Showing posts with label နာရေး. Show all posts
Showing posts with label နာရေး. Show all posts

07 December 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင်နာရေးသတင်း

ဓာတ်ပုံ ..AFP


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင်ဟာ ဂျပန်ခေတ်စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ်(၁)ကို တက်ရောက်ခဲပြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မဆလ ခေတ်မှာ ဒုတိယ၀န်ကြီးချုပ် အဆင့်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

အောက်တိုဘာလ တုန်းက ဦးလွင် ကျန်းမာရေး အခြေအနေ ယိုယွင်းခဲ့တဲ့ အတွက် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါဂူ ဆေးခန်းမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အသက် ၈၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးလွင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေခဲ့ပါတယ်။

၁၅ (A) ကမ္ဘောဇရိပ်သာနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးလွင် ၆.၁၂.၂၀၁၁ ည ဂ နာရီ ၄၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ၈.၁၂.၂၀၁၁ မွန်းလွဲ ၁း၃၀ နာရီမှာ အထက်ပါ နေအိမ်ကနေ ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မယ်လို့ သတင်းရရှိပါတယ်။

14 January 2011

နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .



နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .

စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ် သည် ၁၁.၁.၂၀၁၁ (အင်္ဂါနေ့) နံနက် (၄း၂၀) နာရီအချိန်တွင် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီး ယနေ့ ၁၃.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် မီးသဂြိုလ် ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်း အခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးမှ အနုပညာသမားများ နှင့် ဆရာ မောင်ဝဏ္ဏ၏ အနုပညာကို ချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။
ဆရာ မောင်ဝဏ္ဏသည် အမှန်တကယ် ပန်းတွေနဲ့ဝေ၍ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကာ ဘ၀တစ်ပါးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်....။

11 January 2011

ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တစ်ယောက် ကွယ်လွန်








ပကာသန မဖက်ဘဲ သဘာဝအတိုင်းသွားချင်သူ ကိုဝဏ္ဏ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ သုဿန်များသို့ ရုပ်အလောင်းများ သယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ် အထက် ဘ၀ပြောင်းသွားသော လူတို့အား ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။ အသက် (၈၀) နှစ်အောက် ဘ၀ပြောင်းသွားသော လူတို့အား ISUZU, TOYOTA (Hilux) စသည့် နိဗ္ဗာန်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ကူညီဖေးမလျှက် ရှိသည့်အပြင် ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်ကြီးများအား ဂျပန်နိုင်ငံ တွင် အသုံးပြုသော LINCON နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ကူညီဖေးမ ကုသိုလ်ယူလျှက် ရှိသည်။ အထူးအားဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့အကျိုးပြု အနုပညာရှင်များ ဘ၀ပြောင်းသွား သောအခါ ချွင်းချက်အနေဖြင့် အထူးနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင် သဂြိုလ်ပေးခြင်း၊ အအေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးဆပ်လျှက်ရှိသည်။

ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တစ်ယောက် ကွယ်လွန် သွားပြီဟူသော သတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူ ဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူးနိဗ္ဗာန်မော်တော်ယာဉ်အား အဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။ နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသဂြိုလ်ခွင့်၊ အအေးခန်းထားရှိခွင့် သချိုင်းလက်မှတ်အား ရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်း တို့နှင့်အတူ အထူးနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံ နေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အား ရုပ်ရှင်လောကထဲသို့ ပထမဦးဆုံး ပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓါတ်ပုံရိုက်ရန် အကြောင်းပြပြီး ကျောင်းပိတ်ရက်များ တွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့် ၏ မိဘများမသိအောင် ၀င်ရောက်ရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအား ဗီဒီယို အဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ ကိုဝဏ္ဏ က ကျွန်တော့်အား အဓိက ဇာတ်ကောင်အဖြစ် အသုံးပြုခဲ့ပုံများ စသည့် လွမ်းမောဖွယ်ရာဖြစ်ရပ်များကို ပြောကြားခဲ့သည်။

ရေဝေးသုဿန်သို့ ရောက်လုနီးနီး မြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ် များ၊ ဈေးဆိုင်တန်းများ အရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီး ဟက်တက်ကွဲ သွား တော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်း သယ်ဆောင် ရာ၌ နိဗ္ဗာန်မော်တော်ယာဉ် လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့် အခါများ တွင် “ဟေ့ … မနောက်နဲ့ကွာ။ ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာ ကူညီကြပါကွာ” ဟု ပြောဆိုလိုက်ပါက တနည်းမဟုတ် တနည်း စက်ပြန်လည် ကောင်းမွန်သွားပြီး သက်ဆိုင်ရာ သုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်။) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီး လမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟု ပြောဆို၍ မရနိုင် တော့ချေ။ ပေါက်ကွဲသွားသော နိဗ္ဗာန် မော်တော်ယာဉ် ဘီးမှာလည်း ပြန်လည်၍ အလိုလို ကောင်းမွန် လာမည်မဟုတ်။ ထို့ကြောင့် အသင်းရုံးချုပ်သို့ ဆက်သွယ်ပြီး နိဗ္ဗာန်မော်တော်ယာဉ် (အသက် ၈၀ နှစ် အောက် အသုံးပြုသော နိဗ္ဗာန်ယာဉ်) အား အမြန်ဆုံး လာရောက်ရန် ခေါ်ယူခဲ့သည်။ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာ ရပ်ကွက်မှ မိဘပြည်သူများ၊ TAXI အငှားယာဉ်မောင်း ဆရာများကလည်း ၀ိုင်းဝန်း၍ အကူအညီများ ပေးကြသည်။ ဤသည်မှာ မြန်မာလူမျိုးတို့၏ အယူသီးမှုကို တိုက်ဖျက်ကြသည့် ချစ်စရာဓလေ့ တစ်ခုပင် ဖြစ်သည်။

အချိန်အနည်းငယ်အတွင်း ရောက်ရှိလာသော နိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ကိုဝဏ္ဏ၏ ရုပ်အလောင်းအား ၀ိုင်းဝန်းပြီး အထူးနိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်။ ရောက်ရှိလာသော အသက် (၈၀) နှစ်အောက် သယ်ဆောင်သော နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ရေဝေး သုဿန်အအေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့တော့သည်။ ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏသည် ဖခင်ဖြစ်သူ ဦးသာဓု ထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီ အများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကို သွားချင်ခဲ့သူ တစ်ဦးများ ဖြစ်လေ ပြီလား ဟု . . . . ။

လေးစားဦးညွှတ်လျှက်

ညီငယ် - မောင်မောင် (ခ) ကျော်သူ

စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေသုဿန်၌ မီးသဂြိုလ်ခြင်း အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။


မောင်ဝဏ္ဏ (၁၉၄၇-၂၀၁၁)


၁၉၄၇ - ခုနှစ်၊ ဇန္န၀ါရီလ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဆရာမကြီးဒေါ်ခင်ညိုတို့က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် ဒုတိယမြောက်ဖြစ်သည်။ ငယ်စဉ်က စိန်ပေါလ် ကျောင်း(ယခု-အ့ထ့က-၆)တွင် သူငယ်တန်းမှစ၍ အထက်တန်းအထိ ပညာသင်ကြားခဲ့သည်။ စည်သူပညာ ရိပ်သာ''ရန်ကင်း အ့ထ့ကတွင်လည်း ပညာသင်ကြားခဲ့သည်။ မက်ထရစ်တန်းကို အပြင်မှ အလွတ်ဖြေဆို အောင်မြင်ခဲ့။ ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ''ဒဿနိကဗေဒ''အဓိက ဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့။

၁၉၆၉ - ''သိုင်းသမား'' ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့။
၁၉၇၀ - ''ကတ္တီပါဖိနပ်စီး- ရွှေထီးဆောင်း'' ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ ထိုကားဖြင့် ရုပ်ရှင်လောကသို့ ဒါရိုက်တာအဖြစ် ရောက်ရှိခဲ့။
၁၉၇၁ - ''ကတ္တိပါဖိနပ်စီး-ရွှေထီးဆောင်း''ရုပ်ရှင်ကားဖြင့် ၁၉၇၀-ခုနှစ်အတွက် အကယ်ဒမီ ဒါရိုက်တာဆု ချီးမြှင့်ခံရ။
၁၉၇၂ - ''လေထဲက အိပ်မက်ကလေး'' ၀တ္ထု ''ရှုမ၀မဂ္ဂဇင်း'' တွင်ရေးသားကာ စာပေလောကထဲ ရောက်ရှိခဲ့။ ''ဇာခန်းဆီးနောက်ကွယ်မှာ'' ရုပ်ရှင်ကားကို ရိုက်ကူးခဲ့။
၁၉၇၃ - ''ခြေဖ၀ါးတော်နုနု'' ရုပ်ရှင်ကားကို ရိုက်ကူး၊ ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကားကို ရိုက်ကူး။
၁၉၇၅ - ''ပန်းတွေနဲ့ဝေ'' စာအုပ်ထွက်ခဲ့။
၁၉၇၆ - ''ပန်းတွေနဲ့ဝေ'' ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့။ ဒေါ်ချိုချိုရည်နှင့် အိမ်ထောင်ပြု။ ''ချစ်တဲ့သူငယ်လေ'' ၀တ္ထု ကိုရေးသား၊ ရုပ်ရှင်ရိုက်ကူး။
၁၉၇၇ - ''ချစ်တဲ့သူငယ်လေ'' စာအုပ်ထွက်။
၁၉၇၉ - ''အိပ်မက်စိမ်း'' လုံးချင်းဝတ္ထုထွက်။
၁၉၈၀ - ''တက္ကသိုလ်လွမ်းချင်း'' ၀တ္ထုထွက်။ ''ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည်'' (ငြိမ်းကျော်နှင့်တွဲ၍)၀တ္ထုရှည်ထွက်။ ''မောင်စိန်သောင်း၊ မနှင်းရည်''ကို ဇာတ်ကောင်ပြု၍ မဂ္ဂဇင်းများတွင် ရေးသားခဲ့။
၁၉၈၁ - ''မောင်'' ၀တ္ထုရှည်၊ ''အရွယ်လွန်'' ၀တ္ထုရှည်များထွက်။
၁၉၈၄ - ''လှပါတယ် မသီတာ''၊ ''ရည်းစားစကား''၊ ''ချစ်ခင်စမှော်ရုံမှာလေ'' ၀တ္ထုရှည်များထွက်။
၁၉၉၀ - ''ခုနစ်စဉ်အလွမ်း'' ရုပ်ရှင်ဖြင့် ဒုတိယအကြိမ် ဒါရိုက်တာ အကယ်ဒမီဆုရရှိ။ ''ရယ်စရာမောစရာ'' ရုပ်ရှင်ကား။ ''ရင်ထဲကဆောင်းရာသီ'' ရုပ်ရှင်ကားများရိုက်။
၂၀၀၅ - ''အပြင်းပြေဖတ်ဖို့ ဖီလော်ဆော်ဖီ'' စာအုပ်ထွက်။
၂၀၀၅ - ''ရင်တွေခုန်နေသည်'' လုံးချင်းဝတ္ထုရှည်။ ''ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော မောင်ဝဏ္ဏ'' ၀တ္ထု ရှည်။ ''မင်းကိုကိုယ်ချစ်တယ်'' ၀တ္ထုရှည်။ ''ကံကောင်းတယ်ဆိုတာဘာလဲ'' (ဘာသာပြန်)စသည်ဖြင့် စာအုပ်များ ထွက်။

စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏသည် ဒေါ်ချိုချိုရည်နှင့် သားသမီး(၃)ဦးထွန်းကားခဲ့။ လုံးချင်းစာအုပ် (၂၀)ကျော်ရေးသားပြီး ရုပ်ရှင်ကားကြီး(၂၀)ကျော် ရိုက်ကူးခဲ့။ ယခုအခါ စာရေးခြင်း ရုပ်ရှင်ရိုက်ခြင်းဖြင့် အသက်မွေး လျက်ရှိ။ မိသားစုနှင့်အတူ သင်္ကန်းကျွန်း သာဓုခြံတွင် နေထိုင်လျက်ရှိ။

''ထင်ရှားသော စာအုပ်အချို့''
၁။ပန်းတွေနဲ့ဝေ
၂။ချစ်တဲသူငယ်လေ
၃။ချစ်ခင်စမှော်ရုံမှာလေ
၎။မောင်စိန်သောင်း၊ မနှင်းရည်ဝတ္ထုတိုများ
၅။မောင့်အပြင်၊ မောင့်ညီကိုတွေ မေ့အလွမ်းပြေ
၆။တက္ကသိုလ်လွမ်းချင်း
၇။ရင်တွေခုန်နေသည်
၈။သာဓုအင်ဆန်း(စုပေါင်း)
၉။မင်းကိုကိုယ်ချစ်တယ်

06 November 2010

မြန်မာနိုင်တော်အလံအား မီးရှို့ဖျတ်ဆီးသူ ရုတ်တရက်ကွယ်လွန်


ဦးဖရန်စစ် မုန်လျန်းပေါင် (၄၇)နှစ် အကြီးတန်းစာရေး ချင်းပြည်နယ် တွန်းဇံမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ( ၂၁ )အောက်တိုဘာ ၂၀၁၀ခုနှစ် ညနေ၃ နာရီ ခန့်တွင် ပြုလုပ်သော နိုင်ငံတော်အလံ အသစ်တင် အခမ်းအနားတွင် ပါဝင်၍ အထက် အမိန့်အရ နိုင်ငံတော် အလံဟောင်အား တိုင်ပေါ်မှချခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ( ၂၁ )နေ့ညသန်ခေါင်တွင် ၄င်း၏နေအိမ်တွင် ရုတ်တရက်ကွယ်လွန်သွားပါသည်။

ဦးဖရန်စစ် မုန်လျန်းပေါင် သည် ဇနီးသည်နှင့်အတူ ရန်ကုန်သို့ဆေးဝါးကုသရာမှ ကျန်းမာ စွာဖြင့်အောက်တိုဘာလဆန်းတွင် တွန်းဇံမြို့သို့ပြန်ရောက်လာပါသည်။ဦးဖရန်စစ် မုန်လျန်းပေါင် သည် ဘာသာရေးကိုင်းရှိုင်း၍ အကျင့်စာရိတ္တကောင်းသူ၊ အလုပ်တာဝန်ဝတ္တရာများကြေပွန်သူ ဖြစ်သောကြောင့် ၎င်း၏ ရုတ်တရက် ကွယ်လွန်မှုနှင့်ပတ်သတ်၍ ကြားသိသူ အားလုံး အထိတ်တလန့်ဖြစ်နေကြပါသည်။ ဇနီးနှင့်သား( ၃ )ယောက်သမီး( ၂ )ယောက် ကျန်ရစ်ခဲ့ သည်ဟု သိရှိရပါသည်။

05 November 2010

နအဖ၏ ဝါဒဖြန့်ချိရေးဇတ်ကားများကို ရိုက်ကူးခဲ့သော ဒါရိုက်တာ တင်သန်းဦး သေဆုံး

"အာရုံဦးမှာ ဖူးသည့်ကြာ" နအဖ၀ါဒဖြန့် ချီရေးရုပ်ရှင်ကားအား ရိုက်ကူးခဲ့သူ ဒါရိုက်တာ တင်သန်းဦး ယနေ့ နေ့ လည် (၂) နာရီခွဲခန့် အချိန်တွင် စစ်ဆေးရုံး၌ သေဆုံးသွားကြောင်း သိရှိရပါသည်။

09 June 2010

ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန


ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန

တစ်ဖက်မှာလည်း သောက်သုံးရေ လိုအပ်နေသော မြို့နယ်၊ ကျေးရွာ ဒေသများသို့ ရေတို/ရေရှည် စီမံကိန်းများ ချမှတ်၍ စီစဉ်ဆောက်ရွက်မှုများ ပြုလုပ်နေသလို တစ်ဖက်တွင်လည်း နာရေးဈာပန ကိစ္စရပ်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးဝါးကုသပေးခြင်း ကိစ္စရပ်များလည်း နေ့စဉ် အခမဲ့ ကုသိုလ်ဖြစ် ဆောက်ရွက်ပေးလျှက် ရှိပါသည်။

ယနေ့ ၈.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆားကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-ကုဏ္ဍလ၊ သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၁)၀ါ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား နေ့လည် (၂း၀၀) နာရီတွင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ကူညီမှု ပေးခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။