19 June 2012

ဒီမိုကရေစီ မိခင်ကြီးတယောက်ရဲ့မွေးနေ့ကိုဂုဏ်ပြုခြင်း

ဒီနေ့ ဇွန်လ၁၉ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇နှစ်မြောက်မွေးနေ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ နှစ်ပေါင်း ၂၄နှစ်ကြာ မြန်မာ့ဒီမိုကရေစီရေးအတွက် မိသားစုဘ၀ မိမိလွတ်လပ်ခွင့် မိမိအသက် အားလုံးကို ပေးဆက်ပြီးအလုပ်လုပ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုင်းပြည်ပြင်ပကို ထွက်လာတဲ့ ဒီခရီး မှာ နော်ဝေးရောက်မြန်မာနိုင်ငံသားတွေက မိခင်ဒီမိုကရေစီ လို့ခေါ်ဆို ဂါဝရပြု ကြိုဆိုလိုက်ကြပါတယ်။ 

အခုတော့ လူထုချစ်တဲ့ခေါင်းဆောင်ဟာ အင်္ဂလန်နိုင်ငံကိုလည်း ရောက်လာပြီဖြစ်တဲ့အတွက် အင်္ဂလန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက်ကြက်သရေမင်္ဂလာအရှိဆုံးအခါသမယတွေ လို့ ဆိုရပါမယ်။ အင်္ဂလန်နိုင်ငံက ဂုဏ်ပြုကြိုဆိုသလို အင်္ဂလန်မှာ ရှိနေတဲ့ မြန်မာနိုင်ငံ သူနိုင်ငံသားအားလုံးအတွက်လည်းမမေ့နိုင်စရာ သမိုင်းဝင်နေ့တွေဖြစ်ခဲ့ပါပြီ ။ 

ကျွန်တော်တို့ချစ်ခင်မြတ်နိုးတဲ့၊ တန်ဖိုးထားလေးစားတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်သိက္ခာရှိစွာထိုက်တန်စွာ လူချင်းတွေ့ဆုံ ပြီး လှိုက်လှဲနွေးထွေးစွာကြိုဆိုခွင့် ၊ စကားပြောဆိုခွင့်၊ မေတ္တာနဲ့ ဂါရ၀တရားတွေ အပြန်အလှန် ဖလှယ်ခွင့် ရခဲ့ကြပါပြီ။ တကယ်တော့ ကမ္ဘာ့အရှေ့နဲ့ အနောက်၊ ကီလိုမီတာ( ၈၀၀၀)ထောင်ကျော်ဆိုတဲ့ ခရီး ဟာ ခုခေတ်မှာ ဝေးတဲ့ခရီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခုလို ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့အရှေ့ခြမ်းကနေ အနောက်ခြမ်း ၊ အာရှကနေ ဥရောပကို ကမ္ဘာသိအမျိုးသမီးခေါင်းဆောင်၊ သိက္ခာရှိတဲ့ ကမ္ဘာ့ထိပ်တန်းစံပြုခေါင်းဆောင် တယောက်အနေနဲ့ လာခဲ့ရတဲ့ ခရီးကတော့ သိတ်ကို ခက်ခဲ ရှည်ကြာခဲ့ရပါတယ်။ တိုင်းပြည်မှာ သွေးထွက်သံယိုမှု အနဲဆုံး နစ်နာဆုံးရှုံးကြရမှုတွေ အနည်းဆုံးဖြစ်အောင်လို့ ရွေးခြယ်ထားတဲ့ နိုင်ငံရေး အကြမ်းမဖက်လမ်းစဉ်ဆိုတာလည်းတကယ်တော့ သာမန်ပုထုဇဉ်လူသားတယောက်အနေနဲ့ အင်မတန်ခက်ခဲတဲ့ ရွေးခြယ်ပိုင်းဖြတ်ရမှုမျိုး ။ဒါကို ဒေါ်အောင်ဆန်းစုကြည်ဟာအခက်အခဲမျိုးစုံကြားကနေ နာနာကျဉ်ကျဉ်လွယ်ပိုး ခဲ့။ မဆုတ်မနစ်စွဲကိုင်ခဲ့ရတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ကြီးမားတဲ့ အနတ္တမေတ္တာ၊ ကရုဏာ၊ ထက်မြက်တဲ့ ညာဏ်၊ အမြော်အမြင်ကြီးမှု၊ အရာရာကို စိတ်ရှည်သီးခံခွင့်လွှတ်စိတ်တွေနဲ့ ခေါင်းဆောင်ခဲ့ပါတယ်။ ထူးခြားတဲ့ ပါရမီတွေနဲ့ ဖြည့်ဆည်းလာတဲ့ မိခင်တယောက် ရခဲလှတဲ့ သားရတနာတပါးအတွက်အသက်အန္တရာယ်ကြားကနေ အချိန်ရင့်ကျက်တဲ့အထိစောင့်စား သန္ဓေဆောင်ခဲ့ရ သလိုမျိုး၊ ကြီးစွာသော နာကျဉ်မှု အာဝေနိက ဝေဒနာမျိုးစုံ ကို ကြိတ်မှိတ်ခံစားရင်း သူ့ရင်သွေးကို မွေးခဲ့ရသလိုမျိုး ဒီနေ့ မိခင်ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ခက်ခဲလှတဲ့ ဒီမိုကရေစီ သားရတနာတပါးကို မြန်မာပြည်အတွက် မွေးဖွားပေးခဲ့ပြီလို့ တင်စားပြောမယ်ဆိုပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ရွယ်သူ အားလုံးက အမေလို့ ခေါ်ချင်ကြပါတယ်။အဲလိုခေါ်နေကြ ၊ ခေါ်ချင်နေကြတာဟာ တကယ့်မိခင်ကို ချစ်တဲ့ ချစ်ခြင်းမေတ္တာစိတ်မျိုး နဲ့ နှလုံးသားထဲကခေါ်နေကြတာဖြစ်ပါတယ်။တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်နဲ့တူတဲ့မေတ္တာမျိုးထားနိုင်တဲ့ ခေါင်းဆောင်။ ရဲဘော်ရဲဖက်စိတ်ထားမျိုးထားနိုင်တဲ့ခေါင်းဆောင်၊ နိုင်ငံရေးမှာ ယုံကြည်တာကို အနစ်နာခံဆောင်ရွက်တဲ့ သူတော်စဉ်တပါးလို့တောင် ပြောလို့ရပါတယ်။ ကျွန်တော်တို့အားလုံး ဒီနေ့ အမေ့အတွက် ဂုဏ်ယူနေရတယ်။ အင်္ဂလန်မှာ ဘယ်သူ့ကိုမေးမေး မြန်မာပြည်ကို သိသလားလို့ မေးရင် ဝေတေ၀ါးတားဖြစ်ချင်ဖြစ်မယ် ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နံမည် တပ်မေးလိုက်တာနဲ့သိတဲ့လူတွေချည်းပါပဲ။ အမေ့ဂုဏ်သတင်းဟာ မြန်မာပြည်ရဲ့ဂုဏ်သတင်း။အမေဟာမြန်မာနိုင်ငံသားတွေအတွက်ကြက်သရေဆောင်။ အမေလွတ်မြောက်လာပြီး တဲ့ ဒီတနှစ်အတွင်း ကမ္ဘာမှာရှိတဲ့ ထိပ်တန်းခေါင်းဆောင်တွေ အများဆုံး သွားရောက်တွေ့ဆုံတဲ့ ဒီနေ့ကမ္ဘာ့ခေါင်းဆောင်တယောက် ကိုပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြရမှာပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဒါဟာ ဘာကို ပြသလဲဆို တကယ့် ခေါင်းဆောင်အစစ်ဟာ တခါတလေမှာ မဲပြားတွေမလိုပဲ အလိုလို တရားဝင်ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒီမိုကရေစီမှာ ဆန္ဒမဲဆိုတာ တရားဝင်မှုအတွက်အလွန်အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် တခါတခါမှာမဲပြားနဲ့ရွေးခြယ်ခွင့် မရတဲ့အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ ဒီအခါမှာ ပြည်သူ လူထုထံက နှလုံးသားနဲ့ ရွေးခြယ်တင်မြှောက်ခံရတဲ့ ဖြစ်စဉ်မျိုးလည်း အသေအခြာရှိနေပြီဆိုတာဒီနေ့ မြန်မာပြည်ကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ကြပါတယ်။ထူထူထဲထဲအစောင့်အကြပ်တွေမလိုပဲ မည်ကာမတ်တပ်ခေါင်းဆောင်မျိုးဆိုတာထက် လူထုကြားကို လက်နက်အကာအကွယ် အစောင့်အရှောက်တွေမပါပဲသွားနိုင်လာနိုင်၊ လူထုကတကယ့်အူလှိုက်သဲလှိုက် နွေးထွေးပျူငှါစွာကြိုဆိုခြင်းခံရ၊ ကိုယ်တိုင်ကလည်း လူထု ရင်ခုန်သံတသားတည်း ပျော်ရွှင်ကျေနပ်စွာ သွားခွင့်ရတဲ့ခေါင်းဆောင်တယောက်ကို ကျွန်တော်တို့ ဒီနေ့ ဂုဏ်ယူစွာ ပိုင်ဆိုင်ခဲ့ ပြီဖြစ်ပါတယ်။ ရာစုနှစ်တ၀က်မက စနစ်ဆိုးတခုအောက်က စစ်မီးလျှံတွေကြားက နေ ရုန်းထအားယူရင်း ဒီနေ့ အမိမြန်မာနိုင်ငံဟာ နာကျင်ချိနဲ့နေပါတယ်။ ပြသနာပေါင်းစုံ သံသယများစွာ အသားကျနေတဲ့ ပျက်စီးခြင်းများစွာကို ပြန်လည်ပြင်ဆင်နေရပါတယ်။ ဒါတွေဟာ နတ်ရေကန်ထဲပစ်ချ တမဟုတ်ချင်းကုစားလိုက်လို့ ရတဲ့ ဒဏ်ရာဒဏ်ချက်တွေတော့ မဟုတ်ပါဘူး။ ပြောမယ် ဆို မြန်မာပြည်မှာ မွေးဖွါးကာစ ဒီမိုကရေစီ သန္ဓေသားနုနု လေးဟာ မွေးချိန်တန်မမွေးခဲ့ရလို့ သူ့ခင်မျာ အင်မတန်မှ အားအင်ချိနဲ့ နေခဲ့ ရေမွန်းနေခဲ့ရှာပါတယ်။ ခုထိ ဖန်ပေါင်းချောင်ထဲမှာ အသည်းအသန်ကြပ်မတ်နေရတုန်းလို့ပြောလို့ရပါတယ်။ စိတ်မချရသေးတဲ့အချိန် ။ စိုးရိမ်နေရ ဆဲအချိန်။နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရသူတွေအားလုံး အပြီးတိုင်လွတ်မြောက် မလာကြသေးတဲ့ အချိန်။ တချို့နေရာတွေမှာလောင်မြှိုက်ဆဲ အငွေ့မသေသေးတဲ့ ပြည်တွင်းစစ်မီးတွေ ကို ငြိမ်းသတ်ဘို့တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တွေအားလုံးနဲ့အစိုးရအကြား စေ့စပ်ဆွေးနွေးနေရဆဲ၊ အပြန်အလှန်ယုံကြည်မှုတွေတည်ဆောက်ရဆဲကာလဖြစ်ပါတယ်။အားလုံးအားလုံးပါဝင်ဆောင်ရွက်မှဖြစ်နိုင်
မယ်။ကျမ တယောက်တည်းနဲ့ ပြီးမြောက်နိုင်မယ့်ကိစ္စတွေမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အမြဲတန်းပြောပါတယ်။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုရှိဘို့။ တကယ့်စစ်မှန်တဲ့ အမျိုးသားပြည်လည်ညီညွတ်ရေးတွေတည်ဆောက်ဘို့ ဆိုတာတွေဟာ ဧရာမ ကျော်လွှားရမယ့် အခက်အခဲဆုံး အစိတ်အပိုင်းတွေဖြစ်ပါတယ်။ တကယ့် အနှစ်သာရနဲ့ပြည့်စုံတဲ့ ခိုင်မာတဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအုတ်မြစ်ကို အခြေမခံနိုင်သေးပဲ ဒီမိုကရေစီသန္ဓေသား ဟာ စိုးရိမ်ရတဲ့ အခြေအနေကလွန်မြောက်သွားပြီ လို့ပြောလို့မရပါဘူး။ ဖန်ပေါင်းချောင်ထဲက ထွက်လာနိုင်ပြီ။ အသည်းအသန်ကြပ်မတ်ခန်းကကျွတ်လွတ်ခဲ့ပြီလို့ပြောလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားတက်စရာက မိခင်ဒီမိုကရေစီကြီးက သူ့မျိုးဆက်များစွာကို နာကျဉ်ခြင်းကြီး စွာကြားကနေ မွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။ သူခင်းတဲ့လမ်းကို ရဲရဲလှမ်းတက်လာတဲ့ ဒီမိုကရေစီ မျိုးဆက်တွေကို ကျွန်တော်တို့ မြန်မာပြည်တနံတလျားမှာ တွေ့နေရပါပြီ။ နှစ်ပေါင်း ၂၀ကျော်မိခင်တယောက်ရဲ့ ချစ်ခြင်းနဲ့ရင်အုပ်မကွာစောင့်ရှောက်မွေးခဲ့တဲ့နိုင်ငံရေးမျိုးဆက်တွေ လူမှုရေးမျိုးဆက်တွေဟာ အမေ့ခြေရာကိုနင်း အမေ့ နှလုံးသားပုံရိပ်ကိုကိုးကွယ် အမေ့ကျေးဇူးကို အောက်မေ့ရင်း ဆက်လက်လျှောက်လှမ်းသွားကြတော့မှာဖြစ်ပါတယ်။

 ဇွန်လ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံသား Nik Wallenda ဆိုသူဟာ အမေရိကန် နဲ့ ကနေဒါ နှစ် နိုင်ငံကြားက ကမ္ဘာကျော် နိုင်ရာဂရာရေတံခွန်ကြီးပေါ်မှာဖြတ်သွယ်ထားတဲ့ ပေ ၁၈၀၀ ရှည်-ကြိုးတန်းပေါ်ကနေ ဖြတ်လျှောက်သွားခဲ့ပါတယ်။ တဝေါဝေါကျနေတဲ့ ရေတံခွန်ကြီးဆီက လွင့်လာတဲ့ရေမှုန်ရေမွှားတွေကြား။ တဟူးဟူး တိုက်နေတဲ့လေ တွေကြားကနေ မပြတ်သောသတိ။ ခိုင်မာတဲ့ စိတ်ဓါတ်။ တည်ငြိမ်တဲ့ သူရသတ္တိ နဲ့ ဖြတ်သွားနိုင်သူ။ ရုပ်သံမှတ်တမ်းတင်နေသူက ရုတ်တရက် ကြိုးတန်းကို ကုတ်တွယ်ထားတဲ့ သူ့ခြေထောက်တွေကို အနီးကပ်ရိုက်ပြလိုက်ပါတယ်။ သတင်းကြေငြာသူက ကြိုးတန်းကို ကုတ်တွယ်ထားတဲ့ သူ့ဖိနပ်အကြောင်းကို ပြောပြပါတယ်။ သူ့ဖိနပ်ကို သူ့မိခင်က ဒရယ်တမျိုး( elk ) ရဲ့ အရေခွံနဲ့ အချိန်ယူပြီး ကိုယ်တိုင်သေချာချုပ်ပေးခဲ့တယ်လို့ပြောပါတယ်။ သူ့စွန့်စားခန်းကို ကြည့်နေတဲ့ ကမ္ဘာတ၀ှမ်းက ပရိသတ် သန်းတထောင်လောက်အတွက် မိခင်တွေကို သတိရစရာပါ။ ကျွန်တော်တို့မှာလည်းကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ် ရှေ့ခရီးတွေအတွက် သူ့လိုအမေမျိုးရထားတာသေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂတ်မျိုးဆက်တွေအတွက် စနစ်ကျန သေသတ်တဲ့ ခရီးသွားဖိနပ်တစုံကို မိခင်ကြီးတယောက်ရဲ့ ကြီးမားတဲ့ချစ်ခြင်း မေတ္တာမျိုးနဲ့ ချုပ်ပေးခဲ့ပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ 

 မိခင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပျော်ရွှင်ပါစေ 

ခွန်ဆိုင်း(၁၉.၆.၂၀၁၂ )