21 November 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ တည်ကြည် ပြတ်သား သောဆုံးဖြတ်ချက်


“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ဘာပေါ်မှာ အခြေခံလဲဆိုတော့ ကျမတို့ အရေးအကြီးဆုံး ဘာတွေ မြင်လဲဆိုတာ ကျမ တင်ပြသွားပါတယ်၊ သုံးချက်ပါ။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး။ ဒီလို ကြိုးစားနေတာဟာ ကျမတို့ အဖွဲ့ချုပ်အတွက် မဟုတ်ပါဘူး။ ကျမတို့ ယုံကြည်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး အတွက် ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင်သွားနိုင်ဖို့ လုပ်သင့်တယ်လို့ ထင်လို့ ကျမတို့အဖွဲ့ချုပ်ကို ပြန်လည်ပြီးတော့၊ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲတွေမှာ ဝင်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”။

ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း (၉၁)နှစ်မြောက် အမျိုးသားနေတွင်ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံတိုးတက်စေရန်အတွက် ပညာရေးကို မြင့်တင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ကျင်းပသော ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ပြောကြားသွားသည်။

`လူတိုင်းမှာ ကိုယ်ပိုပြီးတော့ စိတ်ဝင်စားတဲ့ကဏ္ဍတွေကို မီးမောင်းထိုးတာတွေရှိကျပါတယ်။ အဲတော့ ကျမက ပညာရေးနဲ့ နိုင်ငံရေးဆက်စပ်မှုကိုပဲ မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ အခု ၂၀၁၁ ခုနှစ်မှာလဲ ကျမတို့နိုင်ငံတိုးတက်ဖို့ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ ပညာရေးကိုမြင့်တင်ရမယ်။ ပညာရေးကို မြှင့်တင်ရမယ်ဆိုတာ ဘွဲ့ရတွေအများကြီးမွေးထုတ်ပေးရုံနဲ့ မပြီးပါဘူး။ ရတဲ့ဘွဲ့တွေဟာ အနှစ်သာရရှိရပါမယ်။ ဘွဲ့ရလာတဲ့ လူငယ်လေးတွေဟာလည်း တကယ့်ပညာတတ်လူငယ်လေးတွေ ဖြစ်ရပါမယ် ´ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ပညာအဆင့်အတန်းမြင့်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း နှင့် နိုင်ငံတစ်နိုင်ငံ၏အရေးကိုကြည့်မည်ဆိုပါက ၎င်းနိုင်ငံ၏ ပညာရေးကို အဓိကထား၍ ကြည့်ရမည်ဖြစ်ကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားခဲ့သည်။

(၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ နံနက်(၁၀)နာရီမှ စတင်၍ အခမ်းအနား အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

`အမျိုးသားအောင်ပွဲနေ့ဟာ ဘာဖြစ်လို့ဖြစ်လာလဲဆိုတဲ့ ဇစ်မြစ်ကိုကြည့်လိုက်တဲ့အခါမှာ အမျိုးသားစိတ်ဓာတ်ကြောင့်ဖြစ်လာတယ်လို့ ဒီလိုပဲ ကျမတို့ပြောရမှာပဲ ´ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၁၉၂၀ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြဌာန်းချက်များကို လက်မခံနိုင်ခြင်းကြောင့် တက္ကသိုလ်ကျောင်းသားထုကြီး ပေါ်ပေါက်လာခြင်း အမျိုးသားကျောင်းများပေါ်ထွန်းလာခဲ့ခြင်း ကိုလိုနီအစိုးရက မြန်မာတိုင်းသူပြည်သားများအား အသပြာပညာရပ်များ သင်ယူခွင့်မရရှိရေးနှင့် အကြားမြင်ဗဟုသုတ နည်းပါးစေခြင်းတို့ဖြင့် ကိုလိုနီစနစ် သက်တမ်းရှည်ကြာအောင်ဖန်တီးခဲ့ခြင်းတို့ကြောင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌဦးတင်ဦးမှ ရှင်းပြခဲ့သည်။

အဆိုပါ (၉၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ ပြည်တွင်း/ပြည်ပ သတင်းထောက်များ အပါအ၀င် လာရောက်ကြည့်ရှုအားပေးသူ ပြည်သူပေါင်း ငါးရာ(၅၀၀) ကျော်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ပြန်လည် ဝေမျှ ပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်.။

20 November 2011

နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်းပြီးရွှေည၀ါ စာသင်တိုက်တွင်ပြုလုပ်သည့် အမျိုးသားအောင်ပွဲနေ့












နိုဝင်ဘာလ ၂၀ ရက်နေ့ ၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ မှာ ပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကို နိုင်ငံရေးအကျဥ်းသားဟောင်းများ စုပေါင်းပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ် နတ်စင်လမ်းထောင့် က ရွှေည၀ါ စာသင်တိုက်မှာ ပြုလုပ်နေကြတာပါ။ပွဲမတိုင်ခင် နိုဝင်ဘာ ၁၉ရက်နေ့ ပြင်ဆင်မှုတွေလုပ်နေကတည်းက နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ထိုးတောင်းဆိုပွဲကို လဲ ပြုလုပ်ခဲ့ပါတယ်။တက်ရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းများက ၀ိုင်းဝန်းစုပေါင်း လက်မှတ်ထိုးကြသလို ရွှေည၀ါ စာသင်တိုက်မှ သံဃာတော်များကလည်း ၀င်ရောက် လက်မှတ်တွေ ထိုးကြတာကို တွေ့ ရပါတယ်။ ဒီနေ့ ပွဲမှာလည်း လက်မှတ်တွေ ၀ိုင်းထိုးကြပြီး နိုင်ငံတော် သမ္မတဆီ ကိုလက်မှတ်တွေ တင်ပြပေးပို.မှာဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ နဲ့  နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊လက်မှတ်ထိုးတောင်းဆိုပွဲကို ၀မ်းတွင်းမြို. မြဘုန်းရှင်ဘုရား၊ မလိုင်မြို. ရတနာဦးစေတီတော်၊မြင်းခြံမြို့  ဆုတောင်းပြည့်ဘုရား၊ လယ်ဝေးမြို့ သမိုင်းဝင်ဆုတောင်းပြည့်ချက်မဘုရားဝန်း။ စစ်ကိုင်းတိုင်းကလေးမြို. ရွှေဘုံသာဘုရားကြီး၊ ဇီးကုန်းမြို. မြသိန်းတန်ဘုရား၊ကချင်ပြည်နယ် မီုးကောင်းမြို. ရွှေသာလျှောင်းဘုရား၊ ညောင်ဦးမြို. ဇေယျာဝတီဘုန်းတော်ကြီးကျောင်းစာသင်တိုက်၊မကွေး မြို.
မကွေးမြသလွန်ဘုရားဝန်း၊မိတ္ထီလာမြို့ ၊ ကျောက်ပန်းတောင်းမြို.၊သာစည်မြို. ၊ပျော်ဘွယ်မြို့ ဘုရားငါးဆူဘုရား စတဲ့ မြန်မာနိုင်ငံအရပ်ရပ် ဒေသအသီးသီးတို့ မှာလည်း ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများစုပေါင်းလက်မှတ်ရေးထိုးပွဲများ ပြုလုပ်ကြမှာဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ ..ဘာမားဗီဂျေ

သမ္မတဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသတင်းစာရှင်းလင်းပွဲရုပ်သံ



အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့ တွေ့တဲ့အခါမှာ ဘယ်လို အချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -

ဒေါ်ခင်စိုးဝင်း။ ။ “အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာ မြန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။”

ဦးသိန်းစိန်။ ။ “တိုက်တိုက်ဆိုင်ဆိုင် ဒီအစည်းအဝေးမှာ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သူ ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာ ရှိပါတယ်။

အကုန်လုံး ပကတိ အကောင်းချည်းပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့် ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့် ဟာတွေကိုလည်း ကျနော်တို့ကို ပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီ ဖြစ်ပေါ် တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ် ပြောရမှာပေါ့။

နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာမယ် ဆိုတဲ့ဟာက ကျနော် ထင်ပါတယ်၊ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ မရှိခဲ့တဲ့ ဟာပါ။ ဒါလည်း ကျနော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အခြေအနေတရပ်လို့ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးကြတဲ့နေရာမှာ ဒီမိုကရေစီ ထွန်းကားပြီးသား၊ ရင့်ကျက်ပြီးသား အနောက်နိုင်ငံတွေက လိုချင်တဲ့ပုံစံမျိုးလို တထပ်တည်း ဖြစ်အောင် လုပ်လို့မရပေမဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ ရနိုင်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ ဒီမိုကရေစီ ရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည်အေးချမ်းဖို့ဆိုတာမှာ ၂ ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း တူညီအောင် ညှိကြတဲ့အပိုင်းပေါ့။ တခါ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ သဘောထား အမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျှော့နည်းလာတယ်။ အခုလိုပဲပေါ့ ဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ တွေ့ကြပြုကြ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ရဲ့ စိတ်စေတနာတွေ လည်း နားလည်သွားတယ်။ ကျနော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာဆိုရင် အပြုအမူတွေ အပြောအဆိုတွေ ဒါတွေကလည်း ကျနော်တို့ အများကြီးပြောင်းလဲသွားတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်ပကနေပြီးတော့လည်း လိုက်ပြီးတော့ ပြောင်းတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။”

ဦးသိန်းစိန်။ ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာ ခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက် ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူ ထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့ အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။

ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။

သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့ သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့ သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “သမ္မတ ဦးသိန်းစိန်က အာဆီယံ မိသားစုဝင်ဖြစ်တာနဲ့အညီ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို မဖြစ်မနေ လုပ်သွားရမယ့် ၀တ္တရားရှိတယ်လို့ ပြောရင်း လုပ်စရာ အလုပ်တွေလည်း အများကြီး ရှိသေးကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား စီမံကိန်းဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် နဲ့ ဦးစစ်အေး တို့လည်း တက်ရောက် ခဲ့ကြပါတယ်။

ဒီကနေ့ ထူးထူးခြားခြား မြန်မာသတင်းသမားတွေကို တွေ့ဆုံတယ်ဆိုတာဟာလည်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲက ရှေ့ဆက်လှမ်းတဲ့ ခြေလှမ်း လို့ပဲ ကောက်ချက်ချ ရမလား စဉ်းစားစရာပါပဲ။”


သတင်း ..VOA

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမ္မတအိုဘားမား၏ မိန့်ခွန်း


အားလုံး မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်တော့်အစိုးရသက်တမ်းတစ်လျှောက်နဲ့ ဒီခရီးစဉ်တစ်လျှောက် လုံးမှာ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေးအနက်ထား စဉ်းစားခဲ့ပါ တယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေးကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည်ရပ်တည်မှုအပေါ်ကိုပါ ကျွန်တော် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန် တော်ဟာ အဲဒီ့မျက်နှာစာနှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေထဲက အရေးပါ တဲ့ခြေလှမ်းတစ်ရပ်ကို ကြေညာပါတော့မယ်။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲေ

ရးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ)အထီးကျန်စေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့သမိုင်းနဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပြည်သူလူထုကလည်း တည်ငြိမ်တဲ့ဂုဏ်သိက္ခာ နဲ့ ထူးခြားပြီး အလားအလာကောင်းတွေရှိ တဲ့ ပြည်သူတစ်ရပ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ကိုပဲ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံရမှုနဲ့ ကတိစကားကို အောင်ဆန်းစုကြည်ဆိုတဲ့(နာမည်နဲ့) သင်္ကေတ ပြုခဲ့ကြတယ်။ (ခေတ်သစ်) မြန်မာနိုင်ငံကို တည်ထောင်သူရဲ့ သမီးရင်းတစ်ဦးအနေနဲ့၊ သူမ ပြည်သူတွေအတွက် ခွန်အားကြီးမားစွာရပ်တည်ခဲ့သူ

တစ်ဦးအနေနဲ့ သူမဟာ အခြားသောဖိနှိပ်ခံရတဲ့ မြန်မာလူမျိုးများလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရတယ်။

ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နောက်မှာတော့ ဟောဒီရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ အရေးပါတဲ့ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားအချို့ကို အစိုးရက လွှတ်ပေးခဲ့တယ်။ ပြီးတော့ ဥပဒေပြုရေးကဏ္ဍကလည်း နိုင်ငံရေးပတ်ဝန်းကျင်ကိုပွင့်

လင်းဖို့ အတည်ပြုပေးခဲ့တယ်။ ဒါ့ကြောင့် ဒါတွေအားလုံးကို ခြုံကြည့်ရင် ဒါတွေဟာ နှစ်များစွာအတွင်း ကျွန်တော်တို့မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ အရေးကြီးဆုံးခြေလှမ်းတွေ ဖြစ်ပါတော့တယ်။

တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။

မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း အတည်ပြုခဲ့ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ သွားရောက်ဖို့ပြောခဲ့ပါတယ်။ သူမဟာ ရာစုနှစ်တစ်ဝက်ခန့်ကာလအတွင်း ဒီတိုင်းပြည်ကို သွားရောက် တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီြး

ဖစ်လာပါလိမ့်မယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကာလတစ်ရပ်ဖြစ်ဖို့ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို နည်းလမ်းရှာဖွေပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြား စာမျက်နှာသစ် စတင်ဖွင့်လှစ်ပါလိမ့်မယ်။

အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း

ကို ဆက်လျှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှုတွေကို ဆက်လက်ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါေ

သးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များကို တုံ့ပြန်သောအားဖြင့် ဒီခြေလှမ်းကိုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ အားလုံးလွှမ်းခြုံ နိုင်တဲ့ ယူနီဗာဆယ်တန်ဖိုးတွေနဲ့ သတ္တိရှိတဲ့ပြည်သူတစ်ရပ်၊ တစ်မူ ထူးခြားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ယုံကြည်ခံယူချက်ကို ရှင်းလင်းစွာသရုပ်ဖော်ဖို့ ကျွန်တော်ဆုံးဖြတ် ချက်ချခဲ့ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။

အမျိုးသားအောင်ပွဲနေ့ ဆိုသည်မှာ.......


တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် မြန်မာ နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သည်။ အင်္ဂလိပ်ခေတ်က ပေါ် ပေါက်ခဲ့သဖြင့် အင်္ဂလိပ်လို National Day (နေရှင် နယ်ဒေး)ဟူ၍ ခေါ်ခဲ့၏။ အင်္ဂလိပ်တို့က ၁၈၈၂ တွင် မြန်မာနိုင်ငံအား ဇွတ်အတင်း ချဉ်းနင်း ဝင်ရောက် သိမ်းပိုက် ခဲ့သည်။ သူတို့ ရသွားသည်က မြန်မာနိုင်ငံ၏ တောတောင် ရေမြေဖြစ်ပြီး မြန်မာတို့၏အမျိုးသား စိတ်ဓာတ်ကိုမူ ကား မသိမ်းပိုက်နိုင်ခဲ့ကြချေ။၁၈၈၅ တွင် သီပေါမင်း ပါတော်မူသည်။

၁၉၀၁ ခုနှစ်တွင် မြန်မာတို့၏ မီးခဲ ပြာဖုံးမျိုးချစ်စိတ်ဓာတ်ပြန်လည်နိုးကြားလာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင်YMBA ခေါ် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းပေါ်ပေါက်ခဲ့သည်။ မူလက ဘာသာရေးကို ဦးစားပေးလှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးဘာသာ သာသနာသည် ဟူသော ကြွေးကြော် သံဖြင့် ဝံသာနုရက္ခိတ တရားကို ရှေ့တန်း တင်လာခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၂၀ ပြည့်နှစ်အရောက် မြန်မာတစ် နိုင်ငံလုံးရှိဝံသာနုအသင်းများစုပေါင်းကာ မြန်မာအသင်း ချုပ်ကြီး ဖော်ထုတ်ပြီး အမျိုးသားရေးကို ဆောင်ရွက်ခဲ့ကာ ဂျီစီဘီအေဟူ၍ ထင်ရှားလာခဲ့၏။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ဖွင့်လှစ်ဖို့ဆိုပြီးအင်္ဂလိပ် တို့က ဥပဒေများ ရေးဆွဲခဲ့ကြသည်။

တက္ကသိုလ်ကျောင်း သားတို့ကထိုဥပဒေကိုမကျေနပ်ကြ၊အင်္ဂလိပ်တို့ကလည်း မလိုက်လျော။ သို့နှင့်ကျောင်းသားတို့က ဘွိုင်း ကောက်(သပိတ်မှောက်) လုပ်ခဲ့ကြသည်။ ယင်းသပိတ် မှောက် ဘွိုင်းကောက်လုပ်သောနေ့မှာ ၁၉၂၀ ခုနှစ် ဒီ ဇင်ဘာလ ၁ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့)ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားကြီး များက ထိုသို့သပိတ်မှောက်လိုက်ကြတော့ တက္ကသိုလ် ရောက်ဖို့တာဆူနေသည့် ကျောင်းသားငယ်များကပါ လိုက်ပြီး သပိတ်မှောက်ခဲ့ကြသည်။ အင်္ဂလိပ်တို့၏ စာသင်ကျောင်းများကိုလည်းကျောခိုင်းလိုက်ကြသည်။ ယင်းနောက် ဝံသာနုအသင်းများ၏အကူအညီ၊ ဆရာတော်သံဃာတော်များ၏အကူအညီဖြင့် တစ်နိုင်ငံ လုံးတွင်အမျိုးသားကျောင်းများကို တည်ထောင်ဖွင့်လှစ် လိုက်ကြသည်။

ကျောင်းသားကြီးများက ကျောင်းသား ငယ်များကိုစာသင်ပေးကြသည်။ ထိုကျောင်းကြီးများ တွင် မြန်မာစာပေနှင့် မြန်မာ့သမိုင်းကိုဦးစားပေးသင်ခဲ့ ပြီးမြန်မာမျိုးချစ် လူငယ်များကို မွေးထုတ်ပေးခဲ့သည်။ အမျိုးသားကောလိပ်တွင်ကား သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့က ဝိုင်းဝန်း သင်ကြားပေး၏။

ဦးဘချို၊ ဦးဘဝင်းတို့က ကျောင်းအုပ် တာဝန်အဖြစ်ယူခဲ့ကြသည်။ ထိုအမျိုးသားကောင်းများမှမျိုးချစ်အာဇာနည်လေးများ ကိုမွေးထုတ်ပေးပြီး အမျိုးသားစာပေ အမျိုးသားစိတ် ဓာတ်ကို ဖွံ့ဖြိုးပြီး တိုးတက်အောင် မြေတောင်မြှောက် ပေးခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ၁၉၂၀ ပြည့်နှစ် က ကျောင်းသားသပိတ်ကြီးကို သမိုင်းဝင် မော်ကွန်းထိုး သော မှတ်တမ်းကြီးဖြစ်အောင် ဘွိုင်းကောက်ဋီကာ လေးချိုးကြီးကိုဖွဲ့ဆိုခဲ့၏။

ဆရာကြီးသခင်ကိုယ်တော် မှိုင်းမှာ ဆင်းရဲသားတောင်သူ လယ်သမားတွေအတွက် ဝမ်းနည်းပူဆွေး၊ ရှိသမျှ လွတ်လပ်ရေးကိုမှန်းမျှော်၊ ဖေ- ပု -ရှိန် တို့လို နိုင်ငံရေးမျိုးချစ်ပုဂ္ဂိုလ်လူကြီးပိုင်းတွေကို လည်းအားကိုးသလို ကျောင်းသားလူငယ်ပိုင်းကိုလည်း အားထားနှင့် ကျောင်းသားတွေ သပိတ်မှောက်ပြီး နေရှင် နယ် ကျောင်းတွေထောင်၊ ဝံသာနုတရားတွေဟော၊ ယော လုံချည်ပင်နီအင်္ကျီတွေဝတ်ကြတာကို အင်မတန်အားရ ၏။ သည် လူငယ်တွေဟာဖြင့်လွတ်လပ်ရေးရအောင် ကြိုးစားကြမှာအမှန်ပဲ။ ငါလည်း အသက်ကြီးပေမယ့် သူတို့နဲ့ သေအတူရှင်မကွဲလိုက်မယ်လို့ သန္နိဋ္ဌာန်ချပြီး စိတ်အားတက်သရာ ရေးသားလိုက်တာ။

အဝေးကြီးခရီးပေမဲ့

အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲပေမို့

ဆရာလဲကွာ ပဌမအရင်ကနဦးဆီက

မြန်မာ့တစ်ခွင်မှာ သမတ ရှင်ဘုရင်မလူးခင်ပါ့

ထဆင်ထူးကိုတမြည်မြည်သင်ခဲ့သမို့

ထီမထင်ကျောင်းတော်သားတွေတို့

အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့ ဆိုတဲ့လေးချိုးကြီးပါပဲ။ အဲဒီမှာသူငယ်စဉ်က ကကြီးရေက သင်စဉ်က ထဆင်ထူး အကြောင်းကျက်ရာမှာ ထဆင်ထူးရေလုံးကြီး တင်ထီဆိုခဲ့တာကို သတိရတယ်။ ထဆင်ထူးလုံးကြီး တင်ထီမထင်တဲ့ ကျောင်းတော်သားပဲ ဆိုတဲ့ သံချပ်ကိုသတိ ရတယ်။အဲဒါတွေ အခြေခံပြီး ရေးလိုက်တာပါ ဆိုပါတယ်။

နောက်ဆက်တွဲအဖြစ် ယင်းအမျိုးသားရေး စိတ် ဓာတ်ကြောင့် ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ဖြစ်ပေါ် ခဲ့ရသည်။ ၁၉၃၀-၃၁ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၃၄- ၃၅ တွင်တစ်ကြိမ်ယူနီဗာစီတီ၌တော်တော်လေး လှုပ်လှုပ် ရှားရှားဖြစ်ခဲ့သည်။ ကျောင်းသားများသပိတ်မှောက်ရ ခြင်း၏ အကြောင်းရင်းမှာ စင်စစ်ကားတစ်ခုသာလျှင် ရှိသည်။

ထိုသည်ကား တိုင်းရေးပြည်ရေးတွင် ချုပ်ခြယ် ခြင်း၊ မြန်မာတို့၏ စီးပွားရေးကြီးပွားရေးကို အညွန့်ခူးနေ သော ဗြိတိသျှတို့သည် မြန်မာတို့အား ကျွန်အဖြစ် ကြာရှည်စွာ ထားလိုခြင်းတို့ပင် ဖြစ်၏။ ဒါကို ကျောင်းသား တစ်စုက အတန်ငယ်နိုးကြားလာသည်နှင့် တစ်ပြိုင်နက် ကိုယ့်စီးပွားရေး ကြီးပွားရေးကို ကိုယ်ကြိုက်သလို ခြယ် လှယ်စီမံနိုင်ရန်တိုင်းရေးပြည်ရေးတွင် လွတ်လပ်ခွင့်ရ လိုကြသည်။

ကျွန်အဖြစ်မှ လွတ်မြောက်၍ သခင်ဖြစ်ချင်ကြသည်။ သူ့ဘက် ကိုယ့်ဘက် လိုလားချက်နှစ်ခု ထိ ခိုက်မှု၊ ရန်ဖြစ်မှုမှသပိတ်မှောက် ခြင်းဖြစ်ပေါ်လာခဲ့ရ ခြင်းဖြစ်ပေသည်။ ဤသည်ကား အမျိုးသားရေးစိတ်ဓာတ်ကြောင့်ပင် ဖြစ်၏။ ထိုအမျိုးသားရေးစိတ်ဓာတ်မွေးဖွားပေးရာအမျိုး သားအောင်ပွဲနေ့ကို မြန်မာမှန်သမျှ မမေ့ကောင်းဟု တိုက် တွန်းလိုက်ရပေတော့သတည်း။

ရေးသားသူ... ကြည်သူ

ဟီလာရီကလင်တန်ကို မြန်မာပြည်သို့ စေလွှတ်မည်ဟု အိုဘားမား ပြောကြား (ရုပ်သံ)

19 November 2011

ရည်ရွယ်ချက်(၃)ရပ်ကြောင့် ပါတီမှတ်ပုံတင်ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်းပြည်နယ်နှင့်တိုင်းလူငယ်အကူညီပေးရေးအဖွဲ့ အစည်းအဝေးတွင်ပြော


ပါတီမှတ်ပုံတင်ရခြင်းနှင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်လိုသည့် ရည်ရွယ်ချက်(၃)ရပ်မှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန် လည် ပြင်ဆင်လိုသည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြည်နယ်နှင့်တိုင်းလူငယ်အကူညီ ပေးရေး အဖွဲ့ အစည်းအဝေး တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

“ဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ ထိပ်ဆုံးမှာထားသလဲဆိုတော့ တခြားကိစ္စတွေဟာ အဲဒါနဲ့ဆက်နွယ်နေ ပါတယ် ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆိုတာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေးရှိရင် နိုင်ငံရေး အကျဉ်းသားတွေ ရှိစရာမရှိပါဘူး ။ နိုင်ငံရေးအကျဉ်း သားတွေကျနေရတာဟာ ဥပဒေစိုးမိုးရေးမရှိလို့ဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေး မရှိရင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူငယ်တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း လူငယ်အကူညီ ပေးရေးအဖွဲ့ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ်များ သိလိုသောမေးမြန်းချက်များဖြစ်သည့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခ၊ အဖွဲ့ချုပ်ပြန် လည် မှတ်ပုံတင်ခြင်းကိစ္စ၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အခြေအနေ၊ စာသင်ကျောင်းနှင့် သင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပြန်လည်ဖြေခဲ့သည်။

“အခုကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို တင်ပြသွားတာတွေရှိပါတယ်။ ဒါကိုလည်း ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အဓိကအရေးကြီးတဲ့ ကိစ္စတစ်ခုဟာ ပြည်တွင်း ငြိမ်းချမ်းရေးပါ။ အဲဒါကြောင့်အဲဒါကို အဓိကလုပ်သွားဖို့လိုတာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

အစည်းဝေးတွင် တိုင်းနှင့်ပြည်နယ်များမှ လူငယ်များမှ မြန်မာနိုင်ငံတော်အလံပြောင်းခြင်းအပေါ် သိရှိလို သောအချက် ၊ နိုင်ငံရေးအကျဉ်းသားများအကြောင်း၊ ပြည်တွင်းစစ်ရပ်ဆိုင်းရန်ကိစ္စ၊ တိုင်းရင်းသား များအကြား ဖြစ်ပေါ်နေသော ပဋိပက္ခပြသာနာ များ၊နှင့် ပညာရေးအခြေ အနေ၊ ထောင်တွင်း အကျဉ်းကျခံ နေရသော အကျဉ်းသားများ၏ ကျန်းမာရေးကူညီစောင့်ဆောက်မူအခြေအနေ စသည့်အချက်ဖြင့် မိမိတို့သိရှိလိုသော အချက်များအား ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

“ကျွန်မနဲ့နည်းတူ တခြားလူငယ်တွေလည်း သိချင်မယ်လို့ထင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုမျိုးနဲ့သွားမလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုသွားမလဲလို့ ကျွန်မလူငယ်တစ်ယောက်အနေနဲ့ သိချင်ပါတယ်” ဟု ကယားပြည်နယ်မှ အဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ မအယ်ပလင်း အစည်းဝေးတွင်မိမိသိလိုသောအချက်ကို မေးမြန်းခဲ့သည်။

အစည်းဝေးတွင် ပြည်နယ်နှင့် တိုင်းသီးသီမှ အတက်ရောက်သူမှ လူငယ်အဖွဲ့ဝင်ပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းများအား ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာအား ကျေးဇူးတင်ရှိပါသည်.။

အမေရိကန်သမ္မတဘားရက်အိုဘားမား ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက်သွယ်ပြောဆို

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီ သို့ရောက်ရှိနေခိုက် နိုဝင်ဘာ ၁၈ရက်နေ့နံနက် ၉နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှုရှိသည့် အပြောင်း အလဲများကိုစတင် လုပ်ဆောင်နေ သည့်ကာလအတွင်း အမေရိကန်အစိုးရ ၏ထိပ်တန်းအဆင့် တာဝန်ရှိ သူများမြန်မာနိုင်ငံ ကိုမကြာခဏဆိုသလိုလာရောက်ခဲ့ခြင်းမှာနှစ်နိုင်ငံ ဆက် ဆံရေး အတွက်အနာဂတ် အလား အလာကောင်းများဖြစ် လာနိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦး သုံးသပ်ပြောကြားသည်။

ထို့ပြင် သမ္မတအိုဘားမား ၏ ယခု ကဲ့သို့ တယ်လီဖုန်းဆက် သွယ်ခြင်းမှာ ၄င်း၏သမ္မတသက်တမ်းအတွင်းပထမဆုံး အကြိမ်ဖြစ် သလိုအမေရိကန် အစိုးရ၏အဆင့် အမြင့်ဆုံး တာဝန်ရှိသူတစ်ဦး၏မြန်မာ့အမျိုးသားနိုင်ငံရေးခေါင်း ဆောင်တစ်ဦးကို ပထမဆုံးအကြိမ် တိုက်ရိုက်တယ်လီဖုန်းဆက်သွယ်မှုလည်းဖြစ်သည်။

သတင်း.. The Messenger ဂျာနယ်

ပညာရေးကွန်ယက်တစ်နှစ်ပြည့်အဖြစ်တည်ထောင်သူဒေါ်အောင်ဆန်းစုကြည်မှ ပြည်လမ်းရှိယုဒသာန်ရိပ်သာတွင်မိန့်ခွန်းပြောပြီးအခမ်းအနားဖွင့်မည်

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းထားသော ပညာရေးကွန်ယက် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်လမ်းရှိ ယုဒသာန် ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းမျာပြောကြားပြီး အခမ်းအနားဖွင့် လှစ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ဒီမိုကရေစီကွန်ယက်တွင် ပါဝင်သော ပညာရေးကွန်ယက် အခမ်းအနားတွင် အခမဲ့ပညာရေး ဈေးရောင်း ပွဲတော် ကျင်းပမည်ဖြစ်ပြီး ရရှိလာသော အကျိုးအမြတ်များကိုလည်း အခက်အခဲရှိနေသော အခမဲ့ ပညာရေး ကျောင်းများ ကို ပြန်လည် လှူဒါန်းမည် ဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားဖွင့်ပေးမယ်၊ နောက် အဆိုတော်တွေကနေပြီးတော့ ဂီတဖျော်ဖြေပွဲ လုပ်မယ်၊ အခမဲ့ပညာရေး ဈေးရောင်းပွဲတော်လည်း ကျင်းပမှာပါ၊ လက်မှတ်တစ်စောင် တစ်ထောင်နှုန်းနဲ့ ပြည်သူတွေ တတ်နိုင်တဲ့ နှုန်းထားနဲ့ရောင်းချပေးပါတယ်၊ ရတဲ့ အကျိုးအမြတ် ကိုတော့ အခက်အခဲရှိတဲ့ ပညာရေးကျောင်းတွေကို ပြန်ထောက်ပံ့မှာပါ၊ ဒီပွဲကလည်း အားလုံး စုပေါင်းပြီး ရှာဖွေတဲ့ ရံပုံငွေပွဲပါ” ဟု အဆိုပါ အခမ်းအနားဖြစ်မြောက်ရေးတွင် ပူးပေါင်းပါဝင်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

ဒီမိုကရေစီကွန်ယက်၌ ပါဝင်သော togetherness ပညာရေးကွန်ယက်မှလည်း မြို့နယ်အချို့တွင် မူလတန်းမှ အထက်တန်းအထိ ဆရာ ၊ ဆရာမ (၂၉)ဦးဖြင့် အခမဲ့ ပညာသင်ကြားပေးနေကြောင်း နှင့် တစ်နှစ်ပြည့်အခမ်းအနားတွင်လည်း togetherness အဖွဲ့ဝင်များ ဖတ်သင့်သော သတင်းတွေကို ပြန်လည် ဗဟုသုတဖလှယ်ခြင်းအားဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အစားအသောက် များလည်း ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့မှာ ဆရာ ၊ ဆရာမ ၂၉ ဦးရှိတယ် မူလတန်းကနေ အထက်တန်းထိသင်ပေးနေတာပေါ့ ဆယ်တန်းဆိုရင် စာကျက်ဝိုင်းလေးတွေလုပ်ပေးတယ်၊ အလှည့်ကျစီ မြို့နယ်တွေမှာ လိုက်သင်တာပါ ဆရာ/ဆရာမတွေကလည်း အခမဲ့ စေတနာနဲ့ လိုက်သင်ပေးရှာတယ်၊ ဒီပွဲမှာလည်း ကျွန်တော်တို့ အဖွဲ့ဝင်တွေ ဖတ်သင့်တယ် ထင်တဲ့စာတွေကို စုစည်းထားတာရှိတယ်၊ အဲ့ဒါကို ပြန်လည်ဝေငှမယ် နောက် အစားအသောက်အချို့တွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်” ဟု togetherness အဖွဲ့ဝင် ကိုသားသားက ပြောသည်။

မြန်မာနိုင်ငံ အနာဂတ်အတွက် ကလေးငယ်များအတွက် အခမဲ့ ပညာရေးလိုအပ်နေသော အချိန် ဖြစ်သောပြီး မြန်မာပြည်ပြုပြင်ပြောင်းလဲစဖြစ်နေချိန်လည်းဖြစ်တာကြောင့် ပြည်သူပြည်သားအနေဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ဒီမိုကရေစီဖြစ်မြောက်ရေးတွင် လှုပ်ရှားနေသော မျိုးရန်နောင်သိန်းမှ ပြော သည်။

ဒီမိုကရေစီကွန်ယက်၌ ပါဝင်သော ပညာရေးကွန်ယက်မှာ မြန်မာနိုင်ငံတွင် ကျောင်းပေါင်း (၆၀)ကျော်ရှိပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းများတွင် ဖွင့်လှစ်ထားရှိကာ ရန်ကုန်တိုင်းအတွင်းမှ အခမဲ့ပညာသင်ကြားပေးနေသော ကျောင်းအချို့မှာ အမေ့အိမ် ၊ အမေ့အားမာန် ၊ ပစ်တိုင်းထောင် ၊ ဧရာဝတီ နှင့် ဗေဒါတို့ဖြစ်ကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

၁၈ ရက် ၁၁ လ ၂၀၁၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်ခဲ့သော ပါတီဆုံးဖြတ်ချက် ရုပ်သံ

(၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားဖိတ်စာ


(၉၁)ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲကိုရန်ကုန်မြို့ ၊ကြည့်မြင်တိုင်မြို့ 
နယ်၊(ရွှေည၀ါကျောင်းတိုက်)သာဓုကျောင်းတိုက်ဝင်းတွင်နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်အတူဒီမိုကရေစီ အင်အားစုများစုပေါင်းကျင်းပပြုလုပ်ကြမည်ဖြစ်ပါသဖြင့်အားလုံးပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။


ဆက်သွယ်ရန်- ကိုကိုကြီး- ၀၉-၇၃၁၀၄၂၃၄

-ကိုဇော်ရဲဝင်း ၀၉-၄၃၁၃၅၈၉၄

18 November 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ချ ၊ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံရန် အလားအလာရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုရုံးချုပ်၌ နိုဝင်ဘာ ၁၈ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ပါတီ မှတ်ပုံတင်ရေး၊ ရွှေးကောက်ပွဲဝင်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အန်အယ်လ်ဒီ ပါတီအနေဖြင့် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချ ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပါက ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှလည်း ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အလား အလာရှိကြောင်း ပါတီနှင့်နီးစပ် သူတစ်ဦးကပြောသည်။

“ပါတီမှတ်ပုံတင်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အလားအလာရှိတယ်”ဟု ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီမှတ်ပုံတင်၍ ရွှေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်ကွက်သူမရှိပဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြကြောင်းသိရသည်။

အစည်းဝေးဆုံးဖြတ်ချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ မှတ်ပုံတင်မည်ဖြစ်ကြောင်းနှင့် နောက်လာမည့် ရွေးကောက်ပွဲများတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေတွင် ပြည်နယ်နှင့်တိုင်း (၁၄)ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့်အဖွဲ့ချုပ်ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ လူငယ်လုပ်ငန်း များဖော်ဆောင်ရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်ဝေးတက်ရောက်ခွင့်ရှိသူ ၁၁၆ ဦးအနက် ၁၀၆ ယောက် တက်ရောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြချက်အရ သိရှိရသည်။

သတင်းများအား ပြန်လည် မျှဝေ ပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး ၏ မိန့်ခွန်း

20111118 U Tin Oo Speech by myatlayngon88

၁၈ ရက် ၁၁ လ ၂၀၁၁ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ အားမာန် အပြည့်နှင့် တက်ရောက်လာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်