26 October 2011

တရုတ်အာဏာရှင်အစိုးရ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ကို ဘာကြောင့်မပြတာလဲ...

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင် နမူနာပြကွက်တွေ မှန်သမျှနဲ့  ရုပ်ရှင်ကို တရုတ်နိုင်ငံမှာ လုံးဝ တားမြစ်ပိတ်ပင်ကြောင်း သိရှိရပါတယ်။

တရုတ်နိုင်ငံသား နာမည်ကျော် ဘလော့တစ်ဦးဖြစ်သူ “Koara” ပြောပြတာကတော့ - The Lady ရုပ်ရှင်နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင် နမူနာပြကွက်တွေ မှန်သမျှ တရုတ်နိုင်ငံမှာ လုံးဝ ခွင့်မပြုကြောင်း၊ တရုတ်နိုင်ငံက တားမြစ်ထားတဲ့ စည်းမျဉ်းစည်ကမ်းတွေနဲ့  မညီသောချိုးဖောက်မှုတွေပါလို့  တရုတ်အစိုးရကနေ တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။



တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ က ရှေ့ နေတစ်ဦးဖြစ်သူ “Li Tiantian” က သုံးသပ်တာကတော့ တရုတ်အာဏာရှင်အစိုးရဟာ အမြဲတမ်း ဒီလိုမျိုးဟာတွေကို ကြောက်ရွံ့ နေတတ်ပါတယ်တဲ့၊ သူတို့ မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဖူး၊ ကြောက်ရွံ့ နေတာဘဲ ဖြစ်တယ်၊ ဒီ ရုပ်ရှင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖြစ်တယ် ဒီလို ဖြစ်ရပ်မှန်အကြောင်းအရာမျိုးကို တရုတ်အာဏာရှင်အစိုးရက ကြောက်ရွံ့ တာ ဖြစ်တယ်လို့  ပြောဆိုပါတယ်။ ထပ်မံပြီး အဆိုပါ တရုတ်ရှေ့ နေက ပြောတာကတော့ တရုတ်အာဏာရှင်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကြောက်ရွံ့ နေတာ ဖြစ်တယ်လို့  သူ့ အနေနဲ့  ယုံကြည်ကြောင်း ပြောပြသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တောင် ကြောက်တတ်နေကြတယ် ဆိုရင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ လူချင်းတွေ့ ရမယ်ဆိုရင် တရုတ်အာဏာရှင်အစိုးရ ကြောက်လွန်းအားကြီးလို့  ချက်ချင်း လဲသေသွားနိုင်လောက်ပါတယ်။

တရုတ်အာဏာရှင်အစိုးရကတော့ ကြောက်လို့  တရုတ်နိုင်ငံတွင်းမှာ “The Lady” ရုပ်ရှင်ကို ပြဖို့ နေနေသာ သတင်း ကြော်ငြာ နမူနာတောင် တားမြစ်ပိတ်ပင်တယ်၊ မြန်မာပြည်မှာရော ပြရဲပါ့မလားဆိုတာ သိချင်ပါတယ်။

ပြန်လည်ဝေမျှပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

မလေးရှားနိုင်ငံမြန်မာသံရုံးမှနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေ


မလေးရှားနိုင်ငံတွင် 6P မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအတွက် ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပတ်စပို့ရရှိပြီးသူများထံမှ သိရသည်။

မလေးရှားအစိုးရ၏ 6P ဟုခေါ်သည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မှတ်ပုံတင်ထားပြီး စာရွက်ရရှိထား သူ မြန်မာနိုင်ငံသား အလုပ်သမားများကို အောက်တိုဘာလ ပထမအပါတ်မှစတင်၍ မြန်မာနိုင်ငံအသိမှတ်ပြု ပတ်စပို့ ထုတ်ပေးနေခြင်းဖြစ်သည်။

“တစ်နေ့ကို အယောက် ၁၀၀ လောက်တန်းစီလုပ်နေကြပါတယ်၊ ကိုယ့်နိုင်ငံကပတ်စပို့ရဖို့ သွားလျှောက်ရတာပါ၊ မလေးရှားအစိုးရဘက်ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်မပေးသေးဘူး၊ လုပ်ပေးမယ်လို့လည်း သူတို့ကြေငြာထားပြီးသားပါ၊ အခုလောလောဆယ်တော့ ဒီနိုင်ငံမှာတရားမဝင်အလုပ် လုပ်နေတဲ့ နိုင်ငံသားခြားသားတိုင်းကို သက်ဆိုင်တဲ့သံရုံးတွေမှာ ပတ်စပို့သွားလုပ်လို့ရနေပြီ” ဟု မလေးရှားရောက် မွန်တိုင်းရင်းသားကူညီစောင့်ရှောက်ရေးအသင်းမှ နိုင်ကျဲထောက ပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါက မိမိဇာတိမြေမှ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူနှင့် ပတ်စပို့ဓါတ်ပုံ ၄ ပုံကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး ပတ်စပို့ (၃) နှစ်သက်တမ်း(၄၈၀) ရင်းဂစ်၊ (၅) နှစ်(၉၀၀) ရင်းဂစ်ခန့် ကုန်ကျသည်ဟု မြန်မာသံရုံးမှပတ်စပို့ရရှိပြီးသူ မင်းခိုင်ဝင်း ထံမှသိရသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ကာလအတွင်းမှာ ပတ်စပို့လုပ်ချင်ရင်လုပ်၊ ဒါမှမဟုတ် နေရပ် ကိုပြန်မယ်ဆိုရင်လည်း ပြန်လို့ရ တယ်၊ လွတ်ငြိမ်းချမ်းသာခွင့် သက်တမ်းကုန်သွားလို့ ဘာမှလည်း မလုပ်ရသေးဘူးဆိုရင် အကုန်ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု နိုင်ကျဲထောက ဆက်ပြောသည်။

မလေးရှားအစိုးရဘက်မှ အလုပ်လုပ်ကိုင်ခွင့်ပါမစ် မထုတ်ပေးသေးသော်လည်း 6P လွတ်ငြိမ်းချမ်းသာခွင့် မှတ်ပုံတင်ထားသည့် တရားမဝင်အလုပ်သမား ၁. ၃ သန်းကို ကဏ္ဍ(၅)ခုပါ ထုတ်လုပ်ရေး၊ ခြံလုပ်ငန်း၊ စိုတ်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ၁၅ မျိုးခန့်ပါဝင်သည့် လုပ်ငန်းများတွင် တရားမဝင်လုပ်သားများအား ၄င်းလုပ်ငန်းကဏ္ဍများ၌ လုပ်ကိုင်စေမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ပြောကြားချက်ကို မလေးရှားအခြေစိုက် သူရိယသတင်းဂျာနယ်အင်တာနက်သတင်းစာမျက်နှာတွင် ရေးသားထားသည်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရားဝင်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်သြဂုတ်လတစ်လတိတိအတောအတွင်း အကောင်ထည်ဖော်ဆောင်ခဲ့ရာတွင် မှတ်ပုံတင်ခြင်း၊ တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်းအတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကို နေရပ်ရင်းပြန်ပို့ခြင်း လုပ်ငန်းများပါဝင်သည်။

မလေးရှားနိုင်ငံ မွန်ကယ်ဆယ်ရေးအသင်း၏ စာရင်းကောက်နှတ်ချက်အရ မလေးရှားနိုင်ငံအတွင်း မြန်မာအလုပ် သမား ၂ သိန်းနီးပါးရှိပြီး ၄င်းတွင် ဒုက္ခသည်စာရင်းဝင် ၈၆၀၀၀ ဦး ရှိသည်ဟု မွန်ကယ်ဆယ်ရေးအသင်းမှ အတွင်းရေးမှု နိုင်ဥက္ကာက ပြောသည်။


သတင်း...လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အစိုးရသစ်လက်ထက်မှာဘိန်းစိုက်ပျိုးမှု အဆမတန် ပိုတိုးလာသည်ဟု ပလောင်အမျိုးသမီးပြော


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲကပလောင် ကျေးရွာများဘက်၌လက်ရှိအစိုးရသစ်လက်ထက် တွင် လည်းဘိန်းစိုက်ပျိုးမှုပိုမိုများပြားလာနေ ကြောင်း ပလောင်အမျိုးသမီးအဖွဲ့ PWOအစီရင်ခံစာ မှာဖော်ပြ ထားပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုကို စစ်တမ်းကောက်ယူပြီး စုစည်း ဖော်ပြထား သည့် Still Poisoned အဆိပ်သင့်နေဆဲ အမည်ရ အစီရင်ခံစာအား ယနေ့ အောက်တိုဘာ ၂၅ ရက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါသည်။

စာမျက်နှာ ၁၈ မျက်နှာပါရှိသည့် ပလောင်အမျိုးသမီးများ အစီရင်ခံစာ၌ လက်ရှိ အစိုးရသစ်သည် တိုက်ရိုက်ဖြစ် စေ သွယ်ဝိုက်ဖြစ်စေ ဘိန်းစိုက်ပျိုးမှုတွင် ပါဝင်ပတ်သက်နေကြောင်း၊ နမ့်ခမ်းမြို့နယ်က ပလောင်ရွာ ၁၅ ရွာဟာ ၂၀၀၈-၂၀၀၉ ဘိန်းစိုက်ရာသီ ထက် ၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီမှာ 78.58 ရာခိုင်နှုန်း တိုးလာကြောင်း ပါရှိသည်။

အဆိုပါ ၁၅ ရွာအနက် ၁၂ ရွာသည် လက်ဖက်သာစိုက်ပျိုးခဲ့ပြီး ၂၀၀၉ ကမှစ၍ဘိန်းခြံလုပ်ငန်းများစတင် လာခဲ့ ခြင်း ဖြစ်၏။ နမ့်ခမ်းမြို့ နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်၂ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းသည့်ကာလတွင် ၎င်းအား ထောက်ခံမဲထည့်ပေး လျှင် လွတ်လွတ် လပ်လပ် ဘိန်းစိုက်ပျိုးခွင့် ၅ နှစ် ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း PWO ကထောက် ပြထားပါသည်။

“ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်လဲဖြစ် ပြည်နယ် လွှတ်တော်လဲဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ ထောက် ခံ အားပေးမှု ကြောင့် လဲပါတယ်လို့ပြောလို့ရတယ်။ စည်းရုံးရေးဆင်းတဲ့ကာလက မဲရရေးအတွက် သူကတိပေးခဲ့လို့လေ” - နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် သျှမ်းအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆို၏။

အထွက်ကောင်းသည့် ဘိန်းခင်းများ မဖျက်ဆီးရန် ရွာသားများက အစိုးရစစ်တပ်ထံ တအိမ်ထောင် ကျပ် ၁၅၀၀၀ ကောက် ပေးရကြောင်း၊ ၎င်းတို့ ဘိန်းခြံဖျက်ဆီးရန်လာပါကလဘ်ငွေထိုးထားသည့်အတွက်အထွက် မကောင်း သည့် ဘိန်းခင်းများ၊ ဘိန်းဆီခြစ်ပြီးသည့်ခြံများ၊ ထင်သာမြင်သာရှိသည့်လမ်းဘေးဘိန်းခြံများ သာဖျက်ဆီးသည် ဟုဆို၏။

UNODC အနေဖြင့် ဘိန်းစိုက်ပျိုးမှုစစ်တမ်းကောက်ပက အစိုးရ၏ သတင်း အချက်အလက် တခုတည်းကိုသာ မကိုးကား သင့်ဘဲ၊ ဒေသခံလူထုနှင့် ပူးတွဲ၍စစ်တမ်းကောက်သင့်ကြောင်း တိုက်တွန်းသကဲ့သို့ မြန်မာအစိုး ရလည်း ဘိန်းခင်းများ ဖျက်ဆီးမည့် စီမံကိန်းတခုတည်းမချဘဲ ဘိန်းစိုက်တောင်သူများအနာဂတ်စား ဝတ်နေရေးပြေလည် ရေးစီမံကိန်းလည်း စီစဉ်ပေးသင့် ကြောင်း PWO က တိုက်တွန်းထားပါသည်။

PWO ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံးသည် အဆိပ်သင့်ပန်း(၂၀၀၆) ၊ အဆိပ်သင့်တောင်တန်း(၂၀၁၀) စသည့် အစီရင်ခံစာ များအပြင် ယခုနှစ် Still Poisoned စသည့်ဘိန်းနှင့် ပတ်သက်သည့် တတိယ အစောင်မြောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

သတင်း - သျှမ်းသံတော်ဆင့်

ခလရ ( ၅၆ ) အစိုးရတပ် မှ တနှစ်ခွဲ ကချင်ကလေးငယ်အားပစ်သတ်


ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပေါ်ထိုးစစ်အတွင်း ကချင်ကလေးငယ် တစ်ဦး အားမြန်မာအစိုးရတပ်က ပစ်သတ်လိုက် သည် ဟု ကလေးမိဘနှင့် နီးစပ်သူများပြောသည်။

အသက် ၁ နှစ် ၅ လအရွယ် မ ရှောင်လတ် (ဘ) လဗျယော်ထုံ (Labya Yaw Htung) (မိ) ခကိုင် (Hka Kai) အား အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရွှေကူနယ်မြေခံ ခလရ (၅၆) ကပစ်သတ် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်မော်(ဗန်းမော်)ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကောင်ရာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ(၅၆) တပ်က ကလေးမိဘပိုင်ပစ္စည်းဥစ္စာများကို သိမ်းယူပြီးနောက် အိမ်ကိုပါ မီးရှို့လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများ ဆက်ပြောသည်။

တစ်ရက်ထဲတွင် မြစ်ကြီးနား-မန်မော်လမ်းပေါ် အသက် (၃၅) နှစ်ရှိ ကချင်အမျိုးသား မဂျီဇော်ခေါင်အား ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်နယ်မြေခံ ခမရ (၃၂၁)တပ်က မေ့မျော သွားသည်အထိ ရိုက်နက်ကာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ တင်ဆောင်လာသည့်ပစ္စည်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကိုပါ ခမရ (၃၂၁) က သိမ်းယူသွားသည်ဟု မိသားစုဝင်တစ်ဦးပြောသည်။

ဇော်ခေါင်သည် မြစ်ကြီးနားမြောက်ဘက် ၁၀ မိုင်ရွာသားဖြစ်ကာ ကျပန်း အလုပ်သမားဖြစ်သည်ဟုပြော သည်။

ယခုအခါ မြန်မာအစိုးရထိန်းချုပ်ဒေသနှင့် စစ်ပွဲဇုံအတွင်းမှ ပြည်သူများသည် မြန်မာအစိုးရတပ်က ဖမ်းဆီးနှိပ်စက်၊ အဓ္ဓမပြုကျင့်၊ အဓ္ဓမလုပ်အားခိုင်းစေမည်ကို ကြောက်ရွံ့နေကြသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အခြားလူမျိုးများထက် ကချင်အမျိုးသားများကို ပို၍ ပစ်မှတ်ထားသည်ဟု ဒေသခံ ကချင်အဖွဲ့အစည်းများက ဆိုသည်။

သတင်း...ကချင်သတင်းဌာန

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ



ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတားဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရကြောင်း၊ ကားမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရှေ့သို့ ပေနှစ်ရာခန့် ဆက်လိမ့်ပြီးမှ စက်ရပ်သွားကြောင်း၊ ထို့နောက် ကားနောက်ခန်းမှ အမျိုးသမီး တစ်ဦးထွက်လာပြီး " လာကြပါဦး၊ ဒါရိုင်ဘာကို ကယ်ကြပါဦး " ဟု အော်ဟစ် အကူအညီ တောင်းခံကြောင်း၊ သို့ဖြစ်၍ အကူအညီ ပေးရန် သွားရောက်ရာတွင် ယာဉ်မောင်းဖြစ်သူမှာ ထိုင်လျက် အနေအထားဖြင့်ပင် ပွဲချင်းပြီး သေဆုံးနေ ကြောင်း၊ ယာဉ်မောင်း၏ဘေး ကပ်လျက်ခုံတွင် ထိုင်နေသူ ခရီးသည် အမျိုးသားမှာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံလျက် မေ့မျောနေပြီး ၎င်းဝတ်ဆင်ထားသော လုံချည်မှာ ဇကာပေါက်သဖွယ် ဖြစ်၍ နေသည်ကို တွေ့ရှိရကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်တွင် ကားမှာ အချက်ပြမီးများ ပွင့်လျက်ရှိပြီး နောက်ခန်းတွင် တပ်ဆင်ထားသည့် CNG ဓာတ်ငွေ့အိုးမှာလည်း အကောင်းပကတိ အနေအထားအတိုင်း တွေ့ရှိရကြောင်း အဆိုပါ ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံ ခဲ့ရပြီး သွားရောက် အကူအညီ ပေးခဲ့သူ အသက် ၃၅ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု မှန်းဆ ပြောဆိုမှုများ ရှိနေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သက်ဆိုင်ရာမှ ကရိန်းကားဖြင့် လာရောက် တင်ဆောင်သွားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အကြီးတန်း သတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။

အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခရီးသည် အမျိုးသားမှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

သတင်း...The Voice Weekly

နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့

အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံအမတ် ဒဲရစ်မစ်ချယ်ဆီကို နိုင်ငံရေးအကျဉ်းသား ၅၅ ယောက် စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ နေ့လယ် ၁း၀၀ နာရီက ပေးပို့ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အချိန်အခက်အခဲကြောင့် ၅၅ ဦးသာ စုပေါင်းပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာ ပါဝင်တဲ့ တောင်းဆိုချက် သုံးခုကတော့

(၁) နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်

(၂) တိုင်းရင်းသားဒေသတွေမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ပေးရန်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန်

(၃)ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာကို အမြန်ဆုံးကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ပေးနိုင်ရန် တို့ ဖြစ်ပါတယ်။

ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၅၅ ဦးထဲမှာတော့ ဆရာတော် သံဃာတော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကိုဇာဂနာတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလဲ ပါဝင်လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ကတော့ အစိုးရသစ်ရဲ့ လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေးဖြေရှင်းမှုတွေကို အတိုင်းအတာတခုအထိ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုမိုကျယ်ပြန့်တဲ့ သိသာထင်ရှားတဲ့ နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်တစ်ရပ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဆက်လက်ပြုလုပ်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးတာကိုလဲ လက်ခံကြိုဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။

“အခုလို အိတ်ဖွင့်ပေးစာ ပေးရခြင်းရည်ရွယ်ချက်ကတော့ အမေရိကန်အထူးသံအမတ်အနေနဲ့ အခုလို တောင်းဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သဘောထားကို သိစေချင်တာရယ်၊ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုကိုလဲ တနည်းတဖုံ တိုးတက်မှုရှိအောင် ကူညီပေးစေချင်တယ်”လို့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုဇော်ရဲဝင်းက ပြောဆိုလိုက်ပါတယ်။


သတင်း.. ဇာဏီ(Burma VJ Media Network)

အိတ်ဖွင့်ပေးစာပေးအပ်ခဲ့တဲ့အပေါ်ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကိုဇော်ရဲဝင်းနှင့် တွေ့ဆုံမေးမြန်းချက်

အိတ်ဖွင့်ပေးစာပေးအပ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက် ကိုဇော်ရဲဝင်းနှင့် တွေ့ဆုံမေးမြန်းချက် by Aye Myat Htet

အမေရိကန် အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံ

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာပြည်သို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရုတ်တရက်ရောက်ရှိလာပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မစ္စတာဒဲရစ်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်လမ်းမပေါ်ရှိ အမေရိကန် ဒုတိယသံမှူးကြီး နေအိမ်တွင် တစ်နာရီ လေးဆယ့်ငါးမိနစ်ကြာ တွေ့ဆုံခဲ့ပြီး မည်သည့်အကြောင်းခြင်းရာများ ဆွေးနွေးခဲ့သည်ကို ထုတ်ပြောဖွယ်ရာ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘာတွေဆွေးနွေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့မသိရပါဘူး။ လက်ရှိတော့ ဒီလောက်ပဲ ထုတ်ပြန်နိုင်ပါတယ်”ဟု ယင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မစ္စတာဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံမှုအပေါ် မည်သည့်မှတ်ချက်မှ ထုတ်ပြန်ရန် မရှိကြောင်း ဆိုသည်။

အဆိုပါတွေ့ဆုံမှုကို သတင်းမီဒီယာများအား ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သတင်း အယ်ဒီတာတစ်ဦးက ပြောကြားသည်။

“အရင်တုန်းကဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ယောက်ယောက် တွေ့ပြီးပြီဆို သတင်းမီဒီယာတွေကို ထုတ်ပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ထုတ်ပြန်တာ မရှိဘူး။ ထူးဆန်းတယ်”ဟု ဆိုသည်။

မစ္စတာဒဲရစ်မစ်ချယ်သည် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းရင်းသားများ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ တိုင်ရင်းသားများ အပေါ် အကြမ်းဖက်မှု ရပ်တံ့ရေး စသည့်ကိစ္စရပ်များ အကောင်အထည် ပေါ်လာစေရန်အတွက် တိုက်တွန်းပြော ဆိုဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်း ဖြစ်ကြောင်း သတင်းဌာနတစ်ခု၏ ဖော်ပြချက်တွင် ပါရှိသည်။

မစ္စတာဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၄ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယင်းနေ့တွင်ပင် နေပြည်တော်ရှိ ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာကလည်း မြန်မာနိုင်ငံသို့ ငါးရက်ကြာရောက်ရှိခဲ့ပြီး၊ အစိုးရအရာရှိများ၊ NLD အပါအ၀င် အတိုက်အခံ နိုင်ငံရေး အင်အား စုများ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့်လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

သတင်း...YC(KS)(yangonchronicle)

ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းပင်ရွာအတွက် အလှူရှင်များ လိုအပ်နေသေး

အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သော မိုးဒဏ်ကြောင့် ပခုက္ကူမြို့အပါအ၀င် နောက် ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းပင်ရွာသည် ပခုက္ကူမြို့နှင့် မိုင် သုံးဆယ် နှင့် လေးဆယ်ကြားလောက် ဝေးကွာသော ရွာလည်း ပျက်စီးခြင်းများနှင့် လူအသေအပျောက်လည်း ရှိခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသောကြောင့် အိမ်ခြေ ၉၄လုံး ရေစီးထဲ မျောပါသွားပြီး အိမ်ခြေ ၉၃လုံး ပျက်စီးခဲ့ကြောင်း ၊ အလယ်တန်းစာသင်ကျောင်း နှင် မူလတန်းစာသင်ကျောင်း နှစ်ကျောင်းပျက်စီးခဲ့ကြောင်း ၊ ရွာသား ၄ဦး ရွာသူ ၃ဦး သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို ကျန်ရှိနေသော အိမ်ခြေ ၇၀ တွင် ပြုစုထားရှိရကြောင်း ဒေသခံများ၏ စာရင်းမှတ်တမ်းအရ သိရသည်။

" ကျန်ရှိနေသေးတဲ့ ရွာသားတွေပေါ့ သွပ်ပြားနဲ့ရှလို့ ဒဏ်ရာရတဲ့သူတို့ အိမ်ခြေမဲ့သွားတာတို့ တစ်ရက်ကို ဆန်တစ်တင်းခွဲ အိတ် ၂၃ အိတ်လောက် ဘုံချက်ကျွေးလှူနေရတော့ နောက်ရက်တွေအတွက် အလှူရှင် တော်တော်လိုအပ်နေတာပခုက္ကူမြို့ပေါ်က ဖြစ်တာ လူအများသိတယ် အခုလို ကျွန်းပင်ရွာလို နေရာကျတော့ လူမသိတော့ ဘယ်အထောက်အပံ့မှ မရဖြစ်နေတာ "ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

ကျွန်းပင်ရွာသည် ပခုက္ကူနှင့် မိုင်သုံးဆယ် လေးဆယ်ခန့်ကွာဝေးသောကြောင့် အလှူရှင်များမှာ လိုအပ်သလောက် မရောက်ရှိသေးသောကြောင့်အလှူရှင်များလိုအပ်နေသေးကြောင်းလည်း အကူအညီပေးရေးအဖွဲ့ဝင် တစ်ဦးထံမှသိရသည်။

"လူ ကျား ၄ယောက် မ ၃ ဦး သေတယ် နောက် ပျက်စီးတာတို့ရေထဲမျောသွားတာတို့ကို ကျွန်းပင်ရွာကျန်ရှိနေတဲ့ အိမ်ခြေ ၇၀ မှာ မျှပြီး

ထားထားရတယ် " ဟု အကူအညီပေးသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ပေါက်မြို့နယ် ကျွန်းပင်ရွာတွင် အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး အိမ်ပျက်စီးသွားသောသူများ ၊ ရေထဲမျောပါခြင်းခံရသူများ နှင့်

ဒဏ်ရာရရှိသူများကို ကျန်ရှိနေသော နေအိမ်များတွင် ထားရှိပြီး တစ်နေ့လျှင် ဆန် တစ်တင်းခွဲအိတ် ၂၃ အိတ် ကုန်ကျပြီး ချက်ကျွေး နေရသောကြောင့်အလှူရှင်များ ဆက်လက်လိုအပ်နေကြောင်းသိရသည်။

အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက ကျွန်းပင်ရွာမှ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အား ဖုန်း-၀၉၄၇၂၁၆၂၉၇ တိုက်ရိုက်ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ပါကြောင်း သိရှိရပါသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်.။

ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်များကို ကိုဇာဂနာကိုယ်ဆိုင်သွားရောက်တွေ့ဆုံအားပေး...


သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်အဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေး
အကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်ဗျာ..။


ပေါင်းတည်..အကျဉ်းထောင်ရှေ့ မှာပါ..။


သာယာဝတီမှာ..မိတ်ဆွေတွေနဲ့ ..တွေ့ ပါတယ်.။ခရိုင်တခုလုံးမှာရှိကြတဲ့..ရှစ်( ၈ )မြို့ နယ်က..လူမှုရေးအဖွဲ့ 
( NLD ) လူငယ်တွေနဲ့ လည်း..တွေ့ ရပါတယ်..။

ကိုသူရ (ခ)ကိုဇာဂနာ ရဲ့ Facebook မှ ပြန်လညဝေမျှလိုက်ပါသည်.။

အကျဉ်းထောင်(၃)ခုအားထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ကိုဇာဂန နဲ့အဖွဲ့..


၂၀၁၁ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် နတ်တလင်း၊ ပေါင်းတည်နှင့် ပြည်မြို့ရှိ အကျဉ်းထောင်များတွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား(၄၀) ၀န်းကျင်ကို ဇာဂနာနှင့် သီးလေးသီးအဖွဲ့ဝင် သုံးဦးတို့သွားရောက်တွေ့ဆုံပြီး အလှူငွေပေးအပ်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။



နတ်တလင်းထောင်တွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်၊ ပေါင်းတည်ထောင်တွင် ၁ ယောက်၊ ပြည်ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကျန်ရှိ နေသေးကြောင်း ကိုစိန်သီးပြောပြချက်အရသိရှိရသည်။

“ကျွန်တော်တို့ကို ပြည်မြို့ကလူတွေ အရမ်းလှိုက်လှိုက်လှဲလှဲကြိုဆိုကြတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။



အဲ့လိုအကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့်ကျခံနေရတဲ့နိုင်ငံရေးသမားတွေကိုသွားတွေ့ရတာတကယ် ခံစားရပါတယ်။ ဒါကြောင့်မို့ အမြန်ဆုံးလွတ်မြောက်လာပါစေလို့ဆုတောင်းပါတယ်”ဟု၎င်းကပြောသည်။



ပေါင်းတည်ထောင်မှ ကျောင်းသားများမှလည်း ကိုဇာဂနာအား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပြီး၊ ပြည်မြို့မှ ပြည်သူများကလည်း ကိုဇာဂနာနှင့်သီးလေးသီးအဖွဲ့ဝင်များအား ကြိုဆိုခဲ့သဖြင့် အားတက်မူများ ဖြစ်ပေါ် ခဲ့ကြောင်းကိုလည်း ကိုစိန်သီးမှ ဆက်လက်ပြောဆိုသည်။



“ပေါင်တည်ကို ကိုဇာဂနာနဲ့ သီးလေးသီးလာတယ်ဆိုလို့ဝမ်းသာပါတယ်။ သူတို့ရဲ့ အနုပညာကိုရော၊ အခုနိုင်ငံရေးအကျဉ်းသားတွေအတွက် အားပေးစကားပြောပေးတဲ့အတွက် သူုတို့ဖတ်ဖို့အတွက် ဂျာနယ်တွေ၊ စာအုပ်တွေလှူပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု ပေါင်းထည်မှ ဒေါ်သက်ထားဦးကပြောသည်။



အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းတွင် ပြည်မြို့သို့ဖြတ်သန်းသွားသော ဧရာဝတီမြစ်အတွင်းသို့ယုံကြည်ချက် ကြောင့်အကျဉ်းကျခံနေရသူများ အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်၍ ကိုဇာဂနာနှင့် သီးလေးသီးအဖွဲ့ဝင် များမှ မြစ်ထဲသို့ မီးမျှောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်သိတာက ကိုဇာဂနာ စာကြည့်တိုက်ဖွင့်မယ်ဆိုတာကိုတော့သိထားပါတယ်။ အခုကိုဇာဂနာယုံကြည် ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေကို လှူဒါန်းတာတွေမှာ ကျွန်တော်ကတော့ လုပ်အား ဒါန ပဲပေးနိုင်ခဲ့တယ်” ဟု သီးလေးသီအဖွဲ့ဝင် ကိုဇီးသီးကပြောသည်။

သတင်းများအာ ပြန်လည်ဝေမျှပေးသော မြစ်မခမီဒီယာ အားကကျေးဇူးတင်ရှိပါသည်.။

မောင်ဝံသရဲ့ ဆောင်းပါး ၃ ပုဒ်

မော်စီတုန်းရဲ့ နာမည်ကျော် ဆောင်းပါး ၃ပုဒ်နဲ့ မည်သို့မှ မသက်ဆိုင်ပါခင်ဗျား။

ပြောချင်လွန်းလို့/ မောင်ဝံသ

သမိုင်းဖြစ်ရပ်အမှန် လေ့လာကြပါစေ (ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။)

အခုတလော မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်း အတော် များများ ပြန်လည်ပေါ်ထွက်လာနေတာကို မြင်တွေ့ရတယ်ဗျ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရှုထောင့်မျိုးစုံက ရေးသားခဲ့ကြတဲ့ စာပေများကိုလည်း ပြန်လည် ဖော်ထုတ်ဖြန့်ချိလာကြတာ အင်မတန် အားရဖွယ်ကောင်းတယ်ဗျာ။

အားရဖွယ်လို့ သုံးနှုန်းလိုက်ရတာက ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကာလ အတွင်း အရွယ်ရောက်ကြီးပြင်းလာခဲ့ကြတဲ့ လူငယ်တွေအဖို့ ခါးဆက်ပြတ် ကွင်းဆက်ပြတ်သွားခဲ့ကြရတဲ့ သမိုင်းဆိုင်ရာ အသိပညာ ဗဟုသုတများကို့ အဲဒီသမိုင်းစာအုပ်များမှတစ်ဆင့် လွယ်လွယ်ကူကူ ဖတ်ရှုလေ့လာမှတ်သားခွင့် ရနိုင်ကြတော့မယ့် အရေးကို တွေးပြီး စိတ်ချမ်းမြေ့နေမိတာကြောင့် ဖြစ်တယ်ဗျ။

သမိုင်း ဖြစ်ရပ်အမှန် ပြုစုရေး

အခုလို သမိုင်းစာအုပ်တွေ အတော်များများ ပြန်လည်ထွက်ပေါ်လာချိန်မှာ ကျွန်တော့်စိတ်ထဲ အမြန်ဆုံး ပြန်လည်ထုတ်ဝေပြီး လူငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာစေချင်တဲ့ စာအုပ်အတွဲတစ်တွဲ အကြောင်း ပြောချင်တယ်ဗျာ။ အဲဒီစာအုပ်တွေကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က တည်းဖြတ်တဲ့ စာအုပ်များဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အများလေးစားလောက်တဲ့ ပညာရှင်များနဲ့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်တစ်ခု ဖြစ်တယ်ဆိုတာ လေ့လာ မှတ်သားထားသူတိုင်း အသိဖြစ်တယ်ဗျ။ အဖွဲ့မှာ ပါဝင်တဲ့ ပညာရှင်ကြီးများကတော့ ဦးတင်အုန်း၊ ဦးထင်ဖတ်၊ ဦးထင်ကြီး၊ ဦးသန်းထွတ် (တိုက်စိုး)၊ ဦးမောင်မောင်တင် (ဦးမောင်မောင်တင်၊ မဟာဝိဇာ)၊ ဒေါက်တာအုန်းခိုင်၊ ဦးလှရှိန်၊ ဒေါ်ခင်စု၊ ဒေါ်တင့်စိန်၊ ဦးထွန်းအောင်ချိန်၊ ဒေါက်တာ ခင်မောင်ညွန့်တို့ ဖြစ်ပါတယ်။ စာမူများကို သမိုင်းဌာန၊ သုတေသန က တာဝန်ယူ ရေးသားပြုစုပြီး ဖော်ပြပါ အဖွဲ့ဝင် ပညာရှင်ကြီးးများက စိစစ် တည်းဖြတ်ပေးခဲ့တာပါ။

ထွက်လာမှ အကဲဖြတ်ပါ

၁၉၉၀ပြည့်နှစ် မေလထဲမှာ အဲဒီ အဖွဲ့ဝင်ပညာရှင်ကြီးတွေထဲက ကျွန်တော်နဲ့ အင်မတန်မှ ခင်မင် ရင်းနှီးတဲ့ ဆရာအချို့နဲ့ အလှူတစ်ခုမှာ ဆုံမိပါတယ်။ ကျွန်တော်က အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရတစ်ရပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ ဖြစ်တာကြောင့် ပြည်သူတွေက အပြည့်အ၀ ယုံကြည် စိတ်ချမှု မရှိနိုင်ဖြစ်နေကြပုံကို ပြောပြပြီး ဆရာတို့တော့ သမိုင်းတရားခံတွေ ဖြစ်ကုန်ဦးမယ်နောလို့ ရယ်သလို မောသလို ပြောမိတော့ ဆရာများက သူတို့ကော်မရှင်ဟာ စစ်အစိုးရက ဖွဲ့စည်းပေးထားတာ ဖြစ်ပေမယ့် ပါဝင်တဲ့ အဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ ပညာရှင်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိပါးမခံဘဲ တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်ကြမှာ ဖြစ်ကြောင်း၊ ပြုစုတဲ့ စာအုပ်တွေ ထွက်လာမှ သူတို့ ပြောသလို ဟုတ်မဟုတ် အကဲဖြတ်ပါလို့ စိတ်ရှည်ရှည်နဲ့ လူကြီးပီပီသသ ရှင်းပြခဲ့တယ်ဗျ။

အဲဒီမြန်မာသမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က ပြုစုတဲ့ စာအုပ်တွေထွက်လာတော့ ဆရာတို့ပြောတဲ့စကား ရာနှုန်းပြည့် နီးပါး မှန်တယ်ဆိုတာကို တွေ့ရှိခဲ့ကြရတယ်ဗျာ။ ဒီမှာတင် ပညာတတ် ပညာရှင် ဆိုတာရယ်၊ ပညာတတ်တို့ရဲ့ ရိုးသားဖြောင့်မတ်မှု (intellectual honesty) ဆိုတဲ့ ဆိုရိုးစကားရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ပြည့်ပြည့်၀၀ သဘောပေါက်သွားခဲ့တယ်ဗျ။ တကယ့်ပညာတတ်ပညာရှင်တွေဆိုတာ ဗောင်းတော်ညိတ် စိတ်တော်သိ၊ မင်းလိုလိုက် မင်းကြိုက်တင်ရမှာကို အလွန် စက်ဆုပ်ကြပါတယ်။ ပညာရှင်ဂုဏ်သိက္ခာ ပျက်ယွင်းစေမယ့် အပြုအမူ အပြောအဆို အရေးအသားတို့ကို ဘယ်သောအခါမှ မပြုကြပါဘူး။

မြန်မာ့နိုင်ငံရေး လေးစောင်တွဲ

ကျွန်တော် ယခု ရည်ညွှန်း ပြောဆိုနေတဲ့ စာအုပ်တွေကတော့ ]]မြန်မာ့ နိုင်ငံရေး (၁၉၅၈-၆၂)}} လေးစောင်တွဲကို ဆိုလိုတာပါ။ သည်စာအုပ်တွေ အကြောင်းကို ကျွန်တော့်ဆောင်းပါးအချို့မှာ မကြာခဏ အညွှန်းပြုခဲ့ဖူး လေတော့ စာဖတ်ပရိသတ်တချို့က ဖတ်ချင်လွန်းလို့ လိုက်ရှာကြတယ်။ ဒါပေမယ့် ရန်ကုန် ပန်းဆိုးတန်း ရှားပါးစာအုပ် ဈေးကွက်မှာတောင် ရှာလို့မရ တော့ဘူးလို့ ကျွန်တော့်ဆီ စာရေးသူတွေ၊ ဖုန်းဆက်သူတွေ ရှိတယ်ဗျာ။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ကျွန်တော့်ဆီ ရှိတဲ့ လေးစောင်တွဲ တစ်စုံကို ငှားလည်းမငှားနိုင်တော့ မြင်ဖူးတယ်ရှိရုံ လာကြည့်ချင် ကြည့်ပါလို့ ဖိတ်ခေါ် ပြသရတယ်ဗျ။ လူငယ်သတင်းထောက်အချို့ကတော့ အိမ်ကိုလာပြီး ဓာတ်ပုံရိုက်ယူသွားကြပါတယ်။ (မှတ်ချက်။ ၁၉၉၁ခုနှစ် အတွင်း အင်းစိန်ထောင် ၃ တိုက်က ကျွန်တော့်ဘေးအခန်းမှာ ရှိနေတဲ့ ဆရာမောင်စူးစမ်းကို သက်ဆိုင်ရာက အဲဒီစာအုပ် လေးအုပ် ပေးဖတ်တယ်။ ဆရာမောင်စူးစမ်းကို သမိုင်းပြုစုရေးအဖွဲ့က ၁၉၆၂ခုနှစ် နောက်ပိုင်း ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်မှု ကာလ အတွေ့အကြုံများနဲ့ ပတ်သက်လို့ မကြာခဏ လာတွေ့ မေးမြန်းနေချိန်ဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာမောင်စူးစမ်းဟာ စီးပွားရေး ပညာရှင်တစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင် တာဝန်ထမ်းဆောင်ခဲ့ဖူးလေတော့ အဲဒီကာလများရဲ့ ဖြစ်ရပ်အမှန်များနဲ့ပတ်သက်လို့ သူ့အမြင်ကို လာမေးကြ တာပါ။ သုတေသနမေးခွန်းတွေကို ဖြေဆိုရာမှာ နမူနာအဖြစ်လေ့လာဖို့ စာပြုအဖွဲ့က ၁၉၆၂ ရှေ့ပိုင်း အဖြစ်အပျက်တွေ ပါရှိတဲ့ စာအုပ်တွေကို လေ့လာဖို့ ပေးသွားပါတယ်။ ညပိုင်းတွေမှာ ဆရာမောင်စူးစမ်းက စာတော်ဖတ် တာဝန်ယူပြီး အဲဒီစာအုပ်တွေထဲက ကောင်းနိုးရာရာတွေကို အသံထွက် ဖတ်ပြ ပါတယ်။ စာဖတ်ခွင့်မပြောနဲ့ စာရွက်တစ်ရွက်တောင် ကိုင်ခွင့်မရှိတဲ့ ကျွန်တော်တို့မှာ စာတော်ဖတ်ကြီး ဖတ်ပြတာကို ကြားနာပြီး လွတ်လပ်ရေး ရပြီးချိန်ကနေ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းချိန်အထိ သမိုင်း ဖြစ်ရပ်တွေထဲမှာ နစ်မျောခဲ့ကြရပါတယ်။ အဲဒီတုန်းက ဆရာမောင်စူးစမ်း အခန်းရဲ့ ဘယ်ဘက် နှစ်ခန်းကျော် အလုံပိတ်ခန်းမှာ နေရတဲ့ ဟံသာဝတီ ဦးဝင်းတင်ကတော့ ညပိုင်း စာဖတ်ချိန် ဖတ်ပြတာကို သူ့ဆီက မကြားရတာကြောင့် နေ့လယ်ပိုင်း ရေချိုးချတဲ့အချိန်လေးအတွင်း ဆရာမောင်စူးစမ်း အခန်းရှေ့ အပြေးအလွှားလာပြီး ကမန်းကတန်း ရသလောက် ဖတ်ရှုနေတာကို မြင်ရပါ တယ်။ အဲသလို ကျွန်တော်တို့ တိုးတိုးကြိတ်ကြိတ် ဖတ်ခဲ့ရတဲ့ စာအုပ် လေးစောင်တွဲကို ကျွန်တော် အိမ်ပြန်ရောက်ချိန်မှာ ဆရာခင်မောင်ညို ဘောဂဗေဒက မှတ်မှတ်ရရ လက်ဆောင်ပေးခဲ့တာပါ။ ကျေးဇူးမမေ့ပါ ဆရာဘောညို။)

အဲဒီ စာအုပ်လေးအုပ်ကို အစိုးရက ပြန်လည် ထုတ်ဝေဖို့ တိုက်တွန်း လိုပါတယ်။ မြန်မာနိုင်ငံရေးမှာ အလွန်အရေးကြီးတဲ့ ကာလအပိုင်းအခြား တစ်ခုအတွင်း သမိုင်း ဖြစ်ရပ်မှန်တွေကို ဖော်ပြထားတဲ့ အဲဒီစာအုပ်လေးစောင်တွဲ ကို နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေရော၊ နိုင်ငံရေး စိတ်ဝင်စားတဲ့ ပြည်သူများရော၊ တပ်မတော်သားများရော ဖတ်မှတ် လေ့လာသင့်တယ်။ ဖတ်ဖြစ်စေချင်တယ်ဗျာ။ ဈေးနှုန်းချိုချိုသာသာနဲ့ ဖတ်နိုင်ကြရလေအောင် အစိုးရက ပြန်လည်ထုတ်ဝေပေးရင် အကောင်းဆုံး ဖြစ်မယ်ဗျ။

စာမြည်းလေးတချို့ ပေးရရင်

စာမြည်းလေးတချို့ပေးရရင် ဒုတိယကမ္ဘာစစ်ကာလမှ ၁၉၄၇ ခုနှစ်အထိ မြန်မာနိုင်ငံရေးအခြေအနေကို စာမျက်နှာ ၇၃ မျက်နှာအတွင်း တီးမိခေါက်မိ အောင် ရေးသားတင်ပြထားတယ်။ ပြီးတော့မှ ပြည်တွင်းဆူပူသောင်းကျန်းမှုများ အကြောင်း၊ (အဲဒီကာလက ပြည်တွင်းစစ် လို့ ဖော်ပြခြင်းမပြုနိုင်တာကို နားလည်ပေးလိုက်ပါ)။ ပြီးတော့ ဖဆပလအစိုးရ ပြဿနာ၊ ဖဆပလနှစ်ခြမ်းကွဲပုံ၊ ၁၉၅၈ အိမ်စောင့်အစိုးရ ပေါ်လာပုံ၊ ၁၉၆၀ ရွေးကောက်ပွဲ ကျင်းပပေးပုံ၊ ကတိအတိုင်းအာဏာလွှဲပေးပုံ၊ ဖက်ဒရယ်မူကိစ္စ ညီလာခံ ကျင်းပပုံ (ရှမ်း လူထုခေါင်းဆောင် တောင်ကြီး ဦးထွန်းမြင့်ရဲ့ အသံလွှင့်ရုံမိန့်ခွန်း အတော် များများကို လေ့လာနိုင်မယ်။ ဒီနေ့ခေတ်အမြင်နဲ့ ပြန်လည် သုံးသပ်နိုင်တာတွေ တွေ့ရပါမယ်။) နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးးနေ၀င်း အာဏာသိမ်းခန်း။

၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းဖို့ ၁၉၆၁ ကတည်းက ပြင်ဆင်တာ၊ နိုင်ငံရေးခေါင်းဆောင်တွေက ထိုစဉ်က ဖြစ်ရပ်တွေကို ပြန်လည် သုံးသပ်ကြတာတွေကို စေ့စေ့စပ်စပ် ဖတ်မယ်ဆိုရင် စေ့စေ့တွေး ရေးရေးပေါ် စရာတွေ အများကြီး တွေ့ရလိမ့်မယ်ဗျ။

တိုင်းပြည်အခြေအနေ ယိုယွင်းနေလို့၊ ပြည်ထောင်စုကြီး ပြိုကွဲတော့မှာမို့ သမိုင်းပေးတာဝန်အရ တပ်မတော်က အာဏာသိမ်းခဲ့ရတာပါလို့ နောက်မှ သက်သေထူပြတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ ၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာသိမ်းခြင်းအကြောင်း ရေးရင် တပ်မတော်က အာဏာသိမ်းတယ်လို့ ဘယ်တော့မှ မရေးပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းတယ်လို့ပဲ ရေးလေ့ရှိပါတယ်။ အခု ကျွန်တော် ပြောနေတဲ့ လေးစောင်တွဲကို ဖတ်ရင် ပို၍ သဲကွဲလာပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ သူ့ရဲ့ လူယုံ တစ်စုတစ်ဖွဲ့တို့က ကွပ်ကဲအကောင်အထည်ဖော်သွားတာပါ။ တိုင်းမှူးတချို့ဆို ရင် ရေဒီယို ကနေ တော်လှန်ရေးကောင်စီ ဖွဲ့စည်းခြင်းဆိုပြီး ကြေညာတာ ကြားတော့မှ ကိုယ့်နာမည် ပါနေတာ သိရတယ်လို့ ဆိုပါတယ်။

ဘယ်ကိစ္စမဆို အကြောင်းတွေကြောင့်အကျိုးတွေ ဖြစ်ရတာပါ။ သမိုင်း ဖြစ်ရပ်အမှန် မှတ်တမ်းများမှတစ်ဆင့် ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကျိုးဆက်တွေရဲ့ အကြောင်းရင်းခံတွေကို လေ့လာ တွေ့ရှိနိုင်ကြပါစေ။

၂၁၊ ၁၀၊ ၂၀၁၁


မှန်တာပြောသစ္စာ/ မောင်ဝံသ

(သစ္စာဂျာနယ် True News မှာ ဖော်ပြထားတဲ့ဆောင်းပါး)

လူတွေ သိပ်မကြောက်တတ်ကြတော့ဘူးဆိုရင်

မုတ်သုန်မိုးကို သယ်ဆောင်လာမယ့် တောင်လေကလေး သုတ်ဖြူးစပြုလာ တယ်ဆိုရင်ပဲ ပူပြင်းလောင်မြိုက်တဲ့ နွေကာလတစ်လျှောက်လုံး ညှိုးလျော် နွမ်းလျနေခဲ့ကြရတဲ့ မြက်ပင်ကလေးတွေအစ သစ်ပင်ကြီးတွေအဆုံး သွေးလာတဲ့တောင်ပြန်လေထဲမှာ ခေါင်းတမော့မော့ ရင်တစွင့်စွင့်နဲ့ လွန့်လူးနိုးကြွလာနေကြသလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ လေချိုအေး ကလေး သွေးလာတယ်ဆိုရုံရှိသေး အပူရှိန် ထန်ပြင်းတဲ့ ရာစုတစ်ဝက်မျှ နွေကန္တာရ တစ်လျှောက်လုံး အကြောက်တရားအောက်မှာ ငြိမ်ဝပ်ပိပြား နေခဲ့ကြရတဲ့ သတ္တိပုရစ်ဖူးလေးတွေ တစ်ရစ်ချင်း ဝေစပြုလာနေတာကို တွေ့မြင်ရ တာ ရွှင်လန်းအားရစရာကောင်းလှတယ်ဗျာ။

လောကပါလတရားနှစ်ပါး

အရှက်နဲ့ အကြောက်ဆိုတဲ့ ဟီရိနဲ့သြတ္တပ္ပတရားနှစ်ပါးဟာ လောကကြီး ပျက်စီးမသွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ လောကပါလတရားနှစ်ပါးဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံး သိကြ တယ်ဗျ။ ဒါပေမယ့် လောကကို စောင့်ရှောက်တဲ့အရှက်တရား ဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ရှက်ခြင်းကို ဆိုလိုတာဖြစ်တယ်။ လောကကို စောင့်ရှောက်တဲ့ အကြောက်တရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ကြောက်ခြင်းကို ဆိုလိုတာဖြစ်တယ်ဆိုတာတွကိုတော့ လူတိုင်း တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကြတယ်လို့ ကျွန်တော် မထင်ဘူး ဗျာ။ ဒီလိုဖြစ်ရခြင်းမှာ ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်တစ်ဝက်ကြာ လွှမ်းမိုးတွင်ကျယ်သွားခဲ့တဲ့ နိုင်ငံရေး စနစ်ကလည်း အရေးကြီးတဲ့ တစ်ခန်း တစ်ကဏ္ဍက ပါဝင်လှုပ်ရှားခဲ့တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျာ။

မျက်နှာပြောင်တဲ့ ယဉ်ကျေးမှု

ဒါကြောင့်လည်း နိုင်ငံဝန်ထမ်းတစ်ဦးက ]]ကျွန်တော့်လခကတော့ ၄၅၀ကျပ်ပါ။ ဒါပေမယ့် အောက်ဆိုက်ကတော့ တစ်လတစ်သောင်း လောက် ရပါတယ်}} ဆိုတဲ့စကားမျိုးကို လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြားစွာ ပြောရဲတဲ့၊ အဲဒီလိုပြောတဲ့လူကို ပတ်ဝန်းကျင်က လူများစုက အထင်ကြီးလေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်ကြတဲ့ ယဉ်ကျေးမှုတစ်ခု အဲဒီကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။ အများအကျိုးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်ရမယ့်ကိစ္စမျိုးမှာတော့ ကြောက်ရွံ့နေပြီး အခွင့်အရေးယူတဲ့နေရာ၊ အများပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့နေရာ တွေမှာတော့ ရဲရဲဝံ့ဝံ့ ရှေ့တန်းထွက် မျက်နှာပြောင်ပြောင်နဲ့ မကြောက်မရွံ့ လုပ်ဆောင်တဲ့ ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။ အမှန်တကယ် ရှက်သင့်၊ ကြောက်သင့်တဲ့ကိစ္စတွေကိုတော့ မရှက်မကြောက်လုပ်ကြပြီး မရှက်သင့် မကြောက်သင့်တဲ့ကိစ္စတွေကျတော့ ရှက်ခဲ့ကြ ကြောက်ခဲ့ကြတဲ့ ]ဖုန်းဆိုးကျတ်တီး} ကာလကြီးတစ်ခုပေါ့ဗျာ။

အခုတော့ ဇောက်ထိုးပြောင်းပြန်ဖြစ်နေခဲ့တဲ့ အဲဒီဟီရိနဲ့ သြတ္တပ္ပတို့ရဲ့ ပုံရိပ်တွေဟာ သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ မကြာသေးခင် ရက်ပိုင်း လပိုင်း အနည်းငယ်အတွင်း လှမ်းခဲ့တဲ့ ခြေလှမ်းတချို့ရဲ့ တွန်းအားကြောင့် ပြန်လည် တည့်မတ်စပြုလာနေတာကို မြင်တွေ့နေရတယ်ဗျ။

လွှတ်တော်ထဲက မြင်ကွင်းအချို့

အဲဒီထဲမှာ အထင်ရှား အမြင်သာဆုံးကတော့ လွှန်တော်ထဲက မြင်ကွင်းတွေပဲဗျ။ ပါတီကြီးတစ်ခုက မီးသေအောင် လွှမ်းမိုးထားတဲ့ အဲဒီလွှတ်တော်အပေါ် ပြည်သူတွေ အမြင်မကြည်ဖြစ်ခဲ့ကြတာ အားလုံး အသိဖြစ်တယ်ဗျာ။ သို့သော် စစ်မှန်တဲ့ပါတီစုံ ဒီမို ကရေစီစနစ်ကို ထင်ဟပ်နေတဲ့ လွှတ်တော်တစ်ခု ဖြစ်လာဖို့ အဝေးကြီးလျှောက်လှမ်းရဦးမှာ ဖြစ်တယ်ဆိုတဲ့ အချက်က ငြင်းမရသေးသည့် တိုင်အောင် အခုနောက်ပိုင်းမှာ တစ်စတစ်စ ပိုမိုမြင်တွေ့လာကြရတဲ့ လွှတ်တော်တွင်းက ဒီမိုကရေစီမြင်ကွင်းတချို့ကြောင့် ပြည်သူတွေ စိတ်အတန်ပြေလာနေတာကို တွေ့ရတယ်ဗျာ။ အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးချုပ်တစ်ဦးတည်းက ရွေးချယ်ပေးလိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ မိမိတို့ရဲ့ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းက ထူးခြားတဲ့ အခြေအနေတွေကို ဖော်ပြနေတယ်ဗျ။

ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း

လွှတ်တော်ပြင်ပနိုင်ငံရေးမှာလည်း နိုင်ငံရေး အင်အားစုတွေဟာ မိမိတို့ မှန်တယ်ထင်တဲ့ အလုပ်တွေကို ရဲရဲဝံ့ဝံ့လုပ်ဆောင်နေကြတာ တွေ့နေရတယ်ဗျာ။ အဲဒီထဲမှာ ဧရာဝတီ ကယ်တင်ရေးကိစ္စဟာ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်တယ်ဗျာ။ ဒါ့အပြင် ပရဟိတ စိတ် ထက်သန်တဲ့ လူငယ် လူလတ်တွေဟာ အများအကျိုးပြုလုပ်ငန်းတွေကို အရင်ဘယ်တုန်းကမှနဲ့ မတူအောင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း လုပ်ကိုင်လာနေကြတာကို မြင်တွေ့ရတာ အားရစရာကောင်းလှတယ်ဗျာ။

သတင်းထောက်ကို ပြောရဲ ဆိုရဲ

ဒီနေရာမှာ အထူးအလေးထား ဖော်ပြရမယ့်ကိစ္စတစ်ခုကတော့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိ ပုဂ္ဂိုလ်များလည်းပဲ မမှန်ကန်တဲ့ အကြောက်တရားလောင်းရိပ်အောက်က လွတ်မြောက်လာနေကြပုံရတဲ့ ကိစ္စ ဖြစ်တယ်ဗျ။ မကြာသေးခင်ကအထိ ပုဂ္ဂလိက ဂျာနယ်သတင်းထောက်တွေနဲ့ မတွေ့ရဲ မပြောရဲ မဆိုရဲ ဖြစ်ခဲ့ကြ။ နိုင်ငံခြားအသံလွှင့်ဌာနတွေက ဖုန်းလာရင် လက်ခံစကားမပြောရဲခဲ့ကြတဲ့ အဲဒီပုဂ္ဂိုလ်တွေဟာ အခုအချိန်မှာ ဂျာနယ်သတင်းထောက်တွေနဲ့ရော နိုင်ငံခြားအသံလွှင့်ဌာနတွေနဲ့ပါ တာဝန်သိစိတ်၊ တာဝန်ယူစိတ် ရှိရှိနဲ့ လက်ခံတွေ့ဆုံပြောဆိုနေကြတာကို ကျွန်တော်တို့ ဖတ်နေ ကြားနေကြရတယ်ဗျာ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ငွေရှင်ကြေးရှင်တစ်ဦးလည်းဖြစ်သူတစ်ယောက်ဆိုရင် အဲသလို ရေဒီယိုအင်တာဗျူး မကြာခဏ လုပ်သူဖြစ်လို့ သူ့ရဲ့ရပ်တည်ချက် ထင်မြင်ယူဆချက်တွေကို ကျွန်တော်တို့ မပြတ်သိရှိနေရတယ်ဗျာ။ ကိုယ့်ရပ်တည်ချက် မှန်တယ် မှားတယ်ဆိုတာကို ပြည်သူက ဆုံးဖြတ်လိမ့်မယ်။ ကိုယ့်အမြင် အယူအဆကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောပြဖို့က ကိုယ့်တာဝန်ဖြစ်တယ်ဆိုတဲ့ သဘောထားမျိုးနဲ့ အခုလို ပြောပြနေတာတွေကို ကျွန်တော်ကတော့ လက်ခုပ်များများတီးပေးတယ်ဗျာ။

ဒီမိုကရေစီနဲ့ စာပေစိစစ်ရေး

တစ်လျှောက်လုံး စာပေလောကသားတွေနဲ့ တကျက်ကျက်၊ မတည့်အတူနေ ဖြစ်ခဲ့တဲ့ စာပေစိစစ်ရေး ဌာနရဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဆိုရင်လည်း မကြာသေးခင်က နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ဒီမိုကရေစီနဲ့ စာပေစိစစ်ရေးဟာ မအပ်စပ်ပါဘူးလို့ ရဲရဲတင်းတင်း ပွင့်ပွင့် လင်းလင်း ပြောချလိုက်တာ ကြားလိုက်ရတယ်ဗျ။ စာပေစိစစ်ရေး ဌာန ညွှန်ကြားရေးမှူးတစ်ယောက်ဆီက အဲဒီလိုစကားမျိုး ကြားရတယ်ဆိုတာ တစ်ချိန်ကဆိုရင်တော့ ]ကျားသားမိုးကြိုး} လို့ အလန့်တကြား ရေရွတ်ရမယ့်

ိကိစ္စမျိုးမဟုတ်လားဗျာ။ မကြာသေးခင်ကပဲ သစ္စာဂျာနယ်က ကျွန်တော့် ဆောင်းပါးတစ်ပုဒ်မှာ ဒီမိုကရေစီနဲ့ စာပေစိစစ်ရေးဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်လိုပါပဲလို့ ရေးလိုက်တာကို စာပေစိစစ်ရေးက မဖြတ်မတောက် ခွင့်ပြုလိုက်ကတည်းက သူတို့တွေလည်း အလားတူ သဘောထား ရှိကြလို့ ဖြစ်မယ်ဆိုတာ တွက်ဆမိခဲ့ပါတယ်ဗျ။

ဒီအခြေအနေတွေကို ကြည့်ပြီး ကျွန်တော်ကတော့ အကြောက် တရား လွှမ်းမိုးတဲ့ အမှောင်ခေတ်ကြီးထဲက ကျွန်တော်တို့နိုင်ငံ ထွက်မြောက် တော့မှာလားဆိုတဲ့ အတွေးတွေနဲ့ မျှော်လင့်ချက်တွေ ဝေဖြာ နေမိကြောင်း ပါဗျာ။

၁၈ ၁၀ ၁၁

ရှေ့နေသားအဖပုံပြင် (မောင်ဝံသ)

(Messenger ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး)

နိုင်ငံရပ်ခြားဟာသတို့ ပင်လယ်ရပ်ခြားဟာသတို့ သူတို့ဆီက ဟာသများတို့ဆိုတဲ့ ခေါင်းစဉ်အောက်က စာစုကလးများကို စာဖတ်သူ အများစု ဖတ်ဖူးကြ မယ်ထင်ပါတယ်။ အုန်းခနဲ ၀ါးလုံးကွဲအောင်ရယ်ရတဲ့ ဟာသမျိုးမဟုတ်ဘဲ ဖတ်ရှုခဲ့ရပြီးတဲ့ နောက်နှစ်ကာလအတော်ကြာတဲ့အထိ တစိမ့်စိမ့်တွေးလေ တခွိခွိရယ်ရလေဆိုတဲ့ ဟာသမျိုးတွေပါ။ ဆရာတင်ဆွေမိုးတို့၊ ဆရာခင်မောင်တိုး(မိုးမိတ်)တို့ဆိုရင် အဲဒီလိုမျိုးဟာသတိုကလေးတွေကို ပေါင်းချုပ်စာအုပ်တွေတောင် ရိုက်နှိပ်ထုတ်ဝေထားကြပြီးပါပြီ။ ဆရာမောင်ကောင်းထိုက်ကတော့ အဲဒီဟာသစာစုလေးတွေ ဘာသာပြန်ဆို တဲ့အလုပ်ကို စိုက်လိုက်မတ်တတ်လုပ်နေသူပါ။ သူ့နာမည်နဲ့ ထုတ်ဝေခဲ့တဲ့ အဲဒီလိုဟာသစာအုပ် အတွဲ ၂၀ ကျော်ကျော် လောက်တောင်ရှိပြီ ထင်တယ်ဗျ။

အဲဒီဟာသစာစုကလေးတွေထဲမှာ အမျိုးအစားအစုံပါပါတယ်။ မိန်းမတွေအကြောင်း၊ ယောက်ျားတွေအကြောင်း၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ အင်ဂျင်နီယာတွေ၊ ယာဉ်ထိန်းရဲတွေ စတဲ့ ပရော်ဖက်ရှင်နယ်တွေအကြောင်း စသဖြင့် စုံတကာစေ့နေတာပါပဲ။ အဲဒီဟာသစာစု လေးတွေကို တီထွင်ရေးသားသူတွေရဲ့ မျက်စိထဲမှာ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ လှောင်ပြောင်သရော်စရာတွေနဲ့ ပြည့်နှက်နေသလိုပါပဲ။ ယမမင်းကြီးနဲ့ ကောင်းကင်ဘုံက တမန်တော်တွေတောင် ချန်မထားပါဘူး။

အဲဒီဟာသစုကလေးတွေထဲမှာ နိုင်ငံရေးဟာသတွေလည်း အချိုးအစားအတော်များများ ပါဝင်ပါတယ်။ အဲဒီနိုင်ငံရေးဟာသတွေ ထဲမှာမှ အများစုက ဆိုဗီယက်ပြည်ထောင်စုကို သရော်တဲ့ဟာသတွေ ဖြစ်ပါတယ်။ နိုင်ငံရေးဟာသတွေဟာ စစ်အေးခေတ်ထဲမှာ များများ စားစား ထွက်ပေါ်လာကြ တာဖြစ်ပြီး အဲဒီဟာသစာစုတွေကို တီထွင်ရေးသားခဲ့သူတွေက ဆိုဗီယက် ဆန့်ကျင်တဲ့ အနောက်နိုင်ငံသားတွေ အထူးသဖြင့် အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတာမို့ သူတို့ရဲ့ အဓိကပစ်မှတ်ဟာ ဆိုဗီယက်ဖြစ်နေတာ အံ့သြစရာ မဟုတ်ပါဘူး။

အဲဒီအချက်ကနေ ကောက်ချက်ဆွဲနိုင်တာတစ်ခုက လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစတဲ့ လူသားရဲ့ အခြေခံပိုင်ခွင့်တွေ ဆိတ်သုဉ်းနေတဲ့ ဒါမှမဟုတ် ပါးရှားနေတဲ့ အခြေအနေတစ်ခုအောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူတွေနဲ့ အဲဒီပြည်သူတွေရဲ့ ကာယိက ဒုက္ခ စေတသိကဒုက္ခတွေကို စာနာနားလည်ကြသူတွေဟာ အဲဒီဒုက္ခတွေထဲ (ခေတ္တခဏပဲဖြစ်ဖြစ်) လွတ်မြောက်ရာ စိတ်ထွက်ပေါက်တစ်ခု အဖြစ် အဲဒီလိုမျိုး ဟာသပုံပြင် ဇာတ်လမ်းလေးတွေကို တီထွင်ဖြန့်ဝေတတ်ကြတယ်ဆိုတာပါပဲ။

ရာစုနှစ်တစ်ဝက်ကျော်ကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာလည်း အဲသလိုမျိုး ဟာသပုံပြင် ဇာတ်လမ်းလေးတွေ ထောင်ဂဏန်း ရာဂဏန်း မဟုတ်တောင် ဆယ်ဂဏန်းချီလောက်တော့ ရှိခဲ့မှာ သေချာပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကြားဖူးတာတင် ဆယ်ပုဒ်မကလို့ အဲသလို အခိုင်အမာပြောနိုင်တာပါ။ တစ်ချိန်က နွားကိုခိုးသတ်ပြီး အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ရောင်းရတဲ့ အသားဖြစ်ခဲ့ဖူးတာမို့ အဲဒီတုန်းက အမဲသားကို တိုးတိုးသားလို့ ခေါ်ခဲ့ကြသလိုပဲ။ အဲဒီဟာသပုံပြင်ဇာတ်လမ်း လေးတွေကလည်း အုပ်ချုပ်သူ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ မကြားအောင် ပြည်သူတွေကြားထဲမှာပဲ တိုးတိုးတိတ်တိတ် ပြောဆိုရယ်မောကြရတဲ့အရာတွေ ဖြစ်တာကြောင့် သူတို့ကိုလည်း တိုးတိုးပုံပြင်တွေလို့ပဲ အသိမှားကြပါတယ်။

အခုတော့ အကြောင်းကလည်း တိုက်ဆိုင်နေ၊ ကျွန်တော်တို့ လက်တွေကို တစ်လျှောက်လုံး ထိန်းချုပ်လာခဲ့တဲ့ စာပေစိစစ်ရေး ဌာနက လွတ်လပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ပေးလာတဲ့အချိန်လည်း ဖြစ်နေတာကြောင့် ကျွန်တော် ကြားဖူးထားတဲ့ တိုးတိုးပုံပြင် လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။

အဲဒီအမှုနဲ့ မင်းကို ကျောင်းထားခဲ့တာ

နိုင်ငံရေးစိတ်ဝင်စားတဲ့ မြန်မာစာဖတ် ပရိသတ်အများစုကတော့ ကြားဖူးပြီးသားဖြစ်မှာပါ။ ပုံပြင်က ရှေ့နေသားအဖအကြောင်း ဖြစ်ပါတယ်။ တိုတိုလေးပဲ။ ပုံပြင်ကို သားရှေ့နေက ဖခင်ရှေ့နေ တစ်သက်လုံးလိုက်ခဲ့ပေမယ့် မပြီးပြတ်ခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့အမှုကို သူပြီးပြတ်အောင် လိုက်နိုင်ခဲ့ကြောင်း အဖေကို ဂုဏ်ယူဝင့်

ပြည်တွင်းစစ်ကို အချိန်ဆွဲနေခဲ့တာ

အဲဒီပုံပြင်လေးရဲ့ သက်တမ်း ဘယ်လောက်ရှိခဲ့ပြီဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်စပြီးကြားဖူးတာတင် ဆယ်စုနှစ် အတော်ကြာခဲ့ပြီမို့ တော်တော်တော့ အသက်ကြီးနေလောက်ပါပြီ။ နိုင်ငံရေးစကားဝိုင်းတွေမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်စစ်အကြောင်း ရောက်လာတိုင်းလိုလိုမှာ အဲဒီပုံပြင်လေးကို ကြားရလေ့ရှိပါတယ်။ ပါလီမန်ဒီမိုကရေစီကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက် လာတဲ့ အစိုးရတွေဟာ (ပုံပြင်ထဲက ဖခင် ရှေ့နေကြီး အမှုကို အချိန်ဆွဲ လိုက်နေသလိုမျိုး) ပြည်တွင်းစစ်ကို မပြီးနိုင်အောင် တမင်အချိန်ဆွဲနေခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့အချက် ပေါ်လွင်အောင် ဖော်ပြဖို့ အဲဒီပုံပြင်လေးကို တီထွင်ခဲ့တာဖြစ်မှာ သေချာပါတယ်။

ပုံပြင်တို့ ပြက်လုံးတို့ဆိုတာက သူတို့ရဲ့ အခြေခံသဘာဝအရကို ကွင်းကွင်းကွက်ကွက် ထိထိမိမိ စူးစူးရှရှ ကွဲကွဲပြားပြားဖြစ်အောင် ဖော်ပြရတာမျိုး ဖြစ်တာကြောင့် တကယ့်အခြေအနေမှန်ကို ကိုယ်စားပြုတာကို မဆိုနိုင်ပါဘူး။ အထူးသဖြင့် ဖိနှိပ်မှုအောက်မှာ နေနေရတယ် လို့ ခံစားနေကြရတဲ့ ပြည်သူတစ်ရပ်ဟာ သူတို့က ဖိနှိပ်သူလို့မြင်နေတဲ့ လူတန်းစားအကြောင်း ပြောဆိုရာမှာ လွန်ကဲတဲ့ဥပမာတွေ၊ ဥဒါဟရုဏ် တွေ သုံးစွဲကြလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။

ကျွန်တော်ကတော့ စစ်အစိုးရအဆက်ဆက်ဟာ သူတို့အကျိုးစီးပွား အတွက် ပြည်တွင်းစစ်ကို မပြီးအောင် တမင်အချိန်ဆွဲပြီး မွေးထား ခဲ့ကြတာဖြစ်တယ်လို့ မယုံကြည်ပါဘူး။ အဲဒီအစား အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ ဒေါသတွေကြောင့်သာ ပြည်တွင်း စစ် အခုအထိ သက်ဆိုးရှည်နေတာဖြစ်တယ်လို့ ယူဆသူပါ။

မပြီးနိုင်တဲ့ စစ်ပွဲဆိုတာ မရှိ

လောကမှာ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲသလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော့်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခနဲ့ အခြားအနည်းငယ်သော ပဋိပက္ခတွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော်အမြင်ရှိရှိ သဘောထား ကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာ အကြောင်းမရှိပါဘူး။ သဘောထားကြီးရမယ်ဆိုရာမှာလည်း မကြာသေးမီက ထောင်က လွတ်လာတဲ့ ပြည်သူချစ် ဟာသပညာရှင် ကိုဇာဂနာ ပြောသလို နိုင်ငံတော်အစိုးရဘက်က ထားရှိရမယ့် သဘောထားပါ။

အထူးသဖြင့် ကမ္ဘာ့အခြေအနေရော မြန်မာ့အခြေအနေပါ အခွင့်သာမှု ရှိနေတဲ့ အခုလို အချိန်မျိုးမှာ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ရာစုနှစ်တစ်ဝက်ကျော်ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အပြီးတိုင် ရပ်စဲချုပ်ငြိမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အစိုးရတစ်ရပ်အဖြစ် ကမ္ဘာသမိုင်း မှာ မော်ကွန်းတင်ခံရမယ့် အခွင့်အရေး ကို လက်မလွှတ်သင့် ပါဘူး။ကျွန်တော်တို့ကတော့ ရေရှည်အမှုကြီးကို အပြတ်ဖြတ်ပစ်တဲ့ သားရှေ့နေရဲ့ လုပ်ရပ်မျိုးကိုပဲ လိုလားကြောင်းပါဗျ။

၁၈ ၁၀ ၂၀၁၁

25 October 2011

တရုတ်အမျိုးသမီး ၉ ဦးအား မြန်မာစစ်သားများ အဓ္ဓမပြုကျင့် သတ်ဖြတ်

အောက်တိုဘာ ၂၁ ရက်က ရှမ်းပြည်မြောက်ပိုင်း မုန်ပေါ်မြို့အနီး ရှောင်ဟော(Shau Haw)ကျေးရွာမှ တရုတ်အမျိုးသမီး (၉) ဦးအားမြန်မာအစိုးရစစ် သားများ အုပ်စုလိုက် အဓ္ဓမပြုကျင့်ပြီးသတ်ဖြတ် ခဲ့ကြောင်း ဒေသခံများပြောသည်။ကျူးလွန်သည့် စစ်သားများသည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)အောက် အမှတ် (၁) အခြေစိုက်စစ်ဗျူဟာ (ကွတ်ခိုင်) လက်အောက်ခံတပ်ရင်းများဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း မုန်ဘော်အနီး နီရှန်ဟူး(Ni Shang Hu)ကျေးရွာမှ နောက်ထပ်တရုတ် အမျိုးသမီး (၆) ဦးအားလည်း လားရှိုးအခြေစိုက် ခမရ (၅၂၂) မှ စစ်သားများ ပေါ်တာဆွဲခေါ်သွား ကြောင်း ဒေသခံများပြောသည်။

သတင်း...ကချင်သတင်းဌာန

24 October 2011

ပခုက္ကူ ရေဘေး အလှူ နိုးဆော်လွှာ။


ဂရုဏာတရားနှင့်ပြည့်စုံ၍ လူအချင်းချင်း စာနာ ထောက်ထားမှုကို အလေးထားသော ရဟန်းရှင်လူ မိဘပြည်သူများ နှင့် လူငယ် အပေါင်းတို့အား နိုးဆော်အပ်ပါသည်။ ပခုက္ကူမြို့နယ် အတွင်း ရေဘေး ဒုက္ခသင့် ပြည်သူများ၏ ဘဝများကို စာနာခြင်း၊ပံ့ပိုးခြင်းနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ် များ ဆောင်ရွက်ပေးနိုင် ရန် မန္တလေးမြို့ မှ လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ သွားရောက် လှူဒါန်း ဆောင်ရွက်ပေးကြပါမည်။

မန္တလေးမှ (၂၅-၁၀-၁၁)အင်္ဂါနေ့၊ နံနက်(၄း၀၀)နာရီတွင် စတင်ထွက်ခွာပါမည်။သို့ပါ၍ အောက်ပါ အသင်း အဖွဲ့ များ မှ ဖော်ပြပါ ပုဂ္ဂိုလ်များထံ တွင် လှူဒါန်း လိုလျှင် ဖြစ်စေ၊ပူးပေါင်းပါဝင် လိုလျှင်၊လိုက်ပါလိုလျှင် ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

ကိုမောင်မောင်ဦး (အတွင်းရေးမှူး) ၀၉-၂၀၂၄၄၂၃ ၊ စိမ်းရောင်စို Activities ။
ကိုရဲရင့်ကျော် (F.3) ဖုန်း-၀၉-၄၉၂၈၀၁၁၅ ၊။
မနေနွယ် ၊ ၀၉-၂၀၃၄၈၆၇ ။
ကိုညိုလင်း ၊ ဖုန်း-၀၉-၉၁၀၄၀၆၇၉ ရဲရင့်နှလုံးသား ။
ကိုဇော်သူ ၊ ဖုန်း-၀၉-၄၃၁၀၂၉၇၇ သဒ္ဒါ - ပညာရေး ပရဟိတ။
ကိုတေဇာဆန်း ၊ ဖုန်း-၀၉- ၂၂၁၅၉၆၂ နှလုံးလှ ဖောင်ဒေးရှင်း။
ကိုအောင်ဆန်းဝင်း၊ ၊ ဖုန်း-၀၉-၂၀၁၅၁၇၂ အမရသုခ ပရဟိတ။
မယုယုလှိုင် ၊ ဖုန်း- ၀၉-၄၃၀၁၅၁၉၄ ချမ်းမြသုခ ။
မချယ်ရီ ၊ တောင်ကြီး/ရန်ကုန်မြို့။ ၀၉- ၇၃၀၇ ၃၂၆၆

နှင့်

အလှူခံဌာန(၁)

၃၆လမ်းx၇၉လမ်းဒေါင့်၊မန္တလေး။ ကိုဝင်းမြင့်ထွန်း၊ ဖုန်း-၀၉-၂၀ ၂၇ ၃၃၁

အလှူခံ ဌာန (၂)

၂၄လမ်းx ၈၁လမ်းဒေါင့်၊ မန္တလေး။ကိုညီကျော်၊ ဖုန်း ၀၉-၉၁၀ ၁၈ ၇၅၃

ပြန်ပေးဆွဲခံလမ်းပြုပြင်ဝန်ထမ်းများအတွက် တစ်ယောက်လျှင်ငွေ ၁၀ သိန်းတောင်းခံထား

အးကိုမိသားစုဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်း

ပြီးခဲ့သည့်အောက်တိုဘာ (၂၁) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ရွာအနီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲခံခဲ့ရသည့်ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများအား တစ်ယောက်လျှင်ငွေ ၁၀ သိန်းဖြင့်ရွေးယူရန် အကြောင်းကြားထားကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

“လေးယောက်ဖမ်းသွားတဲ့အထဲက တယောက်ကိုပြန်လွှတ်လာပြီး တစ်ယောက်ကို ငွေဆယ်သိန်းပေးရမယ်လို့ အဲဒီလူကတဆင့်အကြောင်းကြားလာတယ်၊ ကျန်သုံးယောက်ကိုတော့ တောထဲမှာဖမ်းချုပ်ထားတုန်း” ဟု အမည်ဖေါ်ပြခွင့်မပြုသော အထက်ပါနီးစပ်သူက ဆက်ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း မော်လမြိုင်-ရေး-မလွှဲတောင် မော်တော်ကားလမ်းကိုကံထရိုက်ရယူထားသော အေးကို
မိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်းတစ်ခုအား နံနက်စောစော လင်းအားကြီးအချိန် (နံနက်-၅ နာရီဝန်းကျင်) ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဝန်ထမ်း (၄) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆောက်လုပ်ရေးကုမ္မဏီအလုပ်စခန်းတစ်ခုကို ၄င်းလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ခဲ့စဉ် ရုံးအဆောက်အဦးနှင့် မော်တော်ကားများကိုပါ မီးတင်ရှိုခဲ့ပြီး သေနတ်များလည်း ပစ်ခတ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

၎င်းပြန်လည်လွတ်မြောက်လာသူအား ကမာဝက်ရဲစခန်းမှ လိုအပ်သောစစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခဲ့ သည်ဟုသိရပြီး ယခုအခါမည်သည့်နေရာသို့ရောက်ရှိနေသည်ကို မသိရှိရပေ။

“ကမာဝက်ရွာဘုရားပွဲတော်မတိုင်ခင်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ အနီးအနားရွာတွေ မှာငွေလိုက်တောင်းနေတာ ရှိခဲ့တယ်၊ အချို့ခြံသမားတွေ ငွေပေးခဲ့ရတယ်” ဟု ကမာဝက်ရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၁၈-၂၀) ကမာဝက်ရွာ ဘုရားပွဲတော်ကျင်းပသည့်နေ့ရက်များ ဖြစ်သည်။အလား တူ အေးကိုဆောက်လုပ်ရေးကုမ္ပဏီအလုပ်သမားဝန်ထမ်းတစ်ဦးအား လွန်ခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့တွင် ဟပွေးသန်းလွင် ဦးစီးသည့် မွန်၊ ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့ တစ်ဖွဲ့မှ ပြန်ပေးဆွဲခဲ့ကာ ငွေကျပ်သိန်း ၁၅၀ တောင်းဆိုခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မော်လမြိုင် – ရေး-မလွှဲတောင်အပိုင်း လမ်းမိုင်အရှည် ( ၁၁၂) မိုင် (၆) ဖာလုံကို အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက်သို့ ၁၆-၃-၂၀၁၁ ရက်နေ့မှစတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တည်ဆောက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည်။

၎င်းကုမ္ပဏီသည် ပြီးခဲ့သည့်မိုးရာသီ ကာလအတွင်း၌ ဒေသရှိလမ်းများ ကိုပြုပြင်ခြင်း ရပ်နားခဲ့သဖြင့် မော်တော်ကား များသွားလာမှုခက်ခဲ့နေကြောင်း၊ လမ်း အသုံးပြုခ များကိုသာ နေစဉ်မပြတ်ကောက်ခံခြင်းကိုသာ ပြုလုပ်နေကြောင်း ခရီးသည် များထံ မှသိရသည်။

ယခုကဲ့သို့ မွန်ပြည်နယ်အချို့ဒေသများ၌ လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခံခြင်းနှင့် ပြန်ပေးဆွဲခြင်း များသည် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက်ပိုင်းတွင် ပိုမိုဖြစ်ပေါ်လာသည်ဟု လေ့လာသူများသုံးသပ်ကြသည်။

ယနေ့ဖြစ်ပေါ်ခဲ့သောအထက်ပါဖြစ်ရပ်ကို ဒေသရှိ မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်ဌာနချုပ်မှ စုံစမ်းနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

သတင်း....လွတ်လပ်သောမွန်သတင်းအေဂျင်စီ