08 March 2012

အစိုးရနှင် ABSDF ဧပြီပထမပတ်တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးမည်

ဦးအောင်မင်း ခေါင်းဆောင်သောအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့လာမည့် ဧပြီလ ပထမပတ်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ABSDF ဒုတိယဥက္ကဌ ဦးမျိုးဝင်းကပြောသည်။

တွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုညှိုနိုင်းမှုများပြုလုပ်ရန် ABSDF မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဦးမြင့်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ခြောက် ဦးပါကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၈ ရက်နေ့တွင်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ဆက်သွယ်ရေးကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်းစော ခင်စိုးနှင့် ဖားအံမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၎င်းကပြောသည်။

“ တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးပြသနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် တိုင်းပြည်အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်တယ်။ ကျွန်တော်တို့ ရဲ့တွေ့ဆုံမှုကနေ နိုင်ငံရေး အင်အားစုတွေအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင်ကြိုးပမ်းမှာပါ။ ကျွန်တော်တို့ ဆန္ဒတွေ၊ ကြိုးပမ်းမှုတွေ ဘယ်လောက်ထိ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ ကတော့ နှစ်ဘက်ဆွေးနွေးမှုရလာဒ်တွေမှာအခြေခံပြီး ဖြစ်လာမှာပေါ့ ” ဟု ဦးမျိုးဝင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ABSDF မှတင်ပြဆွေးနွေးမည့်အကြောင်းအရာများ၊ ဦးဆောင်တက်ရောက် သွားမည့်ပုဂ္ဂိုလ်များနှင့်ပတ်သတ်၍မူ ပြောကြားရန်အချိန်စောသေးကြောင်း ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် ပထမဆုံးအကြိမ် ပဏာမအကြိုတွေ့ဆုံဆွေးနွေးမှုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။


ယင်းကဲ့သို့ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေ
ရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြရန် သဘောတူခဲ့ပြီးဆက်လက် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကိုလည်း ပြည်သူတရပ်လုံးသိရှိစေရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း တွင် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

သတင်း....။ Messenger News Journal