26 April 2011

ရန်ကုန်တိုင်းအတွင်းရှိ ပလတ်စတစ်အိတ် စက်ရုံများအားလုံး ပိတ်သိမ်းရန် အမိန့်စာထွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပလပ်စတစ်အိတ် အမျိုးမျိုး (ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလပ်စတစ်ကြိုး) ထုတ်လုပ်သည့် လုပ်ငန်းများအား ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရန် သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများမှ စက်ရုံများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိပါသည်။

ဧပြီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လုပ်ငန်းပိတ်သိမ်းရန်အတွက် ပလတ်စတစ်အိတ် ထုတ်လုပ်သည့် လုပ်ငန်းများသို့ အကြောင်းကြားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ပိတ်သိမ်းရန် ယခင်ကတည်းက ၀န်ခံကတိပြုလက်မှတ် ရေးထိုးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ယခုအချိန်ထိ ပိတ်သိမ်းမှု မရှိသေးသည့်အတွက် ထပ်မံ၍ ၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် အကြောင်းကြားခြင်းဖြစ်ကြောင်း၊ အကယ်၍ ပိတ်သိမ်းခြင်း မပြုပါက လုပ်ငန်းလိုင်စင်စာရင်းမှ ပယ်ဖျက်၍ စည်ပင်သာယာဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု အကြောင်းကြားစာတွင် ပါဝင်ကြောင်းလည်း စက်မှုလုပ်ငန်းရှင်များက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်နှင့် တရားဝင်မှတ်ပုံတင်ခြင်း မပြုသည့် ပလတ်စတစ်အိတ် လုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခက်အခဲနှင့် အကျိုးတရားများအပေါ် လုပ်ငန်းရှင်တစ်ဦးကလည်း “ကောင်းကျိုးကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့ကျသွားမယ်။ လေထုညစ်ညမ်းမှု လျော့ကျသွားမယ်။ ဥပမာ- ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဆိုရင် ရေထဲကို စည်းကမ်းမဲ့ ပစ်ထားတဲ့ ပလတ်စတစ်နဲ့ငြိပြီး စက်လှေ မှောက်ခဲ့ဖူးသေးတယ်။ ဒါမျိုးတွေ လျော့နည်း သွားမှာပေါ့။ ခက်ခဲမှုဆိုရင်တော့ ချက်ချင်းပိတ်သိမ်းရတဲ့အတွက်တော့ အရင်ဆုံး အလုပ်သမားတွေ ခက်ခဲမှုရှိမယ်။ ဒုတိယအချက်အနေနဲ့ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးငွေ ပြန်မရနိုင်တော့ဘူး” ဟု သုံးသပ်ခဲ့သည်။ “Recycle ပြန်လုပ်လို့ရအောင် ဓာတုအသုံးပြုပြီး အရောင်မပါတဲ့ ပလတ်စတစ် အကြည်တွေ ထုတ်လုပ်ပြီး စနစ်တကျ စွန့်ပစ်မယ်၊ ပြီးရင် ဒါတွေကို Recycle လုပ်တဲ့သူတွေက ပြန်ဝယ်ပြီး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မယ်ဆိုရင် စက်ရုံတွေလည်း သက်သာမယ်ဆိုတဲ့ အချက်ကို ကျန်ခဲ့တဲ့နှစ်က လုပ်ကိုင်ကြတယ်လေ။ စက်ရုံတွေကို ဒီလို ကန့်သတ်ချက်နဲ့ ပြန်လည်ပတ်စေရင်တော့ လုပ်ငန်းရှင် တွေလည်း ခက်ခဲမှုမရှိနိုင်ဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း အတော်အတန် လျှော့ချနိုင်မယ်လို့ ထင်ပါတယ်” ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

နိုင်ငံတကာတွင် ပလတ်စတစ် နှင့်ပတ်သက်၍ Reduce (သုံးစွဲမှု တိုက်ရိုက်လျှော့ချခြင်း)၊ Reuse (ပြန်လည်သုံးစွဲခြင်း)၊ Using Biodegradable Plastic (ပျက်စီးလွယ်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်ပေါ်စေခြင်း) အချက်သုံးချက်ဖြင့် သုံးစွဲ လုပ်ကိုင်နေကြကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။



ရပ်ကွက်များ အတွင်းရှိ ဈေးဆိုင်များတွင်ပါ ကြွပ်ကြွပ်အိတ်၊ ကြွပ်ကြွပ်အိတ်ကြိုးများ ရောင်းချခြင်း မပြုရန် သက်ဆိုင်ရာမှ အကြောင်းကြား

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပလပ်စတစ်အိတ်မျိုးစုံ (ကြွပ်ကြွပ်အိတ်မျိုးစုံ) ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ကြွပ်ကြွပ်အိတ်ကြိုး ထုတ်လုပ်သည့် လုပ်ငန်းများအား ရပ်ဆိုင်းရန် အကြောင်းကြားစာ ထွက်ရှိပြီးနောက်ရပ်ကွက် များအတွင်းရှိ ဈေးဆိုင်များတွင်ပါ ကြွပ်ကြွပ်အိတ်နှင့် ကြွပ်ကြွပ်အိတ်ကြိုးများ ရောင်းချခြင်း ခွင့်မပြုကြောင်း အကြောင်းကြားလာသည်ဟု ဆိုင်လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

ယခုအခါ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များ အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား အဆိုပါ အကြောင်းကြားစာ စတင် ပေးပို့ထားကြောင်း သိရှိရသည်။အကြောင်းကြားစာတွင် 'ကြွပ်ကြွပ်အိတ်၊ ကြွပ်ကြွပ်အိတ်ကြိုးများ ထုတ်လုပ်၊ သိုလှောင်၊ ရောင်းချခြင်း ကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ကာ ခွင့်မပြုတော့ကြောင်း၊ လိုက်နာမှု မရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှထုတ်ပေးထားသည့် လုပ်ငန်းစင်အား ပိတ်သိမ်းမည် ဖြစ်သည်'ဟု ပါရှိကြောင်း သိရသည်။

''ဧပြီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားတာပါ။ ဧပြီလ ၂၂ ရက်နေ့ကစပြီး ကြွပ်ကြွပ်အိတ်၊ ကြွပ်ကြွပ်အိတ်ကြိုးတွေ ရောင်းချခွင့် မပြုတော့ဘူးတဲ့၊ ရောင်းရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမယ်လို့ စာထဲမှာပါတယ်။ ရှိပြီးသားတွေရောလို့ မေးကြည့်တော့ ဒါကတော့ ဒီတစ်သုတ်ပြီးတာနဲ့ ထပ်မရောင်းတော့နဲ့လို့ ပြောသွားတာပဲ။ ကျွန်တော်တို့တော့ အခက်အခဲ ဖြစ်ကုန်တာပေါ့။ တရားဝင်ထုတ်ထားတဲ့ ပစ္စည်းဆိုတော့ တင်ရောင်းတာပေါ့။အခုတော့ အရင်းပါဆုံးမယ့်ကိန်း ဆိုက်ပြီ''ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ စတိုးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်ဟုWeekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။