22 May 2010

ဘန်ကောက်တိုက်ခိုက်မှုအတွင်း အီတလီ ဓာတ်ပုံဆရာသေဆုံး

အီတလီနိုင်ငံသား အလွတ်တမ်းဓာတ်ပုံဆရာ ဖေဘီယိုပိုလန်ဂီးသည် ဗုဒ္ဓဟူးနေ့(မေလ၁၉ရက်)က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဆန္ဒပြသူများအား စစ်တပ်မှ ပစ်ခတ်နှိမ်နင်းမှုအတွင်း သေနတ်ထိမှန် သေဆုံးသွားကြောင်း ၎င်း၏ မိသားစုက ပြောကြားသည်။ အသက်၄၅နှစ်အရွယ် ပိုလန်ဂီးသည် ဥရောပ မဂ္ဂဇင်းတစ်စောင်အတွက် လွန်ခဲ့သည့် သုံးလကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။


ဘန်ကောက်တွင် ရှိနေသည့် အီတလီသတင်းထောက်များ၏ ပြောကြားချက်အရ ပိုလန်ဂီမှာ ကျည်ကာအင်္ကျီ ဝတ်ဆင်ကာ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားပြီး ဝမ်းဗိုက်ပိုင်းကို ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ ပိုလန်ဂီးကို မော်တော်ဆိုင်ကယ်ဖြင့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြသော်လည်း ဆေးရုံတွင် သေဆုံးသွားသည်။ ပိုလန်ဂီးသည် စွယ်စုံရ ဓာတ်ပုံပညာဆရာ တစ်ဦးဖြစ်ပြီး ဖက်ရှင်နှင့်ကြော်ငြာ ဓာတ်ပုံများ ရိုက်ကူးခြင်းကို ၂၅နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

(ဆန္ဒပြသူများအား ထိုင်းစစ်တပ်မှ ဖမ်းဆီးထားစဉ်)

သို့သော် ပိုလန်ဂီးသည် နိုင်ငံရပ်ခြား ဒေသများမှ သတင်းဓာတ်ပုံများ ရိုက်ကူးခြင်းကို စိတ်အားထက်သန်သူ တစ်ဦးလည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့တွင် ဆန္ဒပြသူများအား ရှင်းလင်းနှိမ်နင်းရန် ရောက်ရှိလာသည့် စစ်တပ်နှင့် ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ကြစဉ် စစ်တပ်မှ ပစ်ခတ်မှုထိမှန်ကာ ပိုလန်ဂီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အီတလီနေ့စဉ်ထုတ် သတင်းစာ Corriere della Seraတွင် ရေးသားဖော်ပြထားသည်။

(မီးရှို့ဖျက်ဆီးနေသည့် ဆန္ဒပြသူတစ်ဦး)

ဘန်ကောက်မြို့တော်တွင် ဆန္ဒပြခေါင်းဆောင်များက အညံ့ခံပြီးနောက်ပိုင်း ထင်ရှားသည့် ဈေးဝယ်စင်တာဖြစ်သော Central World အပါအဝင် အဆောက်အဦ ၂၇ခုကို ဆူပူအုံကြွသူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်အဘီဆစ်က နိုင်ငံကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ဘန်ကောက်မြို့တော်တွင် အိမ်ပြင်မထွက်ရ အမိန့်ကို ဆက်လက်ထားရှိပြီး ထိုင်းစစ်တပ်မှ ဆန္ဒပြသူများကို ဖမ်းဆီးရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ planet new တွင်ဖော်ပြထားပါသည်.။