10 January 2011

ရန်ကုန်မြို့ လယ်၂၉လမ်း(အောက်)ရှိ တိုက်တစ်လုံး နံရံပြိုကျ ဖြစ်ပွားမှုကြောင့် အမျိုးသမီးတဦးသေဆုံး


ဇန်န၀ါရီလ ၉ ရက်နေ့ နေလယ်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၉ လမ်း(မဟာဗန္ဓုလလမ်း နှင့် ကုန်သည်လမ်းကြား)ရှိ တိုက်အမှတ် ၂၄တွင် တိုက်ရှေ့ နံရံပြိုကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

''နေ့လယ် ၁၁ နာရီ ၂၅ မိနစ် ၀န်းကျင်မှာ ဖြစ်ခဲ့တာပါ။ တိုက်အောက် ပလက်ဖောင်းနားမှာ ထိုင်နေတဲ့ အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးပေါ်ကို တိုက်နံရံက ပြိုကျခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်''ဟု ၂၉ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

''ဘေးတိုက်က တိုက်အသစ်ဆောက်ဖို့ ဖြိုဖျက်ပြီးပါပြီ။ ဖြိုပြီးသွားတော့ ဒီတိုက်ရဲ့ ရှေ့နံရံတစ်ခုက ဒီအတိုင်း ကျန်ခဲ့တာပါ။ အခု ပြိုတယ်ဆိုတာကလည်း အဲဒီ နံရံတစ်ခုတည်း ပြိုတာ ဖြစ်ပါတယ်'' ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြပါသည်။

အဆိုပါ တိုက်ဘေးရှိ ၂၉ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် အဆောက်အအုံဟောင်းကို ဖြိုဖျက်ပြီး အဆောက်အအုံသစ် ဆောက်လုပ်ရန် ပြင်ဆင်နေသော မြေကွက်လပ်တစ်ခု ရှိကြောင်းနှင့် တိုက်အမှတ် ၂၄ သည် လူနေထိုင်ဆဲ အဆောက်အအုံ တစ်လုံး ဖြစ်ကြောင်း ကို news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။