27 June 2011

ရန်ကုန်မြို့ကြီးမှာမိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ..


ဇွန် ၁၇ ရက်နေ့ဝန်းကျင် မှစ၍ မိုးများဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ဒဂုံမြို့သစ် မြို့နယ်များ အတွင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ယခုနစ်တွင် ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည် ဟုလည်း ၎င်းတို့က ပြောကြားသည်။

“မိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ။ ရေထွက် ပေါက် မရှိတဲ့အတွက် လေးငါးရက်ကြာရင် ရေပုပ်တွေ ဖြစ်သွားပြီး ထွက်လာတဲ့ အနံ့တွေကို ကလေး လူကြီးအားလုံး ရှူနေရတယ်” ဟုလည်း အမှတ် ၅ ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း နေထိုင်သူ ဦးလှ သန်းက ပြောကြားသည်။

ရေလျှံမှု ဖြစ်ပွားနေသော မြို့နယ်များတွင် ဒဂုံမြို့သစ် မြောက်ပိုင်း UE ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်များ၊ ၄၄၊ ၄၇ ၊ ၁၁၊ ၁၂ ရပ်ကွက်တို့ ပါဝင်ပြီး ယခုရက်ပိုင်းတွင်လည်း မိုးရွာသွန်းနေပြန်ရာ ရေကျရန် စောင့်နေရပြီး လမ်းမများတွင်ပါ ရေလျှံနေသည့်အတွက် ကူးသန်းသွားလာရေးပင် ခက်ခဲနေကြောင်း မြို့သစ် နေထိုင်သူများက ပြောကြားသည်။

“တစ်ချို့ အနိမ့်ပိုင်းအိမ်တွေဆိုရင် အိမ်ထဲကို ရေတွေဝင်နေတာ တစ်ပတ်လောက် ရှိပြီ ရေကအခုထိ မကျနိုင်သေးဘူး”ဟု ၎င်းတို့က ပြောဆိုကြသည်။

“ဆက်တိုက် ဖြစ်နေမယ် ဆိုရင် တော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်လာရပြီ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ကြဦးမှာ။ ရေမြောင်းတွေက မစီးတော့ ဘာမှလုပ်လို့မရဘူး”ဟုလည်း ဒဂုံမြို့သစ် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွါးလျက်ရှိသော မြို့နယ်များတွင်၊ လှိုင်သာယာ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံ အရှေ့၊ ရွှေပေါက်ကံ၊ မြို့သစ်များ ပါဝင်ပြီး မဆလ အစိုးရလက်ထက် တည်ဆောက်ခဲ့သော မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ မြို့နယ်များလည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ “ကျန်းမာရေးကိစ္စ ဖြစ်လာရင် အကြွေး ထပ်တင်ဖို့ပဲ ရှိတယ် အလုပ်အကိုင်တွေက မကောင်းဘူး” ဟု ဒဂုံမြို့သစ် နေထိုင်သူ လက်လုပ်လက်စား ဈေးသည်တစ်ဦးက ပြောဆိုသည့်သတင်းအား The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်.။