10 July 2012

7 July နှစ် ၅၀ပြည့်အခမ်းအနားသတင်း ဖော်ပြခွင့် စာပေစိစစ်ရေးမှ ပြည်တွင်းဂျာနယ်များအား တားမြစ်

ဇူလိုင် ၇ရက်နေ့ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရုံးခန်းတွင်ပြုလုပ်ကျင်းပသည့် 7 July နှစ် ၅၀ပြည့် အခမ်းအနားနှင့် ပတ်သက်သည့်သတင်းအားပြည်တွင်းသတင်းမီဒီယာများမှ သတင်းထုတ်ပြန်ရေးသားမှု မပြုလုပ်ရန် စာပေစစ်ဆေးရေးက သတင်း ထုတ်ပြန်ခဲ့ကြောင်းပြည်တွင်းဂျာနယ်တစ်ခု၏ သတင်းမီဒီယာတစ်ဦး၏ ပြော ပြချက်အရ သိရှိရသည်။ 

 "ကျွန်တော်တို့က သတင်းလိုက်ပြီး ပြည်သူတွေ ဒီ 7 July နဲ့ ပတ်သက်ပြီး သိအောင်လို့ ရေးသားတယ်။ ဒါပေမယ့် တကယ်လည်း စိစစ်ရေးကို တင်ရော သူတို့က ခဏလောက်ဆိုင်းငံ့ပေးပါဆိုပြီး ဖုန်းဆက်ပြောလာပါတယ်။ သူတို့ဘက်ကပြောတာကတော့ အခုလိုမျိုး နိုင်ငံမှာ အရေးကိစ္စတွေဖြစ် နေတာနဲ့ ပတ်သက်ပြီး ဒီ 7 July ကိစ္စကြောင့် တစ်ခုခုဖြစ်မှာစိုးလို့ပါလို့ ပြောပါတယ်"ဟု ၎င်းက ဆိုသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် တည်ရှိနေဆဲဖြစ်သည့် စာပေစစိစစ်ရေးအဖွဲ့မှ အဆိုပါအခမ်းအနားသတင်းနှင့် ပတ်သက်၍ ပိတ်ပင်တားမြစ်ခြင်းသည် လက်ရှိအချိန်၌ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် ပတ်သက်၍ အကြောင်းအရာတစ်ခုခုပေါ်ပေါက်လာမှုဖြစ်ပွားမည်စိုးသောကြောင့် အစိုးရအနေဖြင့် ယင်းသတင်းထုတ်ပြန်ရန် တားမြစ်ရ ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 ယင်းအခမ်းအနားမကျင်းပရန် ဇူလိုင်လ ၆ရက်နေ့ ည ၁၀ကျော်ခန့်မှစ၍ တားမြစ်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ရန်ကုန်တိုင်းအပါအဝင် နယ်အသီး သီးမှ ဗကသကျောင်းသားအချို့အား ဇူလိုင်လ ၇ ရက်နေ့ ည ၇နာရီအချိန်၌ သက်ဆိုင်ရာ အာဏာပိုင်များက ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရပြီး ပြန် လွတ်လာသည့်အချိန်၌ပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရန်ကုန်တိုင်းမှ ဗကသကျောင်းသား မဖြိုးဖြိုးအောင်၊ ဒီငြိမ်းလင်း၊ စည်သူမောင်နှင့် ရဲမြတ်ဟိန်း တို့မှ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

 ထို့နောက်ပြန်ကြားရေးဝန်ကြီးဌာနမှ ယခု နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေး၌ ၁၉၆၂ခုနှစ် ပုံနှိပ်ဥပဒေ နေရာအား ပုံနှိဥပဒေအသစ် အစားထိုး၍ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းပုံနှိပ်ဥပဒေအသစ်တွင် စာနယ်ဇင်း သမားများနှင့် ဆိုင်သည့်အချက်အလက်များ၊ စာနယ်ဇင်းကောင်စီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စရပ်နှင့် ထုတ်ဝေခွင့်ဆိုင်ရာကိစ္စရပ်များ ပါဝင်တင်ပြသွားမည် ဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရှိရသည်။

 သတင်း.... Transparency Myanmar