15 July 2010

ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူဗိုလ်ကြီး ဟောင်းဦးဝင်းထိန် ယနေ့ကသာထောင်မှပြန်လည်လွတ်မြောက်

ဗိုလ်ကြီးဟောင်းဦးဝင်းထိန်
(ဓာတ်ပုံAAPP)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသော ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း ကသာ အကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှာသိရှိရပါသည်.။

ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ်တွင် ပြည်ပ သတင်းမီဒီယာ သမားများကို သတင်း အမှားများ ပေးသည် ဟူသော စွဲဆိုချက်ဖြင့် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။


၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထု အုံကြွမှုတွင် ဦးဝင်းထိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ဗိုလ်ကြီးဟောင်း ဝင်းထိန်ရဲ့ ဘဝ ပုံရိပ်လွှာ အကျဉ်း

ဗိုလ်ကြီးဟောင်း ဝင်းထိန်ကို (၁၉၄၁) ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ မန္တလေးတိုင်း မိတ္ထီလာ မြို့နယ်၊ မလည်ရွာမှာ အဘ ဦးလှထွန်း၊ အမိ ဒေါ်ခင်စုတို့ ကနေ မွေးဖွား ခဲ့တာပါ။ မွေးချင်း (၁၃) ဦး အနက် အကြီးဆုံး သားရတနာ ဗိုလ်ကြီးဟောင်း ဝင်းထိန်ရဲ့ ဘဝ ပုံရိပ်လွှာ အကျဉ်း ကတော့။


"(၁၉၄၆) မှ (၁၉၅၁) အထိ မိတ္ထီလာ မြို့နယ် မလည်ရွာ၊ အစိုးရ မူလတန်း ကျောင်းတွင် မူလတန်း ပညာကို လည်းကောင်း၊ (၁၉၅၂) ခုနှစ်မှ (၁၉၅၈) အထိ မိတ္ထီလာ မြို့နယ် အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းတွင် အလယ်တန်းနှင့် အထက်တန်း ပညာများကို လည်းကောင်း၊ လေ့လာ ဆည်းပူး ခဲ့ပါတယ်။ ဆယ်တန်း အောင်မြင်တဲ့ အချိန်မှာ စစ်တက္ကသိုလ် တက်ဖို့ ရည်မှန်း ထားတာ ဖြစ်တဲ့ အတွက် အသက် မပြည့်သေး တာကြောင့် (၁၉၅၉ - ၆၀) အထိ သစ်တောရုံး၌ တနှစ် ဝင်ရောက် အလုပ် လုပ်ကိုင် ခဲ့ပါတယ်။"


တပ်မတော် အရာရှိ တယောက် အနေနဲ့ တိုင်းပြည် တာဝန် ထမ်းရွက် လိုတဲ့စိတ် ပြင်းပြ ခဲ့သူ တဦးလို့ ပြောရင် ရနိုင် ပါတယ်။ စစ်တက္ကသိုလ် တက်ပြီး တပ်မတော် အရာရှိ တယောက် အနေနဲ့ တာဝန် ထမ်းဆောင် ဖြစ်ခဲ့တဲ့ ကာလတွေကို ပြန်ကြည့် ရင်တော့။


"(၁၉၅၉ - ၆၀) မှ (၁၉၆၂ - ၆၃) အထိ စစ်တက္ကသိုလ် သင်တန်း အမှတ်စဉ် (၅) မှာ စစ်ပညာ များကို လေ့လာ ဆည်းပူး ခဲ့ပါတယ်။ (၁၉၆၃) ခုနှစ်၊ သင်တန်း ဆင်းတဲ့ အခါ မှာတော့ အောင်စစ်သည် ဆုနှင့် ပညာသင် ထူးချွန်ဆု ရွှေတံဆိပ်များ ရရှိ ခဲ့ပါတယ်။ (၁၉၆၄) မှ (၁၉၆၉) အထိ အလက (၅) တွင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ (၁၉၇ဝ) ခုနှစ်တွင် အလက (၅) မှ ကာကွယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရ ပါတယ်။ (၁၉၇၂) ခုနှစ် မှာတော့ ဒေါ်သိန်းမြင့်ကြည်နှင့် လက်ထပ်ခဲ့ပြီး၊ သားသမီး (၄) ဦး ထွန်းကား ခဲ့ပါတယ်။ (၁၉၇၅) ခုနှစ်တွင် ဗိုလ်ကြီး အုန်းကျော်မြင့် နှင့်အတူ စစ်အာဏာရှင်အား တွန်းလှန်ရန် ကြိုးစား ခဲ့သဖြင့် နိုင်ငံတော် လုပ်ကြံမှု အဖြစ် စစ်ထောက်လှမ်းရေး အကျဉ်း စခန်း တခု ဖြစ်သော ရေကြည်အိုင်တွင် (၆) လ ထိန်းသိမ်း စစ်ဆေး ခံခဲ့ရ ပါတယ်။ စစ်ဆေး ခံရပြီးနောက် တာဝန်မှ ရပ်ဆိုင်း ခံခဲ့ ရပါတယ်။"


တပ်မတော် အရာရှိ ဘဝနဲ့ ဇိမ်နဲ့ပဲ စားနေရင် ရလျှက်နဲ့ အဲဒီ အချိန်က အာဏာရှင်ကြီး ဗိုလ်ချုပ် နေဝင်းကို ဖြုတ်ချဖို့ ကြိုးစား ခဲ့တာကို ကြည့်ရင် ဗိုလ်ကြီး ဝင်းထိန်ရဲ့ ကိုယ်ကျိုးစွန့်မှုနဲ့ တိုင်းပြည် အပေါ် ထားရှိတဲ့ သူရဲ့ သဘောထား တွေကို မြင်သာ နိုင်ပါတယ်။ တပ်က နှုတ်ထွက် ခဲ့ရပေမဲ့ ဗိုလ်ကြီးဟောင်း ဝင်းထိန်ဟာ သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဘဝကို ရပ်တည် နိုင်ခဲ့သူလို့ ပြောရင်လဲ ရနိုင် ပါတယ်။


"(၁၉၇၆) ခုနှစ်တွင် ရန်ကုန်မြို့ လသာလမ်း၌ ကျူရှင်ဆရာ အဖြစ်၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များ သင်ကြား ပို့ချ ခဲ့ပါတယ်။ (၁၉၇၇) ခုနှစ်တွင် ရွှေညောင်နှင့် ကျောက်တော် သကြားစက်များ အတွက် နိုင်ငံခြား ကိုယ်စားလှယ် အဖြစ် ဂျာမနီ နိုင်ငံနဲ့ ဆက်သွယ် ဆောင်ရွက် ခဲ့ပါတယ်။ စီးပွားရေးတွင် အောင်မြင် နေစဉ် (၁၉၈၈) လူထု ဆန္ဒပြပွဲကြီး ပေါ်ပေါက် ခဲ့ပြီးတဲ့နောက် နိုင်ငံရေး ပါတီများ တည်ထောင်သော အခါတွင် ယခု လက်ရှိ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ၏ ခေါ်ယူ တာဝန် ပေးချက် အရ မျိုးချစ် တပ်မှူးဟောင်းကြီးများ အဖွဲ့တွင် တာဝန် ယူရင်း နိုင်ငံရေး လောကသို့ စတင် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ပါတယ်။"


"(၁၉၈၉) ခု ဇူလိုင်လ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ခံခဲ့ ရပါတယ်။ ထိုသို့ ခေါ်ဆောင် သွားသည့် နေ့မှစ၍ နှစ်နှစ် ရှစ်လလုံးလုံး မိသားစုနှင့် အဆက်အသွယ် မရခဲ့ ပါဘူး။ နှစ်နှစ် ရှစ်လ ကျော်ပြီး မှသာ အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီး သူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၅/ည) နှင့် အပြစ်ဒဏ် (၇) နှစ် ကျခံ နေရကြောင်း တဆင့် သတင်း စကားနှင့် သိရှိရတဲ့ အတွက် မိသားစုမှ ထောင်ဝင်စာ တွေ့ခွင့် ရရှိ ခဲ့ပါတယ်။ (၁၉၉၅) ခု ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ အထိန်းသိမ်းခံ ဘဝမှ ပြန်လည် လွတ်မြောက် ခဲ့ပါတယ်။ (၁၉၉၅) ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပထမ အကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်လာတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။"


သူရ သတ္တိနဲ့ ကိုယ်ကျိုးစွန့်မှု အပြည့် ရှိတဲ့ ဗိုလ်ကြီး ဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ အဖြစ် တာဝန် ယူတဲ့ အပေါ် စစ်ခေါင်းဆောင်တွေ ဘက်က အတော် စိုးရိမ် ထိတ်လန့် ကြောက်ရွံ့ ခဲ့ပုံ ရှိပါတယ်။


"(၁၉၉၆) မေလ (၂၁) ရက်နေ့တွင် လယ်သမားများ ကိစ္စ အကြောင်း ပြချက်နှင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရကာ ပုဒ်မ (၅/ည) နှင့် ထောင် (၇) နှစ် အပြစ်ပေး ခံခဲ့ရ ပြန်ပါတယ်။ ထောင်တွင်း ရောက်ပြီးမှ နောက်ထပ် (၇) နှစ် ထပ်မံ စီရင်ချက် အချခံရကာ စုစုပေါင်း (၁၄) နှစ် ပြစ်ဒဏ် ချမှတ် ခံခဲ့ ရပါတယ်။ အင်းစိန် ထောင်တွင် တနှစ် နေပြီး၊ မြင်းခြံ ထောင်သို့ ထောင်ပြောင်း ခံခဲ့ ရပါတယ်။ မြင်းခြံ ထောင်မှ (၂၀၀၆) ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် မန္တလေး ထောင်သို့ ပြောင်းရွှေ့ ခံလိုက်ရ ပြန်ပါတယ်။ ယခု လောလောဆယ် မှာတော့ သွေးတိုး ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ၊ လေးဘက်နာ ရောဂါ၊ အာရုံကြော အားနည်းပြီး ခေါင်းတခြမ်းကိုက် လက်တုန် ရောဂါ၊ အရိုး ကျီးပေါင်း ရောဂါများ ခံစားရင်း မန္တလေး ထောင်ဆေးရုံတွင် အကျဉ်းကျ ခံနေရဆဲ ဖြစ်ပါတယ်။"


လုပ်ဖော်ကိုင်ဖက် တဦး ပြောပြ ခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဝင်းထိန်ရဲ့ ဘဝ ဖြတ်သန်းမှု အကျဉ်းပါ။ ဗိုလ်ကြီးဟောင်း ဝင်းထိန်ရဲ့ မိသားစုဝင် ဖြစ်တဲ့ သမီး ဖြစ်သူ ချစ်စုဝင်းထိန်နဲ့ ဒီဗွီဘီက ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။


ဒီဗွီဘီ ။ ။ ကျနော်တို့ သိသလောက် ဆိုရင် အန်ကယ် ဆိုလဲ၊ တပ်မတော်ထဲမှာ ဆိုလဲ တာဝန် ကျေကျေပွန်ပွန် ထမ်းဆောင် ခဲ့တယ်။


"ဟုတ်ကဲ့ ဆုလဲ ရတယ်လေ၊ အောင်စစ်သည်ဆု"


ဒီဗွီဘီ ။ ။ ဟုတ်ကဲ့ စိတ်ထဲမှာရော၊ ဖခင်ကို အစ်မ စိတ်ပူ မိတာတို့၊ ဥပမာ ငါ့အဖေတော့ ထောင်ထဲမှာ တခုခု ဖြစ်သွား မလားတို့ စိုးရိမ် ပူပန်မှုရော။


အဲ အဲဒါတော့ စိတ်ပူ ရတာပေါ့။ အဲဒါတော့ အဲလိုပဲ တွေးလိုက်တိုင်း တခုခု ဖြစ်သွားမှာ ပေါ့နော်။ အဲလိုမျိုး ခဏ ခဏ တွေးမိတယ်။ အဲလိုမျိုး တွေးလိုက်တာနဲ့ ခေါင်းထဲမှာ အဲဒီ အတွေး ဝင်လာတော့ စိတ်ပူတာပေါ့။"


ဒီဗွီဘီ ။ ။ နောက် စိတ်ထဲမှာရော တွေးမိလား အစ်မ။ တကယ်လို့ ကျနော်တို့ သိသလောက်ဆို အန်ကယ်ဆို တိုင်းပြည် အတွက် လုပ်မယ်ဆို အများကြီး လုပ်လို့ ရတယ်လေ။ အခုလိုမျိုး လူတယောက်ကို။


"အချိန်တွေ အရမ်း ကုန်သွားတယ်။ လုပ်မယ်ဆို အများကြီး လုပ်လို့ ရတယ်။ အဖေ ဆိုလဲ တော်တော် အသက်ကြီး နေပြီလေ။ (၁၇) နှစ် ရှိပြီလေ။ စုစုပေါင်းနဲ့ (၁၇) နှစ် ဆိုတော့ သူအရင်က ဖမ်းတဲ့ ဟာရော အခုရော ဆိုရင် စုစုပေါင်း မိသားစုနဲ့ ခွဲခွာ နေရတာ (၁၇) နှစ် ရှိသွား ပြီလေ။ နည်းနည်းတော့ ကစဥ့်ကလျှားတွေ ဖြစ်တာပေါ့။ ဒါပေမဲ့ ဘယ်လိုမှတော့ မဖြစ်ပါဘူး၊ ကိုယ်ကလဲ အားမငယ်ဘူး။ ဘယ်တော့မှလဲ အားမငယ်ဘူး။ အခု ဒီလို လုပ်လိုက်လို့ ကိုယ်က အားငယ်တဲ့ စိတ် လုံးဝ မဝင်ဘူး။"


ဒီဗွီဘီ ။ ။ မိသားစုတွေ ဘက်ကရော၊ အန်ကယ်ရဲ့ လုပ်ရပ် အပေါ်ကို အမြဲတမ်းပဲ၊ သူ့ သံမဏိ စိတ်ဓာတ် အပေါ် အမြဲတမ်း ထောက်ခံ သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချမယ် ဆိုတာ ရှိကြ ပြီးသားပေါ့။


"ဟုတ်ကဲ့ ရှိပါတယ်၊ ရှိပါတယ်၊ တသက်လုံးပေါ့။"


ဒီဗွီဘီ ။ ။ ဆိုလိုတာက ဖခင်ရဲ့ လုပ်ရပ်ပေါ်မှာ အသိအမှတ် ပြုတယ်၊ ဂုဏ်ပြုတယ် ဖခင် လုပ်ရပ်ကို။


"ဟုတ်ကဲ့၊ အရမ်း ဂုဏ်ယူပါတယ်၊ အဖေ့ အတွက် သမီး ဆိုရင် ကိုယ့်နာမည်မှာ သူ့နာမည် ပါတော့လေ၊ အဲဒီဟာ အရမ်း အားတက်တယ်။"


ဒီဗွီဘီ ။ ။ ဆိုလိုတာက ချစ်စု ဝင်းထိန် ဆိုတာ အဖေ နာမည် ပါလို့ ဂုဏ်ယူ မိတယ်ပေါ့၊ အဲလိုလား။


"ဟုတ်ကဲ့ ဟုတ်ကဲ့"


ဒီဗွီဘီ ။ ။ တဖက်မှာလဲ ဂုဏ်ယူ၊ တဖက်မှာလဲ တိုင်းပြည်ဘက် ကြည့်မယ် ဆိုလဲ ဗိုလ်ကြီး ဝင်းထိန်လို လူမျိုး တယောက် တိုင်းပြည် အတွက် တကယ် လုပ်နေမယ် ဆိုရင် ဘယ်လောက် အကျိုး ရှိမယ် ဆိုတဲ့ ဘက်ကရော တွေးမိလား။


"ဟုတ်ကဲ့၊ အဲဒါတော့ သမီးတို့ ကတော့ တွေးမိ ပါတယ်။ မတွေးမိတဲ့ သူတွေလဲ ရှိတာပေါ့။"


ဒီဗွီဘီ ။ ။ ချစ်စု ဝင်းထိန်ကို မေးမယ် ဆိုပါတော့၊ ဥပမာ ချစ်စုရဲ့ အဖေက ဘယ်လို အဖေမျိုးလဲ ဆိုရင် ချစ်စု ဘယ်လိုမျိုး ရှင်းပြ မလဲ။


"အဖေဟာ သမီးတို့ အတွက်တော့ တံတိုင်းကြီး တခုလို ပါပဲပေါ့။ သားသမီးတွေ အပေါ် မှာရော၊ ဆွေမျိုးတွေ အပေါ် မှာရော၊ ကိုယ့်အကြီးတွေ အပေါ် မှာရော အရမ်း တာဝန် ကျေပွန်တဲ့ အဖေပါ။"


ဒီဗွီဘီ ။ ။ သားသမီးတွေ အပေါ်မှာလဲ ကောင်းတယ်၊ ဆွေမျိုးတွေ အပေါ်မှာလဲ ကောင်းတယ်၊ အများအတွက်ကော ဘယ်လိုမျိုး မြင်လဲ ဖခင်ရဲ့ စိတ်ဓာတ်က။


"သူက အများ အကျိုးကြောင့် ခုလိုမျိုး ဖြစ်သွား တာလေ။ တိုင်းသူ ပြည်သားတွေ အတွက်လဲ သူ စဉ်းစား ပေးလို့လေ ဒီလို ဖြစ်တာပေါ့။"