07 May 2013

ဆက်သွယ်ရေးအရာရှိ များကို အရေးယူထားပြီးဟုဆို


ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ခဲ့ပြီး ရက်ပိုင်းအကြာ ပြည်ထဲရေး ဝန်ကြီးဌာန က ခေါ်ယူစစ်ဆေးခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိကြီးများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အင်ဂျင်နီယာချုပ် နှစ်ဦးအပါအဝင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထိပ်တန်း အရာရှိများကို ဧပြီလဆန်းပိုင်းတွင် ဌာနပြောင်းရွှေ့ ခြင်း၊ တာဝန်မှ အနားပေးခြင်းတို့ ပြုလုပ်ခဲ့သည် ဆိုသည့် သတင်းများနှင့် စပ်လျဉ်း၍ The Voice ၏ မေးမြန်းမှုကို ၄င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အုပ်ချုပ်မှုနည်းလမ်း အရ အရေးယူရန် လိုအပ်သူများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူပြီး ဖြစ်သော်လည်း မည်သို့အရေးယူသည် ဆိုသည်ကို လတ်တလော မထုတ်ပြန်နိုင်သေးကြောင်း ဦးရဲထွဋ်က ထပ်လောင်းပြောကြားသည်။

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်အပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ရာတွင် ယင်းစစ်ဆေးမေးမြန်းမှုများ ပြီးဆုံးပါက သတင်းထုတ်ပြန်ပေးမည်ဟု ပြောကြား ထားသော်လည်း ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

"ဆက်သွယ်ရေး လုပ်ငန်းက ဆက်လက် ဆောင်ရွက်ရန်များ ရှိနေသေးတဲ့အတွက် ထုတ်ပြန်ခြင်း မပြုသေးပါဘူး" ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တစ်ဦးလည်း ဖြစ်သူ ဦးရဲထွဋ်က ရှင်းပြသည်။

ဧပြီလဆန်းပိုင်းက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ်နှစ်ဦး နှင့် ဒုတိယအထွေထွေ မန်နေဂျာ အဆင့်ရှိ အရာထမ်းများ အပါအဝင် ဝန်ထမ်း အများအပြားကို တာဝန်မှ အနားပေးခြင်း၊ ဌာန ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် နီးစပ်သော အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလအတွင်း မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရေးတွင် သမ္မတရုံးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့အကြား သဘောထား ကွဲလွဲမှု များရှိခဲ့ပြီး ဌာနဆိုင်ရာ စည်းကမ်းများ ချိုးဖောက် လုပ်ဆောင်မှုများ ရှိသည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ် ခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ခဲ့သလို ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားကို ခေါ်ယူစစ်ဆေးခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

သတင်း.... The Voice Weekly