14 December 2011

တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်ပြုလုပ်မည်

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်များ တည် ဆောက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားတို့၏ လူနေမှုဘဝ တိုးတက်ရေးမြင့်မားလာနိုင်မည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မူဆယ်မြို့နှင့် ရွှေလီမြို့တို့ကို နယ်စပ်ဖြတ်ကျော် အထူးစီးပွားရေးဇုန်နှင့် ချစ်ကြည်ရေးမြို့တော်များအဖြစ် သတ်မှတ်နိုင်တော့မည် ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် လုပ်ငန်းဆောင်တာကိစ္စရပ်ဆိုင်ရာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ကို မကြာမီ အချိန်တွင် ရေးထိုးတော့မည်ဖြစ်ကြောင်း သိရသည်။

၎င်း သဘောတူညီချက်လက်မှတ်၌ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ၏ နယ်စပ်ဒေသ ဖြတ်သန်းသွားလာမှုများတွင် ပိုမိုလွတ်လပ်လွယ်ကူစွာ သွားလာနိုင်ရေး ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို ဘားအံနှင့် မြဝတီနယ်စပ်မြို့များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြားနယ်စပ်ဒေသများတွင်ပါ အကောင်အထည်ဖော်နိုင်ပါက တိုင်းရင်းသားလူနေမှု ဘဝမြင့်သွားစေနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာနေသူ တစ်ဦးက ပြောကြားခဲ့သည်။

သတင်း...Transparency Myanmar