25 September 2010

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ တွဲဖက်အထွေအထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးနှင့် တွေ့ဆုံခြင်း


ရန်ကုန်တိုင်းမ် အယ်ဒီတာတစ်ဦး တွေ့ဆုံ မေးမြန်းသည်။

(၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားတဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ )

YT - သြဂုတ် ၃၀ ရက်က ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းတဲ့ ရက်က နောက်ဆုံးရက် ဖြစ်နေပါပြီ။ အန်ကယ်တို့ အနေနဲ့ အမည်စာရင်း တင်သွင်းတဲ့ ကိစ္စတွေက အဆင်သင့် ဖြစ်နေပါပြီလား။ ပြီးစီးနေပြီ ဆိုရင်လဲ လွှတ်တော် အသီးသီးမှာ အန်ကယ်တို့ အနေနဲ့ ကိုယ်စားလှယ်လောင်း ဘယ်လောက်နဲ့ ဝင်ပြိုင်ဖို့ ရှိပါသလဲ။

NUP - ပထမ မေးခွန်းအနေနဲ့ ကျွန်တော်တို့ ပါတီက ရေရှည်ရပ်တည်မယ့် ပါတီပါ။ ၂၀၁၀ ရွေးကောက်ပွဲ တစ်ခု လောက်ကိုသာ ကန့်သတ်ပြီးတော့ Short Term စဉ်းစားတာ မဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းပြည်ကို ချောက်မကျ အောင်၊ ဒီ့ထက် ဖွံ့ဖြိုး တိုးတက်အောင်၊ ပြည်သူ လိုအပ်တဲ့ ဒီမိုကရေစီကို အပြည့်အ၀ ရပြီးတော့ ပြည်သူတွေ အားလုံး ပျော်ပျော် ရွှင်ရွင်နဲ့ အပေးအယူ မျှပြီး နားလည်မှု ရှိရှိ ပြည်သူနဲ့ အစိုးရ (State and Society) ကြား နေထိုင် နိုင်အောင် ရေရှည် တည်ဆောက် သွားမှာပါ။ ဆိုတော့ ဒီလောကမှာ State and Society ကြားမှာ နည်းနည်း Tension လေးတွေ ရှိမယ်။ ဒါကို လျှော့ဖို့ဆိုတာ ရေတိုနဲ့ လုပ်လို့ မရဘူး။ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ရတာဖြစ်တော့ ဒါတွေကို လုပ်ဖို့က ရေရှည် အနေနဲ့ ကိုယ့်ပါတီကို ထောင်ထားတာ ဖြစ်ပါတယ်။ အချိန်တစ်ချိန် ရောက်လာလို့ တိုင်းပြည်မှာ State နဲ့ Society ကြားမှာ State ရဲ့ Role ကို သူရှိသင့် သလောက်ရှိ၊ Society ရဲ့ Role ကလည်း တက်သင့် သလောက် တက်လာပြီးရင် မျှမျှတတ အပေး အယူလေးတွေနဲ့ လုပ်သွားနိုင်ကြပြီ။

တကယ့် ဒီမိုကရက်တစ် အလေ့အကျင့်ကို လုပ်လာနိုင်ပြီ ဆိုတဲ့ အချိန်ကျရင် ကျွန်တော်တို့ ပါတီလည်းပဲ ရပ်တည်ဖို့ လိုချင်မှ လိုတော့မယ်ပေါ့။ ကျွန်တော်တို့ရဲ့ အတိုင်းအတာနဲ့ ကျွန်တော်တို့အပေါ် ပြည်သူတွေ ဘယ်လောက် ယုံကြည်တယ် ဆိုတာလည်း Test လုပ်ကြည့်ချင်တယ်။ သူများ တိုင်းပြည်တွေမှာလို Opinion Servey တွေ ဘာတွေလုပ်ဖို့ ကျွန်တော်တို့မှာ ဒီလောက် အခွင့်အရေး မရှိဘူး။ အဲဒီတော့ လုပ်လို့ရတာက အခုလို Content တွေပေါ့။ Political Content တွေ ပေါ်လာတဲ့ အခါကျမှ ပြည်သူကို ချပြတဲ့ အပေါ်မှာ ပြည်သူက ဘယ်လောက် လက်ခံလဲ။ တကယ် လုပ်ကိုင်နေတော့ အလွှာ အသီးသီးက လုပ်နေတဲ့ သူတွေအပေါ်မှာ Image ဘယ်လိုရှိလဲပေါ့။ အဲဒါတွေကို Test လုပ်ကြည့်ချင်တာပေါ့။ Program ကို ကြိုက်ရဲ့လား၊ Personality ကို ကြိုက်ရဲ့လား။ ဒါတွေကို Test လုပ်ကြည့်ချင်တော့ အခု ရွေးကောက်ပွဲက အခွင့်အရေးပါ။ ကျွန်တော်တို့က တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြိုင်မှာ။ ပြည်နယ်တိုင်း ၁၄ ခုလုံးမှာ ၀င်ပြိုင်မယ်။ တတ်နိုင်သမျှ နေရာ အများစုမှာ လူရှာလို့ ရသလောက်တော့ ပြိုင်နိုင်တဲ့ အရည်အသွေး ရှိသလောက်တော့ ရနိုင်သလောက် ၀င်ပြိုင်မှာပဲ။

ဝင်ပြိုင်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ကို ထောက်ခံတဲ့ အင်အားစုတွေ ရှိတယ်။ ဒါကို ကြွားပြီး ပြောစရာ မလိုပါဘူး။ အခုလို ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အခါ ကျတော့ အလိုလို Volunteer လုပ်လာတဲ့သူတွေ ပေါ်လာတယ်။ သူတို့က ကျွန်တော်တို့ဟာ တစည ပါတီကို စောင့်ကြည့် နေတာပါ။ တစည ပါတီက Program အရရော၊ လုပ်ကိုင်နေတဲ့ သူတွေရဲ့ အရည်အသွေး အရရော၊ အစဉ်အလာ အရရော ကြိုက်တဲ့ အရည်အသွေး ရှိတဲ့အတွက် အခု ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းရင်းသား ပါတီ ကိုယ်စား ကျွန်တော်တို့ ၀င်ပြိုင်ပေးပါမယ် ဆိုတဲ့ သဘောလေးတွေ အများကြီး ရှိလာတဲ့အတွက် အကုန်အကျမှာ ဒီလောက်ကြီး ကြောင့်ကြစရာ အကြောင်း မပေါ်ဘူး။ သူတို့ဘက်ကလည်း ကုန်ကျခံပေးမယ့် အရာတွေရှိလို့ ကျွန်တော်တို့ဘက်က အကုန်လုံး ပုံအော ရမယ့် အရာမျိုး မရှိဘူး။

ထိုက်သင့် သလောက်တော့ ပေးရတဲ့ဟာမျိုး ရှိတာပေါ့။ Invest လုပ်ရတာပေါ့။ ကျွန်တော်တို့က အားလုံး နေရာပေါင်း တစ်ထောင် ကျော်မှာ ပြိုင်မယ်။ လွှတ်တော် သုံးရပ်စလုံးမှာ ပြည်သူ့ လွှတ်တော်မှာ ၃၃၀ မှာ ၃၃၀ နီးပါး ပြိုင်မယ်။ အမျိုးသား လွှတ်တော်မှာ ၁၆၈ နေရာမှာလည်း တော်တော်များများပြိုင်မယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တော်တော် များများ ပြိုင်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာတွေက တကယ့် အောက်ခြေ အဆင့်၊ နောက်ပြီးတော့ Local Issue တွေ၊ Local Problem တွေအပေါ်မှာ ကျွန်တော်တို့က လုပ်မယ်ဆိုတဲ့ အရာပေါ်မှာ ပြည်သူ လူထုက ဘယ်လောက် လက်ခံမယ် ဆိုတာက ဒါက သိပ်အရေးကြီးတယ်။ ဒါက Local Problem ကို Local နည်းနဲ့ ဖြေရှင်းဖို့ အတွက်ကို ကြည့်ရမှာ။ ဒီဘက်က National Level ကျတော့လည်း Prespective က သိပ်ကိုများတဲ့ အခါကျတော့ ကျွန်တော်တို့က ဦးစားပေးသင့် သလောက်လည်း ပေးပါမယ်။ တကယ်တော့ ပြည်သူ့ လွှတ်တော်မှာ အများကြီးကို ဦးစား ပေးတာလည်း ရှိပါတယ်။

အထူးသဖြင့် ဒီကာလမှာ ကျွန်တော်တို့ ပြည်နယ်တွေကလည်း သိပ် Stable မဖြစ်တော့ Political Tension တွေက မြင့်မြင့် မားမား ရှိတယ်။ ဗဟို ပြည်မမှာ ဒီနေ့ ရှိနေတဲ့ Political Tension တွေကလည်း မြင့်ပါတယ်။ သို့သော် ဒီ့ထက် ပိုဆိုးတဲ့ဟာ တိုင်းပြည်ကို ဒုက္ခပေးနိုင်တဲ့ဟာက ပြည်နယ်တွေမှာ ရှိတယ်။ ပြည်မမှာရှိတဲ့ ပြဿနာတွေက ဒုက္ခ မပေးနိုင်ဘူး။ မဟုတ်ဘူး။ ဒုက္ခပေးနိုင်တယ်။ သို့သော် ဒီဒုက္ခကို ရင်ဆိုင်လို့ ရနိုင်တယ်။ ပြည်နယ်တွေမှာ ဖြစ်လာတဲ့ ပြဿနာက အကုန်ကျ၊ လူ၊ ပစ္စည်း၊ သွင်းအားစု (Men, Material, Resources) အစ ပေးဆပ် ရမှာမို့လို့ သိပ်အေးတဲ့ ပြဿနာ မဟုတ်ဘူး။

ကျွန်တော်တို့က အဲဒီ ပြည်နယ်တွေမှာလည်း တော်တော်များများ ၀င်ပြီးတော့ ထိန်းထိန်း သိမ်းသိမ်း လေး လုပ်ချင်တယ်။ Stable ဖြစ်အောင်ပေါ့။ ကျွန်တော်တို့ ပါတီ စထောင် ကတည်းက ရည်ရွယ်ချက်က တိုင်းပြည်ကြီးကို Stability ရအောင်ပါ။ အာဏာရဖို့ ဆိုပြီး ပါတီကို စထောင်လာတာ မဟုတ်ဘူး။ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ဆိုလို့ရှိရင် ကောင်းရာ ကောင်းကျိုး လုပ်တဲ့ ဘယ်သူနဲ့မဆို လက်တွဲ လုပ်မယ်။ တိုင်းပြည်ကို ချောက်ချမယ့် လူစားမျိုး၊ ထစ်ခနဲရှိရင် ငါအစိုးရဖြစ်မှ၊ ငါမင်းသားကြီး လုပ်ရမှ၊ မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ့် လူစားမျိုး ကျရင်လည်း တိုက်ဖျက်မယ်ပေါ့။ ဒါကို ချေမှုန်းမယ့် အထဲထဲမှာ တစ်တပ် တစ်အား ဝင်ပါသင့် ပါရမယ်ပေါ့။

တိုင်းပြည် ကောင်းရာ ကောင်းကျိုး လုပ်မယ့်သူကို ကျွန်တော်တို့ ကူမယ်။ ကူမယ် ဆိုတာမှာ မျိုးစုံ ကူမယ်။ လွှတ်တော်ထဲမှာ ပါလီမန်ရဲ့ မိခင်လို့ခေါ်တဲ့ အနောက် အစိုးရ ပုံစံပေါ့။ အစိုးရနဲ့ အတိုက်အခံနဲ့ ပြောတဲ့ Opposition Concept ကို မကြိုက်ဘူး။ အတိုက်အခံလို့ နာမည်ခံ လိုက်တဲ့ အတွက် ကောင်းတာ လုပ်လုပ်၊ ဆိုးတာ လုပ်လုပ် ကန့်ကွက်ရမယ်။ အစိုးရ ပြုတ်ကျအောင် လုပ်ရမယ်။ အတိုက်အခံရဲ့ သဘောက အစိုးရ ပြုတ်ကျအောင် လုပ်မှာကိုး။ ကျွန်တော်တို့က ဒီလို မယူဆဘူး။ ကျွန်တော်တို့ ပြည်သူလူထုက သူ့ကို ကြိုက်လို့ တင်ထားမှတော့ သူ့ Term နဲ့ သူ့ကာလလေး အတွင်းမှာ ပြည့်စုံ အောင်တော့ လုပ်ကြည့်ပါစေ။ လုပ်နေတဲ့ ကာလမှာ မှားတာရှိရင် ၀ိုင်းပြီးတော့ ပံ့ပိုး ပေးမယ်။ တည့်အောင် လုပ်ပေးမယ်။ ဒီနည်းနဲ့ သူ့ကို လုပ်သွားမယ်။ နောက် အနာဂတ် Term မှ သူ့ကို မကြိုက်လို့ ပြည်သူက ကျွန်တော်တို့ကို ပေးရင်လည်း ကျွန်တော်တို့ လုပ်မယ်။ လုပ်တဲ့အခါမှာ အကောင်းဆုံး ဖြစ်အောင် လုပ်မယ်ပေါ့။

လွှတ်တော်ထဲမှာ ၀င်အရွေးခံရင် ကျွန်တော်တို့လိုပဲ နေရာ ၁၀၀၀ ကျော်မှာ ၀င်အရွေးခံမယ့် ပါတီဆိုလို့ ပြည်ခိုင်ဖြိုး ပါတီပဲ ရှိတယ်။ ကျန်တဲ့ ပါတီတွေက ရာဂဏန်းပဲ ရှိတယ်။ ကျွန်တော်တို့က ဒါကို ၀မ်းသာပါတယ်။ တိုင်းပြည်မှာ အခြေအနေ အကြောင်းကြောင်း ကြောင့် ပါတီ တစ်ခုထဲကပဲ နေရာတွေ အကုန်ယူတာ မကြိုက်ဘူး။ ဒါဟာ ဒီမိုကရေစီနဲ့ မညီညွတ်ဘူး။ အများရဲ့ အမြင်မှာ ဒီအင်္ဂါရပ်တွေက ဒီမိုကရေစီလို့ ပြောလို့မရဘူး။ ဒီလို တိုင်းပြည်မှာ ၀င်ပြိုင်မယ့် အင်အားစုတွေ ရှိလာတဲ့ အတွက် ဒီမိုကရက်တစ် ရွေးကောက်ပွဲနဲ့ ညီညွတ် လာတယ် ဆိုရင် ဒါကို ၀င်ကူညီတဲ့ သဘောရောက်တယ်။ ၁၀၀၀ လောက် ၀င်ပြိုင်တဲ့ အတွက် မူလ ရည်မှန်းချက် ဖြစ်တဲ့ ကျွန်တော်တို့ကို အကဲဖြတ်ခဲ့တဲ့ဟာကို မှန်ကန်ရာ ရောက်တယ်။

ဒီကနေ့ အခြေအနေအရ ဒါကလဲ NLD က ၀င်မပြိုင်ဘူးဆိုလို့ ဖြစ်တာ။ NLD ၀င်ပြိုင်ရင် ဘာမှ ပေါ်စရာ အကြောင်းမရှိဘူး။ သူလည်းပဲ ကျွန်တော်တို့လို ၁၀၀၀ ဂဏန်းနဲ့ ၀င်ပြိုင်မှာပဲ။ အဲဒီအခါကျရင် ကျွန်တော်တို့က ပြိုင်ဘက်ကောင်း သုံးခု ဖြစ်လာမှာပေါ့။ အခြား အင်အား ကောင်းတဲ့ ပါတီပေါ်လာရင် ပြိုင်ရမယ့် ပါတီ တိုးလာမယ်။ ယခုတော့ နှစ်ခုပါတီထဲက အဓိက ပြိုင်ရတာပေါ့။ ဒါကိုလည်း လက်ခံပါတယ်။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်မှာပါ။ ဘယ်သူ့ကိုမှ အမနာပ ပြောတာမျိုး၊ မတရား ပြောတာမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ Program ဘာလုပ်မယ် ဆိုတာပဲ ချပြမယ်။ ပြည်သူ ကြိုက်ရင်ပေး။ ကျွန်တော်တို့ Program ကို မကြိုက်လို့ သူများကို ပေးမယ်ဆို ပေး။ ဘယ်သူ့ကို ပေးပေး ကျွန်တော်တို့က လက်ခံတယ်။ We accept decision of the People ပေါ့။ ဒါကို လက်ခံ ထားတဲ့ အတွက် ခုလို နေရာ ၁၀၀၀ လောက် ၀င်ပြိုင်တာပါ။ မြိုင်မြိုင် ဆိုင်ဆိုင် ၀င်ပြိုင်နိုင်မယ် အစမ်းသပ်ခံ နိုင်မယ်လို့ မြင်ပါတယ်။

YT - ဒါဆိုရင်တော့ ရွေးကောက်ပွဲက တစ်ပါတီ ပြိုင်ရတဲ့ ပွဲမဟုတ်ဘဲနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ပြိုင်နိုင်တဲ့ အနေအထား ရှိသွားပြီပေါ့။ နောက်မေးခွန်း တစ်ခုကတော့ ပြည်ခိုင်ဖြိုး ပါတီရဲ့ အနေအထားကတော့ သူတို့ရဲ့ ပါတီဝင်တွေ မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ကျတဲ့ အခါကျမှ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တွေ၊ အသိပညာရှင်တွေ၊ အတတ် ပညာရှင်တွေ၊ လူတွေ လေးစားလောက်တဲ့ သူတွေ ပါလာအောင် ဖိတ်ခေါ်ပြီး လုပ်တာကို တွေ့ရပါတယ်။ အန်ကယ်တို့ တစည ပါတီ အနေနဲ့တော့ လူတွေ လေးစား အသိအမှတ် ပြုလောက်တဲ့ ပုဂ္ဂိုလ်တွေကို Recruit လုပ်ပြီး ၀င်ပြိုင်တာမျိုး ရှိပါသလား။

NUP - ကျွန်တော်တို့မှာ ရည်ရွယ်ရင်း ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ သိပ်မကြိုးစား လိုက်ရပဲနဲ့ သူတို့ဘာသာ သူတို့ Volunteer လုပ်ပြီး လာတဲ့ ပုဂ္ဂိုလ် အများကြီးတော့ မဟုတ်ပါဘူး။ အနည်းစုပေါ့။ တော်တော်များများကတော့ ကိုယ့် အဖွဲ့ဝင်တွေ များပါတယ်။ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ ရှိနေတဲ့ ပါတီတာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ် အများစုက လေးစားလောက်တဲ့၊ အရည်အသွေးရှိတဲ့ တက္ကသိုလ်က ဆရာကြီးတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေက တကယ် Old Member တွေအနေနဲ့ ရှိပြီးသားပါ။ ဒီကိစ္စအတွက် Special လုပ်ရတာတော့ မရှိပါဘူး။ Offer လုပ်ရတာတော့ မရှိဘူး။ မဟုတ်ပါဘူး။ အနည်းအကျဉ်းတော့ ရှိပါတယ်။ သို့သော် Image ကို တမင်တကာ Create လုပ်ပြီးတော့ လုပ်ဖို့ ဆိုတာက တကယ့် လက်တွေ့မှာ အောင်မြင်ချက်မှ အောင်မြင်နိုင်မှာပါ။ ဒါကလဲ အနှစ် ၂၀ နောက်ပိုင်းမှာ ပြန်စမ်းသပ်ရတာဆိုတော့ ဒါကို ကျွန်တော်တို့ ကြည့်ရမယ်။ ဒါကို ကြည့်ပြီးမှ နောင်လာမယ့် ရွေးကောက်ပွဲ တွေမှာ ဘယ်လိုလုပ်မလဲ ကြည့်ရမှာ။ ကျွန်တော်တို့က ကြိုက်တာ လုပ်ပါ ပြည်သူလူထုရဲ့ အဆုံးအဖြတ် နာခံပါတယ်။

YT - အန်ကယ်တို့ ပါတီမှာ အဆင့်မြင့် ရာထူး ထမ်းဆောင်သွားတဲ့ ဆရာ ဦးတင့်ဆွေ (ဗိုလ်ချုပ် တင့်ဆွေ - ဖျာပုံ) က အန်ကယ်တို့ အရင် အစိုးရ ဘာကြောင့် ပျက်သွားတယ် ဆိုတဲ့ စာအုပ် ရေးပါတယ်။ အဲဒီမှာ အခန်းကဏ္ဍ တစ်ခုမှာ တစည ပါတီနဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေ ရေးပါတယ်။ အထူးသဖြင့် စီးပွားရေး ကိစ္စတွေ ဘာတွေပေါ့။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ဆက်ခံတဲ့ ပါတီဖြစ်တဲ့အတွက် အန်ကယ်တို့ အရင် အစိုးရတုန်းက မှားခဲ့တဲ့ အမှားတွေ၊ အားနည်းချက် တွေ ရှိခဲ့တာတွေကို အန်ကယ်တို့ ပြုပြင်ဖို့ ရှိပါသလား။ နောက်တစ်ချက်ကတော့ အဲဒီတုန်းက တချို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ ခံစားချက်တွေ အပေါ်မှာရော အန်ကယ်တို့ ပါတီအနေနဲ့ တောင်းပန်တာမျိုး လုပ်ဖို့ အစီအစဉ် ရှိပါသလား သိချင် ပါတယ်။

NUP - ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြန်ပြောရရင် လမ်းစဉ်ပါတီ ခေတ်တုန်းက ဘာဖြစ်လို့ ခံခဲ့ရသလဲဆိုတော့ ခုနက ဗိုလ်ချုပ် တင့်ဆွေရေးတဲ့ စာအုပ်ထဲက ရေးသလိုပဲ ကျွန်တော်တို့ အဓိက အားနည်းချက်က စီးပွားရေးမှာ အားနည်း ခဲ့တယ်။ ဒါလည်းပဲ ပါတီရဲ့ လက်ကိုင်ထားတဲ့ Central Plan မှာ Command Economy နဲ့ သွားတဲ့ အခါမှာ သူ့ Limitation လေးတွေ ရှိပါတယ်။ တစ်ချိန် တည်းမှာပဲ ဗိုလ်ချုပ် တင့်ဆွေက စက်မှု (၁) ၀န်ကြီး လုပ်လာခဲ့တာ။ ကျွန်တော် က ကုန်သွယ်ရေး ၀န်ကြီး လုပ်လာခဲ့တာ။ စီးပွားရေးမှာ ကျွန်တော်တို့က အများကြီး တာဝန်ရှိတယ်။ စက်မှု (၂)က ကိုချို တို့ပေါ့။ တာဝန်ရှိတဲ့ အတိုင်း ပြန်သုံးသပ်တဲ့ အခါကျတော့ ကျွန်တော်တို့ မှားခဲ့တဲ့ ဟာလေးတွေ ရှိတယ်။ ဒီ့ထက် သိပ်ကို ကောင်းအောင် လုပ်ခဲ့တဲ့ ဟာလေးတွေလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်ကောင်းအောင် လုပ်ခဲ့တာတွေ ကြီးပဲ မပြောဘဲနဲ့ မှားခဲ့တာလေးတွေကို ဘယ်လိုပြင်ရင် ကောင်းမလဲဆိုတာ ဒီနောက်ပိုင်းမှာ ပြန်သုံးသပ်ပြီးတော့ အခု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဖြစ်လာတဲ့ အခါမှာ အဲဒီ သင်ခန်းစာတွေကို ကျွန်တော်တို့က အများကြီး ယူရတယ်။ ယူတဲ့အတွက် တစညပါတီ ဖြစ်လာတဲ့ အခါမှာ အခြေခံတဲ့ Economic Concept ကိုယ်ကလည်း ပြောင်းလာတာ။ Command Economy ကြီးပြီးသွားပြီ။ အခုသွားနေတာကတော့ Market Economy နဲ့ အခုသွားနေ တယ်။ Market Economy က ချမ်းသာမှာကို ဖန်တီးတဲ့ နေရာမှာ သူ့ကို ဘယ်သူမှ မမီဘူး။ ဒါကြောင့် Market Economy မှာ လွတ်လပ်သော အမျိုးသားရေး စီးပွားရေးစနစ်နဲ့ ကျွန်တော်တို့ သွားမယ်။ ပြည်သူတွေ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်မယ်။ ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေမှာ ဘယ်လိုသွားမယ်။ ဖိတ်ခေါ်မယ်။ ဒါတွေ အကုန်ပါတဲ့ အပြင်ကို လက်ရှိသွားမယ့် Market Economy အပေါ်မှာ နောက်ထပ် Political Economic တစ်ခုတင် မကဘဲနဲ့ နောက်ထပ် Social Dimension လေးပါ ပါသွားအောင်၊ သူ့ကို Balance ဖြစ်သွားအောင် Social Market Economy ဆိုတာကို လက်ခံထား ပါတယ်။ Social Market Economy ဆိုတာ ဘာလဲဆိုတော့ Social Dimension ကို မေ့မထားဘဲနဲ့ ထည့်စဉ်းစားပေးတဲ့ Market Economy မျိုးပေါ့။ ဘာကြောင့်လဲဆိုတော့ သူဌေးတွေ ကျိကျိတက် ချမ်းသာ သွားတာထက် သူတို့လဲ ချမ်းသာပါ။ တောက ဆင်းရဲသားတွေရဲ့ ဘ၀ကိုလည်း မြှင့်ပေးပါဆိုတဲ့ အရာကို ကြိုက်တယ်။ အဲဒါက Social Market Economy ပဲ။ ဘယ်သူ့ကိုမှ ချန်မထားခဲ့တဲ့ Economy မျိုးပေါ့။ အရင်တုန်းကရှိတဲ့ Poverty Level ပေါ့။ ဒီဆင်းရဲတဲ့ လူတန်းစားကြီးက ဘာမှ ဖြစ်မလာဘဲ တိုင်းပြည်ပဲ ချမ်းသာသွားမယ်။ သူဌေးတွေပဲ ချမ်းသာ သွားနိုင်မယ် ဆိုရင် ပြည်သူက ဒီအတိုင်း ကျန်ခဲ့တာမျိုးတော့ မဖြစ်ဘူး။ တိုင်းပြည်မှာ သွင်းအားစုတွေကို အသုံးတည့်အောင် သုံးတာ၊ သွင်းအားစုဆိုတာ ဘယ်တော့မှ အများကြီး မရှိဘူး။ ဒါကို အလေအလွင့် မရှိစေဘဲနဲ့ သုံးဖြစ်အောင် သုံးနိုင်ဖို့အတွက် Social Market Economy က အကောင်းဆုံးပါပဲ။ ဒါက ဘယ်သူ့ကိုမှ ချန်မထားခဲ့တဲ့ Capitalism ပဲ။ ဒါက အရင်က ကိစ္စတွေကို သင်ခန်းစာ ယူရဲ့လား ဆိုတာကို ယူတယ်လို့ ပြောတာပါပဲ။ အရေး အကြီးဆုံးကတော့ တိုင်းပြည် အပေါ်မှာ သစ္စာရှိဖို့နဲ့ တိုင်းပြည် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ထားဖို့။ အဲဒီတော့ ငါလုပ်နေတာဟာ တိုင်းပြည် အတွက် ကောင်းရာ ကောင်းကျိုး လုပ်နေတယ်။ ဘာမှ ငါ့ကိုယ်ကျိုးလည်း မပါဘူး။ ဘာမှ မျှော်မှန်းချက်ရှိလို့ လုပ်တာ မဟုတ်ဘူး။ အဓိက တိုင်းပြည်အတွက် လုပ်တာဆိုတဲ့ ခံယူချက်နဲ့ လုပ်တာကတော့ အပြစ်ကင်းတာပေါ့။

YT - အန်ကယ်တို့ရဲ့ မူဝါဒမှာ လွတ်လပ်စွာ ပြိုင်ဆိုင်မှုနဲ့ ဈေးကွက် ရှင်သန်မှုကို အဟန့်အတား ဖြစ်စေမည့် ခင်မင် ရင်းနှီးတဲ့ သူနဲ့ ပတ်သက်ရာ ဆွေမျိုး အသိုင်းအ၀ိုင်း ကောင်းစားရေး ဆိုတဲ့ Crony Capitalism မဖြစ်စေရန် ကာကွယ် ဟန့်တား ဆောင်ရွက်မယ် ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ အန်ကယ်တို့ တကယ်တမ်း ပြည်သူက ကြိုက်လို့ အစိုးရ ဖြစ်လာရင်ရော ဒါကို အမှန်တကယ် အကောင်အထည် ဖော်မှာပါလား။ အကြိုက် သဘောမျိုး ထည့်ထားတာပါလား။

NUP - ပါတီတွေ တော်တော် များများမှာ တချို့ပါတီတွေက ရွေးကောက်ပွဲ အနိုင်ရရေး အတွက် ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့က နည်းနည်းလေး လှုပ်လှုပ် ဖြစ်အောင် ရေးကြတာပေါ့။ ကျွန်တော်တို့ကတော့ စရေးကတည်းက လုပ်နိုင်တဲ့ အတိုင်းအတာကိုပဲ ဖော်ပြပြီးတော့ လုပ်ဖို့ဆိုတာပဲ ပြောတာပါ။ ပြည်သူကို ကျွန်တော်တို့ ပေးတဲ့ ကတိပါ။ ဒါကို လက်တွေ့ လုပ်မှာပါ။ ခုနပြောတဲ့ မိုနိုပိုလီ သဘောမျိုး မဖြစ်အောင် လုပ်မယ်။ ဒီကနေ့ Capitalism မှာ ဖြစ်နေတာက ကုမ္ပဏီကြီး တွေက ကြီးသထက် ကြီးအောင် လုပ်ပြီးတော့ Monopolize လုပ်လာကြတယ်။ Crony Capitalism ဆိုတာက မမိုက် ဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကောင်းစားဖို့ပဲ အားပေးတဲ့ သဘောရှိလို့ပါ။ လူဆိုတာကတော့ဗျာ အာဏာရှိလာလို့ ရှိရင် ကိုယ့်အောက်က ခိုင်းလို့ ရမယ့်သူ၊ ယုံကြည်စိတ်ချလို့ ရတဲ့သူကိုပဲ တာဝန်ပေးချင်တာကိုးဗျ။ ကျွန်တော်တို့ ခေတ်တုန်းက မှားတာ တစ်ခုပြောပြမယ်။ ကျွန်တော်တို့ လမ်းစဉ်ပါတီ အာဏာရလာတုန်းက ကိုယ်က လူကြီး ဖြစ်လာတော့ ကိုယ့်အောက်က ယုံကြည်ရတဲ့သူ၊ စိတ်ချရတဲ့ သူကိုပဲ တာဝန်ပေးချင်တာ။ တပည့် တပန်း၊ ဆွေမျိုး အဲဒီ လူမျိုးကို တာဝန်ပေးပြီး ခိုင်းလို့ရှိရင် သူက ပြောတဲ့အတိုင်း လုပ်လိမ့်မယ်လို့ ထင်တားကိုး။ အဲဒါမျိုး ကိုရီးယားတို့ ဘာတို့ ကျတော့ ဒီလို မဟုတ်ဘူးဗျ။ သူတို့က တတ်တဲ့သူ၊ တော်တဲ့သူကို တာဝန် ပေးခဲ့တာ။ ဥပမာ - အစိုးရ ဆိုပါစို့။ ကျွန်တော်တို့ တိုင်းပြည် အတွက် စလိုက်တုန်းက မှန်တယ်ဗျ။ တော်လှန်ရေး ကောင်စီကို စဖွဲ့တော့ ပညာရှင်တွေ အများကြီး ဖွဲ့လိုက်တာ။ နောက်ကျတော့မှ တပ်က စစ်ဗိုလ်တွေ။ အငြိမ်းစားတွေကို ယူနီဖောင်းတွေနဲ့လည်းထည့်၊ ယူနီ ဖောင်း ချွတ်ခိုင်းပြီး တော့လည်း ထည့်တယ်။ ဒီလို လုပ်တာကိုး။ ကိုရီးယားက ဒီလို မဟုတ်ဘူး။ ခေါင်းဆောင်လုပ်တဲ့ ပတ်ချုံဟီးက စစ်ဗိုလ်ချုပ်ပဲ။ ကာကွယ်ရေးကိုတော့ သူထားရင် ထားမှာပေါ့။ သို့သော် ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့ကို တကယ့် ပညာရှင်တွေကို တာဝန်ပေးလိုက်တော့ ကျွန်တော်ထင်တယ်။ သူတို့နဲ့ ကျွန်တော်တို့ တိုးတက်မှု ကွာသွားတာဟာ အဲဒီ တာဝန်ပေးချက် ကွာသွားတယ်လို့ ထင်တယ်။ ဒါ ကျွန်တော်တို့ ခေတ်တုန်းက လုပ်ခဲ့တဲ့ သင်ခန်းစာကို ပြန်ပြီး သုံးသပ် ကြည့်တာပါ။ အဲဒီတော့ကား နောင်ဘယ်သူပဲ အစိုးရဖြစ်ဖြစ် အစိုးရ ဖြစ်တဲ့သူက ငါ့တပည့်ဖြစ်မှ ယုံကြည် စိတ်ချတယ် ဆိုတာလည်း ပေးပါ။ အဲဒါကို ရာခိုင်နှုန်း ၁၀၀ လုံးလုံးကြီး မပေးဘဲနဲ့ တကယ် တော်တဲ့ တတ်တဲ့ တိုင်းပြည် အပေါ် သစ္စာရှိပြီး တကယ် လုပ်ပေးနိုင်မယ့် သူ၊ အမှားလဲ မလုပ်မယ့် သူမျိုးကို ထည့်ပြီး သုံးမယ်ဆိုတဲ့ ဟာမျိုးနဲ့ သွားမယ်ဆိုရင် တိုင်းပြည်အတွက် ဒီ့ထက်ပိုပြီး အကျိုး ပြုလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ဘယ်အစိုးရ တက်တက်ပါ။ ကျွန်တော်တို့လိုပဲ အခြား တိုင်းပြည်တွေ ဘာကြောင့် တိုးတက်သွားလဲ ဆိုရင် အဲဒီ တာဝန် ပေးချက်တွေမှာ ကွာသွားတယ်လို့ ထင်တယ်။

YT - အန်ကယ် ခုနပြောတဲ့ Crony Capitalism နဲ့ တချို့ နိုင်ငံတွေမှာ သွားနေတဲ့ State Capitalism နဲ့က ချိတ်ဆက်မှု တွေ ရှိပါတယ်။ တချို့ကလည်း ဆင်းရဲတဲ့ နိုင်ငံတွေ အနေနဲ့ State Capitalism နဲ့ သွားမှရမယ် ဆိုတာမျိုး အယူအဆတွေ ရှိတယ်။ ဒီခုန Cronny Capitalism နဲ့ State Capilism နဲ့ သွားတဲ့ နေရာတွေမှာ အန်ကယ့် အနေနဲ့ ဘယ်လို သဘောထား ပါလဲခင်ဗျ။

NUP - ဥပမာ - တရုတ်ပြည်ဆိုရင် State Capitalism မှာ ဘဏ်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ၊ အင်တာပရိုက်ကြီးတွေမှာ State က ကိုင်ထားတာ။ သူကပဲ လုပ်တာ။ အမေရိကန်လို ပုဂ္ဂလိက လုပ်ထားတာ မဟုတ်ဘူး။ အခုတိုင် အမေရိကန်က ဘဏ်တွေနဲ့ မော်တော်ကား ကုမ္ပဏီတွေမှာ ၀င်ကိုင်တာမျိုးတွေ လုပ်လာနေပါပြီ။ ဒါက တစ်ပိုင်းပေါ့။ အဲဒီလို State Capitalism လုပ်ရတဲ့ အခါမှာ National ချန်ပီယံတွေ ပေါ်အောင် လုပ်ရတာပေါ့။ ဒီကနေ့ ဦးတေဇ၊ ဦးဇော်ဇော်တို့၊ ဦးအောင်ကိုဝင်းတို့ သူတို့မှာ တီထွင်ပြီးတော့ အကွက်ကို မြင်ပြီးတော့ Cash Assect တွေနဲ့ အသုံးတည့်အောင် လုပ်ရတာ ပေါ့လေ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ ရှိလာလို့ရှိရင် အားပေးရမယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က ကိုယ်ကြီးနေလို့ မရဘူး။ ထုတ်ကုန်တွေကို နိုင်ငံတကာမှာ ယှဉ်ပြိုင်ပြီး ကျော်နိုင်ရမယ်။ အဲဒီလို နေရာမှာ National ချန်ပီယံက မယှဉ်ပြိုင် နိုင်ရင် ကိုယ်က ပြုတ်သွားမှာပဲ။ အဲဒီလို ပြိုင်နိုင်တဲ့ အရည်အချင်း ရှိသူတွေကို တွန်းတင်ရမယ်။ အားပေးပြီး တွန်းတင်ရမယ်။ အထူးသဖြင့် အခုမှစပြီး တည်ဆောက်ရမယ်။ ဒီကာလပေါ့။ National သာမက International ပေါ့။ ဒါမျိုးမွေးရမယ်။ မွေးပြီးတော့ ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှု ဆိုင်ရာ အင်တာပရိုက်စ်ကြီးတွေ ဖြစ်လာအောင်၊ Local ၀ယ်လိုအားထက် ကျော်ပြီးတော့ Export လုပ်နိုင်တဲ့ အဆင့်အတန်းမျိုး ရောက်အောင် လုပ်တတ်တဲ့သူကို မြေတောင် မြှောက်ရမှာပဲ။ ဒီနည်းနဲ့ National ချန်ပီယံတွေ ကုန်ထုတ်လုပ်မှုမှာ ပေါ်လာမယ်။ နိုင်ငံတကာ ကုန်သွယ်ရေးမှာ ပေါ်လာမယ်။ ဒါဆို တိုင်းပြည်အတွက် ကောင်းမှာပဲ။ National ချန်ပီယံကို ထူထောင် ပေးရမယ်။ ခုနပြောတဲ့ ကိုယ့်အမျိုးမှ အမျိုးဆိုတဲ့စိတ်နဲ့ National ချန်ပီယံ ဖြစ်မလား မဖြစ်ဘူးလား မသိဘူး။ ပေးနေတာ မျိုးကတော့ သဘောမကျဘူး။

YT - ဒါဆို National ချန်ပီယံကို ရွေးတဲ့နေရာမှာ အနီးအနားက သူတွေကို ရွေးမှာလား။ နီးစပ်ရာ မဟုတ်ဘဲနဲ့ အလား အလာရှိတဲ့ သူတွေကို တောက်ပြောင်အောင် ပံ့ပိုးပေးမှာလား ဆိုတဲ့ လမ်းကြောင်း နှစ်ခု ရှိပါတယ်။ အန်ကယ်တို့က ဘယ်လို သွားမှာလဲ။

NTP - လူ့ရဲ့ သဘော သဘာဝအရ နီးစပ်ရာကို ပံ့ပိုးပြီး တွန်းတင်တာမျိုးလည်း အနည်းအကျဉ်းတော့ ရှိမှာပဲ။ အလား အလာရှိတဲ့ သူတွေကိုလည်း နီးစပ်ရာမဟုတ်ဘဲနဲ့ တွန်းတင် တာမျိုးကတော့ ရှိရမှာပေါ့။ နီးစပ်ရာကို ပံ့ပိုးပြိး တွန်းတင်တာ လုံးဝ မလုပ်ရဘူး ဆိုတာကတော့ လူ့သဘာဝကို ကျော်လွှားရာ ရောက်မှာပါ။ မြန်မာပြည် ကွန်မြူနစ် ပါတီနဲ့ တိုက်တုန်း ကတည်းက ကိုယ့်တပ်မတော်ကို အမေရိကန်ရဲ့ စစ်လက်နက်တွေ လျှော့ဈေးနဲ့ ၀ယ်ပြီး တည်ဆောက် ခဲ့ရတယ်။ ဒါက သမိုင်း အထောက် အထားပါ။ အခုချိန်မှာ ဘယ်သူ့ကိုမှ အမြဲတမ်း ရန်သူလို မသတ်မှတ်ပါဘူး။ အကုန်လုံး တွက်ချက် ထားတယ်။ ကြည့်ထားတယ်။ တတ်နိုင်သမျှ တည့်အောင် ပေါင်းနေတယ်။ သူ့ဆီက စီးပွားရေးအရ၊ ပညာရေး အရသော် လည်းကောင်း လိုအပ်တာတွေ ပူးပေါင်းပြီး လုပ်ရမှာပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် တစ်ဖက်ကိုသွားပြီး ဇောင်းပေးတယ် ဆိုတဲ့ အထင်အမြင်မျိုးလည်း မခံနိုင်ဘူး။

YT - အန်ကယ်တို့ရဲ့ အသိပညာရှင်၊ အတတ်ပညာရှင် ကဏ္ဍမှာ နိုင်ငံတော်၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အသိပညာရှင် အတတ်ပညာရှင်များ ကိုသာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုကို အခြေခံပြီး ဦးစားပေး တာဝန် ထမ်းဆောင်ခွင့် ရှိစေမည်ဆိုတာ ပါတယ်။ အဲဒီမှာ ထူးခြားတဲ့ အချက်ကိုသာ ဆိုတဲ့ Just For Only Those ဆိုတာ မျိုးတွေပါမယ်။ ဒါကို ထူးခြားတယ်လို့ မြင်ပါတယ်။ ဒါက အန်ကယ်တို့က တကယ် အရေးကြီးတဲ့ နေရာတွေမှာ ပညာရှင်တွေကိုသာ နေရာပေးပြီး ထမ်းဆောင်စေမယ် ဆိုတဲ့ သဘောမျိုးကို ပြောတာလား။ အဲဒါကတော့ ခုန ပြောသလိုပါ။ လူတွေ သဘောကျအောင် ရေးသားတဲ့ဟာပါပဲလား။

NUP - တကယ် လုပ်မယ့်ဟာပါ။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ လူကြိုက်အောင် သက်သက် ပြောမယ့်ဟာ မဟုတ်ပါဘူး။ တကယ်လုပ်မယ့် အရာပါ။

YT - နောက်တစ်ချက်က အန်ကယ် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အကုန်လုံး နီးပါးရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ကြည့်လိုက်ရင် မူဝါဒတွေ တူကြတာ တွေ့ရပါတယ်။ ဥပမာ-နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတဲ့ General သဘောမျိုး တွေ့တယ်။ အန်ကယ်တို့ဆီမှာလည်း အဲဒီလောက်ပဲ တွေ့တယ်။ တကယ် High Light လုပ်သွားတဲ့ ဟာမျိုး မတွေ့ဘူး။ အခု တရုတ်က ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး၊ အိန္ဒိယကလည်း နံပါတ်(၄) အဆင့်မှာ ရှိနေတော့ မဟာပါဝါ ဖြစ်သွားပြီ။ ကျွန်တော်တို့က ဒီနိုင်ငံ နှစ်ခုကြားမှာ ရှိနေပါတယ်။ အန်ကယ်တို့ ပါတီက အကယ်၍ အာဏာရ ပါတီ ဖြစ်ခဲ့ရင် တရုတ်နဲ့ အိန္ဒိယ အပေါ်မှာ ဆက်ဆံရေး အနေအထားက ဘယ်လို သဘောထားမလဲ။ အခုလိုပဲ သာမန် အိမ်နီးချင်းလိုပဲ သဘောထားမှာလား။ ပိုပြီးတော့ မဟာဗျူဟာ ကျမယ့် အစီအစဉ်တွေ ဆောင်ရွက်ဖို့ အနေအထားတွေ ရှိပါလား။

NUP - ဒီနေရာမှာ ကျွန်တော်တို့က သက်ဆိုင်ရာ တိုင်းပြည် နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်။ ဘယ်တိုင်းပြည်က Extanded အင်ဖလူရင် သဘောမျိုး သမိုင်းမှာ လုပ်ခဲ့လည်းပေါ့။ နောက်တစ်ခု သူတို့ နှစ်နိုင်ငံလုံးရဲ့ တက်နေတဲ့ အရှိန်ကို ရအောင်လုပ်ဖို့ ဆိုလို့ရှိရင် လိုအပ်တဲ့ သွင်းအားစုတွေက ကျွန်တော်တို့မှာ ရှိပြီး ကျွန်တော်တို့က လွဲ၍ တခြားမှာ မရှိလို့ ကျွန်တော်တို့ဟာကိုပဲ မရမက လိုချင်နေသလား။ Other Alternative Resource ရော ရှိသလား။ နောက်တစ်ခုက ဒီကနေ့ အခြေအနေကို ကြည့်ရင် လာမယ့် ၁၀ နှစ်၊ ၁၅နှစ်ကို ကြည့်တယ်။ နောက် ဒီ့ထက် ပိုရှည်မယ့် နှစ်တွေကို တတ်နိုင် သလောက် မျှော်မှန်း ကြည့်လိုက်တယ်။ အဲဒီလို ကြည့်လိုက်တော့ ဒီကနေ့ ကျွန်တော်တို့ မြင်တာက အိန္ဒိယနဲ့ တရုတ်နဲ့က သူတို့နှစ်ခုထဲမှာ အကြီးအကျယ် ရန်ဖြစ်နိုင်စရာ အကြောင်းက နည်းပါတယ်။ သူတို့ ကြားမှာတော့ နယ်မြေဆိုင်ရာ Tension လေးတွေကတော့ မရှိဘူး မဟုတ်ဘူး ရှိနေတယ်။ အခုမှ သူတို့ရဲ့ Trade က အရမ်းကို များသွားပြီ။ အရင်က မပြောပလောက် ပေမယ့် အခု ဘီလီယံ ၇၀၊ ဘီလီယံ ၈၀ အထိ ရှိလာပြီ။ ဒါအစပဲ ရှိသေးတယ်။ ဒီ့ထက်မက ရှိလာဦးမယ်။ တရုတ်က ထုတ်ကုန်ပိုင်း ပိုသန်ပြီး အားသာတယ်။ ကုလားက Services ပိုကောင်းတယ်။ သူတို့ နှစ်ခုသာ တိုင်တိုင်ပင်ပင် လုပ်လိုက်ရင် ကမ္ဘာ တစ်ခုလုံး သူတို့ ဈေးကွက်ဖြစ်အောင် လုပ်လိုက်လို့ ရတယ်။ လတ်တလောမှာ တိုင်းပြည် တည်ဆောက်ဖို့က များတယ်။ သူတို့မှာ ဆင်းရဲတဲ့လူက များနေတယ်။ ချမ်းသာတယ်လို့ ပြောပေမယ့် တစ်ဦးချင်း ဝင်ငွေမှာ တရုတ်နဲ့ ကုလားက ဟိုးအောက်မှာ ရောက်နေတာ။ ဒါတွေကို မြှင့်တင်ရဦးမယ်။ နှစ်ပြည်လုံးက တိုင်းပြည် ဖွံ့ဖြိုးဖို့ အရင်လုပ်ရဦးမယ်။ ဘာမှ မရှိသေးဘူး။ ရန်ဖြစ်လို့ မရသေးတော့ ဒီအချိန်ခါမှာ ကုလားနဲ့ တရုတ်ကို သူတို့ ကြိုက်တာရောင်း၊ ကိုယ့်အတွက် အကျိုးရှိအောင် လုပ်၊ နှစ်ပြည်လုံးနဲ့ ဒီအချိန်အခါမှာ တည့်အောင် ပေါင်းနေ။ သူတို့ နှစ်ယောက် ရန်ဖြစ်လို့ ကျွန်တော်တို့ကို အန္တရာယ်ပြုဖို့ အကြောင်းက ဒီငါးနှစ်၊ ဆယ်နှစ်အတွင်းမှာ မရှိသေးဘူး။ သူတို့ တိုးတက်လာတဲ့ အခါကျရင် သဘာဝပဲ ဖြစ်လာတော့မယ်။ ဒေသဆိုင်ရာ ပါဝါပြီးရင် ကမ္ဘာလုံးဆိုင်ရာ ပါဝါရဲ့ အနေအထား မြှင့်ချင်လာရင် Imperialism ပေါ့။ ဒီကနေ့ Imperialism ကော၊ Neoimperialism ကော မသုံးဘဲ လုပ်နေတာက အမေရိကန်ပဲ။

YT - နောက်တစ်ခုက တရုတ်စီးပွား ဖွံ့ဖြိုးမှုကလည်း အမေရိကန်ကို မှီပြီး တက်လာခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ကျွန်တော်တို့နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကလည်း ဆယ်စုနှစ် နှစ်စု အတွင်းမှာလည်း အကောင်းဘက်က မရှိပါဘူး။ အဲဒီတော့ တစည ပါတီအနေနဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေး အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

NUP - ကျွန်တော်တို့ အနေနဲ့ အင်အားကြီး နိုင်ငံတွေနဲ့ တတ်နိုင်သမျှ လိုက်လျောပြီး ပေါင်းသင်းနေတာပါ။ အထူးသဖြင့်ပေါ့။ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် ကျွန်တော်တို့က လုပ်ချင်တာပေါ့။ အဲဒီတော့ ရှင်းရှင်း ပြောရရင် မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက တရုတ်ကို သိပ်စိုးရိမ်ခဲ့တာ။ မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့ တိုက်တုန်း ကတည်းက ကိုယ့်တပ်မတော်ကို အမေရိကန်ရဲ့ စစ်လက်နက်တွေ လျှော့ဈေးနဲ့ဝယ်ပြီး တည်ဆောက် ခဲ့ရတယ်။ ဒါက သမိုင်း အထောက် အထားပါ။ အခုချိန်မှာ ဘယ်သူ့ကိုမျှ အမြဲတမ်း ရန်သူလို မသတ်မှတ်ပါဘူး။ အကုန်လုံး တွက်ချက် ထားတယ်။ ကြည့်ထားတယ်။ တတ်နိုင်သမျှ တည့်အောင် ပေါင်းနေတယ်။ သူ့ဆီက စီးပွားရေးအရ၊ ပညာရေးအရ သော်လည်းကောင်း လိုအပ်တာတွေ ပူပေါင်းပြီး လုပ်ရမှာပဲ။ အဲဒီလို လုပ်ချင်းအားဖြင့် တစ်ဖက်ကိုသွားပြီး ဇောင်းပေးတယ် ဆိုတဲ့ အထင် အမြင်မျိုးလည်း မခံနိုင်ဘူး။

YT - အန်ကယ်တို့ တစည ပါတီက Nationalism ကို ဇောင်းပေးနေတဲ့ ပါတီလား။ အကယ်၍ Nationalism ကို ဇောင်းပေး နေတဲ့ ပါတီဆိုရင် ဒီကနေ ဖြစ်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီး ကြီးထွားနေတဲ့အချိန်မှာ နိုင်ငံတကာက ဒီအပေါ်မှာ အလိုက်သင့်လေး ကခုန်နေရတဲ့ သဘော ရှိနေပါတယ်။ အန်ကယ်တို့ Nationalism ကို ဦးစားပေးတယ် ဆိုရင် ဂလိုဘယ် လိုက်ဇေးရှင်း ဖြစ်စဉ်နဲ့ ထိပ်တိုက် မတွေ့နိုင်ဘူးလား။

NUP - ကျွန်တော်တို့က Nationalism ကို အခုကာလမှာ နည်းနည်း ဦးစားပေးချင်တယ်။ တစ်ချိန်တည်းမှာ ဂလိုဘယ် လိုက်ဇေးရှင်းကို လက်ခံတယ်။ ဒါကြောင့် ရနိုင်တဲ့ အကျိုးအမြတ် ရလဒ်ကို ရသလောက် ယူပါမယ်။ တိုင်းပြည် ကောင်းအောင် လုပ်ရမယ်။

YT - အန်ကယ်တို့ မူဝါဒစာအုပ်မှာပါတဲ့ လူထုလူတန်းစား အဖွဲ့အစည်းပေါ့။ အလုပ်သမား၊ လယ်သမား အပြင် ကျောင်းသားတွေကို အဖွဲ့အစည်း ဖွဲ့စည်း ဆောင်ရွက်ခွင့် ပြုမယ်ဆိုတာ သမဂ္ဂလိုမျိုး ပြောတာလား။ ဒါမှမဟုတ် လမ်းစဉ်ပါတီ လက်ထက်တုန်းက အစည်းအရုံး ပုံစံမျိုး အန်ကယ်တို့ ပြန်ပြီး ဖော်ထုတ်မှာလား

NUP - ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ်က ပုံမျိုးမဟုတ်ဘူး။ အဖွဲ့အစည်းတွေကတော့ Independent Singel organization ဖြစ်ရင် အကောင်းဆုံးပဲ။ သူတို့က ဘယ်ပါတီရဲ့ လက်အောက်ခံမှ မဖြစ်ရဘူး။ သူတို့ရဲ့ Interest ကိုပဲ သူတို့နည်းနဲ့ သူတို့ ရှင်းရမယ်။ Class Organization က ပေါ်လာရမယ်။ လမ်းစဉ်ပါတီ ခေတ်တုန်းက ကျွန်တော်တို့ပဲ ဦးဆောင်ပြီး ကိုင်ထားခဲ့တာ။ အခုတော့ ဖွဲ့ကြပါ။ အလုပ်သမား အစည်းအရုံးဖွဲ့၊ သို့သော် နှစ်ခု၊ သုံးခု မဖြစ်ရဘူး။ အဖွဲ့က သူတို့ အလုပ်သမားနဲ့ ပတ်သက်ပြီးလုပ်။ နိုင်ငံရေးနဲ့ ပတ်သက်လာရင်လည်း ခင်ဗျားတို့ အလုပ်သမားနဲ့ ဆိုင်တာပဲလုပ်။ ကျောင်းသားဆိုလည်း ကျောင်းသား သမဂ္ဂဖွဲ့။ ဒါပေမဲ့ ကျောင်းသား သမဂ္ဂက ဘယ်လို ဖြစ်ရမလဲ ဆိုတော့ အင်္ဂလန်တို့၊ အမေရိကန်တို့က သမဂ္ဂတွေလိုပဲဖွဲ့။ သူတို့က ဘာလုပ်လဲ ဆိုတော့ အင်္ဂလန် ပါလီမန်ကြီးလိုပဲ ဟိုဘက်ဒီဘက် အဖွဲ့တွေ ဖွဲ့ပြီး ပြောကြ ဆိုကြတာ။ တိုင်းပြည် စီးပွားရေး အတွက် ဘယ်လို လုပ်မလဲ ဆိုပြီး Training လုပ်ပေးတာ။ ဒီကလေးတွေက တကယ်တတ်ပြီးတော့ တကယ့် ပညာရှင်တွေ ဖြစ်လာရင် ပြောတတ်ဆိုတတ်တဲ့ အတွေ့အကြုံ၊ အလေ့အကျင့်တွေ ရအောင် လုပ်ပေးတာ။ ကျွန်တော်တို့တုန်းက စကတည်းက အင်္ဂလိပ်ကို ဆောင်ချင်တဲ့အတွက် ကျောင်းသားကို နိုင်ငံရေးထဲ ဆွဲသွင်းရတာကိုး။ ဒါက အချိန် အတိုင်းအတာ တစ်စုံတစ်ရာ အထိတော့ မှန်တယ်။ ကျောင်းသားနဲ့ ပတ်သက် လို့တော့ ကျောင်းသား ရေးရာကိစ္စတွေမှာ သူတို့တွေ ပြောနိုင်ဆိုနိုင်၊ လုပ်နိုင် ကိုင်နိုင်ဖို့ အတွက် အဖွဲ့အစည်းတွေ ပေါ်လာ ရမယ်။

YT - နောက်တစ်ခုက မျက်မှောက်ကာလမှာ ပြည်သူတို့ရဲ့ လိုအပ်ချက်က ဘာလဲ။ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး ဆိုပြီး ငါးချက် တွေ့ရပါတယ်။ အဆိုပါ လူထုရဲ့ လိုလားချက်များကို တစညပါတီက အလေးထား ဆောင်ရွက် သွားပါမယ်လို့ တွေ့ရပါတယ်။ ဒါက အန်ကယ်တို့ရဲ့ ရည်မှန်းချက်လို့ ပြောလို့ရတယ်ဆိုရင် အဲဒီငါးခုကို အပြိုင် သွားမှာလား၊ တည်ငြိမ် အေးချမ်းပြီးမှ ဖွံ့ဖြိုး တိုးတက်ရေးကို သွားမှာလား။

NUP - တချို့က တစ်ပြိုင်တည်း သွားရမှာပါ။ တချို့ကတော့ တစ်ဆင့်ပြီး တစ်ဆင့် သွားရမှာ။ တိုင်းပြည်မှာ ဒီကနေ့ အရေးအကြီးဆုံးက ဘာလဲ ဆိုတော့ တည်ငြိမ် အေးချမ်းရေးပဲ။ မတည်ငြိမ်ဘဲနဲ့ ပညာရေး၊ စက်မှုလုပ်ငန်း၊ စီးပွားရေးတွေကို အကောင်အထည် ဖော်လို့ မရပါဘူး။ ပထမဆုံး အဆင့်က ဘာလဲဆိုတော့ တည်ငြိမ် အေးချမ်းရေးကို တည်ဆောက်ရမှာပဲ။ သို့သော် သူ့ကိုပဲ ဇောက်ချလုပ်လို့ မရဘူး။ တစ်ချိန်တည်းမှာ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အုတ်မြစ်တွေ ချတာကို လုပ်ရမယ်။ ဥပမာ- ဒီနေ့ လမ်းတွေဖောက်၊ တံတားတေါ ဆောက်တယ်ဆိုတာ လက်ငင်းကာလ အကျိုးကျေးဇူး အတွက်က နည်းပါတယ်။ ရေရှည် ကာလ အတွက် အကျိုးကျေးဇူးပါ။

YT - အန်ကယ် နောက်ဆုံး မေးခွန်းကလေးက အန်ကယ်တို့ရဲ့ မူဝါဒမှာ ပြုပြင် ပြောင်းလဲမှုတွေ တော်တော် များများ လုပ်ရမှာ အများကြီး တွေ့ပါတယ်။ နိုင်ငံတကာမှာလည်း ပြဿနာက အစိုးရ အဖွဲ့တွေ မတက်ခင် ကတိတွေ တော်တော် များများ ပေးပါတယ်။ တကယ်တမ်းကျတော့ မလုပ်နိုင်တာမျိုး တွေ့ရတယ်။ အိုဘားမားဆိုလည်း မတက်ခင်က ကတိတွေ ပေးတယ်။ တက်လာရော မလုပ်ချင်လို့ မဟုတ်ဘူး။ လုပ်ပါတယ်။ အတိုက်အခံတွေရဲ့ ဆန့်ကျင်မှုတွေ တွေ့ရတယ်။ အန်ကယ်တို့ အစိုးရ ဖြစ်လာရင် Resistance ကြုံတွေ့ရမယ်လို့ ထင်ပါတယ်။ ဒါကို ဘယ်လို ကျော်လွှားမလဲ။ ထင်တိုင်း ခရီးပေါက်ပါ့မလား။

NUP - ကျွန်တော်တို့ လုပ်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ Resistance တွေ ရှိမယ်ဆိုတာ မှန်းထားတယ်။ ရှိလာတဲ့ဟာ တွေကို ဘယ်လို ကျော်လွှားမယ်ဆိုတာ ရှာကြံ စဉ်းစား ထားရတာပေါ့။ စဉ်းစားရင်းနဲ့ တကယ်လို့ မလုံလောက်ဘူး ဆိုရင် ပြည်သူကို ချပြရမှာပဲ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့တော့ ရည်ရွယ်ထားတယ်။ ပြင်ဆင်ထားတယ်။ လုပ်ငန်း အစီအစဉ်လည်း ရှိတယ်။ ဒါပေမဲ့ ဟောဒီ ပြဿနာတွေကြောင့် အခက်အခဲ ရှိလာလို့ ရာနှုန်းပြည့်တော့ အကောင်အထည် ဖော်လို့ မရဘူး စသည်ဖြင့် ပြည်သူကို ပြန်ပြီးတော့ ချပြရမှာပေါ့။ ဒီနေရာမှာ ဆက်စပ်ပြီးတော့ အမေရိကားမှာ အိုဘားမားလို ဖြစ်တဲ့ဟာမျိုး ကျွန်တော်တို့ရဲ့ Political Culture ကိုပါ ပြင်လိုက်ချင်တယ်။ ထစ်ခနဲ ဆိုရင် ကျွန်တော်က အတိုက်အခံက ဆိုတော့ အကုန် အတိုက်အခံ လုပ်ချင်တဲ့စိတ်မျိုး။ အဲဒီ Trand ကိုပဲ ဒီ Thinking ကို ပြင်ချင်တယ်။ ရှေ့လျှောက်သွားချင်တဲ့ မြန်မာ့ နိုင်ငံရေးက ခုနပြောတဲ့ အတွေးအခေါ်မျိုး မဟုတ်ဘဲနဲ့ တိုင်းပြည် ကောင်းရာ ကောင်းကျိုး အတွက် ပူးပေါင်းလုပ်ကြမယ် ဆိုတော့ ဒီမိုကရက်လုပ်ရင် ရီပတ်ဘလီကန် ဇီးရိုး။ ဒီမိုကရက်ဖြူတယ်ဆိုရင် သူက နီတယ်။ အကုန်ပဲ ဒီလိုဖြစ်တာ။ ကောင်းတဲ့ဟာဆို လက်ခံရမှာပဲ။ ဒီ Culture ကို တည်ဆောက်ချင်တယ်။

YT - တည်ဆဲအစိုးရတစ်ခုက လုပ်ချင်ရာတွေ လုပ်နေတယ် ဆိုရင်ရော။

NUP - အဲဒါမျိုးကျရင် လုံးဝ မပူးပေါင်းဘူး။ တိုင်းပြည်ကောင်းကျိုး အတွက် လုပ်တော့ လုပ်ငန်းဆိုရင် ကူညီမယ်။ ထောက်ပံ့မယ်။ တိုင်းပြည် ဆိုးကျိုးအတွက် လုပ်ရတယ် ဆိုရင် ကန့်ကွက်မယ်။ ဆန့်ကျင်မယ်။ ဒါ အစောကြီး ကတည်းက ပြောခဲ့တဲ့ဟာ။ လွှတ်တော်ထဲ ရောက်လာရင် မတရား မပြောဘူး။ တရားသဖြင့်ပဲ ပြောမယ်။ အစိုးရက မတရားတာ လုပ်နေရင် ပြုတ်ကျ သွားအောင် လုပ်စရာရှိရင် လုပ်ရမယ်။ ဒါကြောင့် အစိုးရ ဘယ်သူပဲ တက်တက် တိုင်းပြည် ကောင်းအောင်လုပ် လုပ်နေရင်းနဲ့ သူမလုပ်နိုင်ဘူးဆိုရင် သူထွက် မင်းတက်။ မင်း ကောင်းအောင် လုပ်ပေါ့။ ဒီလိုသွားတဲ့ Culture မျိုးကို ပိုပြီးတော့ လိုလားတယ်။

YT - အန်ကယ်အနေနဲ့ ဂျာနယ်ကတစ်ဆင့် မဲဆန္ဒပေးကြမယ့် ပြည်သူတွေကို ဘာ Message ပေးချင်လဲ။

NUP - ပြည်သူက Inform Public Opinion ဖြစ်ဖို့ လိုတယ်။ ကိုယ့်ပကတိ အမြင်နဲ့ ဆင်ခြင်ပြီး မှန်ကန်တဲ့ အတွေးနဲ့ ဘယ်သူတွေက ဘယ်သူ့ အကျိုး အတွက် တိုင်းပြည် ကောင်းအောင် လုပ်လဲ။ ဘယ်သူတွေက လုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့ အလားအလာ ရှိလဲ။ အဲဒါတွေကို မှန်မှန် ကန်ကန်နဲ့ ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ပြည်သူက သာလျှင် တိုင်းပြည် ကောင်းရာ ကောင်းကျိုး အတွက် အဆုံးအဖြတ် ဖြစ်ပါတယ်။