18 September 2010

ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသရှိ ဟိုတယ်အခန်းခနှင့် အသုံးစရိတ်များအား အမေရိကန် ဒေါ်လာသာပေးချေရတော့မည်

ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသရှိ ဟိုတယ်အချို့သည် အောက်တိုဘာ ၁ ရက်မှစ၍ ဟိုတယ် အခန်းခနှင့် အသုံးစရိတ်များအား အမေရိကန် ဒေါ်လာဖြင့်သာ ပေးချေပေးရန် ခရီးသွားကုမ္ပဏီများသို့ အကြောင်းကြားလာကြောင်း ယင်းကုမ္ပဏီများကပြောသည်။

အကယ်၍ အက်ဖ်အီးစီဖြင့် ပေးချေမည်ဆိုပါက ဒေါ်လာဈေးနှင့် ကွာခြားချက်အား အလိုက်ပေးကာ ပေးချေရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ အက်ဖ်အီးစီ တစ်ယူနစ်တန်ဖိုးမှာ စက်တင်ဘာ ၈ ရက်တွင် ကျပ် ၈၀၀ ခန့် ဈေးရှိချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၄၀ ဈေးရှိရာမှ ဟိုတယ်နှင့်ခရီးသွား ကုမ္ပဏီများကြား အဆင်မပြေမှုများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အခန်းခ ပေးချေရာတွင် နိုင်ငံခြားသားများထဲတွင် ကမ္ဘာလှည့် ခရီးသွားများကသာ အမေရိကန် ဒေါ်လာ သို့မဟုတ် ယူရိုငွေဖြင့် ပေးချေလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်၍ အလုပ်လုပ်နေသော နိုင်ငံခြားသားများကမူ အက်ဖ်အီးစီဖြင့် ပေးချေမှုများကြောင်း သိရသည်။ ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများကြား အခန်းခပေးချေမှုနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုစဉ်က အမေရိကန် ဒေါ်လာဖြင့်သာ ဈေးနှုန်းများ သတ်မှတ်ထားသဖြင့် အမေရိကန်ဒေါ်လာဖြင့်သာ ပေးချေပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် ပြင်ပပေါက်ဈေးတွင် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာတို့အား မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ရာတွင် ဈေးနှုန်းကွာဟချက် သိပ်မရှိလှသော်လည်း သြဂုတ်လဆန်းမှစ၍ အက်ဖ်အီးစီးနှင့် အမေရိကန်ဒေါ်လာကြား တစ်ယူနစ်လျှင် ကျပ်တစ်ရာနီးပါး စတင်ကွာဟလာခဲ့သည်။ ထို့အပြင် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာတို့၏ ပြင်ပပေါက်ဈေးများ နေ့စဉ်ဈေး ကျလျက်ရှိပြီး ၊စက်တင်ဘာ ၈ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ ဝန်းကျင်ရှိ၍ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၇၈၀ ကျပ်သာ ဈေးရှိကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။