10 November 2011

ကိုဇာဂနာ၏ မြပုဏ္ဍမာအငြိမ့်ကို ဒုတိယအကြိမ် အဖြစ် အမေရိကန်ပြည်ထောင်စုရှိ မေရီလန်းတွင် ကပြဖျော်ဖြေရန် အစီအစဉ်ရှိ

ရုပ်ရှင်သရုပ်ဆောင် ကိုသူရ(ခေါ်) ဇာဂနာသည် နိုင်ငံကူးလက်မှတ် ပတ်ပို့စ်ပြုလုပ်ရာတွင် အဆင်ပြေပါက ဒီဇင်ဘာလအတွင်းတွင် အမေရိကန်နိုင်ငံ မေရီလန်း၌ မြပုဏ္ဍမာ အဖွဲ့သူအဖွဲ့သားများနှင့်အတူ အငြိမ့် သွားရောက်ကပြ ဖျော်ဖြေရန်အစီအစဉ်ရှိကြောင်း အဆိုပါ အငြိမ့်အဖွဲ့သူအဖွဲ့သားများထံမှ သိရှိရသည်။

“အခုလောလောဆယ်တော့ ဘယ်နေ့ဘာဆိုတာတော့ သေချာမသိသေးဘူး ကိုဇာဂနာလုပ်တာဆိုတော့လေ သူပတ်ပို့စ်ရရင်တော့ မေရီလန်းမှာ ကဖြစ်မှာပါ ကျွန်တော်တို့ကဖြစ်ရင်လည်း မြပုဏ္ဍမာ အမည်နဲ့ပါဘဲ”ဟု မြပုဏ္ဍမာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကင်းကောင်က ပြောသည်။

အမေရိကန်နိုင်ငံ မေရီလန်းတွင် ကပြဖျော်ဖြေမည့် မြပုဏ္ဍမာအငြိမ့်ကို ရံပုံငွေအတွက်ရှာခြင်း မဟုတ် သောကြောင့် လာရောက်ကြည့်ရှု့သူ မြန်မာပရိတ်သတ်အပါအ၀င်များကိုလည်း ၀င်ကြေးအခမဲ့ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အမေရိကန်နိုင်ငံတွင် သွားရောက်ဖျော်ဖြေရခြင်းသည် ပြည်သူအတွက် အများကောင်းကျိုး အတွက် ပြုလုပ်ရခြင်းဖြစ်သောကြောင့် သွားရောက်ဖျောဖြေခွင့်ရခြင်းကို ၀မ်းမြောက်ဝမ်းသာဖြစ် ရကြောင်း မြပုဏ္ဍမာ အဖွဲ့ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အခုလို ပြည်ပမှာ သွားရောက်ဖျော်ဖြေခွင့်ရတာ ၀မ်းသာပါတယ် ဒါကလည်း ပြည်သူအတွက် အများအတွက် တိုင်းပြည်အတွက်လုပ်တာဆိုတော့ ကောင်းတဲ့အလုပ်မို့လို့ လုပ်တာပါ”ဟု မြပုဏ္ဍမာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုအရိုင်းက ပြောသည်။

ဒုတိယအကြိမ်ကပြမည့် မြပုဏ္ဍမာအမည်ဖြင့် အငြိမ့်အဖွဲ့ကို ကိုဇာဂနာမှ ဦးဆောင်ပြီး အဆိုပါအငြိမ့်အတွက် ပျက်လုံးများကိုလည်း ကိုဇာဂနာမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ကိုသူရ(ခေါ်) ဇာဂနာဦးဆောင်သော မြပုဏ္ဍမာအငြိမ့်သည် ၁၉၈၆ခုနှစ်တွင် မြန်မာ့အသံ၌ ပထမဆုံး စတင်ကပြဖျော်ဖြေခဲ့ပြီး ၂၅ နှစ်ကြာမှ ဒုတိယအကြိမ်ကို အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာလအတွင်းတွင် ကပြဖျော်ဖြေမည့် အငြိမ့်ပွဲဖြစ်သည်။

မြပုဏ္ဍမာ အငြိမ့်ကို တတိယအကြိမ်တွင်တော့ မြန်မာနိုင်ငံရှိ အောင်ဆန်းကွင်း သို့မဟုတ် သုဝဏ္ဍမိုးလုံ လေလုံတွင် ဇန်န၀ါရီလ ၄ရက်နေ့တွင် ကပြဖျော်ဖြေရန် အစီအစဉ်ရှိကြောင်းကိုလည်း မြပုဏ္ဍမာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုကင်းကောင်ထံမှ သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်။