31 August 2011

နယ်စပ်မှ တရုတ် စစ်ကားများ ဆက်တိုက် ပို့နေ

တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် စစ်ထရပ်ကားများ ယခုရက်ပိုင်းအတွင်း နယ်စပ်ရွှေလီမြို့ သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဖက်သို့ သယ်ပို့နေသည်ဟု တရုတ်မြန်မာနယ်စပ် ရွှေလီမြို့ခံများက ပြောသည်။

ယခုတင်သွင်းလာသည့် ကားများမှာ E-2000ပုံစံ Lotton အမျိုးအစားများဖြစ်ပြီး တစီးလျှင် တရုတ်ယွန်ငွေ ခြောက်သောင်းကျော် တန်ဘိုးရှိကာ လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင် တင်ပို့နေခြင်း ဖြစ်သည်ဟု မြို့ခံ မျက်မြင်တဦးက ယခုလိုပြောသည်။



တရုတ်နိုင်ငံမှရသည့် စစ်ကားများ (ဓါတ်ပုံ MG/SHAN)

“ဟိုတလောက မြန်မာပြည်ဖက်ကို သွင်းတဲ့ အဲဒီကားတွေကို နမ့်ဖတ်ကာနားမှာ ဆော်လိုက် တယ်လေ။ ပြီးခဲ့တဲ့ သုံးလေးရက်ကပဲ။ အဲဒီနောက်ပိုင်း ခဏ နားထားပြီးတော့ အခုဒီနေ့ ပြန်ပို့နေတာ။ ဒီနေ့မနက်ကို တောက်လျှောက် ပို့နေပြီ။” စုစုပေါင်း စစ်ကားအစီးရေ လေးရာခန့် တင်ပို့မည်ဟု သိရကြောင်းနှင့် ယခင်အပတ်က အစီး နှစ်ရာကျော် တင်ပို့ခဲ့ပြီး လက်ရှိတွင် အစီး တစ်ရာကျော် ကျန်ရှိနေသည်။

ထို့အပြင် ကားအချို့အား စစ်သုံးမိုးကာများ ဖုံးအုပ်ထားပြီး “အထဲမှာတော့ ကားအပိုပစ္စည်းတွေ ပါမယ်ထင်တယ်။ သုံးထပ်သားပြား သေတ္တာ အကြီးကြီးတွေ ပါတယ်။” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

နယ်စပ်ရှိ အခြား ကုန်သည်တဦးကလည်း လွန်ခဲ့သည့် (၅) ရက်ခန့်က တရုတ်နယ်စပ်မှ မန္တလေးဖက်သို့ တင်ပို့လာသည့် စစ်ကား ယာဉ်တန်းအား KIA က တိုက်ခိုက်လိုက်သည့်အတွက် ယခုအခါ နယ်စပ်မြို့များ ဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာနှင့် (၁၀၅) မိုင် အနီးတ၀ိုက် တွင် အစိုးရတပ်မှ စစ်အင်အားများ တိုးမြင့်ချထားသည်ကို တွေ့ရသည်ဟု ယခုလိုပြောသည်။

“အဲဒီနေ့က ကချင်စစ်သားနဲ့ တိုက်ပွဲဖြစ်တာ ဗမာ စစ်သား ခြောက်ယောက်လောက် ကျတယ်။ နောက်တနေ့ဆိုရင် မူဆယ် ခရိုင်ထဲက ဒီ နမ့်အွန် မော်တောင်း၊ အဲဒီမှာ ဖြစ်တာက ရဲတယောက် သေသွားတယ်။ အဲဒီမှာ ဖြစ်ပြီး တစ်ပတ်လောက်ကြာတော့ စစ်တပ်တွေက ထိုးတက်လာတယ်။”



တရုတ်နိုင်ငံမှရသည့် စစ်ကားများ (ဓါတ်ပုံ MG/SHAN)

ထို့အပြင် “အခုက (၁၀၅) မိုင်ကျော်သွားရင် ကောင်းဝက်၊ ကောင်းဝက်ကနေ နမ့်ဖတ်ကာအထိ ဆိုရင် ဒီလမ်း တောက်လျှောက်မှာပဲ ကျနော်တို့ ခန့်မှန်းကြည့်တာ (၁၀၀၀) လောက်တော့ ရှိနိုင်တယ်။ အဲဒီနေရာမှာ သူတို့ ချထားတာ များတယ်။” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နမ့်ခမ်းမြို့မှ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့သို့ သွားရာ လမ်းကြောင်း တလျှောက်တွင် မကြာခန ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကာ ယခုလ (၂၈) ရက်နေ့မှ စတင်၍ အစိုးရတပ်ဖွဲ့များ အင်အား ဖြည့်တင်းလာနေသည်။

ယခင် စစ်အစိုးရအုပ်ချုပ်စဉ်ကလည်း တရုတ်နိုင်ငံလုပ် စစ်ကားများကို မြန်မာပြည်သို့ မကြာခန တင်ပို့နေပြီး နယ်စပ်တလျှောက် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အသုံးပြုခဲ့သည်။

သတင်း..ဇော်ကြီး(သတင်းနှင့်မီဒီယာ ကွန်ယက်)

မြို့ပေါ် ဒုက္ခသည် (၅၂၇၆) ဦး၏ စားဝတ်နေရေးကို အသင်းတော်များ တာဝန်ယူနေ


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒူဝါ ငန်ဆိုင်း။

ပြည်နယ်အစိုးရက ဒုက္ခသည် ၅၀၀၀ ကျော်အတွက် စားဝတ်နေရေးတာဝန်ယူခြင်း မဟုတ်ဘဲ အသင်းတော်များ ကသာ အဓိက တာဝန်ယူခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO) သတင်းရပ်ကွက်က သိရသည်။

သြဂုတ်လ (၂၇) ရက် မြစ်ကြီးမြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်၏ ရှင်းလင်းပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ကျေးလက်ဒေသများမှ လုံခြုံရေးအရ ပြောင်းရွှေ့လာကြသည့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အဖွဲ့အစည်းများက စခန်းများဖွင့်လှစ်နေရာချထားမှု၊ စားဝတ်နေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောင့်မှုနှင့် ပညာသင်ကြားခြင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောဆိုသွားသည်ဟု သြဂုတ် (၂၉) ရက်ထုတ် မြန်မာအစိုးရ သတင်းစာတွင်ဖော်ပြထားသည်။

“အစိုးရက သတင်းစာရှင်းလင်းပွဲမှာ (၁၃)ခု ဖွင့်ထားတယ်လို့ပြောတယ်။ တကယ်တမ်း သူတို့ဖွင့်ထားတာ မဟုတ်ဘူး။ အသင်းတော်တွေဖွင့်ထားတာ။ အသင်းတော်တွေဖွင့်ထားတာကို အနှောင့်အယှက် မ ပေးဘူး။ ဒါမဲ့ လိုအပ်တာတွေ လာရောက်ကြည့်ရှု ဖြည့်ဆည်းပေးတာမျိုး လုပ်တယ် ပြည်နယ်အစိုးရက။

”သြဂုတ်လ တတိယအပတ်နောက်ဆုံးစာရင်းအရ ၀ိုင်းမော်မြို့ပေါ်တွင် အိမ်ထောင်စု (၇၉၁) ခုမှ ဒုက္ခသည် ကျား/မ ပေါင်း (၂၉၈၉) ဦး၊ မြစ်ကြီးနားမြို့ပေါ်တွင် အိမ်ထောင်စု (၅၅၅)ခုမှ ဒုက္ခသည် ကျား/မပေါင်း (၂၂၈၇) ဦး ရောက်ရှိနေပြီဟု မြို့ပေါ် NGO သတင်းရပ်ကွက်နှင့် နီးစပ်သူများက ဆိုသည်။

ဒုက္ခသည်ပေါင်း (၅၂၇၆) ဦးအား ၀ိုင်းမော်မြို့ပေါ်တွင် နေရာ (၁၀) ခု၊ မြစ်ကြီးမြို့ပေါ်တွင် နေရာ (၁၅) ခု တွင် ရပ်ကွက်/ကျေးရွာ ခရစ်ယာန်အသင်းတော်များက ကိုယ်ထူကိုယ်ထပြုလုပ်ပြီး ရပ်ကွက်တွင်း အလှူခံကာ နေ့စဉ် ဒုက္ခသည်များ၏အစားအသောက်အတွက် စီစဉ်ဆောင်ရွက်ပေးကြလျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်များအား INGO အဖွဲ့အစည်းများ အကူအညီ မ ပေးနိုင်သော် လည်း မေတ္တာဖောင်းဒေးရှင်းက ထောက်ပံ့နေသည်။ ထို့အပြင် ငြိမ်းဖောင်းဒေးရှင်းမှလည်း ဒုက္ခသည်ကလေးသူငယ်များအတွက် စာရေးကိရိယာများထောက်ပံ့နေသည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့် နှစ်ပတ်ကစတင်ကာ ပြည်နယ်ဝန်ကြီးချုပ်၏ တိုက်တွန်းချက်အရ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program)မှ ဒုက္ခသည်များအတွက် ဆန်အိတ် (၃၀၀) ဖြန့်ဝေသွားရန်ရှိသည်ဟု လည်း ၀န်ကြီးချုပ်နှင့်နီးစပ်သူများမှတဆင့် သိရသည်။

ထို့ပြင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများမှ ဒုက္ခသည်များနေထိုင်ရာ အသင်းတော်များသို့ လာရောက် တွေ့ဆုံမှု ထောက်ပံ့မှုများလည်းရှိသည်။

ဇွန် (၉)ရက်မှ စတင်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ယခုချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဒုက္ခသည် (၅၀၀၀) ကျော် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ပေါ်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

သတင်း..Jade Land

30 August 2011

ပြည်တွင်းက ပုဒ်မ(၅)ညတွေကိုဘဲ အရင်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးပါလား သမ္မတ ကြီးရယ်..

နိုင်ငံတော်ကို အကြည်ညိုပျက်စေသော နိုင်ငံရေးပြစ်မှုမျိုး ကျူးလွန်သူ ပြည်ပရောက် နိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်လာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ အကြံပေးပုဂ္ဂိုလ်များက ပြောကြားသည်။ ပြည်ပသို့ ထွက်ခွာသွားသော မြန်မာနိုင်ငံသားများသည် ပုဒ်မ (၅) ကဲ့သို့သော ပြစ်မှုမျိုး ကျူးလွန်သွားပါက မိခင်နိုင်ငံသို့ ပြန်လာလျှင် အရေးမယူဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က တရားဝင် ပြောကြားသည်။

သို့သော် အရပ်သားများအား ထိခိုက်နစ်နာစေသည့် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု ကဲ့သို့သော ပြစ်မှုမျိုးကို ကျူးလွန်ပါက ကျူးလွန်သူသည် တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ “အစိုးရကို အကြည်ညိုပျက်စေတဲ့ အမှုတွေ ကျူးလွန်သွားတဲ့ မြန်မာနိုင်ငံသားတွေကို အရေးမယူပါဘူး။ ပုဂ္ဂလိကကို နစ်နာစွာ ထိခိုက်စေနိုင်တဲ့ ပြစ်မှုတွေကိုပဲ အရေးယူမှာပါ”ဟု ဦးကိုကိုလှိုင်က ထပ်မံအတည်ပြု ပြောသည်။ ယင်းအပြင် တပ်မတော်နှင့် ဖြစ်ပွားခဲ့သည့် ရင်ဆိုင်တိုက်ပွဲများတွင် အခြားတစ်ဖက်မှ ပါဝင်ခဲ့သူများအား တိုက်ပွဲတစ်ခု၊ ပဋိပက္ခတစ်ခုအသွင် ဖြစ်ပွားသည့် အနေအထားဖြစ်၍ အရေးယူမည် မဟုတ်ကြောင်း၊ လက်နက်ကိုင်နေစဉ် အချိန်ကာလအတွင်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခဲ့သည့် ဖြစ်ရပ်များကိုသာ အရေးယူမည်ဖြစ်ကြောင်း ဦးကိုကိုလှိုင်က ထပ်လောင်းပြောကြားသည်။

ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား တိုင်းရင်းသားများ သည် ပြစ်မှုကျူးလွန်ခြင်း မရှိပါက အချိန်မရွေး ပြန်လာနိုင်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ပါကလည်း ထိုက်သင့်သည့် ပြစ်ဒဏ် ပြန်လည်ခံစားရန် ဆုံးဖြတ်၍ ပြန်လာခဲ့မည်ဆိုပါက နိုင်ငံတော်က သဘောထားကြီးစွာဖြင့် ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

သန်းရွှေ အလွန် (၁)


မြန်မာနိုင်ငံကို ၂၃ နှစ်ကြာ စစ်တပ်အာဏာရှင် အုပ်ချုပ်မှုက​နေပြီး​တော့​ ၂၀၀၈ ခုနှစ် ဖွဲ့​စည်း​အုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေအရ ပြည်သူက​နေ ​ရွေး​ချယ်တင်​မြှောက်တဲ့​ အရပ်သား​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေဆီကို မတ်လ ၃၀ ရက်​နေ့​မှာ တိုင်း​ပြည်အာဏာ လွှဲ​ပြောင်း​ခဲ့​ပါတယ်။ စစ်တပ်အုပ်ချုပ်မှုက​နေ ပြည်သူက ​ရွေး​ကောက်တင်​မြှောက်တဲ့​ အရပ်သား​အစိုး​ရဆီကို အာဏာလွှဲ​ပြောင်း​ပေး​လိုက်တယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ပါပဲ။

အဲဒီ အရပ်သား​အစိုး​ရဆိုတာကလည်း​ စစ်ဗိုလ်ချုပ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရအသစ်ပါ။ အဲဒီလို တမူထူး​ခြား​တဲ့​နေ့​မှာပဲ မြန်မာနိုင်ငံကို ပ​ဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့​တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေက​နေ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို အာဏာလွှဲ​ပြောင်း​တဲ့​နေ့​လည်း​ ဖြစ်ပါတယ်။ တိုင်း​ပြည်ကို တချက်လွှတ်အာဏာနဲ့​ အုပ်ချုပ်ခဲ့​တဲ့​၊​ ဘဝရှင်မင်း​တရား​ကြီး​လို့​ လူသိများ​တဲ့​ ဗိုလ်ချုပ်မှူး​ ကြီး​သန်း​ရွှေ ​နောက်ပိုင်း​ မြန်မာနိုင်ငံဟာ စစ်​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ဘာ​တွေ ​ပြောင်း​လဲခဲ့​သလဲ၊​ ဘယ်လိုမျိုး​ ​ပြောင်း​လဲသလဲ — မြန်မာ့​တပ်မ​တော်ရဲ့​ ကျဆင်း​တဲ့​ စိတ်ဓာတ်ပိုင်း​ဆိုင်ရာ စွမ်း​ရည်​တွေနဲ့​ ပတ်သက်လို့​ တပ်မ​တော်က​နေ အငြိမ်း​စား​ယူထား​တဲ့​ ဗိုလ်ချုပ်ချစ်လှိုင်၊​ ဗိုလ်မှူး​အောင်လင်း​ထွဋ်နဲ့​ ဗိုလ်ကြီး​ဇော်မိုး​တို့​ရဲ့​ သုံး​သပ်ချက်​တွေနဲ့​ တင်ပြသွား​ပါ့​မယ်။

အ​ရှေ့​တောင်အာရှမှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အ​ပေါ် နှိမ်နင်း​ချေမှုန်း​ရေး​၊​ ဝါဒမတူ ဆန့်​ကျင်ဘက်နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေကို နှိပ်စက်တာနဲ့​ နာမည်ကြီး​တဲ့​ မြန်မာ့​တပ်မ​တော်ကို ၁၉၄၅ ခုနှစ်မှာ ဗြိတိသျှတပ်မ​တော်အကူအညီနဲ့​ ပြန်လည်ဖွဲ့​စည်း​ခဲ့​ပါတယ်။ လွတ်လပ်​ရေး​ ရပြီး​ခေတ် တ​လျှောက်လုံး​မှာ တပါတီအာဏာရှင်​ဟောင်း​ ဗိုလ်ချုပ်ကြီး​ ဦး​နေဝင်း​က မြန်မာ့​တပ်မ​တော်ကို စနစ်တစ်ကျ တိုး​တက်ဖွဲ့​စည်း​ တည်​ဆောက်ခဲ့​ပါတယ်။ တရုတ်ဖြူ ကျူး​ကျော်မှုနဲ့​ ပြည်တွင်း​စစ် စစ်ပွဲ​တွေမှာ မြန်မာ့​တပ်မ​တော်ဟာ အရှိန်​ကောင်း​ကောင်း​နဲ့​ အင်အား​ကြီး​မား​ လာပြီး​တော့​ ၁၉၆၂ ခုနှစ်မှာ တိုင်း​ပြည်ရဲ့​ စစ်​ရေး​ကိုသာမက အုပ်ချုပ်​ရေး​ အာဏာအဝဝကို သိမ်း​ပိုက်ခဲ့​ပါတယ်။ အဲဒီကစလို့​ တရုတ်ကွန်မြူနစ်ပါတီရဲ့​ စစ်​ရေး​အကူအညီနဲ့​ ဗကပရဲ့​ စစ်​ရေး​အရှိန်အဟုန်ကို ထိန်း​သိမ်း​ထား​နိုင်ခဲ့​ပြီး​ နိုင်ငံအ​ရှေ့​ဘက်ခြမ်း​မှာ ရှိတဲ့​ ကရင်နဲ့​ မွန်စတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကိုလည်း​ပဲ အထိုက်အ​လျောက် ထိန်း​ထား​နိုင်ခဲ့​ပါတယ်။


၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်း​ဖို့​ ဆန္ဒပြပွဲ​တွေ ​ပေါ်​ပေါက်လာ ပြီး​တဲ့​နောက်မှာ စစ်တပ်က တိုင်း​ပြည်အာဏာကို သိမ်း​ပိုက်ပါ​တော့​တယ်။ အဲဒီ အာဏာသိမ်း​မှုမှာ ပါဝင်ခဲ့​ပြီး​ ၁၉၉၂ မှာ စစ်တပ်ကြီး​အကဲနဲ့​ နဝတ စစ်​ကောင်စီရဲ့​ ဥက္ကဋ္ဌ ဖြစ်လာတဲ့​ ဗိုလ်ချုပ်ကြီး​သန်း​ရွှေက​နေ မြန်မာ့​တပ်မ​တော်ကို အ​ရှေ့​တောင်အာရှမှာ အင်အား​အကြီး​ဆုံး​ တပ်မ​တော်တခု ဖြစ်ဖို့​အတွက် စတင် ကြိုး​ပမ်း​လာပါ​တော့​တယ်။

တပ်ရင်း​၊​ တပ်မနဲ့​ စစ်တိုင်း​အသစ်​တွေကို တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​တယ်။ ​ခြေလျင်တပ်​တွေ တိုး​ချဲ့​ရုံသာမက နိုင်ငံတကာအဆင့်​မီ ကြည်း​တပ်နဲ့​ဆိုင်တဲ့​ ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​ တပ်၊​ ဒုံး​ကျည်လက်နက်တပ်ရင်း​၊​ အ​မြောက်တပ်နဲ့​ သံချပ်ကာတပ်ရင်း​တွေ တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​ပါတယ်။

ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကာကွယ်​ရေး​ဦး​စီး​ချုပ် ရာထူး​က​နေ မတ်လ ၃၀ ရက်​နေ့​မှာ တရား​ဝင် လွှဲ​ပြောင်း​ပေး​ပြီး​ ​နောက်ပိုင်း​မှာ ကာကွယ်​ရေး​ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်အဖွဲ့​အစည်း​ပိုင်း​ကို သိသာမြင်သာတဲ့​ အ​ပြောင်း​အလဲ​တွေ ဘာ​တွေ လုပ်​ဆောင်​နေပြီလဲ၊​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်နဲ့​ သူ့​ရာထူး​ကို ဆက်ခံတဲ့​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်တို့​ လက်ထက် မြန်မာ့​တပ်မ​တော်ကြီး​က ဘာ​တွေ ဖြစ်​နေပြီလဲ။ တပ်မ​တော်မှာ တချိန်က ကာကွယ်​ရေး​ဦး​စီး​ချုပ် (​ရေ) တာဝန်ယူခဲ့​ဖူး​တဲ့​ အငြိမ်း​စား​ ဗိုလ်ချုပ်ချစ်လှိုင်က ခုလို သုံး​သပ်ပါတယ်။

“ဟိုအရင်နဲ့​ အခုနဲ့​ဆိုရင် ကိုယ်​ခေတ်ကိုယ်​ကောင်း​တယ်လို့​ ယူဆတဲ့​သူ​တွေ တချို့​ ရှိတယ်​လေ။ လူ​ပေါ်မှာ မူတည်တာ​ပေါ့​လေ။ သို့​သော် တိုး​တက်မှု ရှိတာက​တော့​ တိုင်း​ပြည်အတွက် တိုး​တက်​နေရမှာ​ပေါ့​။ ဘယ်အစိုး​ရမဆို ကိုယ့်​တိုင်း​ပြည် တိုး​တက်​အောင် လုပ်​နေကြတာပဲ​လေ။ လုပ်ပြီး​တော့​မှ မကြိုက်တာ ရှိရင် ရှိမယ်။ လုပ်တာက​တော့​ သူ့​မှာတာဝန်လည်း​ ရှိ​တော့​ လုပ်လည်း​ လုပ်မှာပဲ။ အဲဒီအရ တပ်ကို ဆက်ပြီး​ ထူ​ထောင်လို့​ ကျ​နော်တို့​ရဲ့​ တပည့်​တွေ၊​ သား​မြေး​တွေ ဆိုကြပါစို့​ ကျ​နော်တို့​ရဲ့​ တူ​တွေ သား​တွေလည်း​ ဆက်ထူ​ထောင် လာကြတာ သူတို့​လည်း​ ဟိုတုန်း​က အစဉ်အလာ​တွေ​တော့​ မ​မေ့​ မ​ပျောက်ဘဲ ဆက်လုပ်သွား​ကြတာပါပဲ။ တိုး​တက်မှု​တွေက​တော့​ ​စော​စောက ​ပြောသလို​ပေါ့​ ရုပ်ပိုင်း​မှာ​တော့​ တိုး​တက်တာ ​ပြောနိုင်တာ​ပေါ့​။ စိတ်ပိုင်း​သည် တွက်လို့​မရတဲ့​ ကိစ္စပါ။ ”

အရင် ဦး​နေဝင်း​လက်ထက်က ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​ ကစထမှူး​ ၂ ​နေရာ ရှိ​နေရာက​နေ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်မှာ ၆ ​နေရာအထိ တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​ပါတယ်။ အရင်က မြန်မာ့​တပ်မ​တော်မှာ ဗိုလ်ချုပ်ကြီး​ တဦး​တည်း​ ရှိခဲ့​ရာက သုံး​ဦး​အထိ တိုး​မြှင့်​ခဲ့​ပြီး​ ဒုတိယဗိုလ်ချုပ်ကြီး​အဆင့်​ ရာထူး​တွေကိုလည်း​ တိုး​မြှင့်​ပေး​အပ်ခဲ့​ပါတယ်။ တပ်​တွေကို တိုး​ချဲ့​ရုံသာမကဘဲ အုပ်ချုပ်​ရေး​ရာထူး​အဆင့်​တွေကိုလည်း​ တိုး​မြှင့်​ပေး​တဲ့​ သ​ဘောပါပဲ။

ပြည်တွင်း​မှာ​နေထိုင်တဲ့​ ဗိုလ်ချုပ်ချစ်လှိုင်က​တော့​ (တပ်မ​တော်မှာ) စိတ်ပိုင်း​ဆိုင်ရာ စွမ်း​ရည် ကျဆင်း​နေတယ်လို့​ ​ပြောမသွား​ပေမယ့်​ ပြည်ပမှာ ​နေထိုင်တဲ့​ စစ်​ထောက်လှမ်း​ရေး​ အရာရှိ​ဟောင်း​ ဗိုလ်မှူး​ ​အောင်လင်း​ထွဋ်က​တော့​ မြန်မာ့​တပ်မ​တော်မှာ အဓိကစွမ်း​ရည်ကြီး​ သုံး​ရပ်ဖြစ်တဲ့​ စစ်​ရေး​စွမ်း​ရည်၊​ အုပ်ချုပ်​ရေး​စွမ်း​ရည်၊​ စည်း​ရုံး​ရေး​ စွမ်း​ရည်​တွေ ကျဆင်း​နေတယ်လို့​ ​ပြောပါတယ်။

“ကျတယ်လို့​ပဲ ​ပြောရမယ်ဗျ။ စည်း​ရုံး​ရေး​စွမ်း​ရည်၊​ စစ်​ရေး​စွမ်း​ရည်၊​ အုပ်ချုပ်​ရေး​စွမ်း​ရည်ဆိုပြီး​ စွမ်း​ရည်ကြီး​ သုံး​ရပ်​ပေါ့​ဗျာ။ ပြန်ချိန်ထိုး​ကြည့်​ရင် စစ်​ရေး​ စွမ်း​ရည်က က​လေး​စစ်သား​နဲ့​ ​ထောင်က ထွက်တဲ့​စစ်သား​နဲ့​ ဘယ်လိုမှ စစ်တိုက်လို့​ မရဘူး​။ ဒါ​ကြောင့်​မို့​ စစ်သား​တွေ ကျကြတာ။ အုပ်ချုပ်​ရေး​ စွမ်း​ရည်ဆိုတာကလည်း​ ရဲ​ဘော်ကို စား​ဝတ်​နေ​ရေး​နဲ့​ ​နေ​ရေး​ထိုင်​ရေး​ကအစ အိမ်ခန်း​တောင်မှ မစီစဉ်​ပေး​နိုင်ဘူး​ဗျာ။ ကိုယ့်​ဘာသာ တဲထိုး​ပြီး​နေရတယ်ဗျာ။ ကိုယ့်​ရိက္ခာ ကိုယ်ရှာစား​ပြီး​ ဆန်​လောက်ပဲ ​ပေး​တယ်ဗျာ။ ရိက္ခာ​တွေ ဖြတ်ပစ်တာ ရှိတယ်ဗျ။ ဒါမျိုး​တွေက အုပ်ချုပ်​ရေး​စွမ်း​ရည်ကို ဘယ်လိုမှ မမြှင့်​တင်နိုင်ဘူး​။ စည်း​ရုံး​ရေး​ စွမ်း​ရည်ဆိုတာက​တော့​ စပ်ဆက်တယ်​လေ။ အူမ မ​တောင့်​ဘူး​ဆိုရင် သီလမ​စောင့်​နိုင်ဘူး​။ ​သေနတ်ကိုင်တဲ့​ကောင်က ​သေနတ်နဲ့​ စည်း​ရုံး​တဲ့​ အခါကျ​တော့​ လာဘ်​တောင်း​တာ​ပေါ့​။ ဂိတ်ရှိရင် ​သေနတ်ပြပြီး​ ပိုက်ဆံ​တောင်း​ပြီ။ ရွာ​ရောက်ရင် အနိုင်ကျင့်​ပြီ။ အရင်တုန်း​က ရွာ​ရောက်ရင် ကြက်​လောက်ပဲ ယူတာ။ အခု​တော့​ မဟုတ်​တော့​ဘူး​။ ပိုက်ဆံယူတာတို့​ အကုန်လုံး​ ဖြစ်လာတာ။ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောရရင်​တော့​ စွမ်း​ရည်သုံး​ရပ်စလုံး​က​တော့​ လုံး​ဝကို မရှိသ​လောက် ဖြစ်​နေပြီ။ တကယ့်​တကယ် စစ်ဖြစ်ကြည့်​ ကျ​နော်တို့​ တပ်မ​တော်ကြီး​က အ​မြှောက်​တွေ၊​ ​လေယာဉ်ပျံ​တွေသာ ရှိရင် ရှိမယ်။ ​ခြေလျင်တပ် မ​ကောင်း​ရင် စစ်မနိုင်နိုင်ဘူး​။”

မတ်လ ၃၀ ရက်​နေ့​မှာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေက​နေ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို လွှဲ​ပြောင်း​ပေး​လိုက်ပါတယ်။ ကာကွယ်​ရေး​ ဦး​စီး​ချုပ်အသစ် ဖြစ်လာတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ DSA ဗိုလ်သင်တန်း​ အပတ်စဉ် ၁၉ မှာ တက်​ရောက်ခဲ့​ပြီး​ သူ့​အထက်က စီနီယာ ဗိုလ်ချုပ်​တွေကို ​ကျော်ပြီး​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာတာပါ။ စီနီယာ ဗိုလ်ချုပ်​တွေက ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို ဦး​စီး​ချုပ်အသစ်အဖြစ် လွယ်လွယ်ကူကူ လက်ခံပါ့​မလား​ဆိုတာ ​မေး​စရာ​မေး​ခွန်း​ ဖြစ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ တပ်မ​တော်ထဲက ​အောက်​ခြေအဆင့်​ အရာရှိ အကြပ်စစ်သည်​တွေ ကြား​မှာ​တော့​ သိသာတဲ့​ပြောင်း​လဲမှုမျိုး​ ​တွေ့​ရမှာ မဟုတ်ဘူး​လို့​ အငြိမ်း​စား​အရာရှိတဦး​ ဖြစ်တဲ့​ ဗိုလ်ကြီး​ဇော်မိုး​က​တော့​ သုံး​သပ်ပါတယ်။

“​အောက်​ခြေက ဒါ​တွေ စိတ်မဝင်စား​ဘူး​။ ဥပမာ ​ပြောပြမယ်ဗျာ။ ​အောက်​ခြေက တပ်ရင်း​မှူး​ ဘယ်သူလဲဆိုတာကို ရဲ​ဘော်က ​တော်ရုံတန်ရုံ မသိဘူး​။ တပ်ခွဲမှူး​ ဆိုတာကလည်း​ ​ပြောမှ ​ဟေ့​ကောင် ဒါက မင်း​ တပ်ခွဲမှူး​ ဆိုမှ ​အော် ကျ​နော့်​တပ်ခွဲမှူး​လား​။ အဲလို​ပြောမှ သိတာ။ အဲလိုမျိုး​ပဲ တပ်ခွဲမှူး​ဆိုတဲ့​ အရာရှိကလည်း​ သူသိတဲ့​ အဆင့်​သည် သူ့​ပတ်ဝန်း​ကျင်မှာရှိတဲ့​ တပ်ရင်း​မှူး​တွေ၊​ တိုင်း​မှူး​ပဲ သိတယ်။ ကျန်တာ သူဘာမှ မသိဘူး​။ စိတ်မဝင်စား​ဘူး​။ သူလုပ်ရမယ့်​ အလုပ်သည် operation ကိစ္စ၊​ operation မှာ သူကိုယ်တိုင်ကိုယ်ကျ ပါပြီး​တော့​မှ အဓိက ဒဏ်ရာရမှု မဖြစ်​ရေး​ ဒါပဲ စိတ်ဝင်စား​တယ်။ သူတို့​က ကိုယ့်​ဘာသာ ကိုယ့်​လမ်း​ကြောင်း​ကို သွား​နေတာ။ တကယ်​တော့​ ​အောက်က အပိုင်း​က​တော့​ ဘယ်သူပဲ လာလာ အမိန့်​နာခံရမှာ။”

ဒါ​ပေမယ့်​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်ကို အုပ်ချုပ်မှုဆိုင်ရာ မနိုင်နင်း​တာ​တွေနဲ့​ ထိန်း​ချုပ်မှု​တွေ လစ်ဟာနိုင်တယ်လို့​ တပ်မ​တော်အရာရှိ​တွေနဲ့​ ပြည်တွင်း​ပြည်ပ စစ်​ရေး​အကဲခပ်​တွေက ထင်​ကြေး​ပေး​ သုံး​သပ်​နေကြပါတယ်။

ရေးသားသူ...မင်းလွင် (DVB)

'နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်'

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။

စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ


သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့် တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။

ဟောရောရှိနဲ့ ဘန်ဇိုင်း


အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ''အာရှတိုက် သာတူညီမျှရေး'' နဲ့ ''မဟာအာရှ ထူထောင်ရေး''ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး ''နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း''လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း ''ယောရောရှိ'' နဲ့ ''ဘန်ဇိုင်း''တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။

ဝန်ကြီးနဲ့ တန်းတူ


စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ ၀န်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှ ရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာ ကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။


အစိုးရလုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ် . . .

ပြည်သူလူထုမှတစ်ပါး


ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။

တန်ဖိုးထားလေးစား


ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို
ပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။

သီလ၊သမာဓိ၊ သိက္ခာရှိရှိ


အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။

ဒါလောက်မညံ့ဘူး


အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။

မကြောက်မရွံ့ထောက်ပြ


အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။

ဘယ်မှမသွားသူတွေ ပြန်လာစေသင့်


ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။

ဝန်ထမ်းကြီးငယ်များပါ


နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း အမှုထမ်းတွေ မှာလည်း ခံစားခွင့်ရှိကြောင်း ၀န်ထမ်းကြီး ၀န်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် ''ပထမ သတင်းပေး တိုင်ကြားချက်(FIR)မှာ ရေးမှတ်ထားတဲ့ အတိုင်း ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။

အလေ့အကျင့်လုပ်


အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြ လိုက်ရပါတယ်။


ရေးသားသူ...လူထုစိန်ဝင်း

ပြည်တွင်းမှာ အရင်က ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များ ပြန်လည်ဖွင့်လှစ်ပေးလာ

အင်တာနက် အသုံးပြုသူများ ကြည့်ရှုရန်အတွက် ပိတ်ပင်ထားခဲ့သော ဝက်ဘ်ဆိုက်အချို့သည် ယခုလ အတောအတွင်း ပြန်လည်ကြည့်ရှုလာနိုင်ခဲ့ကြောင်း နေ့စဉ်အင်တာနက် အသုံးပြုသူများက ပြောသည်။ “သိပ်မကြာသေးဘူး။ နေပြည်တော်မှာ လွှတ်တော် စတင်ကျင်းပပြီးတဲ့ နောက်ပိုင်းရက်တွေမှာ ပွင့်လာတာ ဖြစ်ပါတယ်။ အသုံးပြုသူ အနေနဲ့ကတော့ သတင်းအချက်အလက်မျိုးစုံကို ဝက်ဘ်ဆိုက်တိုင်းကနေ အလွယ်တကူ ရနေတာ ကောင်းပါတယ်။ သတင်းအပေါ်မှာ ယုံကြည်တယ်ဆိုတာကတော့ ဖတ်တဲ့လူရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ သတင်းလာတဲ့ အရင်းအမြစ်အပေါ်မှာ မှုတည်ပါတယ်။ အကောင်းအဆိုးတော့ ရှိမှာပါပဲ”ဟု နေ့စဉ် အင်တာနက် အသုံးပြုနေရသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။ ယခင်က Proxy များ အသုံးပြု၍ ကျော်လွှားကြည့်ရှုရသော အင်တာနက် ဝက်ဘ်ဆိုက်များသည် ယခုအခါ၌ လွယ်ကူစွာ ကြည့်ရှုလာနိုင်ခဲ့သော်လည်း ကွန်နက်ရှင် အမြန်နှုန်းမှာမှု အနည်းငယ် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ပြန်လည်အသုံးပြုခွင့် ရရှိလာသော အင်တာနက် ဝက်ဘ်ဆိုက်များတွင် နာမည်ကြီး ပြည်ပသတင်းဝက်ဘ်ဆိုက် များနှင့် ဘလော့ဒ်ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း သိရသည်။ “၂၃ ရက်နေ့က ကျွန်တော်ဘလော့ဒ်ကို ဖွင့်လိုက်တာ Proxy အသုံးပြုစရာ မလိုဘဲ အလွယ်တကူ ပွင့်လာတယ်။ ကျွန်တော်ဘလော့ လွယ်ကူစွာ ပွင့်လာတာကို ကျွန်တော် မယုံနိုင်ဘူးဖြစ်နေတယ်။ တကယ်ကို ပွင့်နေတော့မယ် ဆိုရင်တော့ ကျွန်တော်တို့ မျက်စိတွေ၊ လက်တွေကို လွတ်လပ်ခွင့် ပေးလိုက်တယ်လို့ ခံယူမိပါတယ်”ဟု ကိုယ်ပိုင်ဘလော့ဒ် တင်ထားသူ တစ်ဦးက ပြောသည်။

ရတနာပုံတယ်လီပို့မှ ရယူသုံးစွဲသော အင်တာနက်လိုင်းများသည် သြဂုတ်မှ စတင်၍ အင်တာနက် ဝက်ဘ်ဆိုက်များကို လွယ်ကူစွာ အသုံးပြုခွင့် ရရှိလာခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ရယူသုံးစွဲသည့် အင်တာနက်လိုင်းများမှာမူ တစ်နှစ်တာ ကာလအတွင်း အချို့သော ဝက်ဘ်ဆိုက်လိပ်စာများကို ကြိုတင် အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

လူထုခေါင်းဆောင်ဒ်ါအောင်ဆန်းစုကြည် အကြောင်း ဇာတ်ကားပိုစတာဒီဇိုင်း ပြီးစီး

(The Nation မှ 28 Aug 2011 ရက်စွဲပါ “Fairey makes Suu Kyi film poster” သတင်းကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို ရိုက်ကူးထားသော ဒါရိုက်တာ Luc Besson ၏ “The Lady” ဇာတ်ကားသစ်အတွက် ပိုစတာကို အမေရိကန် ခေတ်သစ် အနုပညာရှင် Shepard Fairey က ဖန်တီးပေးလိုက်ပြီ ဖြစ်သည်။ ပိုစတာ၏ ပုံရိပ်သည် Fairey ယခင်က လုပ်ဆောင်ခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကို အခြေခံထားသော်လည်း ယခုဇာတ်ကားတွင် အဓိက နိုင်ငံရေး သမားအဖြစ် သရုပ်ဆောင်ထားသည့် မင်းသမီး Michelle Yeoh အား ကိုယ်စားပြုနိုင်ရန် ပြောင်းလဲပေးထားသည်ဟု ဆိုသည်။

ပိုစတာအတွက် ဒီဇိုင်းထုတ်ပေးရန် အလုပ်အပ်နှံခြင်း ခံရပြီးနောက် ဇာတ်ကားကို အထောက်အကူ ဖြစ်စေလိုသည့် စိတ်ဖိစီးမှု ခံစားခဲ့ရ သည်ဟု ဒီဇိုင်းဆရာ Fairey က Los Angeles Times သို့ ပြောကြားသည်။ Fairey သည် ၂၀၀၈ အမေရိကန်ရွေးကောက်ပွဲ ကာလတွင် ဘားရက် အိုဘားမား၏ ပုံရိပ်ဒီဇိုင်းကို ဖန်တီးပေးခဲ့သူ ဖြစ်သည်။

The Lady ဇာတ်ကားကို လာမည့်လ တိုရန်တို ရုပ်ရှင်ပွဲတော်တွင် ကနဦး ပြသမည် ဖြစ်သည်။ လာမည့် အောက်တိုဘာ ၂၇ တွင်လည်း ရောမ ရုပ်ရှင် ပွဲတော်ကို ပြသဖွင့်လှစ်ပေးဦးမည် ဖြစ်သည်။

ဒါရိုက်တာ Luc Besson ၏ The Lady ဇာတ်ကားသည် “အင်္ဂလန်သို့ ပြန်ကာ မကျန်းမာသော ခင်ပွန်းကို ပြုစုမလား (သို့) မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် ဆက်၍ တိုက်ပွဲဝင်မလား” ဆိုသည်ကို ရွေးချယ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဘဝနှင့် ပုဂ္ဂိုလ်ရေးဘဝကို ပုံဖေါ်ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကျော် အာရှသူ မင်းသမီး Michelle Yeoh က သရုပ်ဆောင်ထားခြင်းဖြစ်သည်။

29 August 2011

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်မမဲဆန္ဒနယ်မြေများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ဟု



ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက် ပွဲတွင် ပြည်မမဲဆန္ဒ နယ်မြေ များတွင်ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့် က ပြော သည်။

``ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်ရယူပြီး ပြည်မမဲဆန္ဒနယ်မြေတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ဆုံးဖြတ် လိုက်တာပါ´´ ဦးစောသန်းမြင်က ပြောသည်။

သြဂုတ် ၁၇ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်များပါဝင်သည့် ကြားဖြတ်ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေး ဆွေးနွေးပွဲ ကို ပြုလုပ်ပြီးနောက်ပိုင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

``ကျွန်တော်တို့ ပါတီက သက်တမ်းနုသေးတယ်။နောက်ရန်ပုံငွေကလည်း နည်းနေသေး တာတယ်။ ဒီအခြေအနေတွေကို ဗဟိုအလုပ်အမှုဆောင်တွေကို တင်ပြပြီး ပြည်မမဲဆန္ဒနယ်တွေမှာ မပါတော့ဖို့ ညှိနှိုင်းတော့ မြို့နယ်နှစ်မြို့နယ်ကကန့်ကွတ်တယ်။ ထောက်ခံတဲ့ မြို့နယ်တွေက ထောက်ခံသလို အများစုကတော့ ကြားနေပုံစံရှိခဲ့တာကြောင့် ခုလို ဆုံးဖြတ်ခဲ့တာပါ´´ ဟု ဦးစောသန်းမြင့်က ပြောသည်။

အဆိုပါပါတီသည် မူလက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မိတ်ဆက်အနေဖြင့် ပြည်မမဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သော်လည်း မိတ်ဆွေပါတီများအတွင်း မဲဆန္ဒနယ်ညှိနှိုင်းမှုများတွင် ထိပ်တိုက်ညှိနှိုင်းရသည့် အခြေအနေများ ပေါ်ခဲ့သောကြောင့် ရှမ်းပါတီက ယခုကဲ့သို့ ဆုံးဖြတ်လိုက်သဖြင့် မိတ်ဆွေပါတီများကြား အမျိုးသားဒီမိုကရေစီအင်အားစု ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်တို့ပါတီကြား ကြားဖြတ်ရွေးကောက်ပွဲ အတွက် နှစ်လကြာ မဲဆန္ဒနယ်ညှိနှိုင်းမှု လိပ်ခဲတည်းလည်းဖြစ်နေမှု အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ထိုသို့ မဆုံးဖြတ်မီ အချိန်က ရှမ်းပါတီနှင့် အန်ဒီအက်ဖ်ပါတီကြား မဲဆန္ဒနယ် နယ်မြေ ၂၀ ခန့်ကို ခွဲဝေကြရမည့် အခြေအနေ ကြုံကြိုက်နေခြင်းဖြစ်သည်။ထိုမဲဆန္ဒနယ်မြေ ၂၀ ခန့်တွင် အန်ဒီအက်ဖ်ပါတီက ၁၇ နေရာ ၀င်ရောက်ရန် ဆုံးဖြတ်ထားသကဲ့သို့ ရှမ်းပါတီကလည်း ၁၅ နယ်မြေ ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယခုဆုံးဖြတ်ချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်မြေ ငါးနေရာခန့်တွင်သာ ပါဝင်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။

သတင်း..နေလင်း(မြစ်မခ)

အမေ့အိမ်မှ တိုင်းပြည်ချစ်သောလူငယ်များ






အမေ့အိမ်မှ တိုင်းပြည်ချစ်သောလူငယ်များ

သူငယ်ချင်းများအားလုံး မင်္ဂလာပါ...

( 28.8.11 ) Beautiful Sunday မှာ အမေ့အိမ်ပညာဒါနကျောင်းလေးက ကြည်နူးဝမ်းသာစရာသတင်းမြင် ကွင်းလေး ကို မျှဝေပေးလိုက်ပါတယ်။

Myanmar Youth Internet Donation Group( MYD )က လူငယ်များ သူတို့ ရဲ့ လစာ ၀င်ငွေလေးတွေ ကို စုပေါင်းပြီး အမေ့အိမ် စာကြည့်တိုက် အတွက်လိုအပ်နေ တဲ့ စာပွဲခုန် နှစ်စုံ၊ စာအုပ်မျိုးစုံ နဲ့ဂျာနယ်မျိုးစုံတို့ 
့ကိုလာရောက် လှူဒါန်းသွားခဲ့ကြပါတယ်။ ကျောင်းကိုရောက်ပြီးမှာကလေးတွေ ကိုတွေ့ ပြီးစေတနာ ထပ်မံဖြစ်ပေါ် လာလို့ အအေးဒါနအလှူကိုပါထပ်ပြီးလှူဒါန်းသွားကြပါတယ်။ ကလေးငယ်တွေကို မိမိတို့ ရဲညီငယ် ညီမငယ် များလို သဘောထာပြီး ဖြူစင်တဲ့ မေတ္တာတွေနဲ့ နွေးထွေးကြင်နာစွာ ကိုယ်တိုင်ကိုယ်ကြ အအေး တိုက်ကျွေးခဲ့ကြပါတယ်။



ဒီလိုလူငယ်တွေရဲ့  အားလပ်ရက်မှာ မိမိတို့ ရဲ့ အချိန်ကို တစ်ကိုယ်ရေပျော်ရွှင် မူ အတွက်မသုံးပဲ အများ အကြိုး ရှိစေ မယ့် ပရဟိတ လုပ်ငန်းတွေမှာမိမိတို့ တတ်နိုင်တဲ့ဘက်ကပူးပေါင်းပါဝင်ဆောင်ရွက်လာကြ တဲ့ အတွေး အခေါ် နဲ့ စိတ်ဓါတ်ဟာ ကျနော်တို့  တိုင်းပြည်ကိုလူငယ်တွေဘယ်လောက်ချစ်ကြောင်းတိုင်းပြည်ပြန် လည် တည်ဆောက်ရေးမှာ ကျရာအခန်းကဏ္ဍကပါဝင်ကူညီနိုင်ကြောင်းလူငယ်တို့ ရဲအခြေခံ စိတ်ဓါတ် ကိုပြ သတာ ပါပဲ။

ရိုသားဖြူစင်ပြီး ကိုယ်ကြိုးစွန့် အနစ်နာခံကာတိုင်းပြည်ကို ချစ်သောလူငယ်များအား တိုင်းပြည်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုခဲ့ပါလျှင် အလွန်ဟန်ချက်ညီသောဖြစ်ပေါ်တိုး တက် မူများ ရရှိလာလိမ့် မည်ဟု ယုံကြည်လျှက်။

( MYD ) မှ စေတနာရှင် လူငယ်များအား လေးစာဂုဏ်ပြုအပ်ပါသည်။

သတင်းပေးပို့ပေးသော ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်.။

အမေရိကန်ပြည်ထောင်စု၊ အရှေ့ဘက်ကမ်းရိုးတန်းဒေသကို ၀င်ရောက်တိုက်ခတ်နေတဲ့ Irene ဟာရီကိန်းမုန်တိုင်း

ကချင် သတင်းတိုများ သြဂုတ်လ၂၆ ရက်မှ ၂၈ ရက်နေ့ထိ

( ၁ ) ( ၂၇ .၈.၂၀၁၁ ) ရက်နေ့ ညနေပိုင်း (၃ )နာရီ အချိန်ခန့် တွင် မြန်မာစစ်သား အယောက် ( ၂၀၀ ) ခန့် သည် တနိုင်း မြို့ နယ် ၊ ဒွန်ဘန်ကျေးရွာ ကိုဖြတ်လျှက် တနိုင်းမြို့ ဘက်သို့ စစ်ကြောင်းထိုး ချီတက် သွားကြကြောင်း ဒေသခံ မျက်မြင်သက်သေများ မှ သတင်းပေးပို့ လားပါသည်.။

-

( ၂ ) ( ၂၇.၈.၂၀၁၁ ) ရက်နေ့ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မ (၄) မှ တပ်ဖွဲ့ ဝင်များသည် မူဆယ်မြို့ အနီးတွင် မြန်မာစစ်တပ် မှ စစ်ကားတစ်စီး အား ထပ်မံဖေါက်ခွဲ ဖျက်ဆီးလိုက်ကြောင်းသိရှိရပါသည်..။

-

(၃ ) ( ၂၆.၈.၂၀၁၁ ) ရက်နေ့ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ( ၆ )မှ တပ်ဖွဲ့ ဝင်များနှင့် မြန်မာစစ်တပ် တို့ ဖားကန့် မြို့ နယ်ဘက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၊ သေဆုံး ဒဏ်ရာရ အသေးစိတ်သတင်းကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်..။

သတင်း.... ( JINGHPAW KASA )

မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားအခွင့်အရေး အပြည့်အဝ မရရှိသေးကြောင်း

မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော လုပ်သားအများစု၌ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရရှိသေးကြောင်း သိရသည်။

မိသားစု စားဝတ်နေရေး အဆင်ပြေနိုင်စေရန် စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေရသည့် ပြည်တွင်းလုပ်သား အများစုမှာ အလုပ်ချိန် ပိုမို များပြားခြင်း၊ အလုပ်နားရက်အပြည့်အဝ မရရှိခြင်း၊ ခွင့်ပျက်ရက်များအတွက် ဒဏ်ကြေးပေး ဆောင်ရခြင်း၊ အချိန်ပိုကြေး နည်းပါးခြင်း စသည့် ဒဏ်များ ကိုသာ အပြည့်အဝ ခံစားရလျက်ရှိကြောင်း သိရသည်။

ယခင် ပြည်တွင်းရှိ စက်ရုံများတွင် အခြေခံဝန်ထမ်းခေါ်ယူမှု အေးစက်နေရာမှ ယခုအခါ အခြေခံဝန်ထမ်း ပြန်လည်ခေါ်ဆိုမှုများ တိုးမြင့်လာ ကြောင်း သိရသည်။ ထိုသို့ အခြေခံဝန်ထမ်း ခေါ်ဆိုမှု ပြန်လည်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းရှိ အခြေခံလုပ်သားများ၏ အလုပ်သမား အခွင့် အရေးမှာမူ အပြည့်အဝရရှိခြင်း မရှိသေးကြောင်း သိရသည်။

ထိုကြောင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန် သွားရောက်လျှောက်ထားမည့် အလုပ်သမားများအနေနှင့် အင်တာဗျူးဝင်စဉ် ကတည်းကပင် အလုပ်ပိတ်ရက်နှင့် ခွင့်ရက်ရရှိနိုင်မည့် ရက်များကို သေချာစွာမေးမြန်းထားပြီး ထိုသို့ မေးမြန်းထားခြင်း မရှိပါက အလုပ်ခွင် ဝင်ရောက် သည့်အချိန်တွင် အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိခြင်း မရှိဘဲ အလုပ်ရှင်များက သတ်မှတ်ပေးမည့် စည်းကမ်းများအရ လုပ်ကိုင်ရမှာ ဖြစ်ကြောင်း အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတင်း: Modern

ပြည်သူ့ အစိုးရမှသာလျှင် ပြည်သူ့ တပ်မတော်သားတွေအတွက် ဘ၀အာမခံပေးနိုင်တယ်။


သန်းရွှေ သိန်းစိန်တို့  အာဏာရူး ဗိုလ်ချူပ်ကြီးတွေဟာ ၄င်းတို့ အာဏာဆုပ်ကိုင်ထားနိုင်ဖို့ အတွက် တပ်မတော်ကို အသုံးချနေကြတယ်၊ တပ်မတော်သားတွေကို ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ရိုက် ပုတ်ဖို့ အ တွက် အမိန့် ဆိုတာကို ဗန်းပြပြီး ခိုင်းစေနေကြတယ်၊ တိုင်းရင်သားညီအကိုမောင်နှမတွေကို မညှာမတာ ရက်စက်ဖို့  သွေးခွဲညွှန်ကြားနေကြတယ်၊ အာဏာရူးကြီးတွေရဲ့  သူတို့ မိသားစုတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် သက်တော်စောင့်လို အိမ်စေကျွန်လို သစ္စာခံခိုင်းနေတယ်။

တပ်မတော်သားတွေမှာတော့ တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ကာကွယ်စောင့်ရှောက်ဖို့  ရည်ရွယ်ပြီး တပ်မတော်ထဲကို ၀င်ရောက်ခဲ့ပေမယ့် လက်တွေ့ မှာတော့ အာဏာရူး ဗိုလ်ချူပ်ကြီးတွေရဲ့  မတရားအမိန့် တွေကို အသက်စွန့် ပြီး ဘ၀စွန့် ပြီး အမှုထမ်းပေးနေကြရတယ်။


အာဏာရူး သန်းရွှေ သိန်းစိန်တို့ ရဲ့  လက်အောက်မှာ နေ့ မြင်ညပျောက်သလို ဖြုတ်ထုတ်သတ်ထဲပါသွားရတဲ့ တပ်မတော်အရာရှိကြီးတွေလည်း ခေတ်အဆက်ဆက်မှာ မနည်းလှသလို အောက်ခြေအကြပ်တပ်သား ရဲဘော်တွေမှာလည်း စစ်မြေပြင်မှာရော နောက်တန်းမှာရော တန်ဖိုးရှိလှတဲ့ အသက်တွေ ခန္ဒာကိုယ် အစိတ်အပိုင်းတွေ၊ သံယောဇဉ်ရှိလှတဲ့ မိသားစုဘ၀တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သလို အချည်းနှီး တန်ဖိုးမဲ့စွာနဲ့  ကွယ်ပျောက်ကုန်ကြရတယ်။

အာဏားရူး သန်းရွှေ သိန်းစိန်တို့ ကောင်းစားဖို့ အတွက် အသက်တွေ ဘ၀တွေ ပေးဆပ်နေကြ ရပေမယ့် နောက်ဆုံးမှာတော့ အစွန့် ပစ်ခံ အပယ်ခံအနေအထားကို ရောက်ရှိသွားကြရတာ မဖြစ်သင့်တဲ့ မရောက်ရှိသင့်တဲ့ အခြေအနေဘဲ။



တကယ်တော့ အာဏာရူး ဗိုလ်ချူပ်ကြီးတွေဟာ ၄င်းတို့  အာဏာတည်မြဲရေးကလွဲရင် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသလို တပ်မတော်သားအချင်းချင်းလည်း စတေးပစ်ဖို့  စွန့် ပြစ်ပစ်ဖို့  ဖယ်ရှားပစ်ဖို့  လစ်လျူရှုဖို့  နည်းနည်းလေးမှ ၀န်မလေးဖူးဆိုတာပါဘဲ။

ဒီအတွက် တပ်မတော်သားတစ်ယောက်နဲ့  သူရဲ့ မိသားစုတွေ အသက်တွေ ဘ၀တွေ လုံခြုံဖို့  အာမခံရှိဖို့ ဆိုတာ အာဏာရူး ဗိုလ်ချူပ်ကြီးတွေ လက်အောက်မှာ ဘယ်တော့မှ စိတ်ချယုံကြည်ရမှာ မဟုတ်ဖူးဆိုတာ လက်တွေ့ သာဓကပေါင်း မြောက်မြားစွာ ရှိပါတယ်။

တပ်မတော်သားတွေအတွက် ဘ၀အာမခံချက်ဆိုတာ အာhttp://www.blogger.com/img/blank.gifဏာရူးဗိုလ်ချုပ်ကြီးတွေလက်ထဲမှာ မရှိဖူး။ ပြည် သူ့ အစိုးရမှသာ လျှင် ပြည် သူ့ တပ်မတော် သားတွေအတွက် ဘ၀အာမခံပေးနိုင်တယ်ဆိုတာ ပြည်သူ့ အစိုးရတွေ အုပ်ချူပ်နေတဲ့ နိုင်ငံတွေမှာသာ ရှိပါတယ်ဆိုတာ ကမ္ဘာသမိုင်းမှာရော မြန်မာ့သမိုင်းမှာရော မြင်သာထင်ရှားစွာ ရှိနေတယ်ဆိုတာ သိမြင်ကြစေချင်ပါတယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

သြဂုတ်လ(၂၆)ရက်နေ့က ကွယ်လွန်သွားတဲ့ NLD လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင်၏ နိုင်ငံရေး လုပ်ဆောင်ချက်များ




ပေးပို့ ပေးသော ကိုဒီမိုဝေယံ အား ကျေးဇူးတင်ရှိပါသည်.။

28 August 2011

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများနှင့် အာဏာပိုင်များထိပ်တိုက်တွေ့

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများ ရာချီစုရုံးလာသည့်အတွက် ရဲအာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေလျှက်ရှိသည်။

ယမန်နေ့ည ၉ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ပေါ်တွင် ဗမာတဦးအား ကုလားငါးဦးက ဝိုင်းရိုက်ခဲ့ရာ ဒါဏ်ရာအပြင်းအထန်ရရှိသွားပြီး မကျေနပ်သည့် ဒေသခံ ၇၀၀ ကျော်က ပလီရှေ့ကို ဝိုင်းထားပြီး ရဲအင်အား ၄၀ ခန့်က စောင့်ကြပ်နေလျှက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“ဖြစ်တာက ညတုန်းက ၉ နာရီလောက်မှာ မြို့လယ်ခေါင်က ဒေါ်စု စက်သုံးဆီဆိုင်ရှေ့မှာ ဖြစ်တာ၊ ကုလားတွေက ဝိုင်းရိုက်တော့ အရိုက်ခံရသူက တကိုယ်လုံးဖူးယောင်ပြီး ဒါဏ်ရာ တော်တော်ပြင်း တယ်၊ လောလောဆယ် ဆေးရုံကြီးမှာ အတွင်းလူနာဖြစ်နေတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ရိုက်နှိက်ထွက်ပြေးသွားသည့် ကုလားများအား ပလီထဲတွင် ဝှက်ထားသည့်အတွက် ဒေသခံများက ပလီရှေ့က စောင့်နေသည့်အပြင် ကုလားသချိုင်္ိင်းအနီးတွင်လည်း လူအင်အား ထောင်နှင့်ချီဝိုင်းအုံလာပြီး ရဲအင်အားများလည်းထပ်မံ တိုးချဲ့လိုက်ကြောင်း ဒေသခံများက ဆက်ပြောသည်။

“ည ၁၁ နာရီလောက်ကြတော့ ကုလားသင်္ချိင်းနားမှာ လူတထောင်လောက်ထပ်တိုးလာတော့ ရဲတွေလည်း ၁၀၀ လောက်ထပ်ပြီး စောင့်ကြပ်နေတာတွေ ပြုလုပ်နေတယ်၊ ရဲတွေကတော့ ဝိုင်းလာတဲ့လူတွေကို အိမ်ကို အတင်းပြန်ခိုင်းတယ်” ဟု ဆက်ပြောသည်။

အရိုက်ခံရသည့် ကိုစိုးဝင်းသည် အသက် ၄၅ နှစ်ခန့်ရှိပြီး ဝိုင်းရိုက်သည့် ကုလားများမှာ ကြည်ကြည်ဝင်း ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း ဒေသခံက ပြောသည်။

မကြာသေးခင်ကလဲ မန္တလေးမြို့ကျောက်ဝိုင်းတွင် နိုင်ငံခြားသား တရုတ်လူမျိုးများ ဝိုင်းရိုက်နှက် ထိုးကျိတ်မှုကြောင့် ဗမာတဦး ဒါဏ်ရာရရှိခဲ့ပြီး ယင်းကဲ့သို့ ပြုမူမှုကို မကျေနပ် သည့် ဒေသခံများ က သောင်းနှင့်ချီပါလာပြီး အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

သတင်း..ရိုးမ (၃)။
.............................................................................................

ကဲ ဒီလိုမျိုး သတင်းတွေ ဖြစ်ပေါ်လာပြီး တက်လာပြီး.၊ သမ္မတ ကြီးရယ် မြန်မာပြည်သူတွေ လည်း ခံရ လွန်းလို့ မြန်မာပြည် အကြောင်း အမြင် အမျိုးမျိုးနဲ့ တွက်နေကြပါပြီး.။