11 September 2011

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အဖွဲ့သည် စက်တင်ဘာလ (၉) ရက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရတာဝန်ရှိသူများကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell သည် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ပထမဆုံး တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့အား ဆက်လက် တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell အား တွေ့ဆုံခဲ့သူများမှ တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ “သူက လွှတ်တော်ရဲ့ ဥပဒေပြုရေးအဆင့်ဆင့်ကို သိလိုတယ်လို့ မေးပါတယ်။ အဲဒါကို ဒီဘက်က ဥပဒေပြုပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။ နောက် မြန်မာနဲ့ အမေရိကန်ရဲ့ တရင်းတနှီး ဆက်ဆံလိုတဲ့ကိစ္စတွေ ရှိကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အာရှပစိဖိတ်ဒေသမှာ အရေးကြီးကြောင်းလည်း သူတို့က သိပါတယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခုလက်ရှိ ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေတွေကို သူတို့ တော်တော်လေး စိတ်ဝင်စားတယ်။ ထဲထဲဝင်ဝင် ဆက်ဆံလိုတဲ့ သဘောကိုလည်း ပြပါတယ်။ သူတို့ဘက်ကလည်း လွှတ်တော်ရဲ့ ဥပဒေပြုမှုဟာ အားကောင်းနေမှ ပါလီမန် ဒီမိုကရေစီ စနစ်မှာ ဒီဥစ္စာက အရေးကြီးတယ် ဆိုတာ ပြောပြပါတယ်။ သူကတော့ အပြုသဘောတွေ့တယ်၊ နောက်လည်း တွေ့ချင်တယ်။ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒါကို ဆက်ဆံရေးအသစ် စတဲ့ သဘောပါပေါ့ဗျာ။ ဟိုတုန်းကထက် အပြုသဘောနဲ့ ဒီကာလလေးမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ အပြုသဘောဆောင်တဲ့ဘက်ကို ပိုဦးတည် လာတယ် ဆိုတဲ့အခါကျတော့ သူလာရတဲ့ အကြောင်းရင်းကလည်း အဲဒါတွေပါ။ ဟိုတုန်းကနဲ့ အခုဟာ မတူခဲ့ဘူး။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလေ။ အဲဒီသဘောတွေလည်း ပါတာပေါ့။ ကျနော်တို့ ဆက်ပြီး လုပ်သွားနိုင်တဲ့ အခြေအနေက ရှေ့မှာရှိလာမယ်ဆိုတဲ့ သဘောပါ။ သူအကြံပြုချက်တွေကိုလည်း တလေးတစား နားထောင်ကြတယ်” ဟု တွေ့ဆုံပွဲ အခြေအနေများအား ပြောကြားသွားသည်။

Mr. Derek Mitchell သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် သမ္မတ ဘားရက် အိုဘားမားက အဆိုပြုထားသူ တစ်ဦးဖြစ်ပြီး အာရှနှင့်ပစိဖိရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။

Mr. Derek Mitchell သည် လာမည့် တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ NGO အဖွဲ့များနှင့်လည်းတွေ့ဆုံရန် စီစဉ်ထားသည်။

သတင်း.. Y C

လေးနှစ်ပြည့်တမ်းချင်း ဆောင်းပါးရှင် (စက်တင်ဘာ နေမိန္ဒ)

ရွှေဝါရောင်တော်လှန်ရေးအတွင်းက (စက်တင်ဘာနေမိန္ဒ)
လေးနှစ်ပြည့်တမ်းချင်း
ဆောင်းပါးရှင် (စက်တင်ဘာ နေမိန္ဒ)
အိပ်ရချမ်းသာ၊ ချမ်းသာစွာနိုး
အိပ်မက်ဆိုးပျောက်၊ စောင့်ရှောက်နတ်များ
ရင်ဝယ်သားတို့ ၊ လူများလည်းခင်
နတ်လည်းခင်၏၊ မီးလျှင်မပူ
အဆိပ်ဟူလည်း၊ ထို့တူပြေပျောက်
လက်နက်ရောက်လည်း၊ မပေါက်မဝင်
ပြီးသလျှင် တည်း၊ အစဉ်စိတ်တည်
မျက်နှာတည်၍၊ သေသည့်ကာလ
မတွေရနှင့်၊ လောက ဗြဟ္မာ
ပြည်သို့သာလျှင်၊ လားရာ ဆယ့်တစ်မျိုး
မေတ္တာအကျိုးတည်း။

မြန်မာနိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင်များဖြစ်ကြတဲ့ တနည်း- မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ် ကိုးကွယ်အားကိုး ယုံကြည်ရာဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တံခွန်လို့ခေါ်တဲ့ ရဟန်းသံဃာတော်များဟာ ၂၀၀၇ စက်တင်ဘာ ဝယ် လမ်းမပေါ်သို့ ထွက်ခဲ့ ကြပါတယ်။

လမ်းမပေါ်သို့ ထွက်ခဲ့ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်။ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင် အာဏာရူးများ လက်အောက်က ကျောင်းသားရဟန်း၊ သံဃာ မိဘပြည်သူတွေနဲ့တကွ အားလုံး လွတ်မြောက်ဖို့ရန် အတွက်ပါ။ တနည်းအားဖြင့် အဓမ္မဝါဒီတွေ ကြီးစိုးနေမှုကို မြတ်ဗုဒ္ဓရဲ့တပည့်သား သံဃာတော်များက မြတ်ဗုဒ္ဓ လမ်းစဉ်နှင့်အညီ ဓမ္မ ဆိုတဲ့ ငြိမ်းချမ်းရေးတရားတွေ လွှမ်းမိုးလာအောင် အဓမ္မ တရားတွေကို လက်ကိုင်ကျင့်သုံးနေတဲ့ နအဖ အာဏာရှင်များကို တွန်းလှန်တဲ့ ရွှေဝါရောင် ငြိမ်းချမ်းရေးတိုက်ပွဲပါပဲ။ 

ရွှေဝါရောင်တော်လှန်ရေးကြီးကို ဘာကြောင့် ပြုလုပ်ခဲ့ရသလဲဆိုတော့ တနည်းအားဖြင့် ပေါ်ပေါက်ခဲ့ရသလဲ ဆိုတော့ အာဏာရှင်များ ဖြစ်ကြတဲ့ နအဖဟာ ကြံ့ဖွံ့ စွမ်းအားရှင် တွေကို လုပ်ပိုင်ခွင့် အာဏာတွေပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနဲ့ အောက်ခြေ သံဃာတော်များကို နည်းမျိုးမျိုးနဲ့ သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။
ပြည်သူတွေပေါ်မယ် သံဃာထုက သြဇာကြီးမားတာကို သိသလို သံဃာထုတွေက နိုင်ငံရေးလောကထဲကို ၀င်ရောက်လာမှာကိုလည်း စိုးရိမ်ကြောင့်ကြပြီးတော့ ပြည်သူတွေနဲ့ အလှမ်းဝေးတဲ့ မဟနဆရာတော်များကို ချဉ်းကပ်ပြီး အောက်ခြေ သံဃာတော်များကို ၀ိနည်းဖြင့် လည်းကောင်း၊ တည်ဆဲ ဥပဒေများဖြင့် လည်းကောင်း နည်းမျိုးစုံသုံးပြီး သံဃာထုကိုသွေးခွဲခဲ့ပါတယ်။

(မှတ်ချက်။ ။ဒီလိုသွေးခွဲမှုကို အလိုလောဘရမ္မက်ကြီးတဲ့ မဟနဆရာတော်များက လက်ခံ ကျင့်သုံးကြပါတယ်)

ဒါဟာ သံဃာကို သင်းခွဲခြင်းလို့ခေါ်တဲ့ သံဃဘေဒကကံကို ထိထိမိမိကြီး အာဏာရှင်သန်းရွှေကြီးနှင့် တကွ နအဖနဲ့ န.အ.ဖ လက်ပါးစေများဖြစ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေက ကျူးလွန်လိုက်တာပါ။
(မှတ်ချက်။ ။ ဒေ၀ဒတ် လက်သစ်များလို့ခေါ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်များဟာ လက်ရှိတိုင်းပြည်မယ် အာဏာရှင်များရဲ့ အဓိက အခိုင်မာဆုံး ဒေါက်တိုင်များအဖြစ် ဆက်လက်ရပ်တည်နေဆဲပါ။)

ဦးဇင်းတို့ ၂၀၀၇ စက်တင်ဘာမယ် လမ်းမတွေပေါ်ကို ထွက်ခဲ့ကြတယ်ဆိုတာဟာလည်း ၂၀၀၇ သြဂုတ်၁၉မှာ လောင်စာဆီ ဈေးနှုန်းတွေမြင့်ပြီး ကားခတွေ ရုတ်တရက်ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြကြတာကိုလည်း မတရားဖိနှိပ် ဖမ်းဆီးခဲ့တယ်။

စက်တင်ဘာ ၅ရက်နေ့ ပခုက္ကူမှာ သံဃာတော်တွေကို န.အ.ဖတွေနဲ့ တကွ န.အ.ဖ လက်ပါးစေများ ဖြစ်ကြတဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေက သံဃာတော်တွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ကိစ္စ၊ ဒီနေရာမယ် ဦးဇင်းတစ်ခုပြောချင်တာကတော့ သံဃာတော်တွေကို ထိလို့ဆိုတဲ့ စိတ်ဓါတ်တစ်ခုတည်းနဲ့ သံဃာတော်တွေက လမ်းမတွေပေါ် ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ ရတနာသုံးပါးထဲမယ် တစ်ပါးအပါအ၀င်ဖြစ်တဲ့ သံဃာရတနာကို ကျူးလွန်တာရော၊ အနာဂါတ် သာသနာအရေးကို တွေးပြီး စိုးရိမ်တာရော၊ မတရားသဖြင့် ပြည်သူတွေ အပေါ်မယ် ဖိနှိပ်ချုပ်ချယ်တာတွေရော မြန်မာနိုင်ငံမယ် အဓမ္မတရားတွေ အလွန်ကြီးစိုးနေတာရော၊ အဓမ္မ၀ါဒီ အဓမ္မတရားတွေ လက်ကိုင်ကျင့်သုံးနေတဲ့ န.အ.ဖ၊ န.အ.ဖ လက်ပါးစေများဖြစ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေကို ဓမ္မနဲ့ရင်ဆိုင် ဖြေရှင်းဖို့ သံဃာတော်များဟာဖြင့် လမ်းမတွေပေါ် ထွက်ခဲ့ကြတာပါ။ သံဃာတော်များနဲ့ ပြည်သူတွေပါ ပူးပေါင်းပြီး လမ်းမပေါ် ထွက်လာခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အာဏာရှင်လူမိုက်တွေရဲ့ ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်မှုတွေကြောင့် အကျအဆုံးများစွာနဲ့ ဦးဇင်းတို့ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အဆုံးသတ်ခဲ့ ရပါတယ်။

အဲဒီလိုကျဆုံးခဲ့ရတဲ့ အကြောင်းအရာကလည်း မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က သံဃာထုနဲ့ အတူမပါဝင်ခဲ့သလို လျစ်လျှူရှုခြင်း ခံခဲ့ရပါတယ်။ ဦးဇင်းတို့ ပြည်သူတွေ အများစုကလည်း ဘေးကနေ လက်ခုပ်တီးပေးရုံလောက်နဲ့တင် တာဝန်ကျေပြီလို့ သတ်မှတ် aအဖွဲ့အစည်းတွေ အများစုကလည်း ဦးဇင်းတို့ ၂၀၀၇ရွှေဝါရောင် ငြိမ်းချမ်းရေးပွဲတော်ကြီးကို လျစ်လျှူရှုခြင်း ခံခဲ့ရပါတယ်။ ဒီလိုအစရှိသောအကြောင်းအရာတွေကြောင့် န.အ.ဖနှင့်တကွ ကြံ့ဖွတ် စွမ်းအားရှင်တွေက အနိုင်ယူ ဖြိုခွင်းသွားတာပါ။

ရဟန်းသံဃာတော်တွေနဲ့ တကွ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဖြင့် မေတ္တာပို့ စီတန်းလှည့်လည်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခဲ့တာကို ဒီလိုမျိုးရိုက်နှက်ဖမ်းဆီး သတ်ဖြတ် ဖြိုခွင်းတာဟာဖြင့် အင်မတန် ရက်စက်လွန်းလှပါတယ်။

ရဟန်းသံဃာတော်တွေနှင့် ကျောင်းသား၊ မိဘပြည်သူတွေ တောင်းဆိုခဲ့တာကလည်း...

၁။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး။
၂။ အမျိုးသားပြန်လည်သင့်မြတ်ရေး။
၃။ ကုန်ဈေးနှုန်းကျဆင်းရေး။
၎။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာများရရှိရေး။
ဆိုတဲ့ အချက်အလက်များကို အဓိကထားပြီးတော့ တောင်းဆိုခဲ့ကြတာပါ။ ဒီအချက်အလက်များကို တောင်းဆိုခဲ့ကြတဲ့ နေရာမယ် အားလုံးသော ဝေနေယျ သတ္တ၀ါတွေ ကျမ္မာကြပါစေ ချမ်းသာကြပါစေဆိုပြီး မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်နှင့်အညီ လူသူလေးပါး၊ မခွဲခြားပဲ အားလုံးကိုမေတ္တာထား၊ မေတ္တာပို့၊ မေတ္တာတရားကို လက်ကိုင်ထားပြီးတော့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မိဘပြည်သူတွေနှင့် တိုင်းရင်းသားပေါင်းစုံအတွက် သံဃာတော်တွေက ပြည်သူတွေ ရှေ့ကနေ ရပ်တည်ပြီး ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့ကြတာပါ။ အဲဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းစွာဖြင့်တောင်းဆိုခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်းသံဃာ၊ မိဘပြည်သူတွေကို မတရားသဖြင့် ရိုက်နှက် ဖမ်းဆီးတာကတော့ ကမ္ဘာပေါ်မယ် အဆိုးရွားဆုံးပါပဲ။
အခုလက်ရှိအချိန်ထိတော့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မပေးသေးသလို အမျိုးသား သင့်မြတ်ရေး အတွက်လည်း မလုပ်ဆောင်ကြသေးပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ရေးပြီး စိတ်တိုင်းကျ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်သူတွေ မျက်စိပိတ်၊နားပိတ် အငတ်ဘေး ဒုက္ခပြဿနာအစရှိသော ဒုက္ခပေါင်းစုံ ကြုံတွေ့နေရတာတောင် လျစ်လျှူရှုပြီး ထင်တိုင်းကြဲနေတဲ့ န.အ.ဖတွေနှင့် တကွ န.အ.ဖလက်ပါးစေ လက်ကိုင်တုတ်တွေအားလုံးကို ပြည်သူတွေနှင့်တကွ ကျောင်းသား၊ ရဟန်း၊ သံဃာတော်တွေ အားလုံးက ဒီမိုကရေစီအရေးအတွက် အစဉ်အဆက် အသက်တွေ၊ဘ၀တွေ ပေးဆပ်ခဲ့ကြသော ကျောင်းသား၊ ရဟန်းသံဃာ မိဘပြည်သူအပေါင်းတို့ကို လေးနှစ်ပြည့် တမ်းခြင်းနှင့် အတူ ညီညီညာညာ ၀ိုင်းဝန်းကယ်ထုတ်ကြပါစို့။
အားလုံး ကျန်းမာချမ်းသာပါစေ
စက်တင်ဘာ ဦးနေမိန္ဒ
(အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ)
ဆရာတော် ဦးနေမိန္ဒဟာ ရွှေဝါရောင်တော်လှန်ရေးကာလ အတွင်းက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်ပြီး လက်ရှိထိုင်းနိုင်ငံမှာ သီတင်းသုံး နေထိုင်နေပါတယ်...။

10 September 2011

တရုတ်-မြန်မာမီးရထားလမ်း စီမံကိန်းအတွက်လျော်ကြေးများပေးမည်ဟု အစိုးရ ကတိပြု

(Monster and Critics မှ သတင်းကို Y C မှ ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်ဒေသအထိ ဖောက်လုပ်မည့် ကီလိုမီတာ ၈၀၀ ရှည်လျားသော မီးရထား လမ်းတစ်လျှောက်ရှိ မြေပိုင်ရှင်များအား မြန်မာအစိုးရကလျှော်ကြေးပေးသွားမည်ဟု ကတိပြု ပြောဆိုလိုက်ကြောင်း သတင်းပေးပို့ချက်များအရ သိရ သည်။

မြန်မာ့မီးရထားဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ အဆိုပါ စီမံကိန်းကြောင့် နိုင်ငံသားများ လိမ်ညာ လှည့်ဖြားခြင်းမခံရအောင် လုပ်ဆောင်သွားရန် အစိုးရအနေဖြင့် ဆုံးဖြတ်ထားပါကြောင်း ပြောကြားလိုက်သည်။ ယင်းမီးရထားလမ်းသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ တရုတ်နိုင်ငံ နယ်စပ်ဒေသမူဆယ်မြို့အထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းဂျာနယ်က ရေးသား ဖော်ပြထားသည်။

‘ဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ အသေးစိတ်စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင် နေပါတယ်။ အဲဒီလိုစေ့စပ်တဲ့ နေရာမှာ ရထားလမ်းဖောက်တဲ့အခါ အသုံးပြုရမယ့်မြေယာတွေအတွက် လျော်ကြေး ပေးဖို့လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေကို အကာ အကွယ် ပေးဖို့ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ဒုက္ခရောက်မှာမဟုတ်ပါဘူး” ဟု ဝန်ကြီးက ဆို သည်။

အဆိုပါ မီးရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအုပ်စုများက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ထိုသို့သော မြန်မာပြည်တွင်း ဧရာမစီမံကိန်းကြီးများလုပ်ကိုင်ရာ၌ လယ်ယာမြေများ မတရားသိမ်းပိုက်ခံရခြင်း၊ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရခြင်းအပါအဝင် အခြား သော မတရားမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း ၎င်းတို့က အတိတ်ကာလမှ ဖြစ်ရပ်များကို ဥပမာပေးကာ ထောက်ပြပြောဆိုကြသည်။

“တကယ်လို့ မြေယာတွေဟာ ပုဂ္ဂလိကပိုင်ဖြစ်တယ်ဆိုရင် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး တန်ဖိုး သတ်မှတ်မှာ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီ အနေနဲ့ တန်ဖိုးအတိုင်းမြေပိုင်ရှင်ကို လျော်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် တရုတ်နိုင်ငံပိုင် မီးရထားအင်ဂျင်နီယာ ကော်ပိုရေးရှင်းတို့အကြား ကန်ထရိုက် ချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ရာ စီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ ဦးအောင်မင်း သည် ဧပြီလ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့သော မြန်မာအစိုးရ ကက်ဘိနက်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

အဆိုပါ ကျောက်ဖြူ-မူဆယ်ရထားလမ်း စီမံကိန်းပြီးဆုံးရန် ငါးနှစ်မျှကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း၊ စီမံကိန်းကို တည်ဆောက်ရေး၊ လုပ်ကိုင် လည်ပတ်ရေးနှင့် လွှဲပြောင်းပေးရေးကန်ထရိုက်ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီစီမံကိန်းအတွက် ဒေါ်လာ ၂၀ ဘီလီယံလောက်ကုန်ကျမှာပါ။ စီမံကိန်းပြီးသွားရင် ကျွန်တော်တို့အနေနဲ့ တရုတ်ကုမ္ပဏီကို နှစ် ၅၀ လုပ်ကိုင်ခွင့်ပေးရမှာပါ” ဟု ဝန်ကြီးက ဆိုသည်။ ယင်းရထားလမ်းသည် တစ်လမ်းသွား ဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ခန့်မောင်းနှင်နိုင်မည့် လျှပ်စစ်ရထားများခုတ်မောင်းနိုင်မည်ဖြစ်ကာ ခရီးသည်များ အပါအဝင် ကုန်တန်ချိန် ၄၀၀၀ ခန့်တင်ဆောင်နိုင်မည်ဟု ဆိုသည်။ ရထားလမ်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်လိုင်း၏ လမ်းကြောင်းအတိုင်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စွမ်းအင်ပိုက်လိုင်းနှစ်ခုမှာလည်း တရုတ် နိုင်ငံပိုင် ကုမ္ပဏီတစ်ခုက တာဝန်ယူဖောက်လုပ်ခြင်းဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရထားလမ်းနှင့် စွမ်းအင်ပိုက်လိုင်းစီမံကိန်း နှစ်ခုစလုံးသည် တရုတ်ပြည်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်စက လျှော့ချနိုင်ရန် ဒီဇိုင်းဆွဲထား ခြင်းဖြစ်သည်။ “ဒီရထားလမ်းဖောက်လုပ်ပြီးစီးသွားခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ပင်လယ်ထွက်ပေါက်ရှိတဲ့ နေရာကို ကုန်ပစ္စည်းတွေ သယ်ယူတင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

မြန်မာအစိုးရသည် တောင်ဘက် တနင်္သာရီတိုင်း ထားဝယ်မှ ထိုင်းနိုင်ငံ ကချနာဘူရီသို့ မီးရထားလမ်း သွယ်တန်းဖောက်လုပ်ရန်လည်း စဉ်းစား လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် Intal-Thai Development ကော်ပိုရေးရှင်းက အဆိုပါထားဝယ်အနီး ရေနံဆိပ်ကမ်း တည်ဆောက်ရေးနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မြန်မာအစိုးရနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

နိုင်ငံတော်သမ္မတကြီး၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်မှုကို ပြည်သူအများ မျှော်လင့်နေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတကြီးထံ မေတ္တာရပ်ခံခဲ့သည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အား အမြန်ဆုံး ထုတ်ပြန်ပေးရန်ကို ပြည်သူအများက မျှော်လင့်နေကြကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွင် အရေးအကြီးဆုံးအချက် ဖြစ်သည့်အတွက် ယင်းအမိန့်ကို အမြန်ဆုံးထုတ်ပြန်ပါက မြန်မာ့ နိုင်ငံရေး၏ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်သည်ဟု ယူဆရမည် ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ပြည်ပရောက် မြန်မာနိုင်ငံသားများကို အရေးယူခြင်းမရှိဘဲ မိခင်နိုင်ငံသို့ ပြန်လာစေရေးစသည့် ကိစ္စရပ်များ ပါဝင်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် အစိုးရသစ်၏ နိုင်ငံတကာတွင် တရားဝင်မှု အခြေအနေကို လက်ခံစေနိုင်မည့် အရေးကြီးသော အချက်များ ဖြစ်ကြောင်း ယင်းကဆိုသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာက မြင်တာဒီကိစ္စရပ်တွေပဲ၊ တိုင်းရင်းသား လူမျိုးစုကိစ္စတွေကိုတောင် ဒီလောက်မမြင်ဘူး”ဟု ယင်းက ဆက်လက်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များအရ လွှတ်တော်၏ တင်ပြချက်ကို သမ္မတအနေဖြင့် စဉ်းစားရမည်ဖြစ်ပြီး အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် ဆက်လက်ထုတ်ပြန်ပေးရေအဆိုသည် လူကြိုက်များသည့် အဆိုဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် အပြုသဘော ဆောင်ကာ စဉ်းစားမည်ဟု မှတ်ယူထားကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပြသည်။

“ကျွန်တော်တို့အမြင်ရတော့ ဒီအဆိုအောင်မယ်”ဟု ယင်းက ဆိုသည်။

ယင်းအဆိုအောင်မြင်ပါက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ခြင်း ရှိ/မရှိကို မည်သူကတာဝန်ခံမည်ဟု ထင်သနည်းဆိုသည့် မေးခွန်းကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း ပြည်တွင်း နိုင်ငံရေးပါတီများကို မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်ကို မစ္စတာကွင်တားနားက ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် ပြည်တွင်းရှိ နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံချိန် တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ၊ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံအတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးကို လုပ်ဆောင်နေသော်လည်း ဝန်ကြီးဌာနပေါင်းစုံဖြင့် ပူးပေါင်းလုပ်ဆောင်နေရသည့် အတွက် အချိန်ကာလတစ်ခု ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိနေပြီး ယင်းအကျဉ်းသားများသည် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးကို ဆောင်ကြည်းနိုင်ရန် မျှော်မှန်းချက်ဖြင့် လုပ်ဆောင်ခဲ့သူများ ဖြစ်သဖြင့် ယင်းတို့ လွတ်မြောက်လာခြင်းသည် နိုင်ငံတော် တည်ဆောက်ရေးတွင် အားတစ်ခုအသွင်ဆောင်နိုင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာ ကွဲကွာနေသော မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းနိုင်ရန်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်ပေးမည့် နိုင်ငံတော်သမ္မတကြီး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အစိုးရသစ်တက်ပြီးနောက်တွင် အကျဉ်းသားများအတွက် တစ်နှစ်လျော့ခြင်းအပြင် သေဒဏ်ချမှတ် ခံထားရသူများ ကို တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲသည့် အမိန့်အား မေလတွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းအမိန့်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားပေါင်း ၁၄၆၁၅၀ ကျော်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၅၀ မပြည့်ကြောင်း သိရှိရသည်။

သတင်း... YC(KS)

နိုင်ငံရေး​အကျဉ်းသားမိ​သားစုများအ​ကျိုှးှဆော​င်ကွန်ယက် ကြေငြာချက်​ [ 9.9.2011 ]

Copy of Political Situation
ပေးပို့ပေးသော အားဘီ အားကျေးဇူးပါ.။

09 September 2011

မြန်မာနိုင်ငံရှိ ကစားစရာသာသာ လက်နက်များ

(8 September 2011 ရက်စွဲပါ Asia Times Online မှ Bertil Lintner ၏ Toys for the boys in Myanmar ကိုY C မှ ဘာသာပြန်သည်)

Google earth တွင် သီးခြား အညိုနုရောင် အကွက်များကို တွေ့နိုင်သည်။ ယင်း အကွက်များသည် မြန်မာနိုင်ငံ၏ တောထဲမှ ထိုးထွက်နေ သော အဆောက်အဦကြီးများကို ပြသနေခြင်း ဖြစ်သည်။ မန္တလေးမြို့၏ အရှေ့ဖက် တောင်ပေါ်များတွင်လည်း အစက်အပြောက်အချို့ တွေ့ရသည်။

အများစုမှာ လူဦးရေ ထူထပ်သောနေရာများတွင် ရှိပြီး လုံခြုံရေး အကြောင်းပြချက်အတွက် ဖြစ်သည်။ သို့သော် ခေတ်သစ် ဒီဂျစ်တယ် ကမ္ဘာတွင် မြန်မာနိုင်ငံတွင်ပင် စစ်တပ်နှင့်ပတ်သက်သော တပ်ဆင်မှုအသစ်များ အတွက် နေရာကို လျှို့ဝှက်မထားနိုင်ပေ။

မြန်မာနိုင်ငံတွင် ၁၉၈၈ တွင် အစိုးရကို ဖယ်ရှားနိုင်ခဲ့သော ဒီမိုကရေစီလှုပ်ရှားမှုများ အပြီးတွင် ယင်း၏ စစ်တပ်နှင့် စစ်ပစ္စည်းများကို ကြီးမားစွာ တိုးချဲ့ခဲ့သည်။ သို့သော် တိုးချဲ့မှုမှာ စနစ်ကျနမှု မရှိပေ။ စစ်သား ပီသသော တိုက်ခိုက်ရေးအင်အားစုကြီးကို တည်ဆောက်ရမည့်အစား စစ်အစိုးရက ယင်း၏ရှင်သန်မှုအတွက် ယင်းအပေါ် သစ္စာရှိသော အရာရှိအုပ်စုများကို မွေးထုတ်ရန်ကိုသာ အလေးပေးခဲ့သည်။

မြန်မာစစ်တပ်မှ မကြာမီက ထွက်ပြေးလာသူများက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၁၉၈၈ ပြီးကတည်းက တိုက်ခိုက်ရေးတပ်ရင်းများနှင့် အခြေချတပ်များ များစွာတိုးလာခဲ့သည်ဟု ဆိုသည်။ သို့သော် အများစုမှာ စစ်တပ်အတွင်းသို့ ဇွတ်အတင်းဝင်ခိုင်းထားခြင်း ဖြစ်ပြီး လစာနည်းပါးစွာသာ ပေးထားပြီး ဆိုးရွားသော စိတ်ဓာတ် မြှင့်တင်ရေးအခြေအနေတွင် ရှိသည်ဟု ပြောကြသည်။

မြန်မာစစ်တပ်အတွင်းမှ လာသော သတင်းများ၏ အဆိုအရ မြန်မာစစ်တပ် အင်အားမှာ တစ်ခါတစ်ရံ အနောက်နိုင်ငံ ဝေဖန်သူများကပါ ဖော်ပြ ကြသည်မှာ သုံးသိန်းမှ လေးသိန်းကြားတွင် ရှိသည်ဟု ဆိုသကဲ့သို့ မဟုတ်ပဲ ဖောင်းပွထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ အချို့သတင်းများက ဆိုသည်မှာ တကယ့်အရေအတွက်မှာ အဆိုပါ အရေအတွက်၏ တစ်ဝက်ထက် နည်းသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုအစိုးရသည် လွန်ခဲ့သောနှစ် ၂၀ ကတည်းက တိုင်းရင်းသား သူပုန်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အရာရှိများရော စစ်သားများပါ စစ်ပွဲ အတွေ့အကြုံများ နည်းပါးခဲ့သည်။

၁၉၈၈ အရေးအခင်း မတိုင်မှီနှင့် တိုင်းရင်းသား သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မရယူမီက မြန်မာစစ်တပ်သည် လက်နက် အင်အား ချို့တဲ့သော်လည်း ကြမ်းတမ်းစွာ စွမ်းရည်ရှိသော ခြေလျင်တပ် အင်အားစု ရှိသည်ဟု နာမည်ကြီးသည်။ စစ်သားများသည် နှစ်စဉ် စစ်ဆင်ရေး များကို ခက်ခဲသော နယ်မြေများတွင် ခက်ခဲသော စစ်ပွဲများ ပြုလုပ်ခဲ့ရခြင်းကြောင့် ခေတ်သစ်အာရှတွင် စစ်ပွဲ စွမ်းရည်ပြည့်ဝသော စစ်တပ်ဖြစ်ခဲ့သည်။

"အခုတော့ စစ်သားတွေ ဘာမှ မလုပ်တော့ဘူး။ သူတို့မှာ ယူနီဖောင်း အသစ်တွေ၊ ပိုကောင်းတဲ့ လက်နက်တွေ ရှိပါတယ်။ အရာရှိတွေ မှာလည်း ဟိုးအရင်က အိပ်မက်တောင် မမက်ဖူးတဲ့ ငွေတွေ သုံးနိုင်တယ်။ ကားတွေ၊ ဂေါက်ကလပ်တွေ၊ မိန်းမတွေ အကုန်ရှိတယ်။ စစ်သားပီသတဲ့ စိတ်ကလွဲလို့ အကုန်ရှိပါတယ်" ဟု အမည် မဖော်လိုသူ စိတ်ပျက်လက်ပျက် ဖြစ်နေသူ မြန်မာ စစ်တပ် အရာရှိဟောင်း တစ်ဦးက ပြောသည်။ တစ်ချိန် တည်းမှာပင် သာမန် ရိုးရိုး စစ်သားလေးများ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်ပါ ဝင်စားမှုမှာလည်း နိမ့်ကျနေသည်ဟု ဆိုကြပြီး၊ စစ်တပ်မှ ထွက်ပြေး သော နှုန်းမှာလည်း မြင့်တက်လျက် ရှိသည်။

အကျိုးဆက်အားဖြင့် မကြာသေးမီက ကချင်များနှင့်လည်းကောင်း၊ ရှမ်းသူပုန်များနှင့် တိုက်ပွဲများတွင် သေဘေး တွေ့ခဲ့ရသည်။ လနှင့်ချီ၍ တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ရှမ်းပြည် တပ်မတော် (SSA) ၏ အဓိက စခန်းတစ်ခုကိုပင် မသိမ်းပိုက်နိုင်ခဲ့ပေ။ ထို့အတူ တရုတ်နယ်စပ် အနီးရှိ KIA အခြေစိုက် စခန်းအား သိမ်းပိုက်ရန် ကြိုးစားစဉ် စစ်တပ်တွင် သွေးထွက်သံယို များခဲ့သည်။

စစ်ပွဲအတွေ့အကြုံ နည်းပါးမှုကို ဖြည့်ဆည်းရန်နှင့် အရာရှိများ လက်နက်သစ်များနှင့် စိတ်ဓာတ် မြှင့်တက်စေရန် အတွက် အစိုးရသည် ၁၉၈၉ ခုနှစ် ကတည်းက ကြီးမားသော ပစ္စည်း ဝယ်ယူမှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၀ နှစ်များ တစ်လျှောက်လုံး မြန်မာ စစ်တပ်သည် စစ်တပ် အသုံးအဆောင် ပစ္စည်းများကို တရုတ်ထံမှ အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံဖိုး ခန့်ဝယ်ယူခဲ့သည်။ လေယာဉ်ပစ် လက်နက်များ၊ ဝေဟင်ပစ် ဒုံးကျည်များ၊ တိုက်လေ ယာဉ်များ၊ ရေတပ်သင်္ဘောများ၊ သံချပ်ကာ ကားများ၊ ထရပ်ကားများ၊ ခဲယမ်းမီးကျောက်များ၊ ဒုံးကျည် လောင်ချာများ ဝယ်ယူခဲ့သည်။ ထို့အပြင် လက်နက် အချို့နှင့် စစ်တပ်အမာထည် (Military hardware) များကို ရုရှား၊ စင်္ကာပူ၊ ယူကရိန်း၊ မြောက်ကိုးရီးယား စစ်တပ်များအပြင် ပါကစ္စတန်၊ ပေါ်တူဂီနှင့် ယခင် ယူဂိုဆလားဗီးယား တို့ထံမှလည်း တစ်ချိန်က ဝယ်ယူခဲ့ဖူးသည်။

ပြည်တွင်းဖြစ် ကာကွယ်ရေး (Homegrown defence)

မကြာသေးမီ နှစ်များအတွင်း တိုင်းပြည်တစ်ဝှမ်း သစ်တောများ ရှင်းပြီး ပြည်တွင်းဖြစ် ကာကွယ်ရေး ပစ္စည်း စက်ရုံများ လျင်မြန်စွာ တိုးချဲ့ခဲ့ သည်။ ၁၉၈၈ မတိုင်မီက ထိုကဲ့သို့သော စက်ရုံမျိုး ဒါဇင်ဝက်ထက် မပိုခဲ့ပေ။

ယနေ့အချိန်အခါတွင် ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၀ ကျော် ရှိနေပြီ ဖြစ်ရာ ထိုအထဲတွင် Missile ကဲ့သို့သော လက်နက်သစ်အတွက် သုတေ သနပြု အဆောက်အဦများ မပါဝင်ပေ။ မြန်မာစစ်တပ်သည် နျူကလီယာ သုတေသနပြု လုပ်ငန်းများ ပြုလုပ်နေခြင်းအတွက် လည်း နာမည်ကြီးသည်။ မြန်မာနိုင်ငံမှ ယမန်နှစ်က ထွက်ပြေးလာသူ အချက်ပေး ဝီစီမှုတ်သူ စစ်တပ် အရာရှိဟောင်း စိုင်းဝင်းသိန်းကမူ ထိုပရောဂျက်များသည် အသုံးပြုနိုင်သော နျူကလီယာ လက်နက် မထုတ်နိုင်သေးဟု ဆိုသည်။

"ဂျာမနီလုပ် စက်တွေ စင်္ကာပူက ရောက်လာတော့ ကျွန်တော့ တပ်မှူးကို မေးတယ်။ ဒီစက်တွေ ဘယ်သူ ကိုင်မှာလဲ ဆိုတော့ သူက မင်းကိုင်ရ မှာ လို့ ပြောတယ်။ ကျွန်တော်က စက်ရုံတွေမှာ မလုပ်ဖူးဘူး။ ကျွန်တော် ရုရှားမှာ ပညာသင်လာပါတယ်။ ဒီတော့ ကျွန်တော် သိတာကတော့ လုပ်မယ့် ရည်ရွယ်ချက်နဲ့ ဒီစက်တွေ မကိုက်ညီဘူး ဆိုတာတော့ သိတယ်။ ဒီ နျူကလီယာ အစီအစဉ်က မဖြစ်နိုင်တဲ့ လက်တွေ့မကျတဲ့ အိပ်မက်ပါပဲ"ဟု စိုင်းသိန်းဝင်းက Asia Times Online နှင့် မကြာသေးမီက အင်တာဗျူးတွင် ပြောခဲ့သည်။

ကပခ ဟု ခေါ်သော ကာကွယ်ရေး ပစ္စည်း စက်ရုံများသည် ယခင်က ရန်ကုန်အနီးတွင် လည်းကောင်း၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ပြည် အနီးနှင့် မကွေး အနီးတွင်သာ ရှိသည်။ မြန်မာ စစ်တပ်နှင့် ပတ်သက်သော သြစတြေးလျ ပညာရှင် Andrew Selth ၏ အဆိုအရ ၁၉၈၈ မတိုင်မီက အဆိုပါ စက်ရုံများသည် အော်တိုမက်တစ် ရိုင်ဖယ်၊ မရှင်းဂန်းအပေါ့စား၊ မော်တာအသေး၊ ဗုံး၊ မိုင်းနှင့် ခဲယမ်းများသာ ထုတ်လုပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၅၀ ခုနှစ်များ ကတည်းက ကာကွယ်ရေး ပစ္စည်း စက်ရုံများ ပိုင်ဆိုင်ရန် ကြိုးစားခဲ့သည်။ ထိုစဉ်က စက်ရုံအသေးလေးမှ ကျည်ဆံများနှင့် အီတလီ 9mm TZ 45 ဆပ်မရှင်းဂန်းနှင့် ပုံစံတူ "နေဝင်း စတင်းဂန်း"ကို ထုတ်လုပ်ခဲ့သည်။

Selth က မြန်မာ့ လက်နက်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဂရပ်ရေးဆွဲခဲ့ရာ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ၁၉၉၇ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ထိုစာအုပ်တွင် မြန်မာ လက်နက် ထုတ်လုပ်ရေးသည် ၁၉၅၇ တွင် အဓိက မြင့်တက်လာခဲ့ပြီး အနောက် ဂျာမနီ နိုင်ငံပိုင် ကုမ္ပဏီဖြစ်သော Fritz Werner GmbH သည် ရန်ကုန်တွင် Gewehr 3 (G3) အော်တိုမက်တစ် ရိုင်ဖယ် ထုတ်လုပ်ရန် သဘောတူခဲ့သည်။ အဆိုပါ ထုတ်လုပ်မှုအတွက် ငွေကို အနောက် ဂျာမနီ အစိုးရက ထောက်ပံ့ခဲ့သည်။

အနောက်ဂျာမနီ၏ ထောက်ပံ့ကူညီမှုများသည် ၁၉၈၈ နောက်ပိုင်းတွင် ရပ်သွားပုံရသည်။ ၁၉၈၈ အရေးအခင်းတွင် စစ်တပ်မှ သွေးထွက်သံယို နှိပ်ကွက်မှုများအပေါ် နိုင်ငံတကာမှ ကန့်ကွက်မှုများကြောင့် ဖြစ်သည်။ သို့သော် အဆိုပါ အနောက်ဂျာမနီကုမ္ပဏီအတွက် ဌာနတွင်း စာရင်းစစ်၏ ၁၉၉၀ မတ်လ ၃၁ အစီရင်ခံစာတွင် စတော့လယ်ဂျာတွင် နိုင်ငံခြားမှ တင်သွင်းထားသော ကုန်ကြမ်းများ တွေ့ရှိရပြီး မြန်မာ့ အကြီးစား စက်မှု လုပ်ငန်းသို့ တိုက်ရိုက်ပေးပို့ထားသည်ဟု ဆိုသည်။ ဦးလှထွန်း အုပ်စုမှ Fritz Werner ၏ စာရင်းကိုင်များ၏ အစီရင်ခံစာတွင် အကြီးစား စက်မှုလုပ်ငန်း စက်ရုံများ ရှိရာ ရန်ကုန် ပြည်တစ်ဖက်ကမ်း ဆင်တဲနှင့် ညောင်ခြေထောက် မင်းလှအနီး မလွန်တို့ကို ဖော်ပြထားရာ ထိုနေရာများသည် ထိုစဉ်က အရေးကြီးသော ကာကွယ်ရေး ပစ္စည်းစက်ရုံများ ရှိသည်။

Fritz Werners သည် မြန်မာနိုင်ငံတွင် လှုပ်ရှားနေဆဲ ဖြစ်သည်။ သို့သော် စိုင်းသိန်းဝင်းနှင့် အခြား သူများ၏ အဆိုအရ ယင်းသည် စစ်သုံး ပစ္စည်းများ ထုတ်လုပ်မှုတွင် ပါဝင်နေဆဲ ဆိုသည်ကို သံသယ ရှိသည်ဟု ဆိုသည်။ Fritz Werners သည် ၁၉၈၄ တွင် မြန်မာ့ အကြီးစား စက်မှု လုပ်ငန်းနှင့် ဖက်စပ် ပြုလုပ်သော ပထမဆုံး နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပြီး မြန်မာစစ်တပ်အတွက် လက်နက်များ ထုတ်ခဲ့သည်။

ယခင် ထုတ်လုပ်သော G2, G3, G4 များနေရာတွင် မြန်မာ့ ရာသီဥတုနှင့် ကိုက်ညီသော ပိုမို ပေါ့ပါးသည့် ခြေလျင်သုံး လက်နက်များ အစားထိုး ထုတ်လုပ်ခဲ့သည်။ Myanmar Army အတိုကောက် MA1, MA2, MA3, MA4 နှင့် 5 တို့ကို တရုတ်ဒီဇိုင်းနှင့် ဆိုဗီယက်၏ Kalashnikov နှင့် Makarov ပစ္စတို ဒီဇိုင်းကို အခြေခံ ထုတ်လုပ်ထားသည်။ MA စီးရီးအသစ်ကို ရန်ကုန်ရှိ ကပစ ၁ တွင် ထုတ်လုပ်သည်။ မလွန်ရှိ ကပစ(၂)တွင် မော်တာများ၊ အမြောက်ပစ္စည်းများ ထုတ်ပြီး စင်္ကာပူက ဆောက်ပေးသော စမ်းသပ် ပစ်ခတ်သည့် နေရာ ရှိသည်။

လည်ပင်းဖက် ညီအစ်ကိုများ

ဒုံးကျည် (missile) သုတေသနနှင့် ထုတ်လုပ်မှုကို မလွန်အနီးရှိ ကုန်းကြီးရွာရှိ အသစ်ဆောက်ထားသော ကပစ (၁၀)တွင် ထုတ်လုပ်သည်။ ထိုနေရာတွင် မြောက်ကိုးရီးယား ပညာရှင်များ၊ တရုတ်များ၊ ရုရှားများလည်း တွေ့ရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား ဒီဇိုင်း Scud-type-Hwasong 6 ဒုံးကျည်ထုတ်လုပ်ရန် စိတ်ဝင်စားသည်ဟု ဆိုသည်။ သို့သော် မေးရမည့်မေးခွန်းမှာ မြန်မာနိုင်ငံသည် အသုံးပြုနိုင်သည် missile ထုတ်လုပ်နိုင်ရန် နီးကပ်နေပြီလော ဟူသော မေးခွန်း ဖြစ်သည်။ မြောက်ကိုးရီးယား သင်္ဘောများသည် အထွေထွေ ကုန်ပစ္စည်းများ တင်ဆောင် လာသည် ဟုဆိုကာ မြန်မာ ဆိပ်ကမ်းများသို့ မကြာခဏ လာရောက်ခဲ့ရာ၊ အဆိုပါ ပစ္စည်းများသည် ကာကွယ်ရေး ပစ္စည်းစက်ရုံများတွင် လမ်းဆုံးသည်။

ဆင်တဲရှိ ကပစ ၃မှ ထုတ်လုပ်သော မော်တာ အဟောင်းနဲ့ အမြောက်ဆံ ထုတ်လုပ်သော စက်ရုံထက် စက်ရုံသစ် ကပစ ၁၂ ကပိုမို ကောင်းမွန်စွာ ထုတ်လုပ်နိုင်သည်။ ကပစ ၁၂ သည် မကွေးတိုင်း သရက်မြို့၏ စခန်းကြီး ကျေးရွာ တောင်ဖက်တွင် ဧက ၁၆၀၀၀ ရှိပြီး 60 mm, 81 mm, 105 mm နှင့် 120 mm မော်တံဆံများ ထုတ်လုပ်သည်။

မြန်မာ စစ်တပ်တွင်းမှ သတင်းများ အဆိုအရ ကပစ ၁၂ မှ စက်များကို ချက်ရီပဗလစ်မှ တင်သွင်းပြီး ထိုနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တပ်ဆင်ခဲ့ သည်ဟု ဆိုသည်။ အဆိုပါ စက်များမှာ ခေတ်မှီ လျှပ်စစ်ဖြင့် ထိန်းချုပ်သော စက်များ ဖြစ်၍ မြန်မာနိုင်ငံတွင် ခေတ်အမှီဆုံးဟု ယူဆရသည်။

လက်နက်ငယ်များ ထုတ်လုပ်သော စက်ရုံမှာ ပဲခူးတိုင်း တိုက်ကြီးမြို့နယ်ရှိ ကပစ ၁၁ တွင် ဖြစ်သည်။ ယင်းသည် MA စီးရီး အတွက် တောင်ကိုရီးယား၏ ဒေဝူးမှ ရရှိသည်ဟု ဆိုသည်။

ထူးဆန်းသော စက်ရုံတစ်ခုမှ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ စေတုတ္တရာတွင် ရှိသည်။ ကပစ ၂၀ ဟု အမည်တပ်ထားပြီး ဧက တစ်သိန်း ကျယ်ဝန်းပြီး Google Earth တွင် ကြည့်ရသည်မှ ရဟတ်ယာဉ် ဆင်းရန် နေရာနှင့် ရှည်လျားသော အဆောက်အဦများ တွေ့ရသည်ဟု ဆို သည်။

ယင်းတွင် ဝန်ထမ်းများ အဖြစ် စစ်သား (၄၀၀)၊ စစ်အင်ဂျင်နီယာများ၊ အရာရှိများ ဖြစ်ပြီးအများစုမှာ ရုရှားတွင် နျူကလီယာ ရူပဗေဒ သင်ကြား လာသူများဖြစ်သည်။ နျူကလီယာ သုတေသန ပြုလုပ်ခြင်းနှင့် ဆက်စပ်မည်ဟု ခန့်မှန်းရသည်။ ကပစ ၂၀ နှင့် ကပ်လျက်တွင် အဆိုပါ စက်ရုံအား မီးမှန်မှန် ပေးနိုင်ရန် ရေအားလျှပ်စစ် စက်ရုံသစ် ရှိသည်။

မကွေးတိုင်း ဆင်ပေါင်ဝဲရှိ ကပစ ၈ တွင် တင့်ကား အစိတ်အပိုင်းများ ထုတ်သည်။ ပန်တောင်းရှိ ကပစ ၉ တွင် MA သေနတ်များအတွက် ကျည်ဆံများ ထုတ်သည်။ ပြည်ရှိ ကပစ ၇ တွင် ပင်လယ်မိုင်းများနှင့် သံချပ်ကာ ကားများ ထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်သည်။ ပန်းတောင်းအနီးရှိ ကပစ ၆ တွင် ခဲယမ်း မီးကျောက်များ ထုတ်ပြီး တရုတ်ပညာရှင်များက တည်ဆောက်ပေးသည်ဟု ဆိုသည်။ မကွေးတိုင်း လက်ပန်ရွာ အနီးရှိ ကပစ ၁၃ တွင် မိုင်းနှင့် အမြောက် အစိတ်အပိုင်းများ ထုတ်လုပ်သည်။

Asia Times Online မှ စိုင်းဝင်းသိန်းအား လက်နက်စက်ရုံများမှ ထုတ်လုပ်သော လက်နက်များ၏ စွမ်းဆောင်ရည်ကို မေးမြန်းခဲ့သည်။ ယင်း၏ အဆိုအရ စက်ရုံများမှာ မြန်မာနိုင်ငံ နေရာ အနှံ့တွင် ရှိနေပြီး ပူးပေါင်း ဆောင်ရွက်မှု ရရန် အလွန်ခက်ခဲကြောင်း ဆိုသည်။

"ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေကို စက်ရုံတစ်ရုံကနေ နောက်တစ်ရုံ မြန်မာပြည် ဖြတ်ပြီး ပို့နေရတယ်လေ။ စက်ရုံတစ်ခုက နောက်တစ်ခု ဘာလုပ် နေမှန်း မသိဘူး။ အဲတော့ ထွက်လာတဲ့ လက်နက်သစ် ဘာသုံးရတော့မှာလဲ" ဟု စိုင်းဝင်းသိန်းက ပြောသည်။

မြန်မာစစ်တပ်ကလည်း စစ်တိုက် အတွေ့အကြုံမရှိ၊ ကပစ စက်ရုံအမျိုးမျိုးက ထုတ်သော လက်နက်များကလည်း အရည်အသွေး မရှိပေ။

သို့သော် မြန်မာအစိုးရမှာတော့ ယင်း၏ ဦးစားပေးမှု အစီအစဉ်များကို အလျင်အမြန် ပြောင်းရန် ဆန္ဒ မရှိသည်မှာ ထင်ရှားသည်။ ကာကွယ်ရေး အသုံး စရိတ်မှာ အစိုးရ ဘတ်ဂျက်၏ ၅၀%ခန့် ရှိနေဆဲ ဖြစ်သည်။

မြန်မာဗိုလ်ချုပ်များ၏ စိတ်ထဲတွင် အစိုးရ တည်မြဲရေးသာ ဖြစ်၍ စစ်မြေပြင်တွင် အားနည်းမှုများကို လျစ်လျူရှုပြီး ယင်းတို့အား သစ္စာရှိပြီး ပံ့ပိုး နိုင်သည့် အရာရှိများကိုသာ အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ဦးသန့် မြေးလာရောက်တွေ့ဆုံ

ကမ္ဘာကျော်နိုင်ငံရေးသမား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးသည် စက်တင်ဘာ ၈ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ကြောင်း NLD မှဦးဝင်းထိန်က ပြောသည်။

အမေရိကန်နိုင်ငံသား ဒေါက်တာသန့်မြင့်ဦးက အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုကြောင်း ခွင့်တောင်းခဲ့ပြီး နံနက် ၁ဝ နာရီခွဲတွင် စတင်ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ယခုကဲ့သို့တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဒေါက်တာ သန့်မြင့်ဦးက“ကျွန်တော်ဘာမှမပြောလိုပါဘူး”ဟု ပြောဆိုခဲ့သည်။ ဒေါက်တာသန့်မြင့်ဦးနှင့် နှီးစပ်သူတစ်ဦး၏
ပြောဆိုချက်အရ ဒေါက်တာသည် နိုင်ငံရေးအရမဟုတ်ပဲ ပုဂ္ဂိုလ်ရေးအရလာရောက်တွေ့ ဆုံခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

"သူက ရန်ကုန်မှာ တခြားအလုပ်တခုနဲ့လာရင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းတာပါ။ ဒီနေ့ပဲ လက်ခံတွေ့ဆုံ ပေးခဲ့ပါတယ်။ " ဟု ဦးအုန်းကြိုင်က ပြောသည်။ ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (Department for International Development-DFID) အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

ကင်းဘရစ်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိခဲ့သော ဒေါက်တာသန့်မြင့်ဦး အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားသော မြန်မာ့သမိုင်း ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်သည့် ခြေရာပျောက်မြစ်နဒီ "The River of Lost Footsteps" စာအုပ်သည် ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

သတင်း.. Peace Press

ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ခန်းအနီး မီးစက်ခန်းရှိ မီးအားမြှင့်စက်လောင်ကျွမ်း


မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မီးစက်ခန်း



ရန်ကုန်ဆေးရုံကြီး

ယနေ့ နေ့လည် ၃ နာရီ ခွဲအချိန့်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်အခန်းအနီးတွင် ထားရှိသော မီးစက်ခန်းမှ မီးအားမြှုင့်စက်လောင်ကျွမ်းကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ မီးစက်နှင့်သက်ဆိုက်သော ပစ္စည်းအချို့ မီးလောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း သိရသည်။

၃နာရီခွဲလောက်က ဖြစ်တာ၊ ငြိမ်းသွားပြီ မီးစက်ခန်းလည်း ပြန်ပြင်နေပြီ`ဟု ရန်ကုန်ဆေးရုံကြီးအတွင်းမီးစက် ၀န်ထမ်းတဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားနေစဉ် ဆေးရုံတွင်းရှိ လူနာအချို့မှာ စိုးရိမ်ထိတ်လန့်ခဲ့ပြီး လျှပ်စစ်မီးများလည်း ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း..မြစ်မခ (မီဒီယာ)

08 September 2011

လူထုခေါင်းဆောင်ကပေးသော သင်ခန်းစာ


မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး မူဝါဒများ လျော့ပေါ့လိုက်သည့် အကောင်းဆုံးပြယုဂ်တစ်ခုအဖြစ် ညွှန်းဆိုရမည့်အရာမှာ ဒေါ်အောင်ဆန်း စုကြည်၏ အင်တာဗျူးနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသော ဆောင်းပါးကို ပြည်တွင်း ဂျာနယ်နှစ်ခုတွင် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စ၏ နောက်ကွယ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခြင်းထက် ပိုမိုသော အကြောင်းအရာများ ရှိနေသည်။ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်လိုဟန်ပြခဲ့ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့် နောက်ပိုင်းတွင် လူထုခေါင်းဆောင်၏ အခန်းကဏ္ဍမှာ ပြည်သူလူထုအကြား ပို၍ ပီပြင်လာခဲ့သည်။ သို့ရာတွင် ဝန်ကြီးထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ဖြစ်နိုင်သောဝန်ကြီးနှင့် မဖြစ်နိုင်သော ဝန်ကြီး ဟူ၍ ကွဲထွက်လာရာ ပြန်ကြားရေးဝန်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိခဲ့သဖြင့် သူမကို လိုလားသူများထဲတွင် ဦးကျော်ဆန်း မပါဝင်ဟု မှတ်ချက်ချ၍ ရသည်။ ယခုတော့ ၎င်းဦးစီးသည့် စာပေစိ စစ်ရေးက လူထုခေါင်းဆောင်နှင့် ပတ်သက်သော စာပေများကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော ဆောင်းပါးကို စာပေစိစစ်ရေးမှ ပြင်ဆင်ဖြတ်တောက်ရန် ကြိုးပမ်းသဖြင့် သူမနှင့် စာပေစိစစ်ရေး ထိပ်တိုက်တိုးတော့မည်ဟု ပြည်ပမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ သက်ဆိုင်ရာဂျာနယ်မှ စာမူကို ပယ်ခြင်းမဟုတ်ကြောင်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ဆဲသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံရေး မာနကြီးလှသော လူထုခေါင်းဆောင်သည် သူမ၏ စာမူများ အပယ်ခံရပါက၊ အပြင်ခံရပါက ဖော်ပြခြင်းမပြုရန် မေတ္တာရပ် ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူမနှင့် ပြောဆိုထားသော အင်တာဗျူး၊ သူမကိုယ်တိုင်ရေးသားသော ဆောင်းပါး များကို ပြည်သူများဖတ်ရှုရပြီဖြစ်သလို ဖော်ပြခွင့်ရခဲ့သော ပြည်တွင်း ဂျာနယ်နှစ်စောင်အနေဖြင့် ပြည်ပမီဒီယာ ထက်ပို၍ သြဇာရှိကြောင်း ပြသနိုင်ခဲ့သည့် သမိုင်းဝင် ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။

လူထုခေါင်းဆောင်၏ အင်တာဗျူးတွင် လူငယ်ထု အကြောင်းကို အသားပေး၍ မေးမြန်းဖြေကြားထားသည်ကို တွေ့ရသည်။ ဖတ်ရသူအချို့က ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ရဲ့လားဟု သံသယပွားရလောက်အောင်ပင် စိတ်ဝင်စားလောက်ဖွယ် အကြောင်းအရာ ကြီးကြီးမားမား မတွေ့ရပါ။ လူငယ် ထုကို စာများများ ဖတ်ဖို့သာ အကြံပြုထားသည်။ မေးသည့် မေးခွန်းက နိုင်ငံရေးအား မပါ၍ဟု ယူဆရမည်ဆိုပါက မေးသူ သတင်းထောက်၏ ညံ့ဖျင်းမှု မဟုတ်ပေ။ သတင်းထောက်ဆိုသည်မှာ စာပေစိစစ်ရေးအကြောင်း နောကျေအောင်သိထား၍ ပထမဆုံး ဖော်ပြခွင့်ရမည့် လူထုခေါင်းဆောင်နှင့် အင်တာဗျူးကို အပယ်မခံနိုင်၍ ငြိစွန်းနိုင်သည့် မေးခွန်းမေးမြန်းခြင်း မပြုခဲ့ခြင်းသာ ဖြစ်သည်။ အကယ်၍ မေးလာလျှင် လူထုခေါင်းဆောင်သည် ဖော်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူမယုံကြည်ချက်အတိုင်းသာ ဖြေကြားမည်ဖြစ်သည်။ သို့သော် ပြည်သူလူထုသည် ၎င်းတို့ချစ်သော လူထုခေါင်းဆောင်၏ အင်တာဗျူးကိုတော့ ဖတ်ခွင့်ရခဲ့ပြီဖြစ်သည်။ ဆိုခဲ့သလိုပင် အင်တာဗျူးတွင် လူထု စိတ်ဝင်စားလောက်မည့် ကိစ္စမျိုး မပါဝင်ပေ။ လူငယ်နှင့် စာဖတ်ခြင်း အကျိုးကို အသားပေးပြောထားသည်။ သင်ခန်းစာယူစရာမှာ လူငယ်တွေ အပျော်ဖတ်ဝတ္ထုများမှ ခွဲထွက်၍ အကျိုးရှိမည့်စာပေများ လေ့လာရန်နှင့် ယနေ့ခေတ် လူငယ်တို့မှာ ကံကောင်းကြောင်း၊ အထူးသဖြင့် ယခင်ခေတ်က ကျောင်းသားနှင့် ယှဉ်လိုက်လျှင် အိုင်တီပညာရပ်ကို အကျွမ်းတဝင် ရှိခြင်းမှာ အားသာချက်တစ်ခုဖြစ်ကြောင်း ဖြေကြားထားသည်မှာ လူငယ်များ သတိပြုစရာ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း စကားဟုပင်ဆိုစေကာမူ ယူတတ်လျှင် ယနေ့ခေတ် လူငယ်သည် သင်ယူ စရာများစွာ ရှိနေ သည်ကို ပြဆိုနေသည်။

ဒုတိယ တစ်ကြိမ်မှာတော့ သူမ၏ ကိုယ်တိုင်ရေး ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး အပန်းဖြေနေ့ရက်များဟု ခေါင်းစဉ်တပ်ထားသည်။ သူမနှင့် သူမ၏ သားငယ် ကိုထိန်လင်းတို့ ပုဂံသို့ ဘုရားဖူးသွားရောက်သည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်းသာ ဖြစ်သည်။ ဆောင်းပါးအစတွင် သူမ၏ငယ်ဘဝ ခရီး အတွေ့အကြုံများ၊ နိုင်ငံတကာခရီး အတွေ့အကြုံများကို ရေးသားထားသည်။ ပြည်သူတို့ သိချင်သော သူမဘဝ၏ တစ်စိတ်တစ်ဒေသကို မြင်တွေ့ရသည်။ ခွေးကလေး၏ နာမည်ကို ဂျပန်နာမည်ပေးထားခြင်းက သူမ၏ ဖခင်အကြောင်းနှင့် ရဲဘော်သုံးကျိပ်အကြောင်းကို လေ့လာရန် ဂျပန်နိုင်ငံသို့ သွားရောက် စာသင်ခဲ့သည့် သူမဘဝ တစ်စိတ်တစ်ပိုင်းကို တွေ့ရသည်။ ခရီးသွားဆောင်းပါးတွင် ဦးခွန်သာမြင့်နှင့် ဦးဟန်သာမြင့်တို့ ညီအကိုနှစ်ဦးအကြောင်းကို သတိတရ ရေးသည်။ ဦးခွန်သာသည် သူမ၏ အနီးကပ်လူယုံ၊ အရေးပါ သည့် လုပ်ဖော်ကိုင်ဖက်၊ သူမ၏ဖခင် ဗိုလ်ချုပ်နှင့် ထိုညီအကိုတို့၏ဖခင် ဦးသိန်းဖေမြင့်တို့သည် ငယ်စဉ်တည်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး နောက်ပိုင်းတွင် နိုင်ငံရေးအယူအဆ ကွဲပြားသွားစေကာမူ တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုများကို အပြန်အလှန် လေးစားသမှုရှိခဲ့ခြင်းက သားသမီးများ ရဲဘော်ရဲဘက်များအဖြစ် လုပ်ကိုင်လာနိုင်စေရန် လမ်းပြနိုင်ခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စသည် လွယ်ကူသော ကိစ္စမဟုတ်ဟု သူမကိုယ်တိုင် ရေးသား ထားသည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ သင်ခန်းစာ ယူဖွယ်ပင် ဖြစ်သည်။ အဖေတွေက နိုင်ငံရေး ပြိုင်ဘက်၊ သားသမီးတွေက ရဲဘော်ရဲဘက်၊ သို့သော် ဖခင်တွေက သိက္ခာရှိသူတွေပီပီ တစ်ဦးနှင့် တစ်ဦး အယူ အဆမတူစေကာမူ လေးစားသမှုရှိရှိ စံပြနေထိုင်ခဲ့ခြင်းကြသဖြင့် မတူကွဲပြားမှုများကို လက်ခံနားလည်နိုင်မှု၊ လူလူချင်း လေးစားမှုများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ခဲ့သည်မှာ အတုယူစရာကောင်းသည်။ ငါ့အဖေ၊ ငါ့ဦးလေးမရှိ၊ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ အတွက် သင်ခန်းစာပေးသည့် ဆောင်းပါး တစ်ပုဒ်ပင်ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ယခုအချိန်မှာ အပြောင်းအလဲကာလ ဖြစ်သဖြင့် အရာရာကို မြေစမ်းခရမ်းပျိုးရသော အခြေအနေတွင်သာ ရှိနေသေးသည်။ ယခု လူထုခေါင်းဆောင်၏ စိတ်နေစိတ်ထားနှင့် ခံစားချက်များ၊ လူငယ်တွေကို ပြောချင်သော စကားများကို သိတန်သလောက်သိရပြီ ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဒီပဲယင်းကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ ၉၀ရလဒ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ စသည်ဖြင့် လူထုခေါင်းဆောင်၏ ခံယူချက်များကို သိချင်ကြပေလိမ့်မည်။ လူထုခေါင်းဆောင်၏ စိတ်ထဲတွင် ဘာတွေရှိနေသနည်း ဆိုသည်ကိုလည်း ပို၍ သိကြပါလိမ့်ဦးမည်။ ယခု ဖော်ပြခွင့်ရသော အင်တာဗျူးနှင့် ဆောင်းပါးတွင်ပင် သင်ခန်းစာတွေ အများကြီးပေးထားခဲ့ပြီဖြစ်ရာ ယူတတ်လျှင် ရသမျှ အမြတ်ချည်းဟုသာ ဆိုရပေ လိမ့်မည်။

ဆောင်းပါး..Y C

မြန်မာနိုင်ငံတစ်ဝှမ်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း


(AlertNet မှ 6 September 2011 ရက်စွဲပါ "Gas pipe line linked to abuses across Myanmar" သတင်းကို Y C မှဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ကြီးထွားလာမှုကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံအနောက်ပိုင်းတွင် တည်ဆောက်နေသော အငြင်းပွားဖွယ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများက ပဋိပက္ခများ၊ လူ့အခွင့်အရေး ညှင်းပန်းမှုများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လှုံ့ဆော် မီးထိုး ပေးနေကြောင်း အင်္ဂါနေ့က ထုတ်ဝေသော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အသိုက်အမြုံ အခွင့်အရေးများကို ကာကွယ်ပေးမှု၊ ဆိုင်ရာဆိုင်ရာ ပြည်သူများ ကလည်း အကျိုးအမြတ်များကို မျှဝေခံစားနိုင်မှု စသည်တို့ ရှိလာသည်အထိ ပိုက်လိုင်းစီမံကိန်း နှစ်ခုကို ရပ်ဆိုင်းကာ ငွေကြေးထောက်ပံ့မှုများကိုလည်း ဆိုင်းငံ့ထားရမည်ဟု ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာပြည်ပြေးအုပ်စု "Shwe Gas Movement" ကပြောကြားလိုက်သည်။

ယင်းအမွှာ ပိုက်လိုင်းနှစ်ခုသည် ၂၀၁၃ တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားပြီး အရှေ့အလယ်ပိုင်း အာဖရိကမှ ရေနံများနှင့် ဘင်္ဂလား ပင်လယ်အော်မှ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင် ဖြည့်ဆည်းကြမည် ဖြစ်သည်။

မြန်မာအနောက်ဖက် ကမ်းရိုးတန်းကျောက်ဖြူမြို့မှ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ပိုက်လိုင်းများကို ကိုးရီးယားနှင့် မြန်မာ ကုမ္ပဏီများနှင့်အတူ တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ CNPC က တည်ဆောက်နေခြင်း ဖြစ်သည်။

ရွှေ ကမ်းလွန်ဓာတ်ငွေ့သိုက်များသည် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ထရီလီယံနှင့် ချီ၍ ထုတ်လုပ် ထွက်ရှိမည်ဖြစ်ရာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်သို့ ရောက်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုကို အားပေးလှုံ့ဆော်ရန် အသုံးပြုနိုင်သည်ဟု ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာ "Sold out: Launch of China pipeline project unleashes abuse across Burma" က ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံတွင်း စွမ်းအင်မလုံလောက်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေရသည့် မြန်မာနိုင်ငံကို ရွှေ ဓာတ်ငွေ့ စီမံကိန်းက လာမည့်နှစ် 30 အတွင်း အခွန်ငွေဒေါ်လာ 29 ဘီလျံခန့် ရှာဖွေပေးလိမ့်မည် ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

သို့သော်လည်း ယင်းပိုက်လိုင်းများမှ ရသော ဝင်ငွေပိုက်ဆံများအနက် အနည်းငယ်မျှကိုသာ မြန်မာ ပြည်သူများ မြင်လိုက်ရဖွယ် ရှိပြီး ပိုက်ဆံ အားလုံးကို တပ်မတော်အစိုးရက လက်နက် ဝယ်ယူခြင်း ကဲ့သို့သော ယင်းတို့၏ အကျိုးစီးပွား ရည်မှန်းချက်များတွင် သုံးစွဲပစ်ရန် အလားအလာများ နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက သတိပေးပြောကြားထားကြသည်။

အလုပ်မရှိ၊ မျှော်လင့်ချက် မရှိ

အစီရင်ခံစာ၏ အဆိုအရ ရခိုင်ပြည်နယ် ကမ်းလွန်ဓာတ်ငွေ့ တာမင်နယ်နှင့် ရေနက် ဆိပ်ကမ်းတစ်ဝိုက်ရှိ ဒေသခံ 8000 ကျော်မှာ အဓိက အသက်မွေးဝမ်းကျောင်း ငါးဖမ်းလယ်လုပ် အလုပ်များ ဆုံးရှုံးလျက်ရှိပြီး စီမံကိန်း လမ်းများ အဆောက်အဦးများအတွက် လယ်မြေများ သိမ်းဆည်း ခံရကာ ငါးဖမ်းခွင့်လည်း တားမြစ်ထားသောကြောင့် ဝင်ငွေမဲ့၊ မျှော်လင့်ချက်မဲ့ ဖြစ်နေကြပြီဟု သိရှိရသည်။

ထိုအတောအတွင်း ဓာတ်ငွေ့စီမံကိန်းများက ဒေသခံများအား လစာနည်း၍ ဘေးအန္တရာယ်ကြီးသော ကျဘမ်း ဆောက်လုပ်ရေး အလုပ်အကိုင် များကိုသာ ဖန်တီးပေးထားပြီး အလုပ်သမားများမှာလည်း လုပ်ခလစာနှင့် လုပ်ငန်းခွင်အနေအထားနှင့် ပတ်သက်၍ တိုင်ကြားနိုင်ခြင်းမရှိကြဟု သိရ သည်။

အမျိုးသမီးများမှာမူ သနားစရာ အကောင်းဆုံး ဖြစ်ကြောင်း၊ အလုပ်ခြင်း တူနေလျှင်ပင် လုပ်ခ ပို၍ နည်းကာ အနိုင်ကျင့် ခြိမ်းခြောက်ခံကြရ သည့် အပြင် ယောက်ျားအလုပ်သမား များစွာ ဝင်ရောက်လာမှုအပေါ် အခြေအနေအရ ပေါ်ထွက်လာသည့် လိင်မှု စီးပွားလုပ်ငန်း ကြီးထွားလာသည့် ပြဿနာကိုပါ ရင်ဆိုင်နေကြရသည် ဟု အစီရင်ခံစာက ထုတ်ဖော် တင်ပြသည်။

ထို့အပြင် တိုးချဲ့လာသော ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် သန္တာကျောက်တန်းများ၊ ကမ်းလွန် လမုတောများကို ပျက်စီးစေပြီး သစ်တော အပြောင်ရှင်းခြင်း၊ သတ္တုတူးဖော် ခြစ်ထုတ်ယူခြင်းတို့ကို ဖြစ်ပေါ်စေကာ ဒေသ၏ သဘာဝ ဘေးအန္တရာယ်ဖြစ်နိုင်မှု ပိုမိုမြင့်မား လာစေသည်ဟု အစီရင်ခံစာ က သတိပေးထားသည်။

ယခုအချိန်ထိ အာဏာပိုင်များ၏ ခြိမ်းခြောက်မှုရှိနေသည့် ကြားမှပင် ဒေသခံ ရပ်ရွာအဖွဲ့အစည်းများက သူတို့၏ သဘောထားကို ထုတ်ဖော်ရန် ကြိုးစားလျက် ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ ဧပြီလက အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြမှုနှင့် ဇွန်လတွင် ရခိုင်ပြည်နယ် ဝပ်ဆန်းရွာမှ ဒေသခံများ က ယင်းတို့၏ စိုက်ပျိုးမွေးမြူရေး အတွက် ရေသွယ်ယူသည့် ချောင်းထဲသို့ အမှိုက်များ လာပစ်သည့် ကုမ္ပဏီများကို တိုင်တန်းမှု တို့ကို အစီရင်ခံစာက ရည်ညွှန်း ဖော်ပြခြင်း ဖြစ်သည်။

ပဋိပက္ခကို သွေးထိုးလှုံ့ဆော်

ပိုက်လိုင်းများ ဖြတ်သန်းသွားမည့် နယ်မြေအချို့မှာ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအကြား တိုက်ပွဲဖြစ်ပွားလေ့ ရှိသော နယ်မြေများဖြစ်၍ စစ်အင်အား တိုးချဲ့တပ်ဆင်မှု ကြီးထွားလာစေကာ ပဋိပက္ခကို ပိုမိုဆိုးဝါးလာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် တရုတ်တို့ လာရောက်ဆောက်လုပ်နေသော ရေအားလျှပ်စစ် တမံစီမံကိန်းများ အနီးတွင် ဇွန်လအတွင်းက အစိုးရ တပ် များနှင့် KIA တပ်များ တိုက်ခိုက်ကြခြင်းမှာ အကျိုးအမြတ် ကြီးမားသည့် အပေးအယူ လုပ်ငန်းများမှ ဒေသခံအဖွဲ့အစည်းများ ဖယ်ထုတ်ခံရခြင်းကြောင့် ဖြစ်ကြောင်း အကဲခတ်လေ့လာသူ အချို့က မှတ်ချက်ပေးပြောကြားကြသည်။

တရုတ်တို့ လာရောက်တည်ဆောက်သည့် ရေလှောင်တမံစီမံကိန်းများသည် တိုင်းရင်းသားတို့၏ "ငွေတောင်တန်း" ဒေသမှ သဘာဝသယံ ဇာတ များကို ကျူးကျော်အမြတ်ထုတ်ခြင်း ဖြစ်သည်ဟု ယူဆကြသော မြန်မာ တိုင်းရင်းသား အသိုင်းအဝိုင်းအတွက် အကြီးအကျယ် အငြင်းပွားစရာ ကိစ္စ တစ်ရပ် ဖြစ်နေသည်။

ယင်းကဲ့သို့ တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် စစ်တပ်များ ပိုမိုတပ်ဖြန့်လာမှုသည် ဒေသခံ အရပ်သားများအပေါ် ပိုမိုနှိပ်စက်မှု များမှသည် အဓမ္မ ပေါ်တာဆွဲ ခိုင်းစေမှုများ၊ အဓမ္မ ရပ်ရွာရွေ့ပြောင်းခိုင်းမှုများ အထိ တိုက်ရိုက် သက်ရောက်ဖြစ်ပေါ်စေသည်ဟု လူ့အခွင့်အရေး အုပ်စုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက ပြောကြားတင်ပြထားကြသည်။

07 September 2011

PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ



တစ်ကမ္ဘာလုံးတွင် PhD ဒေါက်တာဘွဲ့ ရရှိဖို့ ကြိုးစားမှုတွေ များလာသည်။ ဂျာမဏီ နိုင်ငံရေး လောကတွင် PhD ဘွဲ့ အလိုအပ်ဆုံး ဖြစ်သည်။ ဂျာမဏီ အောက်လွှတ်တော် အဖွဲ့ဝင် ၁၁၄ ဦးအနက်၊ ၀န်ကြီးချုပ် ဒေါက်တာ အန်ဂလာ မာခဲယ်လ် အပါအ၀င် ငါးပုံတစ်ပုံက PhD ဘွဲ့ ရယူထားကြသည်။

ဂျာမန်တွေရဲ့ PhD ခုံမင်လွန်းမှုကြောင့် အရှက်ကွဲရမှုများလည်း ရှိသည်။ ကာကွယ်ရေးဝန်ကြီး Karl-Theodor zu Guttenberg မှာ သူရဲ့ PhD စာတမ်းခိုးကူးခဲ့မှု ပေါ်သွားလို့၊ မတ်လ ၁ ရက်နေ့က ရာထူးက နှုတ်ထွက်ပေးလိုက်ရသည်။

ဂျာမန်တွေနဲ့ယှဉ်ရင် အမေရိကန် နိုင်ငံရေး လောကမှာတော့ PhD ဘွဲ့ရသူ နည်းပါးသည်။ လက်ရှိ အမေရိကန် ကွန်ဂရက်ထဲတွင် ၁၈ ဦးသာ (၃ ရာခိုင်နှုန်း) ဒေါက်တာဘွဲ့ ရရှိသူ ပါသည်။ ဆီနိတ်တာတွေ ထဲမှာ တစ်ဦးမှ PhD ရထားသူ မရှိ။ အမေရိကန် ကာကွယ်ရေးဌာနနဲ့ စစ်တပ်ထဲတွင်တော့ PhD ဘွဲ့ရသူ ၁၀၀ ကျော် ရှိသည်။

PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။


ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် မှာလည်း သူ့ PhD စာတမ်း အစိတ်အပိုင်း အများစုမှာ သူများထံက ခိုးယူထားသည်ဟု စွပ်စွဲခံရသည်။ ဒေါက်တာ မာတင်လူသာကင်း ရဲ့ စာတမ်းကိုတောင် နောက်ပိုင်း ဝေဖန်မှုအများအပြား ရှိနေခဲ့သည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ သားရဲ့ စာတမ်းကတော့ ဆိုဖွယ်ရာမရှိ။

မြန်မာနိုင်ငံမှာလည်း PhD ဘွဲ့ရရှိဖို့ ပြည်တွင်းဖြစ်ရော ပြည်ပတက္ကသိုလ်များတွင်ပါ ကြိုးစားအားထုတ်မှုများ ရှိလာသည်။ ဒီအထဲ မြန်မာပြည်ရဲ့ ထူးခြားချက်က တက္ကသိုလ်များမှ ချီးမြှင့်တဲ့ 'ဂုဏ်ထူးဆောင်ဘွဲ့' ကို အကြောင်းပြုပြီး နာမည်ရှေ့ 'ဒေါက်တာ' တပ်သူများ ရှိလာခြင်းပင်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မရေမတွက်နိုင်အောင် ချီးမြှင့်ထားသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကလည်း 'ဒေါက်တာ အောင်ဆန်းစုကြည်' ဟု မတပ်သလို၊ မည်သူကမှလည်း ဒေါက်တာ တပ်မခေါ်။ ချစ်စနိုးနှင့် 'ဒေါ်စု' ဟုပင် ခေါ်ကြသည်။

အလားတူ အင်္ဂလိပ်အစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မြန်မာပြည် ဘုရင်ခံက လယ်တီဆရာတော်ဘုရားကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ဆက်ကပ်ခဲ့ပေမယ့်၊ ဆရာတော်ကြီးက 'ဒေါက်တာ အရှင်ဥာဏဓဇ' ဟု မကြွေးကြော်ဘဲ လယ်တီဆရာတော် အမည်နဲ့သာ သိက္ခာကြီးမြင့်စွာ နေထိုင်ခဲ့သည်။

ဆရာကြီးဒေါက်တာ သန်းထွန်း က သူ့ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရောမှာစိုးလို့၊ သူ့စာအုပ်အချို့က သူ့ဘွဲ့အမည်ဘေးမှာ (ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့မဟုတ်) ဟု ခပ်ရွတ်ရွတ်ဖြင့် ကွင်းခတ် ဖော်ပြဖူးသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့ရသူများ မိမိနာမည်ရှေ့ ထူးထူးဆန်းဆန်း 'ဒေါက်တာ' တပ်ကြသည်။ ဥပမာ၊ ဒေါက်တာ ခင်ရွှေ၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ အရှင်...... စသည်များ..။

ဝင့်ထန်း

ရည်ညွန်း။ the Economist

ရင်းမြစ်..မောက္ခ ပညာရေးမဂ္ဂဇင်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းပြီ ဆိုပါလား....။

မြန်မာက မြောက်ကိုရီးယားသို့ ဆန်ပို့၍ လက်နက်ဖြင့်လဲ

(Radio Australia News မှ 5 Sept 2011 ရက်စွဲပါ “Burma gave rice to N.Korea for Weapons” ကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် စစ်လက်နက်ပစ္စည်းများနှင့် လဲလှယ်ရန်အတွက် ဆန်နှင့်အခြားလယ်ယာထွက်ကုန်များကို မြောက်ကိုရီးယားသို့ တင်ပို့ လျက် ရှိသည်ဟု သိရှိရကြောင်း Wikileaks က ထုတ်လွှင့်လိုက်သည့် အမေရိကန်သံတမန် ဆက်သွယ်ရေးကေဘယ်များက ဆိုသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လ ရန်ကုန်မြို့ အမေရိကန် သံရုံးဆက်သွယ်မှု မှတ်တမ်းများက မြန်မာအစိုးရသည် ယင်း၏ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှတစ်ဆင့် မြောက်ကိုရီးယားသို့ ဆန်တန်ချိန် နှစ်သောင်း တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ယုံကြည်ရသော စီးပွားရေး သတင်းရပ်ကွက်၏ အဆိုအရ မြန်မာအစိုးရသည် လက်နက်နှင့်လဲလှယ်ရန် ဆန်နှင့် လယ်ယာထွက်ကုန်များကို မြောက်ကိုရီးယားသို့ တင်ပို့ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီဟု ဖော်ပြထားသော သံတမန်ဆက်ကြောင်း ကေဘယ်က ယင်းလက်နက်များမှာ သမားရိုးကျ လက်နက်များ ဖြစ်သည်ဟုလည်း ရည်ညွှန်းထားသည်။

မြန်မာအစိုးရသည် ပြုံယမ်း၏ အကူအညီဖြင့် လျှို့ဝှက်နျူကလီယာ အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်နေသည်ဟု ဝါရှင်တန်က သံသယရှိနေကြောင်းကို မနှစ်က Wikileaks မှ ထုတ်လွှင့်သော အမေရိကန် သံတမန် ဆက်သွယ်မှုမှတ်တမ်းများတွင် တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။ နိုဝင်ဘာလက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင်လည်း မြောက်ကိုရီးယားသည် အီရန်နှင့် ဆီးရီးယားအပြင် မြန်မာနိုင်ငံကိုပါ တားမြစ် နျူကလီယာနှင့် ဒုံးကျည် အစိတ်အပိုင်းကိရိယာများ ကူညီဖြည့်ဆည်းပေးနေကြောင်း ဖော်ပြခဲ့သည်။

မြန်မာအစိုးရက ယင်း၏ နျူကလီယာရည်မှန်းချက်နှင့် ပတ်သက်သည့် အစီရင်ခံစာသတင်းများကို ကန့်ကွက်ခဲ့ပြီး မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြေအပေါ် အနောက်နိုင်ငံ စိုးရိမ်ပူပန်မှုများကိုလည်း ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတွင် မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲများအပြီး မတ်လမှစ၍ အမည်ခံအရပ်ဖက်အစိုးရက လွှဲပြောင်း အုပ်ချုပ်လျက် ရှိသော် လည်း ယူနီဖောင်းချွတ် ယခင်ဗိုလ်ချုပ်ဟောင်းများကသာ အစိုးရ အဖွဲ့ဝင် ရာထူးများကို ရယူ ထိန်းချုပ်ထားကြသည်။

ရွှေဘို နာရေးကူညီမှုအသင်း ခရိုင်အုပ်ချုပ်ရေးမှုး အဓမ္မသိမ်းပိုက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးသည် ရွှေဘိုမြို့ရှိ နာရေးကူညီမှုအသင်းဟု လူသိများသော ရွှေဘို လူမှုကူညီစောင့် ရှောက်ရေး လုပ်ငန်းစုကို စက်တင်ဘာလ ၄ရက်နေ့က အဓမ္မ သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၄.၉.၁၁)ရက်နေ့က ရွှေဘိုအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ရန်အောင်မန်းကားဂိတ်မှ နာရေးကူညီမှုအသင်းသို့ Super Custom ကားတစ်စီးလှူဒါန်းပွဲတွင် ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှုး ဦးလှဦးသည် မပြောမဆိုနှင့် မိုက်ကရိုဖုန်းကို ကိုင်ကာ ရွှေဘို လူမှု ကူညီစောင့်ရှောက်ရေး လုပ်ငန်းစုကို ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ လုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု ကြောငြာခဲ့ကြောင်း အဝေးပြေးကားဂိတ် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

(၅.၉.၁၁)ရက်နေ့တွင် ရွေဘို လမ်းလေးခွအနီးရှိ အသင်းရုံးမှ ကားများကိုသာမက စာရွက်စာတမ်း ရုံးလုပ်ငန်းသုံး စားပွဲကုလားထိုင်များကို စည်ပင်ရုံးသို့ အတင်းအဓမ္မ ရွေ့ပြောင်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့မှတ်ပုံတင်ထားဆဲဖြစ်ပြီး လိုင်စင်မကျသေးသဖြင့် လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းစု အမည်ဖြင့် ၈လအတွင်း နာရေးကူညီမှု အယောက်၅၀၀ ခန့် ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ယင်းအဖွဲ့ကို ရွှေဘိုမြို့ရှိ လူအများ လေးစား ကြည်ညိုသည့် ဆရာတော်ကြီး သုံးပါးက နာယကဆရာတော်များအဖြစ် ပါဝင်ဖွဲ့စည်းထားကာ ဒေသခံအလှူရှင် ၃၉ ဦး၏ မတည်လှူဒါန်းငွေ ၉၁သိန်းဖြင့် ဖွဲ့စည်း ထားကြောင်း အလှူရှင်များက သံဃာတော်များကိုသာ လှူဒါန်းထားခြင်းဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“အရင် တုန်းက ကားနှစ်စီးရှိတာ သိမ်းသွားပြီး တစ်စီးကို ဆေးရုံကား လုပ်လိုက်သလို တစ်စီးက စည်ပင် အရာရှိက စီးနေတယ် အဲဒါကြောင်း ဌာနဆိုင်ရာကို လူတွေကမယုံတာ’’ဟု အိန္ဒာရပ်ကွက်တွင် နေထိုင်သူကဆိုသည်။

သတင်း.. မိဖြူ

06 September 2011

ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်



ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် မြန်မာအတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြု ရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။


အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅ဝ ပြည့် အထိန်းအမှတ် ပန်းချီပြပွဲတွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြုရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။




(ဝဲမှယာ).. ဦးခွန်သာမြင့်၊ ဒေါက်တာ တင်မျိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Dr. V.S.Seshadri ၊ ဒေါ်အောင်ဆန်းစုကြည်၊ သံအမတ်ကြီးကတော် (ဖြူ)၊ ဒုတိယ သံအမတ် Ms. Sripriya Ranganathan (ဝါ) တို့နှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသူများ


ရန်ကုန်မြို့ အိန္ဒိယသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း ကြားသိသဖြင့် လာရောက် စောင့်ဆိုင်းနေသူများကို သံရုံး မျက်နှာစာရှေ့တွင် တွေ့ရစဉ်။

သတင်း၊ဓာတ်ပုံ- မဇ္ဈိမ