09 March 2012

KNPPနှင့် အပတ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှု လက်မှတ်ရေးထိုး

ဖေဖော်ဝါရီ ၇ရက် မနက် ၉နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမ၌ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အဖွဲ့မှအတွင်းရေးမှူး(၁) ဦးခူးဦးရယ် အဖွဲ့နှင့် အပစ်အခတ်ရပ်ရေး ပဏာမ သဘောတူညီမှု လက်မှတ်အား ရေးထိုးခဲ့ကြသည်ဟု သိရသည်။

“အစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အဖွဲ့နဲ့ KNPPတို့ ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မနက် ၉နာရီကနေ နေ့လည် ၂နာရီခွဲအထိ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးကြတဲ့အခါမှာလည်း အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး၊ ထပ်ဆွေးနွေးဖို့အတွက် အဖွဲ့ဖွဲ့ရန် ရက်သတ်မှတ်ရေးစတဲ့ အချက်သုံးချက်တွေကို သဘောတူညီခဲ့ပါတယ်”ဟု KNPPအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် KNPPဘက်မှ နောက်ပိုင်းတွင် နိုင်ငံရေးအရ ဆွေးနွေးမှုပြုလုပ်ခဲ့ပါက ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) ပုံစံဖြင့် တိုင်းရင်းသားအားလုံး ပါဝင်မှသာလျှင် ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ပြီး ယင်းအဖွဲ့မှ အတွင်းရေးမှူး၏ သဘောထားများကိုလည်း တင်ပြခဲ့သည်ဟု သတင်းရရှိ သည်။

ထို့နောက် KNPPအဖွဲ့နှင့် အစိုးရအဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကျင်းပပြုလုပ်ရန် နေရာ၊ အချိန်နှင့် နေ့ရက်တို့ အား ညှိနှိုင်းခဲ့ပြီး သဘောတူညီမှုပြုလုပ်ခဲ့ပြီး တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန်နှင့် KNPP အဖွဲ့အား မတရားအသင်းဟု ကြေညာထားခြင်းအား ဖျက်သိမ်းပေးရန်တို့ကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ယခုအချိန်မှစ၍ ၆လအတွင်း နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“အစိုးရဘက်ကလည်း ကရင်နီပြည်နယ်တွင်း စစ်ဆင်ရေးများရပ်ဆိုင်းရန်၊ အစိုးရတပ်များ ထပ်မံတိုးချဲ့ခြင်းမပြုရန်၊ ပြီးတော့ အပစ်အခတ် ရပ်စဲကြောင်း လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀အတွင်းမှာ အစိုးရတပ်တွေ ပြန်ရုပ်သိမ်းရန်နဲ့ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနဲ့ စစ်သင်တန်းကျောင်းများကို ရပ်တန့်ထားရန်တို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တင်ပြသွားမယ်လို့ ပြောသွားပြီး တချို့အချက်တွေကိုတော့ မူအားဖြင့် သဘောတူပါတယ်လို့ ပြောသွားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောဆိုချက်အရ သိရသည်။

အဆိုပါ KNPPအဖွဲ့သည် စစ်အစိုးရလက်ထက်နှင့် ၁၉၉၅ ခုနှစ် မတ်လတွင် အပစ်အခတ်ရပ်စဲရေးအား သဘောတူညီမှုရရှိကာ ယင်းနှစ် ဇွန်လအတွင်း ပြန်လည်ပျက်ပြယ်ခဲ့ပြီး အစိုးရအား နှစ်ပေါင်း ၆၀ကျော်ကြာ တော်လှန်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ကြောင်း အစိုးရငြိမ်းချမ်း ရေးအဖွဲ့မှ ဝန်ကြီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သတင်း.... yangonchronicle