09 December 2010

အစာငတ်ခံ ဆန္ဒပြမှုကြောင့် နိုင်ငံရေးအကျဉ်းသူ မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ


သရက်ထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဝင်စာ သွားအတွေ့မှာ ထောင်အာဏာပိုင်တွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဘာကြောင့် အစာငတ်ခံ ဆန္ဒပြသလဲဆိုတဲ့ အကြောင်းကိုတော့ မသိခဲ့ရဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့က မနီလာသိန်းရဲ့ ယောင်းမတော်စပ်သူ မသန္တာယုနဲ့အတူ ၃ နှစ်အရွယ် မနီလာသိန်းရဲ့ သမီးငယ်တို့ သရက်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တော့ တွေ့ခွင့်မရ ဖြစ်ခဲ့ကြတာပါ။ သမီးငယ်လေး ပါတဲ့အတွက် ခေတ္တခဏ မိခင်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့လည်း အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့သလို ယူသွားတဲ့ အစားအစာတွေသာ ပေးထားခဲ့ရပြီး ဘာကြောင့် မနီလာသိန်း ထောင်တွင်းမှာ ဆန္ဒပြနေလဲ ဆိုတာ မေးမြန်းလို့ မရခဲ့ဘူးလို့ မသန္တာယုက ပြောပါတယ်။

“ကျနော်တို့သွားတော့ ထောင်ဝင်စာ ပိတ်တယ်တဲ့၊ အစာငတ်ခံ ဆန္ဒပြလို့တဲ့၊ အဲဒီလိုပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားမစားဘူးပေါ့၊ အစာငတ်ခံ ဆန္ဒပြလို့ ပိတ်တယ်ပေါ့။ စားသောက်ဖို့ ယူသွားတဲ့ ပစ္စည်းတွေတော့ ပေးခဲ့ရတယ်။ လူတွေ့ခွင့် မရဘူး။ ကျနော်တို့က ကလေးလေးပါနေလို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ပေးတွေ့ပါဆိုတာ ဘယ်လိုမှ မရဘူး။ ကလေးနဲ့သွားတော့ မလွယ်ဘူးပေါ့။ အများအားဖြင့်တော့ ကျနော်တို့က ၂ လတခါ ဆိုပေမဲ့ တော်ရုံတန်ရုံတော့ မသွားဖြစ်ဘူးပေါ့။ အခု ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက တခေါက်သွားထားတယ်။ ဒီဇင်ဘာက အခုလို ဖြစ်နေတယ်ဆိုတော့ အဆင်မပြေခဲ့ဘူးပေါ့။”

မနီလာသိန်းဟာ မျက်စိအတွက်နဲ့အတူ အမျိုးသမီးရောဂါတခု အတွက် ပုံမှန်ဆေးဝါးတွေ သောက်သုံးနေရသူ ဖြစ်တာမို့ မိသားစုတွေ အနေနဲ့ အခုလို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့အပေါ် ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

“မျက်လုံးက မျက်သားတက်နေတာ၊ အဲဒါရှိတယ်၊ ပြီးတော့ အမျိုးသမီးရောဂါ ဖြစ်နေတယ်။ အမျိုးသမီးရောဂါ ဖြစ်တယ်ဆိုတော့ စိတ်ပူတယ်လေ။ အဲဒါတော့ ဆရာဝန်နဲ့ စောစောပြရင် ကောင်းတာပဲ။ အခုတော့ ဘာတွေမှန်း မသိဘူး ရောဂါတွေက အစုံဖြစ်နေတော့၊ ကိုယ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်မှာ ကြောက်တာလေ။ ပြီးခဲ့တဲ့လတုန်းကတော့ ဆေးပို့လိုက်တယ်။ တခြားတော့ ဘာမှ မလုပ်ရသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့။”

မနီလာသိန်းကို ထောင်ဝင်စာ ပုံမှန်သွားတွေ့နေတဲ့ ယောင်းမတော်စပ်သူ မသန္တာယု ပြောပြခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ ၂၀၀၇ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် သြဂုတ်လထဲ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချကာ သရက်ထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ အဲဒီအချိန်က ခင်ပွန်း ကိုဂျင်မီဟာလည်း နှစ်ရည်ထောင်ဒဏ်နဲ့ပဲ တောင်ကြီးထောင်ကို အပို့ခံရတဲ့ အချိန်မှာ သူတို့ ၂ ယောက်ရဲ့ သမီးကလေးဟာ ၄ လသား အရွယ်နဲ့ပဲ ကျန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ လတ်တလော အတွင်းမှာကိုပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို ထောင်တွေ နေရာအမျိုးမျိုး ရွှေ့ပြောင်းမှုတွေ ကြုံနေရတယ်လို့ AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“ပြီးခဲ့တဲ့လက ဦးအုန်းသန်းဆိုရင် ခန္တီးထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မြစ်ကြီးနား၊ မြစ်ကြီးနားကနေ ပူတာအို ပြောင်းတာရှိတယ်။ နောက်တခါ မစန္ဒာကို ပူတာအိုထောင် ပြောင်းသွားတာ ရှိတယ်။ နောက်တခါ ကိုထင်ကျော်ကို ပြောင်းသွားတာ ရှိတယ်။ အဲဒီလိုမျိုး ထောင်လှည့်တဲ့ ပုံစံမျိုးနဲ့ တထောင်ပြီးတထောင် လိုက်ပြောင်းနေတဲ့ အခြေအနေမျိုး ရှိပါတယ်။

“အဲဒါက တကယ်ကို ညှဉ်းပန်းနှိပ်စက်မှု တခုလို့ပဲ ကျနော်တို့ မြင်တယ်။ သူတို့သာမက အိမ်တွေက မိသားစုတွေပါ အတိဒုက္ခရောက်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်တခါ ဖျာပုံထောင်မှာဆိုရင် ဦးရွှေမောင်က အခု ဒုတိယအကြိမ် မျက်စိကုသမှု ခံယူရတယ်။ မျက်စိ ပြန်ကောင်းလာဖို့အတွက် အခြေအနေ မကောင်းဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါတွေက ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။”

AAPPB အဖွဲ့က ကိုတိတ်နိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ မြစ်ကြီးနားထောင်က နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ဆိုရင်လည်း သူ့ကို ထောင်ဝင်စာ ပုံမှန် သွားတွေ့နေတဲ့ ခယ်မဖြစ်သူကို တွေ့ဆုံခွင့် မပေးတော့ဘဲ နယ်မြေရပ်ခြားကို ရောက်နေတဲ့ မိသားစုဝင်တွေကိုပဲ ထောင်ဝင်စာ တွေ့ခွင့်ပေးမယ်လို့ အာဏာပိုင်တွေက သတ်မှတ်လိုက်တာမို့ လွန်ခဲ့တဲ့ ၇ လကျော်လောက်ကတည်းက အစားအစာတွေကို လူကြုံနဲ့သာ ပို့နေရတဲ့ အခြေအနေမျိုးတွေလည်း ကြုံနေရပါတယ်။

သတင်း...VOA

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ရုံးချုပ်မှာ ဘုရားသားတော် သံဃာတော်များအား အလှူပေး (ရုပ်သံ)


08 December 2010

ယနေ့ မနက် အဖွဲ့ချုပ်ရုံးတွင် သံဃာတော်များနှင့် သီလရှင်များအား အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းနေသောသတင်းဓာတ်ပုံ






အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များကို သင်္ကန်းကပ်လှူနေစဉ်

ယနေ့ နံနက် ၈ နာရီခန့်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တစ်ပါးကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်ပါတီဝင်များက အင်္ဂါ အပတ်စဉ်နေ့တိုင်း အဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့တွင် အပါတ်စဉ် ဆွမ်းကပ်လှူဒါန်းနေသောသံဃာတော် ၇၈၅ ပါးကို သင်္ကန်းတစုံစီ ကပ်လှူမှူပြုလုပ်ပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်.။

ဓာတ်ပုံ...AP

ဘဘ ဦးသုခ၏ သမိုင်းကို မြေမြုပ်ပစ်လိုက်ခြင်းလား … ?













သေမှာကို မေ့နေကြပြီလား

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထုတစ်ရပ်လုံးအတွက် မဟာဆုံးရှုံးမှုတစ်ရပ် ပင်ဖြစ်တော့သည်။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာ သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကို ရိုက်ကူးနေစဉ် ကျွန်တော်တို့ ၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သော ကျေးဇူးရှင် ဘဘ ဦးသုခ ဆုံးပါးသွားကြောင်း သိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များ အား တောင်းပန်လျက် ဘဘ ဦးသုခ၏ ကျန်ရစ်သော ခန္ဓာအား သဂြိုလ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် နံနက် အစောဆုံးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ လျင်မြန်သောခြေလှမ်းတို့နှင့် ပြန်လာကာ ဂူသွင်းသဂြိုလ်မှုပြုလုပ်ပြီး ညနေ လေယာဉ်ဖြင့် မိမိ၏ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ လေးလံသော ခြေလှမ်းတို့ဖြင့် ပြန်သွားခဲ့ရသည်။

ဘဘ မှာခဲ့သည် ရှိသည်။
“မောင်ကျော်သူရေ … ကျော်သူနဲ့ သုခ ဆိုတာ ကက်ကင်း” တဲ့။
“ဒါဆိုရင် … ကျော်သူနဲ့ သချိုင်း ဆိုတာလဲ ကက်ကင်းပေါ့” ဟု ကျွန်တော် မေးမိသည်။
“ဟုတ်လိုက်လေ … မောင်ကျော်သူရေ။ အေး ! ဘဘ ဆုံးရင်လဲ။ မောင်ကျော်သူဘဲ စီစဉ် သဂြိုလ်ပေး” တဲ့။
ဘဘ ဦးသုခသည် နိုင်ငံ့ဂုဏ်ဆောင်၊ စာပေအနုပညာ၊ ရုပ်ရှင်အနုပညာ၊ ဂီတအနုပညာသည် တို့၏ လမ်းပြကြယ်ပင်ဖြစ်သည်။ ဘာသာသာသနာနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်သော အင်အား တို့ဖြင့် စောင့်ရှောက်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးပင် ဖြစ်တော့သည်။

ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်ဖွဲ့စည်းခဲ့သူ ဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ်သည်။ ဘဘ ဦးသုခ၏ ကျေးဇူးတရားတို့ကြောင့် ဗမာပြည်သူပြည်သားတို့ “သေဆုံးသွားပါက သေသောသူသည်သုဿန်သို့ သက်သက်သာသာသွားနိုင်ခဲ့ပြီ” ဖြစ်သည်။

ထိုကဲ့သို့သော ဗမာပြည်သူပြည်သားများအတွက် လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ အနုပညာရေး ကိစ္စရပ်များကို ရှေ့ဆောင်လမ်းပြပေးသော အဖိုးမဖြတ်နိုင်သည့် ဓူဝံကြယ်ကြီးတစ်စင်း ဖြစ်သူ ဘဘ ဦးသုခ၏ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဘဘ ဦးသုခအား ကြည်ညို လေးစားကြသော (၇) ရက်သားသမီးများမှ ရေဝေးသုဿန်ရှိ ဘဘ ဦးသုခ၏ အုတ်ဂူအား ရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အား ပွတ်တိုက်ဆေးကြောခြင်း၊ ပန်းဆက်ကပ်ခြင်း၊ ဘဘ၏ အုတ်ဂူရှိ ဓါတ်ပုံကားချပ်သည် နေလောင်မှေးမှိန်နေ၍ အသစ်ပြုလုပ်ထားသော အဝေးရောက် ဗဂျီဆရာ မင်းကျော်ခိုင်ရဲ့ ရေးဆွဲ ပေးထားသော ဘဘ၏ ပုံတူ Sketch အား စတီးပြားပေါ်တွင် ထွင်းလုပ်ထားသော လက်ရာနှင့် လဲလှယ်တပ်ဆင်ခြင်း၊ မေတ္တာပို့သ ကန်တော့ကြ ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်းဆက်ကပ်ခြင်း စုပေါင်းမေတ္တာ ပို့အမျှပေးဝေခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ဤသို့ ကျေးဇူးဆပ်ကုသိုလ်ယူပွဲ ပြုလုပ်စဉ်အချိန်ပိုင်းအတွင်း ကျွန်တော်၏ အသိဥာဏ်ထဲသို့ မေးခွန်းများ ဖျတ်ကနဲ ပေါ်လာမိသည်။

ဘဘ၏ ကျေးဇူးတရားများမကင်းကြသော ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင် အဖွဲ့အစည်းမှ အနုပညာရှင် နာမည်ခံသူများတို့သည် ဤသို့သော အချိန်ကာလတွင် မိမိတို့၏ အတ္တကိစ္စများသာ လုပ်ဆောင်နေကြသလော … ? လောဘ၊ ဒေါသ၊ မောဟတရားများ၏ ကွန်ယက်တွင် ဆို့နစ်မွန်းကြပ် နစ်မြုပ်နေကြပြီလား …? သေမှာကိုမေ့နေကြပြီလား … ? မေ့ချင်ယောင်ဆောင်နေကြပါသလား … ? ဟူသော မေးခွန်းများ ဖြစ်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များအနေဖြင့် မေ့ပစ်၍ မရနိုင်ပါ။ မေ့ချင်ဟန်ဆောင်၍လည်း မရပါ။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ ဒီအချိန် ဒီနေရာတွင် အမြဲတွေ့မြင်ကြရမည်ဖြစ်သည်။

နောက်တစ်ချက် … ဘဘ ဦးသုခ၏ ကျေးဇူးတရားများကို သတိတရ ဖော်ကျူးကြသော ဟောပြောပွဲများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘဘ ဦးသုခ လမ်းညွှန်ချပြပေးခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပတ်သက်၍ တစ်လုံးတပါဒမျှ မပါရှိခြင်းသည် ဘဘ ဦးသု၏ ဂုဏ်ပုဒ် ကျေးဇူး တရားများကို ဖော်ကျူးကြသော ရေးသားသူတို့အနေဖြင့် -

မဖော်ကျူးကြခြင်းလား … ?
မရေးသားကြခြင်းလား … ?
ဒါမှမဟုတ် ရေးခွင့်မရ၍လား … ?
ဘဘ ဦးသုခ၏ သမိုင်းကို ဖွက်ထားကြခြင်းလား … ?
ဘဘ ဦးသုခ၏ သမိုင်းကို မြေမြုပ်ပစ်လိုက်ခြင်းလား … ?
အာဏာပိုင် အဖွဲ့အစည်းများမှ ရေးခွင့်ပိတ်ထားခြင်းလား … ? စသည့် အံ့သြကုန်
နိုင်ဖွယ်ရာများ ဖြစ်တော့သည်။

ဤတွင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သေမည့်ရက်၊ ဘ၀တစ်ပါးသို့ ပြောင်းလဲမည့်ရက်သည် အစိုးမရချေ။ သေလျှင်မပြီးသေးပါ။ မသေခင် သင်ဘာတွေများ ပေးဆပ်ခဲ့ပြီးပြီလဲ ဟူ၍သာ ပြန်လည် မေးလိုက်ချင်ပါရဲ့။

ကျော်သူ


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။ှ

မြန်မာ့လေကြောင်းလိုင်းပိုင် MA 60 လေယာဉ်သစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းဘေးသို့ ချော်ကျမှုဖြစ်ပွားခဲ့ကြောင်း

မြန်မာ့လေကြောင်းလိုင်းပိုင် MA 60 လေယာဉ်သစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းဘေးသို့ ချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံမှ အသစ်ဝယ်ယူခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြည်တွင်းခရီးစဉ်များစတင်ပြေးဆွဲခဲ့သော MA 60 လေယာဉ်သည် ထားဝယ်လေဆိပ်မှ ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လေယာဉ်က လေဆိပ်ကို ဆင်းတုန်း ပြေးလမ်းပေါ်မှာ ဘရိတ်ဖမ်းလို့မမိတော့တဲ့အတွက် ပြေးလမ်းပေါ်ကနေ ညာဖက်ကိုကွေ့ပြီးပြေးလမ်းဘေးမှာရပ်လိုက်ရတာတဲ့။ ထိခိုက်ဒဏ်ရာရမှုတွေ မရှိဘူးလို့တော့ ကြားတယ်။ နံနက် ၁၀ နာရီလောက်ကဖြစ်တာပါ" ဟု လေဆိပ်အသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။

MA 60 လေယာဉ်များသည် တရုတ်နိုင်ငံမှ စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြည်တွင်းခရီးစဉ်များကိုစတင်ပြေးဆွဲခဲ့သည်။ တရုတ်နိုင်ငံမှ MA 60 လေယာဉ်သုံးစင်းဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်များတွင် ခရီးသည် ၅၂ ဦးလိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်ဟု news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိသည်.။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ စစ်တပ်မှ ( ၆ )ဦးကျဆုံး ကာ ၄ဦး ထိခိုက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

၎င်းက “၅ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်မှာ ဆင်ဖြူတောင်(ကဆောဝါးလေး)မှာ ခမရ(၃၃၈)ကို ကျနော်တို့တပ်တွေ သွားတိုက်တယ်။ အဲဒီမှာ နအဖဘက်က ၅ယောက် ကျတယ်။ MA-11 သေနတ်တလက် ကျနော်တို့ ရခဲ့တယ်။ အဲဒီနေ့မွန်းလွဲ ၃း၀၀လောက်မှာပဲ ခြောက်ဘီးကားနှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာတပ်ရင်း ခမရ(၉၁၅)ကို ကြယ်ပြောင်ကုန်းမှာ တိုက် ခိုက်တော့ ကားက မိုင်းထိသွားတဲ့အတွက် ကားတစီး လုံးဝ ပျက်စီးသွားပြီးတော့ ၃ယောက် ဒဏ်ရာရသွားတယ်။”ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးစောအဲဆဲဆဲက “၆ရက်နေ့ မနက် ၁၁နာရီကျတော့ ထီးသေ့ခီးမှာ နအဖ ခမရ(၂၈)တပ်ရင်းကို ကျနော် တို့လူတွေ သွားတိုက်တာ နအဖဘက်က တပ်ကြပ်ကြီး ၁ယောက် ဒဏ်ရာပြင်းထန်ပြီး ကျဆုံးပေမဲ့ ထိခိုက်မှုကိုတော့ ကျနော် တို့မသိရဘူး။ ဒီနေ့ နေ့လည် ၁၁း၂၀နာရီမှာက နအဖ ခလရ(၃၃၈)ကို ကြယ်ပြောင်ကုန်းမှာ တခါထပ်ပစ်တာ နအဖ ၁ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယင်းသို့ မာနယ်ပလောနယ်မြေရှိ နအဖ စစ်တပ်ကို သွားရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ်တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက်ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအဲဆဲ ဆဲက ပြောသည်။

ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်းဒေသတွင် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ် မှူးသန်းရွှေ ဦးစီးသည့် (၁၀၁၂)တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာဒေသဖြစ်သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင်ပတ် သက်မှုမရှိကြောင်း ကေအဲန်အယ်လ်အေက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ကေအဲန်ယူအနေဖြင့် မာနယ်ပလောဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား နေသလို ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင်လည်း နိုဝင်ဘာလ ၈ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ အခြေအနေများမှာလည်း ယခုအချိန်ထိ ပြင်းထန်လျှက်ရှိသည်ဟု သိရသည်။

သတင်း...KIC

မြန်မာ့အရေး အားပေးရန် အိန္ဒိယကို အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း (ရုပ်သံ)

07 December 2010

တိုင်းပြည်ရဲ့ ပြည်သူ့ဘဏ္ဍငွေ တွေအား ထင်တိုင်းကြဲကြတော့မဲ့ အကျင့်ပျက်အာဏာရှင်မြေးအဘိုး (၂)ယောက်ရဲ့ သတင်း

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလတွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှကြောင်း ၀ိကီလီခ် မှပေါက်ကြားသော အမေရိကန်သံတမန် လျှို့ဝှက်သတင်းများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက်စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင်တန်သို့ ပေးပို့ခဲ့သည်။

ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာဖြေရှင်းဖြင်းအပေါ် ကုလသမဂ္ဂမှ စိတ်ဆိုးဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံးအသင်းအား ဒေါ်လာသန်းတစ်ထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ်မှုးကြီးက ဘောလုံးအသင်း ၀ယ်ယူလိုက်လျှင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး စီးပွားရေး ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ် သတင်းပေးပို့မှုတွင် ဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄၀၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ၀ယ်ဖို့ စဉ်းစားခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီလ အစောပိုင်းတွင် ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ၀င်ယူလိုက်လျှင် အစိုးရအတွက် ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထိုအချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင်ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။

မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ၀ယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တစ်ဘီလီယံဖြင့် ၀ယ်ယူလိုက်လျှင် မန်ချက်စတာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ချက်တွင် ပါရှိသည်။

ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ်ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခစတဲ့ ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျ ခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဒေါ်လာတစ်သန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက်တွင် ပါရှိသည်။

မကွေးအသင်းမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၁၅၅၀၀၀ ကုန်ကျသည်။ ဘဏ်လုပ်ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇ အသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းမှာ အာဖရိကမှ ကြေးစား ဘောလုံးသမား ၅ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသမားများစွာ ခေါ်ယူ ခဲ့သည်။

အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုးအမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာမရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးကခိုင်းရင် အားလုံး စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေကြားကြောင်း ပါရှိသည်။

ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရတနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များ ကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက်သူဌေး ဇော်ဇော် လည်းပါရှိသည်။ ဖော်ဖော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက် ဆော့ကစားဖို့ ပြောဆိုသည်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှုရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။

မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ၀ယ်ယူခဲ့လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်က အပြင်းအထန် ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူအသင်း ကို အကျင့်ပျက်အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ဖော်ပြခဲ့သည်။

သတင်း Guardian

မူရင်းသတင်း Source : http://www.guardian.co.uk/world/us-embassy-cables-documents/212931

ဒီဇင်ဘာလ(၆)ရက်နေ့တွင်(၅၁)နှစ်ပြည့်မြောက်ခဲ့သည့် ဆရာမကြီးဒေါက်တာစင်သီယာမောင်၏မွေးနေ့မင်္ဂလာရက်မြတ် အခမ်းအနားဓာတ်ပုံသတင်း





06 December 2010

လူ ၂၅၀၀ ရရင် ဗမာတွေ အလင်းပွင့်ပြီ








အမြင်အာရုံများ စူးရှထက်မြက်စေရန်

အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်

အမြင်အာရုံများ အေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်း တို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမ ကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လ မှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အား ကုသခွဲစိပ် ပေးခဲ့ပြီ ဖြစ်သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီး ကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါက သက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်း စရိတ်များကို သုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံ ပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသ ရသော လမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါက သက်ဆိုင်ရာဆေးခန်း ဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။

ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သော ကုန်ဆုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခု ကျွန်တော်တို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် “မျက်စိခွဲစိတ် ကုသခန်း” ကို ဖွင့်လှစ်ရန် ကြိုးပမ်း လိုက်တော့သည်။ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများ လိုအပ်လျှက်ရှိသည်။

ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်း ယခု ဈာပန အဆောက်အဦး တည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပန အဆောက်အဦးတွင် ရုံးခန်း၊ ဈာပနာလမ်းကြောင်း လက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန (ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများ လူသားများအတွက် အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်း စဉ်များပါဝင်သည်။

ထို့ကြောင့် ယခု လက်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦးတွင် အခမဲ့ ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာ တိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

ယင်း အဆောက်အဦးတွင် “မျက်စိခွဲစိတ်ခန်း” အခန်း ပြုပြင်တည်ဆောက်တော့မည် ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံး အထောက်အကူပြုပစ္စည်းများ ၀ယ်ယူရမည့်အကြောင်း ဖြစ်ပေါ်လာခဲ့သည်။

ယင်း ပစ္စည်းစာရင်းမှာ -

 Digital Slit Lamp 5704 US$ (လက်ရှိပေါက်ဈေး)

 Kerato Refractometer 10025 US $ (လက်ရှိပေါက်ဈေး)

 Biometry Machine 7698 US $ (လက်ရှိပေါက်ဈေး)

 OT Table (EYE) 4480 US $ (လက်ရှိပေါက်ဈေး)

 Surgeon Chair 101 US $ (လက်ရှိပေါက်ဈေး)

 Spot Light 2439 US $ (လက်ရှိပေါက်ဈေး)

 Cataract Surgical Set (4 - Set) 1724 US $ (လက်ရှိပေါက်ဈေး)

 Eye Minor Surgical Set (4 - Set) 1752 US $ (လက်ရှိပေါက်ဈေး)

 Operatin Microscope (Motorized) 12348 US $ (လက်ရှိပေါက်ဈေး)

ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized) တို့အား အလှူရှင် ကိုဝင်းထွန်း + မပေါက် (သိဂီရွှေဝါပိုးထည်) က ၀ယ်ယူလှူဒါန်းပြီးဖြစ်ပါသည်။ ကျန်ရှိနေ သော ပစ္စည်းများအတွက် အလှူငွေ 28219 US$ ခန့် လိုအပ်လျှက်ရှိပါသည်။

ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြ တောက်ပလာရန်အတွက် လျင်မြန်စွာ ကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာ ကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။
ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်း တစ်ဦးလျှင် 10 US$ (တစ်ဆယ်ဒေါ်လာ) လှူဒါန်းကြပါက လူအယောက် (၂၅၀၀) ဦး ဆိုပါက လိုအပ်သော မျက်စိခွဲစိတ်ခန်းသုံး ကရိယာပစ္စည်း များ ၀ယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း … ထို့ကြောင့် တစ်ဦးလျှင် တစ်ဆယ်ဒေါ်လာ လူ ၂၅၀၀ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည် ဖြစ်ပါသည်။

(ကျော်သူ)

.........................................................................................................................................။
နာရေးအလှူ







၆.၁၂.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဝေးသုဿန်နှင့် ကျီစု သုဿန်များသို့ နာရေးဖြစ်ပေါ်လာပါက အသုဘရှု ခန်းမဆောင်အတွင်း ရုပ်အလောင်းတို့ ထားရှိရန် အတွက် အသုံးပြုလျှက်ရှိသော စတီးတွန်းလှည်း (၂) စီးကို သွားရောက်လှူဒါန်းပေးခဲ့ပါသည်။ တန်ဖိုး ငွေအားဖြင့် စတီးလက်တွန်းလှည်း တစ်စီးလျှင် ၃၂၀၀၀၀/- (သုံးသိန်းနှစ်သောင်းကျပ်) တိတိ ဖြစ်ပါသည်။

ဤ ရုပ်အလောင်းတင် လက်တွန်းလှည်းများမှာ တစ်နေ့လျှင် ရုပ်အလောင်း ပေါင်း (၆၀) ကျော်အား တင်ဆောင်အသုံးပြုနေရသော လက်တွန်းလှည်းများ ဖြစ်သည်။

ယခု သက်ဆိုင်ရာ သုဿန်များရှိ အသုဘရှု ခန်းမဆောင်အတွင်း လက်ရှိအသုံးပြုလျှက် ရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး (စည်ပင်သာယာ)မှ အသုံးပြုနေသော ရုပ်အလောင်းတင် လက်တွန်းလှည်းများ လိုအပ်နေသောကြောင့် အများပြည်သူတို့ အသုံးပြုရန်ရည်ရွယ်၍ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

Monthly Chronology of Burma's Political Prisoners for November, 2010.

Monthly Chronology of Burma's Political Prisoners for November, 2010

( ၉၀ ) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနား နှင့် မှတ်တိုင်စာကြည့်တိုက် ဖွင့်လှစ်ခြင်း အခမ်းအနား ( ကိုရီးယား )




လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

ပြည်တွင်း အင်တာနက်သုံးသူတို့အတွက် အထူးသတင်း

အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။

keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများ အစရှိသဖြင့်အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)

ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့် ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။ မိမိတို့၏ကိုယ်ရေးကိုယ်တာအချက် အလက်များအား သူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .


ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။ Task manager ၀င်းဒိုးတက်လာပါက Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။

ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ် ဆောင်နေသည့်လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေသည်များ ကိုလဲမှတ်ထားတော့မည် မဟုတ်တော့ပါ။ Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။ အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုခြင်းကို မသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်းငှင်းဆိုင်တွင် အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။

ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။ ယခုပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့ တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ ရန်ကုန်ုမြို့တာမွေမြို့နယ် ကျောက်မြောင်းအရပ်တွင် ရှိသော အင်တာနက်ဆိုင်တစ်ဆိုင်တင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနှင့် အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုပြောပြခဲ့၍ အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်း အရ ရှောင်လွှဲလို့ရနိုင် တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင်လို့ပဲ ဖြစ်ပါသည်။

မေးလ်ထဲကို ပေးပို့ လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်ရှင်..
--

အိန္ဒိယ လူမှုအဖွဲ့အစည်းက အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်


နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ လူမှုအဖွဲ့အစည်း တခုကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဧကရီဆုကို ချီးမြှင့် ပေးအပ်ခဲ့ပြီး ဒီဆုပေးပွဲ အခမ်းအနားကို ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကိုလည်း အိန္ဒိယအစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့ အဲဒီအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကျောထောက်နောက်ခံပေးဖို့ အိန္ဒိယနိုင်ငံတွင်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားတဲ့ လူမှုအဖွဲ့အစည်း တခုက ဒီကနေ့ တောင်းဆိုပါတယ်။ ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ အိန္ဒိယ အမျိုးသား တီဂျီ ဆင်းက အခုလို ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကနေပြီးတော့ အိန္ဒိယ အစိုးရကို စစ်အစိုးရနဲ့ ဆက်ဆံမှုကို ချက်ချင်း ရပ်ဆိုင်းပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ အကြီးအကဲ တဦးလိုပဲ အသိအမှတ်ပြုပြီး သူ့ဘက်ကနေ ရပ်တည်ပါ၊ သူ့အပေါ်မှာ နောက်ထပ် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အချုပ်အချယ် ပြုခြင်းကနေ အမြဲတမ်း ဆန့်ကျင်ပါ၊ အဲဒီလို မလုပ်ဘူးဆိုရင် အစိုးရကို ဖြုတ်ချတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျနော်တို့ ကြေညာလိုက်ပါတယ်။”

အိန္ဒိယနိုင်ငံ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လူမှုရေး အဖွဲ့က နေပြီးတော့ ဒီကနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယပြည်သူတွေ ကိုယ်စား Queen of Myanmar Democracy And Human Rights Awards ဆုကို ပေးအပ်ပါတယ်။ ဒီဆုကို လက်ခံရယူခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အိန္ဒိယ အခြေစိုက် ၀န်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဧကရီဆုအကြောင်း အခုလို ပြောပါတယ်။

“ဆုရွေးချယ်ရေး အဖွဲ့ထဲက အတွင်းရေးမှူး မစ္စတာ တီဂျီဆင်းက ဟိန္ဒူလိုရော၊ ဗမာလိုရော ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ Queen၊ Queen ဆိုတော့ သူက ဗမာစကားလည်း တတ်တယ်ဆိုတော့ ဧကရီဆိုတဲ့ အဓိပ္ပာယ်ကို သုံးပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ ဧကရီဘွဲ့ ပေးတယ်။ နောက်တခါ ဒီအဖွဲ့အစည်းကပေးတဲ့ ဆုရဲ့ ထုံးစံကတော့ ဗမာလိုပြောရင် သန်လျက်လို့ ခေါ်တယ်၊ သန်လျက်ကို ပေးပါတယ်။

“သို့သော်လည်း အသုံးအနှုန်းကတော့ Queen လို့ပဲ သုံးပြီးတော့ ဆုကတော့ ဆုလက်မှတ်နဲ့ သန်လျက်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ Queen ကို၊ အုပ်ချုပ်တဲ့ လူတယောက်ကို မင်းမြှောက်တန်ဆာထဲမှာ ပါတဲ့ အရာတခုကို ပေးတဲ့သဘော၊ Symbolic ပေါ့၊ ဒီသဘော သက်ရောက်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး စွန့်လွှတ် အနစ်နာခံ ကြိုးပမ်းမှုတွေကို အိန္ဒိယ ပြည်သူလူထုက ဆက်ပြီး ထောက်ခံအားပေးတဲ့ အနေနဲ့ ဒီဆုကို ရွေးချယ်ပေးအပ်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က အတွင်းရေးမှူး တီဂျီ ဆင်း ရှင်းပြတာကတော့…

“ဖခင်လိုပဲ သစ္စာရှိရှိ တိုက်ပွဲဝင်ရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အဖွဲ့က ဆုပေးသင့်တယ်လို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က ပထမ ဆုံးဖြတ်ချက်ပါ။ ဒုတိယ ဆုံးဖြတ်ချက်ကတော့ ၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီက အနိုင်ရထားတယ်။ စစ်အစိုးရက ကလိန်ကျပြီးတော့ အစိုးရဖွဲ့ခွင့် မပေးခဲ့ဘူး။

“အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ လိုသလို ဆွဲပြီးတော့ တိုင်းပြည်ကိုရော၊ ကမ္ဘာကိုရော လိမ်ညာနေတယ်လို့ ကျနော်တို့က မြင်တဲ့အတွက် အဲဒီတိုက်ပွဲကို ဆက် ဦးဆောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို Queen of Myanmar Democracy and Human Rights လို့ ပေးခြင်းအားဖြင့် မြန်မာပြည်သူတွေ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော အိန္ဒိယ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုတယ်၊ စစ်အစိုးရကို ပြည်သူတွေက အသိအမှတ် မပြုဘူး။”

အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် မားမားမတ်မတ် ရပ်တည်ပြီး မဟတ္တမ ဂန္ဒီနဲ့ အိန္ဒိယရဲ့ ပထမဆုံး ၀န်ကြီးချုပ် နေရူးတို့ရဲ့ အစဉ်အလာကို ထိန်းသိမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။

သတင်း...VOA

မြန်မာနိုင်ငံ ၏ ခေတ်အဆက်ဆက် အကြွေ ဒင်္ဂါးစေ့ များနှင့် ငွေစက္ကူပိုက်ဆံ များ








ဒီငွေစက္ကူတွေကတော့ လူတော်တော်များများသိကြမှာပါ.။





ပြန်လည် မျှဝေ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။