04 February 2012

ပြည်သူအတွက် အကျိုးမရှိသော ဥပဒေများပြင်ရန်ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မိမိတို့အနေဖြင့် လွှတ်တော်တွင်းသို့ရောက်ပါက ပြည်သူအတွက် အကျိုးမရှိသောဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်ရန်ကြိုးပမ်းမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အပိုင်းတွေကို ပြင်မယ်ဆိုတာ အန်တီတို့ယုံကြည်ချက်အရပြောတာပါ။

ဖွဲ့စည့်ပုံကို ရေးဆွဲခဲ့တဲ့သူတွေကတော့ ပြင်ချင်စိတ်နဲ့ရေးထားတာမဟုတ်ဘူးလို့ပြောရမှာပေါ့။ အစကတည်းက ပြင်ချင်ရင် ပြင်ထားမှာပေါ့ ” ဟု လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စတာ ကွင်တားနားနှင့် တွေ့ဆုံအပြီး သတင်းထောက်တဦး၏ မေးခွန်းအားဖြေကြားရာတွင် ပြောဆိုလိုက်သည်။

ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် အချက်များစွာရှိကြောင်း ၊ ယင်းအချက်များသည် ပြည်သူကို အကျိုးမပြုသည့် ဥပဒေများဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “ အမျိုးသားအကျိုးစီးပွားလို့ပြောနေပေမယ့် ဖွဲ့စည့်ပုံထဲမှာ ပြည်သူကို အကျိုးမပြုတာတွေ အများကြီးပဲ။ ဥပမာ တပ်ကအချိန်မရွေးအာဏာသိမ်းလို့ရအောင် လုပ်ထားတာမျိုး၊ နောက် တပ်ရဲ့အထူးရံပုံငွေကို လွှတ်တော်မှာ မေးမြန်းခွင့်မရှိဘူး ဆိုတာမျိုးပေါ့ ”ဟု ရှင်းလင်းပြောဆိုသည်။

ထိုသို့ဥပဒေပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ထဲရှိ ပြည်ခိုင်ဖြိုးမှ အမတ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရအောင်လည်း ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “ သူတို့သဘောတူအောင် လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ဦးအောင်သိန်းကမူ ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားများ အားကောင်းနေသော လွှတ်တော်တွင်းတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေကိုယ်၌ ပြင်ဆင်သင့်သည့် အချက်တွင် အခြေခံဥပဒေကို အလွယ်တကူ ပြင်ဆင်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ပြောကြားသည်။

“ အခြေခံဥပဒေက ဘုရားဟောမှမဟုတ်တာဗျာ။ ဘာကြောင့် မတို့ရဲ မထိရဲဖြစ်နေရမှာလဲ။ ဒါပေမယ့် အခု အခြေအနေအရ ပြင်ဖို့ခက်ခဲနေတယ်။ အသေးအမွှားလေးတွေကို တော့ပေးပြင်နိုင်တယ်။ ဒါပေမယ့် တပ်နဲ့ဆိုင်တဲ့ကိစ္စမျိုးကတော့ ပြင်မရနိုင်ဘူး” ဟု ၎င်းကဆိုသည်။

မန္တလေး ခရီးစဉ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်းထောက်များ တွေ့ဆုံရာတွင်မေးမြန်းရာ ခရီးစဉ်ကိုသေသေချာချာ စီစဉ် လို့ရအောင် ရက်ရွှေ့လိုက်တာပါဟု ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ပုဒ်မ ၄၃၅ တွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟုပါရှိသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခြားပါတီများမှ ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းသာပါဝင်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၈ ရာခိုင်နှုန်းနီးပါးသာရှိသည်ကိုတွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးကလည်း လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်ရန်အချက်သိပ်မရှိဟု အာရ်အက်ဖ်အေ သတင်းဋ္ဌာနနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ။

သတင်း....Yangon Press International