21 July 2011

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်ကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့က ဖွင့်လှစ် ပြသ

အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်နေ့)က ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အား တွေ့ရစဉ်



မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့က နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ် ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် ၁၉၂၉ ခုနှစ် အထိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ဦးဘ၀င်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၊ ဦးအောင်သန်း တို့က နိုင်ငံတော်သို့ လှူဒါန်းရန် တိုက်တွန်းခဲ့သောကြောင့်
ဦးအောင်မြင့်သိန်းက ၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် လှူဒါန်းခဲ့ရာ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ တာဝန်ယူ ထိန်းသိမ်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားရာမှ ပျက်စီးခဲ့သောကြောင့် ၁၉၇၅ ခုနှစ်တွင် ပုံစံတူ ပြန်လည် တည်ဆောက်ထားခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်မှာ သက်ကယ်မိုး၊ ပျဉ်ကာနှစ်ထပ်၊ အုတ်ဖိနပ်ခံ၊ ခြောက်ပင်အိမ် ဖြစ်၍ အရှေ့အနောက် ၇၅ ပေ၊ တောင်မြောက် ၃၆ ပေ အကျယ် ရှိပြီး အိမ်ဝိုင်းမှာ တောင်မြောက် ၂၂၀ ပေ၊ အရှေ့အနောက် ၁၅၀ ပေ ကျယ်ဝန်း၍ ပြတိုက်၏ မြေနေရာမှာ ၀ ဒသမ ၇၃၅ ဧက ကျယ်ဝန်းကြောင်း သိရသည်။ ယခုနှစ် အာဇာနည်နေ့ မတိုင်မီမှစ၍ ပြတိုက်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ပြုပြင်မှုများ လုပ်ကိုင်လျက် ရှိပြီး မီးလောင်စဉ်က ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၏ မီးခံသေတ္တာနှင့် နေအိမ် အပေါ်ထပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း စာဖတ်ခန်း တို့ကို အထူးပြကွက် အဖြစ် ပြသထားကြောင်း သိရသည်။

ယခုနှစ်တွင် နံနက် ၆ နာရီမှ စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ပြတိုက်၏ အောက်ထပ် ဓာတ်ပုံပြခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဟောပြောခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ မိခင်ဒေါ်စု၏ ယက်ကန်းစင်နှင့် မီးခံသေတ္တာ၊ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀မှတ်တိုင်များ ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ် ငါးတန်း ကျောင်းသားဘ၀က ကိုင်ဆောင်ခဲ့သော စာအုပ်မျက်နှာဖုံး၊ တပ်ဆင်ခဲ့သော ရာထူးတံဆိပ်များပုံ၊ ဒေါ်ခင်ကြည်သို့ ပေးခဲ့သော ''ကြည်. . . ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်''ဟူသော လက်ရေးမူ၊ ဗိုလ်ချုပ်အောင်ဆန်း ဘီအေ အောင်လက်မှတ်၊ ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း ဆဋ္ဌမတန်းတွင် ကိုင်ခဲ့သော ဂဏန်းစာအုပ် အဖုံး၊ ဆယ်တန်း အောင်လက်မှတ်၊ ဗိုလ်ချုပ်အောင်ဆန်း ဦးစီး၍ ဗမာ့တပ်မတော်မှ ဂျပန်တို့ကို တော်လှန်စဉ် ဂျပန်စစ်ဘက်မှ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံဖြင့် ထုတ်ဝေသော လူဖမ်းဝရမ်းစာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပညာသင် ဘ၀နှင့် အထ္ထုပတ္တိများ၊ သမိုင်းဝင် ဓာတ်ပုံများစွာနှင့် ဗိုလ်ချုပ်၏ ဆွေစဉ်မျိုးဆက်ပြ ဇယားတစ်ခု တို့ကို ပြသထားသည်။

သတင်း..news-eleven