18 February 2012

လွတ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ



လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်အား ကန့်သပ်ခြင်းသည် ညွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အနှောက်ယှက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၇ရက်နေ့ ဖျာပုံမြို့တွင် ပြောကြားလိုက်သည်။

“လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေမဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း အနှောက် အယှက်ဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖျာပုံမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောရန်အတွက် ဖျာပုံမြို့အားကစားကွင်း တွင် ပြင်ဆင်ထားသော်လည်း သက်ဆိုင်ရာမှ တားမြစ် လိုက်သည့်အတွက် ဖျာပုံမြို့အဝင် လယ်တောထဲသို့ ပြောင်းရွှေ့စီစဉ်လိုက်ရကြောင်း NLD ဖျာပုံကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောကြားသည်။

အလားတူ မန္တလေးမြို့၌လည်း အားကစားကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် မရလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ယင်းအကြောင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲကော်မရှင်သို့ စာတင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးခရီးစဉ်၌လည်း ဟောပြောမည့်အားကစားကွင်း ကို ဟောပြောခွင့်မပြုသည့်အတွက် ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲကော်မရှင်ကို အသိပေးလိုက်ခြင်းကြောင့်သာ ဟောပြောခွင့် ပြန်လည်ရရှိကြောင်း NLD လှည်းကူးကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဥပဒေစိုးမိုးရေးကို ယုံကြည်တာနဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်မတို့ကလုပ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုခဲ့သည်။

၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်က မလိုအပ်သည့် ကန့်သပ်ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးရန်နှင့် အထောက်အကူဖြစ်မည့် စည်းမျဉ်း စည်းကမ်းများကိုလည်း အကောင်အထည်ဖော်ပေး ရမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများကို လေးစားလိုက်နာရမည် ဟု ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲတိုင်းအတွက် အရေးကြီးတာကတော့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ပါပဲ။ အဲဒီမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်တို့လည်း ပါပါတယ်။ ကျွန်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ပြီး ဒီအကြောင်းတွေကို ဆွေးနွေးခဲ့သေးတယ်”ဟု Ojea Quintana က ဆိုသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံ အနှံ့အပြားရှိ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဝိုင်းဝန်း ကူညီရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ဖူးသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတရန် နိုင်ငံတကာကဖိအားပေးသည့်အပြင် အမေရိကန်နိုင်ငံနှင့် ဥရောပ နိုင်ငံများက ပိတ်ဆို့ထားမှုများဖြေလျှော့ရေးအတွက် ယင်းအချက်သည်လည်း အရေးပါကြောင်း ပြောကြားထားသည်။

သတင်း....Transparency Myanmar

‎"ပြည်သူကို ချော့ပြီးလဲ မစည်းရုံးခဲ့ဘူး။ ခြောက်ပြီးလဲ မစည်းရုံးခဲ့ဘူး။" (ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် သဲကွင်း ဟောပြောချက် အစအဆုံး၊

17 February 2012

ပြည်သူတွေ ရဲ့ ဆန္ဒအမှန် ကိုဖော်ထုတ်ပြသလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ ဖျာပုံ အောင်နိုင်ရေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်










ဓာတ်ပုံ.....Messenger News Journal's ။ ဥက္ကာကိုကို ။

ရေခရီးက လှေစီးပြီး ဒေါင်းအလံ တလူလူ လွှင့်လို့ .......... ဧရာဝတီရေ .. အမေစု လာနေပြီ ။









ဓာတ်ပုံ များအတွက် ကိုအဘယ အားကျေးဇူးတင်ရှိပါသည်.။

မိန်းမချင်း စာနာမိပါတယ်ရှင့်

နိုင်ငံတော်အကြီးအကဲများရှင့်

ကျွန်မအေးအေးကြည် ဂျပန်နိုင်ငံသားနှင့်ဖြစ်သည့် အမှုကစ်စ အတွက်ကြေအေးပေးရန်တရားရုံသို့လာရောက် ရန် အကြောင်းကြားပါသဖြင့် 15.2.2012 တွင်သွားရောက် ခဲ့ပါသည်။

တရားသူကြီးမှ ဂျပန်ဘက်မှ ကျွန်မ ကို အကြမ်းဖက်တာဆီးမှု နှင့် တရားဆွဲဆို ထားကြောင်း ထို့ကြောင့် အားမ ခံပါသလားဟုမေးပါသည်။ ကျွန်မ မှ အံအားသင်လျှက် ကျွန်မ ဂျပန် ကို ဘာမှ အကြမ်းဖက်မှု လည်း မလုပ်ခဲ့ပါသဖြင့် ဘာကြောင့် တရားဆွဲခံရပါလည်းဟု ပြန်လည် လျှောက်ထားခဲ့ပါသည်။ ထိုအခါတရားသူကြီး မှ ဆရာမလည်းမသိပါ သူတို့တရားဆွဲ ဆို ထားပါသည်။ ထို့ကြောင့် အာမခံပါသလားဟုပြောသည် ကျွန်မက မပါပါ ဟုပြန်လည်ဖြေကြားခဲ့ပါသည်။ထို့နောက် တရားသူကြီးမှ ညနေ4နာရီတွင် ရုံးပြန်ချိန်း မည် ထိုအတောအတွင်း သိန်းတရာတန် အာမခံပေးနိုင်မည့် အာမခံနှစ်ဦး ရှာထားပါ၊ မရှာ နိုင်လျှင် အချုပ်ခံရမည်ဟုပြောပြီး ရုံးဆင်းလိုက်သည်။ကျွန်မ သည် သာမာန် ၀န်ထမ်း တစ်ဦး သာဖြစ်ပါသည်။သိန်တစ်ရာတန်အားမခံနှစ်ဦးရှာ ဖို့ဆိုတာ မလွယ်ကူပါ။ဟိုတယ်မှ တာဝန်ရှိသူများက ကျွန်မအတွက် အာမခံလုပ်ပေးခဲ့ပါသည်။

အကယ်ရွေ့ ကျွန်မအတွက် ဟိုတယ်မှ အာမခံမလုပ်ပေးခဲ့ပါက ကျွန်မ ဘာများဆက်ဖြစ်မည်လည်းဆိုတာ တော်တော် ကြောက်ရွံ့နေခဲ့ရပါသည်။အမှန် ဆင်စစ် ကျွန်မက အရိုက်ခံရသူပါ။တိုင်းတပါသူ လီဆယ်တိုင်ကြားတာကို သိလျှက်နဲ့ အာမခံနှင့် ထွက်ဆိုပါဟုပြန်လည်းတရားဆွဲဆိုခံခဲ့ရပါတယ်။ကျွန်မဟာ အခု ဆိုရင် ဟိုတယ် က လူကြီးမင်းများရဲ့ အာမခံမှုနှင့် အပြင်တွင်နေထိုင်နေရခြင်းဖြစ်ပါတယ်။

ယခုမတရားမှု အတွက်မည်သူကို တင်ပြရမည်ကိုမသိတဲ့အတွက် လူကြီးမင်းများမှ ကူညီပေးးပါရန် ပန်ကြားအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့် မန္တလေးအောင်နိုင်ရေးခရီးစဉ် ပြန်လည်စတင်မည်


“အဖွဲ့ချုပ်ဥက္ကဌက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၄)ရက်က လာဖို့ပျက်သွားတော့ သူကြေငြာထားတဲ့အတိုင်း လာဖို့ရှိပါ တယ် ၊ လာမှာပါ။ မတ်လဆန်းမှာဖြစ်ပါတယ်ရက်အတိအကျတော့ ကျနော် မပြောနိုင်သေးပါဘူး ၊ ကျနော်တို့မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့နဲ့ ကျန်တဲ့မြို့နယ်အောင်နိုင်ရေးအဖွဲ့တွေက ကြိုဆိုဖို့လုပ်နေကြပါပြီ ” ဟု မဟာအောင်မြေမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးအုန်းကြိုင်က ပြောသည်။

“ဒီတစ်ခေါက်လည်း ကျွန်တော်တို့က ဗထူးကွင်းကိုပဲ ချိတ်ထားပါတယ်။ဗထူးကွင်းကို သွားကြည့်ပြီးပြီ ၊ အကျယ်အ၀န်းအားဖြင့်တော့အခြားသူ့ထက်သာတဲ့ ကွင်းတွေရှိတယ် သို့သော်လည်းဗထူးကွင်းကမြို့လယ်
ကောင်လည်းကြတယ် ၊ သက်ဆိုင်ရာကိုလည်းတင်ပြမှာပါ ။နောက်တစ်ခြားကွင်းတွေလဲကြည့်ထားပါတယ် ၊ အောင်မြေမန္တလာကွင်းရယ် ၊မန္တလေးတောင်ခြေကကွင်းရယ် အဲဒါတွေလဲ ကြည့်ထားပါတယ် ” ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။

တောင်သူလယ်သမားတွေရဲ့ဘဝကိုဘယ်တော့မှ မမေ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား



တောင်သူလယ်သမားများ နေထိုင်ကြသော လှည်းကူးမြို့နယ် သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ စဉ် တောင်သူလယ်သမားများ၏ ဘဝကို ဘယ်တော့မှမမေ့ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

တောင်သူလယ်သမားရဲ့ဘဝ မြှင့်တင်ရေးအတွက် အခုကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို လေ့လာပြီးတော့ စဉ်းစားနေပါတယ်။ တောင်သူ လယ်သမားများ အားမငယ်ပါနဲ့ စိတ်မပျက်ပါနဲ့ အခုကမ္ဘာ့ရဲ့အခြေအနေအရဆိုလို့ရှိရင် လက်ရာထွက်ပစ္စည်းတွေရဲ့ တန်ဖိုးတွေဟာ တက်နေပါတယ် ဆိုတဲ့ အားပေးစကားပြောပါရစေ” ဟု ပြောကြားသည်။

အစိုးရမှလည်း တောင်သူလယ်သမားများ ဘဝနေထိုင်မှု အဆင်ပြေစေရေးအတွက် ပြည်တွင်း၌ ဆန်းစပါးဈေး မကျစေရန် ဆန်ဈေးကို ထိန်းညှိနိုင်သည့် အရံဆန် အမြောက်အများကို သိုလှောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

လယ်သမားအရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုပြဌာန်းလိုက်သည့် မြေယာ ဥပဒေမူကြမ်းသည် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အခိုင်အမာ ပြဌာန်းထားသော ဥပဒေများ မပါရှိသည့်အတွက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် တောင်သူလယ်ကမား အရေး လုပ်ဆောင်သူများနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သမ္မတဟောင်း ဒေါက်တာမောင်မောင် ကလည်း ၁၉၄၈ ခုနှစ်တွင် “မြန်မာလယ်သမားများက ကြီးမြတ်တယ်လို့ ကျုပ်ကမြင်တယ်။ ဒီအမြင်ကတော့ ကျုပ်မပြောင်းလဲတော့ဘူး” ဟုပြောဆိုခဲ့ဖူးသည်။

လယ်သမားအရေးသမိုင်းတွင်လည်း ဆရာစံသည် ၁၉၃၀ ခုနှစ်တွင် ဆင်း ရဲချို့တည့်ကြသည့် သာယာဝတီနယ်မှ လယ်သမား သူပုန် များကို ဦး ဆောင်ပြီး အင်္ဂလိပ် နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် လယ်ရာလုပ်ငန်းကို မှီခိုလုပ်ဆောင်နေသူများဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

သတင်း....... yangonchronicle

16 February 2012

(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ


ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။

ဖျာပုံမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းသမိုင်းဝင် သာစည်ဘုရားကြီးဝင်းအတွင်းမှာ (ဘ၀အလှဆင် ဓမ္မသဘင်အဖွဲ့) ကနေ တပေါင်းလဆုတ် (၁) (၂) (၃) ရက်များမှာ ကြီးမှူး ကျင်းပမယ့် ဆရာတော် ဦးကောဝိဒတရားပွဲအတွက် ပြင်ဆင်ထားတဲ့ တရားဟော မဏ္ဍပ်ကို ဖျက်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီ တရားဟောမဏ္ဍပ်ဟာ အခုမှ စတင်ဆောက်လုပ် တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တရားပွဲ အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် တရားပွဲတစ်ခု ထပ်မံကျင်းပဖို့ရှိတာကြောင့် ဖျက်သိမ်းခြင်း မပြုဘဲ ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီကနေ လွှတ်တော်အမတ်ဖြစ်သွားခဲ့တဲ့ ဦးလှဝင်းဗိုလ်က ဦးဆောင်ပြီးတော့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကို လာရောက်ပြောဆို ဖျက်သိမ်းခိုင်းခြင်းဖြစ်ပါတယ်။ မဏ္ဍပ်တစ်ခုလုံး ကို ဖျက်သိမ်းခိုင်းတာမျိုးမဟုတ်ဘဲ ကြမ်းခင်းတွေကို ခွာပေးထားဖို့ လာရောက်ပြောဆို သွားခြင်းဖြစ်ပါတယ်။ ဘာကိစ္စကြောင့် အခုလိုလုပ်ခိုင်းတယ်ဆိုတာကိုတော့ ပြောဆိုသွားခဲ့ခြင်း မရှိဘူး လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်အတွင်းမှာ နေရာအခက်တွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဒီလုပ်ရပ်ဟာ မရိုးသားမှုတွေရှိနေတယ်ဆိုတာ ထင်ရှား ပေါ်လွင် နေပါတယ်။ တရားပွဲဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို ကြားသိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုမှာ အခုလိုအဖြစ်အပျက်တွေ (တရားဓမ္မကို ပိတ်ပင်သလိုဖြစ်နေတဲ့ လုပ်ရပ်တွေ) ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး လို့လည်း ပြောဆို နေကြပါတယ်။

ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့
'' ကျွန်တော်တို့ NLD အနေနဲ့ ဒီလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ ကြိုတင်စီစဉ်ထားခြင်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်လို ထောက်ခံအားပေးမှု အလွန်များတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ဟောပြောပွဲပြုလုပ်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး " လို့ ဖြေကြားပါတယ်။

ဖျာပုံမြို့ခံ ပြည်သူလူထုတွေကတော့ ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ ကို အတတ်နိုင်ဆုံး နှောက်ယှက်မယ်ဆိုတဲ့ မသမာတဲ့ အကြံအစည်မျိုးနဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ယူဆ ပြောဆိုနေကြကြောင်းပါဗျာ ... ... .... ။

(မူယင်းလင့် - Bryan Adams)

ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုရန် ဖျာပုံသားတို့၏ ဒုက္ခ

၁၇.၂.၂၀၁၂ ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးအတွက် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ် အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့်မရရှိသဖြင့်၊ ဟောပြောပွဲမပျက်စေရန် မြို့ပြင်လယ်ကွင်းများထဲတွင် အခမ်းအနားကျင်းပရန်အတွက် ဖျာပုံမြို့နယ် NLD အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသူများ၊ပင်ပန်းဆင်းရဲစွာကြိုးစား နေကြ ရသော သတင်းရရှိပါသည်။

သတင်း...... ရွှေဟင်္သာ သတင်းဌာန

15 February 2012

ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့နယ်မဲဆွယ်စည်းရုံးရေးခရီးစဉ်










ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် လှည်းကူးမြို့နယ်သို့ ၁၁ နာရီကျော်တွင် ၀င်ရောက်လာခဲ့ရာ သောင်းနှင့်ချီသော လူထုကြီးက တခဲနက်ကြိုဆိုနှုတ်ဆက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူမြို့နယ်တွင် နေ့လည်စာစားသောက်ပြီး မြို့နယ်အားကစားကွင်းတွင် လူထုအား မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဓာတ်ပုံ-ဝေယံ နှင့် Messenger News Journal

မရမ်းကုန်းမြို့နယ်တွင်မဲဆွယ်စည်းရုံးရေးခရီးစဉ်







ဓာတ်ပုံ....7Day News Journal

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုနှင့် ပက်သက်ပြီး RFA မှ မေးမြန်း တင်ပြချက်

RFA interviews with Ex-ABSDF by Ko Htike 1

ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်မှု တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ပလပ်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်အရည်အချင်း ညီညွှတ်မှုမရှိပာု ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ကန့်ကွက်မှုအား တောင်ပိုင်း ခရိုင်ကော်မရှင်ရုံးမှ ပလပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ပြိုင်ဘက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက “ဒေါ်အောင်ဆန်းစုကြည်ပာာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ညီညွှတ်မှုမရှိတဲ့အတွက် ဇန်နဝါရီလ ၆ ရက်နေ့မှ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံကို ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်” ပာု ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းကြောင်း ဦးတင်ရီ၏ ကန့်ကွက်မှုအပေါ် တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲမှ ပယ်ချခဲ့သည့်အတွက် ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီအနေဖြင့် တိုင်းကော်မရှင်၊ ဗပိာုကော်မရှင်နှင့် လွှတ်တော်သို့ထိတိုင် တက်၍ ဆက်လက် ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှု ဆောင်အစည်းအဝေးခေါ်ယူ၍ ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်း အစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ နိုင်ငံရေးပါတီမှတ်ပုံတင် ၄၇ ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။

သတင်း..... yangonchronicle

14 February 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံကလေးများနေ့ မိန့်ခွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇ နှစ်ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်း

"ဒီကနေ့ကို ကလေးများနေ့လို့ ဘာလို့သတ်မှတ်လဲဆိုတာ ပြောပြချင်ပါတယ်။ အမေတို့နိုင်ငံက ကလေးတွေက မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဘယ်လိုဖြစ်သင့် တယ်၊ ဘယ်လိုစိတ်ဓာတ်မျိုးထားသင့်တယ်ဆိုတာကို နားလည်အောင်လို့ ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တာပါ။ အခုဒီကဗျာလေးမှာဆိုရင် ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား ဆိုတာမှာ ဇာနည်ဆိုတာ အာဇာနည်ကနေလာတာ ၊ အာဇာနည်ဆိုတာ မူလအဓိပ္ပာယ်အရ၊ အိန္ဒိယကလာတဲ့အဓိပ္ပာယ်အရ ပြောရရင် မျိုးရိုးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် တချို့ ကမျိုးရိုးဆိုတာ အလွယ်စဉ်းစားလိုက် လို့ရှိရင်တော့ မိဘ၊ မိသားစုကောင်း တယ်မြင့်တယ်လို့သတ်မှတ်ကြတယ်။ အမေတို့တကယ့် အာဇာနည် တကယ့်မျိုးရိုးကောင်းတယ်ဆိုတာ စိတ်ထားမှန်ကန်ပြီး စိတ်ထားဖြူ စင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ဒီလိုပဲ အမေတို့က သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာလုပ်တယ်ဆိုတာ ကလေးများကတကယ်ကို မြင့်မြတ်တဲ့ စိတ်ထားတွေထားနိုင်အောင်လို့ဖြစ်တယ်။ ကလေးတွေက ကလေးများနေ့ကိုလာလို့ရှိရင် မုန့်စားရမယ်။ လက်ဆောင်လေးတွေရမယ်။ ပြိုင်ပွဲလေးတွေဝင်မယ်။ ဒီလိုပျော်တာလည်း မှန်ပါတယ်။ အမြဲပဲစဉ်းစားရမှာက ဘာဖြစ်လို့ ကလေးတွေကို ဒီလိုပျော်အောင်လုပ်သလဲဆိုတာက ကလေးတွေကို ပျော်အောင်လုပ်ပြီးတော့ အမှန်ပြောရရင် မှန်မှန်ကန်ကန် သင်ပေးချင်လို့။ ကျောင်းကိုသွားရရင် ပျော်တဲ့ကလေးတွေရှိတယ်။ ကျောင်း သွားတာ ပျော်ကြရဲ့လား။ တစ်ချို့ကလည်း ပျော်တယ်။ တစ်ချို့ကလည်း မပျော်ဘူး။ ကျောင်းသွားတာပျော်မှ စာသင်ယူလို့ရမယ်။ ကျောင်းမှာမပျော်လို့ရှိရင် စာသင်ယူလို့မရဘူး။ ဒါကြောင့်မို့ အမေတို့ကနေပြီးတော့ ကလေးများနေ့မှာ ကလေးတွေကို ပျော်အောင်လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို မှန်မှန်ကန်ကန် သင်ခန်းစာတွေ သင်ပေးချင်လို့ပဲ။ ဒီလိုဘာဖြစ်လို့ ကလေးများနေ့လုပ်လဲ။ ကလေးတွေဟာ ဘယ်လိုလူကြီးတွေဖြစ်လာစေချင်သလဲဆိုတာကို အမေတို့က ပြချင်လို့ ဒီလိုကလေးများနေ့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကလေးများနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါ။ စားရတာလည်း ကောင်းကောင်းစားပါ။ ရတဲ့လက်ဆောင်တွေအတွက်လည်း ၀မ်းသာကြပါ။ ပြိုင်ပွဲဝင်တဲ့ကလေးတွေလည်း ဆုရကြပါစေ။ ဒါပေမယ့် ဘယ်တော့မှ မမေ့ရမယ့်ကိစ္စကတော့ ဒီကလေးလေးတွေဟာ တစ်ချိန်တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့်ကလေးလေးတွေ၊ နိုင်ငံအတွက် အလုပ်လုပ်ရမယ့်ကလေးတွေမို့ ဒီလိုအလုပ်လုပ်ရမယ့် လူကြီးတွေဖြစ်လာရမယ်ဆိုတာလည်း မမေ့ပါနဲ့လို့ ကလေးတွေကို တိုတိုတောင်းတောင်းပဲ ပြောချင်ပါတယ်။ ရှည်ရှည်ပြောရင် ကလေးတွေက နားမထောင်ချင်ဘူး။ တက်ရောက်လာတဲ့ ကလေးလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါသည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည်ပြင်ဆင်ရန် လိုအပ်

ခြောက်နှစ်ကျော်ကြာ ပိတ်ထားပြီး ဖေဖော်ဝါရီ ၁၀ ရက်မှပြန် လည် ဖွင့်လှစ်ခွင့်ရသော မဂ္ဂင် ကျောင်းတိုက်အား ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဣန္ဒက ပြောသည်။

“ပိတ်ထားစဉ်ကာလတုန်းက မုန်တိုင်းတွေ ဘာတွေ တိုက်တာ ရှိတယ်လေ။ ခေါင်တွေ လန်သွား တယ်။ ကြမ်းတွေ ဆွေးကုန်တယ်” ဟု ဆရာတော်က မိန့်သည်။

ထို့အပြင် ဆရာတော်က “ပြင်ရင် ခဏခဏ ပြင်ရမယ်။ ဖြစ်နိုင်ရင် တစ်ခါတည်း သုံးထပ် ကျောင်းဆောက်ချင်တာ။ မြေနေ ရာကလည်း ကျဉ်းတော့ သုံးထပ် ကျောင်းလောက်မှ သံဃာများများ နေလို့ရမယ်” ဟု ဆရာတော်က ဆိုသည်။

မဂ္ဂင်ကျောင်းတိုက်အား ရွှေဝါရောင်တော်လှန်ရေးဖြစ်သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာမှစ၍ ပိတ်ခဲ့ရပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁၀ ရက်တွင် သက်ဆိုင်ရာ ပြန်ဖွင့်ပေးခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးတွင် အဆိုပါ ကျောင်းတွင် သီတင်းသုံးနေသော ကျောင်းထိုင် ဆရာတော်နှင့် တခြားသံဃာတစ် ပါးအား ဖမ်းဆီးခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ရသဖြင့် သီပေါထောင် မှ ပြန်လွှတ်ခဲ့သည်။

ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ် ခွင့်ရပြီးနောက် မဂ္ဂင်ကျောင်းတွင် ဦးပဇဉ်းသုံးပါးနှင့် ကိုရင်တစ်ပါး သီတင်းသုံးနေထိုင်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၃ ရက်ထိ မဂ္ဂင်ကျောင်းတိုက်အား လာရောက်ပြုပြင်ပေးသူ မရှိသေးဘဲ အဖွဲ့တစ်ဖွဲ့က ပြုပြင်ရန် ကမ်းလှမ်းလျက်ရှိထားကြောင်း သိရသည်။

သတင်း....... 7Day News Journal