23 June 2012

စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက် ပြောင်းရွှေ့

လူမျိုးရေး အဓိကရုဏ်းများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက်ဖြစ်သော အောင် မင်္ဂလာ(အောင်းဘားလာ)ရပ်ကွက်အား ဒေသခံအာဏာပိုင်များမှ အတင်းအကျပ် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။ 

 လူဦးရေ သုံးသောင်းကျော်နေထိုင်နေသည့် အဆိုပါရပ်ကွက်အား ပြောင်းရွှေ့မှသာလျှင် စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ လျော့နည်းသွားမည်ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဒီရပ်ကွက်ထဲက မွတ်စလင်တွေက လူလစ်ရင် ရခိုင်အိမ်တွေကို မီးရှို့တာရှိတော့ ရခိုင်တွေက ဒီရပ်ကွက်ကို ဖျက်ခြင်နေကြတာလေ။ ဒီတော့ ရခိုင်တွေဝင်ဖျက်ရင် ပြဿနာတွေက ကြီးလာဦးမှာပဲ။ ဒါကြောင့် ဒီရပ်ကွက်နေ ပြည်သူတွေကို အမြန်ပြောင်းဖို့ စီစဉ်နေရတာ”ဟု ၎င်းက ပြောသည်။

 ယနေ့ မနက် ၁၀ နာရီခွဲမှ စတင်ကာ အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူများကို စစ်တွေမြို့ အပြင်ဘက်ရှိ ဘုမယ်ရွာနှင့် သဲဖြူချောင်ရွာများသို့ အသုတ်လိုက် ပြောင်းရွေ့နေပြီး၊ ယင်းပြည်သူများ၏ အသက်အန္တရယ်ကို စိုးရိမ်ရခြင်းမရှိစေရန် အဓိကထား စီစဉ်ဆောင်ရွက်နေကြောင်း ရဲတပ်ရင်း (၆) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့တွေကို နေရာရွှေ့ပေးမှ ဖြစ်မှာ၊ နေရာမရွှေ့ပေးဘူးဆိုရင်တော့ ဒီပြဿနာတွေက ကြီးထွားလာဖို့ပဲရှိတယ်”ဟု စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။

 ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်တွေမြို့ရှိ သံဃာထုက မွတ်စလင်လူမျိုးများအား စစ်တွေမြို့နှင့်ဝေးလံသည့် အရပ်ဒေသများတွင် နေရာချ ထားပေးရေးနှင့် ရခိုင်လူမျိုးများနေထိုင်သည့် ရပ်ကွက်နှင့် မွတ်စလင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်ကြားတွင် လုံခြုံရေးတပ်ရင်းများ ချထားပေးရေး ကိစ္စရပ်များကို တောင်းဆိုခဲ့ကြသည်။ 

သတင်း... Yangon Chronicle