08 November 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စရပ်ကို နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဆုံးဖြတ်မည်


နိုဝင်ဘာလ ၈ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၏ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေ၀င်းမြင့်၊ ဦးဟံသာမြင့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ နိုဝင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အစည်းအဝေးအပြီး တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စရပ်ကို နိုဝင်ဘာလ ၁၈ရက် နေ့တွင် ဗဟိုဦးစီး အဖွဲ့အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သတင်းရှိရပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာတွင် လူ့အခွင့်အရေးအတွက် စိုးရိမ်ဖွယ်များရှိနေဆဲ

(4 November 2011 ရက်စွဲပါ Human Rights Watch မှ Burma : A year after elections , Rights concernes persist ကိုYC မှ ဘာသာပြန်ပါသည်)

၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲများအပြီး တစ်နှစ်အကြာတွင် မြန်မာအစိုးရသစ်၏ အပေါင်းလက္ခဏာ ဆောင်သော လုပ်ဆောင်မှုများသည် တိုင်းပြည်တွင် ရှိနေဆဲဖြစ်သော အလေးအနက်ထားရမည့် လူ့အခွင့် အရေးပြဿနာများကို မမြင်နိုင်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်း၊ Human Rights Watch မှ နိုဝင်ဘာလ(၃)ရက် ၂၀၁၁ ကထုတ်ဝေသော စာတမ်း(briefing paper)တွင် ဖော်ပြထားပါသည်။

“အစိုးရသစ်ဟာ ပြုပြင်ပြောင်းလဲရေးဥပဒေတွေ၊ မူဝါဒပြောင်းလဲမှုအတွက် ကတိတွေပေးနေပေမယ့် တကယ့်စမ်းသပ်မှုကတော့ ပြည်သူလူထုက သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ကြိုးစားတဲ့အခါ ဘယ်လိုတုန့် ပြန်မလဲ ဆိုတာကိုပဲ ကြည့်ရမှာပါ”ဟု Human Rights Watch မှ အာရှဒါရိုက်တာ Elaine Pearson က ပြောပါ သည်။ “ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာရှိတဲ့ အရပ်သားတွေအပေါ်ရက်စက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ကို နှိပ်စက်တာတွေ၊ ဖိနှိပ်မှုရှိတယ်လို့ပြောရမယ့် တရားရုံးတွေဟာ အရပ်သားအမည်ခံအစိုးရရဲ့ ပထမနှစ်မှာ တွေ့နေရဆဲ လက္ခဏာတွေဖြစ်ပါတယ်”ဟု ၎င်းကဆိုပါသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်မတ်လ (၃၀)ရက် ၎င်းတက်လာပြီးနောက် အစိုးရအဖွဲ့ကိုပြောခဲ့သော မိန့်ခွန်းသည် မှတ်မှတ်သားသား ဖြစ်စရာ ပြောင်းလဲခဲ့ပါသည်။ မီဒီယာကန့်သတ်ချက်များဖြေလျော့ ပေးခြင်း၊ သြဂုတ်လ ဒုတိယလွှတ်တော်အစည်းအဝေးမှစ၍ ဥပဒေအချို့ အတည်ပြုပေးခြင်းများသည် အနည်း ဆုံးစာရွက်ပေါ်တွင် အခြေခံရပိုင်ခွင့်များကိုကာကွယ်ရန် ကတိကဝတ်သစ်များဖြစ်ပေသည်။ အစိုးရသစ်သည် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများကို စီစဉ်လျက်ရှိပြီး နိုင်ငံရေးအတိုက်အခံကိုလည်း အရေးကြီးသော လက္ခဏာ ပြသမှုများ ပြုလုပ်ခဲ့ပါသည်။ အစိုးရ၏ ထိပ်တန်းအဖွဲ့ဝင်များသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအကြောင်း၊ ဒီမိုကရေစီမြှင့်တင်ရေးအကြောင်း၊ လူ့အခွင့်အရေးလေးစားမှုရှိရေးအကြောင်း၊ တိုင်းရင်းသားများနှင့် ပြည်တွင်း စစ်ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေးစကားပြောရန် အကြောင်းများကို ပြောလာကြပါသည်။ ၎င်းတို့သည် ဒီမိုက ရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ မှစ၍ တစ်ခါမျှမရခဲ့ဘူးသေးသော လွတ်လပ်စွာလှုပ်ရှားမှု အတွက် အဆင့်တစ်ခုအထိ ခွင့်ပြုခဲ့ပါသည်။ သူမသည် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် မှန်မှန်တွေ့ဆုံခဲ့ပြီး၊ စကားပြောမှုများသည် ယခင်ကထက်ပို၍ မျှော်လင့်ချက်များ၊ အရေးပါသော ပြောဆိုမှုများရှိကြောင်းဖော်ပြလာ ပါသည်။

“ဒီပြောင်းလဲမှုတွေကို ပြည်တွင်းကရော နိုင်ငံတကာကပါ အကောင်းမြင်နဲ့ ကြိုဆိုခဲ့ကြပါတယ်”ဟု Pearson က ပြောကြားခဲ့ပါသည်။ “ဒါပေမယ့် ဒီပြောင်းလဲမှုဟာ အမျိုးသားအဆင့်အီလစ်အလွှာမှသာဖြစ်နေ တာပါ၊ အခြေခံအုပ်ချုပ်မှုစနစ်မှာ၊ ဒေသဆိုင်ရာအဆင့်မှာ ဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင် နဲနဲပဲပြောင်းပါသေးတယ်” ဟု ၎င်းကဆိုပါသည်။

တိုင်းရင်းသားဒေသများတွင် စစ်တပ်မှ ကျူးလွန်မှုများသည် အရေးယူမှုမရှိပဲ ဆက်လက်ရှိနေဆဲဖြစ်ပါ သည်။ အစိုးရသစ်သည် စစ်တပ်အား ပြုပြင်ပြောင်းလဲရေးကိစ္စ အမြန်ဆုံးလုပ်ရမည်ဖြစ်သော်လည်း လုပ်ဆောင် နိုင်ခြင်းမရှိသေးပေ။ အစိုးရသည် အစိုးရဆန့်ကျင်သူများအား ဖိနှိပ်သော ဥပဒေများဖြင့်လည်းကောင်း၊ လွတ် လပ်စွာတရားစီရင်နိုင်ခြင်းမရှိသည့် တရားရုံးများဖြင့်လည်း ဆက်လက်ဖိနှိပ်နေဆဲဖြစ်ပါသည်။ မေလတွင် တစ် ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား(၂၉၇)ဦး ခန့်သာလွတ်ပြီး နိုင်ငံရေးအကျဉ်းသားများစွာ ထောင်ထဲတွင်ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးအခြေအနေများတိုးတက်ရေးကိုအမြဲတမ်းငြင်းပယ်ခဲ့သည့် ထုံးစံအတိုင်းပင် အစိုးရသစ်သည်လည်း ဆက် လက်ငြင်းပယ်ဆဲပင်ဖြစ်ပါသည်။ စက်တင်ဘာလက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သော် လည်း၊ ၎င်း၏ ကတိကဝတ်များနှင့် လွတ်လပ်မှုအပေါ်မေးခွန်းထုတ်စရာများကျန်နေပါသေးသည်။

လွှတ်တော်သစ်တွင် ဥပဒေပြုပြင်ပြောင်းလဲမှုများရှိလာရာ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ဥပဒေ၊ ငြိမ်း ချမ်းစွာစုဝေးခွင့်ပြုခြင်းနျင့် အတိုက်အခံ ပါတီကြီးဖြစ်သော NLD ပါဝင်ခွင့်ရရန်လမ်းဖွင့်ပေးသော နိုင်ငံရေးပါတီမှ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေများထွက်ပေါ်လာပါသည်။ အဆိုပါ ဥပဒေများသည် စာရွက်ပေါ် တွင် ထွက်ပေါ်လာခြင်းမျှသာရှိသေးပြီး မည်မျှအကောင်အထည်အဖော်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ အဆင့်မြင့်ပုဂ္ဂိုလ်များလာရောက်မှုများရှိခဲ့ပါသည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Vijay Nambiar ၊ ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်အဖွဲ့၊ အမေရိကန်အထူး ကိုယ်စားလှယ် Derek Mitchell ၊ သြစတြေးလျနှင့် အင်ဒိုနီးရှားမှ နိုင်ငံခြားရေးဝန်ကြီးများ၊ မြန်မာနိုင်ငံလူ့အခွင့် အရေးကိစ္စအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana တို့ လာရောက်ကြပါသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကတိတွေထိုးပြီးပေးလာတာကိုတော့မဟုတ်ဘူးပေါ့လေ။ အမှန် တကယ်ပြောင်းလဲမှုတွေကို ထောက်ခံသင့်ပါတယ်။ ပူပန်နေတဲ့အစိုးရတွေက မြန်မာအစိုးရကို အခြေခံရပိုင်ခွင့် တွေတိုးမြှင့်ပေးနိုင်မယ့် စစ်မှန်တဲ့အဆက်မပြတ်ပြောင်းလဲမှုတွေလုပ်ဖို့ ဖိအား ပေးနေဆဲဖြစ်ပါတယ်”ဟု Pearson က ပြောပါသည်။ “ဒိကတိတွေ ဘယ်လောက်စစ်မှန်လဲ၊ ဘယ်လောက်ခရီးရောက်မလဲ၊ မြန်မာနိုင်ငံ က သာမန်ပြည်သူတွေရဲ့ ဘဝတွေဘယ်လောက်တိုးတက်အောင်လုပ်ပေးနိုင်မလဲဆိုတာ မသေချာသေးပါဘူး” ဟု ၎င်းကပြောပါသည်။

မဲခေါင်မြစ် တရုတ် ၁၃ ယောက်သတ်ခံရမှု ထိုင်းတပ်မတော် လက်ချက်မဟုတ်ဟု ထိုင်းအရာရှိများပြော


မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ် ဖြတ် ခံရခြင်းမှာ မိမိတို့ထိုင်းတပ်မတော်မှတပ်သား များ ၏လက်ချက် မဟုတ်သည်ကို အာမခံနိုင် ကြောင်း ထိုင်းတပ်မတော် အကြီးအကဲများကပြော သည်။

“ထိုင်းတပ်သား ၉ ဦး တရားရုံးရောက်တာဟာ တရုတ် ၁၃ယောက်ကိုသတ်ဖြတ်တယ်ဆိုတဲ့ဝန်ခံချက်သွားပေး တာ မဟုတ် ပါဘူး။ သူတို့ ၉ ယောက်အပေါ် ဘာပြစ်မှုတွေနဲ့ တရားစွဲ ဖို့ဆင့်ခေါ်တာလဲဆိုတာသိရအောင်လို့ တရားရုံးကိုသွားတာဖြစ် တယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းအမျိုးမျိုး အဖုံဖုံ ထွက်နေပေမယ့် ကျနော်တို့ တပ်မတော်သားကိုတော့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ထိုင်းတပ်မတော် ဖာမိုင်းတပ်မှူး ဗိုလ်ချုပ် ပရကန်း ချုန်းလယွတ် ကပြောသည်။

ထိုင်းစစ်သည် ၉ ဦးအား အောက်တိုဘာ ၂၈ ရက်က ထိုင်း ရဲအဖွဲ့မှခေါ်ယူ၍လူသတ်မှုနှင့်အလောင်းရွှေ့ ပြောင်း မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရယွတ်ု ဂျန်အိုးချားကလည်း - ထိုင်းစစ်တပ်အရာရှိ ၉ ဦးမှာ မိမိတို့ ပြစ်မှုကင်းစင်ကြောင်း သက်သေပြလို၍ ရဲအဖွဲ့ထံရောက်ရ ခြင်းဖြစ်ကြောင်းစနေနေ့ထုတ်ဘန် ကောက် ပို့စ်သတင်းစာတွင် ပြောကြားလိုက်သည်။

“ ကျနော်တို့သတင်းရတာကတော့ တရုတ် ၁၃ ဦးကိုသတ်ဖြတ်တာဟာ အဲဒီဒေသတဝိုက်မှာလှုပ်ရှားတဲ့ နော်ခမ်း တို့လက် ချက်ဘဲ။ ဘာလို့လဲဆိုတော့ အခင်းဖြစ်ပွါးတဲ့နေရာက ထိုင်းစစ်တပ်ထိန်းချုပ်နယ်မြေ ကိန်းဆဲန်နဲ့ ကီလိုမီတာ ၂၀ လောက် ဝေးတဲ့နေရာလေ။ အဲ့နေရာမှာ အသတ်ခံရလို့ကျိန်းဆဲန်မှာအလောင်း ကပေါလော လာပေါ်တာပေါ့။ ထိုင်းထိန်းချုပ်ရေ ပြင် မှာအသတ်ခံရရင် ဟိုးအကြေဖက်က ကျိန်းခေါန်ဖက်မှာ အလောင်းက ပေါ်မှာပေါ့။ နောက်ပြီး သတ်မယ့် သတ်ရင် ထိုင်းကနာမည်ပျက်ဘယ်ခံပါ့မလဲ။ အလောင်းကို တခြားမှာသွား ဖျောက်ပစ်လိုက်မှာပေါ့။ ဒါကြောင့် ကျနော်တို့ စစ်တပ်က လုပ်တာမဟုတ်နိုင်ဘူးလို့အာမခံ ရဲတာပါ” ဟု ထိုင်း အရာရှိတဦးက ပြော၏။

မြန်မာနှင့်လောဝ်တို့အား ညွန်းဆိုစွပ်စွဲခြင်းမဟုတ်။ သို့သော်အစုန်အဆန်လှေများအား ပြန်ပေးဆွဲခြင်းကုန် သည် များအား ဓါးပြတိုက် သတ်ဖြတ်ခြင်းလုပ်လေ့ရှိသော နော်ခမ်းအဖွဲ့လှုပ်ရှားရာ မြန်မာနှင့်လောဝ်ပိုင်နက် ရေပြင် တွင် ဖြစ်ပွားခဲ့သော ကြောင့် နော်ခမ်းလက်ချက်ဖြစ်နိုင်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မယ့်ဆိုင်နေ သျှမ်းအမျိုးသားတဦးက - တရုတ်၊ မြန်မာ၊ လောဝ်နှင့် ထိုင်းတို့ အလိုမရှိသော နော်ခမ်း တယောက် ၎င်းနှင့်ပတ်သက်၍မည်သည့်ဖြေရှင်းချက်မျှ မပေးပါက၎င်းအဖွဲ့သည်ဓါးစာခံဖြစ်လာ နိုင်ဘွယ်ရှိ ကြောင်း - သျှမ်းသံတော် ဆင့်အား ပြောသည်။

အောက်တိုဘာ ၅ ရက် က ထိုင်း-မြန်မာ-လာအိုအကြား ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ပေါ် အမည်မသိလက်နက် ကိုင် အဖွဲ့ တဖွဲ့၏ပြန်ပေးဆွဲခံရသော တရုတ်လှေ ၂ စီး မြစ်ထဲမျှောပါလာရာ နယ်စပ်လုံခြုံရေးစောင့် ဖာမိုင်း ထိုင်းစစ်တပ်နှင့်ပစ်ခတ် တိုက်ခိုက်မှုရှိခဲ့သည်။ အဆိုပါပစ်ခတ်မှုအပြီး ထိုင်းစစ်တပ်ကအလောင်း တလောင်း၊ ရာဘအပြား ၉ သိန်းကျော်သိမ်းဆည်း ခဲ့သည်။ အောက်တိုဘာ ၇ ရက် မှ လူသေအလောင်း ၁၂ လောင်း မဲခေါင်မြစ်အတိုင်းမျှောလာပြီး ထိုင်းနိုင်ငံ ကျိုင်းဆျဲန် မြို့နယ်တွင်တွေ့ရှိခြင်းဖြစ်သည်။

တရုတ်အစိုးရကအဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရားခံအမြန်ဆုံးဖေါ်ထုတ်ပေးရန် ထိုင်း မြန်မာ လောဝ်တို့ အားတောင်းဆိုထားပြီးမဲခေါင် မြစ်အတွင်းယာဉ်သွားလာ အားလုံးပိတ်ထားခဲ့သည်။

သတင်း - သျှမ်းသံတော်ဆင့်

၂၀၁၀ ရွေးကောက်ပွဲနှစ်ပတ်လည် နိုင်ငံရေးသမားတွေအမြင်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်းပြည့်တဲ့အချိန်မှာ အပြောင်းအလဲသစ်တွေ တွေ့မြင်လာနေရပြီလို့ ပြည်တွင်းပြည်ပက အားတက်သံတွေ ထွက်ပေါ်လာနေပေမဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူတွေ ကြားမှာတော့ သံသယတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း လစ်လပ်သွားတဲ့ လွှတ်တော်အမတ် နေရာတွေအတွက် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ အဓိက နိုင်ငံရေးအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မှတ်ပုံတင်ဖို့ စဉ်းစားနေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကြား ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ဖြစ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့တာ တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ ဒီမတိုင်ခင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ နောက်ဆုံး ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်မခံနိုင်ကြသေးတာပါ။ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်အောာင်မြင့်ကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုတယ် ဆိုပြီး မကြာသေးခင်ကပဲ ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ်စ် ဂျာနယ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့ သဘောထားမဟုတ်တဲ့အတွက် လက်ခံဖို့ခက်ခဲတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်းဖြစ်၊ ဇိုမီးအမျိုးသားကွန်ကရက်ပါတီရဲ့ ၁၉၉၀ ပြည့်နှစ်အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဦးကျင်ရှင်းထန်က ပြောပါတယ်။

“ကျနော်တို့အမြင်မှာလည်း အခြေခံဥပဒေကို လက်မခံနိုင်ဘူး။ ဒါကတစ်ခု။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်တဲ့သူတွေက အဲဒီအခြေခံဥပဒေကို အတည်ပြုပေးဖို့ဆိုတာ ထင်ရှားနေတယ်။ ဒါကို ကျနော်တို့ လက်မခံဘူး။ အခုနောက်ထပ် ရွေးကောက်ပွဲ ၂၀၁၀ မှာ လုပ်တယ်၊ အဲဒီ ၁၉၉၀ ကနေ ၂၀၁၀ အထိ ဒီလူတွေကို ဘာလို့ အသိအမှတ်မပြုသလဲ။ အဲဒါတွေက စဉ်းစားဖို့အများကြီးရှိတယ်။ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲ အားလုံးရပြီးတဲ့အခါမှာမှ အသိအမှတ်ပြုတယ်ဆိုတော့ အဲဒါကိုတော့ ဒီ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ လက်ခံလို့ကတော့ မဖြစ်တော့တဲ့သဘောရှိတယ်။ ဥပဒေထဲမှာထွက်လာတာ မဟုတ်ဘဲနဲ့ စာစောင်ထဲမှာထွက်လာတာလောက်ကတော့ မလုံလောက်ဘူးလို့ ကျနော် အဲဒီလို ယူဆပါတယ်။”

မြန်မာအစိုးရကတော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ လစ်လပ်သွားတဲ့ အမတ်နေရာတွေ အတွက် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပသွားဖို့ စီစဉ်နေတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံပေမဲ့ အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို လက်ခံတယ်ဆိုရင်တော့ ပါတီက CEC တွေ၊ တိုင်းစည်းတွေ၊ အောက်ခြေထုတွေရဲ့ ဆန္ဒတွေ၊ သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေကို ရယူပြီးမှသာ သူအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စကို စဉ်စားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒီနေ့က တစ်နှစ်ပြည့်တဲ့နေ့ပေါ့။ တစ်နှစ်ပြည့်တဲ့နေ့ ဆိုပေမဲ့ တကယ် ရွေးကောက်ပွဲက စပြီးတော့ ပြည်သူတွေ မျှော်လင့်သလိုမဖြစ်ပါဘူး။ ကျမတို့လည်း အဲဒီရွေးကောက်ပွဲကစပြီးတော့ မကျေနပ်တာပါ။ တကယ့်မှန်မှန်ကန်ကန် ပြည်သူကြိုက်တဲ့အစိုးရမှ မတက်ရသေးတာ။ အထူးသဖြင့်ကတော့ သူတို့ရဲ့ ကြံ့ဖွံ့တွေပဲ နေရာများများယူပြီးတော့ သူတို့ပဲ အုပ်ချုပ်စီမံနေတာပဲ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်မပေးလို့ စစ်အာဏာရှင်အစိုးရက အနှစ် ၂၀ ကျော် လုပ်ချင်တိုင်း လုပ်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်နေတာ။ အဲဒီတော့ ဒါကိုပြန်ပြီးတော့ ဖော်မယ်၊ ကျမတို့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့သွားမယ်ဆိုရင် နိုင်ငံမှာ အများကြီး တိုးတက်လာမယ်လို့ ထင်ပါတယ်။ အခု ကျမတို့ရဲ့ အဓိကက ညီညွတ်မှုပါပဲ။ CEC ရဲ့ သဘောထား၊ CC ရဲ့ သဘောထား၊ တိုင်းရဲ့သဘောပါ။ အဲဒီအများစုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျမတို့လိုက်မှာပါ။”

ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း သူတစ်ဦးတည်းအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ကိစ္စကို လက်မခံပေမဲ့ အားလုံးရဲ့ ဆန္ဒသဘောထားတွေ ပါမှသာ လက်ခံမယ်လို့ ဆိုပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲကတော့ အစ်မတစ်ယောက်တည်း ဆန္ဒနဲ့ဆိုရင်တော့ မ၀င်ချင်ဘူးလို့ပဲ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမတို့ရဲ့အဖွဲ့က လူကြီးတွေရဲ့သဘောထားရော၊ ပြည်နယ်တိုင်းတွေရော၊ CEC တွေရော ဆုံးဖြတ်တယ်ဆိုရင်တော့ အစ်မ လက်ခံပါတယ်။”

ဦးကျင်ရှင်းထန်ကတော့ ကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်နေရာကိုသာ ၀င်ရောက်ယှဉ်ပြိုင် ရမှာ ဖြစ်တဲ့အတွက် သူတို့ဒေသတွေမှာတော့ လစ်လပ်နေရာ မရှိတဲ့အတွက် ဖြစ်နိုင်ခြေမ ရှိကြောင်းတွေကို ထောက်ပြပြောဆိုပါတယ်။ လက်ရှိအနေအထားမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ခေါင်းဆောင်တွေ အနေနဲ့ ပါတီမှတ်ပုံတင်မတင်၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မ၀င်ဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှုရှိမရှိ ဆိုတာတွေကိုမူတည်ပြီး လက်ခံစဉ်းစားသွားဖို့ သဘောထားတွေရှိကြောင်း ပြောဆိုနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် တိုင်းနဲ့ပြည်နယ် အသီးသီးကခေါင်းဆောင်တချို့ ကတော့ အောက်ခြေထုရဲ့ သဘောထားဆန္ဒတွေကို မေးမြန်းဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ခေါင်းဆောင်တွေကို တင်ပြထားတာပါ။ ဒီအတွက် ဒီကိစ္စကို လွယ်လွယ်နဲ့ ဆုံးဖြတ်ဖို့ ခက်ခဲနေကြောင်း ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုနေကြပါတယ်။


သတင်း....VOA

နိုဝင်ဘာလ(၇)ရက်နေ့ စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကိုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်




နိုဝင်ဘာလ(၇)ရက်နေ့ မနက်ပိုင်းက Chatrium Hotel တွင်ပြုလုပ်နေသည့် စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ.. Burma VJ

07 November 2011

အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံ တွေ ကို အခု လို ဆိုင် တွေ မှာ ရောင်းချ လို့  ရနေ ပြီ


အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံ တွေ ကို အခု လို ဆိုင် တွေ မှာ ရောင်းချ လို့  ရနေ ပြီ လို့  Wall Street Journal မှာ ဖော်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့်စတင်ပါ

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့် စတင်ပါ

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့

မြန်မာအစိုးရအနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့မှုအပေါ်တွင် တိုးတက်မှုဖြစ်စဉ်တစ်ခုဟု သာမန်အားဖြင့်မြင်နိုင်သော်လည်း အဓိကကျသော တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ အမတ်များနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ လွတ်မြောက်လာခြင်းမရှိသည့်အတွက် သံသယဖြစ်စရာ ဖြစ်နေပါသည်။

ထိုကြေညာချက်အရ လွတ်မြောက်လာသူ ၆၃၅၉ ဦး အနက် နိုင်ငံရေးအကျဉ်းသားမှာ မိမိတို့ အေအေ ပီပီ စာရင်းအရ ၂၄၀ ဦးသာ ပါဝင်ခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏ ပထမအကြိမ်ပေးသော လွတ်ငြိမ်းချမ်းသာခွင့် တွင်လည်း လွှတ်ပေးသူ ၁၄၆၀၀ အနက် နိုင်ငံရေးအကျဉ်းသားမှာ မိမိတို့၏စာရင်းအရ ၇၂ ဦးသာ ပါဝင်ခဲ့သည်။

ပိုဆိုးသည်မှာ မြန်မာအစိုးရဖက်မှ ယနေ့အထိ နိုင်ငံရေးအကျဉ်းသားမ ရှိပါဟု ငြင်း ဆိုနေခြင်းဖြစ်သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်မူ မြန်မာအစိုးရ ကိုယ်စားလှယ် အချို့က နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်လွှတ်ပေး လိုက်သည်ဟု ရှေ့နောက်မညီ ပြောဆိုနေကြပြန်ပါသည်။ ဤအချက်သည် မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံများသဖွယ် သဘောထား၍ နိုင်ငံတကာနယ်ပယ်တွင် နိုင်ငံရေးအမြတ်ရရေးအတွက် ကစားပွဲတစ်ခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ထင်ရှားနေ ပါသည်။

နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် အေအေပီပီ အပါအ၀င် အတိုက်အခံများအကြား ကွဲလွဲမှုများရှိနေခြင်းသည် နိုင်ငံရေးယုံကြည်ချက်နှင့် ထိုနိုင်ငံရေးယုံကြည်ချက်အရ လုပ်ဆောင်မှု များကြောင့် အကျဉ်းကျနေသူများနှင့် ၎င်းတို့၏ တန်ဖိုးများအပေါ်ထားရှိသည့် သဘောထားများ မတူညီခြင်းကြောင့် ဖြစ်ပါသည်။

အေအေပီပီမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သော “မည်သူတို့အား နိုင်ငံရေး အကျဉ်းသားအဖြစ်သတ်မှတ်သည်” ဆိုသည့် သတင်းထုတ်ပြန်ချက်တွင် “ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒ ပြခြင်းဖြင့် လည်းကောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင်တက်ကြွစွာပါဝင် လှုပ်ရှားခြင်း (သို့မဟုတ်) အားပေးထောက်ပံ့ကူညီခြင်း (သို့မဟုတ်) ထိုသို့ပါဝင်သည် ထောက်ပံ့ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ ထောင်အသီးသီး၊ ရဲဘက်စခန်းများနှင့် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်” ဟု အတိအလင်း အဓိပ္ပါယ် ဖွင့်ဆိုထာပြီးဖြစ်သည်။

မိမိတို့ အေအေပီပီမှ သတ်မှတ်ထားသည့် ဤသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့် အညီ အေအေပီပီမှ ကောက်ခံရရှိထားသော စာရင်းဇယားများအရ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၆၆၈ ဦးသည် အကျဉ်းထောင်များ အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်။ မိမိတို့အေအေပီပီအပါအ၀င် ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများမှ စုဆောင်းထားသော နိုင်ငံရေး အကျဉ်းသား စာရင်းဇယားများမှာ မှန်ကန်မှုမရှိဟု တဖက်သတ်ငြင်းဆိုနေမည့်အစား မှန်ကန်သည်ဆိုသည့် ၎င်းတို့၏စာရင်းကို အမြန်ဆုံး တရားဝင်ထုတ်ပြန်ကြေညာပေးရန် မြန်မာအစိုးရတွင် တာဝန်ရှိပါသည်။

မြန်မာအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် သို့မဟုတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို အမှန်တကယ် ဆောင်ရွက်မည်ဆိုလျှင် ...

• ပထမအဆင့်နေဖြင့် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံးကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် လက်ခံအသိအမှတ်ပြုပေးရမည်။
• ဒုတိယအဆင့်အနေဖြင့် မည်သူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သည်ဆိုသည်ကို ရှင်း လင်းစွာထုတ်ပြန်ပေးရမည်။
• တတိယအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်းအတိအကျကို လူသိရှင်ကြား ထုတ်ပြန်ပေးရ မည်။
• စတုတ္ထအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး ပြန် လည်လွတ်မြောက်လာသူ အားလုံးကိုလည်း ၎င်းတို့၏ ယုံကြည်မှုများအရ နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်လှုပ်ရှားခွင့်ပြုရမည် ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စာရင်းအမှန်ရနိုင်ရန် နိုင်ငံတကာမှလည်း အကြံပြုချက်များ တောက်လျှောက်ပေး နေသည်ကိုတွေ့ရသည်။ မိမိတို့အေအေပီပီမှလည်း အပြုသဘောဆောင်သော အကြံဉာဏ်များ၊ တိုက်တွန်းမှုများ ပေးလိုပါသည်။

မြန်မာအစိုးရနှင့် တောက်လျှောက် ပူးတွဲလုပ်ကိုင်နေသော အိုင်စီအာစီကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ခံနေသော အဖွဲ့အစည်းများ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ဦးဆောင်သည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် စသည်တို့နှင့်ပူးတွဲ၍ အဖြေရှာမည်ဆိုလျှင် ရလဒ်ကောင်းများထွက်ပေါ်လာနိုင်သလို ပြည်တွင်းပြည်ပ၏ အသိအမှတ်ပြုမှု၊ ယုံကြည်မှုများကို တိုးပွားလာစေ မည်ဖြစ်ပါသည်။

ထိုသို့ လုပ်ဆောင်မည်ဆိုပါက မိမိတို့အေအေပီပီအနေဖြင့်လည်း လိုအပ်သည့်အထောက်အထားများ ကို ကြိုးစားရှာဖွေ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။



နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀
--

ကျောက်ဖြူ မဒေးကျွန်းတွင် ရေနံတိုင်ကီများ စတင် တည်ဆောက်ပြီ


တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရေနံ စိမ်းများ သိုလှောင်ရန် အတွက် ဆီတိုင်ကီ ( Oil Tanks ) များကို စတင် တည်ဆောက်နေပြီ ဖြစ်သည်။

အဆိုပါ ကျွန်းပေါ်မှ အငယ်တန်း အင်ဂျင်နီယာာ တစ်ဦးက ရေနံတိုင်ကီများနှင့် အဆောက်အအုံများ ဆောက်လုပ်နေကြောင်းကို ယခုလို ပြောသည်။

" ဟုတ်ပါတယ် ဆီတိုင်ကီ တွေကို စတင်ဘာလက စပြီးတော့ လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ အခုလောလောစဉ်တော့ အောက်ခံ ဖောင်တည်းရှင်း ကို ဦးစွာ ပထမ ပြူလုပ်နေတယ် ၊ အခုတော့ မြေတွေကို စက်တွေနဲ့ တူးဖော်တဲ့ အဆင့်လောက်ပဲရှိသေးတယ်။ ဒါပေမယ့် တဘက်မှာ ကွန်ကရက် ကန်တွေ ဖေါင်းဒေရှင်းကို စလုပ်နေပြီ ဖြစ်ပါတယ်" ဟု ပြောသည်။

ရေနံတင် ဆိပ်ကမ်းနှင့် ရေနံစိမ်းတိုင်ကီများကို လာမည့်နှစ် နှစ်လည်ပိုင်းတွင် အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း သူက ပြောသည်။

" အဲဒီ ရေနံတင်ကီတွေက အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းက လာတဲ့ ရေနံစိမ်းတွေကို သိုလှောင်မှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်ကို စတင် ပို့လွှတ်မှာ ဖြစ်ပါတယ်။ အခုတော့ နေ့ဆိုင်း ညဆိုင်း အသုံးပြုပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ တည်ဆောက်တာကတော့ တရုတ်အင်ဂျင်နီယာတွေ ဦးဆောင် တည်ဆောက်နေတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

တရုတ်များသည် အဆိုပါ ရေနံစိမ်းများ သိုလှောင်ရန် အတွက် တိုင်ကီများ၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် မြန်မာနိုင်ငံမှ ဘိလပ်မြေများကို အသုံးပြုခြင်း မရှိဟု သူက ပြောသည်။

" ကျနော်တို့ ဒီလုပ်ငန်းခွင်မှာ မြန်မာပြည်က ပစ္စည်းတွေကို အသုံးပြုတာ နည်းပါတယ်။ အကုန်လုံး တရုတ်က လာတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဘိလပ်မြေတွေ ဆိုရင်လည်း မြန်မာပြည်က ဟာတွေကို အသုံးမပြုပါဘူး ဘာလို့လည်းဆိုတော့ မြန်မာက ဘိလပ်မြေ ဈေးတွေလည်းကြီးတယ်။ ဘိလပ်မြေ မှုန့်တွေလည်း မသန့်ဘူး။ တရုတ်တွေ ကိုယ်တိုင် နိင်ငံခြား ပညာရှင်တွေခေါ်ပြီး ဓါတုပစ္စည်းတွေနဲ့ ဖော်စပ်ပြီး ကိုယ်တိုယ် အမှုန့်ကြိတ်ပြီး သဲ ၊ ကျောက်တွေ နဲ့ ရောစပ်ပြီးတော့ ဘိလပ်မြေတွေ ထုတ်လုပ်ပါတယ်။ ဒါအတွက်လည်း တရုတ်က လိုအပ်တဲ့ စက်ကရိယာတွေကို မှာယူတင်သွင်းပါတယ်" ဟု ပြောသည်။

သို့သော်လည်း မြန်မာက ကုန်ကြမ်းပစ္စည်းများကို သုံးစွဲကြောင်းနှင့် တရုတ်က မည်သည့် ပစ္စည်းကို မဆို သင်္ဘောကြီးများဖြင့် အစစ်အဆေး မရှိ သယ်ယူ လာယူလာပြီး အဆိုပါ စီမံကိန်းတွင် အသုံးပြုကြောင်း သူကဆက်ပြောသည်။

တရုတ်သို့ တင်ပို့မည့် ရေနံပိုက်လိုင်း ကီလို မီတာ ၂,၃၈၀ ခန့် ရှည်လျားပြီး မြန်မာနိုင်ငံအတွင်း သို့ ကီလိုမီတာ ၈၀၀ ခန့် သွယ်တန်းသွားမည် ဖြစ်သည်။ တစ်နှစ် လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်မည် ဖြစ်သည်။

၎င်းအပြင် တရုတ်သို့ တင်ပို့မည့် ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် သဘာဝဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလျံခန့်ကို ရခိုင် လုပ်ကွက်ရှိ A (၁) နှင့် A (၃) လုပ်ကွက်များမှ တစ်ဆင့် တင်ပို့မည် ဖြစ်သည် ။

မဒေးကျွန်းရေနက်ဆိပ်ကမ်းရှိ စီမံကိန်းထဲတွင် တန်ချိန် သုံးသိန်း ရေနံတင်ဆိပ်ကမ်း၊ ၂ ဒသမ ၉ ကီလိုမီတာရှိ ရေလမ်း ကြောင်းတစ်ခု၊ အရှည် မီတာ ၁၅၀ ရှိ တန်ချိန် ၅,၀၀၀ သင်္ဘောများ ရပ်နိုင်သည့် ဆိပ်ခံ တံတားတစ်ခု၊မီတာ ၄၈၀ ရှိ တန်ချိန် သုံးသိန်း ရေနံတင် ဆိပ်ခံ တံတား တစ်ခု၊ ကုဗမီတာ ခြောက်သိန်း ခန့်ကျယ်သော ရေလှောင်ကန်တို့ ပါဝင်မည်ဖြစ်သည်။

အဆိုပါ ဆိပ်ကမ်းနှင့် ရေနံတင် စီမံကိန်း အတွက် မဒေးကျွန်းတွင် လယ်မြေ အများအပြားကို လျော်ကြေးငွေ အနည်းငယ်ပေးပြီး သိမ်းယူသွားသဖြင့် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသော ဒေသခံများမှာ လယ်မဲ့ ယာမဲ့ ဘ၀သို့ ကျရောက်နေကြောင်း သိရသည်။

သတင်း...နိရဉ္စရာ

ခွေးရူး အကိုက်ခံရသည့် မောင်တောမှ ကလေး ၂၀ နီးပါး ဆေးဝါး မလုံလောက်၍ စိုးရိမ်ရ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့တွင် တစ်နေ့တည်း၌ ကလေး ၂၀ နီးပါး ခွေးရူး အကိုက်ခံရပြီး အဆိုပါ ကလေးများကို ကုသရန် မောင်တောဆေးရုံတွင် ဆေးဝါး အလုံလောက် မရှိသဖြင့် သူတို့အတွက် စိုးရိမ်ရကြောင်း မိသားစု အသိုင်းအ၀ိုင်းက ပြောသည်။

" ကလေး (၄) ဦးအတွက်ဘဲ ခွေးရူးကုတဲ့ ဆေးရှိတယ်။ ဒါကြောင့် အများစု ကလေးတွေက ဆေးကုသမှု မခံယူရဘဲ ဖြစ်နေတယ်။ အခုသူတို့ အတွက် စိုးရိမ်နေရပါတယ်" ဟု ပြောသည်။

ခွေးရူးကိုက်ခံရသည့် ကလေးများမှာ မောင်တောမြို့ပေါ်နှင့် သုံးမိုင်၊ လေးမိုင်နှင့် ဝေသာလီကျေးရွာ မှ ဖြစ်ကြသည်။

ကလေးများမှာ လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့က တရက်တည်းတွင် အကိုက်ခဲ့ ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံတဦး ကလည်း အတည်ပြု ပြောသည်။ သို့သော်လည်း ခွေးရူးကိုက်ရာတွင် ပုံမှန် ခြေအောက်ပိုင်းကို ကိုက်ခြင်း မဟုတ်ဘဲ မျက်နာနှင့် ဦးခေါင်းကို ကိုက်သည်ဟု သိရသည်။

အကိုက်ခံရသည့် ကလေးများကို သူက ယခုလို ပြောသည်။

" သုံးမိုင်နဲ့ လေးမိုင် ရပ်ကွက်က ၁၂ ယောက်၊ မောင်တောမှာ ၈ ယောက်ခန့် အကိုက်ခံရတယ်။ တနေ့တည်းမှာ အ ကိုက်ခံရတာ။ ကျွန်တော်အိမ်က ခွေး လည်းရူးလို့ မနေ့က သတ်ပစ်လိုက်ရတယ်။ အကိုက်ခံရတဲ့ ကလေးတွေက ဆေရုံတက်နေကြတယ် ။လေးမိုင်ကလေးတွေနဲ့ ဝေသာလီက ကလေးတွေ အားလုံး က မျက်နှာမှာ အကိုက်ခံရတယ်။ မောင်တောမှာတော့ စံပြရွာနဲ့ ရွာသစ်ရွာက ကလေးတွေ အကိုက် ခံရတယ်။"

ယခုကဲ့သို့ ဆေးရုံသို့ ခွေးရူးအကိုက်ခံရသည့် ကလေးများ ဆေးကုသရန် တက်ရောက်နေကြ သော် လည်း ဆေးရုံတွင် ဆေးမရှိသည့်အတွက် ကလေး ၂၀ ယောက်တွင် ၄ ဦးသာ ခွေးရူးဆေးထိုး ရပြီး ကျန် ကလေးများမှာ ယခုအချိန်ထိ ဆေးမထိုးရသေးကြောင်း၊ သူတို့ အနေဖြင့် မည်သို့ လုပ်ကိုင်ရမည်ကို မသိကြောင်း လေးမိုင် ရပ်ကွက်မှ မိဘ တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောဆေးရုံသို့ ဆက်သွယ်မေးမြန်ရာ တာဝန်ကျဆရာဝန် တဦး က ယခုကဲ့သို့ ပြောသည်။

" အခု ဆေးရုံအုပ်ကြီး အစည်းအဝေး တက်နေပါတယ်။ ဆေးရုံအုပ်ကြီးလာမှ မေးပါ။ သူဘဲ ပြောခွင့်ရှိ တယ်။ ပြီးတော့ ဆေးရုံ သတင်းကို ဆေးရုံ အုပ်ကြီးမှ အပ ဘယ်သူမှ မပြောရဆိုပီး ကျန်းမာရေး ၀န်ကြီးဌာနက တားထားပါတယ်" ဟု ပြောသည်။

မောင်တော လေးမိုင်ရှိ ဆေးခန်းတခုကလည်း ကလေးများ ခွေးရူး ကိုက်ခံရပြီး ဆေးရုံ တင်ပို့ထားသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အရေအတွက် အတိအကျကို သူ့အနေနှင့် မသိရှိကြောင်း ပြောသည်။

ယခုအခါ ကလေးများကို ကိုက်ခဲ့သည့်ခွေးရူးတချို့ကို ကျေးရွာသားများက သတ်ပစ်ပြီးဖြစ်သော် လည်း မောင်တောမြို့တွင် ခွေးလေခွေးလွင့်များ ပေါများနေပြီး သက်ဆိုင်ရာ ဌာနများမှ တစုံတရာ အရေးယူ လုပ်ဆောင်ခြင်း မရှိသည့်အတွက် လမ်းသွားလမ်းလာများနှင့် ကလေးမိဘများက ခွေးရူးအကိုက် ခံရမည့် အန္တရာယ်ကို အထူး စိုးရိမ်နေကြကြောင်း အဆိုပါ မောင်တောမြို့ခံကပြောသည်။

သတင်း..နိရဉ္စရာ သတင်းဌာန

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆောင်နိုင်ဖွယ်ရှိ

(The National မှ၊ 5 Nov 2011 ရက်စွဲပါ Political reforms could woo Suu Kyi ကို YC မှဘာသာပြန်ဆိုသည်)

နိုင်ငံရေးပါတီများနှင့် ပတ်သက်သော ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို မြန်မာသမ္မတဦးသိန်းစိန် လက် မှတ်ရေးထိုးလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအနေဖြင့် လက်ရှိနိုင်ငံရေးစနစ်ကို လက်သင့်ခံပြီး တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်လာရန် အားပေးအားမြှောက်ပြုသည့် ကြိုးပမ်းချက်တစ်ရပ် ဖြစ်ဟန်ရှိသည်။

အမေရိကန်ပြည်ထောင်စု သံတမန်များက မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များ ရှေ့ဆက်လုပ်ဆောင်သွားနိုင်ရေးအတွက် အားပေးအားမြှောက်ပြုရန် မြန်မာသို့ လာရောက်လည်ပတ်သည့် ခရီးစဉ်များပြီးဆုံးသွားပြီးနောက် သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပေဒ ပြင်ဆင်မှုကို အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်ခြင်း ဖြစ်သည်။

အကယ်၍ NLD သာ တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်ဆိုပါက ယနေ့အချိန်အထိ အစီအစဉ် ရေးဆွဲခြင်း မရှိသေးသော ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သို့သော် NLD အနေဖြင့် နှစ်ပေါင်း ၂၀ ကျော်မျှရရှိခဲ့သည့် အောင်မြင်ကျော်ကြားမှုကို ယင်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စမ်းသပ်ကြည့်ရှုနိုင်မည် ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို နိုင်ငံရေးလောက ထဲသို့ ပြန်လည်ဝင် ရောက်နိုင်အောင် လမ်းဖွင့် ပေးခြင်းကြောင့် ပြည်တွင်းနှင့် ပြည်ပတွင် ကြီးမားသော တရားဝင်ဖြစ်မှုနှင့် အောင်မြင်မှုကို ဖန်တီးနိုင်မည်ဖြစ်သည်။ အကြောင်းမှာ NLD သည် အဆိုပါ ဥပဒေကို မကျေနပ်သောကြောင့် ယမန်နှစ်အတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်ခဲ့သောကြောင့် ဖြစ်သည်။

ဦးသိန်းစိန် လက်မှတ်ရေးထိုးအတည်ပြုပေးလိုက်သည့် ဥပဒေပြင်ဆင်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်နိုင်မည်ဖြစ်သလို ရွေးကောက်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ မူလက ယင်းဥပဒေကို ယခင် စစ်အစိုးရက ရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ ဖမ်းဆီးအကျဉ်းကျ ခံထားရသူများအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီတွင် ပါတီဝင်ဖြစ်ခွင့် မရှိပေ။ သို့အတွက်ကြောင့် အကယ်၍ NLD သာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအဖြစ်ကျင်းပသည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီမှ နုတ်ထွက်ပေးရမည် ဖြစ်သည်။

06 November 2011

မကြာသေးမီမှ လွတ်မြောက်လာသော နိုင်ငံရေးသမား၈ဦးအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်အမေရိကန်အထူးကိုယ်စားလှယ် တွေ့ဆုံခဲ့


နိုဝင်ဘာလ ၄ရက်နေ့တွင် အမေရိကန် လက်ထောက် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် အလုပ်သမား နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် တို့မှ မကြာသေးမီမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၈ဦးခန့်ကိုခေါ်ပြီး လက်ရှိကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားကျန်းမာရေးအခြေအနေနှင့် အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်ပြီး သဘောထားများကို ပြည်လမ်းရှိ အမေရိကန်သံရုံးတွင် တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သော နိုင်ငံရေးအကျဉ်းသားများ ထံမှ သိရသည်။

“အဓိကမေးတာကတော့ ကျွန်မတို့လွတ်လာပြီ နောက်ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးကရော ဘယ်လိုအခက်အခဲရှိလဲဆိုတာပေါ့ ဘာတွေလိုအပ်နေသလဲဆိုတာတွေကို သူတို့မေးတယ်” ဟုခန္တီးထောင်မှ လွတ်မြောက်လာသော မစုစုနွေးက ပြောသည်။

အမေရိကန်မှ အထူးကိုယ်စားလှယ်များမှ တွေ့ဆုံဆွေးနွေးခဲ့သူများမှာ အန်အယ်လ်ဒီအဖွဲ့ချုပ်မှ မစုစုနွေး ၊ မထက်ထက်ဦးဝေ ၊ ရုပ်ရှင်သရုပ်ဆောင် ကိုသူရ(ခေါ်)ဇာဂနာ ၊ ၈၈မျိုးဆက်သစ်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး နှင့်အခြားသော နိုင်ငံရေးအကျဉ်းကျခံခဲ့ရသူများလည်း ပါရှိကြောင်းသိရသည်။

အန်အယ်လ်ဒီပါတီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်မည်ဆိုပါက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအနေဖြင့် မည်သို့သော သဘောထားရှိကြောင်းကို အမေရိကန် လက်ထောက် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် အလုပ်သမား နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာမှ မေးမြန်းခဲ့ကြောင်းသိရသည်။

“အမေစုဝင်ရင် ကျွန်မတို့လည်း အမေစုရဲ့ လမ်းစဉ်နောက်ကိုဘဲလိုက်မှာ မဲထည့်ဖို့ကလည်း အမေစုဘက်ကဘဲလိုက်မှာပါ ကျွန်မတို့ အန်အယ်လ်ဒီအဖွဲ့ခေါင်းဆောင်ရဲ့ညွှန်ကြားမှုကို ကျွန်မလက်ခံပါတယ်” ဟုမစုစုနွေးမှ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ကြောင်း ပြောပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှလည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးလိုအပ်ချက်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

“ဒဲရက်မစ်ချဲလ်ကပေါ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးမေးတယ် နောက်ထောင်ထဲက ကျန်းမာရေးအခြေအနေကလည်း မကောင်းဘူး အမြန်ဆုံးလွှတ်ပေးစေချင်တယ် နောက် ICRC တွေကိုလည်း ထောင်ထဲက ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းဖို့ ထောက်ပံ့ဖို့ လုပ်ပေးစေချင်တယ် ထောင်ထဲမှာက ထောင်ဆရာဝန်တွေဘဲရှိတာ “ဟု မစုစုနွေးမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့သည် နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံသော အချိန်တိုင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား များအား ပြန်လည်လွှတ်ပေးရန်အတွက်ကို အမြဲထည့် သွင်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြောပြခဲ့သည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

နိုင်ငံရေးအကျဉ်းကျခံရသူများ အတွက် အသက်မွေးဝမ်းကြောင်းလိုင်စင်နှင့် ကျောင်းပြန်တက်ရခွင့်ရရှိရေးသတင်းစာရှင်းလင်းပွဲ







နိုင်ငံရေး ကြောင့် အကျဉ်းကျပြီးနောက် အသက်မွေးဝမ်းကျောင်းလိုင်စင်နှင့် ကျောင်းပြန်တက်ခွင့် ပိတ်ပင်ထားမှုများ ပြန်ရရှိရေး နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အိုလံပစ်တာဝါတွင် ပြုလုပ်ခဲ့သည်။

ယနေ့ ရှင်းလင်းပွဲကို လိုင်စင်ပိတ်သိမ်းခံထားရသော ရှေ့နေဥိးအောင်သိန်းနှင့် အခြားသော နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေ၊ ဆရာဝန်များပါဝင်ကာ ရှင်းပြခဲ့သည်။

ယနေ့ကျင်းပသော နိုင်ငံရေး အကျဉ်းကျခံရသူများ၏ ရပိုင်ခွင့်နှင့် ပတ်သက်သည့် ရှင်းလင်းပွဲ

နိုင်ငံရေးမှုကြောင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံခဲ့ရသူများအနက် ပြန်လည် လွတ်မြောက် လာသော ရှေ့နေများ ကျောင်းသားများနှင့် ဆရာဝန်များအတွက် အသက်မွေး ၀မ်းကျောင်း လိုင်စင်နှင့် ကျောင်းပြန်တက်ခွင့်တို့မှာ လက်ရှိ အခြေခံ ဥပဒေအရ ရရှိသင့်သည့် အခွင့်အရေးများ ဖြစ်သဖြင့် လူအခွင့်အရေး ကော်မရှင် က ဖြေရှင်းပေးသည့် သည်ဟု ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။

“ကျွန်တော်တို့ Rights ကိုဒီနေ့ပယ်ပယ်နယ်နယ် သိမ်းခံထားရတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ တံခါးကို ကျွန်တော်တို့လက်နဲ့ ခေါက်ဖွင့်ပြီး တောင်းမယ်” ဟု ၎င်းကို လိုင်စင်မဲ့ ရှေ့နေဟု ရည်ညွှန်းခေါ်ဆိုသူ ဦးအောင်သိန်းက ပြောပြသည်။

၎င်းကပင် သက်မွေးဝမ်းကျောင်း လိုင်စင်မှာ မိမိတို့၏ အခွင့်အရေး ဖြစ်၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖြေရှင်းပေးခြင်း မပြုနိုင်ပါက သမ္မတ ဦးသိန်းစိန်ထိ တင်ပြသွားမည်ဟု ပြောသည်။

ဆမ(ဆေးကုခွင့်လိုင်စင်) ပိတ်သိမ်းခံထားရသူ ဆရာဝန် ဦးဇော်မြင့်မောင် ကလည်း “ ကျွန်တော်တို့နိုင်ငံရေးဘ၀က ရှိပြီးပြီ သပ်သပ်စီဆက်သွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် လူမှုဘ၀ကိုပြန်လိုချင်တယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံဆရာဝန်များအသင်းနှင့် ဆေးကောင်စီက အဝေးရောက်နေသည့် ဆရာဝန်များကို ပြန်လာပြီး နိုင်ငံပြန် လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ရန်ခေါ်သကဲ့သို့ နိုင်ငံရေးကြောင့် ထောင်ချခံရကာ ဆမ အသိမ်းခံထားရသည့် ဆရာဝန်များအတွက်လည်း စဉ်းစားသင့်သည် ဟု ၎င်းကပြောခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံရေးမှုဖြင့်ထောင်ဒဏ်ကျရောက်ခဲ့သော ကျောင်းသားကျောင်းသူများ ဖြစ်သော ကိုအာကာဘို ကိုရဲမင်းဦး မဖြိုးဖြိုးအောင် မနွဲ့နှင်းရည် (ခေါ်) နိုးနိုးနှင့် ဆရာဝန်း(၂)ဦး ၊ကျောင်းသား/သူ(၅)ဦး၊ရှေ့နေ့(၁၈)ဦးတက်ရောက် ခဲ့ပြီး ၊သတင်းဌာနာမှာ သတင်းစာဆရာ (၂၅)ဦးတို့
တက်ရောက် ခဲ့ပါသည်။

၎င်းတို့အထဲမှ မနိုးနိုးက “အရင်နိုးနိုး အထဲမှာတုန်းကတော့ နိုးနိုး အကိုက ကျောင်းသွားအပ်တာ လူကိုယ်တိုင်လာဖို့ ကျောင်းက ပြောလွှတ်တယ်။ ဟိုတလောက ရပ်ကွက်ရုံးကတော့ ကျောင်းဆက်တက်ဖို့ အစီစဉ်ရှိရင် သူတို့ကူညီပါ့မယ်လို့ ပြောတယ်။ လုပ်တော့မကြည့်ရသေးဘူး” ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းဆိုပြီးပေါ်လာပြန်ပေါ့. ဗွီအိုအေ(ရုပ်သံ)



ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ ဒေါ်ခင်စိုးဝင်းတို့ ဘန်ကောက်မြို့တွင်တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ၊ ဗွီအိုအေ၊ နိုဝင်ဘာ ၄ ရက်။၊ ၂၀၁၁)

မြန်မာ့ပြုပြင်ပြောင်းလဲမှုအတွက် မျှော်လင့်ချက်ရှိလာသော အမေရိကန်အစိုးရက မက်လုံးပေးရန် ပြင်ဆင်

(AFP News မှ 5 Nov 2011 ရက်စွဲပါ “Hopeful US eyes incentires for Myanmar reform” သတင်းကို YC မှဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ကနဦးစတင်ပြောင်းလဲနေမှုများကြောင့် အားတက်မိပြီး ပြုပြင်ပြောင်းလဲမှုကို အားပေးရန် အသေးစားချေးငွေအစီအစဉ် တိုးချဲ့ခြင်း အပါအဝင် ဆောင်ရွက်မှုအသစ်များကို လေ့လာမည်ပာု အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ပထမဦးစွာ အမေရိကန်အစိုးရ၏ လူ့အခွင့်အရေးကိစ္စကိုင်တွယ်သူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mike Posner က တိုင်းရင်းသား လူမျိုးစုများနှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် မြန်မာအစိုးရ၏ ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ပြောင်းလဲတိုးတက်မှု လက္ခဏာများကိုလည်း တွေ့မြင်ရကြောင်း ပြောကြားသည်။

“အဲ့ဒီမှာ အားတက်စရာ ကောင်းတဲ့ လုပ်ဆောင်မှုတွေ လက္ခဏာတွေ ရှိနေပါပြီ။ လုပ်ပြီးသွားတဲ့ ကိစ္စတွေနဲ့ အခုကောင်းကောင်းလာနေတဲ့ ကိစ္စတွေကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ ကျွန်တော်တို့ ရှေ့ကိုဆက်သွားဖို့ လိုအပ်ပါတယ်။ ဒီအပေါ်မှာ အခြေခံရမှာပါ” ပာု Mike Posner က နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြောဆိုခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် တပ်မတော်က အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့သော မြန်မာနိုင်ငံ(သို့) ကမ္ဘာက Burma ပာု ခေါ်ဝေါ်ကြသော နိုင်ငံသို့ စက်တင်ဘာလနောက်ပိုင်း ၃ ကြိမ်မြောက် ရောက်ရှိလာသူ အမေရိ ကန်အစိုးရ အထူးကိုယ်စားလှယ် Derek Mitchell နှင့်အတူ Mike Posner လိုက်ပါလာခြင်းဖြစ်သည်။

အမေရိကန်အထူးကိုယ်စားလှယ် Derek Mitchell က “ ၂၀၀၉ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် တွေ့ထိဆက်ဆံခဲ့သော အိုဘားမား အစိုးရ အနေဖြင့် မြန်မာတို့၏ ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်နိုင်ရန် အဆင်သင့် ရှိနေသော်လည်း Sanctions များ အဆုံးသတ်ရေးမှာမူ ကွန်ရက်မှ အတည်ပြုရန် လိုအပ်သည်ပာု Derek Mitchell က ဆိုပါသည်။

ဝါရှင်တန်မှာတော့ ဖိအားပေးတဲ့ဖက်ကိုပဲ သဘာဝအလျောက် တရွေ့ရွေ့သွားနေပါတယ်။ ဒါပေမယ့် ဒီမှာ အပြောင်းအလဲတွေဖြစ်နေတာ ကို မြင်နေရပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို စတင်စဉ်းစားဖို့ လိုအပ်နေပါပြီ။ ဒီနောက်မှာ ပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံ နိုင်မှာဖြစ်သလို ဆက်လက်ပြီး ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းအားပေးနိုင်မှာပါ” ပာု ယင်းက ပြောကြားသည်။

ဝင်ငွေနိမ့်ပြည်သူများနှင့် တောင်သူများ၏ သက်မွေးဝမ်းကျောင်းမှုကို အကူအညီပေးနိုင်မည့် အသေးစားချေးငွေ အစီအစဉ်တိုးချဲ့မှုနှင့် ပတ်သက်ပြီး မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုခဲ့သည်ပာု Mitchell ကပြောကြားသည်။

နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အစိုးရအေဂျင်စီသည် မူလကပင် ၎င်းအစီအစဉ်ရှိထားပြီး ဖြစ်သော်လည်း တိုင်းရင်းသား ပြည်နယ် ဒေသများသို့ အစီအစဉ်တိုးချဲ့လိုသည်ပာု ယင်းကဆိုပါသည်။

အမေရိကန်ပြည်ထောင်စုသည် ခရီးသွားလာခွင့်ကိုလည်း မက်လုံးပေးထားပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဝါရှင်တန်သို့ စက်တင်ဘာလက ဖိတ်ခေါ်ခဲ့သည်ပာု အမေရိကန် ကိုယ်စားလှယ်က ပြောကြားသည်။

မြန်မာအစိုးရသည် ပြည်သူလူထု ကန့်ကွက်သော နိုင်ငံမြောက်ဖျားမှ တရုတ်လုပ် ရေလှောင်တမံကို ရပ်ဆိုင်းထားခြင်းဖြင့် တရုတ်နိုင်ငံကို လတ်တလော အာခံလိုက်ပြီဖြစ်သည်။ နာမည်ကြီး နိုင်ငံရေးအကျဉ်းသမား အနည်းငယ်မျှသာ လွတ်မြောက်ခြင်းကြောင့် ပာန်ပြဆောင်ရွက်မှုပာု ဝေဖန်ဆန်းစစ်သူများက သမုတ်ကြသော အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

“ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးခဲ့တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးကို ခြွင်းချက်မရှိ၊ ချက်ခြင်းလွှတ်ပေးဖို့ ပြင်းပြင်းထန်ထန်ဆက်လက် တိုက်တွန်းသွားမှာပါ” ပာု Mike Posner က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများကိစ္စကို အထူးအလေးပေးပြောဆိုသော Mike Posner က “နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက ဆက်ပြီး လွှတ်ပေးဖို့ စဉ်းစားနေတယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ ဒါပေမယ့် တိတိကျကျ ကတိပေးတာမျိုးတော့ မရှိပါဘူး” ပာု ပြောကြားသည်။

ဒီကိစ္စကို ဆွေးနွေးတဲ့အခါ လွှတ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လွှတ်ပေးမယ့်ရက်ကို တိတိကျကျ ဖမ်းဆုပ်လို့ မရခဲ့ပါဘူး၊ ဒီကိစ္စကို အစိုးရအဖွဲ့ထဲမှာ ဆွေးနွေးနေတယ်ဆိုတဲ့ အချက်ကိုပဲ သဲသဲကွဲကွဲသိရပါတယ် ပာု Mitchell က ဆိုပါသည်။ မြန်မာနိုင်ငံတွင် လတ်တလော အကျဉ်းသား ၁၅ ဦးကို သောက်ရေဖြတ်ထားပြီး အခြား ၈ ဦးကို ပြူတင်းပေါက်များ မရှိသော အလုံပိတ်အခန်း “Hell” ထဲတွင် ပိတ်လှောင်ထားသည်။ (မြန်မာအခေါ် တိုက်ပိတ်သည်) ပာု ယုံကြည်ရကြောင်း Amnesty International ကထုတ်ပြန်ကြေညာထားသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ကလောအကျဉ်းထောင်တွင် တစ်ဦးထဲ တိုက်ပိတ်ခံထားရသော နာမည်ကြီးဘုန်းကြီး ဦးဂမ္ဘီရ၏ ဆိုးဝါးနေသော ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်သည်ပာု အထက်ပါ လူ့အခွင့်အရေးအုပ်စုက ပြောဆိုထားသည်။

အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အော်ဂဲနစ် နည်းပညာများကို တောင်သူကြီးများကိုသာ ပေးသည့်အပြင် မူလတန်း ကျောင်းသူကျောင်းသားတွေ အထိ အသိပညာ ပေး သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ဆွေးနွေး ကြသည့် Green Economy and Green Growth အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲသို့ အောက်တိုဘာ ၄ရက်နေ့တွင် Myanmar Banks Association ၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူများ ဆွေးနွေးခဲ့ကြသည်။

သဘာဝပတ်န်းကျင်ကို မပျက်ဆီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးအတွက် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲရမည့် မူဝါဒများ၊ အထောက်အပံ့များနှင့် နိုင်ငံတကာက အကူအညီများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် ဆွေးနွေးသည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် နိုင်ငံတကာ အထောက်အပံ့များ ရရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံနှင့် နော်ဝေနိုင်ငံ အပြင် အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာ ပူ၊ မလေးရှားနိုင်ငံ စုစုပေါင်း နိုင်ငံပေါင်း ၉ နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များက စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာ ၂ရက်နေ့တွင် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာ၌ တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။

သတင်း..YC