် သတင်းယူခွင့် တားမြစ်ခံရသော ပြည်တွင်း၊ ပြည်ပစာနယ်ဇင်းသမားများကို ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဂေဟာဝင်ပေါက်ရှေ့၌ ယနေ့မွန်းလွဲ ၁နာရီခွဲဝန်းကျင်က တွေ့ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)။ အစိုးရသတင်းစာနှင့် ရုပ်သံအဖွဲ့များကိုပါ ဝင်ခွင့်မပြုခဲ့သဖြင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာနှင့် လူထုမြင်ကွင်းမှ ကွယ်ဖျောက်ရန် ကြိုးစားနေသည်ဟု ဝေဖန်သူများက ပြောသည်


အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbell တို့ အစိုးရဧည့် ဂေဟာတွင် တွေ့ဆုံဆွေးနွေးနေကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာပြီးနောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် ယခုသတင်းပေးပို့ချိန်တွင် ရောက်ရှိနေပြီဖြစ်သည်။

“ ၃ နာရီ ၅ဝ လောက်မှာ စတွေ့နေပြီ၊ ”ဟု ပြည်တွင်း အယ်ဒီတာ တဦးကပြောသည်။

အမေရိကန် သံရုံးက သတင်းထောက်များကို ဖိတ်ခေါ်ထားသော်လည်း ပြည်တွင်းသတင်းထောက်များ ဝင်ခွင့်မရခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း စစ်အစိုးရနှင့် အတိုက်အခံကြား သဘောတူညီမှုတခုပြီး ဒီမိုကရေစီသို့ကူးပြောင်းရန် မျှော်မှန်းထားခဲ့သော မစ္စတာ ကမ့်ပ်ဘဲလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁ဝ ဦးတို့နှင့် ယနေ့ နံနက် ၁၁ နာရီချိန်တွင် တွေ့ဆုံခဲ့ရာတွင် ပြောကြားသွားသည်။

” သူ့ရဲ့ သုံးသပ်ချက်ကတော့ ဘာမှ မထူးခြားသေးပါဘူးတဲ့၊ စိတ်ပျက်ပါတယ်တဲ့။ သူအဲဒီလိုပြောပါတယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် အလားအလာ မတွေ့သေးပါဘူးတဲ့။ ကျနော်တို့ကလည်း ကျနော်တို့လက်ရှိ ပါတီမှတ်ပုံမတင်ဘူး။ ကျနော်တို့ဘက်ကတော့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တဲ့ လူမှုရေးဆက်လုပ်မယ်လို့ ရှင်းပြပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲပချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

အမျိုးသးဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဌ ဦးတင်ဦးခေါင်းဆောင်၍ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးမြင့်ဝေ၊ သခင်စိုးမြင့်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးအုန်းကြိုင်တို့ ရန်ကုန် ၆ မိုင်ခွဲရှိ အမေရိကန်သံအရာရှိ နေအိမ်တွင်ပြုလုပ်သော ၁ နာရီကျော်ကြာ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်သည် ယမန်နေ့က ရောက်လာပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် မေလ ၆ ရက်နေ့သည် ပါတီ ပျက်ပယ်မည်ဖြစ်သည်။ သို့သော် စစ်အစိုးရအနေဖြင့် ပါတီပျက်ပယ်ကြောင်း တရားဝင် ကြေငြာခြင်း မရှိသေးပေ။

သတင်း...မဇ္ဈိမ

ယနေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ် တွေဆုံမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ်နှင့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ယနေ့ နေ့လယ် ၁ နာရီ၌ တွေ့ဆုံမည်ဟု သိရသည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်သည် တခြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်များနှင့်လည်း အမေရိကန်သံရုံး တာဝန်ခံ၏အိမ်တွင် နံနက် ၁၁ နာရီ၌ တွေ့ဆုံမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း အပါအ၀င် အစိုးရ အရာရှိများနှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

လူထုစိန်ဝင်း ရဲ့ ပြောပြီးရင်လည်း ထပ်ပြော နေရတာပါဘဲ...

လူထုစိန်ဝင်း

အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ် နဲ့အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။



နဖူးလက်တင်စဉ်းစားဖို့မလို




တချို့က လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့ အဆင့်မျိုးကိုမရောက်သေးတာတစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေရှိသိပ်ပြီး မမြင်မတွေ့ရလို့ လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတာဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။ သတင်းစာတစ် စောင် ကောက်လှန်ကြည့်လိုက်တာနဲ့တင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေ ဘယ်လောက်ထိ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ကုန်ကြပြီလဲ ဆိုတာတွေ မမြင်ချင်အဆုံးတွေ့ရမှာ ဖြစ်ပါတယ်။




ကလောင်ရှက်လို့ မရေးဝံ့




ခရီးသည်အပြည့်ပါတဲ့ လေယာဉ်ကြီးတွေ အပိုင်စီးပြီး လူတွေသောင်းချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးနှစ်လုံးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ လူမပါတဲ့ လေယာဉ်ပေါ်ကနေပြီး မူလတန်းကျောင်းလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကမှ ကြုံဖူးလို့လဲ။ လူတစ်ယောက်က စိတ်ရူးထပြီး မောင်းပြန်သေနတ်ကြီးနဲ့ မူကြိုကျောင်းကလေးထဲဝင်ပြီး ဒလကြမ်းမွှေ့ယမ်းတာမျိုးကော ဘယ်ခေတ်ကကြားဖူးလို့လဲ။ ကလောင်ရှက်လို့ မရေးဝံ့တဲ့ ယုတ်မာမှုတွေ အများကြီးရှိသေးတယ်။ အားလုံးတွေ့နေ ဖတ်နေကြမှာပါ။





ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲ . . .



ပိန်မသာ လိန်မသာ




အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းကုန်ကြတာမထင်နဲ့ ကိုယ့်အနားပတ်ဝန်းကျင်မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာတော့ ပိန်မသာလိန်မသာလို့ ပြောရင်တောင် ရနိုင်လောက်တယ် ထင်မိတယ်။ ကြည့်လေ။ အလှူ မင်္ဂလာပွဲနေပွဲထိုင်လို လူတောကြီးထဲကို ရင်ဗလာကျောဗလာနဲ့ ရင်ရှားဂါဝန်ကြီးဝတ်လာတာမျိုး ဘယ်အခါက မြန်မာမိန်းကလေးတွေ လုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ် ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ။ အောက်က ပိတ်လုံချည်ရဲ့ ဇာနားကလေးကို အပေါ်လုံချည်ရဲ့အနားမှာ ညီညီညာညာပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုကပါးနေပြီးသားလုံချည်စကို စကတ်ထမီချုပ်ဝတ်လိုက်တော့ ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။




မြင်ပါများတော့ ရိုးနေပြီ




မြင်မကောင်း ရှုမကောင်းအောင် တိုတိုနေတဲ့ စကတ်တိုဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတွေကတော့ မြင်ပါများလို့ ရိုးသလောက်ဖြစ်နေပါပြီ။ ဇာတ်စင်ပေါ်မှာကနေတဲ့ ဇာတ်မင်းသားကို ပွဲကြည့်ပရိသတ်မိန်းကလေးက စင် ပေါ်တက်ပန်းကုံးစွပ်ရင်းဖက်နမ်းတဲ့ မြင်ကွင်းမျိုးကလည်း အဆန်းမဟုတ်တော့ဘူး။ မြန်မာယဉ်ကျေးမှုက အရွယ်ရောက်နေတဲ့ သမီးကအမေကို ဖက်နမ်းနှုတ်ဆက်တယ်ဆိုတာ မျိုးတောင်လုပ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ အခုတော့ အကယ်ဒမီပွဲတွေ မှာ နမ်းလိုက်ကြတာ မျက်စိကိုနောက်နေတာပါပဲ။ နောက်ပြီးရှိသေးတယ်။ အပျိုအရွယ်မိန်းကလေးတွေက ကျွန်မရည်းစားက ဘယ်သူ ဘယ်ဝါပါဆိုပြီး ဂျာနယ်တွေထဲမှာ ထုတ်ဖော်ပြောကြားတာမျိုး။ နောင်မယူဖြစ်တဲ့အခါကျတော့ နာမည်ဆိုး ကြီးဖြစ်ကျန်ရစ်ရော။




ကမ်းကုန်နေပြီ




အနောက်နိုင်ငံတွေမှာဆိုရင်လည်း လက်မထပ်ဘဲအတူနေပြီး ကလေးမွေးကြတာတွေဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုလိုဖြစ်နေပြီ။ တချို့ကတော့ ကလေးမွေးပြီး သုံးနှစ်လေးနှစ်ကြာမှာ လက်ထပ်ကြတယ်။ တချို့ကတော့ လေးငါးခြောက်နှစ် အတူနေပြီးမှ နှစ်ဦးသဘောတူ လမ်းခွဲကြတယ်။ အတွဲအသစ်ကိုယ်စီနဲ့ အတူနေကြပြန်တယ်။ စာစောင်တွေကလည်း အတူနေအဖော်လို့ (companion partner)ရေးကြတယ်။ ချုပ်ပြီးပြောရရင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေဟာ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့ကုန်ကြရုံမက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာလည်း ကမ်းကုန်နေပြီလို့ ပြောရတော့မှာဖြစ်တယ်။ သင်္ကြန်ရေကစားနေတဲ့ လူတွေကြား ဗုံးခွဲတယ်ဆိုတဲ့လုပ်ရပ်ကို သာကြည့်ပါတော့။




ငွေကခြယ်လှယ်




လူသားတွေ အရှက်အကြောက်ကင်းမဲ့ပြီး ရိုင်းသထက်ရိုင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ နေရာတကာမှာ ငွေကခြယ်လှယ်တဲ့ နေရာကိုရောက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်ထင်ပါတယ်။ ဒီခေတ်မှာ ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ငွေရှိရင်တော့ ဘာမဆိုအကုန်ဖြစ်တယ်။ အဲဒီတော့ ဘယ်နည်းနဲ့ရရ ငွေရဖို့အဓိကဖြစ်လာတယ်။ ''ကြောင်ဖြူတာမည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာလိုရင်းပဲ'' ဆိုတဲ့ အဘိဓမ္မာက နေရာတိုင်းလွှမ်းမိုးလာတယ်။ ငွေရဖို့အတွက် လူတွေဟာ ဘနဖူးကိုတောင် သိုက်တူးဖို့ ၀န်မလေးကြတော့ဘူး။ မူဝါဒ'Principle' တို့ ဂုဏ်သိက္ခာ 'Dignity'၊ 'Honour' တို့ဆိုတာတွေကို ထည့်စဉ်းစားမနေတော့ဘူး။ စဉ်းစားတဲ့ လူဆိုရင်လူမိုက်ပဲ။ လူ့တန်ဖိုးဆိုတာငွေပဲ ဂုဏ်သိက္ခာမဟုတ်ဘူး။




ဘာကြောင့်အကျင့်ပျက်တာလဲ




ငွေကြောင့်သာမဟုတ်ရင် လူတွေဒီလောက်ပျက်စီးစရာအကြောင်း မရှိပါဘူး။ ယိုးဒယားကသက်ဆင် အာဏာကို ခုထိတန်းတန်းစွဲဖြစ်နေတာ ငွေကြောင့်ပဲ။ ချမ်းသာသထက် ပိုချမ်းသာချင်တဲ့ လောဘကြောင့်ပဲ။ လောကမှာ ဘယ်သူမှ အကျင့်ပျက် ခြစားသူလို့ အခေါ်ခံချင်မယ် မထင်ပါဘူး။ ငွေကြောင့်သာ သိသိကြီးနဲ့ကျူးလွန်နေကြတာဖြစ်မှာပါ။ ဘယ်မိန်းကလေးမှ မလုံတလုံဝတ်ပြီး ဓာတ်ပုံရိုက်ပိုက်ဆံရှာချင်မယ်လို့ မထင်ပါဘူး။ ငွေရဖို့အတွက် လုပ်ရတာဖြစ်မှာပါ။ ပျော်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုတဲ့ မိန်းကလေးမျိုးလည်း ရှိမယ်မဟုတ်ပါဘူး။ ငွေကြောင့်ပါပဲ။




မကောင်းတာလုပ်မှ ကောင်းတာဖြစ်




အနောက်နိုင်ငံတွေမှာလည်း လူတွေရိုင်းသထက်ရိုင်းလာကြတာတွေကို သိပါတယ်။ သမ္မတရေဂန် လက်ထက်ကဆိုရင် ကျောင်းတွေမှာ ဘာသာရေးသင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ ကန့်ကွက်သူများလို့သာ အကောင်အထည် မဖော်ခဲ့တာပါ။ အကောင်အထည်ပေါ်ခဲ့ရင်လည်း အရာရောက်မယ် မထင်ပါဘူး။ ဒီခေတ်လူတွေရဲ့ ပညာတတ်မြောက်မှုနှုန်း မြင့်ပါတယ်။ အဲဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းသိပါ တယ်။ မသိလို့ ပြုမူနေကြတာမဟုတ်ပါဘူး။ ကောင်းတာကိုလုပ်ချင်ပေမယ့် ကောင်းတာလုပ်လို့ ကောင်းတာတွေဖြစ်မလာဘဲ။ မကောင်းတာလုပ်မှ ကောင်းတာတွေဖြစ်လာတဲ့ ခေတ်ကြီးကြောင့် ကောင်းတာတွေမလုပ်နိုင်အောင် ဖြစ်နေကြရတာလို့ပဲ စာနာစိတ်နဲ့ တွေးမိပါတယ်။




လက်နက်ကောင်း




လူ့တန်ဖိုးကို ငွေနဲ့တိုင်းတာနေသမျှ ကာလပတ်လုံးတော့ ကမ္ဘာကြီးတစ်ခုလုံး ဒီလိုပဲ ပစ္စန္တရာဇ်အရပ်သဖွယ် ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့အဖွဲ့အစည်းမှာ ငွေနဲ့ခြယ်လှယ်တဲ့ လုပ်ရပ်မျိုးတွေ များသထက်များမလာအောင် တတ်စွမ်းသလောက် ကာကွယ်တားဆီးတာပဲဖြစ်ပါတယ်။ ကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ လက်နက်ကောင်းတစ်ခုရှိပါတယ်။ ငွေရဲ့ အရှိန်အ၀ါတန်ခိုးသြဇာအောက်မှာ မှေးမှန်နေတာကို ပွတ်သပ်အရောင် တင်ပြီး ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒါကတော့ 'စာနာစိတ်'ပါ။ ဘာသာတရားတိုင်းက ကိုယ်ချင်းစာစိတ်ထားဖို့ ဆုံးမကြပါတယ်။ ငွေက ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတာပါ။ ဒါကို မွမ်းမံပြင်ဆင်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။




မိုးကြိုးပစ်တာ ထန်းလက်ကာ





စာနာစိတ်ဆိုတာ ကိုယ်ကစပြီးကျင့်သုံးရမှာပါ။ သူတစ်ပါးကို နိုင်ထက်စီးနင်းပြုဖို့ဖြစ်လာရင် (ဥပမာ) လူတစ်ယောက်ကို ထိုးကြိတ်ရိုက်နှက်ဖို့ ဖြစ်လာရင် သူသာငါ့မိငါ့ဖိ၊ ငါ့ညီအစ်ကိုမောင်နှမ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့။ လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာကို ပျက်စီးအောင်လုပ်ဖို့ ကြုံကြိုက်လာရင် သူသာ ငါ့ညီ၊ ငါ့ဖ၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့ပါ။ ဒီလို ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို စဉ်းစားမယ်ဆိုရင် အရိုင်းစိတ်တွေ လျော့ပါးတန်သလောက် လျော့ပါးနိုင်ပါတယ်။ မိုးကြိုးပစ်တာ ကိုထန်းလက်နဲ့ကာသလိုတော့ ဖြစ်ပါတယ်။ အရာရာကိုငွေကခြယ်လှယ်တဲ့ စနစ်ကြီးရှိနေသမျှတော့ လူတွေကိုမရိုင်းအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအတိုင်းဘာ မှမလုပ်ဘဲလက်ပိုက် ကြည့်နေလို့ လည်းမဖြစ်ပါဘူး။ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲဖြစ်ပါတယ်။

09 May 2010

ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအကြောင်း တစေ့တစောင်း..

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအကြောင်း တစေ့တစောင်း.. ကိုရေးသားတင်ပြလိုက်ရပါတယ်။

ပြည်တွင်းမှာ မကြာမှီက ဖွဲ့စည်းခဲ့တဲ့ ပြညိတွင်းက
စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတာကတော့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးမစုမျိုးသွယ်ဟာ ၂၀၀၅ခုနှစ် ကတည်းက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ဝန်ကြီးဗိုလ်ချုပ်မောင်မောင်သိန်း လက်မှတ်နဲ့ ပညာတော်သင် အဖြစ်ရွေးချယ် လွတ်လိုက်ပါတယ်။ တခြားလွတ်သင့် လွှတ်သင့်လွှတ်ထိုက် သွားသင့် သွားထိုက်တဲ့ သူတွေရှိပေမယ့်လည်း... အဖေဖြစ်သူ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ အရှိန်အဝါနဲ့ မည်သည့်စာမေးပွဲမှ မဖြေရပဲ ဗိုလ်ချုပ်မောင်မောင်သိန်းရဲ့ ထောက်ခံချက်နဲ့ ရောက်ရှိလာပါတယ်။ ဂျပန်နိုင်ငံမှ Asia Youth Fellow ship အဖွဲ့အစည်းအစီအစဉ်နဲ့ ဖြစ်ပြီး။့ ရောက်ရှိလာတာဖြစ်ပြီ... monbu gakagusyuu schlorship အစီအစဉ်နဲ့ပါ။ လစဉ် ဂျပန်ငွေ ယန်း၁၈သောင်း(ဒေါ်လာ၁၉၀၀) ခန့်ထောက်ပံ့ကြေးရရှိပြီး Marine Bioကို အဓိက ဘာသာရပ်အဖြစ်သင်ကြားခဲ့ပါတယ် ။ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနဂါဝမြို့နယ်ရှိ Tokyo Kaiyo တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေကြောင်း သိရှိရပါတယ်။

၂၀၀၈ခုနှစ်မှာ MSC အောင်မြင်ခဲ့ပါတယ် ယခုလက်ရှိ PHD တက်ရောက်နေပြီး ယခုနှစ်အတွင်းမှာ ကျောင်းပြီးမှာ ဖြစ်ပြီး လက်ရှိလုပ်ကိုင်နေတဲ့ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာနမှ ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် မကြာခင်မှာ ဂျပန်နိုင်ငံက ပြန်လာတော့မှာ ဖြစ်ကြောင်း ပေးပို့လာပါတယ်။ နောက်ထပ် စစ်အစ်ုးရမှ စစ်ဆရာဝန်များအား ရိုးရိုးဆရာဝန် အဖြစ်လိမ်လည် စေလွှတ်တဲ့ ဆရာဝန်များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့မှလူလည်း ပညာတော်သင် အဖြစ်ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး တစ်ချို့မှာ ပညာသင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူ အများအပြားရှိကြောင်း.... စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ တာဝန်ခံ ကိုမင်းဇိနကဆိုပါတယ်။ ဂျပန်အစိုးရမှ စစ်အာဏာရှင်များ နှင့် ဆက်နွယ်နေသူများ ကြံ့ဖွံ့အဖွဲဝင်များအား တမင်သိလျှက်နဲ့ ခေါ်ယူနေတာလား ဒါမှမဟုတ် စစ်တပ်အသိုင်းအဝိုင်းမှ စေလွှတ်သူများအား မသိ၍ ခေါ်ယူနေတာလားဆိုတာ စုံစမ်းဖော်ထုတ် ပေးစေလိုကြောင်း ကိုမင်းဇိနမှ ရေးသားပေးပို့လာပါတယ်။ ဂျပန်နိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားသူများမှလည်း ဂျပန်အစိုးရသိရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ရေးသားပေးပို့လာပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အာဏာရှင်များနဲ့ နီးစပ်သူများ ပတ်သက် ဆက်နွယ်နေသူများဟာ မကြာခဏ ရောက်ရှိနေပြီး ပညာသင်ကြားလျှက်ရှိပါတယ်။ တကယ့်သာမာန် ပြည်သူဝန်ထမ်းတွေဟာ ပညာတော်သင်ရရှိရေးအတွက် အဆင့်အဆင့်သော စာမေးပွဲများကို ခက်ခက်ခဲခဲ ဖြေဆိုခဲ့ရပြီး အဆုံးမှာတော့ အနည်းငယ်သော သာမာန် အရပ်သားဝန်ထမ်းများမှ အပ အများစုမှာ စစ်အာဏာရှင်တွေနဲ့ နီးစပ်သူများ ကြံ့ဖွတ်အဖွဲ့ဝင်များသာ ရောက်ရှိလာပါတယ်။ တကယ့်အရည်အချင်းရှိတဲ့ သာမာန်ကျောထောက်နောက်ခံ မရှိတဲ့ ဝန်ထမ်းများဟာ မျှော်လင့်ချက် ကင်းမယ့်ရပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးနေကြပါတယ်။ စစ်အာဏာရှင်တွေ မတရားအုပ်ချုပ်နေတဲ့ သက်တမ်းမှာ နိုင်ငံရေး၊ စီးပွားရေး ၊လူမှုရေး ၊ အားကစား၊ ပညာရေးတွေ စသည့်တို့ အဘက်ဘက်မှ နိမ့်ကျနေပါတယ်။ အလုံးစုံသော နေရာဋ္ဌာနတွေမှာ လက်ဝါးကြီးအုပ်ထားပြီး အခွင့်အရေးဟူသမျှကို အာဏာရှင်နဲ့ နီးစပ်သူများ ဆွေမျိုးအသိုင်းအဝိုင်းများသာ ရရှိခံစားခွင့်ရကြပါတယ်။

ပေးပို့လာသူ ကိုမင်းဇိနအား ကျေးဇူးတင်ပါသည်။
Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ကို ဆက်သွယ်လိုရင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ကြောင်းရေးသား ပေးပို့လာပါတယ်။


အောက်ဖက်မှာ GRW ကပေးပို့လာတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးတက်ရောက်နေတဲ့ ကျောင်းနဲ့ ဓာတ်ပုံများထဲမှ တစ်ချို့ကို ကြည့်ရူနိုင်ပါသည်။


မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ စည်ပင်သာယာဝန်ထမ်းတွေကို ပြောခဲ့တဲ့ သမိုင်းဝင် မိန့်ခွန်းတခုကို ဒီမှာကြည့်ရှုနိုင်ပါတယ် ။http://www.wanna23.com/2010/03/blog-post_8617.html

မြန်မာနိုင်ငံကရဲချုပ်ကြီးခင်ရီရဲ့သင်္ကြန်ဗုံး သတင်းစာရှင်းလင်းပွဲကြီးတွင်မှားယွင်းစွာ လွဲချော်နေမှုတွေကိုပြန်လည်ထောက်ပြပေးလိုက်ခြင်း..

အင်မတန်မှ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ချင်ပါသော ရဲချုပ်ကြီးခင်ရီ အားနောက်တခါသတင်းစာ ရှင်းလင်းပွဲပြုလုပ်ပါက သေချာ စီစဉ်မှုတွေမှန်ကန်မှုတွေနဲ့ ပြုလုပ်သင့်ပါသည်.။

၁ ။၎င်းတို့စစ်အစိုးရကို အံတုယှဉ်ပြိုင်မည့် လက်နက်ကိုင်အဖွဲ့အသီးသီးနှင့် အတိုက်အခံအဖွဲ့အစည်း အသီးသီး ညီညီညွတ်ညွတ်ဖြင့် တပ်ပေါင်းစုကြီးတခုဖွဲ့ပြီးသည့်သဖွယ် အဖွဲ့အစည်းအားလုံးအား တစု တစည်းထဲ စွပ်ဆွဲထားသည် ။ နအဖ စစ်အစိုးရပြောသလောက်များ ၄င်းအဖွဲ့အစည်းများညီညွတ်ပြီး အမှန်တကယ်တိုက်ပွဲဝင်နေပြီဆိုပါက ဗမာပြည်တော်လှန်ရေး ယခုလိုကြာနေစရာမရှိပါ ၊ ရဲချုပ်ဆိုသူ ခင်ရီ ယခုလိုမဟုတ်တန်းတရားများ ပြောနေနိုင်မည်မဟုတ်ပါ ။


၂ ။ထိုင်းနိုင်ငံ မြန်မာသံရုံးကို ၁၉၉၀ ခုနှစ်မှာဝင်စီးခဲ့တယ်ပြောတယ် ။ တကယ်တမ်းက ၁၉၉၉ ခု ၊ အောက်တိုဘာလ (၁)ရက်နေ့ပါ ။ အဲဒီတုံးက ဗမာပြည်တော်လှန်ရေးအတွက် သံရုံးအလံဖြုတ်ချ ၊ ခွပ်ဒေါင်းအလံလွှင့်တင်ခဲ့တဲ့ ကျောင်းသားငယ်လေးတွေကို ထိုင်းစစ်တပ်ကတောင် တလေးတစား ဆက်ဆံခဲ့တာပါ ၊ ဘယ်သူကမှ အကြမ်းဖက်သမားလို့ မပြောခဲ့ပါဘူး ။ စစ်တပ်ယူနီဖေါင်းဝတ်ပြီး ရဲချုပ် တာဝန်ထမ်းဆောင်နေသော ၊ နိုင်ငံတော်အာဏာပိုင်အဖွဲ့စည်းတရပ်ကို ကိုယ်စားပြုရှင်းပြနေသော ၊ နိုင်ငံသားပြည်သူများသာမက တစ်ကမ္ဘာလုံးအားဇတ်လမ်းထွင်ရှင်းပြနေသောပုဂ္ဂိုလ်ကြီးသည် ၊ ခုနှစ်သက္ကရာဇ်များပင် မှန်အောင်မလေ့လာ မပြင်ဆင်နိုင်ပါကလား။

၃ ။ရှေ့ပိုင်းမှာ VBSW အဖွဲ့ဟာ နာမည်ဆိုးနဲ့ကျော်ကြားလာလို့ ဆက်လက်ရပ်တည်ဘို့ခက်ခဲလာတာ ကြောင့် ထိုင်းမြန်မာနယ်စပ် ABSDF ဒေါင်းခွင်စခန်းမှာဌာနချုပ်ထားပြီး ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင် ခရိုင် ၊ မဲစရီးယန်းမြို့နယ်က ABSDF ရုံးမှာ ရုံးခွဲဖွင့်လှစ် ခေါင်းလျှိုနေခဲ့တယ်ပြောထားပြီး VBSW ရဲ့ ခေါင်းဆောင် ရဲသီဟက ပြည်သူ့ပြောက်ကြားတပ်ဦး(People Guerrilla Front – PGF ) ကို မွေးထုတ် ပြီး အကြမ်းဖက်လုပ်ငန်းတွေဆက်လုပ်နေတယ်ပြောပြန်ပါတယ် ၊(ရပ်တည်ဘို့ခက်ခဲတဲ့လူတယောက် က နောက်တဖွဲ့တောင်ထပ်ထောင်နိုင်တယ်) ဆိုတာမျိုး ၊ ရှေ့နောက်မညီ ယုတ္တိမတန်တာတွေ့ရ ပါတယ် ၊ ပြီးတော့ VBSW အဖွဲ့ဝင်တွေနဲ့ ရဲသီဟ ဟာ မဲဆောက်မှာတွေ့ခဲ့တယ်ပြောပြန်ပါတယ် ၊ဒေါင်း ခွင် ၊ မဲစရီးယန်း စတဲ့မြို့တွေနဲ့ မဲဆောက်တခြားဆီဆိုတာ ရဲချုပ်ကြီး မလေ့လာဖူးဘူး ထင်ပါရဲ့ ။

၎ ။သူရဇော်နဲ့အောင်ကြီးဟာ စမ်းချောင်းကငှားထားတဲ့အိမ်မှာ ၁၆.၁.၂၀၁၀ နေ့အထိနေပြီး သံလျှင် ၊ သမကောလိပ်လမ်း ၊ ညောင်သုံးပင်ဘူတာရုံအလံချိုးဝန်ထမ်း ဦးမြသောင်းနေအိမ်ကို အောင်ကြီး အတွက် ငှားရမ်းပြောင်းရွှေ့နေပြီး ၆.၂.၂၀၁၀ နေ့မှာ အောင်ကြီးနဲ့ဦးမြသောင်းတူမရီရီမြင့်(၃၂ နှစ်) ၊ မင်္ဂလာဆောင်တယ်ပြောထားပါတယ် ၊ အောင်ကြိး ခေါ် အုန်းကျော်ဌေးဟာ ကန်ထရိုက်လုပ်တယ် ၊ တောင်တွင်းကြီးသား ၊ ခြေဆေးအိုင်ရွာကလို့ပဲ မရီရီမြင့်ကိုပြောထားပြီး ဓါတ်ပုံကအစ ဘာအချက် လက်မှမရှိအောင်နေခဲ့တယ်ဆိုတော့ ရက်၂၀ အတွင်းမှာ နောက်ကြောင်းတောင်ဘာမှမသိတဲ့ ယောက်ကျားတယောက်ကိုကောက်ယူတာ ဘယ်လိုမိန်းမမျိုးပါလဲ ၊ ရဲချုပ်ကြီးကတော့ ဦးမြတ်စိုးလှိုင် (လယ်ယာစီးပွားသတင်းဂျာနယ်) ကမေးတဲ့အခါ မရီရီမြင့်ဟာ ရိုးသားသူဖြစ်တယ် ပြောပြန်ပါတယ် ၊ အဓိက အကျဆုံးအလွဲကတော့ အုန်းကျော်ဌေးဟာ ဇန္န၀ါရီလကုန်ပိုင်းမှာ ရက်၂၀လောက် ခရီးသွား တယ်ပြောပြီး ၆.၂.၂၀၁၀ နေ့မှာ ဦးမြသောင်းတူမ မရီရီမြင့်နဲ့ မင်္ဂလာဆောင်တယ်ပြောတာပါပဲ ၊ ဘယ်ဟာက အမှန်လဲ ဘယ်ဟာကအမှားလဲ ၊ အားလုံးကိုမှားနေတာလား ၊ ပြိးတော့ အောင်ကြီးက မရီရီမြင့်နဲ့ ဘယ်လောက်ဘယ်လိုပေါင်းသင်းနေတယ်မပြောပဲ မရီရီမြင့်ဟာ ရိုးသားသူမို့ လေးငါးရက် အတွင်း cover story လုပ်သွားတာမသိလိုက်ဘူးလဲပြောထားပါတယ် ၊ ဦးကိုကို ( ရန်ကုန်မီဒီယာဂရု) က မေးတာကိုဖြေတာမှာတော့ ဖြိုးဝေအောင်နဲ့မရီရီမြင့်တို့နှစ်ဦးကိုခြေရာခံမိရာက သူတို့နှစ်ဦးကို တိုက်ဆိုင်စစ်ဆေးချက်အရ ကွင်းဆက်ကြီးတခုလုံးကိုပီပီပြင်ပြင်ဖေါ်ထုတ်နိုင်တာပြောပြန်ပါတယ် ၊ ဘာမှမသိလိုက်ပါဘူးဆိုတဲ့မရီ၇ီမြင့်ဆီက ဘယ်လိုကွင်းဆက်တွေရတာပါလဲ ။

၅ ။သတင်းစာရှင်းလင်းပွဲတွင်မြေပုံဖြင့်ဖေါ်ပြထားသော လက်ပစ်ဗုံးများပေါက်ကွဲရာနေရာနှင့် ပြည် တွင်းထုတ်ဂျာနယ်များတွင် ဓါတ်ပုံဖြင့်တရားဝင်ဖေါ်ပြခဲ့သောနေရာ လွဲနေပါတယ် ၊ မြေပုံအရ ပေါက်ကွဲသောနေရာမှာ မဏ္ဍပ်ရှေ့ လူအများကခုန်ရာဖြစ်ပြီး ၊ ဓါတ်ပုံများအရ ပေါက်ကွဲသောနေရာမှာ လုံခြုံရေးများရပ်နေရာ လမ်းဆုံ(လမ်းလယ်ခေါင်)မှာဖြစ်ပါတယ် ။ လူအုပ်ကိုကျော်ပြီး ညာဘက် လက်နဲ့ ပစ်လိုက်တယ်လဲ ပြောထားပါသေးတယ် ။

၆ ။သူရဇော်က ဖြိုးဝေအောင်ကို ၁၀.၄.၂၀၁၀ နေ့မှာ online ပေါ်မှာ ၄င်းတို့ရောက်နေကြောင်း ပြောပြီး X2O မဏ္ဍပ်ကိုတိုက်ခိုက်မည်ဖြစ်ကြောင်း ၁၅.၄.၂၀၁၀ နေ့ ၁၂နာရီတွင် ဆုံရပ်မဏ္ဍပ်ရှေ့ဟု သတ်မှတ်ကြောင်း ပြောခဲ့တယ်ဆိုထားပြီး ဖေါက်ခွဲမှုပြုလုပ်မဲ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁နာရီ ၂၀မိနစ်မှာ ဖြိုးဝေအောင်က မဏ္ဍပ်ရှေ့ကစောင့်နေခဲ့တယ် ၁နာရီ ၁၅ မိနစ်မှာ သူရဇော်တို့ ရောက် လာခဲ့တယ်ပြောပြန်ပါတယ် ၊ ၁၅မိနစ်နဲ့၂၀မိနစ် ဘယ်ဟာကအရင်ဖြစ်ပြီး အမှန်ဆို စောင့်သူက ဘယ်သူတွေဖြစ်ရမလဲမတွက်တတ်လောက်အောင် ရဲချုပ်ကြီးဇတ်လမ်းဆင်ကွက်တွေက လွတ်နေ ပြန်ပါတယ် ။ ပြီးတော့ လက်နက်ကိုင်တိုက်ခိုက်ဘို့ ၁၂ နာရီချိန်းပြီး ၁နာရီ၁၅မှရောက်ကြတဲ့ လွဲချော်မှုမျိုး ၊ ရဲချုပ်ကြီးတို့ရဲ့ ကြွက်ခေါ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မျိုးမှာကလွဲရင် ဘယ်လိုလက်နက် ကိုင်အဖွဲ့မှာမှ မရှိလောက်ပါဘူး ၊ နောက်တခုက ပေါက်ကွဲမှုဖြစ်ခဲ့တာက ၃ နာရီခွဲနီးပါးမှပါ ၊ အချိန် ၂နာရီကျော်လောက် (ရဲချုပ်ကြီးအပြောတိုင်းဆိုရင်) သင်္ကြန်လည်သူတွေထက်ပုံသဏ္ဍာန်ထူးနေတဲ့ ဘေးလွယ်အိတ်တွေကိုယ်စီပါတဲ့ လူလေးယောက်က လက်ပစ်ဗုံးတွေ ၊ ချိန်ကိုက်ဖေါက်ခွဲရေးဗုံးတွေနဲ့ လျှောက်သွားနေမှာကို ခုဗုံးစံထိခဲ့တဲ့ စစ်မြေပြင်အတွေ့အကြုံရှိ ဗိုလ်ကြီးသန့်စင်သိမ်းအပါအ၀င် ၊ ရဲတွေ ၊ ကြံ့ဖွတ်တွေ ၊ များစွာသောလုံခြုံရေးယူထားသူတွေ ဘာဖြစ်လို့များသတိမထားမိကြပါလိမ့် ၊ ဒါမှမဟုတ် မြန်မာနိုင်ငံက စစ်တပ်အပါအ၀င် ရဲနဲ့လုံခြုံရေးဆိုသူတွေရဲ့အရေအချင်းတွေက သုံးမရ အောင်နိမ့်ကျနေပြီး ဖေါက်ခွဲရေးသမားဆိုသူတွေကပဲ တော်လွန်းနေလို့များလား ။

၇ ။သတင်းစာရှင်းလင်းပွဲဆိုပြီး သေဆုံးသူ ဘယ်သူ ၊ ဘာလုပ်ကိုင်တယ် ၊ ဘယ်သူတွေဒါဏ်ရာရ တယ်လို့ လုံးဝမဖေါ်ပြတာ ဘာကြောင့်ပါလဲ ၊ ခုချိန်ထိစင်္ကာပူမှာဆေးကုခံနေရတဲ့ အမှတ် ၄ စစ်ဒေသ မှုး ဗိုလ်မှုးကြီးအုန်းချိုအကြောင်း ဘာကြောင့်တရားဝင်မပြောတာလဲ ၊ သူကဘာကြောင့် အဲဒီမဏ္ဍပ် ရောက်နေရတယ်ဆိုတာ ဖုန်းကွယ်ထားရတာလဲ ၊ ၂၂.၄.၂၀၁၀ ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရန်ကုန်ဆေးရုံကြီးတွင် ဗုံးကွဲမှုကြောင့် ဒါဏ်ရာရရှိထားသော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ အထွေထွေအုပ်ချုပ်ရေးဌာန၀န်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အားပေးစကားပြောဟုပါရှိသော်လဲ သတင်းစာရှင်းလင်းပွဲတွင် ဘာကြောင့် မပြောပြရတာလဲ ၊ ဦးကိုကို ( ရန်ကုန်မီဒီယာဂရု)က ကျဆုံး ၊ ဒါဏ်ရာရ သူတွေကိုယ်စား တရားခံတွေဖေါ်ထုတ်ပေးတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်ဆိုတာအပေါ် ရဲချုပ်ကြီးမငြင်း ခဲ့ပါဘူး ၊ ကျဆုံးဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းမှာပဲသုံးတာပါ ။

၈ ။ဗုံးကွဲပြီးရက်ပိုင်းမှာ တယက ညွှန်ကြားချက်နဲ့ မသင်္ကာဘွယ်ရာ ဖေါက်ခွဲရေးသမား ၂ ဦးကိုတွေ့ရှိ သတင်းပေးပါက ဆုငွေ ၁၀ သိန်းပေးမည်လို့ ရယက ရုံးတိုင်း ၊ ရဲစခန်းတိုင်း ၊ လူစည်ကားရာတိုင်းမှာ တရားဝင်ကြေငြာခဲ့တာပါ ၊ ခုသတင်းစာရှင်းပွဲကြမှ ၄ ယောက်ဖြစ်သွားတာကိုနဲ့ ဗုံးပစ်လိုက်တဲ့သူကို သပြေကုန်း ၇ယက ဥက္ကဌမြင်လိုက်တာ ၊ တယောက်ကိုနေရာမှာတင်ချက်ခြင်းဖမ်းမိတယ်လို့ နိုင်ငံ တော် ဆင်ဆာခွင့်ပြုချက်နဲ့မှထုတ်ရတဲ့ ၊ ဂျာနယ်တွေထဲမှာဖေါ်ပြထားတာတွေနဲ့ပါတ်သက်ပြီး ဦးမြတ်စိုးလှိုင် (လယ်ယာစီးပွားသတင်းဂျာနယ်) ကမေးတာကိုလဲ ဖြေကြားခြင်းမရှိပဲ ကောလဟာလ ပါလို့ ဝေ့လည်ဝေ့လည်လုပ်သွားခဲ့ပါတယ် ။

၉ ။၈.၅.၂၀၁၀ ထုတ် Burma Today မှာ ကိုဖြိုးဝေအောင်ရဲ့ဇနီးကလဲ ကျွန်မတို့မှာ သမီးလေးတ ယောက် ၊ သားလေးတယောက်ပဲရှိတာပါ ၊ သတင်းစာထဲမှာ ၃ ယောက်လို့ပြောထားတယ် ၊ အလွဲတွေ ချည်းပါပဲလို့ပြောပါတယ် ၊ ဒါလဲ ရဲလုပ်ငန်းမို့ပါ လို့ပြောဦးမှာလား ရဲချုပ်ကြီးရယ် ။ (မောင်ချင့်ချိန်)

ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ပါသည်.။

ကိုဖြိုးဝေအောင်ရဲ့ဇနီးနဲ့ Burma Today ဆက်သွယ်မေးမြန်းချက် အောက်မှာ ဆက်ဖတ်နိုင်ပါသည်။

နအဖ ကအေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဆိုပြီး ပြည်သူတွေကတော့ရေပြတ်လပ်မှု၏ နောက်ဆက်တွဲဝမ်းပျက်ဝမ်းလျောရောဂါမျာဖြစ်ပွား နေပါတယ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းမှာ အပူချိန်မြင့်တက်ပြီး သောက်သုံးရေးပြတ်လပ်တာကြောင့် ဒေသခံပြည်သူတွေ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်နေသည်။

ဒီကနေ့မှာ ဝေါဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောသည့် လူကြီးနှင့် ကလေးငယ်စုစုပေါင်း လူနာ ၅ဝ နီးပါ ရှိနေပြီဖြစ်ကြောင်း ဒေသခံက “သောက်သုံးရေမသန့်တာကနေ စဖြစ်တာခင်ဗျ၊ အပူရှိန်များပြီး ဝေါမြို့နယ်ထဲက ကျေးရွာတွေမှာ ကန်ရေတွေ ခမ်းတယ်၊ လက်နှိပ်တွင်းတွေကလည်း ဆားငံရည်ပါတော့ သုံးလို့မရဘူး။ ရေကောင်းကောင်း မသုံးရတာကနေ အခု ဝမ်းပျက်ဝမ်းလျောဖြစ်လို့ ဝေါဆေးရုံမှာ တက်နေတဲ့သူ လေးဆယ်ကျော် ငါးဆယ်နီးပါးလောက် ရှိတယ်” ဟုပြောသည်။


ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းမှ စလုတ်၊ ဗိုလ်ကတော်၊ ကတွတ်၊ အိုဖိုစု၊ ကျုံတင်၊ ကော့ဝင်း စတဲ့ ကျေးရွာတွေအပြင် သနပ္ပင်မြို့နယ်အတွင်းက မင်းရွာ၊ ကျောင်းစုကျေးရွာ၊ ကဘောက်ကန်၊ တောင်စွန်း စသည့် ကျေးရွာများသည် သောက်သုံးရေ ပြတ်လပ်မှုရင်ဆိုင်နေပြီး အဆိုပါ ကျေးရွာများမှ ဝမ်းပျက်ဝမ်းလျောဖြစ်သည့် လူနာများလည်း ပဲခူးဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ရေပြတ်လပ်နေသည့် ကျေးရွာများသို့ ပဲခူးမြို့မှာ ရေအကူအညီပေးသည့် ပုဂ္ဂလိက အဖွဲ့ငယ်တဖွဲ့မှ သောက်ရေပေးဝေနေပြီး သုံးရေအတွက် ရေမပေးနိုင်ကြောင်းနှင့် ထိုအဖွဲ့က သောက်ရေပေးဝေတာ ၇ ရက်ရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာတာဝန်ရှိ အာဏာပိုင်များက ကူညီဖြေရှင်းပေးတာ မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာ ၂၅ ရွာလောက်သာ ရေအကူအညီပေးရေးအဖွဲ့က နေ့စဉ် ပေးဝေနိုင်ပြီး ရေကားများဖြင့်ပေးဝေရန် လက်လှမ်းမမှီသည့် ကျေးရွာများလည်းရှိနေရာ ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် သနပ္ပင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၆ဝ ကျော် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။



ရင်းမြစ်..ရိုးမ(၃)

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) အဖွဲ့ချုပ် (CEC) အဖွဲ့ဝင်များနှင့် တွေဘို့ရှိ....




အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုရောက်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အခုနှစ်အတွင်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း တရားဝင်ကြေညာပြီးနောက်မှာ ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိတဦး အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ဟာ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်ဆိုတဲ့ သတင်းကိုတော့ အမည်မဖော်လိုတဲ့ သံတမန်တချို့ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ ၀ိုင်ယာသတင်းတွေမှာ ဖော်ပြထားတာပါ။ မစ္စတာ ကန့်(မ်)ဘဲ(လ်)ဟာ ခရီးရောက်မဆိုက်ဘဲ နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။



နောက်တနေ့ တနင်္လာနေ့မှာတော့ ရန်ကုန်မြို့မှာ အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ အမေရိကန် သံရုံးအရာရှိတွေက အကြောင်းကြားထားတဲ့အကြောင်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။



"ရောက်မယ့်နေ့တွေဘာတွေတော့ ကျနော်တို့ အဲဒီလို မသိဘူး။ ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ နဲ့တွေ့ဖို့ကိုတော့ သူတို့ တနင်္လာနေ့ နေ့ခင်းပိုင်းကို ချိန်းထားပါတယ်။"



မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ကတော့ သူ့အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရမှသာ မြန်မာပြည်ကိုသွားမယ်လို့ အစောပိုင်းတုန်းက ပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ရန်ကုန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်လိမ့်မယ်လို့ သူနားလည်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။



"တွေ့မယ်လို့ ကျနော် နားလည်တယ်လေ။ သူတို့ အဲဒီလို တိုက်ရိုက်တော့ ကျနော်တို့ကို ဒါ မပြောပါဘူး။"



မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) နေပြည်တော်ကို ရောက်နေတဲ့အချိန်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးသလို မြန်မာပြည်မှာ ဘယ်နှစ်ရက် ကြာမယ်ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။ အခုထွက်လာတဲ့ သတင်းတွေအရကတော့ သူ့အနေနဲ့ မြန်မာပြည်မှာ တနင်္ဂနွေနဲ့ တနင်္လာ နှစ်ရက်ပဲ ကြာမယ့် သဘောရှိပါတယ်။



ရင်းမြစ်....VOA