14 December 2011

ပြည်ထောင်စုတိုင်းရင်းသားများရံပုံငွေဂီတဖျော်ဖြေရေးနှင့်ဈေးရောင်းပွဲကို ရက်ပြောင်းရွှေ့ကျင်းပမည်

လာမည့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် သုဝဏ္ဍမိုးလုံလေလုံ အားကစားရုံတွင် အမျိုးသမီးအားကစားပြိုင်ပွဲကျင်းပမည် ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ပြည်ထောင်စုတိုင်းရင်းသားများရံပုံငွေဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်ကို ရက်ရွှေ့ပြောင်းကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဆီက ပွဲpermit ရအောင်စောင့်နေတယ် ကြိုးလဲကြိုးစားနေပါတယ် ပွဲကိုတော့ မဖျက်သိမ်းဘူး သုဝဏ္ဍအားကစားကွင်းက ၀န်ကြီးက ၁၆ရက်နေ့ အမျိုးသမီးတွေရဲ့ အားကစားပြိုင်ပွဲရှိတော့ ဒီတိုင်းရင်းသားရံပုံငွေပွဲကို ကျင်းပခွင့်မပြုဘူးတဲ့ “ဟု ပြည်ထောင်စုတိုင်းရင်းသားရံပုံငွေပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ပြည်ထောင်စု တိုင်းရင်းသား ရံပုံငွေပွဲကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပွဲဖြစ်မြောက်ရန် မျှော်လင့်ကြောင်းနှင့် ပွဲမကျင်းပမီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

“ပွဲကိုတော့ ဖြစ်မြောက်အောင်လုပ်မှာပါ ဒီဇင်ဘာလ နောက်ဆုံးအပတ်လောက်မှာ ပြန်လုပ်နိုင်ဖို့ ကြိုးစားနေတယ်၊ ပွဲ မလုပ်မီ ၂၀ရက်နေ့ဝန်းကျင်လောက် သတင်းစာရှင်းလင်းပွဲ လုပ်အုံးမှာပါ” ဟု၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သုဝဏ္ဍမိုးလုံလေလုံအားကစားရုံ တာဝန်ခံမှ တိုင်းရင်းသားရံပုံငွေပွဲပြုလုပ်ကျင်းပ ရန် ဒီဇင်ဘာလ ၁၄/၁၅ ရက်နေ့တွင် ကွင်းရရှိနိုင်ကြောင်းအကြောင်းကြားခဲ့ပြီးမှ အမျိုးသမီးအားကစားပွဲနှင့် ရက်တိုက်နေ သည့်အတွက် ခွင့်မပြုခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ တိုင်းရင်းသားရံပုံငွေပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံမှာ ဦးဖြိုးမင်းသိန်းဖြစ်သည်။

သတင်းများအားပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။